ဖိုးကျော့
“လမိုင်းတိုက်ကျား”
ကျွဲအငှားကျောင်း မောင်တင်သည် ဆွဲလဲရွာနှင့် နှစ်မိုင်ခန့်ဝေးသော အင်းကောကွင်းစတွင် ကျွဲကျောင်းနေသည်။ ကျွဲများမှာ အကြီးအသေး ခုနစ်ကောင် ရှိ၏။ အချိန်မှာ ညနေစောင်း သုံးနာရီခန့်သာ ရှိသေးသဖြင့် ကျွဲများအင်းလူးရန် မဆင်းကြသေး။ ထို့ကြောင့် မောင်တင်လည်း ကျွဲစားကျက်နှင့် အင်းတောကွင်းစနားရှိ ထိမ်ပင်ရင်းတွင် မိုးတွင်းအတွက် ခမောက်ရက်ရန် နှီးဖြာနေလေသည်။
ထိုအချိန်တွင် ကျွဲများ တညွညွ မြည်သံကို ကြားလိုက်ရသည်။ အစကမူ တခြားကျွဲအုပ်တစ်အုပ်အုပ်ကို မြင်၍ မြည်နေကြခြင်းလားဟူသောအထင်နှင့် မောင်တင် လှည့်ကြည့်လိုက်ရာ ကျားကြီးနှစ်ကောင်နှင့် ကျားလေးတစ်ကောင်တို့သည် တောစပ်မှ ကွင်းဘက်သို့ ထွက်လာနေကြသည်။
အင်းကောစားကျက်အစသို့ အရောက်တွင် ကျားလေးသည် ကွင်းစ၌ ဆောင့်ကြောင့်ထိုင်ရပ် ကျန်ခဲ့သည်။ ကျားလင်မယားဟု ထင်ရသော ကျားကြီးနှစ်ကောင်သည် ချက်ချင်း ကျွဲအုပ်ဘက် အပြေးရောက်လာကြ၏။ မောင်တင်တွင် နှီးဖြာနေသာ ဓားမတိုတစ်လက်က လွဲပြီး ဘာလက်နက်မှ မပါလာရာ• • •
“ကျား ကျားဗျို့၊ ကျားတွေ ကျားတွေ”
ဟု အထိတ်တလန့် အော်လိုက်ပြီး သူ့နောက်ကျောရှိ ထိမ်ပင်ကြီးပေါ် ကြောက်ကြောက်နှင့် ဖက်တက်လိုက်သည်။
ထိုအချိန်တွင် ကျားကြီးနှစ်ကောင်သည် ကျွဲအုပ်ထဲခုန်ဝင်ပြီး ကျွဲအုပ်ကို ဖြိုခွဲခြောက်လှန့်ကြသည်။
ခေါင်းထောင်ကာ တညွညွအော်မြည် လှည့်ပတ်နေကြသော ကျွဲအုပ်မှာ ကစဉ့်ကလျားဖြစ်သွားပြီး ဦးတည်ရာမဲ့ထွက်ပြေးနေကြသည်။ ကျွဲမကြီးတစ်ကောင်ကိုမူ ကျားကြီးနှစ်ကောင်က ကာဆီးပြီး ရှေ့ကဆီးလိုက် ဘေးကပတ်ကာလိုက် လုပ်နေ ကြ၏။ ထိုကျွဲမကြီးမှာ အုပ်ထဲမှထွက် ပြေးသွားကြ သော ကျွဲအုပ်ဘက် ပြေးမရတော့သဖြင့် တညွညွ အော်မြည်ကာ အထိတ်တလန့်နှင့် အင်းကောကွင်း ထဲသို့ ပြန်လှည့်ပြေးသည်။
ကျားကြီးနှစ်ကောင်ကလည်း ထိုကျွဲမကို ရှေ့တစ်ကောင် နောက်တစ်ကောင် ဝိုင်းထိန်းပြီး အင်းကောကွင်းထဲမှ လွတ်မပြေးနိုင်အောင် ဆီးတားထားကြသည်။ ထွက်ပြေးသွားကြသော ကျွဲကြီးများဘက် ပြေးမမီလိုက်သော ကျားဝိုင်းခံကျွဲမကြီး၏ သားပေါက်ကွဲကလေးမှာလည်း ဘယ်ပြေးရမှန်း မသိဖြစ်ကာ ကျားကြီးနှစ်ကောင် ဝိုင်းထားခံရသော သူ့မိခင်ကျွဲမကြီးရှိရာဘက် ခေါင်းမော့ကာ တညွညွအော်မြည်နေ၏။ ကျွဲကလေးနှင့် မိခင်ကျွဲမကြီးတို့မှာ ကိုက်ငါးဆယ် ခြောက်ဆယ်လောက်သာ ဝေးသည်။ ကျွဲလေးမှာ ကျားကြီးနှစ်ကောင်ကို မြင်နေရသဖြင့် သူ့မိခင် ကျွဲမကြီးရှိရာသို့လည်း မသွားရဲဘဲ ကွင်းထဲ၌သာ လှည့်ပတ်၍ အော်ပြေးနေ၏။
ကျားကြီးနှစ်ကောင်၏ ဆီးတားဝိုင်းပတ်ထားခြင်းကို ခံနေရသော ကျွဲမကြီးမှာ သူ့သားငယ် ကျွဲကလေးအား လှည့်၍မျှပင် မကြည့်နိုင်တော့ဘဲ ခေါင်းတယမ်းယမ်း ချိုတခါခါနှင့် ကျားကြီးနှစ်ကောင်၏ ရန်ကိုသာ ခုခံကာကွယ်နေသည်။ ကျွဲကလေးက သူ့မိခင် ကျွဲမကြီးဘက် ကြည့်မြင်အော်နေသလို ကျားကြီးနှစ်ကောင်နှင့်အတူ ပါလာသောကျားကလေးကလည်း သတိအနေအထား ပုံစံမျိုးစုံနှင့် ကိုယ်လုံးကို ကျုံ့ယို့အားသွင်းကာ ကျားကြီးနှစ်ကောင်နှင့် ကျွဲမကြီးဘက်ကိုသာ မလှုပ်မယှက် စိုက်ကြည့်နေသည်။
ကြောက်ကြောက်လန့်လန့်နှင့် ထိမ်ပင်ပေါ် က ဆီးကြည့်နေသော ကျွဲကျောင်းသား မောင်တင်ကမူ ပတ်ဝန်းကျင်ရှိ ကျွဲကျောင်း၊ နွားကျောင်းသားများကို အော်ဟစ် အကူအညီတောင်းကာ ကျားသုံးကောင်နှင့် ကျွဲနှစ်ကောင်တို့၏ အခြေအနေကို ထိမ်ပင်ပေါ်က ငုံ့ကြည့်လိုက်၊ အော်ဟစ်အကူအညီ တောင်းလိုက် လုပ်နေရ၏။
ကျွဲမကြီးအား ထွက်ပြေးမသွားနိုင်အောင် ရှေ့က ဆီးတားလိုက်၊ ဘေးက တားထားလိုက် လုပ်နေကြသော ကျားကြီးနှစ်ကောင်သည် ကျွဲမကြီးကို ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်ဟိန်းတစ်ကာ ခုန်အုပ်ကိုက်သတ်ရန် အခွင့်အရေးကို ရနေကြသော်လည်း ယခုထိ ကျွဲမကြီးကို ခုန်အုပ် မကိုက်သတ်ကြသေးသည်ကတော့ ထူးဆန်းနေသလိုပင်။
ပြေးလမ်း လွတ်လမ်းမရှိ ဖြစ်နေရှာသော ကျွဲမကြီးကမူ သူ့ရှေ့ သူ့ဘေး ရောက်လာသော ကျားကြီးနှစ်ကောင်ကို ချိုတခါခါ လည်တယမ်းယမ်းနှင့် လိုက်ဝှေ့လိုက်ခတ်နေ၏။ ထိုအချိန်ထိ ကျားကြီးနှစ်ကောင်ကလည်း ကျွဲမကြီးကုပ်ပေါ်ကို တစ်ချက်တစ်လေပင် ခုန်မကိုက်ကြသေး။
ဤသည်မှာ မြင်ကွင်း၏ ထူးခြားချက်ပင်။ ထိမ်ပင်ပေါ်မှ သူ အော်ဟစ် ယအကူအညီ တောင်းနေသံကြောင့် ပတ်ဝန်းကျင်ရှိ ကျွဲကျောင်း၊ နွားကျောင်းဖက် သုံးလေးယောက်က ငြာသံပေးကာ အပြေးလိုက်လာကြသည်။ သူငယ်ချင်းတွေ အော်ဟစ်လိုက်လာကြသံကို ကြားနေရသောအခါ မောင်တင်မှာ အားရှိသွားပြီး ထိမ်ပင်ကြီးပေါ်က ပို၍ အော်ဟစ်နေသည်။
“မြန်မြန် လာကြပါဗျို့၊ မြန်မြန်လာကူကြပါ၊ ဦးဖိုးဝန်း ကျွဲမကြီးကို ကျားလိုက်ကိုက်နေတယ်၊ ကျားနှစ်ကောင် လိုက်ကိုက်နေတယ်လာကယ်ကြပါဦး၊ မြန်မြန်လာကူညီကြပါဦးဗျို့၊ မြန်မြန်လာကူ ကြပါဦး”
မောင်တင်၏ အော်ဟစ် အကူအညီတောင်းနေသံနှင့် မရှေးမနှောင်းမှာပင် ကျွဲကျောင်း၊ နွား ကျောင်းသား သုံးလေးယောက်သည် အင်းကြီးကောကွင်းစနားသို့ ရောက်လာကြသည်။ ကူညီရန် ပြေးလိုက်လာကြသော ကျွဲကျောင်း၊ နွားကျောင်း သားသုံးလေးယောက်က ကျားလေးတစ်ကောင်နှင့် ဧရာမကျားကြီးနှစ်ကောင်တို့ကို မြင်လိုက်ကြရာ နှစ်ယောက်မှာ ကြောက်ကြောက်နှင့် နီးရာသစ်ပင်ပေါ်ပြေးတက်ကြ၍ ကျန်နှစ်ယောက်ကမူ ရွာဘက် အော်ဟစ်ပြေးသွားကြသည်။
ပြေးသွားရင်းကလည်း. .
“ကယ်ကြပါဦးဗျို့ မြန်မြန်လာကူကြပါဦး
ကျားတွေ ကျားတွေ”
ဟု အော်ဟစ်ကာ ရွာဘက်သို့ ဒုန်းစိုင်းပြေးသွားကြသည်။
ထိုအချိန်မှာပင် ကျားကြီးတစ်ကောင်က “ဝေါင်း”ခနဲ ဟိန်းဟောက်လိုက်သံကြီးနှင့်အတူ ကျွဲမကြီးကို ခုန်အုပ်လိုက်တော့သည်။
ချက်ချင်းပင် ကျွဲမကြီးလဲကျသွား၏။ ကျွဲမကြီးလဲကျသွားသည်မှာလည်း မှောက်ခုံ၊ တစောင်းမဟုတ်ဘဲ လည်ပင်းသာစောင်းကာ မြေပေါ်တွင် ချိုတစ်ဖက်ထောက်ပြီး ပက်လက်ကြီးကို လန်နေ၏။ ကျွဲမကြီး၏ ခြေထောက်လေးချောင်းမှာလည်း မိုးပေါ်ကို ထောင်နေလေသည်။
ထိုပက်လက်ကြီးဖြစ်နေသော ကျွဲမကြီးအား ကျားကြီးတစ်ကောင်က နောက်ထပ် လုံးဝကိုက်ခဲခြင်းမပြုဘဲ နမ်းကြည့်လိုက် လှည့်ပတ်ဝိုင်းလျှောက် လိုက်လုပ်နေသည်။
နောက် ကျားကြီးတစ်ကောင်ကမူ ကျားကလေးရှိရာသို့ ပြေးသွားပြီး ယခုထိ ကုပ်ချောင်းချောင်းနှင့်အရုပ်တစ်ရုပ်ပမာ မလှုပ်မယှက် စူးစိုက်ကြည့်ငြိမ်နေသော ကျားကလေးကို တစ်ချက်နမ်းရှုပ်ပြီး ကျားကြီးက လက်နှင့် တအားပုတ်လိုက်သည်။
ထိုအခါမှ ကျားကလေးမှာ ရုတ်တရက် အသက်ဝင်လာသလို လန့်ဖျပ်လှုပ်ရှားလာသည်။ ကျားမကြီးနှင့် ကျားကလေးတို့၏ လှုပ်ရှားလာပုံကို မြင်ရမှ မောင်တင်က ကျားသားအမိမှန်း သိလိုက်ရသည်။ ကျားမကြီးနှင့် ကျားကလေးတို့သည် ချက်ချင်းပင် ကျွဲမကြီးရှိရာ နောက်ကျားကြီးတစ်ကောင် စောင့်ကြည့်နေရာသို့ ကဆုန်ပေါက်ပြေးလာကြသည်။ ကျားကြီးမှာ မြေပြင်တွင် ပြားပြားဝပ်နေကာ ပြေးလာနေကြသော ကျားသားအမိ နှစ် ကောင်ဘက် တစ်ချက်လှည့်ကြည့်လိုက်သည်။
ထူးခြားသည်မှာ ပြေးလာကြသော ကျားသားအမိနှစ်ကောင်သည် ကျွဲမကြီးအား ခုန်အုပ်, ကိုက်ခဲ, ဆွဲဖဲ့ခြင်း အလျဉ်းမပြုကြသေးဘဲ လဲနေသောကျွဲမကြီးကို သုံးလေးပတ် လှည့်ပတ်ကာ ခုန်ကျော်ကစားနေကြသည်။ ဤသည်ကို ကျားထီးကြီးက မြေပြင်တွင် ဝပ်ကာ အမြီးတလှုပ်လှုပ်ဖြင့် စိမ်ပြေနပြေကြည့်နေသည်။
သူနှင့် ကိုက်လေးငါးဆယ်အကွာမှ တညွညွအော်မြည်နေသောကျွဲကလေးကိုလည်း သွားမကိုက်၊ လှည့်၍မျှပင်မကြည့်ဘဲ ကျွဲမကြီးကိုယ်ပေါ် ဟိုဘက် သည်ဘက် အပြိုင်ခုန်ကစားနေကြသော ကျားသား အမိကိုသာ ကြည့်မဝရှုမဝသလို စိုက်ကြည့်နေလေ သည်။
ပက်လက်လန်နေသော ကျွဲမကြီးကိုယ်ပေါ် ဟိုဘက်သည်ဘက် ခုန်လိုက်၊ လှည့်ပတ်လိုက် လုပ်နေကြရာမှ ကျားသားအမိသည် တောစပ်နားထိ ပြေးသွားကြသလို ကျားကြီးမှာလည်း ပက်လက်လန်နေသောကျွဲမကြီးအနားမှ လေးငါးလံအဝေးကို ထွက်သွားကာ မြေပြင်တွင်ဝပ်ပြီး ကျွဲမကြီးဘက် ငေးကြည့်နေသည်။ တောစပ်နား ပြေးသွားကြသော ကျားမကြီးတို့ သားအမိသည် တစ်ဖန်ပြန်ပြေးလာ ကြကာ ကျွဲမကြီးကိုယ်ပေါ် ခုန်လိုက် ကျော်လိုက် နှင့် လှည့်ပတ်ကစားနေကြပြန်သည်။ ဤသည်ကို ကျားထီးကြီးကလည်း မြေပြင်တွင် ပြားပြားဝပ်ကာ မြိန့်မြိန့်ကြီး ကြည့်နေလေသည်။
သစ်ပင်ပေါ်က အော်ဟစ်ကာ အကူအညီတောင်းနေသော ကျွဲကျောင်းမောင်တင်၏ ဘက်ကိုမူ လုံးဝပင် ဂရုမစိုက်၊ လှည့်၍မျှပင် မကြည့်ပေ။ ကွမ်းတစ်ယာညက်ပင်မကြာ၊ ရွာသားကြီးတွေနှင့် ခွေးအကောင် တစ်ဆယ်ကျော် ဟောင်အော်ငြာသံပေးကာ ပြေးလိုက်လာကြသည်။
သို့သော် အင်းကောတောစပ်နားကွင်းထဲမှ ကျားမိသားစု သုံးကောင်ကို မြင်လိုက်ကြရသောအခါ လူတွေ ရှူးတိုက်ခေါ်၍သာ ဘာမှန်း ညာမှန်း မသိဘဲ ပြေးလိုက်လာကြသော ခွေးတစ်ဆယ်ကျော်မှာ ရွာဘက်အကုန်ပြန်ပြေးကြသလို ကြောက်တတ်သော လူတချို့မှာလည်း ရွာဘက် ပြန်ပြေးကြပြန် သည်။
လက်ထဲတွင် ဓားနှင့်လှံသာ ပါလာကြသူများကလည်း ကွင်းထဲမှ လူတွေကိုပင် ပမာမခန့် လုပ်နေကြသော ကျားမိသားစုကို မည်သူမျှ ပြေးမခုတ်၊ ပြေးမထိုးရဲကြ။ ကြောက်တတ်သူများက သစ်ပင်ပေါ် ပြေးတက်ကြရပြန်သလို ရဲရင့်သူအချို့ကလည်း ကျားမိသားစု ပြေးလိုပြေးငြား ဓားလှံများကို မြဲမြဲဆုပ်ကိုင်ကာ မတ်တတ်စုရပ်ပြီး ငြာသံပေးကာ ခြိမ်းခြောက်နေကြရသည်သာ။
လူတစ်ဆယ်နီးပါး၏ ဓားလှံကိုယ်စီနှင့်ငြာသံပေး ခြိမ်းခြောက် အော်ဟစ်ခြောက်လှန့်နေကြသော်လည်း ကျားမိသားစုကား သူတို့ကို ခြောက်လှန့်နေကြသည်ဟုပင် မထင်ကြ။ ကျားမကြီးနှင့်ကျားကလေးတို့သည် တောစပ်နားပြေးသွားလိုက် ပြန်လာလိုက်၊ ပက်လက်လန်နေသော ကျွဲမကြီးပေါ်ကို ခုန်ကျော်လိုက် နမ်းလိုက်သာ လုပ်နေကြသည်။
ကျွဲမကြီးအနားမှ အတော်ဝေးဝေးသို့ ခွာနေကာ ကျားကြီးကလည်း ယခုထိမြေပြင်တွင်ဝပ်လျက် ကျားမကြီးနှင့် ကျားကလေးတို့ ဆော့ကစားနေကြ သည်ကို မြိန့်မြိန့်ကြီး ကြည့်လျက်သာ မလှုပ်မယှက် လုပ်နေ၏။
အကယ်၍ စောစောကအခြေအနေကို မမြင်လိုက်ရဘဲ ယခုမှလာရောက် မြင်တွေ့ရသူ တစ်ဦးဦးသာ ဆိုလျှင် ဤကျားကြီးမှာ သေများသေနေလေသလားဟုပင် ထင်ရလောက်အောင် ငြိမ်တည်နေသည်။
ထိုအခြေအနေတွင် ရွာသားကြီးလေးငါးယောက်နှင့် မုဆိုးကျော်ကြီးဦးတင်လှတို့ အပြေးရောက်လာကြသည်။ စောစောကမှ ရွာထဲပြန်ပြေးသွားကြသူများလည်း ဦးတင်လှနှင့်အတူ ပြန်လိုက်ပါလာကြသည်။
ထိုအခါမှ သစ်ပင်ပေါ် တက်နေကြသော မောင်တင်နှင့် ကျွဲကျောင်း နွားကျောင်းသူငယ်ချင်း နှစ်ယောက်တို့ကလည်း သစ်ပင်ပေါ်က ဆင်းလာရဲကြတော့သည်။
ထိုအချိန်ထိလည်း ကျားမိသားစုမှာ ယခင်အတိုင်းပင် ကျားမကြီးနှင့် ကျားကလေးက တောစပ်နား ပြေးသွားလိုက်၊ ပြန်ပြေးလာလိုက်၊ ပက်လက်လန်နေသော ကျွဲမကြီးပေါ် ခုန်ကျော် ဆော့ကစားမြဲ ဆော့ကစားနေကြသည်ကို မြေပြင်တွင်ဝပ်ကာ အသေကောင်လို ငြိမ်ကြည့်နေသော ကျားကြီးကလည်း သည်အတိုင်းပင်။
လူတွေအော်ကြဟစ်ကြသံခွေးတွေဟောင်သံအူသံတို့ကို လုံးဝမကြားသလား၊ ဂရုမစိုက်သော သဘောလားဆိုသည်ကိုတော့ လူတွေမှာ အံ့ဩကြသည်ကလွဲပြီး ဘယ်လိုယူဆရမှန်းမသိ ဖြစ်နေကြ သည်။ ထို့ကြောင့်လည်း တောအတွေ့အကြုံ ရင့်ကျက်လှသော မုဆိုးကျော်ကြီး ဦးတင်လှ၏မျက်နှာကိုသာ အားလုံးက ဝိုင်းကြည့်နေကြသည်။
ဤအခြင်းအရာကို မျက်မြင်ကိုယ်တွေ့ ကြုံနေ၊မြင်နေရသော ဦးတင်လှမှာလည်း အံ့ဩတကြီး ဖြစ်သွားပြန်သည်။ သူ၏အသက်မှာ ငါးဆယ်နီးပါး ရှိပြီ။ သို့သော် ယခု လူနှစ်ဆယ် သုံးဆယ် ဝိုင်းအော် နေကြသည်ကို လုံးဝဂရုမစိုက်ဘဲ ကျွဲကျောင်းမောင် တင်တို့ ပြောသလို စောစောအတိုင်း ကျားမကြီးနှင့် ကျားကလေးတို့က တောစပ်ပြေးသွားလိုက် ပြန်ပြေး လာလိုက် ပက်လက်လန်နေသော ကျွဲမကြီးပေါ် ခုန်ကျော်ဝိုင်းပတ် ဆော့ကစားလိုက် လုပ်နေကြ သလို မြေပြင်ပေါ်တွင် ငြိမ်သက်ချက်ကောင်းစွာ ငြိမ်သက် စောင့်ကြည့်နေသော ကျားကြီးမှာလည်း
ယခုထိပင် မလှုပ်မရှားဘဲ အရုပ်တစ်ရုပ်လိုပင် ငြိမ်သက်နေသည်ကို ပို၍ အံ့ဩရပြန်သည်။
နောက်တစ်ခု အံ့ဩစရာကောင်းသည့် အချက်မှာမူ ခြေလေးချောင်းရှိ တိရစ္ဆာန်ဟူသမျှ သေသွားလျှင် ပက်လက်လန်သေကြသည်ကို မုဆိုးကျော်ကြီး ဦးတင်လှ တစ်ခါမှမမြင်ဖူး မတွေ့ဖူး။ သူ့သက်တမ်းတစ်လျှောက်တွင် ကျားသုံးကောင်နှင့် ပြောင်, ဝက်ဝံ, ဝက်, သမင်, ဒရယ်, ချေငယ်, စိုင်, ဆတ် စသည့် တိရစ္ဆာန်များကို သတ်ဖြတ်လာခဲ့သည်မှာ ရေတွက်၍ပင် မရတော့။
ခြေလေးချောင်းရှိသော ဘယ်တိရစ္ဆာန်မှ ယခု ဦးဖိုးဝန်း ကျွဲမကြီးလို မိုးပေါ် ခြေလေးချောင်းထောင်၍ သေနေသည်ကို သူမတွေ့ဖူး။ တောမှောင့် တောင်မှောင့် ဖြစ်ရအောင်ကလည်း နေခင်းကြောင်တောင်ကြီး။ ပြီးတော့ ကျားသုံးကောင်နှင့် ကျွဲမကြီးကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ ဘယ်လိုပါလိမ့်ဟု သူ့စိတ်ထဲ ဝေခွဲမရဖြစ်သွား၏။
ထို့ကြောင့် ငြာသံပေးကာ ခြိမ်းခြောက်အော် ဟစ်နေကြသော လူနှစ်ဆယ်ကျော်ကို နောက်ထပ် မအော်ဟစ်ကြရန် လက်ကာအချက်ပြလိုက်သည်။
ပြီးတော့မှ ဦးတင်လှသည် အရုပ်တစ်ရုပ်လို ငြိမ်သက်စွာ မြေပြင်တွင်ဝပ်ပြီး ကျားမကြီးနှင့်ကျား ကလေးတို့ မြူးထူးခုန်ပေါက်ပြေးလွှားဆော့ ကစား နေကြသည်ကို ခေါင်းမော့ကာ မြိန့်မြိန့်ကြီး မလှုပ် မယှက် ငြိမ်သက်ကြည့်နေသော ကျားကြီးရှိရာ နေရာဆီ သေနတ်ချိန်၍ ကျားကြီး၏ ဘေးဘက်မှ တစ်လှမ်းချင်း ချောင်းကပ်သွားသည်။
မုဆိုး ဦးတင်လှသည် ကျားကြီးမမြင်နိုင်သော နောက်ဘက်မှ ချောင်းမကပ်ဘဲ ဘေးဘက်မှ ချောင်းကပ်သွားခြင်းမှာ နောက်ဘက်ကဆိုလျှင် ကျားကြီး၏သေကွင်းကို တစ်ချက်တည်းနှင့် အသေမပစ်နိုင်သလို သူ့တူမီး သေနတ်ကိုလည်း စိတ်မချ၍ ဖြစ်သည်။
ဘေးဘက်က ချောင်းမြောင်းချဉ်းကပ်သွားခြင်းမှာ ကျားကြီးတစ်ခုန်ကျော်သာလောက်ရောက်လျှင် အသံပေးပြီး ကျားကြီးက သူ့ဘက် စောင်းလှည့်လာသည်နှင့် မျက်လုံးနှစ်လုံးကြားထဲကို တစ်ချက်တည်းနှင့် အသေပစ်သတ်ရန် ရည်ရွယ်ချက်နှင့် ချဉ်းကပ်လာနေခြင်းဖြစ်သည်။
ဦးတင်လှနှင့် ကျားကြီးတို့မှာ အကာအကွယ်ဆို၍ ဘာမှမရှိသော ကျွဲလူးအိုင်နားက လယ်တော မြက်ခင်းပြင်တွင် ဆုံမိနေကြခြင်းဖြစ်သည်။
မုဆိုးဦးတင်လှ ကျားကြီးနား ကုပ်ချောင်း ကုပ်ချောင်းနှင့် ကပ်သွားရာ ဝါးနှစ်ရိုက်နီးပါးခန့် အရောက်မှာတော့ ကျားကြီးက သူ့ဘက်ကို စလှည့်ကြည့်သည်။ ဦးတင်လှ ခြေသံကိုကြား၍ အနံ့ရ၍တော့မဟုတ်။ တစ်ချိန်လုံး ဆူညံစွာအော်ဟစ်ခြောက်လှန့်နေကြသော လူသံများ ရုတ်တရက် တိတ်ဆိတ်သွား၍လည်း ဖြစ်နိုင်သည်။
မုဆိုးဦးတင်လှကို ကျားကြီးက မြင်သွားပြီ ဖြစ်သလို ကွင်းစပ်မှ မတ်တတ်ရပ်ကြည့်နေကြသော လူနှစ်ဆယ်ကျော်မှာလည်း ကျားကြီးနှင့် ဦးတင်လှတို့ကိုကြည့်ကာ ရင်တမမဖြစ်နေကြသည်။
ဦးတင်လှသည် သူ့ကို ကျားကြီးက လှည့်ကြည့်၍ မြင်သွားပြီ ဖြစ်သော်လည်း ခြေလှမ်းကို လုံးဝမတုံ့။ ကျားကြီးဘက်ကိုသာ တစ်လှမ်းချင်း တူမီးသေနတ်ချိန်၍ ရှေ့တိုးလာသည်။
ဦးတင်လှ ရှေ့တိုးလာနေသည်ကို မြင်သော်လည်း ကျားကြီးကား စိန်းစိန်းကြီး စိုက်ကြည့်နေသည်က လွဲလျှင် ထပင်မထသေး။ ဤမျှ မထီတရီနှင့် ရဲတင်းလွန်းသောကျားကြီးကို တစ်ခါမှ မတွေ့ဖူးသော မုဆိုးကြီးသည် သတိကြီးစွာနှင့် ကျားကြီးနား တစ်လှမ်း ချင်းတိုးကပ်လာသည်။
မုဆိုးကြီး ဦးတင်လှ၏ ရည် ရွယ်ချက်မှာ ကျားကြီး ခုန်အုပ်၍ မမီနိုင်ရုံ ကျားတစ်ခုန်မမီတမီအထိ တိုးကပ်သွားပြီးမှ ရဲတင်းလွန်းသော ကျားကြီး၏သေကွင်းကို တစ်ချက်တည်း ပစ်ချလိုက်မည်။
ရန်သူကို တိုက်ခိုက်ရာ၌ ကျားသည် သူတစ်ခုန်အမီထိ ချဉ်းကပ်လာအောင်စောင့်ပြီးမှ ခုန်အုပ်ကိုက်သတ်လေ့ရှိသည်။ ဤသည်ကို သိထားသော ဦးတင်လှသည် ကျားကြီးတစ်ခုန် မမီရာနားထိ ချဉ်းကပ်လာနေခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင် မုဆိုးဦးတင်လှမှာ ကျားကြီး ဆီ၌သာ အာရုံစူးစိုက်နေရာ ကျားမကြီးနှင့် ကျား ကလေးဆီကိုပင် လုံးဝမကြည့်အားတော့။ သို့သော် နောက်မှရပ်ကြည့်နေကြသူများ၏ ပြောစကားအရ ထိုအချိန်ထိ ကျားမကြီးနှင့် ကျားကလေးတို့သည် ဘာကိုမှဂရုမစိုက်ဘဲ ပက်လက်လန်လဲနေသော ကျွဲမကြီးကို လှည့်ပတ်လိုက်၊ ဟိုဘက်သည်ဘက် ခုန်ကျော်မြူးထူးလိုက်၊ နမ်းကြည့်လိုက် လုပ်နေကြတုန်း ဟုဆိုသည်။
ဦးတင်လှ ဝါးတစ်ရိုက်ခန့်ကျော်ကျော်နားကို ရောက်လာတော့မှ ကျားကြီးက ပျင်းကြောတစ်ချက်ဆန့်ပြီး ပါးစပ်ဟသန်းဝေလိုက်ကာ ဝပ်နေရာမှ လေးလေးတွဲတွဲထလာလေသည်။ ကျားကြီးလည်း သူ့ကိုတိုက်ခိုက်ရန် ထလာနေပြီ။ ကျားကြီးနှင့် မုဆိုးတို့မှာလည်း ဝါးတစ်ရိုက်ကျော်ကျော် အကွာအဝေးသို့ ရောက်နေပြီးဖြစ်ရာ ဤတစ်ခါတော့ ဦးတင်လှက သူ့ခြေလှမ်းကိုရပ်လိုက်ရပြီ။
သည်ထက်အနီးကိုတော့ ဦးတင်လှ မကပ်ရဲတော့။
ကျားကြီးမှာ ရှစ်တောင်, ကိုးတောင်ကျား နီလာစင်းကြီး ဖြစ်သဖြင့် ဝါးတစ်ရိုက်ခန့်ကို အသာလေးခုန်အုပ်ဝင်လာနိုင်၏။ ထို့ကြောင့် ဦးတင်လှသည် ချက်ချင်း မုဆိုးထိုင်,ထိုင်ချလိုက်ကာ ကျားကြီးက သူ့ရှေ့တိုး အလာကိုသာ သေနတ်ချိန်ပြီး သတိနှင့် ငြိမ်စောင့် ကြည့်နေလိုက်သည်။
ပျင်းရိပျင်းတွဲနှင့် သန်းဝေထလာသော ကျားကြီးသည် ဤတစ်ခါတော့ ဝမ်းခေါင်းသံကြီးနှင့် ဟိန်းဟောက်ကာ မာန်ဖီအော်ဟစ်လာသည်။ ကျားကြီးအော်လိုက်သံကိုကြားမှ ကျွဲမကြီးကိုယ်ပေါ် ကျော်ခုန်လှည့်ပတ်ကစားနေကြသော ကျားသားအမိမှာ ရုတ်တရက် လန့်ဖျပ်သွားကြပြီး ကိုယ်လုံးကို ဆတ်ဆတ်ခါပစ်ကာ မုဆိုးဦးတင်လှနှင့် ကျားကြီးတို့ရှိရာကို အထိတ်တလန့် လှမ်းကြည့်လာကြသည်။
သို့သော် ဦးတင်လှ၏ အကြည့်ကမူ ကျားသားအမိဆီ မရောက်နိုင်ဘဲ သူ့ဆီသို့ တစ်လှမ်းချင်း မာန်ဖီ ချဉ်းကပ်လာနေသောကျားကြီးဆီကိုသာ မျက်တောင်မခတ် အသက်မရှူဘဲ စိုက်ကြည့်နေ၏။ ကျားကြီးသည် ဦးတင်လှအား တစ်ချက်ခုန်အုပ်၍ မီနိုင်လောက်သော အကွာအဝေးသို့ အရောက်မှာ နောက်ဖျော့ခြေကွေး၍ အားယူမာန်သွင်းလိုက်သည်။
ကျားကြီးနှာခေါင်းထဲမှ ဝင်သွားသော အပလေနှင့် ဆန့်ကျင်ဘက်ဖြစ်သော ခါးပိုင်းမှအမွေးများသည် စ၍ လှိုင်းထလာသလို ခါးမှ ဝမ်းဗိုက်၊ ဝမ်းဗိုက်မှ ရင်အုပ်၊ ရင်အုပ်မှ လက်ပြင်၊ လက်ပြင်မှ လည်တိုင်နားထိ ကြွရွလှိမ့်တက်လာကြသောအမွေးလှိုင်းများနှင့်အတူ တံလျှပ်လိုလို အခိုးအငွေ့လိုလို မှုန်မှုန်ရိပ်ရိပ် အဖြစ်ဆန်းတစ်ခုကိုလည်း ကျားကြီးကိုယ်ပေါ်၌ ဦးတင်လှ မြင်မိလိုက်သည်။
သူသည် ယခင်က ကျားကြီးသုံးကောင်ကို ပစ်ဖူး၏။ သို့သော် ဤကျားကြီးလိုတော့ နီးနီးကပ် ကပ်၌ ပစ်သတ်ခဲ့ခြင်းမဟုတ်။ ယခု ဤကျားကြီးနှင့် သူတို့မှာ ဝါးတစ်ရိုက်နီးပါးခန့် နီးနေပြီ ဖြစ်သဖြင့် ကျားကြီးကိုယ်ပေါ်မှ အမွေးလှိုင်းတွန့်နှင့် အရိပ်ကို အသေးစိတ် မြင်နေရခြင်းလားဟု တစ်ချက်တွေးမိ လိုက်ပြန်သည်။
အချိန်မှာ ညနေလေးနာရီ ကျော်ရုံမျှသာ ရှိသေးသဖြင့် နွေည၏နေရောင်က ကျားကိုယ်ပေါ် ကို ထင်ထင်ရှားရှား ထွန်းပထားရာ နေရောင်ကြောင့် ကျားကိုယ်ပေါ်၌ တံလျှပ်လိုလို အခိုးအငွေ့ အရိပ်လိုလို ထူးထူးဆန်းဆန်း အဖြစ်တစ်ခုကို မြင်ရခြင်းလား ဆိုသည်ကိုတော့ နောက်မှ ပြန်တွေးကြည့်ချက် ဖြစ်သည်။
လက်ရှိ အနေမှာမူ မုဆိုးဦးတင်လှသည် ဘာမှမစဉ်းစားနိုင်တော့။ အပြင်လေကို ကျားကြီးက တအားရှူသွင်းလိုက်၍ အမြီးရင်းမှခါး၊ ခါးမှ ဝမ်းဗိုက်၊ ဝမ်းဗိုက်မှ ရင်အုပ်၊ ရင်အုပ်မှ လက်ပြင်၊ လက်ပြင်မှ လည်တိုင်ထိ ကျောတစ်လျှောက်လုံး ဆန်တက် လှိုင်းထလာသော အမွေးလှိုင်းတို့သည် တတိယအကြိမ် လည်ဆံကိုရောက်သည်နှင့် ကျားကြီးသည် မိမိအား ဧကန် ခုန်အုပ်တော့မည်ကို အတပ်သိသော ဦးတင်လှသည် တတိယ အကြိမ်လှိုင်းတွန့်အမွေးများ လည်ဆံနားအရောက်မှာပင် ကျားကြီးက လက်ကွေး ကိုယ်ကြုံ့လိုက်သည်နှင့် တူမီးခလုတ်ကို ဖြုတ်ချလိုက်သည်။
“ဒိုင်း”ဟူသော သံရှည်ဆွဲထွက်သွားသည့် တူမီးသေနတ်သံနှင့်အတူ “ဝေါင်းခနဲ” အော်ကာ ခုန်အုပ်လာသော ကျားကြီး၏အသံမှာ တစ်စက္ကန့် ၏ရှေ့နောက်သာ ကွာလေသည်။
ရန်သူအား ခုန်အုပ်ရန် အလုပ်တွင် သူ့မျက်လုံးနှစ်လုံးကြားထဲ စက္ကန့်ခန့်စော၍ ကျရောက်လာသော တူမီးကျည်တောင့်ကြောင့် ကျားကြီးမှာ ဦးတည်ရာလွဲကာ ဦးတင်လှ၏ ဘေးတစ်လံကျော်လောက်မှာ ကျွမ်းထိုးမှောက်ခုံ ပစ်ကျလာသည်။
သို့သော် ချက်ချင်းခုန်ထပြီး သွေးရူးသွေးတန်းနှင့် ဦးတင်လှဘက် လှည့်လာသဖြင့် နောက်တစ်ချက် အနီးကပ် ထပ်ပစ်လိုက်ရသေးသည်။
ကျားကြီးကို စိတ်ချရပြီးသည်နှင့် ကျားမကြီးကိုပစ်ရန် ဦးတင်လှ လှည့်ကြည့်လိုက်သောအခါ ကျားမကြီးတို့သားအမိမှာ သူ့မြင်ကွင်း၌ မရှိတော့။
ရပ်ကြည့်နေကြသော ရွာသားကြီးများ၏ ပြောစကားအရ ဦးတင်လှ ကျားကြီးကို တစ်ချက်ပစ်လိုက်ကတည်းက ကျားမကြီးတို့သားအမိသည် တောထဲဝင်ပြေးသွားကြသည်ဟု ဆိုသည်။
ထို့နောက်မှာ ကျားကိုက်ထားခဲ့၍ ပက်လက်လန်နေသော ကျွဲမကြီးအား ဤနေရာမှာပင် အရေခွံခွာ၊ အသားဖျက်ယူကြရန် ဦးဖိုးဝန်နှင့် ရွာသားများ ကျွဲမကြီးအနားကို ကပ်သွားကြရာ ကျွဲမကြီး တစ်ကိုယ်လုံးတွင် ကျားကိုက်၊ ကျားကုတ်ထားရာ ဒဏ်ရာဟူ၍လည်း တစ်ခုမှမတွေ့ကြပေ။ လည်စောင်း ခြေထောက် ပက်လက်လန်ကာ တစ်ကိုယ် လုံး တဆတ်ဆတ်တုန်ပြီး သတိမေ့နေသည်ကိုသာ တွေ့ကြရသည်။
ထို့ကြောင့် အသက်ရှင်ဦးမည်၊ သေမည်ကို မသိနိုင်ကြဘဲ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ လဲနေသော ကျွဲမကြီးကို လှည်းတစ်စီးသွားဆင့်ကာ ရွာထဲ တင်လာခဲ့ကြသည်။
ရွာထဲအရောက်တွင် ဇလီထရံခင်းအချပ်နှင့် ဝိုင်းမ ထမ်းချ၍ ကောက်ရိုးပုံနား သိပ်ထားလိုက်ကြသည်။ ထိုညတစ်ည နောက်တစ်ညကြာ၍ နောက်တစ်နေ့မိုးအလင်းမှာ ကျွဲမကြီးသေပလားဟု ဦးဖိုးဝန်းသွားကြည့်ရာ ကျွဲမကြီးမှာ အကောင်းပကတိ ထရပ်ပြီး ကောက်ရိုးပုံက ကောက်ရိုးများကို ဆွဲစားနေသည်ကို မြင်လိုက်ရသည်။
ဦးဖိုးဝန်းက ဝမ်းသာအားရ အော်ပြောလိုက်သဖြင့် အိမ်နီး နားချင်းများ ချက်ချင်း ဝိုင်းအုံရောက်လာကြကာ အံ့ဩတကြီး ဝိုင်းကြည့်ကြသည်။
အားလုံးက သေမည်ဟု ထင်ထားကြသော ကျွဲမကြီး ယခုလို အကောင်းပကတိ ဖြစ်လာသည်ဆိုသောအခါ အိမ်နားနီးပါးသာမက တစ်ရွာလုံးကပင် ဦးဖိုးဝန်း ကျွဲမကြီးကို လာကြည့်ကြသည်။ ထိုအချိန်တွင် ကျွဲမကြီးကား ကျွဲကလေး၏နို့အစို့ကိုပင် ကောင်းကောင်းမွန်မွန် မရုန်းမကန်မလန့်မထိတ်ဘဲ ငြိမ်ခံနေလေ၏။
ကျားပစ်လာသူ မုဆိုးကျော်ကြီး ဦးတင်လှမှာလည်း သူ့တစ်သက် ဤလိုအဖြစ်မျိုးကို တစ်ခါမှ မကြုံဖူး၊ မတွေ့ဖူးသဖြင့် အံ့ဩတကြီးဖြစ်မိကာ သူ့ဆရာမုဆိုးကြီး အသက်ခုနစ်ဆယ်ကျော်ကို မေးကြည့်တော့မှ အဖြေပေါ်လေသည်။
အသက်ခုနစ်ဆယ်ကျော်မုဆိုးကြီးက ပြောပြသည်မှာ ဤအဖြစ်အပျက်သည် ကျားလင်မယား နှစ်ကောင်က ကျွဲမကြီးကို လမိုင်းတိုက်ပြီး ကျား ကလေးကို အစာရှာတတ်အောင် လမိုင်းကပ်ပေး ခြင်း၊ သင်ပြပေးခြင်းဟု ဆိုသည်။
အကယ်၍ လမိုင်းတိုက်ခံထားရသော ကျွဲမကြီးမှာ လူတွေနှင့် မတွေ့လျှင်လည်း တစ်ညနှစ်ည ကြာလျှင် ကျားလမိုင်းပြေကာ အလိုလို အကောင်းပကတိဖြစ်ပြီး ရွာထဲ ကျွဲအုပ်ထဲ ပြန်ဝင်လာလိမ့်မည်ဟု ဆိုသည်။
လမိုင်းတိုက်ခံရသော ကျွဲ, နွား, ချေ, ဆတ်, နွားနောက်စသည်ကို ကျားကြီးများမှာ လုံးဝမစား သောက်ဘဲ ပြန်လွှတ်ကြပြီး လမိုင်းကပ်သွားသော
ကျားကလေးကို ထိုတစ်ရက်နှစ်ရက်အတွင်း သမင်, ချေ, ဆတ်, ဒရယ် စသည့် တောတိရစ္ဆာန် တစ်ကောင်ကောင်ကို ဖမ်းသတ်ကိုက်စား၍ လမိုင်းသင်တန်းပေးတတ်ကြသည်ဟု ဆိုလေသည်။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်