(လယ်တွင်းသားစောချစ်)

သူငယ်အိပ်ဆိတ်ကြက်တွန်ပြီးသည်မှာကြာပေပြီ။ ရွာထဲတွင် ကလေးသံများ တိတ်နေပြီ။ ဟိုအိမ် ဒီအိမ် ရေနွေးကြမ်းဝိုင်းမှ လူကြီးများ၏ စကားသံသဲ့သဲ့သာလျှင် တချက် တချက် ထွက်ပေါ်လာသည်။ ပို၍ ညဉ့်နက်လာသောအခါ လူကြီးသံများကိုပင်မကြားရတော့ပါ။
” အောက် အီး အီး အွတ်…. “
သက်ကြီး ခေါင်းချကြက်တွန်ပေပြီ။ အမေနှင့်အမများ အိပ်နေကြပြီ။ တင်ဝင်း တယောက် အိပ်၍ မပျော်သေး။ ရွာတောင်ဘက်ရှိနွားခြံမှ ကိုပိုင်၏ ပုလွေသံ သာယာသည် လေအသင့်တွင် လွင့်ပါလာ၏။
ယနေ့ည တင်ဝင်း အိပ်၍ မပျော်သည်မှာ ဝမ်းသာ၍ ဂုဏ်ယူ ကြည်နူး၍ ဖြစ်သည်။ ထိုညသည် တင်ဝင်း၏ ဘဝအတွက်အဆုံးအဖြတ် ညပင်ဖြစ်သည်။
* * * * *
စတုတ္ထတန်း အတန်းတင်စာမေးပွဲကို တင်ဝင်း အောင်မြင်ကြောင်း ၊ တမြို့နယ်လုံးမှာ ပထမရကြောင်း ၊ ဆရာမကြီးက အိမ်လာပြောသည်။
တင်ဝင်း ဝမ်းသာလွန်း၍ ထမင်းချက်နေသော အမေ့ကို သွားပြောသည်။ အမေက စိတ်ဝင်စားခြင်းမရှိ။
” အောင်ရင်ပြီးတာပဲ ” ဟု လွယ်လွယ်ပြောလိုက်သည်။ တမြို့နယ်လုံးမှာ ပထမရကြောင်းကိုမပြောမိတော့ပါ။ ပြောလျှင်လည်း အမေစိတ်ဝင်စားမည်မထင်ပါ။
တဲထဲတွင် ယက်ကန်းခတ်နေသော အစ်မနှစ်ယောက်ထံ ပြေး၍ ပြောပြန်သည်။ အစ်မများကလည်း စိတ်ဝင်စားခြင်းမရှိ။ အစ်ကိုကြီးကိုပြောပြန်သည်။
“မြို့နယ်ပထမရပေမဲ့ ကျောင်းဆက်မတက်နိုင်တော့ အလကားပါပဲကွာ … ” အစ်ကိုကြီးက ညည်းညည်းညူညူပြောလိုက်သည်။
“ကျွန်တော် ကျောင်းဆက်မတက်ရဘူးလားအကိုကြီး” တက်ချင်လွန်းသော ဆန္ဒကြောင့်သာ အမှတ်တမဲ့ မေးလိုက်မိခြင်းဖြစ်သည်။ အမှန်စစ်စစ် ကျောင်းတက်နိုင်သော အခြေအနေမရှိသည်ကို တင်ဝင်းသိပြီးသားဖြစ်သည်။
” ဘယ်လိုဆက်တက်မလဲကွာ… ငါတို့မှာ စက်ဘီးတစီးဝယ်ဖို့မပြောနဲ့ ၊ ထမင်းတောင်မနည်းစားနေရတာဘဲ….”
အစ်ကိုကြီးဖြစ်သူ ကိုသက်ထွန်းက ညီငယ်ကို ကြည့်၍ စိတ်မကောင်းစွာပြောလိုက်သည်။
တင်ဝင်းကျောင်းဆက်တက်ချင်သည်။ ပညာဆက်သင်ချင်သည်။ သို့ရာတွင် တင်ဝင်းကျောင်းနေရန်မလွယ်။
ညတွင် တင်ဝင်းအိပ်၍မပျော်။ သက်ကြီးခေါင်းချကြက်တွန်ပြီး တအိမ်လုံးအိပ်မောကျကုန်ပြီ။ တင်ဝင်းမအိပ်နိုင်။ ဘယ်ပြောင်းညာလှိမ့်ဖြင့် ကျောင်းနေခွင့်ရအောင် အမျိုးမျိုး အကြံဉာဏ်ထုတ်နေမိသည်။
လေးတန်းအောင်ပြီးလျှင် စဉ့်ကိုင်မြို့ အစိုးရအထက်တန်းကျောင်းသို့သွားတက်ရမည်။ စဉ့်ကိုင်မြို့နှင့် ဝန်းသိုရွာ ခြောက်မိုင်ခန့်ဝေးသည်။
ဤခရီးကို နေ့စဉ်သွားရန်ဆိုလျှင် စက်ဘီးရှိမှ ဖြစ်လိမ့်မည်။ ရွာမှလက်ရှိကျောင်းတက်နေကြသော ကျောင်းသား ၁၂ ယောက် ရှိသည်။ အားလုံးစက်ဘီးကိုယ်စီရှိကြသည်။
ထိုကြောင့် စဉ့်ကိုင်ကျောင်းသို့ဆက်တက်နိုင်ရန်အတွက် စက်ဘီးတစီးလိုသည်။ တင်ဝင်း အရင်လေးတန်းအောင်ခဲ့သူတွေရှိသည်။ အတန်းထဲတွင် စာတော်ခဲ့ကြသည်။ ထူးချွန်စွာအောင်ခဲ့ကြသည်။ သို့သော်စက်ဘီးမဝယ်နိုင်၍ ကျောင်းဆက်မတက်နိုင်ခဲ့ကြ။ယခု လယ်ကူလီ ၊ နေ့စား အလုပ်သမားများ ဖြစ်နေကြပြီ။
စက်ဘီးဝယ်နိုင်မည့်နည်းလမ်းရှိသမျှ တင်ဝင်းရှာကြည့်သည်။ လုံးဝမတွေ့။ စက်ဘီး မဝယ်နိုင်၍ ပညာမသင်ရသည့်အဖြစ်ကို တင်ဝင်းမခံချင်။
စဉ့်ကိုင်ကို နေ့တိုင်းခြေကျင်သွားနိုင်မည်လား… တင်ဝင်းစဉ်းစားကြည့်သည်။မိုးတွင်းတုန်းက အစ်ကိုကြီးနှင့်အတူတူ စဉ့်ကိုင်သို့ဖြတ်လမ်းမှ နှစ်ခေါက်သွားဖူးသည်။ လမ်းရိုးမှ ဝန်းသိုမှ ဖလံဗိုလ်ရွာ၊ဖလံဗိုလ်ရွာမှ ကုန်းနီရွာ ၊ကုန်းနီရွာမှ စဉ့်ကိုင်သို့ ကွေ့ကောက်သွားရသည်။ ထိုကြောင့်ခြောက်မိုင်ခန့်ဝေး၏။
ဖြတ်လမ်းမှာ ဝန်းသိုရွာ၊ဖေါင်ဆင်း ရေလည်ကျောင်းနှင့်စဉ့်ကိုင်မြို့ကို တည့်တည့်ဖြတ်ထားသည်။ သို့ရာတွင် ခြေကျင်သာ သွား၍ ရသော လမ်းဖြစ်၏။ လူသွားလူလာသိပ်မရှိ။တောသမား အချို့သာ အသွားအလာရှိသည်။ ထိုလမ်းမှ သွားလျှင် တနာရီမျှနှင့်စဉ့်ကိုင်ရောက်နိုင်သည်။
ကျောင်းက မနက် ၈ နာရီတက်သည်။ တင်ဝင်း ရွာမှ ၆ နာရီခွဲ ထွက်ရမည်။ ဒါဟာ တနှစ်ထဲအလုပ်မဟုတ်…. ။ ငါ ဇွဲကောင်းကောင်းနှင့် တက်နိုင်ပါ့မလား။
တင်ဝင်း ထပ်၍ စဉ်းစားသည်။ ငါကျောင်း သိပ်နေချင်တယ်ဆိုရင်တော့ ဒီခရီးကိုခြေကျင်သွားဖို့နည်းပဲရှိတယ်… ဟုတ်ပြီ ။ဘာလို့မသွားနိုင်ရမှာလဲ… ငါကျောင်းသွားတက်မယ်…
တင်ဝင်းအခိုင်အမာဆုံးဖြတ်ချက်ချလိုက်သည်။ လင်းကြက်တွန်သံများကြားရပြီ။မကြာမီ အာရုဏ်ဦး၏ ရောင်ခြည်များပေါ်ထွက်လာတော့မည်။
* * * * *
နောက်တစ်နေ့တွင် တင်ဝင်းက သူ၏ဆုံးဖြတ်ချက်ကို အမေနှင့်အစ်မများအား ပြောပြသည်။ အမေနှင့်အစ်မများက ကန့်ကွက်ခြင်းလည်းမရှိ။ထောက်ခံခြင်းလည်းမပြု။
” ဘာဖြစ်လို့များ ဒီလောက်ကျောင်းနေချင်ရတာပါလိမ့်” ဟူ၍ အံ့ဩသောမျက်လုံးများနှင့်သာ တင်ဝင်းကိုကြည့်နေကြသည်။ ညနေတွင်တင်ဝင်းက အစ်ကိုကြီးကို ပြောပြပြန်သည်။ အစ်ကိုကြီးက စိတ်မကောင်းဖြစ်သည်။
” ငါ့ညီ ဒီလောက်တောင် ဆန္ဒပြင်းပြရင်တော့ တက်ပါ။ စာအုပ်ဖိုးလိုတာကိုတော့ အစ်ကိုကြီး ပြည့်စုံအောင်ရှာပေးပါ့မယ်။ စက်ဘီးကိုလည်း ဒီနှစ်မဟုတ်တောင် ရှေ့နှစ်လောက်မှာ ဝယ်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်… ” ဟုဆိုသည်။
တင်ဝင်းကတော့ ကျောင်းနေခွင့်ပြုသည်ကိုပင်ဝမ်းသာလှပြီ။ တင်ဝင်း၏ဆုံးဖြတ်ချက်ကို ချီးကျူးဂုဏ်ပြု၍ ဆရာမကြီးမှ ဗလာစာအုပ် (၆) အုပ်နှင့် ဘောပင် (၄) ချောင်းပေးသည်။
အစ်မများက မနက်စောစောထ၍ ထမင်းချက်မပေးနိုင်။ ညတွင်ညဉ့်နက်အောင်ယက်ကန်းခတ်ရ၍ဖြစ်သည်။ အမေကလည်း မကျန်းမာ၍ ဘာမှမလုပ်နိုင်။ တင်ဝင်း မနက် (၅) နာရီထ၍ ထမင်းချက်ရသည်။ ပဲပြုတ်ရသည်။ ထမင်းအိုးတည်ထားစဉ် ပဲပြုတ်နေစဉ်စာကြည့်သည်။ ထမင်းကျက်သောအခါ ပဲပြုတ်နှင့်ဆီဆမ်းပြီး ချိုင့်ထဲထည့်သည်။ ၆ နာရီခွဲသည်နှင့် အိမ်မှထွက်သည်။
ကြာသောအခါ တင်ဝင်း၏ဖြတ်လမ်းကလေးမှာ တင်ဝင်း၏ ခြေရာတို့ကြောင့် ထင်ရှားသော လမ်းကလေးဖြစ်လာသည်။ သွားနေကျလမ်း၊ နားနေကျစခန်းလေးများနှင့် မြင်နေကျရူခင်းကလေးများမှာ ချစ်ခင်စရာဖြစ်လာသည်။ တင်ဝင်းသည် သူ့လမ်းကလေးကိုသူ သဘောကျနေသည်။ သွားရသည်ကိုလည်း ညောင်းသည်ဟုမထင်။ တနာရီနှင့်စဉ့်ကိုင်ရောက်သည်။ ညနေတွင် (၃) နာရီကျောင်းဆင်းသည်။ (၄) နာရီခန့်တွင် တင်ဝင်းရွာသို့ပြန်ရောက်သည်။ စက်ဘီးသမားများနှင့်ရှေ့ဆင့်နောက်ဆင့်မျှသာကွာသည်။ မိုးတွင်းအခါတွင်ဓါတ်မြေဩဇာထည့်သော ပလတ်စတစ်အိတ်ခွံကို ပက္ကလာသဖွယ် ခေါင်းတွင်ဆောင်း၍ တင်ဝင်းကျောင်းသွားသည်။ စက်ဘီးသမားများထက်ပင် ရွာသို့အရင်ရောက်အောင်ပြန်လေ့ရှိ၏။
” သိပ်ဇွဲရှိတဲ့ကောင်၊သိပ်ကြိုးစားတဲ့ကောင် အဆုယူထိုက်တယ်ဟေ့…. အချို့ကချီးကျူးကြသည်။
” ခဏပါကွာ….. တနှစ် ၊နှစ်နှစ်ဆိုလျှင် ဆက်တက်မှာမဟုတ်တော့ဘူး….။ အခုတော့ စိတ်ဓါတ်တက်နေတုန်းမို့ပါ….. ။ အချို့က အချီးမွမ်းမစောသင့်ကြောင်း ပြောဆိုသူကလည်းပြောသည်။
တင်ဝင်းကတော့မည်သူပြောသည်ကိုမှဂရုမစိုက်။ သူလုပ်ရမည့်အလုပ်ကိုသာ အကောင်းဆုံးဆက်လုပ်နေခဲ့သည်။ တင်ဝင်းစာကြိုးစားသည်။ အတန်းထဲမှာ ဆရာ၊ဆရာမများ စာသင်ချိန်တွင် အသေအချာ နားထောင်မှတ်သားသည်။ နေ့စဉ်သင်သောစာ နေ့စဉ်ရအောင် ကျက်မှတ်သည်။ ထိုကြောင့်တင်ဝင်းစာတော်သည်။ အတန်းထဲမှာ ပထမရသည်။
ရှစ်တန်းအောင်သည့်နှစ်တွင် တင်ဝင်းထွင်သောလမ်းကိုလျှောက်နေသူမှာ တင်ဝင်းတယောက်တည်းမဟုတ်တော့ပါပေ။ နောက်ထပ်ခြောက်ယောက်တိုးလာခဲ့ပြီ။ မိန်းကလေးနှစ်ယောက်ပင်ပါဝင်သည်။ စက်ဘီးမဝယ်နိုင်သည်နှင့် ပညာသင်ခွင့်မရသော အဖြစ်ကိုတင်ဝင်းကစတင်တော်လှန်လိုက်ခြင်းဖြစ်သည်။
ယခုဆိုလျှင် တင်ဝင်းထွင်သောလမ်းကို နောက်လူငယ်များပါရဲရဲလျှောက်နေကြပြီဖြစ်၏။ တင်ဝင်းတို့အဖွဲ့မှာ နေ့စဉ်လမ်းလျှောက်လေ့ကျင့်ခန်းရ၍ ကျန်းမာရေးပင် ပိုကောင်းလာကြသည်။
တင်ဝင်းတို့ဆယ်တန်းရောက်သောအခါ တင်ဝင်တို့အဖွဲ့တွင်အားလုံး ၁၂ ယောက်ဖြစ်လာခဲ့သည်။ ခက်ခက်ခဲခဲ ကျောင်းတက်ရသည်မို့ တင်ဝင်းတို့အဖွဲ့သည် ပညာကိုပို၍ကြိုးစားကြသည်။ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်တွင် မြေပဲနှုတ်၊လယ်ရိတ်၊ပေါင်းပေါက် စသည့် နေ့စားလုပ်ငန်းများကို လုပ်ကြသည်။ နှစ်ရက်လုပ်ခသည် တပတ်စာ မုန့်ဖိုးငွေဖူလုံစေ၏။
ယခုဆိုလျှင် တင်ဝင်းခေါင်းဆောင်သော အဖွဲ့ကိုတရွာလုံးမှချီးကျူးနေကြပြီ။ တင်ဝင်းတို့ကလည်း သူတို့၏ ဘဝကို ဂုဏ်ယူသည်။ သဘောကျသည်။ ပညာကိုအစွမ်းကုန်ကြိုးစားရန် တယောက်နှင့်တယောက်တိုက်တွန်းကြသည်။ အကြံပေးကြသည်။ သွားရင်း နားရင်း မရှင်းသောစာများကို မေးကြ၊ဖြေကြ၊ဆွေးနွေးကြသည်။
ဆယ်တန်း စာမေးပွဲအောင်စာရင်းထွက်သောအခါ တင်ဝင်းနှစ်ချင်းပေါက်အောင်ခဲ့သည်။ ဂုဏ်ထူး သုံးခုပါသေးသည်။
တင်ဝင်းကိုတရွာလုံးက ချီးကျူးကြ၊ ဂုဏ်ပြုကြသည် တင်ဝင်း၏ အစ်ကိုကြီး ကိုသက်ထွန်းကလည်း ဝမ်းသာဂုဏ်ယူ၍ မဆုံးအောင်ဖြစ်နေသည်။ တင်ဝင်းပညာသင်လိုသည်ကို စိတ်ပျက်စရာအောက်မေ့ခဲ့သော အမေနှင့်အစ်မများပင် ရောယောင်၍ ဝမ်းသာနေကြသည်။
ကျေးရွာလူကြီးများကလည်း တင်ဝင်းကိုချီးကျူးဂုဏ်ပြုကြသည်။ လစ်လပ်နေသော ကျေးရွာစာရေးနေရာတွင် တင်ဝင်းကိုခန့်ထားမည်ဖြစ်ကြောင်း ကတိပေးကြသည်။ တင်ဝင်းဝမ်းသာအားရဖြစ်မိသည်။ ဆယ်တန်းအောင်၍ ပျော်ရွင်နေချိန်မှာ အလုပ်ရမည်ဆိုသောအခါ အတိုင်းထက်အလွန်ဖြစ်ရပြန်သည်။ညဉ့်နက်မှ တင်ဝင်းအိမ်ပြန်ရောက်ခဲ့၏။
အိပ်ရာဝင်၍ အိပ်သော်လည်း တင်ဝင်းအိပ် ၍မပျော်ပါ။ လုလင်ပြန်ကြက်တွန်ခဲ့ပြီ။ မကြာမီသန်းခေါင်ကြက်တွန်တော့မည်။
တင်ဝင်းသည် လွန်ခဲ့သော ခြောက်နှစ်က ယခုလိုညကို သတိရမိသည်။ ထိုညက အဆုံးအဖြတ် မှန်ကန်၍ ဇွဲလုံ့လရှိသောကြောင့် ယခုအောင်မြင်မှုကိုရရှိခြင်းဖြစ်သည်။ ရေ့ဆက်ရမည့် ခရီးလမ်းမှာ တင်ဝင်းအတွက် အခက်အခဲမရှိတော့ပါ။ ကျေးရွာကောင်စီရုံးစာရေးလုပ်ရင်း အမေနှင့် အစ်ကို၊အစ်မများကို လုပ်ကျွေးမည်။ တက္ကသိုလ်စာပေးစာယူသင်တန်းကို ဆက်တက်၍ ဘွဲ့တခုခုရအောင်ယူရမည်။ ပညာကိုဆုံးခန်းတိုင်အောင်သင်ကြားမည်။
ကိုယ်ထွင်သောလမ်းကြောင်းသည် နောက်လူတို့အတွက်ပါ လမ်းကောင်းဖြစ်နေသည်ကိုလည်း တင်ဝင်း ဝမ်းသာဂုဏ်ယူရပါ၏။
* * * * *
#လယ်တွင်းသားစောချစ်