ဖိုးကျော့


မျောက်ကိုက်စခန်းအရောက်မှာ ကျွဲနှစ်ကောင်သည် “တညွညွ” အော်ပြီး ခြေလှမ်းတုံ့သွားကြသည်။ ရှေ့ကို မတက်တော့။

“ဘာပါလိမ့်” ဟု လှဆောင် ရင်ထိတ်သွားသည်။

ဤ မျောက်ကိုက်စခန်းရှိ သစ်လုံးများကို တောထုတ်ရန် ဆွဲလမ်းဖောက်ထားခဲ့သည်မှာ တစ်လကျော်ရှိလေပြီ။ ဝက်ပုတ်စခန်းမှ ပင်ထောင်၊ အပြောင်ရှင်းတွေ မပြီးနိုင်သဖြင့် ဤနေ့မှ မျောက်ကိုက်စခန်းသို့ သူတို့ကျွဲအဖွဲ့ စတက်လာခြင်းဖြစ်၏။

ထို့ကြောင့် ကျွဲနှစ်ကောင်မှာ လမ်းသစ်ဖြစ်သဖြင့် တောစိမ်း၍များလားဟူသော အထင်နှင့် ကြိမ်ထပ်ပေးသည်။ ဤကျွဲနှစ်ကောင်မှာ ဟဲ့ဆိုကာ ကြိမ်တံမြှောက်ရုံနဲ့ သွားလိုရာ တိမ်ယံရောက်နိုင်သော ကျွဲညီနောင်ဖြစ်သည်။

သို့သော် ယခု ကြိမ်ပေးလိုက်သော်လည်း ကျွဲနှစ်ကောင်က မရွေ့။ ရှေ့ကို ခြေကန်၍ တမင်တုံ့ထား၏။

“ဟဲ့ တိမ်ပျံ … ဟဲ့ မိုးညို၊ ချီစမ်းပဟ။ ချီလေ … တက်ဆို”

တညွညွ မြည်ကြသံသာ ပိုကျယ်လာသည်။ ရှေ့သို့မတက်။

တောကောင် (ကျား)များလားဟူသော အတွေးကြောင့် ပတ်ဝန်းကျင် ဘယ်ညာကို အကဲခတ်သည်။

ဆောင်းနံနက်ခင်းဟု ဆိုသော်လည်း နေရောင်ခြည်က သစ်တောထဲ လင်းလင်းထင်းထင်း ထိုးဆင်းဖြာကျနေသည်။

ပင်ထောင်သစ်တောကြီးမှာ အောက်ခြေရှင်းသဖြင့် မြင်ကွင်းကောင်းသည်။ တောကောင်တစ်ကောင်ကောင်၏ အရိပ်အခြည်ကို မမြင်ရ။

သို့သော် ဝံ၊ သစ်ခွေး၊ တောခွေး ဖြတ်ပြေးသွားသည်ကို ကျွဲများလန့်ခြင်းဟု ထင်သဖြင့် ကြိမ်ထပ်ပေးပြန်သည်။

“ညှ…”

“ညှ…”

ကျွဲနှစ်ကောင်က လုံးဝ ရှေ့သို့မချီ။ နောက်ဆုတ်ရန်နှင့် တစ်ဖက်သို့ လှည့်ရန်သာ ရုန်းကန်လာကြသည်။

လမ်းမှာ တစ်ဖက်က တောင်စောက် ပေါက်တူးလမ်း။ တစ်ဖက်မှာ ချောက်ကြီးဖြစ်ရာ လှည့်မရသော ကျွဲနှစ်ကောင်မှာ ပိုအော်မြည်လာကြသည်။

“ဝေး … လှဆောင်၊ ကျွဲတွေ မြည်လှချေလားဟ။ ဘာလဲ ကြည့်ဦးကွ။ လမ်းစိမ်း လမ်းသစ်နော်”

နောက်ကျွဲချဉ်းနှစ်ချဉ်းဖြစ်သော ညိုကြီးနှင့် အေးသောင်တို့က လှမ်းသတိပေးကြသည်။

“အေး … ငါ … ငါ … ကြည့်”

“ရှူး”

“ရှူး … ရှူး … ရှူး”

လှဆောင် အသံမဆုံးမီပင် မြွေနှာမှုတ်သံကြီးနှစ်ခုကို သူ့ခေါင်းပေါ်က ကြားလိုက်ရသဖြင့် နားထင်နားရင်းတွေ ထူပူသွားသည်။ အမှန်မှာ သူ့ခေါင်းပေါ်က မဟုတ်။ သူ့ရှေ့ ငါးလံလောက်အဝေးမှ ဖြစ်သည်။ လူသံနှင့် ကျွဲခလောက် ဒုံဒင်သံ ကြားသဖြင့် ရန်ရှာခြင်းပင်။

သူသည် စောစောက ကျားထင်၍ မြေပြင်ကိုသာ ကြည့်မိခဲ့၏။ ယခု သစ်ဆွဲလမ်းကို မိုးနေသော ဖက်သန်းပင်တစ်ပင်ပေါ်မှ မြွေကြီးနှစ်ကောင်သည် ပါးပျဉ်းထောင်ကာ ရှူးရှူး ရှဲရှဲနှင့် ယိမ်းကလှုပ်ရှားပြီး ဒေါသတကြီး ရန်လိုနေကြသည်။

နှစ်ကောင်စလုံး၏ ဖြန့်ကြက်ထားသော ပါးပျဉ်း၏ အဝိုင်းအဝန်းပမာဏမှာ ဆန်ကောတစ်ချပ်နီးနီးခန့် ကြီးသည်။ နေရောင်ခြည်တန်းထဲတွင် ပြိုးပြိုးပြောင်ပြောင် တောက်ပနေသော အကြေးခွံအရေပြားက ရောင်စဉ်ပြန့်များနှင့် မျက်လုံးကြီးနီနီရဲရဲကြီးတို့က တလက်လက်တောက်ပနေသော ရောင်လျှံတွေမှာလည်း လှဆောင်၏ မျက်စိထဲတွင် လျှပ်ပြက်သလို စူးစူးရှရှ ဝင်းလက်နေသည်။

“ညိုကြီးရေ … ကျွဲချဉ်းတွေအားလုံး ရပ်ခိုင်းလိုက်ဟေ့၊ ဆက်မတက်ကြနဲ့။ ငါ ခုချက်ချင်း လာခဲ့မယ်”

“အေးဟေ့ … အေး”

ပြောပြောဆိုဆိုနှင့်ပင် လှဆောင်သည် သူ့ကျွဲချဉ်းကို နောက်ဆုတ်လိုက်သည်။ လှည့်သာသောနေရာကွေ့သို့ ရောက်သောအခါ ကျွဲချဉ်းကို ချက်ချင်းလှည့်ပြီး ညိုကြီး၊ အေးသောင်၊ အောင်ပွင့်၊ ကျော်စိန်တို့ ကျွဲချဉ်းတွေနှင့် သွားပေါင်းထားလိုက်ရသည်။

လှဆောင်၏ ခေါင်ကျွဲချဉ်း နောက်ဆုတ်လာသည်ကို ညိုကြီးတို့အဖွဲ့မှာ ကျားတွေ့ပြီထင်သဖြင့် ရင်တမမနှင့် စောင့်ကြည့်နေနေကြရသည်။

“ဟင် လှဆောင် ဘာလဲကွ၊ ဟင်းမျိုး တွေ့လို့လား”

“ဟင်းမျိုး မဟုတ်ဘူးကွ။ တို့ ဆွဲလမ်းပေါ် မိုးနေတဲ့ ဖက်သန်းပင်ကြီးခွကြား မြွေကြီးနှစ်ကောင် က,နေလို့”

“ဟေ … တော်တော်ကြီးလား”

“ကြီးဆို ပါးပျဉ်းက ဆန်ကောနီးနီးရှိတယ်။ ကိုယ်လုံးကြီးကလည်း တို့တစ်ဝက်စာလောက်ကို ရှိတယ်”

“ဟင် … နည်းနည်းနောနော အကောင်ကြီးတွေ မဟုတ်ပါလား။ ဧကန္တ အထီးအမစုံတွဲ ဖြစ်ရမယ်”

“ဟုတ်တယ်၊ ဒီရာသီ သူတို့ ဥချဖို့ အသိုက်ထိုးတဲ့ ရာသီပဲကွ။ ဖက်သန်းပင်ပေါ်မှာ သူတို့အသိုက် ထိုးထားပြီး ဖြစ်မယ်”

“ဒါပေါ့၊ အဲဒါကြောင့် သူတို့အောက်က ဝင်သွားမယ့် တို့ကို ရန်ရှာတာပေါ့”

“အေးကွ၊ မင်းပြောပုံအရဆိုရင် ခက်တော့တာပဲ။ တို့မှာ ဆွဲလမ်းဆိုလို့လဲ ဒီတစ်လမ်းပဲရှိတာ။ ဒီတစ်လမ်းတောင် ခဲခဲယဉ်းယဉ်း အတော်ကြိုးစားပြီး ဖောက်ထား …”

“ဒါတွေ ငါတို့နဲ့ မဆိုင်ပါဘူးကွာ။ စခန်းနဲ့ နီးနီးလေးပဲ။ ခု ဦးစီးမှူးကို အကြောင်းကြားပေါ့။ ဆွဲလမ်းကိစ္စက သူတို့တာဝန်ပဲ”

“အေး … ဟုတ်သားပဲ။ ညိုကြီးနဲ့ အောင်ပွင့် သွားကြကွာ … မြန်မြန်။ အကျိုးအကြောင်းပြောပြပြီး ချက်ချင်းလိုက်လာခဲ့ပါလို့ ငါက မှာလိုက်တယ် ပြော … ကြားလား”

“မင်းက ကျွဲခေါင်းပဲဟာ၊ မင်းကိုယ်တိုင် သွားပါလား။ ဒီလူကြီးနဲ့ တို့နဲ့ စကားမပြောဖူးတော့”

“ရပါတယ်ကွာ၊ သိပ်သဘောကောင်းတဲ့ ကရင်ကြီးပါ။ ဦးစီးမှူးဆိုပြီး ဟန်ကြီးပန်ကြီး မလုပ်တတ်ပါဘူး။ ငါကိုယ်တိုင် သွားလုပ်ရင်သူက ရင်းနှီးမှုနဲ့ ဘာဘာညာညာလုပ်ပါဦး ပြောနေမှာစိုးလို့။ မင်းတို့နှစ်ယောက်ဆို သူက အားနာပြီး ချက်ချင်းလိုက်လာမှာပါ။

ပြီးတော့ အခြေအနေအရ ကျွဲခေါင်းက ပြန်မယ်လုပ်နေကြတဲ့ ကျွဲချဉ်းက နောက်လူတွေကို စည်းရုံးပြောဆိုနေရလို့ ဘာညာကြည့်ပြောလိုက်ရင် ရပါတယ်ကွာ။ သွားမှာ သွားစမ်းပါ။ တစ်ရက်ဆို သူတို့ထက် တို့က ပိုနစ်နာမှာပေါ့နော်”

တစ်ယောက်တစ်ပေါက် ပြောဆိုကြပြီး နောက်ဆုံးမှာ ကျွဲခေါင်းကြီးပြောသလို တစ်နေ့တာအတွက် သူတို့ကျွဲအငှားသမားများလည်း ထည့်တွက်မိကြ ရာ ညိုကြီးနှင့် အောင်ပွင့်တို့က ဦးစီးမှူးကိုခေါ်ရန် ချက်ချင်း ထွက်သွားကြသည်။

ကျွဲခေါင်းလှဆောင် ပြောသလိုပင် သဘောကောင်းသော ဦးစီးမှူးက ချက်ချင်း သေနတ်ဆွဲပြီး လိုက်ချလာသည်။ လှဆောင်ကို မြင်သည်နှင့် –

“ကျွဲခေါင်း၊ တို့ကျွဲတွေ မအော်စဖူးအော်သံတော့ မနက်ကပင် ကြားသားဗျ။ ခင်ဗျားတို့ လာပြောမှ အကြောင်းစုံ သိရတာ။ ရှင်းပေးရမှာပေါ့ဗျာ။ ကျုပ်တို့ သစ်တောဦးစီးဆောင်ပုဒ်ကလဲ မြွေဟောက်နဲ့ညောင် တွေ့မရှောင်ပါပဲ”

“ခုက မြွေဟောက်မဟုတ်ဘူး ဆရာကြီး၊ ငန်းပဲ ဖြစ်မယ်ထင်ပါတယ်”

“ငန်းသားဆို ပိုတောင်ဈေးကောင်းမှာပါ။ ဟေ့ ထော်လမု၊ ခုနေ တောင်ပေါ်မြွေဈေး ခေါင်ဘယ်နှစ်လုံးလဲကွ“

“သုံးလေးလုံးတော့ အသာလေးပေါ့ ဆရာကြီး”

“ဟဲ ဟဲ … မင်းဟာက ဟုတ်မှ ဟုတ်ရဲ့လားကွာ။ ဆတ်သားထက်တောင် ဈေးကောင်းနေပါလား။ ဟဲ ဟဲ”

“ဟုတ်ကဲ့”

“ကဲ ကျွဲခေါင်းကြီး … လာဗျို့၊ ဘယ်နားမှာလဲ”

“မျောက်ကိုက် မရောက်ခင်ကလေးတင်ပါ ဆရာကြီး”

“ဆွဲလမ်းဖောက်သွားကြတဲ့ ကောင်တွေကတော့ ကျုပ်ကို ဘာမျှ မပြောခဲ့ကြဘူးဗျ”

“ဆွဲလမ်းဖောက်ထားကြတာ တစ်လကျော်နေပြီဆိုတော့ ဆွဲလမ်းဖောက်ပြီးမှ ဒီကောင်တွေ အသိုက်ထိုးတာ ဖြစ်မယ်ခင်ဗျား”

“ဥကော ချပြီးပြီထင်လား”

“ဒါတော့ မပြောတတ်ဘူး ဆရာကြီး”

“ခင်ဗျားတို့ တွေ့တာနဲ့ ကျုပ်လာခေါ်တာနဲ့ဆိုတော့ အနည်းဆုံး တစ်နာရီလောက် ကြာသွားပြီ။ ခုထိ ရှိနေပါဦးမလား”

“ရှိဦးမှာပါ ဆရာကြီး။ အသိုက်ထိုးထားတဲ့ မြွေတွေဟာ ရန်သူနဲ့တွေ့ရင် သူတို့အသိုက်ကို သူတို့ ပိုပြီး စောင့်ရှောက်တတ်ကြပါတယ်”

“အေးပါ၊ မြွေဥမစားရတာ လေးငါးနှစ်ရှိပြီ။ ဥပါရရင် ပိုကောင်းမယ်နော် ကျွဲခေါင်းကြီး။ ဟဲ … ဟဲ”

“ဟုတ်ကဲ့၊ ဒါတော့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပေါ့ ဆရာကြီးရာ”

ပြောပြောဆိုဆိုနှင့်ပင် သစ်ဆွဲလမ်းအတိုင်း မျောက်ကိုက်စခန်းဘက် ပြေးတက်လာကြရာ နာရီဝက်ပင်မကြာ၊ စောစောက ကျွဲခေါင်းလှဆောင် တွေ့ ထားခဲ့သော မြွေလင်မယား ပျော်စံရာ ဖက်သန်းပင်နှင့် ကိုက်ငါးဆယ်ခန့်အကွာသို့ ရောက်လာကြသည်။

“ဟိုမှာ … ဟိုမှာ တွေ့လား ဆရာကြီး”

ဦးစီးမှူးနှင့်တကွ အားလုံးက ရှေ့တိုးပြီး လှဆောင် လက်ညှိုးညွှန်ပြထားရာကို လှမ်းကြည့်လိုက်ကြသည်။

“မြွေသားမစားရတာ လေးငါးနှစ်ရှိပြီ။ ဥပါရရင် ပိုကောင်းမယ်နော်။ ဟဲ … ဟဲ”

ဟု တစ်လမ်းလုံး သူချည်းစကားများလာသော ဦးစီးမှူးမှာ ဖက်သန်းပင်ခွကြားက မြွေလင်မယားကို လှမ်းမြင်လိုက်သောအခါ ချက်ချင်း နှုတ်ဆိတ်သွားတော့သည်။

မြွေလင်မယားမှာ ဖက်သန်းပင်၏ ကိုင်းကြီးတစ်ကိုင်းပေါ် အမြီးတစ်ပိုင်းစီ ရစ်ပတ်ထားပြီး ကျန်ခေါင်းပိုင်းတစ်ဝက်ကို လေထဲလွှင့်ဆွဲကာ တွဲလောင်းချိတ်ထား၏။ လူသံကြားလိုက်သောအခါ ကျွဲဆွဲလမ်းကို မိုးထားရာမှ နှစ်ကောင်စလုံး ပါးပျဉ်းထောင်ပြီး ချက်ချင်း ခေါင်းမော့လာကြသည်။

ထိုအချိန်မှာပင် ရှူးခနဲမှုတ်ထုတ်လိုက်သော နှာမှုတ်သံနှင့်အတူ မြွေနှာခေါင်းပေါက်များမှ ထွက်လာသော အခိုးအငွေ့မှုန်ပျပျတွေမှာ နေရောင်ခြည်တန်းများထဲ လွင့်မျောသွား၏။

“နှစ်ကောင်ပူးကိုတော့ ကျုပ် တစ်ခါမျှ မပစ်ဖူးဘူး ကျွဲခေါင်းကြီး။ တစ်ကောင်ကို ပစ်လိုက်ရင် ကျန်တစ်ကောင်ကများ ထိုးလိုက်လာလား”

ဦးစီးမှူးစိတ်ထဲမှာ တစ်စုံတစ်ခု သံသယများ ရှိနေသလားဟု လှဆောင်က မြွေလင်မယားဆီက အကြည့်ကို ဦးစီးမှူးဆီ လှည့်လိုက်၏။

“ငန်းမြွေရဲ့ သဘောကတော့ လိုက်တတ်တဲ့ သဘောရှိပါတယ်”

ကျွဲသမားထဲက တစ်ယောက်က ဝင်ထောက်ခံသည်။

ထိုအချိန်မှာပင် မြွေကြီးနှစ်ကောင်မှာ လူသံကြားသဖြင့် တရှူးရှူးနှာမှုတ်ကာ သူတို့ကိုယ်၏ အပေါ်တစ်ပိုင်းကို လေထဲလွှင့်လိုက်ကြပြီး ယိမ်းကနေသလို ဘယ်ညာလှုပ်ရှားလာကြသည်။

လူလေးငါးယောက်ရှိနေရာဘက်ကိုလည်း နီနီရဲရဲ စူးရှသော မျက်လုံးအစုံစီနှင့် စိုက်ကြည့်လာကြသည်။

“ကျုပ်သေနတ်က စစ်ကျန်ရိုင်ဖယ် ကတုံးကြီးဆိုတော့ ကျည်အားတော့ကောင်းပါတယ်။ ဒါပေမဲ့ မောင်းပြန်မဟုတ်တော့ တကယ်လို့ နောက်တစ်ကောင် ထိုးလိုက်လာရင် နောက်တစ်ချက်ပစ်ဖို့ ကျုပ် စဉ်းစားကြည့်ရမယ်”

“ဘာပဲဖြစ်ဖြစ် ပစ်သာပစ်ပါ ဆရာကြီး။ ကျန်တစ်ကောင်က ပြေးလိုက်လာတော့လည်း ကျွန်တော်တို့မှာ ဓားတွေ၊ တုတ်တွေ ပါပါတယ်။ ဆီးရိုက် ဆီးခုတ်ပါ့မယ်”

“အောင်ပွင့်ပြောတာ ဟုတ်တယ်။ ဒီလိုပဲ လုပ်ကြမှာပဲ ဆရာကြီး”

“ကဲ … ကောင်းပြီဗျို့၊ ကျွဲခေါင်းကြီးလဲ သဘောတူပါတယ်နော်”

ဦးစီးမှူးက ကျွဲခေါင်းကြီးအား ဤစကားကို မေးလိုက်ခြင်းမှာ မြွေကြီးနှစ်ကောင်သည် သူတစ်ခါမျှ မတွေ့ဖူးလောက်အောင် ကြီးနေသဖြင့် ဖြစ်သည်။ ဤလိုမြွေကြီးမျိုးကို `နတ်မြွေ၊ တောင်ရှင်မြွေ၊ ဘာဘာညာညာ ပြောပြီး ကျွဲချဉ်းတွေ တစ်ခုခုဖြစ်လျှင် သူ့ကြောင့်ဟု အထင်မခံရအောင် ကျွဲခေါင်းဆန္ဒကို ဦးစီးမှူးက ခွင့်တောင်းသလို စကားဆိုရသည်။

တောထုတ်မည့် သစ်ကွက်နှင့် ဆွဲလမ်းကို ကျွဲခေါင်းကြီးအား အပ်လိုက်ပြီးဖြစ်သဖြင့် ကျွဲခေါင်းကြီး၏ ဆန္ဒကိုလည်း ရယူရသည်။

“တူပါတယ် ဆရာကြီး၊ ပစ်သာပစ်ပါ”

“ဟုတ်ပြီ၊ ကဲ စောထော်လမု … လာကွာ။ မင်းက မြွေလင်မယား ပိုပြီး ဖီလင်တက်လာအောင် အရိပ်က,ပြပေးထား။ ငါကြည့်ပစ်မယ်၊ လာ … လာ”

ကျွဲခေါင်းကြီးလှဆောင်နှင့် ကျွဲသမားတွေမှာ မြွေလင်မယားရှိရာသို့ လှမ်းတက်သွားကြသော ဦးစီးမှူးနှင့် ထော်လမုတို့ကို အံ့သြသွားကြသည်။

စောစောကမူ မြွေလင်မယားနှစ်ကောင်နှင့် ဦးစီးမှူးအပါအဝင် အားလုံးတန်းစီပြီး ရင်ဆိုင်ကြရမလို ပြောပြီးမှ သည်ကရင်ကြီး ဘာအတွေးပေါက်သွားသည်မသိ။ ခု သွားမည့်သွားတော့ သူတို့ဆရာတပည့်နှစ်ယောက်က ရှေ့ဆုံးက။

လူသားနှစ်ဦး ရှေ့တိုးလာည်ကို မြင်သောအခါ မြွေနှစ်ကောင်မှာ ပိုပြီး ဒေါသထွက်လာကာ တရှူးရှူးနှာမှုတ်ရင်း ပါးပျဉ်းကိုလည်း ရန်လိုကြီးစွာ အစွမ်းကုန် ဖြန့်လာကြသည်။

ဦးစီးမှူးနှင့် စောထောလမုတို့သည် မြွေကြီးနှစ်ကောင်နှင့် ကိုက်အနည်းငယ်အကွာမှာ ရပ်လိုက်ကြ၏။ စောထော်လမုက မြွေနှစ်ကောက်ကို က,ပြ နေသောအခါ မြွေနှစ်ကောင်မှာလည်း ဘယ်ညာယိမ်း၍ တစ်ကောင်နှင့် တစ်ကောင် ပူးသွားလိုက် ခွာသွားလိုက်နှင့် တစ်ချက်တစ်ချက်တွင် ပါးပျဉ်းနှစ်ခုပင် ရှေ့နောက် ထပ်သွားကြပြီး တရွှီရွှီအသံပင် ထွက်လာကာ ယိမ်းက ကစားရင်း ဖက်သန်းပင်ပေါ် ချိတ်ထားသော အမြီးပိုင်းကို တစ်ပတ်ချင်း လျှော့ဖြေလာကြသည်။

ဤသည်မှာ ရန်သူကို ခုန်ချလိုက်တိုက်တော့မည့် သဘောလားဟု ကျွဲသမားများမှာ ရင်တထိတ်ထိတ်နှင့် သတိကြီးစွာ စောင့်ကြည့်နေကြရသည်။

“ဒိုင်း”

မျက်တောင်မခတ်စိုက်ကြည့်နေကြရာက ဦးစီးမှူးသေနတ်သံကို လန့်ကာ မျက်တောင်ခတ် မျက်စိမှိတ်မိလိုက်ကြသည်။ သူတို့ မျက်စိပြန်ဖွင့်လိုက်ကြ သောအခါ မြွေကြီးနှစ်ကောင်မှာ ခေါင်းငိုက်စိုက်ကျပြီး အမြီးပိုင်းကတော့ ဖက်သန်းပင်ကိုင်းပေါ် တွဲဆွဲထားကြတုန်း။ မြွေနှစ်ကောင်၏ ခေါင်းမှ သွေးတွေ တစ်စက်စက်ကျနေသလို မြွေနှစ်ကောင်မှာလည်း လေထဲတွင် တွန့်လိမ်နေကြသည်။

“ကျွဲခေါင်းကြီး … ခင်ဗျားတို့ ကျွဲချဉ်းတွေ သွားမောင်းတင်ကြတော့။ ဒီနေ့က နှစ်ခေါက်လောက်တော့ ရနိုင်ပါသေးတယ်။ အေး … ညကျတော့ ခင်ဗျားတို့အားလုံး ထမင်းမစားဘဲ ကျုပ်စခန်းကို အရောက်လာကြပါ။

တစ်ကောင်က ခေါင်သုံးလုံး၊ တစ်ကောင်ကတော့ ကျုပ်တို့ ညနေစာပေါ့ဗျာ။ ဘယ့်နှယ်လဲ ကျွဲခေါင်းကြီး၊ အဝအပြဲ အလဲအမူးပေါ့နော်၊ ဟဲ … ဟဲ”

“အဝအပြဲ အလဲအမူးကတော့ ထားလိုက်ပါတော့။ မြွေနှစ်ကောင်ကို တစ်ချက်တည်းနဲ့ ဦးစီးမှူး ဘယ်လိုပစ်လိုက်တာလဲ။ ကျွန်တော်တို့ အံ့ဩလို့”

“အဲဒါက လွယ်လွယ်လေးပါဗျာ၊ မြွေနှစ်ကောင် ယိမ်းကလို့ ပါးပျဉ်းအထပ်မှာ နှစ်ကောင်ကို ထိအောင် ပစ်ချလိုက်ရတာပေါ့”

ဦးစီးမှူးပြောတော့မှ သူတို့ သဘောပေါက်သွားကြသည်။ ထိုအချိန်မှာပင် ဖက်သန်းပင်ပေါ်၌ တွန့်လိမ်ရုန်းကန်နေကြသော မြွေနှစ်ကောင်ကလည်း မြေပြင်ကို ဗုတ်ခနဲ ပြိုင်တူပစ်ကျလာကြသည်။

အားလုံး ပြေးကြည့်လိုက်ကြရာ မြွေနှစ်ကောင်စလုံး၏ ခေါင်းဆစ်အောက် လည်ပင်းတွင် သေနတ်ကျည် ဖောက်ထွက်သွားရာကို တွေ့လိုက်ကြရသည်။

ဦးစီးမှူးတို့ ဆရာတပည့်က မြွေသိုက်ကို တက်ကြည့်ကြ၏။

အသိုက်ထိုးခါစသာရှိသဖြင့် ငန်းဥ,ဥထားသည်ကို မတွေ့ရပေ။

ငန်းမြွေကြီးနှစ်ကောင်၏ အရှည်မှာ (၁၄)ပေနှင့် လုံးပတ်မှာ သုံးထွာကျော်လေသည်။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ