ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။
(၁)
အချိန်အားဖြင့် ၂၀၀၀ ပြည့်လွန်နှစ်ခန့်အချိန်ကဖြစ်သည်။ ညသန်းခေါင် တစ်ချက်တီးကျော်သည့်အချိန်ဖြစ်သည်။ လပြည့်နီးပြီဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်မှာ လရောင်ကြောင့်ဝင်းလက်နေလေသည်။ သာယာဝတီမြို့နှင့် လှည်းလမ်းကူးရွာအကြား ဖောက်လုပ်ထားသည့် မြေသားလမ်းကြီးမှာ လရောင်အောက်တွင် ဖြောင့်ဖြူးနေလေသည်။ သာယာအေးရွာသား ကိုထွန်းမြင့်မှာ စက်ဘီးအစုတ်ကလေးတစ်စီးကို တကျွီကျွီနှင့် စီးနင်းလာသည်။ စက်ဘီးထိပ်တွင်လည်း နို့ဆီခွက်အတွင်း ဖယောင်းတိုင်ထည့်ထွန်းကာ ချိတ်ဆွဲလာခဲ့သည်။
ကိုထွန်းမြင့်မှာ အခြားလူမဟုတ်ပေ၊ ဂမ္ဘီရကျောက်နဂါးကလေး ကောက်ရခဲ့သည့် သာယာအေးရွာမှာ ဦးတင်ဝင်း၏ သားဖြစ်သည်။ ကိုထွန်းမြင့်မှာ အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ခန့်ရှိပြီဖြစ်သည်။ ကိုထွန်းမြင့်မှာ ထိုစဉ်က သာယာဝတီဈေးထဲတွင် ငါးရောင်းသည့်အလုပ်ကိုလုပ်ကိုင်သည်။ သာယာဝတီဈေးမှာ နံနက်လေးနာရီခွဲ ငါးနာရီအချိန်တွင် စည်ကားနေပြီဖြစ်သည်။ နံနက် ခြောက်နာရီ ခုနစ်နာရီဆိုလျှင် ဈေးကွဲသွားပြီဖြစ်ရာ ကိုထွန်းမြင့်မှာ ဈေးစည်သည့်အချိန်ကို မီရန်အတွက် ညကြီးသန်းခေါင်ထွက်လာရခြင်းဖြစ်သည်။ သာယာဝတီသို့ မနက်နှစ်နာရီခန့်အချိန်ရောက်သည့်အခါ ငါးဒိုင်မှ ငါးများယူရသည်။ ဈေးသို့ပြန်ရောက်ပြီး ခင်းကျင်းကာ ဈေးစည်ကားသည့်အချိန်ကိုစောင့်ရောင်းသည်။ မနက်ရှစ်နာရီခန့်တွင် ဈေးဆိုင်သိမ်းကာ ပြန်လေ့ရှိသည်။
တာလမ်းမကြီးမှာ ပြန့်ပြူး၍နေသည်။ ညည့်နက်သန်းခေါင်ဖြစ်သည်မို့ တာလမ်းမပေါ်တွင် လူတစ်ဦးတစ်ယောက်မှပင်မရှိပေ၊ အခြားသူများအတွက်မူ ယခုအချိန်တွင် သွားလာနေရသည်မှာ ထိတ်လန့်ဖွယ်ဖြစ်သော်လည်း ကိုထွန်းမြင့်မှာတော့ ဤလမ်းကို မိုးရွာရွာ၊ နေပူပူ၊ လသာသာ၊ လမိုက်မိုက် နေ့နေ့ညညတစ်ယောက်တည်း ဖြတ်သန်းခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် ထိတ်လန့်စရာ၊ ကြောက်စရာဟုမထင်တော့ပေ။ ကိုထွန်းမြင့်မှာ လေကလေးတချွန်ချွန်နှင့် စက်ဘီးနင်းလာရင်း မကြာခင်တွင် ငှက်ပေါက်ကုန်းအနီးသို့ရောက်လာခဲ့သည်။
ထိုနေရာတွင် ကုန်းတံတားကလေးတစ်ခုရှိသည်။ ငှက်ပေါက်ကုန်းဟုခေါ်သည့် ကုန်းအနီးတွင်ရှိသဖြင့် ငှက်ပေါက်ကုန်းတံတားဟု အများက ခေါ်ဆိုကြသည်။ ထိုကုန်းတံတားကလေးအနီးတွင် သရဲအလွန်ခြောက်သည်ဟု အများကပြောဆိုကြသော်လည်း ကိုထွန်းမြင့်မှာ မယုံကြည်ပေ၊ ညကြီးသန်းခေါင်သွားလာနေရသော်လည်း ယခုအချိန်အထိ သရဲအခြောက်မခံရဖူးသဖြင့် မယုံကြည်ခြင်းဖြစ်သည်။ စက်ဘီးနင်းလာရင်း ယမန်နေ့မနက်က ဈေးထိပ်ရှိလက်ဖက်ရည်ဆိုင်တွင် ပြောဆိုခဲ့ကြဖူးသည့် အကြောင်းအရာများက ခေါင်းထဲရောက်လာခဲ့သည်။
“မောင်အေးဝင်း ငှက်ပေါက်ကုန်းတံတားမှာ သရဲခြောက်ခံရလို့တဲ့ကွ”
ဆိုက်ကားနင်းသည့် ကိုသန်းဝင်းမှာ မောင်အေးဝင်းအကြောင်းကို ဖောက်သည်ချနေသည်။ ကိုထွန်းမြင့်ကတော့ ထုံးစံအတိုင်း မယုံပေ။
“အလကားပါဗျာ၊ ကျုပ် ညကြီးသန်းခေါင်သွားလာနေတာပဲ နှစ်ပေါက်နေပြီ၊ ဘာသရဲမှ မတွေ့ဖူးပါဘူးဗျာ၊ ဒါနဲ့ဒီကောင်က ဘယ်အချိန်သွားလို့လဲ”
“ညရှစ်နာရီလောက်ကလို့ ပြောတာပဲကွ၊ သူက သာယာဝတီကနေဆိုက်ကားနဲ့ကုန်တွေဝယ်ပြီးပြန်လာတာကွ၊ ကုန်းတံတားပေါ်တက်တော့ ဆိုက်ကားက တစ်ချက်ဆောင့်သွားပြီး ကုန်ထုပ်တွေပြုတ်ကျတဲ့အသံလိုမျိုးဖြစ်တာတဲ့ကွာ၊ အနောက်ကိုလှည့်ကြည့်တော့ ဘာကုန်ထုပ်မှမတွေ့ရပဲ မည်းမည်းအကောင်ကြီးတစ်ကောင်တွေ့တယ်ဆိုပဲကွ၊ မောင်အေးဝင်းက ဆိုက်ကားကိုဒုန်းနင်းပြီးပြေးတာ ရွာရောက်တော့ အမောဆို့နေလို့ မနည်းနှာနှပ်ယူနေရတယ်တဲ့ကွ”
ကိုသန်းဝင်းပြောလိုက်သည့်အခါ ကိုထွန်းမြင့်က တဟားဟားနှင့်ရယ်မောလိုက်သည်။
“ဟေ့ကောင် ထွန်းမြင့်၊ မင်းလဲသတိထားနော်၊ မင်းညကြီးအချိန်မတော် သွားလာနေတာ ဒီတစ်ခါမင်းနဲ့တွေ့ရင် မင်းကိုကုတ်ချိုးသွားမလားပဲကွ”
“ခင်ဗျားကလည်း ကျုပ်ကိုကြောက်တယ်ထင်ပြီး လာခြောက်မနေနဲ့ဗျ၊ ကျုပ်အဲဒီလမ်းမှာ ဘာသရဲမှမတွေ့ဖူးဘူး၊ ခင်ဗျားပြောတဲ့သရဲကို ကျုပ်တွေ့လိုက်ချင်ပါရဲ့ဗျာ”
ထိုအကြောင်းများကိုပြန်စဉ်းစားရင်း ကုန်းတံတားကလေးနှင့် နီးကပ်လာခဲ့ပြီဖြစ်သည်။ ကုန်းတံတားကလေးအပေါ်သို့လှမ်းကြည့်လိုက်သည့်အခါ တံတားပေါင်လက်ရမ်းပေါ်တွင် လူတစ်ယောက် ဆောင့်ကြောင့်တက်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ ယခုအချိန်မှာ ခရီးသွားလာသည့်အချိန်မဟုတ်သဖြင့် ထိုလူမှာ လူမှဟုတ်ပါ့မလားဟု ကိုထွန်းမြင့်တွေးနေမိသည်။ သို့သော် မကြောက်တတ်သူဖြစ်သဖြင့် အချိန်မတော်ထွက်ထိုင်နေသည့် ကာလသားတစ်ယောက်ဖြစ်မည်ဟု တွေးလိုက်မိသည်။
ကုန်းတံတားအတက်မို့ စက်ဘီးအရှိန်ကလျော့ကျသွားသည်။ ထိုအချိန် ကိုထွန်းမြင့်ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသည်။ တံတားပေါ်တွင်ထိုင်နေသည့်လူကို ခြောက်လှန့်ပြောဆိုရန်ဖြစ်သည်။ သို့နှင့် တံတားကိုစက်ဘီးနှင့်ဖြတ်သန်းပြီး ထိုလူ၏အနားသို့ရောက်လာသည်။ ထိုလူဘက်သို့လှည့်ကြည့်လိုက်သည့်အခါ ထိုလူ၏လည်ပင်းမှာ ကြက်ကြီးကိုလည်လိမ်ထားသကဲ့သို့ တွဲလောင်းကျနေကာ ထိုလူ၏ ဦးခေါင်းမှာလည်း ရင်ဘတ်တွင် တွဲလောင်းကြီးဖြစ်နေလေသည်။ ထိုအဖြစ်ကိုမြင်သည့်အခါ ကိုထွန်းမြင့်မှာ အလွန်ထိတ်လန့်သွားသည်။ ထို့ကြောင့် စက်ဘီးကိုအလျှင်အမြန်နင်းဖြတ်လာခဲ့သည်။ ကုန်းတံတားနှင့်အတော်လှမ်းလှမ်းရောက်သည့်အချိန် အနောက်သို့လှည့်ကြည့်သည့်အခါ ထိုလူမှာ အေးအေးလူလူပင်ထိုင်နေဆဲဖြစ်သည်။ ကိုထွန်းမြင့်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထောင်ထကာ ခေါင်းနားပန်းများမှာလည်း ပိုမိုကြီးမားလာသည်ဟုထင်ရသည်။ သို့နှင့် စက်ဘီးကိုအသော့နင်းကာ သာယာဝတီမြို့သို့ထွက်လာခဲ့သည်။
မနက်ခင်းဈေးဆိုင်သိမ်းပြီးနောက် ကိုထွန်းမြင့်တစ်ယောက် လက်ဖက်ရည်ဆိုင်တွင်ထိုင်နေသည်။ ထိုစဉ် ဆိုက်ကားနင်းသည့် ကိုသန်းဝင်းမှာ ဦးထုပ်ကို ယပ်တောင်လုပ်၍ ခတ်ကာ ဆိုင်အတွင်းသို့ဝင်လာသည်။ ကိုထွန်းမြင့်ကိုတွေ့သည်နှင့် ကိုထွန်းမြင့်ထိုင်သည့် စားပွဲတွင်ဝင်ထိုင်သည်။
“ဟိုနေ့က မောင်အေးဝင်းပြောတာမှန်တယ်ဗျို့”
ကိုသန်းဝင်းက မျက်မှောင်ကြုတ်ကာ
“ဘာမှန်တာလဲဗျ၊ အစမရှိ အဆုံးမရှိနဲ့”
“သြော်၊ ဒီလိုပါ မောင်အေးဝင်းကို ခြောက်လွတ်လိုက်တဲ့သရဲကြီးကို ကျုပ်ဒီမနက်ပဲတွေ့လာခဲ့တယ်”
ကိုသန်းဝင်းမှာ အလွန်အံ့သြသွားကာ
“ဟေ၊ ဘယ်လိုပုံစံကြီးလဲကွ”
“လူတော့လူပဲဗျ၊ လည်ပင်းကအရှည်ကြီးပဲဗျ၊ ခေါင်းက ရင်ဘတ်နားမှာတွဲလောင်းကြီးကျနေတာဗျ”
“အဲဒါနဲ့ပဲ မင်းထွက်ပြေးလာတယ်ဆိုပါတော့”
“ထွက်မပြေးလို့ ဘာလုပ်ရမှာလဲဗျ”
ကိုသန်းဝင်းမှာ မကျေမနပ်နှင့်
“မင်းကွာ၊ ဒီသရဲတော့ ငါနဲ့သာတွေ့လိုက်ချင်တယ်၊ ငါသာဆိုရင်တော့ အဲဒီသရဲကို မင်းကငါ့ကိုခြောက်ချင်တာလားကွဆိုပြီး မေးမေးပြီးတော့ကို နဘန်ကျင်းမှာကွ”
“ကိုသန်းဝင်း၊ ခင်ဗျား လေကိုနည်းနည်းလျှော့၊ ကျုပ်လိုမကြောက်တတ်တဲ့လူတောင်မှ နည်းနည်းလန့်တယ်ဗျ၊ ခင်ဗျားသာဆို မူးမေ့ပြီးတက်သေမှာဗျ”
“အောင်မယ်လေးကွာ၊ ငါက ယောက်ျားပါကွ၊ သရဲလောက်ကတော့ မကြောက်တတ်ပါဘူးကွာ”
ကိုထွန်းမြင့်မှာ မကြာခင် ကိုသန်းဝင်းကိုနုတ်ဆက်၍ အိမ်သို့ပြန်လာခဲ့လိုက်သည်။ ကိုထွန်းမြင့်မှာ နောက်တစ်နေ့တွင် ထိုသရဲကြီးနှင့်ဆုံတွေ့မလားဟူ၍ ကြောက်လန့်နေမိသော်လည်း နောက်ပိုင်းတွင် ထပ်မတွေ့တော့ပေ၊ ကိုထွန်းမြင့်တွေးမိသည်မှာ သရဲတစ္ဆေများတွင် လူအများပြောကြားသည့်အကြောင်းအရာများကို ကြားနိုင်စွမ်းရှိသည်ဟုထင်မိသည်။ မိမိမှာ မောင်အေးဝင်းကိုသရဲအခြောက်ခံရစဉ်က သရဲနှင့်တွေ့ချင်သည်ဟု ပြောဆိုမိလိုက်သဖြင့် သရဲက သူရှိကြောင်း ပြသသည့်အနေနှင့် ခြောက်လှန့်လိုက်ခြင်းဖြစ်မည်ဟုယူဆသည်။
သုံးရက်ခန့်ကြာသည့်အခါ ကိုသန်းဝင်းတစ်ယောက် လက်ဖက်ရည်ဆိုင်သို့ရောက်မလာပေ၊ ကိုထွန်းမြင့်မှာ နေ့စဉ်နေ့တိုင်း လက်ဖက်ရည်သောက်ကာ စကားစမြည်ပြောဆိုနေကျဖြစ်သည့် ကိုသန်းဝင်းမလာသည့်အခါ စိတ်ထဲတွင် တစ်ခုခုလိုအပ်နေသကဲ့သို့ဖြစ်နေလေသည်။ ဈေးမှပြန်သည့်အခါ ဆိုက်ကားဂိတ်ကိုဝင်ကာ ကိုသန်းဝင်းအကြောင်းကိုမေးကြည့်ဖြစ်သည်။
“မောင်သန်းဝင်း နေမကောင်းဘူးတဲ့ဟ၊ ငှက်ပေါက်ကုန်းမှာ သရဲအခြောက်ခံရပြီးတော့ အပြင်းဖျားနေတယ်လို့ပြောတယ်”
ကိုထွန်းမြင့်မှာ အံ့သြသွားမိသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်မှ ကိုသန်းဝင်းအကြိုက် လက်ဖက်ရည်နှင့် အီကြာကွေးကိုဝယ်ယူကာ အိမ်မပြန်ခင် ကိုသန်းဝင်းအိမ်ဘက် လှည့်ဝင်ဖြစ်ခဲ့သည်။ သူငယ်ချင်းတစ်ယောက် နေမကောင်းသည့်အချိန်တွင် မေးမြန်းရမည်မှာ မိတ်ဆွေတစ်ယောက်၏ တာဝန်ပင်မဟုတ်ပါလား။ ကိုသန်းဝင်းအိမ်ထဲသို့ ဝင်လိုက်သည်နှင့် စောင်ကြားကြီးခြုံထားသည့် ကိုသန်းဝင်းကိုတွေ့လိုက်ရလေသည်။
“ဟာ ထွန်းမြင့်ပါလား၊ လာကွာ”
“ကိုသန်းဝင်းကို သရဲကြီးက ဆော်ထည့်လိုက်တယ်ဆိုဗျ”
“အေးကွာ၊ ပြောကိုမပြောချင်တော့ပါဘူး၊ အဖြစ်က ဒီလိုဟေ့၊ အဲဒီနေ့က ငါဆိုက်ကားသိမ်းပြီးအပြန်မှာ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တာနဲ့ ဘုံဆိုင်သွားကြတာပေါ့ကွာ၊ ဘုံဆိုင်ကပြန်တော့ ညရှစ်နာရီကျော်နေပြီကွ၊ လူကလည်း ခပ်ထွေထွေကလေးဖြစ်နေပြီ၊ အဲဒီ ငှက်ပေါက်ကုန်းနားရောက်တော့ ငါ့စိတ်ထဲ ကြောက်စိတ်နည်းနည်းဖြစ်သွားမိသေးတယ်ကွ”
“ဒါပေမယ့် မူးနေတယ်ဆိုတော့ စိတ်ကလည်း ကြွနေတယ်မဟုတ်လားကွာ၊ ငှက်ပေါက်ကုန်းကိုဖြတ်ရင်းနဲ့ ပါးစပ်ကနေ သရဲကိုအော်ဆဲပြီးနင်းလာခဲ့တာ၊ တံတားအဆင်းကျတော့ ဆိုက်ကားက အရှေ့ကိုဆက်မသွားတော့ဘူးကွ၊ တံတားအဆင်းဆိုတာ နင်းစရာတောင်မလိုဘဲ ဖရီးရိုက်ပြီးဆင်းလို့ရတယ်မဟုတ်လားကွာ၊ ငါလည်း မတ်တပ်ထပြီးတော့ အားစိုက်နင်းတာပဲဟေ့၊ ဆိုက်ကားက ရွေ့ကိုမရွေ့တော့ဘူး၊ အနောက်က တစ်ယောက်ယောက်ဆွဲထားတယ်ထင်ပြီး လှည့်ကြည့်လိုက်တော့ နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဟေ့၊ ငါ့ဆိုက်ကားကို လက်နဲ့အတင်းဖမ်းဆွဲထားတာ”
“ငါလည်း သရဲကိုအော်ဆဲတာပေါ့ကွာ၊ နောက်တော့ စိတ်ပေါက်ပေါက်နဲ့သရဲကိုဆင်းပြီးထိုးတာဟေ့၊ ဒီကောင့်ကိုယ်ကြီးက သစ်ရွက်ခြောက်တွေစုထည့်ထားတဲ့ အိတ်ကြီးတစ်လုံးလိုပဲဟေ့၊ ထိုးလိုက်ရင် ရွတ်ခနဲ ရွတ်ခနဲ လက်ကနစ်နစ်ဝင်သွားတာကွ၊ ဒီကောင်ကြီး ငါ့ကိုပြန်ထိုးတာကျတော့ အုန်းသီးခြောက်ကြီးနဲ့ပေါက်သလိုပဲကွာ နာလိုက်တာပြောမနေပါနဲ့၊ နောက်တော့ ထိုးရင်းထိုးရင်း မနိုင်မှန်းသိတာနဲ့ တံတားပေါ်ကနေ ခုန်ချပြီး အိမ်ကိုဒုန်းပြေးလာခဲ့တာပဲဟေ့၊ ဟောဒီမှာတွေ့လား ခြေထောက်တောင် နည်းနည်းနာနေတယ်”
ကိုသန်းဝင်းက ရောင်ကိုင်းနေသည့်ခြေထောက်ကို လက်ညှိုးထိုးပြသည်။
“ခင်ဗျား၊ အဲဒါ ပါးစပ်ဆော့လို့ဖြစ်တာဗျ၊ ကျုပ်ပြောပြမယ်၊ သရဲက လူတိုင်းကိုမခြောက်ဘူးနော်၊ မောင်အေးဝင်းသရဲအခြောက်ခံရတယ်ဆိုတော့ ကျုပ်က ဒီသရဲနဲ့တွေ့ချင်တယ်လို့စိတ်ထဲပြောလိုက်တာ သရဲနဲ့တွေ့တယ်ဗျာ၊ ကျုပ်သရဲနဲ့တွေ့တယ်ဆိုရော ခင်ဗျားက ငါသာတွေ့ရင် နဘန်ကျင်းမှာလို့ပြောခဲ့တယ်မဟုတ်လား၊ အဲဒါကြောင့်ဖြစ်တာနေမယ်ဗျ”
“အေးကွာ၊ ငါတော့တစ်ခါတည်း မှတ်သွားတော့တာပါပဲ”
(၂)
ကိုထွန်းမြင့်မှာ သရဲကိုလုံးလုံးမကြောက်တတ်သည်တော့မဟုတ်ပေ၊ ငယ်စဉ် ကိုရင်ဝတ်စဉ်က ဆရာတော်ကြီးပြောပြထားခဲ့သည့် သရဲတစ္ဆေနှင့် ပတ်သက်သည့်အကြောင်းများကို နားထောင်ခဲ့ဖူးပြီး သရဲတစ္ဆေများကို ကြောက်လန့်ရသည်ထက် သနားရမည်ဟူသည့် စိတ်ဓါတ်ကို ကိုင်စွဲထားသူဖြစ်သည်။ တစ်နှစ်ခန့်ဈေးရောင်းပြီးသည့်အခါ ကိုထွန်းမြင့်တစ်ယောက် ဈေးမရောင်းချင်တော့ပေ၊ ဈေးရောင်းရသည်မှာ လက်ထဲများများစားစား မစုမိဘဲ ရရစားစားနှင့် ကုန်ခမ်းသွား၍ဖြစ်သည်။ ထို့ကြောင့် လက်ထဲငွေအလုံးအရင်းရသည့် လုပ်ငန်းတစ်ခုကိုလုပ်ချင်သည်။ မိဘများမှာ တောင်သူလယ်သမားများဖြစ်သည်မို့ တောင်သူလုပ်ရန်အားပေးသည်။ လယ်လုပ်သည်မှာလည်း ကိုထွန်းမြင့်နှင့် သိပ်စိမ်းကားသည်မဟုတ်ပေ၊ ငယ်ငယ်ကတည်းက မိဘများလုပ်ကိုင်သည့် လယ်ယာလုပ်ငန်းများကို ကူညီပေးခဲ့ရသဖြင့် လယ်သမားတစ်ပိုင်းဖြစ်နေပြီဖြစ်သည်။
သို့သော် ကိုထွန်းမြင့်ထံတွင် လယ်ပိုင်မရှိပေ၊ အသက်အရွယ်ကြီးနေပြီဖြစ်သဖြင့် မိဘလယ်ကို ဝိုင်းလုပ်ဝိုင်းစားမလုပ်ချင်တော့၊ လယ်ပိုင်ကလေးလုပ်ရင်း လယ်မှထွက်သည့်စပါးများကိုရောင်းကာ ငွေကြေးများများစားစားရှာကြည့်ချင်သည်။ စုကြည့်ချင်သည်။ ထို့ကြောင့် ကိုထွန်းမြင့်မှာ ရွာနီးချုပ်စပ်မှ ဈေးသက်သာမည့် လယ်မြေများကို ရှာဖွေကြည့်မိသည်။
ဈေးရောင်းရင်း လက်ထဲစုမိဆောင်းမိရှိသည့် ငွေကြေးများနှင့် လယ်ကွက်ဈေးများမှာ အဆမတန်ကွာခြားနေပြန်သည်။ ကိုထွန်းမြင့်မှာ လယ်မြေဝယ်ရန်အတွက်ရှာဖွေရင်း စိတ်ဓါတ်ကျလာခဲ့သည်။ မိုးပင်ကျတော့မည် ယခုအထိ လယ်ကလက်ဝယ်မရှိသေးပေ၊ စုဆောင်းထားသည့် ငွေများမှာလည်း တတိတတိနှင့် ငအိကျားချီဆိုသလို လျော့နည်းလာလေသည်။ တစ်ရက်တွင် ရွာခံကိုပေါနှင့်တွေ့သည်။ ကိုပေါမှာ အစအနောက်သန်သူဖြစ်ကာ ရူးရူးပေါပေါနေသူဖြစ်သဖြင့် ကိုပေါဟုသာ အများကခေါ်ဆိုကြသည်။ ကိုထွန်းမြင့်မှာ မိမိကြုံတွေ့နေရသည့် အခက်အခဲများကို ကိုပေါအားပြောပြသည်။ ကိုပေါက သေသေချာချာနားထောင်ကာ
“ဒီမယ် ထွန်းမြင့်၊ မင်းလယ်လိုချင်တယ်ဆိုရင် အလကားနီးပါးဈေးနဲ့ရမယ့် လယ်တစ်ကွက်ရှိတယ်ကွ”
ကိုထွန်းမြင့်မျက်လုံးများ အရောင်လက်သွားသည်။
“ဘယ်လိုလယ်လဲဗျာ”
“နေအုံး အရင်ဆုံးမင်းကို ငါမေးမယ်၊ မင်းသရဲကြောက်တတ်သလား ထွန်းမြင့်”
“ယောက်ျားပဲဗျာ၊ သိပ်တော့မကြောက်တတ်ပါဘူး”
“မင်း ဦးဘိုးသောင်ကြီးကိုသိတယ်မဟုတ်လားကွ၊ ဦးဘိုးသောင်ကြီးလယ်ရဲ့ မြောက်ဘက်က လယ်ကွက်က လယ်ကန်းကြီးလို့ခေါ်သကွ၊ သရဲအရမ်းခြောက်လွန်းလို့ ဘယ်သူမှမလုပ်ရဲကြဘူး၊ ဦးဘိုးသောင်က တစ်ခါပြောဖူးတယ်၊ ဒီလယ်ကိုလုပ်ရဲတဲ့လူကို အလကားနီးပါးပေးမယ်တဲ့ကွ”
“ဟန်ကျလိုက်တာဗျာ၊ ကျုပ်ကို ဦးဘိုးသောင်ဆီကိုခေါ်သွားစမ်းပါ”
“အေး၊ နောက်နေ့ကျခေါ်သွားမယ်ကွာ၊ ဒါပေမယ့် မင်းမကြောက်တတ်မှရမယ်နော်၊ ဒီလယ်ကို လူတော်တော်များများစမ်းပြီးပြီကွ၊ အကုန်လုံး လက်လန်ပြီးပြေးရတဲ့လူချည်းပဲ”
“ရပါတယ်ဗျာ၊ ကျုပ်စမ်းကြည့်မယ်”
“အေး၊ မနက်ဖြန်မနက် ငါလာခေါ်မယ်၊ တို့တွေ ဦးဘိုးသောင်ဆီကို သွားကြတာပေါ့ကွာ”
ကိုထွန်းမြင့်မှာ ပျော်ရွှင်စွာဖြင့်အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်သည့်အခါ မိဘများကို ဝမ်းသာအားရနှင့်ပြောပြမိသည်။
“အဖေရေ၊ ကျုပ်တော့ လယ်တစ်ကွက်ပိုင်တော့မယ်ဗျ၊ အဖေ ဦးဘိုးသောင်ကိုသိတယ်မဟုတ်လား၊ ဦးဘိုးသောင်က သူတို့လယ်ရဲ့မြောက်ဘက်က လယ်ကွက်ကို ကျုပ်ကိုအလကားနီးပါးဈေးနဲ့ ပေးမယ်တဲ့ဗျ”
ကိုထွန်းမြင့်က အားရဝမ်းသာပြောသော်လည်း မိဘနှစ်ပါးမှာ အင်တင်တင်ဖြစ်သွားကြသည်။
“ဟဲ့သား၊ ဦးဘိုးသောင်ရဲ့ မြောက်ဘက်ကအကွက်ဆိုတော့ အဲဒါ လယ်ကန်းကြီးပေါ့”
“ဟုတ်တယ်လေအမေ၊ အဲဒါဘာဖြစ်လဲ”
“လယ်ကန်းကြီးဆိုတာ အခြောက်အလှန့်ကြမ်းလွန်းလို့ ဘယ်သူမှလယ်မလုပ်ရဲတဲ့နေရာပဲ၊ လုပ်ရင်လည်း အဲဒီလယ်ဟာ သီးနှံံမဖြစ်ထွန်းဘူးတဲ့သားရဲ့၊ မင်းငွေတွေဆုံးနေပါအုံးမယ်”
“သားမှ မကြောက်တတ်တာအမေရာ သားလုပ်မယ်”
ဦးတင်ဝင်းကလည်း
“သားရာ၊ မင်းဟုတ်မှလဲလုပ်နော်ကွ၊ မင်း ငြိမ်းချမ်းကိုသိတယ်မဟုတ်လား”
“ငြိမ်းချမ်းဆိုတာ လူမိုက်ငြိမ်းချမ်းလား”
“အေးကွ၊ ငြိမ်းချမ်းက သရဲနဲ့တောင်နပမ်းဖက်လုံးတဲ့ကောင်ကွ၊ သရဲကို ကြောက်စရာလို့မထင်တဲ့ကောင်၊ အဲ့ဒီကောင်က ဒီလယ်ကို အချိုအချောင်ရမလားဆိုပြီး လယ်သွားလုပ်တာ၊ သရဲတွေဝိုင်းခြောက်ထည့်လိုက်လို့ တစ်ခါတည်း မျက်ဖြူဆိုက်ပြီး ပြေးရတယ်ဟေ့”
“စစ်ပြန်ညွန့်ရွေဆိုတာလည်း ရှိသေးတယ်၊ သူ့ကိုယ်သူ စစ်ထဲကတောင်ပြန်လာခဲ့တာ သရဲလောက်ကတော့ အပျော့ပဲဆိုပြီး အဲဒီလယ်ကိုဝင်လုပ်တာ၊ သူအိပ်တဲ့အချိန် သရဲက သူ့နဖူးကို ဖနောင့်နဲ့ချည်းပေါက်ထည့်လို့ ပြန်ပြေးလာရပါရော”
“ကိုဘအေးရော ဘာထူးလို့လဲကွ၊ သူကျတော့ လူသွားမနေဘဲ လယ်ပဲသွားစိုက်တာ၊ ညညဆိုရင် ကောက်နှံတွေအကုန်လုံးကို မြေပေါ်ကနေဆွဲလှန်ပြီး ဇောက်ထိုးချည်းပြန်စိုက်ထားတာတဲ့ကွ၊ နောက်နေ့ ကောက်ပြန်စိုက်လည်း မနက်ရောက်ရင် အဲဒီလိုပဲဖြစ်ဖြစ်နေတာနဲ့ မျိုးဖိုးဆုံးပါလေရော”
“ဟုတ်ပါတယ်သားရယ်၊ အန္တရာယ်များပါတယ်၊ မလုပ်စမ်းပါနဲ့၊ လူတွေပြောတာက အဲဒီလယ်ထဲမှာ အောက်လမ်းဆရာက ထုံအိုးမြှုပ်ထားတယ်ဆိုလား၊ သရဲတွေမွေးထားတယ်ဆိုလားပဲ”
“မလုပ်ပါနဲ့သားရာ၊ သားလိုချင်ရင် အဖေ့လယ်ကိုခွဲပေးပါ့မယ်ကွ”
“တော်ပါအဖေရာ၊ ကျုပ်စွန့်စားကြည့်ချင်တယ်၊ ကျုပ်တစ်ခါလောက်တော့ စမ်းချင်သေးတယ်အဖေရ”
မိဘနှစ်ပါးမှာ ကိုထွန်းမြင့်ကို ဖြောင်းဖျမရသဖြင့် သက်ပြင်းသာချလိုက်ကြသည်။
နောက်တစ်နေ့တွင် ကိုပေါနှင့်အတူ ဦးဘိုးသောင်တို့အိမ်သို့လိုက်သွားသည်။ ဦးဘိုးသောင်အား အကျိုးအကြောင်းပြောပြသည့်အခါ ဦးဘိုးသောင်က ခေါင်းညိတ်ရင်း
“အခုတော့ မဝယ်ပါနဲ့အုံးကွာ၊ တော်ကြာ သရဲခြောက်တဲ့လယ်ကို လိမ်ညာရောင်းတယ်ဆိုပြီး ရွာကလူတွေက ငါ့ကိုပြောနေပါအုံးမယ်၊ မင်းမလုပ်ရဲလို့ ထွက်ပြေးရင်လည်း မြေဖိုးတွေဆုံးကုန်ပါအုံးမယ်ကွ၊ ဒီလိုလုပ်ကွာ မောင်ထွန်းမြင့်၊ မင်းဒီလယ်မှာ တစ်သီးလောက်လုပ်ကြည့်လိုက်၊ တစ်သီးပြီးလို့ သီးနှံထွက်တယ်၊ မင်းနေလို့အဆင်ပြေတယ်ဆိုရင် ဒီလယ်ကို ငါဈေးပေါပေါနဲ့ရောင်းပေးမယ်ဟုတ်ပြိလား”
ဦးဘိုးသောင်၏အကြံမှာ သမာသမတ်ကျသဖြင့် ကိုထွန်းမြင့်လက်ခံလိုက်သည်။
မကြာမီ မိုးကျလာခဲ့သည်။ လယ်သမားများ လယ်ထွန်ကြသည့်အချိန်လည်းဖြစ်သည်။ လယ်ကန်းကြီးမှာ ရွာနှင့်အတော်လှမ်းလှမ်းတွင်တည်ရှိသည်။ လယ်၏တောင်ဘက်တွင် ဦးဘိုးသောင်တို့၏ လယ်များရှိကာ လယ်၏မြောက်ဘက် နှင့် အရှေ့ဘက်တွင် တောအုပ်ကလေးများရှိသည်။ လယ်၏ အနောက်ဘက်တွင်တော့ သီးနှံစိုက်ပျိုးမရသည့် ဖုန်းဆိုးမြေကြီးတစ်ခုရှိသည်။
လယ်ကန်းကြီးမှာ ရွာနှင့်အတော်လှမ်းသဖြင့် သွားလာရသည်နှင့်ပင် အချိန်ကုန်မည်ဖြစ်သောကြောင့် ကိုထွန်းမြင့်မှာ လယ်ကွက်အစွန် ဖုန်းဆိုးမြေကြီးအနီးတွင် လယ်တဲကလေးထိုးကာ တစ်ယောက်တည်းနေထိုင်သည်။ လယ်ထွန်ရန်အတွက်မူ မိဘထံမှာ နွားများငှားကာထွန်သည်။ ဦးဘိုးသောင်တို့လယ်နှင့် ထိစပ်နေသည့်နေရာတွင် ထိန်ပင်ကြီးတစ်ပင်ရှိသည်မှလွဲ၍ ကျန်နေရာများတွင် သစ်ပင်ကြီးကြီးမားမားမရှိပေ။
ကိုထွန်းမြင့်မှာ လယ်စောင့်တဲတွင် ပထမဆုံးစအိပ်သည့်ညတွင် တဲခေါင်းရင်းမှ တောက်ခေါက်သံကိုကြားရသည်။ ဆင်းကြည့်သည့်အခါ မည်သူမှမရှိပေ၊ အိပ်လိုက်ရန်ကြံသည့်အချိန်တွင်လည်း တောက်ခေါက်သံထပ်ကြားရပြန်သည်။ ကိုထွန်းမြင့်မှာ တဲပေါ်သို့ တက်လိုက်ဆင်းလိုက်နှင့် ပင်ပန်းလာသည်ဖြစ်ရာ စိတ်မရှည်တော့ဘဲ။
“အေး၊ မင်းတို့တောက်ခေါက်ချင်ရင် တစ်ညလုံးထိုင်ခေါက်ကြဟေ့၊ ငါတော့အိပ်ပြီဟ”
ကိုထွန်းမြင့်ပြောလိုက်သည့်အချိန်တွင် တဲကလေးတစ်ခုလုံး ဝုန်းခနဲလှုပ်ခတ်သွားပြန်သည်။ လူတစ်ယောက်က တဲကို ကိုင်ဆောင့်လိုက်သည့်ပုံစံမျိုးဖြစ်သည်။ အခြားလူများဆိုလျှင် ထွက်ပြေးကြမည်ဖြစ်သော်လည်း ကိုထွန်းမြင့်ကတော့ ခြင်ထောင်ထဲမှပင်မထွက်ဘဲ
“လုပ်ဟေ့၊ မင်းတို့လုပ်တာ ငါ့ကိုပုခက်နဲ့ချော့သိပ်နေသလိုပဲကွ လုပ်ထား”
ကိုထွန်းမြင့်ပြောလိုက်သည့်အခါ တဲမှာမလှုပ်ယမ်းတော့ဘဲ ငြိမ်ကျသွားသည်။ ကိုထွန်းမြင့်မှာ ပေကပ်ပြီးအိပ်တော့သည်။ တစ်နေကုန်ပင်ပန်းထားသည်မို့ မကြာခင်အချိန်မှာပင် အိပ်ပျော်သွားလေသည်။ မည်မျှကြာအောင်အိပ်ပျော်သွားမိသည် မသိ၊ မျက်ခွံသို့စူးရှရှအလင်းရောင်များ လာရောက်ထိုးနှက်သည့်အခါမှ ကိုထွန်းမြင့်တစ်ယောက် လန့်နိုးသွားလေသည်။ သူနိုးထလာသည့်အချိန်တွင် တဲအပေါ်တွင်မဟုတ်ဘဲ ကန်သင်းရိုးကို ခေါင်းအုံးကာအိပ်နေခြင်းဖြစ်သည်ကိုတွေ့လိုက်ရသည်။ သရဲများက တဲပေါ်မှဆွဲချကာ ကန်သင်းရိုးပေါ်တွင် ပစ်ထားခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။
ကိုထွန်းမြင့်မှာ ထွက်မပြေးဘဲ တိုက်ကွက်တစ်မျိုးပြောင်းမည်ဟုတွေးလိုက်မိသည်။ ထိုနေ့ညနေတွင် ထမင်းလေးလုံးချက်အိုးတည်သည်။ ထမင်းကိုဇလုံးကြီးတစ်ခုအတွင်းသို့ထည့်ကာ ငါးပိရည်၊ ဟင်းအနှစ်များနှင့်နယ်ဖတ်လိုက်သည်။ တဲအပြင် ဝါးပက်လက်ကုလားထိုင်ကလေးတွင်ထိုင်ကာ ထမင်းစားသောက်လိုက်သည်။ အချိန်မှာ ညခုနစ်နာရီခန့်ရှိပြီဖြစ်သည်။ မိုးရာသီမို့ တိမ်ညိုတိမ်သားများက အုပ်ဆိုင်းရစ်ဖွဲ့နေသဖြင် သာမန်ထက်ပို၍ မှောင်မိုက်နေသည်ဟုထင်ရသည်။ ကိုထွန်းမြင့်နံဘေးတွင်ထွန်းထားသည့် ဖယောင်းတိုင်မီးခွက်ကလေးသာ ခပ်မှိန်မှိန်ကလေးဝင်းလက်နေသည်။
ကိုထွန်းမြင့် ဗိုက်ဝသည့်အခါ ထမင်းမှာဇလုံတစ်ဝက်ခန့်ကျန်နေသေးသည်။ ကိုထွန်းမြင့်က ဇလုံကို ကိုင်လိုက်ရင်း
“ကဲ၊ ကျန်တဲ့ထမင်းတွေကို ဒီလယ်ထဲမှာနေထိုင်ကြတဲ့သူတွေအတွက် ကျွေးပါတယ်၊ စားကြပါ သောက်ကြပါ၊ အမြဲတမ်းတော့ မကျွေးနိုင်ဘူးနော်”
ကိုထွန်းမြင့်မှာ ထိုသို့ပြောလိုက်ကာ ထမင်းဇလုံကို တဲခေါင်းရင်းအနီးတွင်ချထားလိုက်သည်။ ထို့နောက် တဲအရှေ့ရှိ ဝါးပက်လက်ကုလားထိုင်ကလေးတွင်ထိုင်ကာ ဆေးပေါ့လိပ်ကို အရသာခံသောက်နေသည်။ ထိုစဉ်မှာပင် လယ်ကွင်းအလယ်မှ လူနှစ်ဦးဘွားခနဲပေါ်ထွက်လာသည်။ အနီးအပါးတွင် အခြားလယ်စောင့်တဲများမရှိသည့်အပြင် ယခုလိုအချိန်မတော်သည့်အချိန် သွားလာနေသူများမှာ လူမဖြစ်နိုင်ကြောင်း ကိုထွန်းမြင့်သိသည်။
လူနှစ်ဦးမှာ ကိုထွန်းမြင့်ရှိရာသို့ ဦးတည်လာကြသည်။ လူတစ်ဦးမှာ သာမန်လူသားအရွယ်ဖြစ်သော်လည်း ကျန်လူတစ်ဦးမှာ ကိုထွန်းမြင့်ဆီသို့လမ်းလျှောက်လာရင်း အရပ်ကြီးက တဖြည်းဖြည်းရှည်လျားလာသည်။ ဝါးတစ်ပြန်အရွယ်ခန့်မှ တဖြည်းဖြည်းထန်းပင်ကြီးတစ်ပင်၏ အမြင့်အရွယ်အစားဖြစ်လာသည်။ ထိုလူနှစ်ဦးမှာ ကိုထွန်းမြင့်ချပေးထားသည့် ထမင်းဇလုံကို စားသောက်ကြလေသည်။ အရပ်အရှည်ကြီးနှင့် သရဲကြီးမှာ ဝါးလုံးကဲ့သို့ ပိန်သွယ်ရှည်လျားလှသည့် လက်ဖြင့် နှိုက်ယူကာစားသောက်သည်။ စားသောက်ပြီးသည့်အခါ သာမန်အရွယ်သရဲမှာ ကိုထွန်းမြင့်ကိုပြုံးပြသည်။ ထိုလူမှာ တစ်ကိုယ်လုံးအိုးမဲများသုတ်ထားသကဲ့သို့ နက်မှောင်နေပြီး မျက်လုံးနှင့်ပါးစပ်သာ အဖြူရောင်ဖြစ်နေသည်။
ထန်းပင်ခန့်အရပ်ရှည်သည့် သရဲကြီးမှာ ပက်လက်ကုလားထိုင်အပေါ်တွင်ထိုင်နေသည့် ကိုထွန်းမြင့်ကို လာရောက်ငုံ့ကြည့်ပြီး ပြုံးပြသည်။ ထိုသရဲကြီး၏ ပါးစပ်ထဲတွင်တော့ သွားနှစ်ချောင်းသာ ငေါငေါကလေးရှိသည်။ ကိုထွန်းမြင့်မှာ ကြောက်မှန်းမသိအောင် ကြောက်လန့်နေမိသည်။ ထိုလူနှစ်ဦးမှာ လယ်ကွင်းအတွင်းသို့ ပြန်ဆင်းသွားကြကာ ပျောက်ကွယ်သွားတော့သည်။ ထိုညတွင် ထူးထူးဆန်းဆန်းပင် ကိုထွန်းမြင့်တစ်ယောက် မည်သည့်အနှောင့်အယှက်မှ မခံရတော့ပေ။
ကိုထွန်းမြင့်မှာ ထိုနောက်ပိုင်းတွင် အခြောက်အလှန့်သိပ်မခံရတော့၊ သို့သော် သရဲများမှာ အသံပေးခြင်း၊ အနံ့ပေးခြင်းများရှိသည်။ ထိုသည်ကိုလည်း ကိုထွန်းမြင့်က “သရဲကသူ့အလုပ်သူလုပ်တာ၊ ငါလည်း ငါ့အလုပ်ငါလုပ်မှာပေါ့” ဟုဆိုကာ သိပ်အလေးအနက်မထားပေ။ ဆွေမျိုးသားချင်း အပေါင်းအသင်းများက ကိုထွန်းမြင့်လယ်ထဲတွင် သေနေပြီလားဟု နေ့တိုင်းလာရောက်ကြည့်ရှုကြသည်။ တစ်ရက်တွင် ကိုပေါရောက်လာခဲ့သည်။
“ဟေ့ကောင် ထွန်းမြင့်၊ မင်းတကယ်ကြီးဒီမှာနေတယ်ဟုတ်လား”
“ဟုတ်တယ်လေ ကိုပေါ၊ အခုဆိုရင် ထွန်ရေးတောင်ညက်နေပြီ၊ မျိုးတွေလည်းသန်နေပြီ၊ ရှေ့အပတ်လောက်ကျရင် ကောက်စိုက်ရတော့မယ်”
“မင်းကတော့ အာဂလူပဲထွန်းမြင့်ရေ၊ ငါက မင်းသရဲခြောက်ခံထိအောင်လို့ဆိုပြီး ဒီအကြံကိုတမင်ပေးလိုက်တာကွ၊ မင်းကတော့ ဒီမှာဟန်ကျနေပါလား၊ နေပါအုံး မင်းကိုသရဲမခြောက်ဘူးလား”
“ခြောက်တာမှ ပြောမနေပါနဲ့ဗျာ၊ ပုံစံမျိုးစုံနဲ့ကိုခြောက်တာ၊ ဟိုနေ့က ထန်းပင်လောက်ရှိတဲ့သရဲကြီးက ကျုပ်ကိုငုံ့ကြည့်တာဗျာ၊ သူ့မျက်နှာကြီးက တော်တော်ဆိုးဆိုးဗျ၊ သွားကလည်းနှစ်ချောင်းပဲပါတယ်”
“မင်းမကြောက်ဘူးလား ထွန်းမြင့်ရာ”
“စိတ်ထဲတော့ကြောက်တာပေါ့ဗျ၊ ဒါပေမယ့် သရဲက သူ့အလုပ်သူလုပ်တာဆိုပြီး ဒီလိုပဲဖြေတွေးနေရတာပေါ့”
ကိုပေါကရယ်လျှက်
“အေးပါ၊ လုပ်ထားစမ်းပါ၊ မင်းလိုကောင်က နောက်ဆိုသရဲမနဲ့တွေ့ပြီး ညားနေအုံးမလား မပြောတတ်ပါဘူးကွာ”
ကိုထွန်းမြင့်မှာ ညအိပ်ခါနီးအချိန်တွင် ဘုရားကို ကျကျနနရှိခိုးလေသည်။ အစပိုင်းရက်များတွင် ထိုသို့ဘုရားရှိခိုးသည့်အခါ ထရံကိုပုတ်ခြင်း၊ ခေါင်မိုးပေါ်တွင် တဂျောက်ဂျောက်နှင့် လမ်းလျှောက်နေခြင်းများကို ကြုံတွေ့ရသည်။ ထိုအခါ ကိုထွန်းမြင့်မှာ သရဲတစ္ဆေများကို ရည်စူး၍ မေတ္တာပို့သည်၊ အမျှအတန်းပေးဝေသည်။ သုံးရက်ခန့်ကြာသည့်အခါ သရဲများက ဘုရားရှိခိုးလျှင် မနှောင့်ယှက်သည့်အပြင် တဲပေါက်ဝတွင် နောက်ပြန်ကြီးလာလာထိုင်နေတတ်သည်။ ကိုထွန်းမြင့်မှာ သရဲများကိုတွေ့သည်နှင့်
“ဟကောင်တွေ၊ မင်းတို့ဒီမှာ ဘာထိုင်လုပ်နေကြတာလဲ”
တစ်ကိုယ်လုံး မည်းနက်နေသည့် သရဲကြီးက
“မင်းဘုရားရှိခိုး မေတ္တာပို့ရင် တို့တွေနေရတာ အေးချမ်းလို့ပါကွာ”
ထိုသရဲကြီးမှာ စကားပြောတတ်သော်လည်း ကျန်သရဲ သုံးလေးကောင်မှာ စကားမပြောတတ်ပေ၊ အုအု အအ အသံများသာပြုတတ်လေသည်။
“အေး၊ အဲဒါဆိုရင်လည်း အေးအေးနေကွာ၊ ဒါနဲ့ ငါကြားဖူးတာက ပရလောကသားတွေဆိုတာ အဆင့်ဆင့်အုပ်ချုပ်နေထိုင်ကြသတဲ့ကွ မင်းတို့တွေကိုရော အုပ်ချုပ်နေတဲ့သူမရှိဘူးလား”
ထိုအခါ သရဲကြီးမှာ လယ်ကွင်းအစပ်မှာ ထိန်ပင်ကြီးကိုလက်ညှိုးထိုးပြလေသည်။
“ထိန်ပင်ကြီးမှာ ရုက္ခစိုးရှိတယ်”
ထိုသို့သာ ခပ်ပြတ်ပြတ်ပြောကြားပြီး သရဲများမှာ လယ်အတွင်းသို့ပြန်ဆင်းသွားကြသည်။
ကိုထွန်းမြင့်မှာ တစ်ဦးတည်းနေသူဖြစ်သဖြင့် အိမ်သာဟူ၍ သတ်သတ်မှတ်မှတ်မထားပေ၊ အလေးသွားရန်အတွက် မြေကျင်းတစ်ခုကိုတူးထားပြီး အပေါ်မှထန်းလက်နှင့်ဖုံးထားသည်။ အပေါ့ကိုတော့ ကြုံလျှင်ကြုံသည့်နေရာသွားတတ်သည်။ တစ်ညတွင် ကိုထွန်းမြင့်တစ်ယောက် တစ်ရေးနိုးလာသည်။ အပေါ့အလွန်သွားချင်လာသဖြင့် တဲပေါ်မှဆင်းကာ တဲခြေရင်းဘက်တစ်နေရာတွင် မတ်တပ်ရပ်ကာ အပေါ့သွားမိသည်။ ထိုစဉ် ထူးဆန်းသည့်မွေးရနံ့တစ်ခုက နှာခေါင်းအတွင်းသို့ဝင်လာသည်။ ကိုထွန်းမြင့်အရှေ့တွင် လူတစ်ယောက်ဘွားခနဲပေါ်လာသဖြင့် ကိုထွန်းမြင့်မှာ ထိတ်လန့်သွားမိသည်။
ပေါ်လာသူမှာ ယောက်ျားမဟုတ်၊ မိန်းမဖြစ်သည်။ အစိမ်းရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားကာ နက်မှောင်သန်စွမ်းသည့် ဆံပင်ရှည်ကြီးမှာလည်း ခြေဖနောင့်အနီးသို့ဝဲကျနေသည်။ ထိုမိန်းမ၏ ကိုယ်ခန္ဓာမှ လရောင်ကဲ့သို့အရောင်များဝင်းလက်နေပြန်သည်။ ထိုမိန်းမ၏ ရုပ်ရည်မှာ ထိုခေတ်က ခေတ်စားနေသည့် ရုပ်ရှင်မင်းသမီးများဖြစ်ကြသော ထက်ထက်မိုးဦး၊ နန္ဒလှိုင်တို့နှင့် နှိုင်းယှဉ်၍ မရလောက်အောင် ချောမောလှပသည်။ ကိုထွန်းမြင့်မှာ
“မင်း . . .မင်းဘယ်သူလဲ”
“ရှင့်ကို ကျုပ်လာသတိပေးတာ၊ ကျုပ်က ထိန်ပင်မှာနေတဲ့ ရုက္ခစိုးပဲ”
“ရုက္ခစိုးဆိုတာ ယောက်ျားတွေပဲရှိတာလို့ သိခဲ့တာပါ၊ ခင်ဗျားက မိန်းမဖြစ်နေပါလား”
“အပိုတွေပြောမနေပါနဲ့၊ ဒီလယ်နဲ့ ဒီကွင်းကို ကျုပ်ပိုင်တယ်၊ ကျုပ်ပိုင်နက်နယ်မြေမှာ အပေါ့အလေးကို စည်းမရှိကမ်းမရှိဘဲ သွားတာမကြိုက်ဘူး၊ အရင်လူတွေ ဒီလိုလုပ်လို့ မောင်းထုတ်ခဲ့တာများပြီ၊ ရှင်က ကျုပ်ရဲ့အောက်လက်ငယ်သားတွေနဲ့ သိကျွမ်းနေတဲ့အတွက် ရှင့်ကိုသတိလာပေးတာ၊ နောက်တစ်ခါကျူးလွန်ရင် ရှင်ကျုပ်အကြောင်းသိမယ်”
“နေပါအုံးဗျာ၊ ဒါဆို ကျုပ်က ဘယ်နေရာမှာ အပေါ့အလေးသွားရမှာလဲဗျ”
“ရှင်တွင်းတူးထားတဲ့နေရာ၊ အဲဒီနေရာမှာပဲသွားပါ၊ အဲဒီနေရာကိုတော့ခွင့်ပြုတယ်၊ ဒါပေမယ့် အနံ့လုံအောင်တော့လုပ်၊ ရှင်တို့ရဲ့မစင်အနံ့တွေက သိပ်နံစော်လွန်းတယ်”
“ဟုတ်ကဲ့၊ လုပ်ပါ့မယ်ဗျာ လုပ်ပါ့မယ်”
ကိုထွန်းမြင့် ကတိပေးပြီးသည့်အခါ ထိုရုက္ခစိုးမမှာ ပျောက်ကွယ်သွားလေသည်။
နောက်တစ်နေ့မှာပင် ကိုထွန်းမြင့်မှာ ထိုနေရာတွင် ကျင်းနက်နက်တူးကာ အိမ်သာတစ်ခုကိုလည်း လုံလုံခြုံခြုံခိုင်ခိုင်ခန့်ခန့်တည်ဆောက်လိုက်ရသည်။ ယခင်ကလို တွေ့ကရာနေရာ အပေါ့မသွားတော့ဘဲ၊ အိမ်သာသို့ပြေး၍ အပေါ့သွားရသည်။
မျိုးပင်များသန်လာသည့်အခါ ကောက်စိုက်ရန်ပြင်ဆင်ရသည်။ ကိုထွန်းမြင့်မှာ ကောက်စိုက်သမကလေးများကို ငှားရမ်းထားသည်။ ကောက်စိုက်သမများမှာ တစ်မနက်ခင်းလုံးကောက်စိုက်ပြီး ထမင်းစားသောက်ပြီးသည့်အချိန်တွင် တစ်ကိုယ်လုံးကုတ်ဖဲ့ကာ လူးလွန့်နေကြသည်။ ကိုထွန်းမြင့်မှာ ပြာပြာသလဲဖြင့်
“ဟ နင်တို့ဘာဖြစ်ကြတာလဲ”
“ယားတယ်၊ ခွေးလှေးယားသီး ကိုင်မိသလိုကို ယားတယ်”
“ဟာ . . . မဟုတ်တာပဲဟာ၊ ဒီနားမှာ ခွေးလှေးယားသီးမှ မရှိတာပဲဟ”
ကိုထွန်းမြင့်ခေါင်းကုပ်နေရပြီဖြစ်သည်။ ကောက်စိုက်သမ ခြောက်ယောက်မှာ ယားလွန်းသဖြင့် ကုပ်ဖဲ့နေရပြီး တစ်ကိုယ်လုံးတွင်လည်း အင်ပြင်ကဲ့သို့ အနီရောင်အဖုအပိန့်များထွက်ပေါ်လာသည်။
“မှန်မှန်ပြောစမ်း၊ နင်တို့တစ်ခုခုအမှားလုပ်ထားတာရှိတယ်မဟုတ်လား”
“ကျုပ်တို့က ဘာအမှားလုပ်ရမှာလဲတော့”
“နင်တို့ အပေါ့၊ အလေးတွေ သွားကြသေးတယ်မဟုတ်လား”
“အပေါ့အပါးလောက်ကတော့ ကောက်စိုက်ရင်း ကန်သင်းစပ်မှာသွားလိုက်တာပဲ ကိုထွန်းမြင့်ရဲ့”
“ဟာ၊ ပြဿနာတော့တက်ပြီဟေ့”
ကိုထွန်းမြင့်မှာ ထိန်ပင်ကြီးဆီသို့ပြေးလာခဲ့သည်။
“ထိန်ပင်မှာနေတဲ့ ရုက္ခစိုးမကြီးခင်ဗျား၊ သူတို့မသိလို့လုပ်မိတာ ဗွေမယူပါနဲ့၊ နောက်နောင်ဒီလိုမဖြစ်စေရပါဘူးလို့ ကျုပ်အာမခံပါတယ်၊ သူတို့ကိုခွင့်လွတ်ပေးပါ”
ကိုထွန်းမြင့်ပြောဆိုပြီးသည့်အချိန်မှာပင် ကောက်စိုက်သမများမှာ မယားယံကြတော့ပေ။
“နောက်ဆို ငါ့လယ်ထဲလာရင် တွေ့ကရာနေရာ အပေါ့အလေးမသွားနဲ့ဟ၊ သွားချင်ရင် တဲနောက်ဘက်က အိမ်သာကိုပဲသွား ဟုတ်ပြီလား၊ ဒီမြေက မြေကြမ်းတယ်ဟ”
“မသိပါဘူး ကိုထွန်းမြင့်ရယ်၊ ကျုပ်တို့တော့ ဒီလိုပဲသွားနေကြပါ”
“အေး၊ ဒီလယ်က တခြားလယ်နဲ့မတူဘူးဟ၊ ဒီလယ်က လယ်ကန်းကြီးဟ လယ်ကန်းကြီး၊ နင်တို့သေသွားမယ် ဘာမှတ်လဲ”
ကောက်စိုက်သမကလေးများမှာ ကြောက်လန့်သွားကြသည်။ ထိုအချိန်မှစ၍ ကိုထွနု်းမြင့်လယ်ထဲတွင် မဟုတ်တာမလုပ်ရဲတော့၊ ကိုထွန်းမြင့်မှာလည်း လယ်ထဲလာရောက်ကြသူများကို ထိုအကြောင်းများပြောပြကာ ခြောက်လှန့်ထားရသည်။
(၃)
စပါးပေါ်ပြီဖြစ်သည်။ ကိုထွန်းမြင့်စပါးခင်းမှာ အထွက်တိုးလှပေသည်။ ဦးဘိုးသောင်ကတော့ မြေရိုင်းဖြစ်သောကြောင့် မြေဆီတက်ကာ အထွက်တိုးရခြင်းဟုပြောသည်။ စပါးထွက်ချိန်တွင် ကြွက်၊ စာကလေးများကဲ့သို့ စပါးဖျက်သည့်အကောင်များကျရောက်ကြသော်လည်း ကိုထွန်းမြင့်အခင်းတွင် ကြွက်တစ်ကောင်မျှမရှိ၊ စာကလေးများပင် ကွင်းပေါ်မှဖြတ်၍ မပျံသန်းပေ။ ထိုသည်မှာလည်း ပရလောကသားများ၏ အကူအညီကြောင့်ဖြစ်မည်ဟုထင်ရသည်။
ရုက္ခစိုးမနှင့် ကိုထွန်းမြင့်မှာ ပိုမိုခင်မင်လာသည်။ ကိုထွန်းမြင့်မှာ ထိန်ပင်ကြီးအောက်တွင် ဆီမီးထွန်းခြင်း၊ အမွေးနံ့သာတိုင်များထွန်းညှိခြင်း၊ လက်ဖက်၊ ကွမ်းယာများကို ကြုံရင်ကြုံသလို တင်မြှောက်လေ့ရှိသည်။ စပါးရိတ်သိမ်းပြီးသည့်အချိန်တွင် ကိုထွန်းမြင့်ထံသို့ ရုက္ခစိုးမရောက်လာသည်။
“ရှင်က စပါးသာပေါ်တယ် အလှူအတန်းလေးဘာလေးလည်းမလုပ်ဘူး”
“ဟ၊ စပါးက ခုမှပေါ်တာဟ၊ ပထမဆုံးရာသီဆိုတော့ ငွေကဒီလောက်မမြတ်သေးဘူး၊ စိုက်ဖို့ပျိုးဖို့ ချေးထားပြုထားတဲ့ငွေတွေလည်း ပြန်ဆပ်ရအုံးမယ်၊ အလှူပေးဖို့အထိလောက်တော့ လက်ထဲပိုက်ဆံမရှိသေးဘူးဟာ”
“ဒါဖြင့် ကျုပ်ပေးမယ်ယူမလား”
“နင်က ဘာပေးမှာလဲ ရွှေအိုးတွေဘာတွေ မြှုပ်ထားတာရှိလို့လား”
“တခြားတော့မဟုတ်ပါဘူး ချဲဂဏန်းပေးမယ်၊ ရှင်ပေါက်အောင်သာထိုး၊ ပေါက်ရင် အလှူလုပ်ပေါ့”
“အေး၊ ဒါဆိုရင်လည်း ပေးဟာ”
ရုက္ခစိုးမမှာ ကိုထွန်းမြင့်ကို ဂဏန်းသုံးလုံးရွတ်ပြသည်။ ကိုထွန်းမြင့်ကလည်း ထိုဂဏန်းကို အသေအချာမှတ်သားထားလိုက်သည်။
စပါးပေါ်ပြီးသည့်အချိန်မို့ ကိုထွန်းမြင့်မှာ ရွာထဲတွင်ပြန်နေထိုင်သည်။ သုံးလုံးထီချဲထွက်ဖို့ရက်ကလည်း နီးကပ်လာပြီဖြစ်သည်။ တစ်ရက်တွင်တော့ ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်သွားပို့ရင်း ရွာသားများနှင့်စကားလက်ဆုံကျသည်။ စကားပြောရင်း ချဲအကြောင်းများရောက်သွားသ်။
“ထွန်းမြင့်ရေ၊ မင်းရော ဘာဂဏန်းကြားထားသေးလဲကွ”
ကိုထွန်းမြင့်မှာ ရုက္ခစိုးပေးထားသည့် ဂဏန်းကို ပြောကြားလိုက်လေသည်။ မိမိလည်း ထိုဂဏန်းအား ကြေးကြီးကြီးဖြင့် ထိုးလိုက်လေတော့သည်။ ချဲထွက်လာသည့်အခါ ဂဏန်းသုံးလုံးမှာ တက်တက်စင်အောင်လွဲသည်။ ကိုထွန်းမြင့်တစ်ယောက် ဒေါသထွက်ထွက်နှင့် လယ်ထဲသို့ဆင်းလာခဲ့သည်။ ထိန်ပင်အောက်သို့သွားကာ ရုက္ခစိုးမကို ရန်သွားတွေ့သည်။
“ဂဏန်းက ရှင့်ကိုပဲပေးတာလေ၊ တခြားသူတွေကိုပေးတာမှမဟုတ်တာ”
“ဒါဖြင့်ရင် ငါသူများတွေကို လျှောက်ပြောလို့မပေါက်တာပေါ့ဟုတ်လား”
“ကံစပ်တဲ့လူအချင်းချင်းမှ ရတာရှင့်၊ ရှင်က လူတကာကိုပြောလိုက်တော့ လူတိုင်းက ရှင့်လိုကံမျိုးရှိတာမှ မဟုတ်ဘဲ”
“အေးဟာ၊ ငါသိပြီ၊ ဒီတစ်ခါ ငါဘယ်သူ့ကိုမှ မပြောတော့ဘူး”
ရုက္ခစိုးမမှာ ကိုထွန်းမြင့်ကို ဂဏန်းသုံးလုံးပြောပြန်သည်။ ကိုထွန်းမြင့်မှာ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသကဲ့သို့ မှတ်သွားသဖြင့် မည်သူ့ကိုမှမပြောတော့ပေ၊ သို့တိုင်အောင် ရွာထဲမှလူများမှာ ကိုထွန်းမြင့်ကို ဝိုင်းဝန်းလှောင်ပြောင်နေကြသေးသည်။ ရုက္ခစိုးပေးသည့် ဂဏန်းမှာ ထွက်မလာသဖြင့် တစ်ရွာလုံးချဲဖိုးအတော်ရှုံးသွားသည်ဟူ၏။
ကိုထွန်းမြင့်မှာ ရုက္ခစိုးမပေးသည့် ဂဏန်းကို ငွေသုံးထောင်ဖိုး ထိုးလိုက်သည်။ ထိုခေတ်က သုံးထောင်ဆိုသည့် ငွေပမာဏမှာ သိပ်နည်းသည်တော့မဟုတ်လှပေ။ ချဲဂဏန်းထွက်သည့်အခါ ထိုဂဏန်းထွက်လာသည်။ ဂဏန်းသုံးလုံးမှာ ရုက္ခစိုးမပြောသည့်အတိုင်း အစဉ်လိုက်ပင်ဖြစ်သည်။ ကိုထွန်းမြင့်တစ်ယောက် လျော်ကြေးငွေများရရှိကာ လက်ထဲတွင် ငွေများများစားစားကိုင်မိလာသည်။ ထိုအခါ ရုက္ခစိုးမ ပြောသည့်အတိုင်း အလှူအတန်းလုပ်သည်။ လယ်ကွင်းထဲမှ လူများကိုလည်းအမျှပေးဝေသည်။ လယ်ကန်းကြီးကိုဝယ်ယူလိုက်ကာ လယ်ကန်းကြီးနံဘေးမှ မြေရိုင်းများကိုပင် ဝယ်ယူလိုက်နိုင်သည်။
သို့သော် ရုက္ခစိုးမနှင့် သရဲများမှာ မကျွတ်လွတ်ကြပေ၊ ကုသိုလ်ကောင်းမှုတော့ ရရှိသွားကြဟန်တူသည်။
တစ်ရက်တွင် ရွာထဲမီးသွေးဖုတ်သည့်လူတစ်စုမှာ ထိန်ပင်ကြီးကို ခုတ်လှဲကာ မီးသွေးဖုတ်လိုက်ကြသည်။ ကိုထွန်းမြင့်က ရွာတွင်ပြန်နေသဖြင့် ထိုအဖြစ်ကို မသိလိုက်ပေ၊ ညရောက်သည့်အခါ အိမ်ပေါ်သို့ ရုက္ခစိုးမ တက်လာပြန်သည်။ ရုက္ခစိုးမ မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေသကဲ့သို့ ဝင်းလက်နေသည်။
“မင်း . . မင်းအိမ်ကို ဘာလာလုပ်တာလဲ”
“ငါ့အပင်ကို မီးသွေးဖုတ်တဲ့လူတွေလှဲသွားကြပြီ၊ ဒါကြောင့် ငါရွာတော်ရှင်ကိုခွင့်တောင်းပြီး ရွာထဲဝင်လာခဲ့တာ၊ ငါ့အပင်ကိုလှဲသွားတဲ့လူတွေအကုန်လုံးကို အသေဆိုးနဲ့သေအောင်ငါလုပ်ပစ်မယ်”
မီးသွေးဖုတ်သည့်သူများမှာ ကိုထွန်းမြင့်တို့နှင့် ဆွေမျိုးမကင်းတော်သူများဖြစ်သည်။
“ဟာ၊ မလုပ်ပါနဲ့ဟာ၊ သူတို့မှာလည်း သားမယားတွေနဲ့ပါဟ”
“ကျုပ်အပင်ကို ဒင်းတို့လှဲသွားတာပဲ၊ ကျုပ်မှာ နေစရာမှမရှိတော့တာ”
“ဒါဆို ငါနေစရာပြန်ပေးမယ်၊ နင်ကျေနပ်မလား”
ရုက္ခစိုးမမှာ နှုတ်ဆိတ်နေလေသည်။
“ဒီလိုလုပ်ပါ၊ လယ်ကန်းကြီးရဲ့ မြောက်ဘက်က တောအုပ်ထဲမှာ အုန်းနှဲပင်ကြီးတစ်ပင်ရှိတယ်၊ အခု ငါက အဲဒီတောအုပ်ကိုဝယ်လိုက်ပြီဆိုတော့ အဲဒီအပင်တွေအကုန်လုံးက ငါ့အပင်တွေပဲ၊ အဲဒီအုန်းနှဲပင်ကြီးမှာ နင်နေပါ၊ နင့်ကိုငါခွင့်ပြုတယ်”
ရုက္ခစိုးမမှာ တောက်တစ်ချက်ခေါက်ရင်း အိမ်ပေါ်မှပြန်ဆင်းသွားသည်။ သို့သော်လည်း နောက်တစ်နေ့တွင် မီးသွေးဖုတ်သည့်လူများမှာ ရန်ဖြစ်ကာ အချင်းများကြရင်း တစ်ယောက်နှင့်တစ်ယောက် ရိုက်နှက်ကြလေသည်။ သို့သော် သေလောက်သည့် ဒဏ်ရာများ မရသွားကြသည်မှာပင် သက်သာသည်ဟုတွေးမိသည်။
ထိုအချိန်မှစ၍ ရုက္ခစိုးမ မှာ အုန်းနှဲပင်ကြီးတွင်နေထိုင်တော့သည်။ ကိုထွန်းမြင့်မှာ သစ်ပင်များခုတ်၍ လယ်မြေများကိုချဲ့ထွင်သော်လည်း အုန်းနှဲပင်ကြီးနှင့် အနီးအပါးမှအပင်များကို ကွက်ကွက်ကလေးချန်ထားခဲ့သည်။ ယခုအချိန်အထိ ကိုထွန်းမြင့်လယ်ကွက်ကို ရွာသားများက လယ်ကန်းကြီး ဟုခေါ်ဆိုနေကြဆဲဖြစ်သည်။ သို့သော် ထိုလယ်များမှာ မကန်းတော့သည့်အပြင် စပါးရာသီရောက်တိုင်း ရွှေဝါရောင်စပါးပင်များက ယိမ်းနွဲ့၍နေလေတော့သတည်း။
ပြီးပါပြီ။