• June 23, 2025
  • admin
  • 0

မိချမ်းဝေ
လရောင်ကြောက်တဲ့ ငါး

လဆုတ်ရက် ရောက်လာပြီမို့ ကျုပ်တို့လုပ်ငန်း စရတော့မယ်။ ဒါကြောင့် ကျုပ်နဲ့ အလုပ်သမားလေးငါးယောက်ဟာ အလုပ်ရှုပ်နေရတော့တာပေါ့။

ငါးဖမ်းထွက်ဖို့အတွက် ပိုက်အဟောင်းတွေ ဖာထေး ပြင်ဆင်နေတာလေ။ ကျုပ်ရဲ့ ငါးဖမ်းပိုက်ကို “ဝိုင်းချုပ်ပိုက်” လို့လည်းခေါ်တယ်။ ပိုက်အောက်မှာရှိတဲ့ အောက်ခြေကြိုးကွင်းတွေ ရှုံ့ကြိုးတွေကို ပိုက်အောက်ခြေမှာ စုလိုက်တာနဲ့ ငါးတစ်အုပ်လုံး မထွက်နိုင်အောင် ဝိုင်းချုပ်ဖမ်းနိုင်တဲ့အတွက် ဝိုင်းချုပ်ပိုက်လို့ ခေါ်တာပါ။

“အောင်မိုးရေ အနားသတ်ကြိုးကို ကြည့်ဦးဟေ့၊ တောင့်ပစေနော်”

ဝိုင်းချုပ်ပိုက်မှာ သုံးလက်မလုံးပတ်ရှိတဲ့ အနား သတ်ကြိုးဟာ တောင့်တင်းခိုင်ခံ့ဖို့ လိုတယ်။

“ပခုံးနဲ့ လက်တွေမှာရှိတဲ့ ချည်ကွက်တွေလည်း စစ်ကြည့်ဦးဟေ့။ ကျဲနေ ပြတ်နေတာရှိရင် တစ်ခါတည်း ဖာတန်ဖာ၊ ယက်တန်ယက်ရအောင်”

ကျုပ်က သူတို့ကိုလည်း ညွှန်ကြား၊ ပိုက်အိတ်
လို့ခေါ်တဲ့ ငါးအများဆုံးစုမိတဲ့နေရာက ပိုက်ကွက်တွေ အပေါက်အပြဲမရှိအောင် စစ်ဆေးနေတယ်။

ဒီအချိန်မှာ မောင်ချိုနဲ့ မောင်ညို ညီအစ်ကိုက ဗော့ကြိုးမှာတပ်ထားတဲ့ ဖော့သီးတွေ ခိုင်မခိုင် မြဲမမြဲ စစ်နေကြတယ်။ ဖော့သီးမမြဲလို့ အပေါ်ကြိုး ရေမြုပ်သွားရင် ပိုက်ပါပြုပ်ပြီမို့ ငါးလွတ်သွားမှာ မဟုတ်လား။

ပြီးရင် ပိုက်အောက်ပိုင်းမှာရှိတဲ့ ခဲသီးကိုတော့ ကျုပ်ကိုယ်တိုင် စစ်ဆေးရဦးမှာ။

ပိုက်ဟာ ရေလည်းမြုပ်ရမယ်။ ပိုက်တစ်ခုလုံးလည်း မြုပ်စရာမလိုဘူး။ ဒီအတွက် ချိန်ဆပြုလုပ်ထားတာဖြစ်လို့ အချိန်အဆမှန်ဖို့လိုတယ်။

ရှုံ့ကြိုးနဲ့ ရွှံ့ကွင်းတွေကတော့ အကောင်းပကတိတွေမို့ သိပ်စစ်စရာ မလိုတော့ဘူး။ ညနေစောင်းတော့ ကျုပ်ပိုင်တဲ့ ငါးဖမ်းမော်တော် “ဒင်ကြီး” ထဲကို ဆင်းပြီး ရေခဲပေါင်နှစ်သောင်းလောက်ထည့်၊ ငါးအုပ်ကိုတွေ့ရင် ပိုက်ဝိုင်းဖို့အတွက် အလျား (၄) လံ အနံ (၁) လံလောက်ရှိတဲ့ လှေကလေးနှစ်စင်းကိုလည်း မော်တော်ပဲ့ပိုင်းမှာချည်ထား။ အလုပ်သမားတွေ စားသောက်ဖို့ ဆန်၊ ဆီ၊ ဆား ရိက္ခာတွေချ။ ဒါဆိုရင် ငါးဖမ်းထွက်ဖို့ အဆင့်သင့်ဖြစ်ပြီ။

လတစ်ခြမ်းစောင်းကလေးက ရေပြင်ကျယ်ကို ငုံ့ကြည့်နေတဲ့အချိန်မှာ ကျုပ်တို့အားလုံး “ဒင်ကြီး” ပေါ်ရောက်ခဲ့ကြပြီ။ အဘမှန်လို့ အားလုံးကခေါ်တဲ့ ကျုပ်အပါအဝင် ငါးဖမ်းအဖွဲ့သား နှစ်ဆယ့်တစ်ယောက်ပေါ့။

အလျား (၄၈) ပေအနံ (၁ဝ) ပေရှိပြီး မြင်းကောင်ရေ(၄၀) အား စက်တပ်ဆွဲမော်တော် ‘ဒင်ကြီး’ ဟာ ကျုပ်လုပ်ငန်းမှာ မညည်းမညူ ဒိုးတူပေါင်ဖက် လက်တွဲလာတဲ့ ရဲဘော်ရဲဘက်ကြီးပဲပေါ့။

ကျုပ်မိဘလက်ထက်ကတည်းက ငါးဖမ်းလာတာ။ အခု အသက် (၆ဝ) ကျော်ပြီ။ ငါးဖမ်းတုန်းပဲ။ အရင်ကလို မဖျတ်လတ်တော့လို့ ရေထဲမဆင်းရ ပေမယ့် ကျုပ်မပါဘဲ မော်တော်ထွက်လို့ မဖြစ်ဘူး။ ကျုပ်ဟာ ငါးဖမ်းမော်တော်မှာ အရေးအပါဆုံး ငါးကြည့်ဆရာ ဖြစ်နေလို့ပါပဲ။

ငါးကြည့်ဆရာဘဝကိုတော့ တော်ရုံသမ္ဘာနဲ့ ရလာလိမ့်မယ်မထင်နဲ့။ လုပ်ငန်းအတွေ့အကြုံနဲ့ ပင်လယ်ပျော်နှစ်တွေဟာ ကျုပ်ရဲ့ အရည်အသွေးကို အရောင်တင်ပေးတဲ့ အရာတွေပေါ့။

ခက်တာက ကျုပ်ရဲ့ ရေမုဆိုးအမွေကို ဆက်ခံဖို့ မျိုးဆက်မရှိတာကို ကျုပ် နည်းနည်းကလေးမှ ဘဝင်မကျဘူး။ ကျုပ်မှာ သားထောက်သမီးခံ ရှားပါး တာလည်း ပါတာပေါ့။

ကျုပ်ရဲ့ တစ်ဦးတည်းသောသမီးက မြို့မှာ အိမ်ထောင်ကျပြီး သမီးတွေချည်း လေးယောက်မွေးပြီးမှ အငယ်ဆုံး သားလေးတစ်ယောက် မွေးတယ်။ ဒီသားဟာ ကျုပ်မြေးပေါ့။ ကျုပ်မြေးလို့ မပြောချင်လောက်အောင် စိတ်တိုင်းမကျတဲ့မြေးပါ။

အစ်မတွေကြားမှာ ကြီးလာရလို့လား မသိဘူး။ ဒီကောင့်စိတ်ဓာတ်က ခပ်ပျော့ပျော့ရယ်၊ ကိုယ်လုံးကိုယ်ဖန်လည်း မထွားကျိုင်းလှဘူး။ အားရင် ဂီတာတဒေါင်ဒေါင်နဲ့။ သွားလေရာ သူ (အုံးလီးကတ်ဆက်) ဆိုလား အဲဒါကြီးက ပါသေးတယ်။ အထဲက ထွက်လာတဲ့ အသံတွေက အာခေါင်ခြစ်ပြီး အော်နေတဲ့အသံတွေ တီးလုံးတွေကလည်း ဆူလို့ ညံလို့။

ကြည့်ပါလား။ ဒီအကောင် လကလေးတစ်ခြမ်းစောင်းမှာ ဘာမှန်းမသိတဲ့ ဂီတဆူညံတွေ နားခံနေလိုက်တာ။

ကျုပ်တို့ ငယ်ငယ်က နားမှာစွဲခဲ့တဲ့ ယမုံနာပတ်ပျိုးတို့၊ ခေတ်ဟောင်းတေး ကိုတံငါတို့ဆိုရင်တော့ လက်ရှိအနေအထားနဲ့ ဆီလျော်ဦးမယ်။

သူ့အမေက သူ့သားဟာ ဆယ်တန်းကိုလည်း နှစ်ခါကျ၊ ဟိုလက်ဖက်ရည်ဆိုင်ထိုင် စကားပြော၊ ဒီလမ်းထောင့်အုတ်ခုံမှာထိုင် ဂီတာတီး လုပ်နေလို့ လက်ကြောတင်းအောင်ဆိုပြီး ကျုပ်ဆီပို့ထားတာ။

ဒီမှာတော့ ကျုပ်မြေးဆိုပြီး အခွင့်ထူး မပေးဘူး။ အားလုံးနဲ့တန်းတူ၊ အများနေသလိုနေ၊ အများစားသလိုစား၊ ဝိုင်းလုပ်ဝိုင်းစား၊ အားရင် ဂီတာတီးချင်တီး၊ ဆူညံတာကြီး ဖွင့်ချင်ဖွင့် လွတ်လပ်ခွင့်ပေးထားတယ်။

နာမည်ကတော့ ဝေလ တဲ့။ ဟာ … ဟ သူ့အမေ စိတ်ကူးယဉ်ပြီး ပေးထားတဲ့ နာမည်လေ။

မကြာခင်ပဲ ဒင်ကြီးဟာ ပင်လယ်ပြင်ဘက်ကို စတင်ထွက်ခွာလာပါတော့တယ်။ လှိုင်းလေအကာအကွယ်ကောင်းယူပြီး ကျွန်းတွေကို ခို၍ ခုတ်မောင်းနေတဲ့ ဒင်ကြီးပေါ်က ကျုပ်တို့ဟာ (မြိတ်အခေါ် ရှမ်းပဒူး) ပလာတူးဆိုတဲ့ ငါးကို ဖမ်းကြမှာ ဖြစ်တယ်။

ပလာတူးဟာ လရောင်ကို မနှစ်သက်တဲ့အပြင် အပူဓာတ်ကိုလည်း ကြောက်တဲ့အတွက် အခုလို နွေရာသီမှာ ညဉ့်နက်မှ ရေပေါ် ပေါ်လာလေ့ရှိတယ်။ တစ်ခုကောင်းတာက ပလာတူးဖမ်းရာမှာ ရေတက်ရေကျ မလိုဘဲ လရောင်သာ အဓိကထားဖမ်းရမှာပါပဲ။

ရေစမ်းကြိုးခွေနဲ့ အလုပ်များနေတဲ့ ရေဆရာက ရေအနက် (၁၅)လံလို့ အော်လိုက်တယ်ဆိုရင်ပဲ ငါးကြည့်မျှော်စင်ရှိရာ ကျုပ်မြေးဝေလကိုခေါ်ပြီး တက်လာခဲ့တယ်။

ကြုံတုန်း ဗဟုသုတ ရစေချင်တဲ့သဘောပါ။

ဝေလကတော့ ကျုပ်ကို ကြောက်လို့ပဲလား၊ သူ့အမေစကား မပယ်ရှားချင်လို့ပဲလားတော့ မသိဘူး။ ဂျစ်ကန်ကန် မလုပ်ရှာဘူး။ မျှော်စင်ပေါ်ရောက် တော့ လတစ်ခြမ်းစောင်းကလေးရဲ့ အရောင်က ရေပြင်ပေါ်မှာ မှိန်ပျပျလေးရယ်။

ပလာတူးဟာ လရောင်ကိုကြောက်တဲ့ငါးမို့ လဆုတ်ရက် ရွေးလာကြတာကိုး။

တကယ်လို့ ဒီအချိန်ဟာ အလင်းရောင်ရှိတဲ့နေ့အချိန်ဆိုရင် ရေပြင်အထက်မှာ ငှက်တွေဝဲပြီး အောက်ကို စိုက်စိုက်ချနေတာ တွေ့ရမယ်။ ဒီလိုအနေအထားမျိုး မတွေ့ရင် ပတ်ပတ်လည်ရေပြင်ထက် ရေအရောင်ပိုပြီးနက်တဲ့ နေရာကို ရှာရမယ်။

နောက်တစ်ခု သတိထားရမှာက ရေပြင်ပေါ်မှာ ရေပွက်ကြီးကြီး ထနေရင်လည်း အဲဒီနေရာမှာ ငါးအုပ်ရှိနေတတ်တယ်။

“အဘရေ၊ ဟိုးမှာ ဝင်းဝင်းတောက်နေတဲ့ဟာတွေ ဘာပါလိမ့်”

ဝေလက လူငယ်မျက်စိနဲ့မို့ ကျုပ်ထက် အမြင်အားကောင်းနေပါရောလား။

အဟေး … ဟေး ဟုတ်ပါရဲ့။ အဲဒါ ငါးအုပ်ဧကန်ရှိမယ့်နေရာပေါ့။ညအခါဆိုရင် ငါးရဲ့ကျောပိုင်းမှာရှိတဲ့ တောက်ပတဲ့အရေခွံများကြောင့် ရေမှာပါ အရောင်တောက်နေတာ။ အဲဒီအောက်မှာ ပလာတူးငါးအုပ် ဧကန် ရှိရမယ်။

နေဦး … နေဦး ပိုက်ကို အရမ်းမချကြနဲ့ဦး။ ပိုက်ကို ဘယ်လိုနေရာက စချမယ်ဆိုတာ ကျုပ် ဆုံးဖြတ်ဦးမယ်။

“မှတ်ထား လူလေးရေ။ တကယ်လို့ နေရောင်ခြည်အောက်မှာဆိုရင်တော့ ပိုက်နှစ်ခုဆက်စပ်တွေ့ဆုံမယ့်နေရာဟာ ငါးအုပ်နဲ့ နေရောင်ခြည်ကြား တစ်တန်းတည်း မဖြစ်စေနဲ့ကွယ့်။ တစ်တန်းတည်းကျရင် ငါးတွေ ပိုက်စပ်က ထွက်သွားနိုင်တယ်။ နောက်တစ်ခုက ပိုက်ချတော့မယ်ဆိုရင် လေကိုလည်း သတိထားရဦးမယ်။ ပိုက်ဝိုင်းပြီးတဲ့အခါမှာ ငါးဖမ်းလှေကလေးဟာ လေကြောင်းအောက်ဘက်မှာ ရှိရမယ်။ ဒါမှ လေဟာ ငါးဖမ်းလှေကလေးကို ပိုပြီး ရွေ့စေမယ် … ဟုတ်ပြီလား။

နောက်ဆုံးတစ်ချက် သတိထားရမှာက ရေစီးပဲ။ ပိုက်ဝိုင်းပြီးတဲ့အခါ လှေကလေးဟာ ငါးအုပ်ရဲ့ ရေညာကနေဖို့လိုတယ်။ ရေဟာ မော်တော်ထက် ပိုက်ကို ပိုဆွဲစေနိုင်လို့ပေါ့။ ဒီအနေအထားကတော့ အကောင်းဆုံးအနေအထားပဲ။

“ကဲ …. ကြည့်နေ၊ အဘ ဒီကနေ ပိုက်ဆွဲသမားတွေကို အချက်ပေးလိုက်မယ်။ ဟေး … ပိုက်ဝိုင်းမယ်လှေ စက်သတ်တော့ဟေ့”

ကျုပ် အမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ပိုက်ဆွဲသမားတွေဟာ မော်တော်ပိုင်းမှာ ကြိုးနဲ့ချည်ဆွဲလာတဲ့ လှေကလေးနှစ်စင်းပေါ်တက်၊ ကြိုးဖြုတ်၊ ငါးအုပ်ရှိရာ လင်းလင်းလက်လက် ရေပွက်ထနေတဲ့ နေရာကို လှော်သွားကြတယ်။

တွေ့လား။ ငါးအုပ်အနားရောက်လို့ ရေထဲကို ပိုက်စချပြီဆိုမှ လှေနှစ်စင်းကို တွဲထားတဲ့ သံကွင်းတွေကို ဖြုတ်လိုက်ပြီး ငါးအုပ်ပါအောင် လှေနှစ်စင်းနှင့် ပိုက်နှစ်ဖက်ဖြန့်ပြီး ပိုက်ဝိုင်းရတယ်။

ကြည့်နေ၊ သူတို့မော်တော်ဆီ ပြန်လာကြတော့မယ်။ လှေနှစ်စင်းနဲ့ ပိုက်သမားတွေဟာ ပိုက်ကို တဖြည်းဖြည်းဝိုင်းလာပြီး ငါးအုပ်တစ်အုပ်လုံး ဝိုင်းမိတာနဲ့ တစ်ပြိုင်နက် လှေနှစ်စင်းထဲမှ လူတစ်ချို့ မော်တော်ပေါ် တက်လာကြတယ်။ တစ်ချို့လှေထဲမှာ ကျန်ခဲ့ကြတယ်။

ဒီအချိန်မှာ လှေပေါ်က ပိုက်ဆွဲသမားတွေဟာ ပိုက်လက်များနဲ့ အောက်ရှုံ့ကြိုးနှစ်ဖက်ကို ဆွဲယူလိုက်တယ်ဆိုရင်ပဲ ပိုက်အောက်ပိုင်း ရှုံ့သွားပြီး ငါးတွေဟာ ပိုက်အောက်က ဘယ်လိုမှ မထွက်နိုင်တော့ဘူးပေါ့။ အဲဒီအခါမှာ ပိုက်ကွက်စိပ်ပြီး ချည်လုံးကြီး ခိုင်ခံ့တဲ့ပိုက်ရဲ့ အလယ်အိတ်ဖက်ကို စနစ်တကျ ရောက်အောင် ရွှေ့ပြောင်းရတာကတော့ ပညာသားပါလှတဲ့ အဆုံးသတ်လုပ်ရပ် တစ်ခုပဲပေါ့။

ဝေလဟာ အခြားလှေသားများနဲ့အတူ ပိုက်အိတ်ထဲမှာ ပါလာတဲ့ ငါးတွေကို ငါးခပ်ခွက်နဲ့ ခပ်ပြီး မော်တော်ဦးပိုင်းက ငါးလှောင်ကန်ထဲ ခပ်ထည့် နေတော့တယ်။ ငါးတွေ အများကြီးမြင်တော့လည်း လောဘဇောနှင့် ဒီအကောင် လက်သွက်လှပါလား။

“အဘရေ ငါးတွေ အများကြီးပဲဗျ။ အကောင် လေးငါးသောင်းလောက် ရှိမယ်ထင်တယ်”

“ဘယ်ကမလဲ သားရဲ့။ ပိုက်တစ်ခါ ဝိုင်းမိရင် အကောင်ရှစ်သောင်းအထိ ရတတ်တယ်။ တန်ချိန်နဲ့ဆို (၁၀) တန် နဲ့ တန် (၂၀) ကြားပေါ့။ တစ်ခါတလေ သိပ်ကြီးတဲ့ ငါးအုပ်နဲ့တိုးရင် ပိုက်ကွဲမှာစိုးလို့ ဝိုင်းထားတဲ့ ပိုက်ကိုဖွင့်ပြီး ငါးတွေကို ပြန်လွှတ်ပေးရသေးတယ်”

“နှမြောစရာကြီး အဘရာ။ ပိုက်စချတဲ့အချိန်ကစပြီး ငါးအုပ်ကို ဝိုင်းမိတဲ့အထိ ကျွန်တော် နာရီကြည့်ထားတာ တစ်နာရီနီးပါးပဲ ကြာတယ်။ ငါးတွေ မော်တော်ထဲအရောက်ဆိုရင်တော့ (၃) နာရီလောက် ကြာတာပေါ့။ ဒီလောက် အချိန်အတောအတွင်းမှာ ငါးတွေအများကြီးရတာ သိပ်စိတ်ဝင်စားဖို့ ကောင်း တယ်”

“အေး မင်းစိတ်ဝင်စားလာပြီလား။ မင်းစိတ်ဝင်စားဖို့ပဲ လိုတယ်။ ဒီငါးတွေ မြိတ်မှာ အစိမ်းသွားရောင်းရဦးမယ်။ တစ်ခါတလေ ထားဝယ်ကိုလည်း သယ်ပြီးရောင်းတယ်။ ပလာတူးက ရေခဲစိမ်ရင် (၄) ရက်ပဲ ခံတာ။ ဒါကြောင့် ရောင်းမကုန်တဲ့ ငါးတွေကို မုတ်ကန်ထဲထည့်၊ ငါးဆားနယ်လုပ်ပြီး မော်လမြိုင်၊ ရန်ကုန်ဘက် ပိုသေးတယ်”

ဝေလဟာ ကျုပ်ရဲ့ ပလာတူးဈေးကွက်စီးပွားရေးကို စိတ်ဝင်တစား နားထောင်နေတယ်။ ဒီပုံအတိုင်းဆို ဒီကောင် သိပ်ဒုံးမဝေးဘူး။

“ မင်းမှတ်ထား။ အကြေးခွံ အရောင်လက်နေတဲ့ ငါးတွေဟာ ကယ်လ်စီယမ်နဲ့ ပရိုတိန်းဓာတ်တွေ ပါဝင်နေလို့ အရသာရှိပြီး လူကြိုက်များတာပေါ့”

“စောစောက အဘပြောတော့ ဒီငါးတွေကို ထားဝယ် ၊ မော်လမြိုင်၊ ရန်ကုန်ဘက် ပို့ရတယ်ဆိုတော့ ဒီငါးမျိုးတွေ အဲဒီမြို့တွေနဲ့နီးတဲ့ ရေပြင်မှာ မရှိဘူးလား”

“မရှိဘူး။ ဒီငါးတွေဟာ မြိတ်ကျွန်းစုမှာသာ တွေ့ရတယ်။ ဒါဟာ ဒီငါးရဲ့ လိုအပ်ချက် သဘာဝအခြေအနေတွေက မြိတ်ကျွန်းစုမှာသာ ရှိလို့ပေါ့။

မြိတ်ကျွန်းဟာ လေဒဏ်မိုးဒဏ်ကို ကာကွယ်တဲ့ ကျွန်းစုကျွန်းငယ်တွေ ပေါတယ်။ ပင်လယ်ရေတိမ် ဝိုင်းရံထားတဲ့အတွက် မြေသြဇာဓာတ်တို့ ၊ အထက်အောက် အလွယ်တကူ လှည့်ပတ်နိုင်လို့ ငါးစာဖြစ်တဲ့ ရေညှိရေမှော်တွေ ပေါများတယ်။ မြိတ်ဝန်းကျင် ပင်လယ်ရေပြင်ရဲ့ အောက်ခံမြေဟာလည်း ရွှံ့နှုန်းမြေဖြစ်လို့ ရွှံ့စားတဲ့ ပလာတူးကို အများဆုံးတွေ့ နိုင်တာပေါ့”

“ဒါဆို (ရှမ်းကမ်း) ထိုင်းမှာရော အဘရဲ့”

“ထိုင်းမှာလည်း မတွေ့နိုင်ဘူး။ ထိုင်းကမ်းခြေမှာ သတ္တုတွင်းတွေကြောင့် သဲထူထပ်ပြီး ရွှံ့နွံမရှိလို့ ရွှံ့စားတဲ့ပလာတူးတွေ မနေနိုင်ဘဲ မြန်မာ့ပင်လယ်ပြင်ထဲ ရောက်လာကြတာပေါ့။

သားကို အဘ တစ်ခုပြောဦးမယ်။ ဒီလုပ်ငန်းဟာ ဝိုင်းလုပ်ဝိုင်းစားလုပ်ငန်းပဲ လူလေးရ။ ကိုယ်တစ်ဦးတည်း အမြတ်လိုချင်လို့ မရဘူး။ မော်တော်မောင်းတဲ့ စက်ဆီဖိုး ၊ ရေခဲဖိုး၊ ဟင်းလျာဖိုးတွေ နှုတ်ပြီးရင် အလုပ်သမားတွေကို အဆင့်အလိုက် ခွဲဝေပေးရဦးမှာ။ ပင်လယ်ပြင်မှာ စားမကုန်တဲ့ ငါးပုစွန်တွေ ပေါသလို ပင်လယ်မုဆိုးတစ်ယောက်ဖြစ်ဖို့ဆိုတာလည်း ခံနိုင်ရည်ရှိမှု စိတ်ဓာတ်ကြံ့ခိုင်မှုတွေနဲ့ ပြည့်စုံရဦးမယ်။

မင်းကို အဘပြောချင်တဲ့ ပင်လယ်ပုံပြင်တွေကတော့ အများကြီးပေါ့။ ဥပမာ ပင်လယ်ဓားပြတွေအကြောင်း။

ပင်လယ်ဓားပြနဲ့ တွေ့တဲ့အခါ ဘယ်လို ခုခံရမယ်ကာကွယ်ရမယ်၊ ဘယ်လိုရှောင်တိမ်းရမယ် ဆိုတာတွေပေါ့။

ပြီးတော့ မင်း ခဏခဏမေးနေတဲ့ ပင်လယ်ထဲက ကျောက်တောင်တွေပေါ်မှာနေတဲ့ ဇီဝဇိုးငှက်ကလေးတွေအကြောင်း ၊ ရင်ငန်းသားနဲ့လုပ်တဲ့ လှေပေါ်မှာနေပြီး ပုလဲငုပ်တဲ့ ဆလုံလူမျိုးတွေအကြောင်း၊ အဘပြောတဲ့ ပင်လယ်ပုံပြင်တွေကိုလည်း နားထောင် ၊ ပင်လယ်အတွေ့အကြုံကိုလည်း ဆည်းပူး။

လောလောဆယ်တော့ ငါ့မြေးကို ပင်လယ်နဲ့ ရင်းနှီးအောင် လေ့ကျင့်ရင်း ရေကြောင်းပညာတွေ သင် ပေးရဦးမယ်”

ကျုပ်ပြောတာကို ဝေလဟာ ငြိမ်ပြီးနားထောင်နေတယ်။ သဘောပေါက်လို့လား၊ သဘောမပေါက်လို့လား။ မြို့ကို ပြန်တော့မယ်လို့ပဲ ထပြောလိုက်မှာလား စိတ်တောင်ပူသွားတယ်။ ဒါပေမယ့် ဒီကောင်က ကျုပ်မထင်တဲ့စကားကို ကောက်ပြောလိုက်တယ်။

“စိန်လိုက် အဘ၊ ကျွန်တော် အဘမြေးပါ” တဲ့။

ကြိုက်ပြီ … ။ ။

(ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်း ၊ ၁၉၉၇ ခုနှစ် – ဖေဖော်ဝါရီလ)

– ပြီး –

စာရေးသူ – မိချမ်းဝေ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *