လရောင်နှင့်အရိပ်
________________

တက္ကသိုလ်ဘုန်းနိုင်

မဂ္ဂဇင်းဝတ္ထုများ အတွဲ(၁)

ဆောင်းသည် ရောက်ခဲ့ပါပြီ။ မှန်ပါသည်၊ ကြမ်းခက်သော မိုး၏ မြည်ကြွေးသံတို့၏ ဆိတ်သုဥ်းခြင်းရဲ့ နောက်ကွယ်၌ ဆောင်းသည် လှပစွာပင် ရောက်ရှိခဲ့ပေပြီ။
ဆောင်းဝယ် ဆည်းဆာလွန်စကတည်းက စန္ဒာသည် သူမ၏ ချစ်မီးတန်ဆောင်ကို ထွန်းလင်းစေလိုက်သည်။ ရောင်လွင်မြူးသည့် ငွေသရဖူကို ဆင်ယင်ပြီးတော့ လနတ်မယ်က ညဦး၏ စက်ရာရင်ခွင်ထက်မှာ ပြုံးဝင့်နေသော စန္ဒာသည် ချစ်လောက ပေါ်မှာလည်း ပြုံးနေပါသေး၏။
တကယ်ဆိုတော့ စိတ်ကူးယဥ်သော ချစ်လောကဝယ် စန္ဒာ၏ အပြုံးသည် အရေးပါ အရာရောက်လွန်းလှသည်။
ငွေလ၏ အမျှင်တန်းသည် အင်းလျားရေပြင်၏ အချာကို ဖောက်ထွင်းနေသည်။ ပြီးတော့…..ခံ့ညားကြီးမားသည့် တက္ကသိုလ်ရိပ်သာရှိ နှစ်ထပ်တိုက်တလုံး၏ ပြတင်းဝမှ မမြဝေ၏ အသံကိုလည်း ဖောက်ထွင်းလိုက်လေသည်။

ငွေရောင်လွှမ်းသော အသံဖြင့် မမြဝေက တန်ဆောင်မုန်းလပြည့်၏ ချစ်စရာ့ ညအရေးကို
ယဥ်စိတ်ကူးဖြင့် ငေးလို့ဘဲ ကြည့်နေရော့သလား။

မှားပါသည်။ ဆံပင် အချို့တဝက်ပင် ဖြူနေသော်လည်း အသက်၂၄နှစ်ခန်းသာရှိဦးမည့် မမြဝေသည် ပြတင်းဝမှနေ၍ ဆောင်းညကို မျက်ရည်ကျနေခြင်းသာ ဖြစ်ပါ၏။ မမြဝေကတော့ မျက်ရည်လည်ရွှဲနှင့် ပြတင်းဝမှနေ၍ ဆောင်းညကို မျက်ရည်ကျနေခိုက် တဖက်ခန်းကုတင်ပေါ်တွင် သူမ၏လင်သည် ရုက္ခဗေဒပါမောက္ခကြီး ဦးသန့်ထွတ်ကမူ တခေါခေါနှင့် အိပ်မောကျနေပါပြီ။

မမြဝေအဖို့် သည်ဆောင်းတညသည်သာ ဆောင်းဦးနှင့်တကွ တနှစ်တာမှာ အလှပဆုံး ညဖြစ်သည်။ လှပသော ဆောင်းဦး၏ ရွှန်းမြသောည လရောင်တွင် စိမ်းစိမ်းစိုသော သစ်ပင်များသည် ပုလဲရည်ဖြန်းထားသော မြသားလို ရွှန်းရွှန်းလဲ့နေပါသည်။ ပိုးသားလိုလည်း ကြော့ကြော့လွင်နေပါသည်။ အပျိုမ၏ ပါးလို ဆွတ်ဆွတ်နုနေပါလိမ့်ဦးမည်။

အမှန်ပင် လဲ့ရာ၊ လွင့်ရာ၊ နုရာ၊ ဆောင်းဦးတွင်ဖြစ်သဖြင့် ဆောင်းဦး၏ အလှဖူးတို့က မြူးဖွေးကြပေသည်။

လေးလံသော မြောက်ဆီမှ နွမ်းလျလျနှင့် ရောက်လာသော ချမ်းလေပြန်က နူးညံ့လှပါသည်။ နှင်းမှုန်ဦးတို့က ပျံ့လွင့်နေသဖြင့် ည၏အလှသည် လှုပ်ရှားမှုနှင့် အသက်ဝင်နေပါသည်။

တန်ဆောင်မုန်းလပြည့်နေ့ညက သည်လိုဘဲ လှပနေပါသည်။ အကြောင်းမှာ ပတ်ဝန်းကျင်သည် လှပသော ဆောင်း၏အဦးမှ ဖြစ်သောကြောင့်တည်း။

သည်လို ချစ်စရာ့ ငွေလနှင့် လှပသော ဆောင်းရဲ့ညကိုငေးရင်း မမြဝေက မဆီမဆိုင် ငိုကြွေးချလိုက်ပါပကောလား။

ဆောင်းသည်ရောက်ခဲ့ပါပြီ…..။ မမြဝေ နားလည်ထားသည်မှာ ဆောင်းသည်ရောက်ခဲ့ပြီ။ စိတ်ကူးယဥ် အိပ်မက်ကလေးများအား လက်ဆောင်ပေးတတ်သည့် ဆောင်းညသို့ ရောက်ရှိတိုင်းတွင် သူမသည် ကြေကွဲစွာငိုမိသဖြင့် ငယ်ရွယ်နုနယ်စဥ်မှာ ပြုံးဝင့်ပေမယ့်လည်း သူမ၏ စက်ရာခန်းတွင်တော့မူ အရေးမပါသော ဆောင်းည၏ ငွေလအား အမြဲတမ်း မျက်ရည်ဖြင့် ဆီးကြိုခဲ့ရပါသည်။

အမှန်မှာတော့ မမြဝေ၏ မျက်ရည်ကျဖွယ်ရာသည် တခုတည်းသော နွေနှောင်းရက်၏ ငွေလရောင်တွင် မွေးဖွားခဲ့သည်။ ဒါပေမဲ့ နှင်းမှုန်ကလေးတွေ ပျံ့လွင့်သည့်နွေ….ပြာသောမိုးပြင်သန့်အောက်မှ ဆောင်းဆန်သော နွေနှောင်း….၊ မမြဝေအဖို့တော့ကာ ဆောင်းနှင့် နွေသည် အရေးမပါပါ။ သူမ ဂရုတစိုက် လွမ်းမိနေတာကတော့ နှင်းဦး နှင့် လေရူး၊ ငွေလွှာ နှင့် မိုးပြာ…။

အပေါ်ယံလွှာဖြင့်သာ အုပ်ဆိုင်းထားသော အိမ်ကြီး အိမ်ကောင်းပေါ်ဝယ် ဆံပင်တဝက်ဖြူနှင့် မိန်းမချောတဦးသည် ဆောင်းည၏ အလှအပတို့အား ငေးမျှော်ရင်း ကြေကွဲစွာ ငိုကြွေးနေစဥ် အုံးစက်ရာဝယ် လင်သည် ပါမောက္ခကြီးသည် ဆိတ်ငြိမ်စွာဘဲ အိပ်မောကျပါပကော။
———————————————————————

စက်ရာခန်းဝယ် ချစ်လင်သည် အိပ်မောကျနေခိုက် မမြဝေက ည၏ ပြန့်ပြောခြင်းတွင်
တယောက်တည်း ခြေဦးတည့်ရာ သွားနေလိုက်သည်။
နာမည်ကောင်းယူခြင်းနှင့် ဟန်ဆောင်မှုတို့၏ အလွှမ်းမှ ရုန်းကန်ကာ မမြဝေသည် ငွေလရောင်မှ ည၏ အလှနယ်တွင်းသို့ပဲ တိုးဝင်လာခဲ့သည်။

မသိနိုင်သော အရပ်ဆီမှ တိုက်ခတ်လာသော လေနုသည် နားမလည်နိုင်သော တီးတိုးသံကို ရေရွတ်ရင်း တိုးညင်စွာ တိုက်ခတ်နေသည်။

ကန်တော်ကြီးရေစပ် ကျောက်တုံးတခုပေါ်တွင် အသာထိုင်ကာ လတ်ဆတ်သော လေနုအား ငြိမ်သက်စွာ ရှုရှိုက်ရင်း ည၏အလှကိုပဲ ငေးနေမိသည်။

အပြစ်ကင်းသော နွေနှောင်းညတာ မိုးပြာ တွင်မူ ကြယ်ပွင့်ကြယ်ခိုင်ကလေးများသည် ပြွတ်သိပ်စွာ တောက်ပနေကြသည်။

မိုးနှင့်ဆောင်း၏ နောက် ပြန်လည်ဆန်းသစ်စ လနှင့်ကြယ်တို့၏ မှန်ကြည့်ရာ ကန်ရေပြင်ကလည်း တည်ငြိမ်လှသည်။ အလျားမှောက်နေသော ကျွန်းရိပ် ကျွန်းဆွယ်တို့ကို လွန်သွားပြန်လျှင်တော့ ဝေးသော မိုးကုပ်စက်ဝိုင်း၏ အစပ်တွင် တောင်တန်းရှည်ကြီးများသည် ရေးရေးရပ်တည်နေကြသည်။

သစ်ရိပ်တို့က မြေမှာ နက်ရှိုင်းစွာ ကျရောက်နေခိုက် မမြဝေသည် ရေစပ်ကျောက်တုံးပေါ်တွင် မတုန်မလှုပ်နှင့် ထိုင်လျက်ရှိပါသည်။

စက်ရာခန်းမှာတော့ ဦးသန့်ထွတ်သည် အိပ်မက်ထဲဝယ် အပွင့်မှ ကလေးမွေးသော အပွင့်ဆန်းတမျိုးကို ရှာဖွေတွေ့နေကောင်း တွေ့နေပေလိမ့်မည်။ ဒါပေမဲ့ သူရဲ့ ချစ်လှစွာသော မမြဝေကတော့ ည၏လှပခြင်းကို ငေးနေသည်။

တကယ်ဆိုတော့လည်း ဦးသန့်ထွတ်အား သူမအသက်၂၀ အရွယ်ကတည်းက အသက်၁၅နှစ် ပိုကြီးမှန်းသိပေမယ့် သဘောရှိ စိတ်ကြိုက်ရွေးချယ်ခဲ့ပြီးမှ လက်ထပ်ခဲ့သော လင်ဖြစ်ပါသည်။

မှန်ပါသည်။ အောက်ဖို့စ်တက္ကသိုလ်မှ ရုက္ခဗေဒပါရဂူဘွဲ့ကို ဆွတ်ခူးခဲ့သော ပါမောက္ခဦးသန့်ထွတ်အား(စာရေးဆရာပေါက်စ ကိုမြညွန့်ကို ငြင်းပယ်လိုက်ပြီး) ဒုတိယနှစ် ဥပစာသိပ္ပံတန်းမှ မမြဝေသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် လက်ထပ်ခဲ့ပါသည်။

ဦးသန့်ထွတ်သည် ကိုမြညွန့်လောက် နွဲ့နှောင်းပြေပြစ်မှု မရှိသော်လည်း ခံ့ညားမွန်ရည်သည့် အသက်၃၅နှစ်သာ ရှိသေးသော ပရော်ဖက်ဆာကြီးဖြစ်လေသည်။ ပြီးတော့ ဆီဒင်ကား၊ ရေဒီယိုတို့ကိုပေးနိုင်ပြီး တကယ့် မင်းပွဲသဘင်မှာလည်း ဝင်ဆံ့ပါသည်။ သည်ဟာတွေဟာ ချစ်စရာတွေဘဲ မဟုတ်လား။ သူမချစ်သော ဦးသန့်ထွတ်တယောက်ကလည်း အင်မတန်မှပဲ စိတ်သဘောထားနူးညံ့ပြီး မယားအပေါ် အလိုလိုက်လှပါသေးသည်။ သူမနှင့် ဆက်ဆံရာမှာတော့ သိမ်မွေ့လှပါသည်။

ဒါကြောင့်မို့လည်း သူမအား ဆီဒင်ကား၊ ရေဒီယိုတို့ဖြင့် ခြံရံကာ လောက၏ လူကြီးလူကောင်းကတော်အဖြစ်နှင့် ပြုစုနိုင်စွမ်းသော ဦးသန့်ထွတ်အား သူမ၏ မိခင် ယုယမှုနှင့် မျက်ရည်တို့ လိုလားလာသည့်တိုင်အောင် အိပ်ရာ၌ ဗုန်းဗုန်းလဲနေသည့် လူမမာကြီးဖြစ်ပါစေလို့ပဲ တခါတရံ မမြဝေသည် ရူးရူးမိုက်မိုက် တောင့်တခဲ့မိပါသေးသည်။

ချစ်ပါသည်။ ဦးသန့်ထွတ်အား မမြဝေချစ်ပါသည်။
ဟိုတုန်းကတော့ သိပ်ချစ်ခဲ့ပါသည်။ ယခုတော့ သူမသည် ယုယလွန်းသော ဦးသန့်ထွတ်အား ငြီးငွေ့လာပါပြီ။ ဦးသန့်ထွတ်သည် အေးချမ်းလွန်း၍ ရိုးသားလှပါသည်။ နူးညံ့သိမ်မွေ့လှသည့် မိန်းမသားတို့၏ အသည်းနှလုံးမှ လှုပ်ရှားတက်ကြွလာသော ရမ္မက်လှိုင်းတွန်းကလေးတွေကို တုံ့ပြန်တတ်ရမှန်းမသိအောင်ပဲ ဦးသန့်ထွတ်က ရိုးသားလှပါသည်။

အဲ့ဒီ လူရိုးလူအေးကြီး၏ ပျော့ပျောင်းသော အပွေ့အနမ်းတို့ ပိုမိုကြမ်းတမ်းလာသည့် အဖြစ်ကိုလည်း မမြဝေ တောင့်တမိပါသေးသည်။ ယုယခြင်း၊ ကြင်နာခြင်းတို့သာ တည်မြဲသော ဦးသန့်ထွတ်၏ ပြောင်းလဲမှုကို သူမသည် တောင့်တမိပါသေးသည်။

နောက်တချက် ဦးသန့်ထွတ်သည် အနုပညာဆို၍ ဘာတခုမျှ နားမလည်ဘဲ အင်မတန်မှ လက်တွေ့ဆန်ပါသည်။

မမြဝေက ကဗျာဆန်ချင်သည်။ သူမ ပူဆာ၍ဘဲ ယခုနွေ တလျှောက်တွင် မေမြို့ရှိ ကန်တော်ကြီးနားမှ တဲအိမ်တအိမ်၌ လာရောက်အနားယူနေပါသည်။

အင်မတန်မှ လှပသော မေမြို့ ကန်တော်ကြီး ၏ရေစပ်တွင် သူတို့မောင်နှံသည် လမ်းလျှောက်လျက် ရှိခဲ့ကြသည်။ လတ်ဆတ်သော တောင်မြင့်လေ၏ အလွှာမှာ တိုးဝှေ့ လျှောက်ရင်းက ဟို- မိုးကုပ်စက်ဝိုင်းအစပ်ဆီမှ တောက်ပသော တောင်တန်းတို့၏ မြအရိပ်ဝယ် ငြိမ်သက်စွာပဲ လျောင်းစက်နေသည့် ရွာစုကလေးများကို စမ်းချောင်းနှင့် တောအုပ်တို၏ အရံအတွင်း၌ ဝင်လုဆဲ နေရောင်မှာ ကြည်နူးစွာပဲ တွေ့ကြရခဲ့ပါသည်။

“နော် …..ကိုကိုသန့်ရယ်၊ လှလိုက်တဲ့ရှုမျှော်ခင်းကလေးပါဘဲကွယ်၊ အို… ဝေ့ကို မွှေးမွှေးပေးဦးလေ”

ကဗျာဆန်သော မမြဝေက ချစ်လင်၏ လက်မောင်းကို လှုပ်ယမ်းကာ နွဲဲ့နွဲ့ကလေး ပူဆာလိုက်သည်။

အဲ့တာကို ဦးသန့်ထွတ်က ရယ်နေလိုက်သည်။ ရုက္ခဗေဒပါမောက္ခကြီးက မသိနားမလည်သော ကလေးငယ်အပေါ် ရယ်နည်းမျိုးဖြင့် ကြင်နာစွာ ရယ်လိုက်သည်။

“ဝေလေးက Land Scape(ရှုမျော်ခင်း)ကို လှတယ်ထင်ရုံနဲ့ ကိုကိုသန့်က ဘာလို့ မွှေးမွှေးပေးရမှာလဲ ကွယ်”

ပါမောက္ခကြိီးက သူ၏ ဇနီးပျိုအား ယုယစွာသရော်၍ ရယ်နေသည်။ သည်ဟာ မမြဝေ၏ အသည်းကို ဖျစ်ဖျစ်မြည်သွားစေခဲ့ပါသည်။

တကယ်ဆိုတော့ စိတ်ကူးယဥ်တတ်သော မမြဝေအတွက် လှပသော ပတ်ဝန်းကျင်၏ အညို့မှာ ချစ်သောသူချင်း၏ ယုယမှုသည် ပို၍ပဲ အသက်ပါရမည်ဟု ယုံကြည်ထားပါသည်။

ယခုမမြဝေ၏ ကဗျာဆန်မှုကို ဦးသန်ထွတ်သည် သရော်ခဲ့ပြီးပါပြီ။ သည်အချိန် ကလေးက စတင်ပြီး မမြဝေသည် ဦးသန့်ထွတ်၏ သေသော ယုယမှုများအား စိတ်ပျက်မိခဲ့သည်။

ဒါကြောင့်လည်းပဲ ဟန်ဆောင်မှုနှင့် နာမည်ကောင်းယူခြင်းတို့၏ ပျောက်ကွယ်သော နောက်၌မူ အုံးစက်ရာဝယ် အိပ်ပျော်နေသော လင်သည်အား စွန့်ပစ်ခဲ့ကာ ည၏အလှအပနယ်တွင်း မမြဝေသည် တယောက်တည်းဘဲ တိုးဝင်လာခဲ့ပါသည်။

ခေါင်တီးသော ကျောက်တုံးပေါ်မှ ဆင်းကာ မမြဝေသည် ခပ်ရိုင်းရိုင်းပေါက်သော မြက်ခင်းပေါ်မှာ ထိုင်လိုက်ပြန်သည်။

ပြည့်ဝန်းသော ငွေလသည် သန်းခေါင်မိုးပြင်ဝယ် ၊ သူမကိုယ်ကို ဟန်ရေးပြနေသည်။ ရှည်လျားမြင့်မားသော တောင်တန်းကြီးတို့ကလည်း နှင်းဖုံးသော အထွတ်တို့ဖြင့် တောက်ပသည့် ငွေသရဖူများအား ဆင်ထားလေရော့သလား အောက်မေ့ရသည်။

ကန်ရေပြင်မှာလည်း အင်မတန်မှ သေးငယ်စိတ်ဖြာ ပျံကျသည့် လှုပ်ရှားမှုကလေးများဖြင့် ဖိတ်ဖိတ်လဲ့နေသည်။

မမြဝေသည် လရောင်ရိပ် မြက်ခင်းပေါ်တွင် မတုန်မလှုပ်ထိုင်နေသည်။ လှုပ်ရှားသော လေနုလေသန့်ကလည်း အေးချမ်းလှသည်။ထိုစဥ် သိမ်မွေ့သော တယောသံနှင့် အဆိုသည် လူးကာလွန့်ကာနှင့် လေထုမှာ ကူးခပ်၍ လာနေပါသည်။
မမြဝေကတော့ မြက်ခင်းပေါ်မှာ မတုန်မလှုပ်နှင့်။

“ဗဟိုမြွက်သံ-တကိုယ်စက်ရန်-ညင်းလေကထန်”
နူးညံ့လိုက်တဲ့ ဂီတ။
“ယုန်ပျံလေ…ပဝင်း…..ရွှေလမင်း….”
ညောင်းနွဲ့သည့် ထံတျာနှင့်အတူ သီချင်းသံသည် ပတ်ဝန်းကျင်မှာ ဝေထွက်နေသည်။
“နဝင်း…လဲ့-လဲ့သာကြူ….တည့်မွန်းလ….သီတဂူ…”
တယောရှင်ကတော့ ဆောင်းဆန်သော မေမြို့၏နွေနှောင်းညကိုပဲ ဖွဲ့နွဲ့နေပါပြီ။
“ဆောင်လေသာပြတင်း……တယောက်ချင်း ခုထထိုင်”

မမြဝေကိုများ ဆိုလိုပါသလား။

မှားပါသည်။ ဆောင်လေသာပြတင်း မှာ မဟုတ်ဘဲ၊ လရောင်အောက် မြက်ခင်းပေါ်မှာ အိမ်ထောင့်ရှင် ပျိုဖြူချောသည် ငေးငိုင်နေပါသည်။ ညဆိတ်ဆိတ်မှာ တယောသံက နွဲ့လွန်းလှသည်။

အဲ့သည် အခိုက်အတန့်မှာ ဆွေးမြည့်သော စိတ်ကူးယဥ်ခြင်းဖြင့် မမြဝေတယောက်တော့ ကျယ်ပြန့်သော ရေပြင်ကိုသာ ငေးကြည့်နေမိသည်။

ထူးဆန်းသော တောင့်တမှုသည်လည်း သူမ၏ အတွင်းသဏ္ဉာန်အတွင်းသို့ တိုးဝင်လာပေသည်။ မမြဝေကတော့ စိတ်ကူးယဥ်အချစ်ကို တောင့်တနေမိသည်။ ဆိတ်သုဥ်းသော သူမ၏ ဘဝအတွက် တော်လှန်ရေးတခုကိုသာ မျှော်လင့်နေမိပါသည်။
“အို….လရောင်ဖြန်းသည့် ရေပြင်ကမ်းပါးမှာ၊ သူမချစ်သော သူတဦး၏ လက်မောင်းတွေရဲ့အကြားမှာ ခပ်လျလျကလေး မှီမနေရတော့ဘူးလား။
အင်မတန်မှ ထိခိုက်ပြီး အရသာပြည့်စုံလှသည့် အနမ်းတို့၏ အထွေးအား သူမ၏ နှုတ်ခမ်းလွှာကလေးတွေပေါ်မှာ မခံစားရတော့ဘူးလား။
သည်လိုငမ်းငမ်းတက်ရမ္မက်တို့ဖြင့် ဝေလျှံနေသော အပွေ့အနမ်းတို့အတွက် သဘာဝက ဖန်းတီးပေးထားသည့် ညမျိုးက ချစ်သူချင်း နွဲပြိုင်တတ်ကြသည့် စွန်းစားခြင်းမျိုးကို မကြုံရတော့ဘူးလား။

သနားစရာ မိန်းမပျိုတဦးကတော့ ငွေလရောင်အောက်မှ ထက်သန်သော မုန်တိုင်းချစ်အား တောင့်တ၍မရသည်၏ အဆုံးမှာ အရူးသဖွယ် ငိုးကြွေးချလိုက်သည်။

စက်ရာခန်းတွင် အိပ်မောကျ ကျန်ရစ်သောလင်သည်၏ ဝေးရာ လရောင်ရိပ်မှ မမြဝေကမူ ရှိုက်ကာငိုကြွေးနေရရှာသည်။

–———————————-

“သြော်”

တစုံတယောက်က သူမ၏ နောက်ပါးမှ အံ့သြလိုက်၏။

“သြော်” တဲ့။

မမြဝေ အလန့်တကြည်း လှည့်လိုက်မိသည်။ တယောပြားကလေးပိုက်၍ ရပ်နေသော နုထွားထွား ယောက်ျားပျိုတယောက်။
“အို…ခင်ဗျား ငိုနေတယ်နော်၊ ဘာများဖြစ်လို့ပါလိမ့်မလဲ ခင်ဗျာ”

ပုလဲဥကလေးတွေ တွဲရွဲရွဲနှင့် လှပသော မိန်းမပျို တဦး၏ ချစ်စရာအမဲ့ကလေးကိုငေးရင်း သူက ယုယစွာ ပဲ မေးနေလိုက်သည်။

သူ့ကိုလည်း ခွင့်ရက်ရှည်ဖြင့် အနားလာယူနေသော ဝတ်လုံးပေါက်စကလေးဟု မမြဝေ စောစောကပင် ရိုးရိုးရိပ်ရိပ်ဖြင့် သိဖူးပါသည်။

“ချစ်စရာကောင်းတဲ့ မေမြို့ညရဲ့ အလှအပကလေးတွေအတွက်တော့ မျက်ရည်ဟာ ရက်စက်လွန်းလှပါတယ်ဗျာ”

တယောပြားကလေးနှင့် စိတ်ကူးယဥ်လောကထဲမှ သူကတော့ မျက်ရည်ကြားထဲမှ အိမ်ထောင့်ရှင် ပျိုဖြူချော၏ အလှအပကလေးကို ငေးကြည့်နေသည်။

“အို…ငို-ငိုတာမဟုတ်ပါဘူး၊ ခေါင်းက်ိုက်လို့ပါ”
မမြဝေက ဗြောင်ညာလိုက်သည်။ တယောရှင်က ဘာမျှမပြောတော့ဘဲ ခပ်လှမ်းလှမ်းမှာ ထိုင်ချလိုက် လေသည်။

“ခင်ဗျားနာမည် မမြဝေမဟုတ်လား ခင်ဗျာ၊ ကျွန်တော့်နာမည်ကတော့ တင်မောင်ဆွေတဲ့”

သူက စတင်မိတ်ဆွေဖွဲ့နေလိုက်သည်တွင် မမြဝေကတော့ သူမအား သိနှင့်သော သူအား အံ့သြနေပါသည်။
“လှလိုက်တဲ့ ညကလေး ခင်ဗျ….နော်။ ဘယ်လောက်များ စိတ်ကူးယဥ် အိပ်မက်တွေမက်ဖို့ ကဗျာဆန်ထားလိုက်ပါသလဲ ခင်ဗျာ”

ဝတ်လုံတော်ရကလေးကတော့ ညကို ချီးမွမ်းနေလေသည်။ မမြဝေ မျက်ရည်ကျခဲ့သော ညကိုဘဲ လှလိုက်တာတဲ့။

“ခင်ဗျား အိပ်ချင်အိပ်ဖို့အတွက် လသာလွန်နေမယ်ဆိုရင် ကျွန်တော်တို့ စကားကလေး ဘာကလေး ပြောကြရအောင် ခင်ဗျာ “

သူကတော့ အင်မတန်မှ ယဥ်ကျေးသိမ်မွေ့လှသည်။ ဆန့်ကျင်ဘက်လိင်ရဲ့ သာယာမှုကလေးတွေကို နိုးကြားစေသည့် အညို့တို့ဖြင့်လည်း ဝေနေပါသေးသည်။

“စိတ်ဝင်စားမယ်ဆိုရင်တော့ ကြည့်စမ်းပါလား ခင်ဗျာ၊ အဖြူနဲ့အမည်း၊ အလင်းနဲ့အမှောင်ပဲနော် ညကလေးက”

သူသည် စိတ်ကူးယဥ်သမားသက်သက်ပဲ ဖြစ်ပုံရသည်။

“ကျွန်တော်တော့….. ခုလိုလသာလာပြီလားဆိုမှဖြင့် တယောကလေးတလက်နဲ့ ချမ်းလာတဲ့အထိပဲ လမ်းလျှောက်ရမှ ကျေနပ်တာပါဘဲ ခင်ဗျာ၊ မေမြို့မှာပဲ ဖြစ်ဖြစ် လောကရဲ့ တနေရာမှာပဲဖြစ်ဖြစ်”
ဝတ်လုံတော်ရကလေးက သူ့အကြောင့်တွေကိုချည်း စတင် ပြောနေပါသည်။ သည်ပရိယာယ်မျိုးကိုဘဲ ဒေလ်းကာနက်ဂျီက လူညွန့်ခူးစားနည်းကျမ်းမှာ ချီးမွမ်းထားတာဘဲ မဟုတ်လား။

မမြဝေ၏ မျက်ရည်တို့တော့ အစီးရပ်ခဲ့ပါပြီ။ ရှိုက်သံကလေးတောင်မှ ရပ်လုလု။
“ကြယ်ပွင့်တို့ရဲ့ ရောင်လက်တွေကို ရေကြည့်လိုက် ကြန့်ပြောတဲ့ လောကကိုပဲ ငေးလိုက်နဲ့ မမြဝေကတော့ကော ခင်ဗျာ”

သူသည်ပါးနပ်စွာပင် မမြဝေအား ဆွေးနွေးခြင်းထဲသို့ ဆွဲခေါ်လာသည်။
“အို….ကျွန်မကတော့ လရောင်မှာ တခါဖူးမှ ခုလို ထိုင်မနေခဲ့ဖူးပါဘူး”
မမြဝေက စကားပင် တုန့်ပြန်နေလိုက်ပါပကော။
“ဘုရားရေ….ခင်ဗျား ခါတိုင်းတော့ ညရဲ့ အလှအပကလေးတွေကိုများ မေ့ချန်ထားခဲ့လေသလား မမြဝေ”

“ညရဲ့လှပခြင်းဆိုတာဆိုတာက ဘာကိုဆိုလိုပါသလဲရှင်”
သူက အေးချမ်းစွာပြုံးလိုက်သည်။

“အဲ့ဒီ မေးခွန်းဟာတော့ ခက်လှပါခင်ဗျာ၊ တကယ်တော့ကလည်း အလှအပအစစ်ကို ရသပေါ်ဖူးမှလည်း လောကထဲက တကယ့်ချစ်စရာကလေးတွေကို ဖော်ထုတ်နိုင်ပါလိမ့်မယ် မမြဝေ”
သူကလေးနက်စွာပြောပြနေသည်။
“ဒီလောကကြီးမှာ ဟန်ဆောင်မှုတွေဟာ များလှပါတယ်ဆိုရင် မမြဝေ ဘယ်လိုပြောမလဲ ခင်ဗျာ”
“ရှင်”
“သြော်…. တချို့လူတွေက ဟန်ဆောင်မှုကို အမှန်တရားထင်ပြီး လောကကို ပြောင်းပြန်ကြည့်နေတတ်ကြတယ်၊ ကြည့်စမ်းပါလားခင်ဗျာ၊ လနဲ့ ကြယ်တွေဟာ အသည်းကို ကယက်ထစေတဲ့ ရွန်းမြခြင်းနဲ့ ပြုံးဝင့်နေကြပါပြီ၊ တောနဲ့တောင်တွေမှာလည်း လရောင်အောက်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေပြီလေ”
သူသည် ညကို ထပ်လို့ပဲ ချီးမွမ်းနေသည်။

“ဒီလိုသတ္တဝါတွေအပေါ်မှာ စိုးမိုးမှုရှိတဲ့ ပတ်ဝန်းကျင်ရဲ့ အညှို့ကို ကျောခိုင်းပြီးတော့ လူတွေ အသိအမှတ်ပြုထားတဲ့ မြင့်မြတ်မှုနဲ့ လေးနက်ခြင်းဆိုတာတွေမှာသာ ဇွတ် နစ်မြုပ်နေတဲ့သူတွေ အဖို့တော့ ညရဲ့ ငွေလရောင်ဟာ ဗလာသာပဲ ဖြစ်တော့မပေါ့ဗျာ”
“ရှင်ဟာ စိတ်ကူးယဥ်ခြင်းကိုဘဲ ချီးမွမ်းနေသလားဟင်”
“သဘာဝက လက်ဆောင်ပေးတဲ့အလှအပကို သစ္စာရှိရှိနဲ့ တုန့်ပြန်မှုပြုသူကို စိတ်ကူးယဥ်တယ်လို့ အပြစ်ဆိုမယ်ဆိုရင်တော့ သတ္တဗေဒသတ္တဝါတွေရဲ့ လက္ခဏာရပ်ဖြစ်တဲ့ ပြင်ပတွေထိမှုကို တုန့်ပြန်ခြင်း သဘောတရား(Phenomennon of Irritability)ကို မယုံရာရောက်မနေပေဘူးလား ခင်ဗျာ”

မမြဝေပြုံးလိုက်သည်။ သူ့ philosophy ကို စိတ်ဝင်စားလိုက်ခြင်းဖြစ်ပါသည်။

“တကယ်လို့ ရှင့်အယူအဆနဲ့ ကွဲလွဲနေသူတဦးကို အဖော်အဖြစ်နဲ့သာ ကြုံရရင် ညရဲ့လရောင်ဟာ ဘယ်လောက်များ စိတ်ပျက်စရာ ကောင်းလိမ့်မလဲ ကိုတင်မောင်ဆွေ”
“အဲ့ဒီ အဖော်ဆိုတာ က….”
“တသက်ပန်အဖော် ဆိုရင်တော့ကောရှင့်”
“သြော်..သြော်၊ သည်အတွက်တော့က ပေါင်းသင်းခြင်း(organization) မပြုခင် အရေးကြီးဆိုးဖြစ်တဲ့ သဘာဝ(nature) ချင်းတူမှုကို စဥ်းစားဦးမှပါပဲ ခင်ဗျာ”

“အချစ်ဆိုတာရဲ့ ဆန်းပြားမှုကိုတော့ ရှင်မေ့နေပြီထင်တယ်”
” အိပ်ချ်ဂျီဝဲလ်စ် ကတော့ အချစ်ဆိုတာဟာ ကြောင်းကျိုးဝေဖန်မှု၊ စိတ်ဝင်စားမှုနဲ့ ရှင်းပြပြောဆိုမှုများက ပေါက်ဖွားလာတယ်လို့ ဆိုခဲ့တယ် မဟုတ်လား ခင်ဗျာ”
“ဒါပေမဲ့….. ဟန်ဆောင်တဲ့လောက ကြီးထဲက အချစ်ဆိုတာကကော မာယာမများတတ်ပါဘူးလား ကိုတင်မောင်ဆွေ”
မမြဝေက ဟာသကလေးပင် ညှပ်ကာပြောလိုပင်နေပါပြီ။

“ဒါကြောင့်လည်းပဲ မောပါဆွန်က တခါတရံ ကိုယ်သိပ်ချစ်တယ် ထင်တဲ့သူဟာပဲ ကိုယ့်ကိုတကယ်မချစ်တဲ့လူတယောက် ဖြစ်နေတတ်တယ်လို့ သတိပေးခဲ့ပါသေးတယ် မမြဝေ”
သည်ဟာကိုတော့ မမြဝေ နှစ်ခြိုက်သည်။ ခုမှပဲ သူမ၏ ဘဝမှန်ကို မြင်ယောင်လာသည်။
“ကျွန်တော်နဲ့ ဘဝချင်းမတူတဲ့ သူနဲ့သာ ဆုံရင်လား အို…. မတူမှန်းသိတဲ့အချိန်မှာ ကျွန်တော်ချစ်တဲ့ လောကထဲကို တယောက်တည်းထွက်ခဲ့မှာပေါ့”
သူက အသာအယာဘဲ ပြုံးနေပါသည်။
“အဲ့ဒီမှာတော့ ကျွန်တော်နဲ့ ဘက်ညီသူ တဦးဦးကို တွေရပါလိမ့်မယ်ပေါ့ခင်ဗျာ”
တယောရှင်က သူမအား ငေးငေးကြည့်နေသည်။
မမြဝေကလည်း ရည်ရွယ်ချက်ကင်းမဲ့စွာနှင့်ပင် သူ့အားပြန်ကြည့်နေမိသည်။
သူသည် ဆက်လက်က ရှိတ်စပီးယာစ်၏ နွေလယ်အိပ်မက်နှင့် အချုပ်တန်းဆရာဖေ၏ အချစ်ကဗျာများကို ပြောဆိုရွတ်ပြနေသည်။
ဒါပေမဲ့ မမြဝေကတော့ သူ့စကားရပ်များကိုသာ ပြန်လှန်တွေးတောနေမိပုံရသည်။

“ကျွန်တော်နဲ့ ဘဝချင်းမတူတဲ့ သူနဲ့သာ ဆုံရင်လား’တဲ့ ၊ သူကပြောရင်းပြုံးလိုက်မိသေးသည်။

“အို….မတူမှန်းသိတဲ့အချိန်မှာ ကျွန်တော်ချစ်တဲ့ လောကထဲကို တယောက်တည်း ထွက်လာမှာပေါ့”တဲ့၊ ဘယ်လောက်များ တာဝန်မဲ့လိုက်သော လူပါလိမ့်။
“အဲ့ဒီတော့ ကျွန်တော်နဲ့ ဘက်ညီသူ တဦးဦးကို တွေ့ရလိမ်မယ်ပေါ့ဗျာ”
သူ့စကားအဆုံးမှာ မမြဝေအား ငေးလို့သာကြည့်နေရှာသည်။
တကယ်ဆိုတော့ အင်မတန်မှ သေသော အချော့အမြှူတွင် လူကြီးလူကောင်းကတော်အဖြစ်နှင့် မျက်ရည်ကျခဲ့ရသည့် မမြဝေရယ် သည်ညမှာမူ အပျိုဖော်ဝင်စဥ်စဦးည၏ အိပ်မက်ကလေးများကိုပင်ပြန်၍ ရင်ဆိုင်နေရသည်။

နှင်းနုတို့၏ အာရုံမှာ လေရူးသည် ကွေ့ကာပတ်ကာနှင့် ပြေးလွှားဆော့ကစားနေသည်။ လရောင်အောက် တောတောင်ရေမြေအားလုံးကလည်း တောက်ပလို့သာပဲ နှစ်ဥိီးသားမူ တိတ်ဆိတ်နေကြသည် ။

သူသည် တယောငယ်ကို ဆော့ကာ ဆော့ကာနှင့် တေးထပ်တပုဒ်အား စမ်းနေသည်။
စက်ရာတွင် အိပ်မောကျနေသည့် ပါမောက္ခကြီး၏ လူကုံထံ ဇနီးပျိုနှင့် ဂုဏ်သရေရှိသော ဝတ်လုံတော်ရကလေးတို့သည် လရောင်အောက်မှာ နှစ်ယောက်တည်းသာ ရှိကြသည်။

“ရွှေမျက်နှာ…တပုံ့ပုံ့ တပြုံ့ပြုံ့ ရှုသူ”
နှင်းမြူတို့ပျံ့လွင့်သော မေမြို့ ၏ ညတညသည် အေးချမ်းလှ၍ ဦးကျော်လှ၏ ကဗျာသည်လည်း သည်ညမှာ ပြုံးဝင့်နေပါသည်။

“တနုံ့နုံ့ သူ့အမူမှာ သူမတူ တခြား”
အဆိုနှင့် အတီးကလည်း နွဲ့လွန်းလှသည်။
“အအိုလို့ ဆိုသာဆိုတယ် -အပျိုပင် မှီအုံးမလား”

မြှောက်လိုက်တဲ့ စာဆိုကလည်း မမြဝေတော့ နည်းနည်းရှက်နေပါသည်။ ဂီတသံပဲ့တင်ထပ်ဖြင့် ညသည် အင်မတန်မှပဲ ချစ်စရာကောင်းနေသည်။ လေရူးသည် သိပ်သည်းလှပါသည်။ စူးရှသော သည်လေ၏ အတွေ့သည် ဖြစ်နိုင်သော အကြောင်းခံ မရှိပါဘဲနှင့် နက်နဲစွာ အာရုံခံစားမှုအား ထိခိုက်အောင်ပင် ဆော့ကစားနေသည်။
အတောကလေးတွေ ၊ အလှိမ့်ကလေးတွေနှင့် တယောသံသည် ဆက်လက်ရင်ရှုနေပါသည်။ အရှိုက်အဟဲတို့ဖြင့် အဆိုကလည်း တမြည့်မြည့်။
အဲ့သည့်အခိုက်မှာတော့ မမြဝေ၏ အသည်းလွှာသည် ဘယ်လောက်မျာ အာရုံခံစားမှုကို သိတတ်နေပါလိမ့်၊ ဘယ်လောက်များ ဂယက်ထနေပါလိမ့်။
“အောင်နိုင်သူ စစ်တိုက်ထင်သည်၊ ကြင်လိုက်ချင်စမ်းပါဘိလေး…”
မောင်က တေးကိုချူနေပါသည်။ မေကတော့ရှက်နေပါသည်။ အဆုံးမှာတော့ ဝေဒနာတက်သော မျက်လုံးနှစ်စုံသည် လရောင်မှာ ငြိမ်သက်စွာ ဆုံမိနေကြသည်။ နှစ်ဦးသား နားလည်စွာနဲ့ဘဲ တဦးကို တဦး ငေးကြည့်နေကြပါသည်။ ညသည် တိတ်ဆိတ်သည်။

မမြဝေ၏နှာခေါင်းတွင် မောင်၏ ခေါင်းလိမ်းဆီနံ့ မွှေးပျံ့နေပါသည်။ နွေးလိုက်တဲ့ လေထုကလည်းပဲ….။

ဂီတသံလည်း ပျောက်ကွယ်သွားပါပြီ။ ဒါပေမဲ့ ပဲ့တင်သံကတော့ အသက်ရှင်ဆဲ။ သစ်ရိပ်တို့သည် မြေမှာ ရှည်လျားစွာ ကျဆင်းနေပါသည်။ လရောင်ကလည်း ပြိုးပြိုးပြောက်ပြောက်နှင့်။
လေ၏ အပွေ့တွင် ရေလှိုင်းနုတို့သည် မှေးလျက်ပါလာ၍ ကမ်းစပ်မှာ ကန်၏ အပြုံးကလေးတို့သည် ပေါက်ကွဲတော့သည်။

ပါမောက္ခကြိိီးတော့ အိပ်မောကျနေဆဲပင် ဖြစ်ပါလိမ့်မည်။ဘယ်ကြည့်လိုက် ကြည့်လိုက် ည၏ ငြိမ်သက်ခြင်းသည် မြည့်စွဲနေပါသည်။

ဂီတသံ၏ ပဲ့တင်သံတော့ကာ ဆုံးတော့မည်မထင်။ ငွေလရောင်ဟာလည်း အမြဲပဲ တောက်ပနေပါလိမ့်မည်။ ဒါပေမဲ့ သစ်ရိပ်တို့သည် မြေမှာ လျောင်းစက်နေကြပါသည်။
“အင့်….. ဟင် ကိုဆွေရယ်”
အို.. ကိုဆွေ့ကိုဘဲ လွမ်းရော့နေသလား။
တကယ်ဆိုတော့ ကြာခဲ့ပြီဖြစ်သဖြင့်
ငွေလရောင်မှ အိပ်မက်ကလေးသည်လည်း ဟောင်းနွမ်းလှပါပြီ။ မေမြို့နှင့် နွေနှောင်းသည်လည်း ဟို့….အဝေးမှာ၊ ဂုဏ်သရေရှိဝတ်လုံတော်ရကလေးသည်လည်း ဘယ်မှာပါလိမ့်။
ဒါပေမဲ့ မမြဝေရယ်တော့ ရန်ကုန်မြို့၏ တက္ကသိုလ်ရိပ်သာရှိ အိမ်ကြီးအိမ်ကောင်းပေါ်မှာနေ၍ ခြားနားသော ဆောင်းညအား မျက်ရည်ကျနေပါသည်။

တဖက်ခန်းတွင် အိပ်မောကျနေသည့် ပါမောက္ခကြီးထံမှ တချီ တချီတွင် နှလုံးရောဂါက ဖန်တီးပေးသော ထိတ်လန့်ယောင်ယမ်းသံများသည် ပေါ်ထွက်၍လာသည်။ ကိုတင်မောင်ဆွေ၏ တယောသံကလေးကိုတော့မူ ဟိုတညက နောက်ဆုံးထား၍မမြဝေ မကြားရတော့ပါ။
ပဲ့တင်သံ မပျောက်သေး။
“ဒီလောကကြီးမှာ ဟန်ဆောင်မှုတွေများလှပါတယ်”တဲ့ ။
သူက လောကကြီးကို အပြစ်ပြောခဲ့တယ်။

“တခါတရံ ကိုယ်သိပ်ချစ်တယ်ထင်တဲ့သူဟာဘဲ ကိုယ်တကယ်မချစ်သူ ဖြစ်နေတတ်ပါသေးတယ်”တဲ့။
သူမ၏ ဘဝအမှန်ကို ညွန်ပြခဲ့ပါသေးသည်။
ပြီးတော့ ဂီတနှင့်ကဗျာ၊ ညသည်လည်း နှင်းမှုန်တို့ဖြင့် ချစ်စရာကောင်းလှပါသည်။ နောက်….မမြဝေ
တော့ မမေ့နိုင်တော့ပါ။ မမေ့နိုင်လို့ဘဲ အင်မတန်မှ နုပျိုလှသေးသော အသက်၂၄နှစ်တွင် ဆံပင်တဝက် ဖြူခဲ့ရပါပြီ။ အထူးသဖြင့် မေမြို့၏ နွေနှောင်း နှင့်တူလှသော ဆောင်းဦးဆီကို ရောက်ပြီလားဆိုမှဖြင့် မမြဝေသည် အမြဲတမ်း မျက်ရည်ကျခဲ့ရသည်။

အို….တသက်လုံးပဲ နှင်းဦးတို့အား မျက်ရည်ကျဖြင့်ကြိုရတော့မည်။ မေ့ပျောက်တော့မည် မဟုတ်တော့သော လရောင်မှ အိပ်မက်ကိုသာ တမ်းတနေရပါတော့မည်။
လင်သည် ပါမောက္ခကြီးကတော့ စက်ခန်းဝယ် အိပ်မောကျနေဆဲပါဘဲ။ သူ၏ ချစ်လှစွာသော ဂုဏ်သရေရှိဇနီးသည်က ဆောင်းည၏ လေသာပြတင်းတွင် ချုံးချလို့ပဲ ငိုကြွေးနေပါသည်။
———————————-

“အဲ့ဒါပါဘဲရှင် ကိုဘုန်းနိုင် အချစ်စစ်ဆိုတာဟာ တွေ့ရှိဖို့ ခဲ့ယဥ်းသလောက် ဆန်းလည်းဆန်းပြားလှပါတယ်”
ကျွန်တော်၏ သူငယ်ချင်းမ(မကြာမီ နှလုံးရောဂါဖြင် ကွယ်လွန်သွားသော ရုက္ခဗေဒပါမောက္ခကြ၏ ဇနီးဟောင်း)ဒေါ်မြဝေသည် သက်ပြင်းတချက်ရှိုက်လိုက်ရင်း သူမ၏ ဝန်ခံခြင်းကို အဆုံးသတ်လိုက်ပါသည်။
ပင်ကိုစုံစမ်းရာအကြောင်းဖြစ်သည့် အချစ်စစ်၏ ပုံသဏ္ဉာန်များအစား အထက်စားတို့၏ ဖောက်ပြန်မှုတရပ်ကိုသာ ကျွန်တော်ကြားခဲ့ရပါသည်။

“ဒါပေမယ့် သူမကတော့ ဖောက်ပြန်မှုကိုပဲ ဆန်းပြားသောအချစ်စစ်”တဲ့။
ကျွန်တော်ပြုံးမိပါသည်။
အသက်၂၅နှစ်လောက်နှင့် ဆံပင်ဖြူနေသော သူငယ်ချင်းမ၏သနားစရာကိုပဲ ပြုံးလိုက်မိသည်။
“ခင်ဗျားရဲ့ ချစ်သူအစစ်ဟာ ကိုတင်မောင်ဆွေလည်းမဟုတ်ဘူး၊ ကိုသန့်ထွတ်လည်း မဟုတ်ဘူး”
“ရှင်…. ဘယ်သူမှ မဟုတ်ဘူး”
ဒေါ်မြဝေ အံ့သြလိုက်ပါသည်။
“နို့… ဒါဖြင့် ဘယ်သူလဲ”တော်
စကားငါးလုံးနှင့်ပဲ ကျွန်တော် အမှန်ဆုံးထင်သောသူအား ပြောပြလိုက်ရပါသည်။ အမှန်ဆုံးဘဲ ဖြစ်ပါလိမ့်မည်။
“လရောင်နဲ့ အရိပ်” … လို့။

(Guy de Maupassant MoonLight ကိုမှီးသည်)

တက္ကသိုလ်ဘုန်းနိုင်
(တော်ဝင်မဂ္ဂဇင်း၊ အတွဲ-၁၊ အမှတ်-၆)
(၁၉၅၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ)