ဖျာပုံလှမိုးနွယ်
လိပ်ပုပ်တကောင်ဖမ်းမိခြင်း
ပုစဉ်းရင်ကွဲနှင့် ဖားကလေးများ၏ အော်သံသည် စီစီညံနေ၏။
လမသာ၍ အမှောင်ထုသည် ကြီးစိုးနေ၏။ မိုးသက်လေ တဖြူးဖြူး တိုက်ခတ်နေ၍ ရေလှိုင်းငယ်များ လှုပ်ရှားနေသည်။
ဝင်းစိန်သည် ထိုးဝါးငယ်ဖြင့် လှေပဲ့မှ ခပ်ဖြေးဖြေး ထိုးနေသည်။ မြသွေးသည် လှေဦးမှနေ၍ တက်တချောင်းဖြင့် မြေကိုထောက်လျက် လှေဦးကို ထိန်းပေးနေသည်။
မြသွေးက ရောက်လိုရာကို လှေဦးတည့်ပေးနေရခြင်း ဖြစ်သည်။ မြသွေး၏ မောင်ငယ် ဖိုးထီသည် လှေအလယ်တွင် ထိုင်လျက် မီးအုပ်ဆောင်းကို လေကွယ်ရင်း ဘေးစောင်းမြှင့်ပြနေသည်။
နေမဝင်မီကပင် မြသွေးတို့ မောင်နှမသည် လယ်ကြားရိုးချောင်းကလေးတွင် ပုဇွန်အရှင်စာဖြင့် ကိုင်းထောက်ထားကြသည်။ ငါးမိ မမိနှင့် ငါးစာပြုတ်သော ကိုင်းတံများအား အစာထပ်တပ်ရန် လိုက်ကြည့်နေကြခြင်း ဖြစ်၏။
မအိပ်မီ နှစ်ကြိမ် လိုက်ကြည့်ရန် ဖြစ်သည်။ ယခုအကြိမ်မှာ စတင်ထောက်ထားပြီး ပထမဆုံးအကြိမ် လိုက်ကြည့်ကြခြင်း ဖြစ်၏။
ရိုးချောင်းကလေးနှင့် တဲမှာ လယ်သုံးကွက်ကျော် ဝေးသည်။ ရိုးချောင်းထဲသို့ လယ်နှစ်ကွက်ခန့် ဝင်မိမှ ကိုင်းတံများ ထောက်ထားရာသို့ ရောက်၏။ တဲမှ မီးရောင်လက်လက်ကိုသာ လှမ်းမြင်ရတော့သည်။
လှေဦးရှေ့ နှစ်လံမျှကိုပင် မမြင်ရသော အမှောင်ထဲတွင် ဝင်းစိန်သည် လှေကို ခပ်ဖြေးဖြေး မှန်းထိုးပေးနေ၏။ မြသွေးသည် လှော်တက်ဖြင့် ထောက်လျက် လှေဦးကို ထိန်းပေးသည်။
“ဖိုးထီ မီးအုပ်ဆောင်း နဲနဲမြင့် မောင်လေး။”
မြသွေးက လေသံနှင့် ပြောလိုက်၏။
ဖိုးထီသည် ဖခင်ဖြစ်သူ၏ ပုဆိုးကိုဝတ်ထားရ၍ ဘိုသီဘတ်သီ မလွတ်မလပ် ဖြစ်နေ၏။ သို့ကြောင့် လုံချည်ကို လည်ပင်းတွင် နှစ်ပတ် ပတ်၍ စွပ်လိုက်ပြီး မတ်တတ်ရပ်၍ မီးအုပ်ဆောင်း ပြပေး၏။
မြသွေးသည် လှော်တက်ဖြင့် မြေကိုစိုက်လျက် လှေကို ရပ်လိုက်၏။ မြေကြီးတွင် ခပ်မျောမျော ထိုးစိုက်၍ ထောက်ထားသော ငါးမျှားတံတချောင်းသည် ဒိုက်မြက်များကြားတွင် မြုပ်လုမတတ် ပြားနေ၏။ မြသွေးက အဖျားမှကိုင်၍ ဆွဲနှုတ်ရှင်းဖော်လိုက်သည်။ ဒိုက်မြက်များဖြင့် လိမ်ပတ်နေသဖြင့် ငါးမျှားကြိုးမှာ တော်တော်နှင့် ဖော်မရ။
မြသွေးက လက်တဖက်ဖြင့် ရေထဲစမ်းကာ မြက်များကို နုတ်ပစ်မှ ငါးမျှားတံ ပြုတ်ထွက်လာသည်။ ငါးကား မရှိတော့။ လွတ်သွားချေပြီ။
“တော်တော်ကြီးတဲ့ငါးမို့ ကိုင်းတံပြားပီး မြက်တွေနဲ့လိမ်ရင်း လွတ်အောင် ရုန်းသွားနိုင်တာဟ။ တောက်… ကကတစ် ကြီးကြီးဖြစ်မှာပဲ။”
ဖိုးထီက လွှတ်သည့်ငါး ကြီးကြောင်းကို မကျေမနပ်နှင့် တက်ခေါက်ရင်း ပြောနေသည်။ မြသွေးမှာ ကိုင်းတံပြန်စိုက်လျက် ပုဇွန်ဘော့ချိတ်ကြီး တကောင်ကို ခါးမှာ ချိတ်လိုက်၏။
ပုဇွန်ဘော့ချိတ်ကြီးသည် တဆတ်ဆတ်ရုန်းနေသည်။ ရေထဲသို့ ချပေးလိုက်သောအခါ ဟိုမှသည်မှ ကူးရင်း ရုန်းနေပြန်၏။ သို့သော ငါးစာရှင်မျိုးမှ ကကတစ်တို့က ကြိုက်လေသည်။
မြသွေးသည် လှေကိုတွန်းလျက် ရှေ့ကို ဆက်စေသည်။ ဝင်းစိန်က ထိုးဝါးဖြင့် မြေကိုထောက်လျက် ခပ်ဖြေးဖြေး တွန်းပေး၏။ မီးအုပ်ဆောင်းသည် လှေဦးဆီသို့ လှည့်မရသဖြင့် ဘေးတိုက် လှည့်ထားရ၏။
မိုးသက်လေသည် တဟူးဟူး တိုက်ခတ်နေ၏။ သနပ်ခါးအဖွေးသား လိမ်းထားသော မြသွေးဆီမှ တိုးဝှေ့ လာနေသော လေကို ရှူရှိုက်မိ၍ သနပ်ခါးနံ့ သင်းသင်းကို ဝင်းစိန် သတိပြုမိ၏။ မီးအုပ်ဆောင်းထဲမှ မီးခွက်ရောင် တဝက်တပျက်တွင် မြသွေး၏ ညိုညက်ညက် အသားပေါ် သနပ်ခါး ခပ်ကြမ်းကြမ်း လိမ်းထားသည်ကို မြင်နေရသည်။
ဝင်းစိန်သည် ထိုးဝါးကို မြေမှ ဆွဲမနှုတ်ပဲ လှေကို အရှိန်သတ်လိုက်၏။ မြသွေးရှေ့ရှိ ရေပြင်သည် ရုတ်တရက် လှုပ်ရှားသွားပြီး ရေစက်ရေမွှာများ ခုန်ထလာ၏။
ခပ်ဝါးဝါး မြင်နေရသော ကိုင်းတံလေးသည် ဟိုမှ သည်မှ ယိမ်းထိုးရင်း ရေထဲသို့ နစ်မြုပ်မတတ် ပြား၍ ပြား၍ သွားသည်။ ဖိုးထီသည် နေရာမှရပ်လျက် မီးအုပ်ဆောင်းကို မြှင့်ပေးထားသည်။
မြသွေးသည် ကိုင်းတံမှ ငါးများကြိုးကိုဆွဲဖော်၍ လှေပေါ်တင်လိုက်သည်။ ငွေရောင်တောက်နေသော ကကတစ်ကြီးတကောင်သည် ငါးမျှားကြိုးတန်းလန်းဖြင့် လှေဝမ်းထဲတွင် သုံးလေးကြိမ် အားရှိသမျှ ခုန်လိုက်၏။
ကျင်လည်ဖြတ်လတ်သော မြသွေးသည် ကကတစ်ကြီးအား ခါးလယ်မှဆုပ်ဖမ်းလျက် နှုတ်ခမ်းသားတွင် စူးဝင်ချိတ်မိနေသော ငါးများအား ဖြုတ်လိုက်သည်။ ကကတစ်ကြီးမှာ တချက်မျှသာ နောက်ဆုံးခုန်ခြင်းအဖြစ် ခုန်၍ ငြိမ်သွား၏။
ဖိုးထီသည် ငါးကို ငုံ့ကြည့်ရင်း လေတချက် ချွန်လိုက်သည်။ မြသွေးက သူ့မောင်ကို လှည့်ကြည့်၍ ပြုံးနေ၏။
“မနက်စာတော့ ဖူလုံပြီဟေ့… သုံးဆယ်သားလောက်ရှိမယ်ကွ။”
“လှေကပ်နဲ့လဲ ဖိထားပါအုံးကွာ။ တော်ကြာ ခုန်ထွက်လို့ ဆုံးနေအုံးမယ်”
ဝင်းစိန်က စိုးရိမ်သံနှင့် ပြောလိုက်သည်။
“ဘယ်ခုန်နိုင်မလဲဗျာ။ ရေထဲမှာ ရုန်းရလွန်းလို့ အသက်ထွက်လုနေတာဗျ။ ဒီငါးမျိုးက ဒီလိုပဲ”
“ဝင်းစိန် ရှေ့ကိုတိုးဟေ့”
မြသွေးစကား အဆုံးတွင် ဝင်းစိန်က လှေကို တွန်းထိုးလိုက်သည်။ နောက် ကိုင်းတံတချောင်းဆီ ရောက်ပြန်သည်။ အစာကုန်နေ၍ တပ်ခဲ့ရသည်။ နောက်တချောင်းမှာလည်း မြက်ပင်များနှင့် လိမ်ပတ်နေ၍ မနည်းရှင်းပြီး ငါးစာတပ်ခဲ့ရ၏။
ဝင်းစိန်အဖို့ တနေ့လုံး ပင်ပန်းလာခဲ့၍ အတော်အိပ်ချင်နေပေပြီ။ မြသွေးတို့ မောင်နှမက မရမက ခေါ်သလို မိခင် ဒေါ်မြသွင်ကလည်း အဖော်လိုက်သွားရန် ပြော၍သာ လိုက်ခဲ့ရသည်။ သူသည်ငြိမ်သက်စွာ အနားယူချင်နေ၏။
ငါးတကောင် ရသောအခါတွင် ဝင်းစိန်မှာ အတော်အားတက်လာမိသည်။ ကိုင်းထောက်ခြင်းကိုလည်း စိတ်ဝင်စားနေ၏။
“ရပ်တော့ဟေ့ ဒီတချောင်း အပီးပဲ။ ဟောတော့ … ငါးမိနေတယ်ဟေ့၊ ဖိုးထီ မီးမြှောက်ပြ။”
မြသွေးသည် လှေဦးမှနေ၍ ကိုင်းတံကို မြင်လိုက်သည်နှင့် ဝမ်းသာအားရ လှော်တက်ဖြင့် လှေကို ဆွဲကပ်လိုက်၏။
သူ့ရွှေ့တွင် ခပ်ပြားပြားဝပ်နေသော ကိုင်းတံသည် လှေအနီး ရောက်သည်နှင့် ငါးမျှားကြိုးမှာ တဖက်သို့ ယိမ်းထိုးသွားပြီး အားနှင့် ဆောင့်ရုန်းခံလိုက်ရသဖြင့် ကိုင်းတံပါ ပြုတ်ပါမတတ် ဖြစ်သွား၏။
ငါးမျှားကြိုးကို ဖမ်းကိုင်၍ ဆွဲဖော်ရန် ဟန်ပြင်လိုက် သည်နှင့် ရေထဲမှ သတ္တဝါသည် အားနှင့် ဆွဲရုန်းလိုက်ပြန်ရာ ငါးများကြိုးသည် ရေကိုတိုးဖြတ်ရင်း ရှီးကနဲအသံနှင့်အတူ ပါသွားပြန်၏။ မြသွေးသည် ကိုင်းတံဖျားကို အရအမိဖမ်းကိုင်၍ လှေပေါ် ဆွဲတင်လိုက်သည်။
“ဟာ ၊ လိပ်ပုပ်ကြီးဟေ့ … လိပ်ပုပ်ကြီး။”
ဝင်းစိန် အံ့အားသင့်သွားရ၏။
ငါးထောက်ထားသော ကိုင်းတံမှ ငါးများတွင် လိပ်ကြီးတကောင်သည် မိနေ၏။ ခေါင်းကြီးရှည်ထွက်၍ ခြေနှင့် လက်များသည် ယက်ကန် လှုပ်ရှား လျက် လှေဝမ်းထဲ ရောက်လာ၏။
ဖိုးထီသည် ဝမ်းသာအားရစွာ ပါးစပ်မှ အော်နေသည်။
မြသွေးက ကိုင်းတံကို ဆွဲနှုတ်လျက် လှေပေါ်တင်ရင်း လိပ်ကြီးကို နေရာကျအောင် လှေဝမ်းထဲ ချနေ၏။ ဇင်းရှော ခေါ် လိပ်ပြားကြီးသည် သံပန်းကန်ပြားတချပ်နီးနီး ကြီး၏။ ဝင်းစိန်မှာ မကြုံစဖူး ဖြစ်နေလေသည်။
“ကော်တာဘဲဟေ့၊ တခေါက်ထဲနဲ့ ငါးတကောင် လိပ်ပုပ် တကောင်တောင် ရတယ်ကွ။ မနက်ကျယင် လိပ်ပုပ်သား အရင်ချက်တုတ်ရမယ်။ ကိုဝင်းစိန်တို့လာတာနဲ့ အတော်ပဲကွ။ ခင်ဗျားတို့ လိပ်သားပါ စားရတာပေါ့။”
ဖိုးထီသည် အလွန်အူမြူးနေ၏။ သူ့ကျောနှင့်တင်ပါးများပေါ်သို့ မြက်ကြားထဲမှ အုပ်လိုက်ချီ ထွက်ကိုက်နေသော ခြင်ကောင်များအား လက်တဖက်မှ ပွတ်သပ်ရင်း အားပါးတရပြောနေ၏။
“မင်းလိပ်က အရှင်ကြီး ယက်ကန်ယက်ကန်နဲ့ နေတာကို ဘာဖြစ်လို့ လိပ်ပုပ် ခေါ်ရတာလဲကွ”
ဝင်းစိန်က မရှင်းမလင်း ဖြစ်နေသည်ကို မေးလိုက်၏။
“မသိပါဘူးဗျာ၊ လူကြီးတွေက လိပ်ရယင် လိပ်ပုပ်လို့ ခေါ်ရတယ် ပြောတာပဲ။ လိပ်အရှင်ဆိုယင် လပ်တိတ်တတ်တယ်တဲ့။”
ဝင်းစိန်က ရယ်လိုက်မိ၏။
“ဒို့အမေကြီးက တို့ကိုပြောတာ သူမှတ်ထားတာပါ ဟယ်။ လိပ်ဆိုတာ ကုန်းပေါ်မှာ အသွားနှေးတယ်။ စီးပွားရေးလဲ လိပ်သွားသလို နှေးမှာစိုးလို့တဲ့။ ဒါကြောင့် အိမ်ပေါ် လိပ်တက်ယင် သေပြီးသားလိပ် အဖြစ်နဲ့ လိပ်ပုပ်လို့ ခေါ်ဆိုတာဘဲ့။ အဖေကတော့ အဓိပ္ပါယ်မရှိဘူးဆိုပီး မယုံပါဘူး။ ရယင် ချက်စားပစ်တာပဲ။ အမေကြီးတို့သာဆိုယင် ရွှေရေ၊ ငွေ ရေလောင်းပီး ပြန်လွှတ်တယ်။ လပ်လာဘရွှင်ပါစေလို့ ဆုတောင်းတယ်။”
မြသွေးက ရှင်းပြနေသည်။ ဝင်းစိန်က လှေကိုထိုးရင်း နားထောင်နေရာမှ မေးလိုက်မိ၏။
“ဒါဖြင့်… နင်တို့ အမေကြီး ဆိုတာ ချမ်းသာမှာပေါ့နော်”
မြသွေးက ရယ်လိုက်သည်။
“မချမ်းသာပါဘူးဟယ်။ သူတို့လယ်တွေ နှစ်တိုင်းလို ပြည့်ပြည့်ဝဝမရလို့ ကြွေးတွေမှ အများကြီး။ ဒို့ကတောင် ဆန်တို့ မျိုးစပါးတို့ ထောက်နေရသေးတယ်။ ခြံပေါက် နွားတရှင်းလဲ ဖဲ့ပေးထားရသေးတယ်။ ဆင်းရဲပါတယ်”
“လိပ်တက်ထာနဲ့ လပ်တိတ်ထာ တခြားစီပါဟာ”
“အေး… ဒို့တော့ ယုံပေါင်”
ဝင်းစိန်စကားကို မြသွေးက ထောက်ခံသည်။
ဖိုးထီသည်လုံချည်ပတ်ကိုဖြီ၍ ကျောပါလုံရန် ခြုံထား၏။ ခြင်ကောင်များက တဝီဝီပျံသန်းနေကြသည်။
ခပ်ဝေးဝေး ရေပြင်ဆီမှ ကိုင်းထောက်သမားတဦး၏ ဟစ်ဆိုလိုက်သော သီချင်းသံသည် လေအစုန်နှင့် ပါလာ၏။
ဝင်းစိန်သည် သမ်းဝေလိုက်မိ၏။ မကြာမီ တဲဆိပ်သို့ ရောက်ခဲ့လေသည်။ ။
– ပြီး –
စာရေးသူ – ဖျာပုံလှမိုးနွယ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ