————————-

“ဘာ! မူးလို့ မှားမိတာ…ဟုတ်လား..ဒါဆို..
မူးနေလို့ အသိစိတ် ပျောက်နေလို့ဆိုရင်
နင် အရက် မူးနေတုန်း ချေးကျွေးရင် စားမှာလား…..”

“နင် ..နင်..မမိုက်ရိုင်းနဲ့နော်…ခင်”

“ဟား ဟား ငါ့ စကားက ရိုင်းသွားလို့လားဟ…အမှန်ပြောကြည့်တာလေဟာ…နင့်ရဲ့ မူးလို့ မှားသွားတာပါဆိုတဲ့ စကားကို ဆွေးနွေး အဖြေရှာကြည့်တာ”

ခုနက တောင်းပန်းတိုးလျိုးတဲ့ အကြည့်တွေ ပျောက်ပြီး ကျွန်မကို မီးဝင်းဝင်းတောက် မျက်လုံးတွေနဲ့ ကျိတ်မနိုင်ခဲမရ အံတင်းတင်းကြိတ် ကြည့်နေတဲ့ ကိုလင်း။အနာပေါ်တုတ်ကျသွားသလို သူ့ဖြစ်အင် ကြည့်ရင်း ကျွန်မမှာ ရယ်ချင်လိုက်သည် ဖြစ်ခြင်း။

“ဘယ်လောက် မူးနေနေ အဲ့ဒီအချိန် ချေးပါဆိုတဲ့ စကား နင်ကြားမှာပဲမလား..စားဆိုရင် နင် ငြင်းမှာပဲမလား…မိန်းမတစ်ယောက်နဲ့ သာယာဖောက်ပြားပြီးမှများ အရူးချီးပန်းစကားနဲ့ မူးနေလို့ပါဆိုတဲ့ စကား ငါ လက်မခံနိုင်လို့ပါ…လင်းခက်နွေရဲ့”

” နင့် အပေါ် ငါ ဘာတွေ မှားခဲ့ဖူးလဲ…ဒီတစ်ခါလေးမှားဖူးတာကို နင် ငါ့ကို နားလည်ပေးလို့မရဘူးလား…သူနဲ့ ငါ နောက်ထပ် မပတ်သတ်မိအောင်နေမယ်..ငါ ကတိပေးတယ်”

သြ ..ပြောတတ်လိုက်လေခြင်း။ကျွန်မ သရော်ပြုံးလေး စွက်ရင်း နှုတ်ခမ်းတစ်ချက်ရွဲ့လိုက်မိသည်။

” ဒီတစ်ခါလေး ..ဟုတ်လား…အင်းပါ..ဒါဆို ငါ လည်း တစ်ခြားယောကျ်ားတစ်ယောက်နဲ့ တစ်ခါတလေလေး မှားကြည့်ရတာပေါ့…နင် ခွင့်လွှတ်နိုင်မယ်မလား..”

ကြည့်စမ်းပါဦး။ခရမ်းသီးမီးဖုတ်ထားတဲ့ မျက်နှာလို ညိုမဲ ပျက်ယွင်းသွားတဲ့ သူ့မျက်ကို ကြည့်ရင်း ကျွန်မ ကျေနပ်မိသည်။

ယောကျ်ားတွေက သူတို့ကိုယ်သူတို့ကျ ယောကျ်ားမို့ မှားခွင့်ရှိတယ်လို့များ သတ်မှတ်ထားကြလေသည်လားမသိ။
သူ့ နေရာမှာ ကျွန်မသာ မှားကြည့်၊သို့မဟုတ် ဟိုမိန်းကလေးနေရာမှာ ကျွန်မသာ ဖြစ်ကြည့်။တစ်ခြားယောကျ်ားနဲ့ ဖောက်ပြားရမလားဆိုပြီး ကျွန်မကို နားတွေ ပါးတွေ ရိုက်နေမှာ အသေအချာ။ဆဲဆို ကြိမ်းမောင်းလို့ မပြီးနိုင်ပဲ ရွံရှာစက်စုပ်သလို ကြည့်ပြီး ခွင့်မလွှတ်နိုင်ဖြစ်နေမဲ့ ယောကျ်ားမျိုး ။

သူတို့အလှည့်ကျ ယောကျ်ားမို့ပါဆိုပြီး ခွင့်လွှတ်နားလည်ပေးရမတဲ့လား။
မဆိုင်လိုက်တာ။
အိမ်ထောင်တစ်ခုမှာ ယောကျ်ားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဖောက်ပြန်ခဲ့ရင် တန်းတူညီမျှ လူ့စည်းကမ်းဖောက်ဖျက်တဲ့သူပဲ။
အောက်တန်းကျ သစ္စာမဲ့တဲ့ သူပဲလို့ ကျွန်မကတော့ သတ်မှတ်ပါသည်။

“တောက်!…မင်း ဘာဖြစ်ချင်နေတာလဲ..ခင်သက်ငြိမ်း”

လာပြီ။ကျွန်မ လိုချင်တဲ့ စကား။ကျွန်မဘက်က မစတင်ရပဲ သူ့နှုတ်က အရင် ထွက်လာပါပြီ။ကျွန်မ ပြုံးလိုက်မိသည်။ခွင့်လွှတ်မှု နားလည်မှုတို့သည် အကန့်အသတ်ရှိကြောင်း ၊အမှားတစ်ခုအတွက် ပေးဆပ်မှုသည်လည်း တန်ရာတန်ကြေးရှိကြောင်း ၊ သူ သိအောင် ကျွန်မ သက်သေပြရပေမည်။

=========================

သူနှင့် ကျွန်မ လက်ထပ်ဖြစ်ခဲ့တာကို ဒီအချိန်မှာ ကျွန်မ နောင်တရမဆုံး။သူနှင့်သာ လက်မထပ်ဖြစ်ခဲ့လျင် ယခုချိန်မှာ ကျွန်မဆိုတာ ယင်ဖိုတောင် မသမ်းဖူးတဲ့ အပျိုကြီးအဖြစ် ဂုဏ်ယူဝံ့ကြွား အေးချမ်းသာယာနေမည်မှာ အမှန်။

တစ်ယောက်ထဲ တိတ်ဆိတ်အေးချမ်းပြီး ကိုယ်ဝါသနာပါသည့် အပင်လေးတွေစိုက်၊စာလေးတွေရေး၊ကြောင်လေးတွေ မွေး၊ဟင်းလေးတွေ ထွင်ချက်ကြည့်နှင့် ဘယ်လောက်တောင် ပျော်ဖို့ကောင်းမည်လဲလေ။
သိပ်အေးချမ်းချင်ရင် ဘုရားရိပ် တရားရိပ် ဝင်ပါလားဆိုလျှင်ဖြင့် ကျွန်မ မဝင်နိုင်ပါ။မလုပ်နိုင်ပါ။ကိုယ့် စိတ်ကြည်နူးရာ အေးချမ်းမှုနှင့် ဘုရားတရား အေးချမ်းမှုက ဘာမှ မသက်ဆိုင်ဟု ထင်သည်။

ဘုရားတရား လုပ်ရင်း ရလာတဲ့ အေးချမ်းမှုက တက်မက်မှု တဏှာတွေ မပါပဲ အဖြူထည် သက်သက် တည်ငြိမ်အေးချမ်းမှုဖြစ်သည်။

ကိုယ် ဝါသနာပါသလို နေရင်း စိတ်ကျေနပ်သာယာ အေးချမ်းမှုက လောဘတွေ နှင့် ငါ့ပန်းပင်လေး ငါ့ ပျော်ရွှင်မှုလေး ငါ့ လက်ရာ ငါဆိုတဲ့ အတ္တတွေ ငါ့ ပိုင်ဆိုင်မှုတွေစသည်ဖြင့် ကိုယ့် ဖြစ်တည်မှု ပိုင်ဆိုင်မှုတွေကို ကျေနပ်ရင်း အေးချမ်းသာယာခြင်းကို ရည်ညွှန်းမည် ထင်သည်။

ထို့အပြင် ကျွန်မအတွက်ကတော့ တစ်ယောက်တည်း နေရခြင်းကို ပိုနှစ်သက်တာလည်း ပါသည်။တစ်ခြားသော လူတစ်ယောက် ကျွန်မအနား တည်ရှိနေခြင်းအား အလိုမကျဖြစ်ခဲ့မိသည်မှာ သူနှင့် လက်ထပ်ပြီးကတည်းကဖြစ်သည်။

===========================

မိဘနှစ်ပါးရှိစဥ်ကတည်းက ယောကျ်ားမယူချင်ဘူးဟု ခေါင်းမာ ငြင်းဆန်ထားသည့် ကျွန်မကို မည်သူကမှ အတင်းတိုက်တွန်းလို့မရခဲ့ချေ။အိမ်နီးချင်း သူငယ်ချင်းလည်း ဖြစ် ၊ကျွန်မကို ချစ်မြတ်နိုးနေသူလည်း ဖြစ်တဲ့ လင်းခက်နွေကသာ မိဘတွေဆီ အပူကပ် ကျွန်မကို စောင့်ယူပါမည်ဟု ကတိပေးခဲ့သူ။ကျွန်မ မိဘတွေကလည်း သူတို့ ရှိချိန် ကျွန်မ အိမ်ထောင်မပြုလည်း ဖြစ်သည်။သို့သော် သူတို့ မရှိချိန် လင်းခက်နွေကလည်း စောင့်ဆိုင်းနေဦးမည်ဆိုလျှင် သူ့ကိုသာ လက်ထပ်ရမည်ဟု နှစ်ဖက်မိဘတွေက သဘောတူထားကြသည်။

လင်းခက်နွေက အသားဖြူဖြူ ၊ကိုယ်လုံးတောင့်တောင့်၊အရပ်မြင့်မြင့်နှင့် ရုပ်ကတော့ ချောတဲ့ထဲမပါပဲ သာမာန်ရုပ်ရည်မျိုး။စိတ်တိုလွယ်သူပေမဲ့ ကျွန်မအပေါ်ဆို သည်းခံလိုက်လျောလွန်းသည့် သူ။

ကျွန်မက အသက်သာ သုံးဆယ်ကျော်။ငယ်သူတွေနဲ့ ယှဥ်လျှင် ကျွန်မက တည်ငြိမ်သည့် အလှပိုင်ရှင်။အသားဖြူပြီး အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်နှင့် ကျွန်မကို မြင်သူတကာ လည်ပြန်ကြည့်ကြရသည်။ချောသည်ထက် လှလွန်းသည်၊မဟာဆန်သည်ဟု ကိုလင်းက အမြဲ ပြောလေ့ရှိသည်။

အပျိုကြီးဟု အခေါ်မခံရသေးမှီ ငယ်ရွယ်စဥ်ကတည်းက ကျွန်မဆိုသည်မှာ ဇီဇာအလွန်ကြောင်တတ်သူ ဖြစ်သည်။
စိတ်အတွင်းခံကိုက ယောကျ်ားတွေကို ရွံရှာတတ်ခဲ့သည်လား မသိ။ယောကျ်ားတစ်ယောက်ယောက်နှင့် မတော်တဆဖြစ်ဖြစ် အသားချင်းထိမိလျင် စိတ်မသန့်တော့။

တက္ကစီ ငှားစီးလျင်လည်း ခေါင်းခန်းသာ စီးတတ်သည်။အကယ်၍ ခေါင်းခန်းမရလို့ နောက်ခန်းမှာ စီးရလျှင်လည်း ပြတင်းပေါက်နားရမှ စီးသည်။

တစ်ခါက အလယ်မှာထိုင်သည့်သူက ယောကျ်ားတစ်ယောက်ဖြစ်ပြီး အင်္ကျီလက်တို ဝတ်ထားသည်။ကျွန်မ ကလည်း လက်ဖောင်း လက်တိုလေး ဝတ်ထားသည့်အချိန်။ကား စ ထွက်တာနှင့် ကျွန်မက ပြတင်းပေါက်နား အတင်းကပ်ပြီး သူ့လက်မောင်းနှင့် မထိအောင် သတိထားစီးသည်။ဒါကိုပဲ ထိုလူနှင့် လက်မောင်းချင်း ထိဖြစ်အောင် ထိမိသေးသည်။ကားပေါ်မှာကတည်းက စိတ်ကသိကအောက်နှင့် ချွေးတွေပြန် တစ်ယောက်တည်း ဒေါသတွေ ဖြစ်နေသည့် ကျွန်မ။ထိုသူကတော့ မသိရှာ ။အသားယူတာမဟုတ်ပဲ ရိုးရိုးသားသားမတော်တဆ ထိမိတာ သိသိနဲ့ ကျွန်မမှာ စိတ်တွေ တိုနေမိသည်။

အိမ်ရှေ့ရောက်လို့ ကားရပ်သည်နှင့် ကျွန်မ ဘယ်သူနဲ့မှ စကားမပြောနိုင်။ရေတိုင်ရှိရာအရင်သွားပြီး ထိမိသည့် လက်မောင်းကို ဆပ်ပြာနာနာပွတ် ရေအထပ်ထပ်ဆေးမိသည်။အိမ်ကလူတွေ လာမေးမှ ပြောပြမိသည့်အခါ ဝိုင်းအရယ်ခံရသည့်အဖြစ်။

ကိုလင်း သိသွားသည့်အခါ…
“ငါနဲ့ ယူပြီးရင် ဘယ်လိုလုပ်မလဲ…ငါကတော့ နင့်ပါးလေးလည်း နမ်းမှာ…နင့် လည်း ဖက်ထားမှာပဲ” လို့ စ နေသေးသည်။

“ဆုတောင်းလေ…နင့် လည်း တစ်သက်လုံး မယူဘူး” ဟု ပြန်ပြောမိတော့ ကိုလင်း တဟားဟားရယ်လို့ မဆုံးတော့။

===========================

ကံကြမ္မာက ကျွန်မကို မျက်နှာသာမပေးခဲ့။မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်သွားကြသည်။မေမေ မဆုံးခင်ချိန်မှာ ကိုလင်းမေမေကိုခေါ်ပြီး ကျွန်မနဲ့ ကိုလင်းကို အမြန်ဆုံးလက်ထပ်ပေးရန် ပြောသွားသည်။ကျွန်မ တစ်ယောက်တည်းကို စိတ်မချ နောက်ဆံတင်းပုံရသည်။အဒေါ်တွေ ရှိသေးပေမဲ့ ကျွန်မနှင့် သိပ်တရင်းတနှီး မရှိ။

ကျွန်မက အစိုးရရုံးတစ်ခုက အရာရှိမလေးလည်းဖြစ်၊အသက်လည်း ၃၃ နှစ်ရှိပြီမို့ ကိုယ့်ဘာသာ ရပ်တည်နိုင်သလို အိမ်ထောင်လည်း မပြုချင်ဟု ငြင်းသော်လည်း အမျိုးတွေက အတင်းတိုက်တွန်းရုံမက ကိုလင်းမေမေကပါ ကျွန်မအမေရဲ့ နောက်ဆုံးတောင်းဆိုမှုဖြစ်သည့်အတွက် လက်ခံပေးပါဟု ဆိုလာသည်။
ဒီလိုနှင့် ကျွန်မ လက်ထပ်ခဲ့ရသည်။ကိုလင်းကတော့ အပျော်ကြီးပျော်လို့ပေါ့။
ကျွန်မကိုလည်း ဂရုတစိုက်နဲ့ ချစ်ပေးရှာသည်။

ကျွန်မ လက်ထပ်ပြီးချိန်က စလို့ စိတ်ညစ်ရသည့်အကြောင်းအရာတွေက အများသား။သူများတွေအတွက် ကြီးမားတဲ့ ပြဿနာမဟုတ်ပေမဲ့ ကျွန်မအတွက်ကတော့ စိတ်ရှုပ်စရာတွေ ဖြစ်ခဲ့ရသည်။

ညဘက် ကိုယ့် ဘေးနားက တစ်ခြားလူရဲ့ ဟောက်သံ၊လေဝင်လေထွက် တွေက ကျွန်မအတွက်တော့ အသက်ရှုမဝ မွန်းကြပ်ချင်စရာ။တစ်ခါတလေ ကိုလင်း အီးပေါက်မိသည့်အခါဆို ကျွန်မမှာ မောဟိုက်နေအောင် အသက်ရှုကြပ်ရသည်။တစ်ညက သူ အီးပေါက်သံကြားတာနှင့် ပြတင်းပေါက်တွေ ဖွင့် ပန်ကာတွေဖွင့်နှင့် လေသန့်သန့်ရဖို့ အိမ်အပြင်ဘက်ထွက်ခဲ့ရသည်အထိပင်။ကိုလင်းကတော့ မနံပါဘူးဟ ဆိုပြီး ကျွန်မကို သနားရမလား စိတ်ပျက်ရမလား ရယ်ရမလားဆိုတာ ဝေခွဲမရပဲ အီလည်လည် ဖြစ်ခဲ့ရသည့် ည။
ပြီးတော့ ကျွန်မကို ပြောသေးသည်။

“နင်က စိတ္တဇနဲ့ နံတာ မောတာ..စိတ်ရောဂါ” တဲ့လေ။”ငါ ပေါက်တာ နင်မသိရင် မကြားရင် နင်ဘာမှ မဖြစ်ဖူး …နင့်စိတ်က ဖြစ်တာ”လို့ ဆိုပြီး သူကတော့ တစ်ခေါခေါ ပြန်အိပ်သွားလေသည်။ကျွန်မအတွက်တော့ စိတ်မသိုးမသန့်နဲ့ အိပ်မပျော်တဲ့ညတွေ များသည်။

သူငယ်ချင်းဘဝက သူ့အပြုအမူတွေ ဘယ်လိုရှိရှိ သတိမထား ဂရုမစိုက်မိသမျှ ကိုယ့်ခင်ပွန်းဖြစ်လာမှပဲ မျက်လုံးထဲတွေ့သမျှ ဘာတစ်ခုမှ အဆင်မပြေ။

တစ်ခါတလေ တီဗွီကြည့်ရင်း နှာခေါင်းနှိုက်တာမျိုး တွေ့ရင် အဲ့ဒီ လက်နှင့် ကျွန်မကို လာထိမှာ အလွန်ကြောက်သည်။လက်ဆေးဟာလို့ ပြောမိရင် သူက ရှက်ရယ်ရယ်ရင်း ထဆေးသည်။ကျွန်မ မတွေ့မိရင် ဆေးမှာမဟုတ်ဖူးလို့ တွေးပြီး ရွံရသေးသည်။ပြီးတော့ ထိုင်နေရင်း ဒူးတနန့်နန့် လှုပ်တာမျိုးဆို ကျွန်မ ကြည့်မရ။စိတ်ဂဏှာမငြိမ်တဲ့သူနဲ့ တူတယ်လို့ပြောမိရင် နေရာတကာ လိုက်ပြောသူကြီးဆိုပြီး းသတိထား ဆင်ခြင်ပေးတတ်ပြန်သည်။သို့သော် အကျင့်ဆိုသည်မှာလည်း ဖျောက်ရ အခက်သားလေ။

တစ်ခါတစ်ရံ အရက်သောက်လာသည့် နေ့မျိုးဆို ရေအိမ်ထဲမှ သူ့ဆီးအနံ့တွေ၊အရက်ချွေးနံ့တွေက ကျွန်မအတွက်တော့ အန်ချင်စရာ။
စားရင်း လေတက်တဲ့အခါ၊ဟတ်ချိုးဆို နှာချေရင် လက် မကာတာတွေ ၊ကျွန်မသောက်သည့် ရေခွက်ကို လာသောက်တာ၊ကျွန်မ ခေါင်းကို လာပုတ်တာ၊ပြောရရင်တော့ ကျွန်မ မနှစ်သက်တာတွေက ​ပြောဆုံးမှာ မဟုတ်တော့ပေ။

အိမ်ထောင်သက် တနှစ်သာ ပြည့်သွားသည်။ကျွန်မ ရင်ထဲ အလိုမကျ တစ်ဆို့ဆို့နဲ့ စိတ်တွေ မွန်းကြပ်ရသည်။တစ်ယောက်တည်း နေချင်သည့်စိတ်က ပို ပို စိုးမိုးလာသည်။

===========================

မနေ့ညက တစ်ညလုံး သူပြန်မလာသည်နှင့် သူ့ဖုန်းကို ဆက်လိုက်မိသည်။တော်ရုံဆို ကျွန်မ သူ့ဖုန်းကို သိပ်မခေါ်တတ်ပေ။ညကတော့ အလုပ်ကိစ္စနှင့် နောက်ကျလျင် ကြို အသိပေးထားတတ်သူက ဖုန်း မဆက်ပဲ မနက် ၂ နာရီထိုးထိ ပြန်မလာသေးတာနှင့် သူ့ဖုန်းကို ခေါ်လိုက်မိသည်။တစ်ဖက်က ထူးသည်က မိန်းကလေးတစ်ယောက်၏ အသံ။

“အကို မူးပြီး အိပ်နေတယ် မမ”တဲ့…

“မင်းက ဘယ်သူလဲ.. ဘာလို့ သူ့အနားရှိနေတာလဲ” လို့ ကျွန်မ မေးတော့…

” အကိုနဲ့ မီး ညက အမူးလွန်ပြီး မှားသွားတယ် မမရယ်” ..ငိုသံလေးစွက် ပြောပြီး ဖုန်းချသွားသည်။

ကျွန်မရင်ထဲ ဝုန်းဒိုင်းဆန်ပြီး မျက်လုံးတွေ ပြာဝေသွားရသည်။
လုပ်ရက်လေခြင်းဆိုပြီး သူ့ကိုပဲ သတ်ချင်သလို၊ထို မိန်းကလေးကိုလည်း ထုရိုက်ပစ်ချင်မိသည်။အေးစက်နေတဲ့ ဆောင်းညက ကျွန်မအတွက်တော့ ပူလောင်လွန်းလှသည်။အေးစက်စက်ပါးပြင်ပေါ် ပူနွေးတဲ့ မျက်ရည်တွေ စီးဆင်းလာတာတောင် မသိတော့။သူ့ပုံစံတွေးကြည့်ရင်း စိတ်ကူးထဲမှာ သူ့မျက်ကို ကုတ်ဖဲ့ပစ်ချင်၊တစ်ခုခုနဲ့ နာကျင်ကွဲအက်အောင် ပစ်ပေါက်လိုက်ချင်တဲ့စိတ်တွေနဲ့ အံတင်းတင်းကြိတ်ပြီးကျွန်မတစ်ကိုယ်လုံး မလှုပ်မယှက်တောင့်တင်းနေမိသည်။

ပြန်လာလျင် အိမ်ပေါက်ဝကနေ သူ့ မျက်နှာဆီ ပစ္စည်းတစ်ခုခုနဲ့ ပစ်ပေါက်လိုက်မည်လို့ တေးရင်း ဒေါသတွေ မြိုသိပ်ထားရသည်မှာ ပင်ပန်းလွန်းလှသည်။ပေါက်ကွဲလိုက်ချင်ပေမဲ့ ပေါက်ကွဲရမည့်သူက အနားမရှိ။

ကျွန်မ တညလုံး မအိပ်ပဲ ဧည့်ခန်းမှာ ထိုင်ရင်း စဥ်စားနေမိသည်။အသေးအဖွဲတောင် ရွံတတ်သည့် ကျွန်မက ဒီကိစ္စကို ခွင့်လွှတ်ပြီး ကျော်လွှားသွားဖို့က လုံးဝ မဖြစ်နိုင်။အိမ်ထောင်မပြုပါဘူးဆိုသူကို ရအောင်ယူပြီးမှ ဒီလို သစ္စာမဲ့ခြင်းနှင့် စော်ကားပြသည့် သူ့ကို ပို ခွင့်မလွှတ်နိုင်။
ယောကျ်ားဆိုသည့် အမျိုးက ခွေးမြီးကောက် ကျည်တောက်စွပ်၊တစ်ခါ မှားပြီးရင်လည်း ထပ်မှားမည့်သူတွေ၊ကတိ သစ္စာဆိုတာ ရေသောက် သေးပေါက်သလို သဘောထားသည့် သူတွေ။တစ်ခါဖောက်ပြန်ဖူးရင် နောင်လည်း ဖောက်ပြန်ဖို့ ဝန်လေးနေမှာ မဟုတ်။
ပြီးတော့ ကျွန်မလိုချင်တဲ့ အခွင့်အရေးရဖို့ ဒီကိစ္စက ခိုင်မာသည့် အကြောင်းပြချက်လို့ တွေးမိသည့်အခါ ခုနက စိတ်ဆိုးဒေါသထွက်တာတွေ အကုန်ပျောက်ကုန်သည်။

နံနက် ၅ နာရီထိုးတော့ ကျွန်မ ခြံတံခါး အိမ်တံခါး အကုန်ဖွင့်ထားပြီး ဧည့်ခန်းမှာ လက်ကလေး ပိုက်လို့ သူ့ကို စောင့်နေမိသည်။

ငါးနာရီခွဲတော့ သူ့ကားရောက်လာပြီး ကမူးရှူးထိုးပုံစံနှင့် အိမ်ထဲ ဝင်လာသည်။ကျွန်မကို တွေ့တော့ ပျက်ယွင်းနေတဲ့ မျက်နှာနဲ့ တောင်းပန်တိုးလျိုးတဲ့ အကြည့်တွေနှင့် ကြည့်သည်။

ကျွန်မမျက်နှာပေါ်က အေးစက်တဲ့ အငွေ့အသက်တွေ သူခံစားမိသည်ထင်သည်။

” ခင်..ခင် ..ငါ တောင်းပန်ပါတယ်,,,
ကုပ္မဏီက လူတွေ စုပြီး စားသောက်ကြရင်းနဲ့ ငါ …များပြီး မူးသွားလို့ပါ”

ကျွန်မ ဘာမှ ပြန်မပြောမိသေး။သူ့ပုံစံကို ကြည့်ရင်း ပိုရွံလာသည်။အရက်အဆီပြန်နေတဲ့ မျက်နှာ၊အမြဲ သပ်ရပ်နေတတ်တဲ့ ဆံပင်က အခုတော့ ပွယောင်းလို့၊ခေါက်ရိုးကျိုးနေအောင် ကျွန်မ မီးကြွေထိုးပေးထားတဲ့ ဝတ်စုံက တွန့်ကြေ ရှုံ့တွလို့၊ချွေးနံ့နဲ့ ရောနေတဲ့ စိုထိုင်းထိုင်း အနံ့အသက်တွေ။
အို…ရွံရှာစက်ဆုပ်ဖွယ်အတိ။

“မူးလို့ မှားမိတာပါဟာ…ငါ့ကို ဒီတစ်ခါပဲ ခွင့်လွှတ်ပေးပါ…နော်”

“ဘာ! မူးလို့ မှားမိတာ…ဟုတ်လား..ဒါဆို..
မူးနေလို့ အသိစိတ် ပျောက်နေလို့ဆိုရင်
နင် အရက် မူးနေတုန်း ချေးကျွေးရင် စားမှာလား…..”

“နင် ..နင်..မမိုက်ရိုင်းနဲ့နော်…ခင်”

“ဟား ဟား ငါ့ စကားက ရိုင်းသွားလို့လားဟ…အမှန်ပြောကြည့်တာလေဟာ…နင့်ရဲ့ မူးလို့ မှားသွားတာပါဆိုတဲ့ စကားကို ဆွေးနွေး အဖြေရှာကြည့်တာ”

ခုနက တောင်းပန်းတိုးလျိုးတဲ့ အကြည့်တွေ ပျောက်ပြီး ကျွန်မကို မီးဝင်းဝင်းတောက် မျက်လုံးတွေနဲ့ ကျိတ်မနိုင်ခဲမရ အံတင်းတင်းကြိတ် ကြည့်နေတဲ့ ကိုလင်း။အနာပေါ်တုတ်ကျသွားသလို သူ့ဖြစ်အင် ကြည့်ရင်း ကျွန်မမှာ ရယ်ချင်လိုက်သည် ဖြစ်ခြင်း။

“ဘယ်လောက် မူးနေနေ အဲ့ဒီအချိန် ချေးပါဆိုတဲ့ စကား နင်ကြားမှာပဲမလား..စားဆိုရင် နင် ငြင်းမှာပဲမလား…မိန်းမတစ်ယောက်နဲ့ သာယာဖောက်ပြားပြီးမှများ အရူးချီးပန်းစကားနဲ့ မူးနေလို့ပါဆိုတဲ့ စကား ငါ လက်မခံနိုင်လို့ပါ…လင်းခက်နွေရဲ့”

” နင့် အပေါ် ငါ ဘာတွေ မှားခဲ့ဖူးလဲ…ဒီတစ်ခါလေးမှားဖူးတာကို နင် ငါ့ကို နားလည်ပေးလို့မရဘူးလား…သူနဲ့ ငါ နောက်ထပ် မပတ်သတ်မိအောင်နေမယ်..ငါ ကတိပေးတယ်”

သြ ..ပြောတတ်လိုက်လေခြင်း။ကျွန်မ သရော်ပြုံးလေး စွက်ရင်း နှုတ်ခမ်းတစ်ချက်ရွဲ့လိုက်မိသည်။

” ဒီတစ်ခါလေး ..ဟုတ်လား…အင်းပါ..ဒါဆို ငါ လည်း တစ်ခြားယောကျ်ားတစ်ယောက်နဲ့ တစ်ခါတလေလေး မှားကြည့်ရတာပေါ့…နင် ခွင့်လွှတ်နိုင်မယ်မလား..”

ကြည့်စမ်းပါဦး။ခရမ်းသီးမီးဖုတ်ထားတဲ့ မျက်နှာလို ညိုမဲ ပျက်ယွင်းသွားတဲ့ သူ့မျက်ကို ကြည့်ရင်း ကျွန်မ ကျေနပ်မိသည်။

ယောကျ်ားတွေက သူတို့ကိုယ်သူတို့ကျ ယောကျ်ားမို့ မှားခွင့်ရှိတယ်လို့များ သတ်မှတ်ထားကြလေသည်လားမသိ။
သူ့ နေရာမှာ ကျွန်မသာ မှားကြည့်၊သို့မဟုတ် ဟိုမိန်းကလေးနေရာမှာ ကျွန်မသာ ဖြစ်ကြည့်။တစ်ခြားယောကျ်ားနဲ့ ဖောက်ပြားရမလားဆိုပြီး ကျွန်မကို နားတွေ ပါးတွေ ရိုက်နေမှာ အသေအချာ။ဆဲဆို ကြိမ်းမောင်းလို့ မပြီးနိုင်ပဲ ရွံရှာစက်စုပ်သလို ကြည့်ပြီး ခွင့်မလွှတ်နိုင်ဖြစ်နေမဲ့ ယောကျ်ားမျိုး ။

သူတို့အလှည့်ကျ ယောကျ်ားမို့ပါဆိုပြီး ခွင့်လွှတ်နားလည်ပေးရမတဲ့လား။
မဆိုင်လိုက်တာ။
အိမ်ထောင်တစ်ခုမှာ ယောကျ်ားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဖောက်ပြန်ခဲ့ရင် တန်းတူညီမျှ လူ့စည်းကမ်းဖောက်ဖျက်တဲ့သူပဲ။
အောက်တန်းကျ သစ္စာမဲ့တဲ့ သူပဲလို့ ကျွန်မကတော့ သတ်မှတ်ပါသည်။

“တောက်!…မင်း ဘာဖြစ်ချင်နေတာလဲ..ခင်သက်ငြိမ်း”

လာပြီ။ကျွန်မ လိုချင်တဲ့ စကား။ကျွန်မဘက်က မစတင်ရပဲ သူ့နှုတ်က အရင် ထွက်လာပါပြီ။ကျွန်မ ပြုံးလိုက်မိသည်။ခွင့်လွှတ်မှု နားလည်မှုတို့သည် အကန့်အသတ်ရှိကြောင်း ၊အမှားတစ်ခုအတွက် ပေးဆပ်မှုသည်လည်း တန်ရာတန်ကြေးရှိကြောင်း ၊ သူ သိအောင် ကျွန်မ သက်သေပြရပေမည်။

==========================

ဒီနေ့ အိမ်အပြန်လမ်းက အရင်နေ့တွေနဲ့ မတူပဲ သိပ်သာယာနေသလို။

“အဟင်း”

တရားရုံးမှာ ကွာရှင်းစာချုပ် လက်မှတ်ထိုးတော့ ပြိုတော့မဲ့ မိုးလို ညို့မှောင်နေတဲ့ ကိုလင်းမျက်နှာ မြင်ယောင်ရင်း ကျွန်မနှုတ်က တိုးတိုးရယ်မိသွားသည်။
ရုံးက ပြန်အထွက်မှာ နောင်တတို့ စွန်းထင်းနေသော မျက်လုံးတွေနှင့် နှမြောတသ ယူကြုံးမရဖြစ်နေသည့် မျက်ဝန်းတွေဖြင့် ကျွန်မ ကားထွက်လာချိန်ထိ ရပ်ငေးရင်း ကျန်ခဲ့သည့် ကိုလင်း။တစ်ချို့သော အမှားတွေသည် ပြင်ဆင်ခွင့်မရှိကြောင်း ခွင့်လွှတ်ခြင်းနှင့် မထိုက်တန်ကြောင်း သိစေချင်သည်။

ကိုလင်း မိဘတွေကော ကျွန်မ အမျိုးတွေပါ အကုန်ဝိုင်း ဖျောင်းဖြကြပေမဲ့ ခေါင်းမာတဲ့ ကျွန်မကို အားလုံး အရှုံးပေးခဲ့ရသည်လေ။ဒါဟာ ခွင့်လွှတ်သင့်တဲ့ အမှားလိူ့များ သူတို့ သတ်မှတ်ကြလေသည်လားမသိပေမဲ့ ကျွန်မအတွက်တော့ ရွံရှာစက်ဆုပ်စရာအကောင်းဆုံး အမှားဟု သတ်မှတ်သည်။
ဘယ်သူတွေ ဘာပြောပြော ကိုလင်း ဖောက်ပြန်လို့ ကျွန်မ လမ်းခွဲခဲ့သည်ပေါ့။

” ဝိုးး ”

အိမ်ရောက်ရောက်ခြင်း ကျွန်မ လွတ်လပ်ပေါ့ပါးစွာ အော်ပစ်လိုက်မိသည်။ကျွန်မ လိုချင်သော ကမ္ဘာကို ပိုင်ဆိုင်လိုက်ရပြီ မဟုတ်လားလေ။

စပယ်ဦး!
5•10•2021•
1:20 am…