ကျိုက်ထိုမြို့မြောက်ပိုင်း ကံဦးပိုင်းမှာ
ဦးစိန်မောင် ဒေါ်သိန်းရွှေဆိုတဲ့
ဇနီးမောင်နှံနှစ်ယောက် ရှိတယ်။
သူတို့မှာ သမီးလေးတစ်ယောက်ရှိတယ်…
သမီးလေးရဲ့ နာမည်က ‘ကြည်ကြည်’ တဲ့…
ဦးစိန်မောင်တို့ ဇနီးမောင်နှံ နှစ်ယောက်စလုံးဟာ
သမီးလေးကြည်ကြည်ကို လူဝင်စားမလေးလို့
ယုံကြည်ကြတယ်။
ဘာကြောင့်လည်းဆိုတော့ ကြည်ကြည်ရဲ့
ညဘက်လက်ဖျံ အတွင်းဘက်မှာ
ကြက်တစ်ကောင်ပျံနေတဲ့
ပုံသဏ္ဍာန် အမှတ်မည်းတစ်ခု
မွေးကတည်းက ပါလာလို့ပါ။
မြန်မာလူမျိုးတွေက ချစ်သူခင်သူတွေ
ကွယ်လွန်သွားတဲ့အခါ ဆွေမျိုးတွေထဲမှာ
ပြန်ပြီး လူဝင်စားဖြစ်ပါစေ…
နောက်ဘဝမှာ ပြန်ပြီး ဆုံတွေ့ပါရစေလို့
ဆုတောင်းတတ်ကြတယ်။
ဒီလိုဆုံတွေ့တဲ့အခါ မှတ်မိအောင်ဆိုပြီး
အမှတ်အသားတစ်ခုခု ပြုလုပ်ပေးလိုက်လေ့ရှိတယ်။
ဒီလိုပြုလုပ်တဲ့အခါ အလွယ်တကူ မြင်နိုင်
တွေ့နိုင်တဲ့ နေရာမှာ ပြုလုပ်ကြတယ်။
အများအားဖြင့် သင်္ကေတ အမှတ်အသားတွေကို
လက်နဲ့ ခြေထောက်တွေမှာ ပြုလုပ်ပေးတတ်တယ်။
မျက်နှာပြင်မှာ မှတ်သားတာကိုတော့ ရှောင်တယ်။
ဘာ့ကြောင့်လည်းဆိုတော့ နောက်ဘဝ လူဝင်စားပြန်
ဖြစ်လာရင် မျက်နှာပေါ်မှာ အမှတ်ကြီးနဲ့ဆိုတော့
အကြည့်ရဆုံးမှာ ရုပ်ဆိုးပန်းဆိုးဖြစ်မှာ စိုးရိမ်လို့ဖြစ်ပါတယ်။
(အတိတ်ဘဝက ဥပစ္ဆေဒကကံ ဖြစ်တဲ့
တုတ် ဓါး သေနတ်တွေနဲ့ သေဆုံးပြီး
လူ့ဘဝပြန်ရောက်လာတဲ့ လူဝင်စားအချို့မှာ
အတိတ်ဘဝက သူ့ရဲ့ ခန္ဓာကိုယ်မှာရခဲ့တဲ့
ဓါးဒဏ်ရာ သေနတ်ဒဏ်ရာတွေဟာ
ယခုဘဝမှာလည်း နေရာ မလွဲဘဲ
တစ်ထပ်တည်း ပါလာတာကို အံ့သြစရာကောင်းအောင်
တွေ့ကြရပါတယ်…)
အခုလည်း လက်ဖျံမှာ ကြက်ပျံနေတဲ့ပုံ
အမှတ်အသားပါလာလို့ လူဝင်စားအဖြစ်
သတ်မှတ်ခံထားရတဲ့ ကြည်ကြည်ဟာ…
စကားလေးတွေ တွတ်တီးတွတ်တာ
ပြောတတ်တဲ့အချိန်မှာ ပိုပြီး သိသာလာတယ်။
အရွယ်နဲ့ မလိုက်တဲ့ စကားကြီးစကားကျယ်တွေ
ပြောတယ်…
ကလေးတို့ ပြောနေကျ ဆိုနေကျမဟုတ်တဲ့
ထူးထူးဆန်းဆန်း စကားတွေ ပြောတယ်။
ဒါ့ကြောင့် ကြည်ကြည်ကို လူကြီးသေလို့
ဝင်စားလာတာ ဖြစ်မယ်လို့ ခန့်မှန်းကြပြန်တယ်။
လူဝင်စားမလေးကြည်ကြည်မှာ
ထူးခြားတဲ့ စရိုက် သဘာဝတစ်ခုလည်း ရှိသေးတယ်။
အဲဒါက ဒေါသကြီးတဲ့။စိတ်ကြီးတဲ့ စရိုက်ပါ။
နို့စို့အရွယ်ကတည်းက အလိုမကျလို့ငိုရင်
တက်သွားတဲ့အထိ ငိုတတ်တယ်။
လေးဖက်သွားတဲ့ အရွယ် လမ်းစလျှောက်တဲ့အရွယ်
ရောက်လာတော့လည်း လိုချင်တာရမှာ
သူလိုတာ မရရင် အတင်းလုယူတာ
ဖျက်ဆီးပစ်တာတွေ လုပ်တယ်။
အဲဒါလိုမှ မလုပ်လိုက်ရရင် သူ့လက်သူ
သွားရာကြီး အကွင်းလိုက်ပေါ်အောင်
ကိုက်ပစ်တော့တာပဲ။
နောက်ပြီး ယောင်္ကျားလေး မိန်းကလေး
ကြီးသူ။ ရွယ်တူ ဘယ်သူ့ကိုမှ မကြောက်တတ်။
လန့်တယ်ဆိုတာ မရှိဘူး။
တုဖက်ပြိုင်ခဲ့တာ ချည်းပဲ။
တစ်ခါက ကျောင်းမှာ ယောင်္ကျားလေးတစ်ယောက်နဲ့
ရန်ဖြစ်တယ်။ကြည်ကြည်က ကျောက်သင်ပုန်းနဲ့
ခုတ်ပစ်လို့ ကောင်လေး ထိပ်ပေါက် ခေါင်းကွဲဖြစ်သွားတယ်
ဦးစိန်မောင်တို့ လင်မယား ကျောင်းအုပ်ကြီးဆီပြေးပြီ
တောင်းပန်ရ။ ကျောင်းသားမိဘအိမ်ပြေးပြီး
တောင်းပန်ရနဲ့ ဗျာများခဲ့ရတယ်။
တစ်ခါကလည်း ကျောင်းကစျေးဆိုင်မှာ
ဆနွင်းမကင်းမုန့် ဝယ်စားတယ်။
စျေးသည်အဒေါ်ကြီးက ပိုက်ဆံမပေးရသေးဘူးလို့
ပြောတယ်။ ကြည်ကြည်က ပိုက်ဆံပေးပြီးပြီလို့ ပြောတယ်။
စျေးသည်အဒေါ်ကြီးက ကြည်ကြည့်ကို
အထက်စီးကဖိပြီး ပြောတယ်။
ကြည်ကြည် ဘာမပြော။ညာမပြော မုန့်လှီးတဲ့ဓါးကို
ဆတ်ခနဲ ကောက်ကိုင်လိုက်တယ်။
လက်ထဲဓါးရောက်တာနဲ့ ဆနွင်းမကင်း
တစ်ပန်းကန်လုံးကို ဓါးနဲ့ ထိုးဆွ ချေမွပစ်လိုက်တယ်။
ဦးစိန်မောင်တို့လင်မယား မုန့်သည်ကို
တောင်းပန်ပြီး အလျော်ပေးလိုက်ရပြန်တယ်။
ဒီလို ဒီလို အဖြစ်အပျက်တွေ ခဏခဏဖြစ်တော့
ကြည်ကြည် နာမည်တွေ ထပ်ရပြန်တယ်။
စွာတေးလန်မ…။
အာဇာနည်မ…တဲ့။
တစ်နေ့ ကြည်ကြည် ကျောင်းကပျောက်သွားတယ်။
ဆရာ/ဆရာမတွေက ကြည်ကြည့်မိဘတွေကို
အကြောင်းကြားတယ်။
အိမ်မှာ ဦးစိန်မောင် မရှိဘူး။ဒေါ်သိန်းရွှေ
စိုးရိမ်တကြီး ကျောင်းကို ပြေးသွားတယ်။
ဆရာ/ဆရာမတွေနဲ့အတူ လိုက်ရှာကြတယ်။
ကျိုက်ထို မီးရထားဘူတာရုံထဲမှာ ကြည်ကြည့်ကို
တွေ့တယ်…။
အဲဒီအချိန်မှာ မော်လမြိုင်ရထား ဝင်လာတယ်။
ကြည်ကြည်ဟာ ရထားပေါ်က ဆင်းလာတဲ့လူတွေကြား
တိုးဝှေ့နေတယ်။
ပြီးတော့ မီးရထားဋ္ဌာန ဝတ်စုံဖြစ်တဲ့ အင်္ကျီအဖြူ။
ဘောင်းဘီနက်ပြာ ဝတ်ထားသူတွေရဲ့ မျက်နှာကို
မော့ကြည့်နေတယ်…
ကြည်ကြည် ဘာတွေ လျှောက်လုပ်နေတာလဲ
ဘယ်သူမှာ နားမလည်ကြဘူး။
ဒါကြောင့် မေးကြည့်တယ်။
“သမီး…ဘာတွေ လျှောက်လုပ်နေတာလဲ
ဘူတာကို ဘာလုပ်ဖို့ သွားတာလဲ”
“သမီးယောင်္ကျားကို လာရှာတာ…”
ခြောက်နှစ်အရွယ် ကြည်ကြည့်အဖြေကြောင့်
အားလုံး အံ့အားသင့်သွားကြတယ်…
“ဘာရယ်…သမီး… ဘာပြောတာလဲ”
သေချာအောင် ထမ်မေးကြတယ်…
“သမီးယောင်္ကျားက ရထားလက်မှတ်စစ်လေ…
ဒီရထားနဲ့ အမြဲလိုက်နေကျ။
ဒါ့ကြောင့် လာရှာတာ…”
ငယ်ငယ်ကတည်းက လူဝင်စားလို့
ယုံကြည်လက်ခံထားတာဖြစ်လို့
ကြည်ကြည့်ကို မဆူမငေါက်ဘဲ
ဆက်ပြီး မေးကြည့်ကြတယ်။
“ဟိုဘက်ဘဝက သမီးယောင်္ကျားရဲ့နာမည်က
ဘယ်သူတဲ့လဲ…”
ကြည်ကြည်ကလည်း မဆိုင်းမတွ။
ရဲရဲတင်းတင်းပဲ ပြန်ဖြေတယ်…
“ကိုညွန့်တင်ပါ…”
“မီးရထားလက်မှတ်စစ်ဆိုတာ ဟုတ်လား…”
“ဟုတ်တယ် သမီး သူ့ကို သတိရတယ်…
နောက်ပြီး သမီးလေးနှစ်ယောက်ကိုလည်း
သတိရတယ်။ အငယ်လေးရဲ့
ခြေထောက်မှာ ရေနွေးပူတွေ လောင်ထားတယ်
မပျောက်သေးဘူး…”
“ရေနွေးပူက ဘာလို့ လောင်တာလဲ”
“ဓါတ်ဗူးကို သွားဆွဲတာလေ…
ဓါတ်ဘူးမှောက်ပြီး ရေနွေးပူလောင်တာ…”
“သမီးလေးတွေရဲ့ နာမည်ကို မှတ်မိလား…”
ကြည်ကြည် တွေငေးငေး ဖြစ်သွားတယ်။
မျက်နှာလေးကြုံ့ပြီး စဉ်းစားတယ်။
ပြီးတော့ ခေါင်းလေးခါယမ်းပြီး ပြောတယ်။
“မ…မှတ်…မိ…ဘူး…”
“အရင်က သမီးတို့ ဘယ်မြို့မှာ နေတာလဲ”
လူကြီးတွေက ထပ်မေးကြည့်တယ်။
ဒီမေးခွန်းကိုလည်း ကြည်ကြည် မဖြေနိုင်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကြည်ကြည် လူဝင်စားဆိုတာကို
ရပ်ကွက်ထဲမှာ လူပြောသူပြောများလာတယ်။
ကြည်ကြည့်ရဲ့ အတိတ်ဘဝအကြောင်းတွေကို
ဘယ်အချိန်မေးမေး ဘယ်သူက မေးမေး…
ကြည်ကြည်ကတော့ ဒီအတိုင်းပဲ ပြောတယ်။
တစ်ရက်မှာ ဦးစိန်မောင် ကျိုက်ထိုဘူတာကို
ရောက်သွားတယ်။
ဘူတာက ဝါရင့် လက်မှတ်စစ်တစ်ယောက်ကို
မေးကြည့်တယ်။
“ဟိုးတုန်းက ဦးညွန့်တင်ဆိုတဲ့ မီးရထားလက်မှတ်စစ်
တစ်ယောက်ကို ကြားဖူး တွေ့ဖူးလား…
လွန်ခဲ့တဲ့ ငါးနှစ်ကျော် ခြောက်နှစ် ခုနှစ်လောက်ကပေါ့”
“ရှိတယ်။ မီးရထားလက်မှတ်စစ်တွေထဲမှာ
ကိုညွန့်တင်ဆိုတဲ့နာမည်နဲ့ နှစ်ယောက်
သုံးယောက်လောက် ဟိုးတုန်းက တွေ့ဖူးတယ်။
ခုတော့ တစ်ယောက်မှ မတွေ့တော့ဘူး…
နယ်ပြောင်းသွားကြတာလား။
အလုပ်က ထွက်သွားကြတာလားတော့ မသိဘူး…”
ဦးစိန်မောင်ဟာ သူ့သမီးကြည်ကြည်ပြောတာ
ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလိုက်တယ်။
သူ စုံစမ်းသိရှိတဲ့အကြောင်းကိုလည်း
ဇနီးဖြစ်သူ ဒေါ်သိန်းရွှေကို ပြောပြလိုက်တယ်။
အကြောင်းဆုံလာလျှင် သူ့အချိန်တန်လာရင်
လူဝင်စား ကြည်ကြည်တစ်ယောက်။
သူရဲ့ အတိတ်ဘဝကို ပီပီပြင်ပြင်
သတိရလာနိုင်တယ်လို့လည်း တွေးထားကြတယ်။
သူတို့ တွေးထားတဲ့ အတိုင်းပါပဲ…
“နှင်းပုလဲကို သွားချင်တယ်…
နှင်းပုလဲကို လိုက်ပို့ပေး…”
ထင်မှတ်မထားတဲ့ နေ့တစ်နေ့မှာ
ကြည်ကြည် ဂျီကျတယ်။
ကြည်ကြည်ပြောတဲ့ စကားတွေက
ဘယ်သူမှ မျှော်လင့်မထားတဲ့စကား။
နှင်းပုလဲမြို့လေးဟာ လူဝင်စားမလေးကြည်ကြည်ရဲ့
အတိတ်ဘဝ တစ်စိတ်တစ်ပိုင်းနဲ့ ပတ်သတ်နေလိမ့်မယ့်လို့
ယူဆမိကြတယ်။
ဒါပေမယ့် ဘာတွေ ဆက်ပြောမလဲဆိုတာ
သိချင်တာကြောင့် ကြည်ကြည်ပြောတာကို
မသိကျိုးကျွန်ပြုနေလိုက်တယ်။
လူဝင်စားတွေရဲ့သဘာဝက
အရမ်းထူးဆန်းတယ်။နားလည်နိုင်ဖို့လည်း
အင်မတန်ခက်ခဲတယ်။
အတိတ်ဘဝဖြစ်စဉ်တွေကိုလည်း အမြဲတမ်း
သတိရနေတာ မဟုတ်ဘူး။
မမျှော်လင့်တဲ့ အချိန် မထင်မှတ်တဲ့ အချိန်ကျမှ
သတိ ရတတ်တယ်။
သတိရတဲ့အခါမှာလည်း အဲဒီအကြောင်းအရာကိုပဲ
တစ်စူးစား တစိုက်မတ်မတ် ပြောဆိုနေလေ့ရှိတယ်…
အခုလည်း ကြည်ကြည်ဟာ ဘာကို သတိရတာလည်း
မသိဘူး။ နှင်းပုလဲကို လိုက်ပို့ဖို့ပဲ တစ်ငိုတည်းငိုပြီး
ဂျီကျတယ်။
နှစ်ရက်လောက်ကြာတဲ့အခါမှာတော့
ဦးစိန်မောင်နဲ့ ဒေါ်သိန်းရွှေတို့ဟာ
ကြည်ကြည့်ကို နှင်းပုလဲလိုက်ပို့ဖို့
ဆုံးဖြတ်လိုက်ကြတယ်။
“နှင်းပုလဲကို ဘာနဲ့သွားရမလဲ သမီး…”
“မီးရထားနဲ့ သွားမယ်…”
“ဟို ရောက်ရင် ဘယ်ကိုဆက်သွားမှာလဲ…”
ကြည်ကြည် ငြိမ်သွားတယ်။စဉ်းစားတယ်။
ခဏကြာမှာ…
“သမီးတို့အိမ်ရှိတယ်။အဲဒီကိုသွားမယ်…”
လို့ ပြောတယ်။နောက်တစ်နေ့နံနက်မှာပဲ
ဦးစိန်မောင် ဒေါ်သိန်းရွှေနဲ့ ကြည်ကြည်တို့
မိသားစုသုံးယောက်…
ကျိုက်ထိုကနေ ရထားနဲ့ ထွက်လာခဲ့တယ်။
နေ့လယ်ခင်းလောက်မှာ နှင်းပုလဲဘူတာကို
ရောက်တယ်။ဘူတာကို ရထားဆိုက်တာနဲ့
ကြည်ကြည် ပြေးဆင်းတယ်။
ဦးစိန်မောင်တို့ လင်မယားလည်း
ကြည်ကြည့်နောက်က လိုက်ရတယ်။
ကြည်ကြည်ဟာ ဘူတာကိုဖြတ်ပြီး
မီးရထားဝန်ထမ်းတွေနေတဲ့
နေအိမ်လိုင်းတန်းတန်းလျားတွေ
ရှိရာဆီကို ခပ်သွက်သွက် သွားတယ်။
အိမ်တစ်အိမ်ရှေ့ကို ရောက်တော့ ရပ်ပြီး
အကြာကြီး စိုက်ကြည့်တယ်။
စိုက်ကြည့်နေရင်း ကြည်ကြည့်မျက်လုံးအိမ်ထဲက
မျက်ရည်တွေ တလိမ့်လိမ့် လိမ့်ဆင်းကျလာတယ်။
တဟင့်ဟင့် ငိုရှိုက်သံလည်း ထွက်လာတယ်။
ခဏနေတော့ ငိုသံကြီးနဲ့ပဲ အိမ်ထဲကို လှမ်းခေါ်တယ်။
“ကိုညွန့်…ကိုညွန့်…ကိုညွန့်…”
ငိုသံနဲ့ ထပ်တလဲလဲခေါ်နေတဲ့ ကြည်ကြည်ရဲ့
အသံစူးစူးလေးဟာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းနေတယ်။
ဦးစိန်မောင်တို့ လင်မယားကတော့ ဘာမှဝင်မပြောဘဲ
ကြည်ကြည့် အပြုအမူတွေကိုပဲ စောင့်ကြည့်နေကြတယ်။
ခဏကြာတော့ အသက်ငါးဆယ်ကျော်အရွယ်
မိန်းမကြီးတစ်ယောက် ရောက်လာတယ်။
“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ…” လို့ မေးတယ်။
ကြည်ကြည်ဟာ လာမေးတဲ့မိန်းမကြီးကို
တွေ့တာနဲ့ ငိုရှိုက်နေရာကနေ ချက်ချင်း
မျက်နှာလေးဝင်းပသွားတယ်။
ဝမ်းသာအားရနဲ့ ခေါ်လိုက်တယ်။
“မနီ…မနီ…နင်…မနီ…မဟုတ်လား”
ငါးနှစ် ခြောက် အရွယ်လေးက သူငယ်ချင်းအရင်းလို
ခင်ခင်မင်မင် ခေါ်နေတာကြောင့် မိန်းမကြီး အံ့သြသွားတယ်…
ကြည်ကြည့်ကိုရော…ဦးစိန်မောင်တို့ လင်မယားကိုရော
နားမလည်နိုင်တဲ့အကြည့်နဲ့ ကြည့်နေတယ်။
“မနီ…နင်…ငါ့ကို မမှတ်မိဘူးလား…
ငါ သိန်းတင်မလေ…”
“ဘာ…သိန်းတင်မ…”
မိန်းမကြီး လန့်သွားတယ်။
မျက်လုံးတွေလည်း ပြူးကျယ်သွားတယ်။
မယုံနိုင်ခြင်းတွေနဲ့လည်း တအံ့တသြ ဖြစ်နေတယ်။
“နင်…နင်…နင်က တကယ် သိန်းတင်မလား”
မိန်းမကြီးရဲ့ နှုတ်က စကားတွေ ထစ်ထစ်ငေ့ါငေါ့
ထွက်လာတယ်။
“ဟုတ်တယ်လေ ငါသိန်းတင်မလေ…”
ကြည်ကြည်ဟာ ဝမ်းသာအားရနဲ့ မိန်းမကြီးရဲ့လက်ကို
ဆွဲကိုင် လှုပ်ရမ်းပြီး ပြောနေတယ်။
လူဝင်စားမလေး ကြည်ကြည်ရဲ့ ထူးခြားဆန်းကြယ်
ဖြစ်ရပ်ပါ။
မိန်းမကြီးရဲ့ နာမည်ဟာ အမှန်တကယ်ပဲ ‘ဒေါ်နီ’ဖြစ်နေတယ်…
ကြည်ကြည်ဟာ အတိတ်ဘဝက ခင်ခဲ့တဲ့
ဒေါ်နီကို ဘယ်လိုလုပ်ပြီး မှတ်မိနိုင်တာလဲ…
ဒါကတော့ သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခု
ဖြစ်ပါလိမ့်မယ်။
ဘယ်သူမှ ပြောနိုင်မှ မဟုတ်ပါဘူး။
ဦးစိန်မောင်က ဒေါ်နီ့ကို လူဝင်စားမလေး
ကြည်ကြည့်အကြောင်း ရှင်းပြတယ်။
ညဘက်လက်ဖျံမှာ ကြက်ပျံနေတဲ့ပုံသဏ္ဍာန်
အမှတ်မည်းပါတာ ပြောပြတယ်။
“ဦးညွှန့်တင်က သူ့မိန်းကို သိပ်ချစ်တာလေ
ဒါကြောင့် လူဝင်စားရင် သိအောင်ဆိုပြီး
ညဘက်လက်ဖျံမှာ ကြက်ပျံနေတဲ့ပုံသဏ္ဍာန်
အမှတ်အသား ရေးဆွဲပေးလိုက်တာ…
အဲဒီအမှတ်က တကယ်ပါလာတာကိုး…”
ဒေါ်နီဟာ ကြည်ကြည့်လက်ဖျံက အမှတ်ကိုကြည့်ရင်း
အံ့သြမဆုံး ဖြစ်နေတယ်…။
ဒေါ်နီပြောပြလို့…။
အငယ်မလေးရဲ ခြေထောက်က ရေနွေးပူလောင်တဲ့
ဒဏ်ရာတွေ ပျောက်ကင်းသွားတဲ့အကြောင်းနဲ့…
ခြေထောက်မှာ အမာရွတ်တွေကျန်နေတဲ့အကြောင်း
သိနေတယ်…
“မသိန်းတင်ဆုံးပြီးတော့ ကိုညွှန်တင် စိတ်လေသွားတယ်။
အရက်တွေသောက်တယ်။နောက်တော့
အလုပ်က ထွက်သွားတယ်။
သမီးလေးနှစ်ယောက်ခေါ်ပြီး သူ့မိဘဆွေမျိုးတွေရှိရာ
အညာကို ပြန်သွားတယ်။
အဲဒီအချိန်ကစပြီး ကိုညွန်တင်အကြောင်းကို
ဘာသတင်းမှ မကြားရတော့ဘူး…”
ဒေါ်နီစကားကြားတော့ ကြည်ကြည် ငိုင်ကျသွားတယ်။
“ရက်စက်လိုက်တာနော်…ကျမ ပြန်လာတာကိုတောင်
မစောင့်တော့ဘူး…”
လို့ ပြောတယ် ။ ပြောရင်း ငိုတယ်…။
ဒေါ်နီက ဦးစိန်မောင်တို့မိသားစုကို သူ့အိမ်ခေါ်သွားတယ်။
သူနဲ့အတူ တွဲပြီး ရိုက်ထားတဲ့ ဒေါ်သိန်းတင်ရဲ့ပုံကို
ပြတယ်။
ဟိုဘက်ဘဝက ဒေါ်သိန်းတင်ရဲ့ပုံဟာ ယခုဘဝမှာ
လူဝင်စားဖြစ်လာတဲ့ ကြည်ကြည်နဲ့
တော်တော်ကြီးတူနေတာကို တွေ့ကြရတယ်…
ဒေါ်နီသတင်းပေးလိုက်လို့ ဟိုဘက်ဘဝက
ဒေါ်သိန်းတင်နဲ့ ခင်မင်ခဲ့ကြသူတွေ ကြည်ကြည့်ကို
လာကြည့်ကြတယ်။
ဒေါ်သိန်းတင်နဲ့ တစ်ရုပ်တည်း ဖြစ်နေတဲ့ ကြည်ကြည့်ကို
တွေ့တော့ အံ့သြကြတယ်။
အထူးသဖြင့် သူတို့အားလုံးလိုလိုက
ကိုညွန့်တင်က ကြက်ပျံနေတဲ့ပုံသဏ္ဍာန် အမှတ်လေး
ရေးဆွဲပေးလိုက်တာကို သိကြတယ်။
ဒါကြောင့် ကြည်ကြည့်လက်ဖျံက
အမှတ်ကိုကြည့်ပြီးလည်း
တအံ့တသြဖြစ်ကြရတယ်။
ကြည်ကြည်ကလည်း အားလုံးကို မဟုတ်ပေမဲ့
တစ်ယောက်စနှစ်ယောက်စကို အမည်နဲ့တကွ
မှတ်မိနေတယ်။
ဦးစိန်မောင်တို့ မိသားစုဟာ ဒေါ်နီ့အိမ်မှာ
တစ်နေ့ကုန်တည်းခို။ စကားတွေပြောပြီး
ညရထားနဲ့ ကျိုက်ထိုကို ပြန်လာခဲ့ကြတယ်။
ကြည်ကြည်ဟာ သူလာတဲ့အထိမစောင့်ဘဲ
အလုပ်ကထွက် နှင်းပုလဲကလည်းထွက်သွားတဲ့
ကိုညွန့်တင်ကို စိတ်နာသွားတာလား…
ဒါမှမဟုတ်…
အတိတ်ဘဝဟောင်းက အဖြစ်အပျက်တွေကို
ပြန်ပြီးပဲ မေ့ပျောက်သွားတာလား မသိဘူး။
နှင်းပုလဲကနေ ပြန်လာတဲ့အချိန်ကစပြီး
သူ့အတိတ်ဘဝအကြောင်းတွေ
ကိုညွန့်တင်နဲ့ သမီးနှစ်ယောက်အကြောင်းတွေကို
ဘာမှမပြောတာ ယနေ့ထိတိုင်ပါပဲ…
ခုချိန်မှာတော့ လူဝင်စားမလေးကြည်ကြည်ဟာ
ဘွားဘွား ဒေါ်ကြည်ကြည်ဘဝကို ရောက်ရှိနေပြီး…
ရန်ကုန်မြို့ ကံဘဲ့မှာ နေထိုင်လျက် ရှိပါတယ်…
မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)
( အောက်လမ်းသရဲမ ဒေါ်ခ) စာအုပ်မှ
စာဖတ်သူများ ဗဟုသုတ ရစေရန် ကူးယူတင်ပြလိုက်ပါတယ်။
ပြီးပါပြီ
စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါဇေ