°°°°°°°°°°°°°°°°°°
မိုးသည်းထန်စွာ ရွာသွန်းနေသော ညတစ်ည၌
ကျွန်ုပ်သည် အိမ်ရှေ့မြောင်းထဲမှ အမှိုက်များကို
မိုးရေအောက်မှာပင် ပေါက်ပြားတစ်လက်ဖြင့်
ဆွဲဖယ်နေခဲ့လေ၏
အိမ်ရှေ့ရှိမြောင်းမှာ အမှိုက်များဖြင့်
ပိတ်နေသောကြောင့် ရေများကောင်းစွာ မစီးနိုင်ဘဲ
မြောင်းထဲမှ ရေများမှာ အိမ်ဘက်သို့စီးဝင်တော့
မတတ်ကောင်းဖြစ်နေသောကြောင့် ကျွန်ပ်သည်
ထို့သို့လျှင် အမှိုက်များကို ဆွဲဖယ်နေရခြင်း
ဖြစ်လေတော့သည်
လေတဟူးဟူးတိုက်နေသော မိုးရေအောက်၌
တစ်နာရီကျော်ခန့် အလုပ်လုပ်ပြီးသည့်နောက်တွင်
ကျွန်ပ်သည် ရေမိုးချိုး၍ အင်္ကျီထူထူကို ဝတ်ရလေ၏
ငယ်စဉ်က မိုးထဲရေထဲ၌ နေပူကျဲကျဲ၌ အကြမ်းပတမ်း
လှုပ်ရှားခဲ့သော်လည်း ယခုအခါ အသက်အရွယ်က
စကားပြောလာပြီဖြစ်သော်ကြောင့် ထိုမျှလောက်ကိုပင်
ကျွန်ပ်သည် ဒဏ်မခံနိုင်တော့လောက်အောင်
ဖြစ်ရလေ၏
ရင်ထဲ၌ တစ်မျိုးကြီးဖြစ်နေသောကြောင့်
ညစာကိုလည်း မစားတော့ဘဲ လမ်းထိပ်ရှိ ဆေးဆိုင်မှာ
ဆေးသွားဝယ်ကာ ဆေးတစ်ခွက်စာကို
သောက်၍ ရေနွေးကြမ်းပူပူကိုသာလျှင်
တစ်ခွက်ပြီးတစ်ခွက် သောက်နေခဲ့လေ၏
မိုးမှာလည်း ကောင်းနေဆဲဖြစ်လေ၏
မိုးကောင်းလျှင် ဖြစ်တတ်သော ထုံးစံအတိုင်း
မီးမှာလည်း ပျက်လေတော့၏
ကျွန်ပ်၏အိမ်ရှိ အင်ဗာတာ(ခေါ်)ဘက်ထရီအိုးနှင့်
တွဲပြီးသုံးသော ပစ္စည်းမှာလည်း ပျက်နေသောကြောင့်
ကျွန်ပ်မှာခြောက်တိုင်ထုပ် ဖယောင်းတိုင်တစ်တိုင်ကို
ထွန်း၍ နေခဲ့ရလေ၏
အချိန်မှာ ညသန်းခေါင်ခန့်ရှိခဲ့ပြီဖြစ်၏
ကျွန်ပ်မှာ အဖျားတက်လာသောကြောင့် အိပ်တစ်ဝက်
နိုးတစ်ဝက် ရှိနေစဉ် အိမ်ရှေ့တံခါးကို လာ၍
ခေါက်သောအသံကို ကြားသဖြင့် လက်နှိပ်ဓါတ်မီးကို
ယူကာ ထိုးကြည့်လိုက်လျှင် ရုတ်တရက်မြင်လိုက်ရသော
မြင်ကွင်းကြောင့် အလွန်အမင်းပင် ထိတ်လန့်
တုန်လှုပ်သွားရလေ၏
ကျွန်ပ်မြင်လိုက်ရသည်မှာ ရုပ်ရှင်များ ရုပ်ပြစာအုပ်များ၌
တွေ့ရလေ့ရှိသော သေမင်းဆိုသည့်ရုပ်ပုံနှင့်
ဆင်သည့်သဏ္ဌာန်တစ်ခုကို လှမ်းမြင်လိုက်ရသောကြောင့်
ဖြစ်လေ၏။ကျွန်ပ်က ကြောက်ရွံ့နေစဉ် ထိုမည်းမည်း
သဏ္ဌာန်က
“ဆရာဇင်ယော်နီ့ အိမ် ဟုတ်ပါသလားဗျာ
ကျနော်က မုံရွာကတောင် တကူးတကာလာရတဲ့
ဧည့်သည်ပါ ဆရာ့ ဆီမှာက တစ်နေကုန်
ဗေဒင်မေးတဲ့ ပရိတ်သတ်တွေ ရှိနေတယ်
ညပိုင်းဆိုရင်တော့ စာရေးတာတို့
ဟောစာ တမ်းစာရေးတာတို့ ကလေးနာမည်တွေ
ရွေးပေးတာတို့ နဲ့ လူရှင်းတတ်တယ်လို့ ကြားဖူးလို့
ဒီအချိန်ရွေးပြီး လာခဲ့တာပါ …ကျေးဇူးပြုပြီး
ကျနော့်ကို ဝင်ခွင့်ပြုပ့ါဗျာ …ကျနော် ဆရာနဲ့
အေးအေးဆေးဆေး စကားပြောချင်လို့ပါ “
ဟု ပြောလေတော့၏
ကျွန်ပ်သည် ကြောက်ကြောက်နှင့်ပင် ဓါတ်မီးနှင့်
သေသေချာချာထိုးကြည့်လိုက်သောအခါ ထိုသူမှာ
ခေါင်းစွပ်မိုးကာ အင်္ကျီအမည်းကြီးကို ခြုံလာသော
အသက်၆၀ခန့် အဘိုးကြီးတစ်ဦးဖြစ်နေသည်ကို
တွေ့ရလေတော့၏
အဘိုးကြီးမှာ မိုးရေအောက်၌ အတော်ပင် ချမ်း၍
တုန်နေဟန်ရှိလေ၏
“အင်း…လူလား သရဲလားလည်း မသိဘူး
လူပဲဖြစ်ဖြစ် သရဲပဲဖြစ်ဖြစ် မိုးထဲလေထဲမှာ အတော်
ဒုက္ခရောက်နေဟန်ပဲ။သတ္တဝါ တစ်ခု ကယ်ကောင်း
ပါတယ်လေ ပြီးတော့ ငါ့ဆီကို လာတဲ့ ဧည့်သည်
ဆိုတော့ ဘာပဲဖြစ်ဖြစ် ဖွင့်ပေးရတော့မှာပဲပေါ့”
ဟု တွေးမိကာ ကျွန်ပ်လည်း သော့ကိုယူ၍
တံခါးကို ဖွင့်ပေးလိုက်လေတော့၏
ထိုသူသည် မိုးကာအင်္ကျီကြီးကို ချွတ်ရင်း အခန်းတွင်းသို့
ဝင်လာလေ၏ ပြီးနောက် ဘုရားစင်ရှေ့သို့သွားကာ
ဘုရားအား အကျအန ဦးခိုက်၍ ကန်တော့လေ၏
ထို့နောက် ဖယောင်းတိုင်မီးဖြင့် မြင်နေရသော
အဘမင်းသိင်္ခရုပ်တုကိုလည်း ကန်တော့ပြန်လေ၏
ထိုကြောင့် ကျွန်ပ်က
“အင်း…လူပဲဖြစ်မှာပါလေ …သရဲ တစ္ဆဆိုရင်လည်း
ဘုရားကိုလည်း ကန်တော့တယ်။ငါ့တို့အဘကိုလည်း
ကန်တော့တယ်ဆိုတော့ မကောင်းဆိုးဝါးတော့
မဖြစ်နိုင်လောက်ပါဘူး “
ဟု တွေးနေမိလေ၏။ထိုနောက်တွင် ထိုသူသည်
ကျွန်ပ်ဘက်သို့ လှည့်ကာ ပြုံးပြလေ၏
သူက ပြုံးပြမှပင် ကျွန်ပ်လည်း နောက်သို့
အနည်းငယ် တွန့်သွားမိလေ၏
အကြောင်းမှာ ဖယောင်းတိုင် မီးရောင်အောက်၌
ထိုသူ၏ မျက်နှာသည် လွန်စွာအိုစာနေပြီလျှင်
မျက်နှာပြင်မှာ ဘာဂျာတွန့်ကဲ့သို့ အရေးအကြောင်း
များရှိနေပြီး သွားများမှာလည်း ကျိုးတို့ကျဲတဲ
ရှိနေလေ၏ ။ ကျွန်ပ်အဖြစ်ကို တွေးမိဟန်ဖြင့်
ထိုသူသည် ခြောက်ကပ်ကပ်အသံဖြင့် တဟက်ဟက်
ရယ်လိုက်သည့်နောက်…
“ကျနော်က လူအစစ်ပါဆရာရဲ့ …မယုံရင် ပရိတ်လေး
ဘာလေး ရွတ်ကြည့်ပါလား…ဆရာလိုတဲ့ နေရာဆိုရင်တောင်
ကျနော်က ထောက်ပေးလိုက်ပါဦးမယ်”
ဟု ပြောလေ၏။ကျွန်ပ်က …
“ဟုတ်ပါပြီဗျာ…လာရင်းကိစ္စကို ပြောပါဦး”
ဟု ပြောလိုက်လျှင်ငှင်းက
“ကျုပ်နာမည်က ဦးတင်ဆွေပါ…သူငယ်ချင်းတွေကတော့
တင်ဆွေကို အမြန်ခေါ်ကြရင်းနဲ့ တစ္ဆေတစ္ဆေလိုပဲ
ခေါ်ကြလေရဲ့ …အဲဒီတော့ ဆရာ့အနေနဲ့လည်း ကျုပ်ကို
ဦးတစ္ဆေလို့သာ အလွတ်မှတ်ထားလိုက်ပေါ့ဗျာ…
ရန်ကုန်ကို လာရင်းအကြောင်းကတော့ ပြီးခဲ့တဲ့
အပတ်ထဲကပဲ ရန်ကုန်က မီးသတ်ဌာနမှာ အလုပ်
လုပ်နေတဲ့ တူတော်မောင်တစ်ယောက် ကားမတော်
တဆဖြစ်ပြီး သေသွားရှာတယ် သူ့ဆွမ်းသွပ်ကိုလာတာ
အဲဒီလိုလာရင်း အလွန်သိချင်နေတဲ့ ကိစ္စလေးတစ်ခုရှိလို့
ဆရာ့ဆီကို မနည်းစုံစမ်းပြီး လိုက်လာတာပါဗျာ”
ဟုပြောပြလေ၏။
ကျွန်ပ်လည်း စိတ်မသက်မသာစွာဖြင့် သက်ပြင်းကို
ခိုး၍ချရင်း သူ့ကိုယ့်သူ ဦးတစ္ဆေပါဟု ပြောလာသော
ဦးတင်ဆွေဆိုသူအား မျက်တောင် မခပ်စတမ်း
အကဲခတ်လျက်
“အေးဗျာ…မိုးထဲရေထဲကို လာရတယ်လိုပဲ
ကျုပ်လည်း ဖျားနေလို့ လက်ဖက်ရည်တွေ
ဘာတွေနဲ့ ဧည့်မခံတော့ဘူး ဟိုးသံလမ်းနားမှာတော့
ညလုံးပေါက်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်
ရှိတယ်ဗျ…အဲဒီကို သွားကြရင် မကောင်းဘူးလား”
ဟု ကျွန်ပ်တစ်ယောက်တည်းထက်စာလျှင် ဤကဲ့သို့
သောတစ္ဆေရုပ်ပေါက်နေသည့်အဘိုးကြီးတစ်ဦးနှင့်
လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်၌ ရှိနေခြင်းက
ပို၍စိက်သက်သာရာ ရနိုင်ပေမည် ဟု
တွေးမိကာ ပြောလိုက်သော်ငြားလည်းဌင်း ကိုတစ္ဆေက
“နိုး …နိုး…ကျနော်က ဆရာနဲ့ အေးအေးဆေးဆေးကို
နှစ်ယောက်တည်း တွေ့ချင်လို့ ဒီလို အချိန်ကို
ရွေးလာခဲ့တာပါ”
ဟု ပိတ်၍ ပြောပါလေတော့၏။ထို့ကြောင့် ကျွန်ပ်လည်း
မတတ်သာတော့ဘဲ…
“ဟုတ်ပါပြီ ဦးတင်ဆွေရယ် …ကျုပ်ကတော့
ခင်ဗျားကို ဦးတစ္ဆေလို့ မခေါ်ချင်ပါဘူး ဦးတင်ဆွေလို့ပဲ
ခေါ်ပါရစေ ဘာများ သိချင်တာရှိလို့လဲ”
ဟုမေးရာ ဦးတင်ဆွေက
“သရဲတစျဆေဆိုတာ ဆရာယုံသလား”
ဟု မေးလေတော့သည်။
“သိစိတ်ကတော့ မယုံဘူးဗျ ဘာလို့လဲဆိုတော့
ကျနော့်အတွေ့အကြုံအရ သရဲခြောက်တယ်ဆိုတာကို
ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မကြုံဖူးလို့ပဲ
ဒါပေမယ့် မယုံတာ မယုံတာပဲ မကြောက်ဖူးလားလို့
မေးလိုက်ရင်တော့ ကြောက်တာရဲ့ ဟိုဘက်ကို
တောင် လွန်သေးတယ်လို့ ပြောရမှာပဲဗျို့”
ဟု ကျွန်ပ်ပြောလိုက်လေ၏ …ဦးတင်ဆွေက ရယ်လေ၏
ထိုနောက် …
“လူတွေသေပြီးရင် သရဲဖြစ်တတ်တဲ့…ဒါမှမဟုတ်
ဝိညာဉ်လောကသားဖြစ်သွားတာပေါ့ ဆရာရယ်…
တချို့ မသေသေးဘဲ မျောနေတဲ့ လူရဲ့ ဝိညာဉ်ကိုရော
ဘယ်လိုပြောရမလဲ …သူက လူ့ဘဝမှာပဲလား
ဝိညာဉ်ဘဝ သရဲဘဝကို ရောက်နေပြီလား”
ဟု မေးပြန်ရာ ကျွန်ပ်လည်း ခေါင်းကိုကုတ်ရင်း
“ပေါက်ပေါက်ရှာရှာတွေ ဦးတင်ဆွေရယ် …ကျုပ်ဖြင့်
တစ်ခါမှ မစဉ်းစားဖူးပါဘူး”
ဟု ပြောမိလေ၏။ထိုအခါ ဦးတင်ဆွေက
“လူတွေသေပြီးရင် လူဘဝမှာပြန်ပြီး ဝင်စားတတ်တယ်တဲ့
အစွဲအလန်းကြီးသူတွေဟာ ဆွေမျိုးသားချင်းတွေဆီမှာ
ပြန်ပြီးဝင်စားတတ်တယ်တဲ့ အဲဒါဆို မသေသေးဘဲ
အကြာကြီးမျောနေတဲ့ လူကရော ဒီဘက်ဘဝမှာ
မသေသေးဘဲနဲ့ ဟိုဘက်ဘဝမှာ သွားပြီ
ဝင်သွားစားတာမျိုး မရှိနိုင်ဘူးလား”
ဟု မေးပြန်လေ၏။ကျွန်ပ်လည်း ဌင်း၏အမေးကို
ပြန်မဖြေနိုင်ဘဲ နှာခေါင်းရှုံ၍သာ ခေါင်းကိုကုတ်နေမိလေ
တော့၏။ထိုအခါ ဦးတင်ဆွေက
“ကျနော်ကြားဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုရှိတယ်
မန္တလေးမှာ အသက်(70)လောက် ဆရာတော်ကြီးတစ်ပါးဟာ
နေမကောင်းကြီးစွာ ဖြစ်ပြီး မျောသွားတယ်
လနဲ့ချီပြီးမျောသွားတာ ဒါပေမယ့် ကံကောင်း
ထောက်မစွာနဲ့ အသက်ပြန်ရှင်လာတယ်
(10)နှစ်လောက်လည်းကြာရော (9)နှစ်သားလောက်
ကလေးတစ်ယောက်ရဲ့ လက်ကိုဆွဲပြီး လင်မယားနှစ်
ယောက်ကျောင်းကို ရောက်လာတယ်…ဟောဒီ
ကလေးက သူ့ကျောင်းရှိတယ် …မန္တလေး ဘယ်အရပ်မှာ
လိုက်ပို့ပါဆိုပြီး နေ့ရှိသရွေ့ ပူဆာနေလို့
လိုက်ပြီး ပို့ရတာပါ လို့ပြောကြတယ် မင်းက
ဘယ်သူလဲလို့ မေးကြတော့ အခုန ဆရာတော်ကြီးရဲ့
ဘွဲ့နာမည်ကို ပြောပြတယ် သူဟာ ဆရာတော်ကြီး
ပြန်ဝင်စားတာလို့လည်း ကလေးက ပြောတယ်
ဆရာတော်ကြီးက ငါငုတ်တုတ်ကြီး ရှိနေသေးတာ
မင်းက…ဘယ်လို ဝင်စားမှာလဲလို့ မေးတော့
ကလေးက ဘယ်စာအုပ် ဗီရိုထဲက ဘယ်ကျမ်းထဲမှာ
ဘယ်စာရွက်ညှပ်ထားတဲ့အကြောင်း …ဘယ်မှတ်တမ်း
စာအုပ်ထဲမှာ ဘယ်အကြောင်းရေးထားတဲ့
အကြောင်းတွေကို အတိအကျပြောပြသတဲ့…
ဆရာတော်ကြီးရဲ့ ဘဝဖြစ်စဉ်တွေကိုလည်း
အတိအကျ ပြောပြနိုင်သတဲ့…အားလုံးလည်း
တအံ့တသြကြီး ဖြစ်ကြရတာပေ့ါလေ…အဲဒီတော့မှ
ဆရာတော်ကြီးက
“အေး…ငါ ကျန်းမာရေးညံ့ပြီး မျောနေတုံးက
ငါ့ရဲ့ ဝိညာဉ်ဟာ ထွက်သွားပြီး အဲဒီမိသားစုမှာ
သွားပြီး ဝင်စားတာဖြစ်နိုင်ကောင်းပါရဲ့”
လို့ မိန့်တော်မူဖူးသတဲ့။အဲဒါ ကျုပ်အဘိုးပြောပြဖူးတယ်
ဆရာရော ဘယ်လို ယူဆသလဲ”
ဟု ပြောပြန်ရာ ကျွန်ပ်လည်း…
“တောက်တီးတောက်တဲ့ ဦးတင်ဆွေရယ်”
ဟူ၍သာလျှင် ခပ်ညည်းညည်းခလေး ပြန်ပြောမိပါလေ
တော့၏
ဦးတင်ဆွေက…
“တချို့က လူတွေမှာသေကံကြုံပေမယ့် သေကံမရောက်
သက်မပျောက်ဆိုသလို အသက်ဘေးက ကြံဖန်လွတ်တယ်
ဆိုတာတွေလည်း ဆရာကြားဖူးမှာပေါ့
သူတို့ ကျတော့ တစ်ဘဝမှာ နှစ်သက်စာရှင်ဖို့ ကံပါလာလို့လား”
ဟုပြန်မေးရာ ကျွန်ပ်က
“ဒါကတော့ ဒီလိုရှိတယ် ဦးတင်ဆွေရဲ့ …လက္ခဏာ
ပညာမှာ အသက်လမ်းကြောင်းရဲ့ဘေးမှာ
လမ်းကြောင်းအပြိုင်တစ်ခုပါနေခဲ့ရင် အဲဒါကို
အသက်ကယ်လမ်းကြောင်းလို့ ခေါ်တယ်
အရံအသက်လမ်းကြောင်း လို့ခေါ်တယ်
အဲဒီလမ်းကြောင်း ပါနေခဲ့ရင် ဥပစ္စေဒက ကံနဲ့မသေနိုင်ဘူး
သေဘေးကနေ ကြံဖန်ပြီး လွတ်တတ်တယ်လို့
ဆိုတယ်
ဂဏန်းဗေဒင်အယူအဆမှာတော့
အင်္ဂလိပ်မွေးရက်ကို ပေါင်းလိုက်လို့ (2)ဂဏန်းရတဲ့
လူတွေ (2)ရက်တို့ (11)ရက်တို့ (20)တို့မှာ
မွေးတဲ့ လူတွေ ပြီးတော့ မွေးရက်ကို ပေါင်းလိုက်လို့
(7)ဂဏန်းရတဲ့ လူတွေဆိုရင်တော့ ဘဝမှာ
အရေးကြီးတဲ့ ကိစ္စတွေဟာ နှစ်ကြိမ်နှစ်ခါ ပြန်ပြီး
ကြုံတတ် ဖြစ်တတ်ကြတယ် …ပြီးတော့ အဲဒီလို
မွေးဂဏန်းပိုင်ရှင်တွေဟာ အခုန ခင်ဗျားပြောတဲ့
လူဝင်စားတွေလည်း ဖြစ်တတ်တယ်ဗျ”
ဟု ပြန်ပြောလိုက်လေ၏…ထိုအခါ ဦးတင်ဆွေက
သူ၏ရှုံတွနေသော လက်ဝါးပြင်ကို ဖယောင်တိုင်မီး
လှုပ်တုတ်လှုပ်တုတ်အောက်၌ ဖြန့်ပြရင်း
“အဲဒါဆိုရင် ကျနော်ရဲ့ လက်မှာ ဆရာပြောတဲ့
အသက်ကယ် လမ်းကြောင်းပါနေတယ်ဗျ
ပြီးတော့ ကျတော်က နိုဝင်ဘာ(20)ရက်နေ့မှာ
မွေးတာဗျ”ဟု ပြောနေလေ၏…ထိုနောက်
“ဟုတ်ပါပြီ ဆရာရယ်…ကျနော်သိချင်တာလေးတွေများ
ထူးထူးထွေထွေ သိခွင့်ရမလားလို့ ဆရာဆီကို
ကြိုးစားပမ်းစားလာခဲ့တာပါ တကယ်တော့
ဆရာလည်း ဘာမှထူးထူးခြားခြား မသိပါဘူး
တစ်ခုတော့ တောင်းပန်ပါရစေ…ဆရာကြီးမင်းသိင်္ခတို့
ဆရာတို့ ဆိုတာက စာရေးတဲ့နေရာမှာ ပါရမီထူးတဲ့
သူတွေပါ …ကျနော်သိချင်တဲ့အကြောင်းအရာတွေများ
ဆရာ့မှာ တိုက်တိုက်ဆိုင်ဆိုင် ကြုံလာခဲ့ရင်
ကျကျနန စာလေးတစ်ပုဒ်တော့ ရေးဖြစ်အောင်
ရေးပေးပါလို့ တောင်းပန်ပါရစေဗျာ”
ဟု ပြောဆိုနှုတ်ဆက်ကာ ကျွန်ုပ်၏အခန်းမှ
ပြန်ထွက်သွားပါလေတော့၏
မိုးမှာလည်း စဲနေပြီဖြစ်၏။ထိုဦးတင်ဆွေ ပြန်ထွက်သွားပြီ
များမကြာမီမှာပင် လမ်းထိပ်ဆီမှာ ခွေးများ၏
ဆွဲဆွဲငင်ငင် အူကြသော အသံများကို ကြားရလေ၏
မည်သို့ ဖြစ်သည် မသိ။
ထိုသို့ခွေးအူသံကို ကြားလျှင် ကျွန်ပ်အနေနှင့်
စိတ်ထဲ၌ ဘယ်လိုကြီးမှန်းမသိ ကြောက်လန့်လာ
မိစမြဲဖြစ်လေ၏။
ထို့ကြောင့် အိမ်ရှေ့တံခါးကို အသေအချာ စေ့၍
သော့ကို ခတ်ပြီး နောက်ပြန် ဝင်လာခဲ့လေ၏
ထိုအချိန်၌မှာပင် လျှပ်စစ်မီးများလည်း ဝင်းကနဲ
ပြန်လာပါတော့၏
မီးရောင်နှင့်အတူ ဦးတင်ဆွေဆိုသူသည် သူ၏
ခေါင်းချွန်ချွန် မိုးကာအမည်းကြီးကို မေ့ကျန်နေခဲ့ကြောင်း
တွေ့လိုက်ရလေတော့၏ ကျွန်ပ်အနေနှင့် ထိုအင်္ကျီကိုလည်း
စိတ်မသိုးမသန့် ဖြစ်မိသောကြောင့်
တံခါးကို ပြန်ဖွင့်ကာ အိမ်အပြင်သို့ ထုတ်ထားလိုက်
မိလေ၏
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွါးပြီး
(7)နှစ်ခန့်ကြာလတ်သော ကျွန်ပ်သည်
ဘုရားဖူးသွားရင်း မုံရွာဘက်သို့ ရောက်သွားလေ၏
အဘမင်းသိင်္ခ မဟာဂန္ဓာ ခရီးထွက်စဉ်က
ကောင်းစွာ ကူညီပေးခဲ့ဖူးသော
ဦးမြင့်ကြွယ် ဒေါ်ဦးတို့၏ နေအိမ်သို့ မှတ်မှတ်ရရဝင်ကာ
နှုတ်ဆက်ရင်း မုံရွာမြို့မှ ဦးတင်ဆွေဆိုသူ၏
အကြောင်းကို ရုတ်တရက်သတိရကာ
“မုံရွာမြို့မှ လူရင်းတွေကဦးတစ္ဆေလို့ခေါ်ကြတဲ့
ဦးတင်ဆွေဆိုတာ ရှိသလားဗျ”
ဟု မေးကြည့်မိလေ၏။ဒေါ်ဦးက
“ကျမတို့ အသိထဲမှာ ဦးတင်ဆွေနှစ်ယောက်ရှိတယ်
ဆရာရဲ့ ဆရာပြောတယ် ဦးတစ္ဆေလို့ခေါ်ကြတဲ့
ဦးတင်ဆွေဆိုတာ လွန်ခဲ့တဲ့ (4)နှစ်လောက်ကပဲ
ဆုံးသွားပြီး ဆရာရဲ့ ဘာလဲ ဆရာနဲ့ ခင်လို့လာ’
ဟုမေးလျှင် ကျွန်ပ်
“ခင်တာတော့ မဟုတ်ပါဘူး ကျနော်ဆီကို
မိုးတွေသည်းနေတဲ့တစ်ညမှာ ရောက်လာဖူးတယ်
လွန်ခဲ့တဲ့ (7)နှစ်လောက်ကဗျ …အခုတော့
ဆုံးရှာပြီကိုး …အင်းလေး…သူသိချင်တဲ့ နောက်ဘဝတွေ
အကြောင်း လူဝင်စားအကြောင်း သူကိုယ်တိုင်
သိခွင့်ရလောက်ပြီပေါ့ “ဟု ရေရွတ်မိရာ ဒေါ်ဦးက
“ဆရာ တစ်ခုခုတော့ မှားနေပြီထင်တယ်…အဲဒီဦးတင်ဆွေဆိုတာက
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက
လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေတာ
လမ်းလျှောက်ဖို့ဝေးလို့ …အထိုင်အထတောင်
လွတ်မဟုတ်ဘူးဆရာရဲ့ …ဆရာ့ကို လွန်ခဲ့တဲ့
(7)နှစ်လောက်က ရောက်လာတယ်ဆိုတာ
မဖြစ်နိုင်ဘူးထင်တယ်”
ဟု ပြောလေတော့၏။
ကျွန်ပ်လည်း ခေါင်းကုတ်ရင်း…
“အင်း…ဒါဆိုရင်တော့ လူနောက် လူပြောင်
တစ်ယောက် ယောက်က ဦးတင်ဆွေရဲ့
နာမည်ကိုသုံးပြီး ငါ့ကို လာနောက်သွားတာပဲ
ဖြစ်မှာပါလေ”
ဟူ၍သာလျှင် တွေးတောနေမိလိုက်ပါတော့သတည်း
သဗ္ဗေဓမ္မာ
ဇင်ယော်နီ
#မူရင်းရေးသားသူ – ဆရာဇင်ယော်နီ
(ပြီးပါပြီ)