• June 19, 2025
  • admin
  • 0

မောင်မြင့်မား(ဘိုကလေး)
လူသတ်ကောင်နှင့် မုဆိုး

ဂရမ်းချောင်းကလေးအတိုင်း လှေကလေးတစ်စီးက တရွေ့ရွေ့ လှော်ခတ်လာသည်။

ရှေ့ဆုံးက ထိုင်နေသူက ရွာသူကြီး ဦးအောင်ပွင့်၊ အလယ်တွင် ထိုင်နေသူက ကုန်စုံဆိုင်ပိုင်ရှင် တရုတ်ကြီးဦးအန်းကူး၊ လှေလှော်နေသူက ရွာသား သာဒင်ဖြစ်သည်။

နာရီဝက်လောက် ဂရမ်းချောင်းအတွင်း လှော် ခတ်လာပြီးနောက် ရှေ့ခပ်လှမ်းလှမ်းတွင် ဝါးတံတားကလေးတစ်ခုကို တွေ့လိုက်ကြရသည်။ ထိုဝါးတံတားကလေးမရောက်မီ ကိုက် ၃ဝ အကွာလောက် တွင် ရေစပ်မှ ချောင်းတွင်းသို့ ထိုးဆင်းနေသော သစ်သားတံတားကလေး တစ်ခု။

ဝါးတံတားကလေးက တမန်ရွာနှင့် ဂရမ်းရွာနှစ်ခုကို ဆက်သွယ်ပေးထားသော ပေ(၅ဝ)လောက်ရှိ တံတားကလေးဖြစ်သည်။

ချောင်းစပ်ကို ထိုးဆင်းနေသော သစ်သားတံတားကလေးက ဓနိရည်ရောင်းသော ကိုအောင်ဘု ဓနိရည်ဆိုင်မှ တံတားကလေးဖြစ်သည်။ သစ်သားတံတားကလေးကို ရောက်သည်နှင့် လှေကလေးက တံတားထိပ်တွင် ကပ်လိုက်သည်။ သူကြီး ဦးအောင်ပွင့်က လှေပေါ်တွင် ထိုင်နေရင်းမှ-

“အောင်ဘုရေ … ဟေ့ အောင်ဘု”

“ဟေး… ဘယ်သူလဲကွ”

“လာစမ်းပါဦးကွ … ငါပါကွ”

“ဟာ…. သူကြီးပါလား၊ စိတ်မရှိပါနဲ့နော်။ ကျွန်တော်က အသံမကျက်မိလို့”

“ကိစ္စမရှိပါဘူး။ ငါ မင်းကို မေးစရာရှိလို့”

““ဟာ… ဒါဆိုရင် အပေါ်တက်ပါဦးလား သူကြီးရ”

“မတက်ပါဘူးကွာ။ မင်းဆိုင်ထဲမှာ အမူးသမားတွေနဲ့ မဖြစ်ပါဘူး။ ငါသိချင်တာက ဒီလိုကွ။ ဟိုမှာထိုင်နေတဲ့ ကုန်စုံဆိုင်ပိုင်ရှင် ဦးအန်းကူးကို သိတယ်မဟုတ်လား”

“ဟာ သိပ်သိတာပေါ့။ ကျွန်တော် သူ့ဆိုင်မှာ ဝယ်နေကျပဲဟာ”

“ဦးအန်းကူးသမီး အကြီးမကလေးရော မင်းသိလား”

“သိတာပေါ့။ ကောက်ပို့မဟုတ်လား”

“အေး… အဲဒီကောက်ပို့က မနေ့က မနက်စောစော ထရော်ရွာက သူ့အဒေါ်ဆီ သွားလည်ဦးမယ်ဆိုပြီး ထွက်သွားတာ၊ သူ့အဒေါ်ဆီလည်း မရောက်၊ အိမ်ကိုပြန်မရောက်နဲ့ ပျောက်နေလို့ မင်းကိုလာမေးတာ”

“ဗျာ… ကောက်ပို့ပျောက်တာ ကျွန်တော်နဲ့ ဘာဆိုင်လို့တုန်း သူကြီးရ”

“အေး မဆိုင်ပါဘူး။ ငါ့စကားလည်း ဆုံးအောင်နားထောင်ပါဦး။ ကောက်ပို့က ထရော်ကိုသွားတာ ကုန်းကြောင်းသွားတာ။ ဟိုး တမန်ရွာနဲ့ မင်းတို့ ဂရမ်းရွာကို ဆက်ထားတာက ဒီဝါးတံတားကလေးပဲ ရှိတာ။ နောက်ပြီး တံတားကိုဖြတ်ပြီးရင် မင်းဆိုင်ရှေ့က ဖြတ်ရမယ်။ ဟုတ်တယ်မဟုတ်လား”

“ဟုတ်ပါတယ် သူကြီး”

“လမ်းက ဒီတစ်လမ်းပဲရှိတော့ တမန်ကနေ ဂရမ်း၊ ဂရမ်းကနေ တမန် သွားတဲ့လူမှန်သမျှ မင်းဆိုင်ရှေ့ကပဲ ဖြတ်ရမယ်။ အဲဒီတော့ မနေ့က မနက် ဦးအန်းကူးသမီး ကောက်ပို့ ဒီက ဖြတ်သွားတာ မင်း တွေ့မိလား”

ကိုအောင်ဘုက အတော်ကြာအောင် စဉ်းစားနေသည်။ ခဏကြာမှ …

“ကောက်ပို့ကို ကျွန်တော် ကောင်းကောင်းသိတယ်။ ကျွန်တော့်ဆိုင်ရှေ့က ဖြတ်တာ မတွေ့မိဘူး”

“သေချာတယ်နော်”

“သေချာတယ်သူကြီး။ မနက်ဘက်ဆို ကျွန်တော့်ဆိုင်က လူရှင်းနေတာ။ ဖြတ်တဲ့လူတွေ အကုန်မှတ်မိတယ်။ ညနေဘက်ဆိုရင်တော့ အရောင်းကျနေလို့ သေချာမှတ်မိမှာ မဟုတ်ဘူး။ မနက်ပိုင်းကတော့ ကျွန်တော်ပြောရဲတယ်””

“ကဲ… ဦးအန်းကူး ကြားတယ်နော်”

“ကြားပါတယ် သူကြီး”

“ဒါဆိုရင် ခင်ဗျားသမီး ထရော်ကို မရောက်တာသေချာတယ်။ ထရော်ကို မရောက်တဲ့အပြင် ဂရမ်းကိုလည်း မရောက်ဘူး။ ဂရမ်းရောက်ရင် အောင်ဘုဆိုင်ရှေ့ကပဲ ဖြတ်ရမှာ။ အခုအောင်ဘုက လာတာ မတွေ့ဘူးဆိုတော့ စဉ်းစားစရာပဲ။ ဦးအန်းကူး ခင်ဗျားသမီးက ထရော်က သူ့အဒေါ်ဆီသွားမယ်ဆိုတာ သေချာတယ်နော်”

“သေချာပါတယ် သူကြီး။ ကျွန်တော့်ကို နေ့ချင်းပြန်သွားမယ်ဆိုပြီး ပြောသွားတာ။ အဝတ်အစားအပိုတောင် မပါဘူး။ ဒါဝတ်နဲ့ပဲ သွားတာ။ နေပူမှာစိုးလို့ ဦးထုတ်အနီကလေးတစ်လုံး ဆောင်းသွားတယ်”

“အေးဗျာ … မတွေးတတ်အောင်ဘဲ။ ကဲ သာဒင်ရေ ရွာကိုပြန်လှော်ကွာ”

xxx xxx xxx

နေ့လယ် ၁၂ နာရီသာသာလောက်ဖြစ်သည်။ ဦးအောင်ပွင့်သည် နံနက်စာစားပြီး ရေနွေးကြမ်းသောက်နေစဉ် ဂရမ်းရွာက အောင်ဘုနှင့် တမန်ရွာက လှစိန်တို့ ဦးအောင်ပွင့်ဆီကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ အရင်ရောက်လာသော အောင်ဘုက-

“သူကြီး သတင်းတော့ ထူးတယ်။ ကောက်ပို့ ပျောက်နေတဲ့ကိစ္စနဲ့များ ဆိုင်နေမလားလို့”

“အေး ဘာထူးလဲကွ။ ပြောစမ်းပါဦး”

“ဒီလိုသူကြီး။ သူကြီးတို့လည်း ပြန်သွားပြီးရော ကျွန်တော်တို့ ဂရမ်းရွာသား ကြက်ပုတို့ညီအစ်ကိုနှစ်ယောက် ဓနိရည်လာသောက်ကြတယ်။ မနက်စောစော ချောင်းရေအကျမှာ အောင်သိန်းကျွဲမကြီးက ရေဆင်းအသောက်မှာ ရေထဲက အကောင်တစ်ကောင်က ကျွဲမကြီးနှာရိုးကို ကိုက်ပြီး ဆွဲအချမှာ ကျွဲမကြီးက နာနာနဲ့ခြေကန်ရုန်းတော့ သူ့ကိုကိုက်တဲ့အကောင်ကြီး ကိုက်လျက်တန်းလန်း ကုန်းပေါ်ပါလာတယ်တဲ့။

နောက်တော့ ပါးစပ်ထဲက လွှတ်လိုက်ပြီး ရေထဲပြန်ဆင်းသွားတယ်တဲ့။ အောင်သိန်းပြောတာကတော့ မိချောင်းလို့ပြောတယ် သူကြီး။ အဲဒီတော့ ကောက်ပို့ပျောက်တဲ့ကိစ္စ အဲဒါနဲ့များ ဆိုင်နေမလားလို့”

“အေးကွ … ဆိုင်တော့ ဆိုင်နိုင်တယ်”

ထိုအချိန်တွင် လှစိန် ရောက်လာသောကြောင့် –

“လှစိန်ပါလား … ဘာလဲဟေ့”

“ဒီလိုပါသူကြီး။ မနက်က ဂရမ်းချောင်းထိပ်က သောင်ပေါ်မှာ ကျွန်တော် ဘဲတွေလွှတ်ပြီး ကျောင်းနေတုန်း ရေထဲက ဝုန်းကနဲအသံ ကြားလိုက်လို့ ကြည့်လိုက်တော့ မည်းမည်းအကောင်ကြီး ဘဲအုပ်ထဲကို ဝင်လာပြီး ဘဲ သုံး လေးကောင်လောက်ကို ကိုက်ဆွဲသွားတယ်”

“ဘာကောင်ကြီးလဲကွ”

“ဝုန်းကနဲအသံကြားမှ ကျွန်တော်လည်း လှည့်ကြည့်ရတာဆိုတော့ နောက်ပြီး ဘဲအုပ်ကြီးကလည်း လန့်ဖြန့်ပြေးနေတော့ မည်းမည်းကြီးပဲ ရေထဲ ငုပ်သွားတာ တွေ့လိုက်ရတယ်။ ကျွန်တော်ထင်တာကတော့ မိချောင်းထင်တာပဲ”

ဦးအောင်လွင်က အောင်ဘုကို လှည့်ကြည့်လိုက်ကာ-

“အောင်ဘု မင်းပြောတာ အများကြီးနီးစပ်တယ်ကွ။ ကဲ မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်ကွာ။ ကဲ. . . မင်းတို့ပြန်ကြတော့။ အဲဒီကိစ္စကို ဦးလေးရှင်းပေးမယ်”

xxx xxx xxx

“ကဲ- မောင်စောဂျိမ်း၊ ဦးလေး အရေးတကြီး အမြန်လာဖို့ခေါ်လိုက်ရတဲ့ ကိစ္စကတော့ အဲဒီကိစ္စပဲ။ မိချောင်းဆိုတာကတော့ သေချာသလောက် ရှိနေပါပြီ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တံငါတွေရော တမန်နဲ့ ဂရမ်းရွာသားတွေရော ချောင်းထဲတောင် မဆင်းရဲတော့ဘူး”

“ဦးလေး အခေါ်လွှတ်တာနဲ့ အတော်ပဲ။ သူတို့နှစ်ယောက်ကလည်း ကျွန်တော်ဆီ လာလည်ပြီး အမာ အနောက်တောတန်းထဲမှာ အမဲပစ်ထွက်ကြမလို့ တိုင်ပင်နေတာ။

သူက ကျော်စိုး … ရှေ့နေလုပ်တယ်။ မုဆိုးတစ်ပိုင်း ရှေ့နေတစ်ပိုင်းပေါ့။

သူက တင်ဝင်း။ စာရေးဆရာတစ်ပိုင်း၊ မုဆိုးတစ်ပိုင်းပေါ့။ ကျွန်တော်တို့နဲ့ အမဲလိုက်ပြီး အတွေ့အကြုံမှန်သမျှ သူက အကုန်ရေးတာ။ မိချောင်းဆိုတော့ တင်ဝင်းက စိတ်ဝင်စားလို့ ခေါ်လာတာ”

“ကိစ္စမရှိပါဘူးကွာ။ မင်းတို့အားလုံး စားဝတ်နေရေးကိစ္စ ဦးလေး အကုန်တာဝန်ယူတယ်။ ကဲ အစီအစဉ် ဘယ်လိုဆွဲမလဲ”

“လှေ အဆင်သင့်ရှိသလား”

“ရှိတာပေါ့”

“ဒါဆိုရင် ဂရမ်းချောင်းအတိုင်း ကျွန်တော်တို့ အခြေအနေ လိုက်ကြည့်ရအောင်”

“နားကြပါဦးလား”

မနားတော့ပါဘူး ဦးလေးရာ။ အချိန်ရှိတုန်း လေ့လာကြည့်ရအောင်ပါ”

စောဂျိမ်းတို့အဖွဲ့ လှေကလေးနှင့် ဂရမ်းချောင်းအောက်ဘက်ကို စုန်လာခဲ့သည်။ ချောင်းဝဲယာပတ်ဝန်းကျင်တွင် လမုပင်များ၊ ကိုင်းပင်များ၊ ကျူပင်များ၊ ဓနိပင်များ ပြွတ်သိပ်ကာ ပေါက်လျက်ရှိသည်။

ချောင်းစပ်တွင် ဟိုနားဒီနား တံငါတဲ လေးငါးလုံးခန့်သာ ရှိသည်။ တမန်နှင့် ဂရမ်းရွာနှစ်ရွာက ချောင်းနှင့်ဝေးရာတွင် ရွာတည်ထားသောကြောင့် ဖြစ်သည်။

တစ်နေရာရောက်တော့ သူကြီးဦးအောင်ပွင့်က-

“လှစိန် ဘဲကျောင်းတဲ့နေရာက ဒီသောင်ပေါ်မှာပဲ။ သူ့ဘဲတွေ သုံး လေးကောင်းလောက် ပါသွားတယ်ပြောတယ်”

စောဂျိမ်းက-

“ကဲ ဦးလေး အပေါ်ပြန်ဆန်တက်ရအောင်။ ရေကျဆိုတော့ ကျွန် တော်တို့က အဆန်ပေါ့”

ရေကျကို အဆန်အတိုင်းလှော်ပြီး တစ်နာရီကျော်လောက်အကြာတွင် ချောင်းထဲသို့ဆင်းနေသော သစ်သားတံတားကလေးတစ်ခုကို ရောက်လာ သည်။ တံတားထိပ်တွင် လှေကိုကပ်လိုက်ပြီး-

“အောင်ဘုရေ… ဟေ့ အောင်ဘု”

အောင်ဘုတံတားဆီသို့ အပြေးကလေးဆင်းလာသည်။

“လာပြီသူကြီး၊ သူကြီးကိုလည်း ကျွန်တော် ပြောစရာရှိသေးတယ်။

ဒီလိုသူကြီး၊ ကျွန်တော် မနေ့က သူကြီးဆီလာတုန်းက ကျွန်တော် ဟိုဝါးတံတားကလေးကိုဖြတ်လာတော့ တံတားလက်ရမ်းတိုင် သုံးလေးတိုင်လောက် ကျိုးနေတာ တွေ့ရတယ်။ ဘာကြောင့် ကျိုးနေမှန်း ကျွန်တော် စဉ်းစားမရဘူး။ တစ်စုံတစ်ယောက်က ခြေဆော့လက်ဆော့လုပ်ရအောင်လည်း နှစ်ရွာပေါင်းပြီးလုပ်ထားတဲ့ တံတားဆိုတော့ မဖြစ်နိုင်ဘူး။

ဒီ ဂရမ်းချောင်းက မော်တော်လည်း အဝင်အထွက်မရှိဘူး။

ဒါဆိုရင် ဘာဖြစ်လို့ ကျိုးရတာလဲဆိုတော့ အခုမှ ကျွန်တော်စဉ်းစားမိတယ်။ သူကြီးတို့အဖွဲ့ ဆိုင်ကို ဝင်ပါဦးလား။ ကျွန်တော်က မတ်တတ်ကြီးပြောနေရတာ အားနာပါတယ်”

သူကြီးက စောဂျိမ်းတို့အဖွဲ့ကို တစ်ချက်ကြည့်လိုက်ကာ-

“ငါ့ဧည့်သည်တွေအတွက် ဓနိရည်ကောင်းကောင်းရှိတယ်နော်”

“စိတ်ချသူကြီး။ ကျွန်တော်သိမ်းထားတဲ့အထဲက ပေးမယ်။ ကောင်း မကောင်းတော့ သောက်ပြီးမှပြော”

အောင်ဘု၏ ဓနိရည်ဆိုင်တွင် သူကြီးရောက်လာသောကြောင့် သောက်နှင့်နေကြသော ရွာသားများက ခပ်သုတ်သုတ်ပင်သောက်ကာ ထပြန်သွားကြသည်။

စောဂျိမ်း၊ ကျော်စိုး၊ တင်ဝင်းတို့အတွက် အောင်ဘုက သူသောက်ရန်ချန်ထားသော ဓနိရည်များ ထုတ်လာကာ အမြီးအဖြစ် ငါးနှပ်ခြောက်ကြော်၊ အမဲကြော်၊ လက်ဖက်သုပ်၊ ပုစွန်ခြောက်သုပ်များ ချပေးသည်။

ကျော်စိုးနှင့် တင်ဝင်းက သောက်လေ့သောက်ထမရှိ၍ မသောက်ချင်သော်လည်း ဓနိရည်ကြိုက်သော စောဂျိမ်းက-

“ဟေ့ကောင်တွေ ဓနိရည်က မင်းတို့မြို့မှာလို အလွယ်တကူ သောက်ချင်လို့ရတာမဟုတ်ဘူး။ မင်းတို့မြို့မှာ ပိုက်ဆံရှိရင် နိုင်ငံခြားအရက်ကောင်းကောင်းဝယ်သောက်လို့ ရနိုင်ပေမယ့် ဓနိရည် အလွယ်တကူဝယ်လို့မရဘူးကွ။ ကြုံတုန်း သောက်ထား … မင်းတို့အမာရွာမှာတောင် ဓနိရည်ရလို့လား”

“ဟုတ်တယ် ငါ့တူတို့၊ ဓနိရည်က နေရာတကာ ရတာမဟုတ်ဘူး။ ဓနိခြံတွေရှိတာတောင် လုပ်ရောင်းတဲ့လူရှိဦးမှ။ အောင်ဘုက သူပိုင် ဓနိခြံတွေရှိပြီး ဒီကောင်ကလည်း ဝါသနာပါလို့ မင်းတို့ အခုလို ဓနိရည်သောက်ရတာ။ ကြုံတုန်း သောက်ထားကြကွ။ ငါက အသက်ကြီးလာလို့။ ငယ်ငယ်တုန်းကဆို သိပ်ကြိုက်တာ။ ထန်းရည်နဲ့ အရသာတစ်မျိုးစီ။ မူးတာလည်း တစ်မျိုးစီ မတူဘူး”

အဆွယ်ကောင်းသောကြောင့် ကျော်စိုးနှင့် တင်ဝင်းတို့နှစ်ယောက် အမဲကြော်တစ်ယောက် တစ်ဖတ်စီဝါးကား သုံး လေးခွက်လောက် ချလိုက်ကြသည်။

ဦးအောင်ပွင့်က-

“ကဲ အောင်ဘု မင်း ဘာပြောချင်တာလဲ၊ ဆက်ဦးလေကွာ”

“ဩော် ဟုတ်ကဲ့ … ဒီလိုပါ သူကြီး။ အဲဒီဝါးတံတားက လက်ရမ်းတိုင် သုံးလေးတိုင် ကျိုးနေတာနဲ့ပတ်သက်ပြီး ကျွန်တော်စဉ်းစားမိတာက ကောက်ပို့ ထရော်ရွာကို သွားတယ်ဆိုတဲ့ရက်မှာ ကျွန်တော်က အဲဒီမနက် ကျွန်တော့်ဆိုင်ထဲမှာ ဓနိရည်အိုးတွေ ဆေးနေတယ်။

အဲဒီအချိန်မှာ “ဖြောင်း- ဖြောင်း” ဆိုတဲ့ အသံကြီးနဲ့ “ဝုန်း” ဆိုတဲ့ အသံကြီး ကြားလိုက်ရတယ်။

ကျွန်တော့်စိတ်ထဲမှာ ကျွဲတွေ ချောင်းထဲဆင်းတဲ့အသံလား၊ ဝါးပင်ကျိုးကျတဲ့ အသံလား၊ တစ်ခုခုတော့ ဖြစ်မှာပဲလို့ ထင်လိုက်တယ်။ နောက်ပြီး ဘာသံမှ ဆက်မကြားတော့ ကျွန်တော်လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်တယ်။

အခု ကောက်ပို့ ကိစ္စ ပေါ်လာမှ ကျွန်တော်ဆက်စပ်ပြီး စဉ်းစားလိုက်တော့ ကောင်မလေး ဝါးတံတားပေါ်ကအဖြတ်မှာ မိချောင်းကြီးများ အမြီးနဲ့ရိုက်ချလိုက်တာ ဖြစ်နေမလားလို့”

“အောင်ဘု မင်းတော်တယ်။ မင်း တွေးတတ်တယ်။ စောဂျိမ်း ဘယ့်နှယ့်လဲ”

စောဂျိမ်းက ဓနိရည်တစ်ခွက် မော့နေရင်းမှ-

“ဖြစ်နိုင်တယ် ဦးအောင်ပွင့်။ ပြီးတော့ ကျွန်တော်တို့အားလုံး အဲဒီကို သွားကြည့်ကြတာပေါ့”

စားသောက်ပြီးကြတော့ အောင်ဘုကိုခေါ်ကာ ဝါးတံတားဆီသို့ လမ်းကလေးအတိုင်း ကုန်းပေါ်က လျှောက်လာကြသည်။ လှေသမားကတော့ လှေကိုဖြုတ်ကာ ဝါးတံတားဆီသို့ လှော်လာသည်။ စောဂျိမ်းက ကျိုးနေသော ဝါးတံတားလက်ရမ်းများကို ကြည့်ရင်း-

“အခုကတော့ ရေကျဆိုတော့ တံတားနဲ့ ရေနဲ့က တော်တော်ဝေးတယ်။ ကိုအောင်ဘု ရေတက်ဆိုရင် တံတားနဲ့ ရေနဲ့ ဘယ်လောက်ကွာသလဲ”

“တစ်ပေလောက်ပဲ ကွာမယ်။ ရေထပတ်ဆိုရင် တံတားနဲ့ ထိနေတယ်”

“ဟုတ်တယ် ဦးအောင်ပွင့်။ တံတားလက်ရမ်းတွေကျိုးနေတာ ကြည့်ရတော့ မိချောင်း အမြီးနဲ့ ရိုက်ချထားတဲ့ပုံပဲ။ ကဲ ကျွန်တော်တို့ ချောင်းဖျားဘက်ကို လှေနဲ့ သွားကြည့်လိုက်ရအောင်”

စောဂျိမ်းတို့အားလုံး လှေနှင့် ဆန်တက်လာကြသည်။ အောင်ဘုကတော့ နေခဲ့သည်။

ပတ်ဝန်းကျင်ဝဲယာတစ်လျှောက် ဓနိပင်များသာ တွေ့ရသည်။

တစ်နေရာအရောက်တွင် လမုကိုင်းတစ်ကိုင်းပေါ်၌ တင်နေသော အနီရောင်အရာဝတ္ထုတစ်ခု။ ဦးအောင်ပွင့်က လှေသမားအား-

“ဟေ့ကောင် … အဲဒီနားကို လှေဦးထိုးလိုက်စမ်းကွာ”

လမုကိုင်းနားရောက်သည်နှင့် အနီရောင် အရာဝတ္ထုကလေးကို ဆွဲယူကာ ကြည့်လိုက်တော့ ဦးထုပ်ကလေးတစ်လုံး။

“ဦးအန်းကူးက ပြောတယ်။ သူ့သမီး ကောက်ပို့ အိမ်ကထွက်သွားတော့ အနီရောင်ဦးထုပ်ကလေး ဆောင်းသွားတယ် ပြောတယ်။ ဒီဟာ ကောက်ပို့ ဦးထုပ် ဖြစ်နိုင်တယ်။ ဒီအတိုင်းဆိုရင်တော့ ဦးအန်းကူးအတွက် စိတ်မကောင်းစရာပဲ”

လှေကလေးနှင့် တဖြည်းဖြည်း ဆန်တက်လာကြသည်။ ချောင်းဖျားကို နီးလာသည်နှင့် ချောင်းက တဖြည်းဖြည်း ကျဉ်းကျဉ်းလာသည်။ ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း ၁၅ ပေလောက်သာ ကွာတော့သည်။

ကိုင်းညွှတ်နေသော လမုပင်ကိုင်းများကို ငုံ့ကာ လှော်လာရသည်။

စောဂျိမ်းက လှေဦးမှာ ထိုင်နေရင်းမှ တစ်နေရာအရောက်တွင် လှေဆရာအား လက်ပြလိုက်ကာ ယာဘက်ကို ကပ်ခိုင်းလိုက်သည်။

ဂရမ်းချောင်းမှ ခွဲထွက်သွားသော ရိုးကလေးဖြစ်သည်။ ရိုးကလေးက ရေကျချိန်ဖြစ်၍ ရေလုံးဝမရှိတော့။

စောဂျိမ်းက-

“သူကြီး အပေါ် တက်ကြည့်ရအောင်”

ရိုးကလေးထိပ်တွင် လှေကပ်ကာ ရိုးကလေးအတိုင်း စောဂျိမ်းက ဦးဆောင်၍ ရှေ့က လျှောက်သွားသည်။ ရိုးကလေး ဝဲယာဆီတွင် မြက်ပင်၊ ကျူပင်များက ထူထပ်စွာ ပေါက်နေသည်။

ကိုက် ၂ဝလောက် လျောက်အပြီးတွင် စောဂျိမ်းက ကျော်စိုးအား ရိုးထဲက တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ ကျော်စိုးက သဘောပေါက်သည့် အနေဖြင့် ခေါင်းညိတ်ပြသည်။

“သူကြီး … အဲဒါ မိချောင်းဗိုက်ရာတွေပဲ။ ဒီကောင်ကြီး ဒီရိုးထဲမှာ ဝင်ထွက်နေတာပဲ”

ဗျက်အကျယ် တစ်ပေခွဲလောက်ရှိ ရွံ့ပေါ်တွင် ထင်ကျန်နေသော အရာကြီးဖြစ်သည်။

ရှေ့ဆက်လျှောက်လာကြရင်း အပုပ်နံ့တစ်ခုကို ရှူရှိုက်မိကြောင်း သတိပြုလိုက်မိသည်။ သို့သော် အပုပ်နံ့က ဝဲဘက်ဓနိတောထဲက ထွက်လာသောကြောင့် ရေစပ်စပ်ရှိသော ဓနိတောထဲကို တိုးဝင်လိုက်ကြပြီး ပေ ၂ဝ လောက်အရောက်တွင် အပုပ်နံ့က ပို၍ စူးရှလာသည်။

ဓနိတောထဲကိုလည်း မိချောင်းကြီးတက်လာသော စွတ်ကြောင်းကြီးတစ်ခု။

“ဝေါ”

ဝေါခနဲ အသံနှင့်အတူ ယင်ကြီးကောင်များ ထပြန်သွားပြီးနောက် မြင်လိုက်ရသည်ကား လူသေအလောင်းတစ်လောင်း။ အပေါ်အင်္ကျီသာ ရှိသည်။ လုံချည်မရှိတော့။ ပေါင်တစ်ချောင်း၊ ဝမ်းဗိုက်တစ်ခြမ်းနှင့် ရင်တစ်ခြမ်း စားထားပြီးဖြစ်သည်။

ဦးအောင်ပွင့်က-

“ကောက်ပို့ အလောင်းပဲ။ ကောင်မလေး အဖြစ်ဆိုးရှာတယ်။ အဲဒီတော့ စောဂျိမ်း ဘာဆက်လုပ်ကြမလဲ”

“ဦးအောင်ပွင့် ရေမုဆိုးဆိုတဲ့ ဒီလိုကောင်မျိုးတွေက သူတို့အစာကို ချက်ချင်း အကုန်မစားဘူး။ သူတို့အသိုက်ထဲ ဒါမှမဟုတ် အခုလို တစ်နေရာမှာထားပြီး နောက်တစ်ကြိမ် ပြန်လာစားတတ်တယ်။

ကျွန်တော်တို့ အခုလာတာ ရေကျဆိုတော့ ဒီကောင်ကြီး ရေကိုဆန်ပြီး တက်လာပြီး သိပ်မကြာခင် ရောက်လာနိုင်တယ်။ ကျွန်တော်တို့ အခုရောက်နေတာက သူ့ထက် နည်းနည်းစောရောက်လာလို့ပဲ။ ကျော်စိုး … မင်း ဘယ်လိုမြင်သလဲ”

“ဆရာစောဂျိမ်း ပြောတာ ဟုတ်တယ်။ ရောက်လာမှတော့ မထူးတော့ဘူး။ ခဏလောက် သည်းခံပြီး စောင့်လိုက်ရင် ဒီကောင်ကြီးနဲ့ ပက်ပင်းတိုးနိုင်တယ်။ ဘယ့်နှယ့်လဲ””ယ

“အဲဒီတော့ သူကြီးနဲ့ လှေဆရာက ဟောဟိုခပ်လှမ်းလှမ်းက မြင်ရတဲ့ လမုပင်အောက်က ထိုင်စောင့်နေကြ။ ကျွန်တော်တို့ လက်ပြမှ လာခဲ့။ လက်မပြရင် လုံးဝ ဒီကိုပြန်မလာနဲ့နော်”

ဦးအောင်ပွင့်နှင့် လှေဆရာ ထွက်သွားပြီး စောဂျိမ်းတို့ သုံးယောက်သား မိချောင်းပစ်ရန် နေရာယူခြင်း၊ ပစ်ခတ်ရန် အသင့်ပြင်ခြင်းများကို ခပ်သုတ်သုတ် လုပ်နေကြသည်။

မိချောင်းဆိုသောကြောင့် ကျော်စိုးက သူ့မိတ်ဆွေ တစ်ယောက်ထံမှ ခေတ္တအကူအညီတောင်းလာခဲ့သော ၃၇၅ ရိုင်ဖယ်တစ်လက်၊ စောဂျိမ်းထံတွင် ကိုးလုံးကျည်ထည့်ထားသော နှစ်လုံးပြူး၊ တင်ဝင်း ထံတွင်တော့ ကျော်စိုး ကိုင်နေကြ ကျည်အမာများထည့်ထားသည့် ပွိုင့်တူးတူး။

အလောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသော ပေ ၃ဝ အကွာလောက်ရှိ ဓနိပင် ခပ်အုပ်အုပ်နောက်တွင် နေရာယူထားကြသည်။

တောခြင်ရိုင်းကြီးများက စောဂျိမ်းတို့ကို မညှာမတာကိုက်ခဲကြသည်။ မရိုက်ရဲ၊ အသံမြည်မှာစိုးသောကြောင့် လက်နှင့်သာ သပ်ချနေကြရသည်။

ဓနိပင်များအောက်ခြေက ရေစပ်စပ်ရှိသောကြောင့် မျှော့များကလည်း အောက်ကနေ တွယ်ကြသေးသည်။ မမျှော်လင့်သော အခွင့်အရေးတစ်ရပ်ကို မျှော် လင့်နေကြသောကြောင့် သည်းခံကာ စောင့်နေကြသည်။

နာရီဝက်လောက် အကြာတွင်-

“ဗျော … ဗျော … ဗျော … ဗျော”

“စွပ် … စွပ် … စွပ် … စွပ်”

အသံများမြည်ကာ မည်းမည်းမည်းမည်းနှင့် ရှည်မျှောမျှော သတ္တဝါကြီးက ရိုးအတိုင်း တက်လာသည်။

စောဂျိမ်းတို့အဖွဲ့က ဓနိပင် အကြိုအကြားကနေ လှမ်းမြင်နေရသည်။

သိပ်မကြာလိုက်၊ ရိုးကလေးကနေ ဖဲ့ထွက်လာကာ ဓနိပင်ကြားမှစွတ်ကြောင်းအတိုင်း တစ်လှမ်းခြင်း တက်လာသည်။

၃၇၅ ရိုင်ဖယ်ကြီးကိုင်ထားသော ကျော်စိုးအား စောဂျိမ်းက လေသံတိုးတိုးဖြင့်-

“ကျော်စိုး ဖြစ်တယ်နော်”

“စိတ်ချပါ”

အလောင်းရှိရာသို့ ရောက်ခါနီးတွင် မိချောင်းကြီးက စူးစမ်းဟန်ဖြင့် ခေါင်းကြီးမော့ကာ ငြိမ်နေလိုက်သည်။ ခဏကြာမှ စိတ်ချသွားဟန်ဖြင့် အလောင်းရှိရာသို့ တစ်လှမ်းခြင်းသွားကာ ကိုက်ဝါးနေလိုက်သည်။

ဘေးတိုက်အနေအထားကြောင့် ချက်ကောင်းနေရာကိုပစ်ရန် ပစ်ကွင်းက မကောင်း။ ကျော်စိုးက မောင်းထိန်းခလုတ်ကိုဖွင့်၍ ချိန်နေချိန်တွင် စောဂျိမ်းက ဓနိလက်တစ်ခုကို ကောက်၍ မိချောင်းကြီး၏ ဝဲဘက်ခပ်ယွန်းယွန်းနေရာဆီသို့ ပစ်လိုက်သည်။

ဖတ်ခနဲ အသံကြားသည်နှင့် မိချောင်းကြီးက အကင်းပါးစွာနှင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။

ကျော်စိုး ချိန်ထားသော ၃၇၅ ရိုင်ဖယ်ကြီးနှင့် မျက်လုံးနှစ်လုံးက တည့်နေသည်။ ကျော်စိုးက မျက်လုံးနှစ်လုံး၏ နောက်ဘက် နှစ်လက်မအကွာရှိ ဘုလုံးကြီးရှိရာသို့ ချိန်သီးကိုရွေ့ကာ ခလုတ်ကို ဆွဲလိုက်သည်။

“ဒိုင်း”

ခေါင်းကြီးက မော့၍ လန်တက်သွားကာ ဘေးဘက်ကို ပစ်ကျသွားသည်။ ထို့နောက် အမြီးကြီးတရမ်းရမ်းဖြင့် ပတ်ဝန်းကျင်ရှိ ဓနိပင်များကို ရိုက်ချကာ ဗြောင်းဆန်နေသည်။

“ဒိုင်း”

နောက်တစ်ချက်က ကုတ်ပိုးနေရာ ဖြစ်သည်။

ကျော်စိုးက ရှေ့ဆုံးက ပြေးထွက်လာပြီး ပွဲသိမ်းပစ်ရန် ထိုးချိန်လိုက်ချိန်တွင် ပွဲသိမ်းပစ်ရန်ပင် မလို တော့။ သေနတ်ဒဏ်ရာနေရာများက သွေးများ ပွက်ခနဲ ပွက်ခနဲ ထွက်လာကာ ငြိမ်ကျသွားတော့သည်။

စောဂျိမ်းက လမုပင်ဆီသို့ လက်ပြလိုက်သည်။

ဦးအောင်ပွင့်နှင့် လှေဆရာက အပြေးကလေး ရောက်လာသည်။

“ကဲ … သူကြီး၊ နေမစောင်းမီ ရွာပြန်ပြီး အလောင်းနဲ့မိချောင်းကြီးကိုသယ်ဖို့ သူကြီးပဲ အစီအစဉ်လုပ်ပေတော့။ အခုတော့ ပြန်ကြရအောင်”

“စိတ်ချ မောင်စောဂျိမ်း။ ရွာရောက်မှ ဦးအန်းကူးကိုလည်း ပြောပြလိုက်မယ်။ စိတ်တော့ မကောင်းပါဘူးကွာ”

ညဘက် လသာသာတွင် သူကြီးအိမ်ရှေ့ ကွပ်ပျစ်ပေါ်၌ တောအရက် မီးတောက်ပုလင်းများနှင့် အမြီးအဖြစ် ဟင်းပန်းကန်များက အစီအရီရောက် နေသည်။

တမန်နှင့် ဂရမ်းကျေးရွာများမှ ရွာသားများကလည်း ဝမ်းသာအားရနှင့် ဟိုကသည်က ယူလာသော အမြီးများကလည်း စုံနေသည်။

သူကြီးဦးအောင်ပွင့်ကလည်း ဇလုံကြီးနှင့် ထည့်ထားသော ဟင်းများကိုယူလာကာ-

“ကဲ- မောင်စောဂျိမ်းတို့၊ မောင်ကျော်စိုးတို့၊ မောင်တင်ဝင်းတို့၊ မင်းတို့ကို ကျေးဇူးတင်လွန်းလို့ ဦးက ဦးမိန်းမကို တကူးတက ချက်ခိုင်းထားတဲ့ဟင်း၊ ဘာဟင်းလဲ … မြီးကြည့်ပါဦး”

စောဂျိမ်းက ဟင်းကို တစ်ချက်နမ်းကြည့်လိုက်ကာ မီးတောက်အရက်ကလေးကြောင့် ခပ်ထွေထွေဖြင့်-

“သူကြီးကလည်း … ကျွန်တော် မမူးသေးပါဘူးဗျ။ နနွင်းနံ့ မနံကတည်းက မိချောင်းသားဟင်းဆိုတာ အတပ်သိပြီးသားပါ။ ဟုတ်တယ် မဟုတ်လား”

“ဟုတ်ပ … ဟုတ်ပ”

– ပြီး –

စာရေးသူ – မောင်မြင့်မား(ဘိုကလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *