July 30, 2025
Uncategorized

လေသေနတ်နှင့် အမဲကြီးများ

လေသေနတ်နှင့် အမဲကြီးများ

“အန်ကယ်မင်း … အန်ကယ်မင်း ရေးတဲ့ ဝတ္ထုတွေက တကယ့်အဖြစ်အပျက်တွေလား။ သားကောင်အမဲကြီး စိုင်၊ ပြောင် ပစ်တာတွေဆိုတာကရော တကယ်လား။ အန်ကယ်မင်း ရေးတာတွေကို ဖတ်ပြီး ကျွန်တော်တို့တော့ တော်တော်ကို အားကျမိတယ်ဗျာ”

မုဆိုးဝါသနာပါပြီး လေသေနတ်သာ ပစ်နေရသော စိုးသန်းအောင်၊ ကျော်ကျော် နှင့် ဇော်ဇော် တို့ ညီအစ်ကိုတစ်တွေက တစ်ရက် ကျွန်တော့်ကို ဘီယာ ခေါ်တိုက်ရင်း အထက်ပါစကားများကို မေးကြ၊ ပြောကြခြင်း ဖြစ်သည်။

“အေး … အန်ကယ်ရေးတဲ့ ဝတ္ထုတွေဟာ (၉ဝ%)ရာခိုင်နှုန်းလောက်ကတော့ တကယ့်အဖြစ်အပျက် အတွေ့အကြုံတွေပေါ် မူတည်ပြီး အမှန်တွေကြီး ရေးတာပဲ။ အမဲကြီး၊ စိုင်၊ ပြောင် ဆိုတာတွေလည်း တကယ်ပါ။ အန်ကယ်တို့ လက်ထက်တုန်းက သားကောင်ကလည်းပေါ၊ လက်နက်တွေကလည်း ကောင်းပြီး ကြိုက်တဲ့လိုင်စင်နဲ့ ကိုင်လို့ရတော့ ထင်တိုင်းပေါက်ပြီး လုပ်ချင်သမျှ အဆင်ပြေတာပေါ့ကွာ”

“အခုရော အဲဒီအကောင်ကြီး စိုင်၊ ပြောင် တွေ ရှိပါဦးမလား။ ပစ်ရပါဦးမလား”

စိုးသန်းအောင်က သိချင်ဇောနဲ့ အလောသုံးဆယ် မေးလိုက်သည်။

“အင်း … လူဦးရေကများလာ၊ ဆည်မြောင်း ကန် ချောင်းတွေက တိုး၊ တောရိုင်းမြေတွေက စိုက်ခင်းတွေဖြစ်၊ သစ်ပင်တွေက ထင်း မီးသွေးဘဝ ရောက်၊ သစ်တွေက မတရားခိုးခုတ်ဆိုတော့ တောတောင်တွေက ပြုန်းကုန်တော့ သားကောင်တွေလည်း နေစရာ, ခိုလှုံစရာနတ္ထိဖြစ်လို့ တောရှိရာ တောနက်ရာရောက်ကုန်လောက်ပါပြီကွာ။

အရင်ခေတ်ကလို နီးနီးနားနား တွေ့ရဖို့ ပစ်ရဖို့တော့ တော်တော်အခွင့်အရေးနည်းသွားပါပြီ။

ဒါပေမဲ့ ဝေးဝေးခေါင်ခေါင် သွားနိုင်ရင်တော့ ပစ်ရနိုင်ပါသေးတယ်”

“အင်းဗျာ … အန်ကယ်မင်းတို့ သွားတာနဲ့ ကြုံကြိုက်ရင်တော့ တစ်ခါတစ်ခေါက်လောက်တော့ လိုက်ခဲ့ချင်ပါတယ်။ လိုက်လို့ဖြစ်မလား”

ကျော်ကျော်က ဘီယာခွက်ထဲ ဘီယာထည့်ပေးရင်း သူ့ဆန္ဒကို ဖော်ကျူးလိုက်ခြင်း ဖြစ်သည်။

“လိုက်လို့ဖြစ်ပါတယ်ကွ။ ဒါပေမဲ့ အမဲကြီးပစ်သွားတယ်ဆိုတာ ချေ၊ သမင် ပစ်သွားသလို တစ်ရက် နှစ်ရက်မျိုးနဲ့ သွားလို့မရဘူးကွ။ အချိန်ပေးနိုင်မှ ဖြစ်တာ။

သားကောင်ကြီးတွေနေတဲ့ တောတောင်အထိ သွားရတာဆိုတော့ အနည်းဆုံး တစ်ပတ် ဆယ်ရက်လောက် နေနိုင်မှ ဖြစ်တာ။ အန်ကယ်တို့ သွားတုန်းကဆိုရင် တစ်လကိုးသီတင်း ကြာချင်ကြာတာ”

“အဲဒီ စိုင် ပြောင် ဆိုတဲ့ အကောင်ကြီးတွေဟာ အိမ်က ကျွဲ၊ နွားတွေလောက်ပဲလား။ ကြောက်စရာရော အတော်ကောင်းလား”

ကျွန်တော်ပြောသမျှ နားစိုက်ထောင်ရင်း နော်နော်က သူသိချင်တာ ဖြတ်မေးလိုက်ခြင်း ဖြစ်သည်။

“အေး … စိုင်၊ ပြောင်ဆိုတဲ့ အကောင်ကြီးတွေဟာ အိမ်က ကျွဲ၊ နွားတွေလောက်လည်း ရှိတာပဲ။ တချို့ကျတော့လည်း ကျွဲ၊ နွားတွေထက် အများကြီး,ကြီးတာပေါ့။ စိုင်ဆိုရင် အချိန်(၂ဝဝ)ပိဿာကျော်လောက်ထိ ရဖူးတယ်။

ကြောက်စရာကောင်းလားဆိုတာကတော့ လူကို သေအောင် အန္တရာယ်ပေးနိုင်တဲ့ အကောင်တွေပဲလေ။ စဉ်းစားကြည့်ပေါ့”

“စိုင်၊ ပြောင်ဆိုတဲ့ အကောင်ကြီးတွေဟာ ကျွဲ နွားတွေထက်တောင် ကြီးတယ်ဆိုတော့ ပစ်မလွဲကြီးတွေ နေမှာပဲနော် အန်ကယ်မင်း။ ကျွန်တော်တို့လို အသေးအဖွဲ ငှက်ကလေးတွေကိုတောင် မှန်အောင်ပစ်နိုင်တဲ့ လေသေနတ်သမားမုဆိုးတွေအဖို့ ဆိုရင်တော့ မလွဲတမ်းနေမှာပဲနော်။

ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ အန်ကယ်မင်းတို့ အမဲကြီးပစ်သွားရင်တော့ လိုက်ဖြစ်အောင် လိုက်ပြီး ပစ်ဖြစ်အောင်ကို ပစ်လိုက်ဦးမယ်။ ဖြစ်တယ်မို့လား အန်ကယ်မင်း”

စိုင်၊ ပြောင် ဆိုတဲ့ အမဲကြီးတွေကို တစ်ခါမျှ မတွေ့ဘူး၊ မကြုံဘူး၊ မြင်တောင် မမြင်ဘူးသေးတဲ့ လေသေနတ်သမား စိုးသန်းအောင်က ပစ်ဦးမလို့ တဲ့။ ဖြစ်နိုင်ပါ့မလားဟု ကျွန်တော်ကို မေးနေသည်။

ကျွန်တော်က သူ့အမေးကို ချက်ချင်း အဖြေမပေးသေးဘဲ ကျွန်တော့်ရှေ့မှာ ဘီယာခွက်ကို ယူပြီး တစ်ကျိုက် မော့ချလိုက်ကာ အမြည်း အာလူး ကြော်တစ်ဖတ်ကို ဝါးရင်း –

“အန်ကယ်တို့နဲ့ အမဲကြီးပစ်လိုက်ဖို့ကတော့ စောစောက ပြောခဲ့သလို အချိန်ပေးနိုင်လို့က ဖြစ်ပါတယ်။ ပစ်ဖို့ဆိုတာကတော့ ဒီလိုရှိတယ်ကွ။ မင်းက အခုမှ အခြေခံ လေသေနတ်သမား။ ငှက်လောက်၊ ချိုးလောက် ပစ်ဖူးတာဆိုတော့ မတွေ့ဘူး၊ မကြုံဘူး၊ မြင်တောင် မမြင်ဖူးသေးတဲ့ အန္တရာယ် သားကောင်ကြီးတွေကို ယမ်းသေနတ်ကြီးတွေနဲ့ ပစ်ဖို့ဆိုတာက တော်တော်ကို အပြောခက်တာ။

အမဲကြီးမုဆိုးဆိုတာကလည်း လက်ညှိုးကွေးပြီး သေနတ်မောင်းဖြုတ်တတ်ရုံနဲ့ မပြီးသေးဘူး။ မိမိကိုင်ဆောင်ပစ်ခတ်ရတဲ့ သေနတ်၊ ယမ်းတောင့်တွေအကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် သိထားနားလည် ပစ်ခတ်တတ်ရမယ်။

ကိုယ်ပစ်မယ့်သားကောင်တွေရဲ့ ကိုယ်အင်္ဂါတည်ဆောက်ပုံ၊ နေထိုင်သွားလာတတ်တဲ့ သဘာဝတွေကိုလည်း သိသင့်သလောက် လေ့လာသိရှိထားရမယ်။ ဒါမှလည်း လက်တွေ့ပစ်ခတ်ရတဲ့အခါ ထိရောက်မှုရှိတာ။

တောရိုင်းသားကောင်ကြီးတွေ ပစ်တယ်ဆိုတာ ပုံသေပစ်မှတ် (TARGET) ပစ်ရသလို မဟုတ်ဘူး။ ချိုးငှက်, စာကလေးတွေ ပစ်ရတာနဲ့လည်း မတူဘူး။ ကိုယ့်အတွက် အသက်အန္တရာယ်ပေးနိုင်တဲ့ သားကောင်တွေဆိုတော့ အရှိန်အဝါ ကြောက်ရတာတွေရယ်၊ သားကောင်ဘက်က ခံနိုင်ရည်ရှိလို့ တုန့်ပြန်မယ့်အန္တရာယ် ပေါင်းလိုက်တော့ အတွေ့အကြုံမရှိသေးတဲ့ မုဆိုးများအဖို့ လက်တွေ့မှာ အတွေး,အထင်နဲ့ တခြားစီဖြစ်သွားပြီး ဒုက္ခပွားတတ်ကြတယ်။

အဲဒီလိုဖြစ်ဖူးခဲ့တဲ့ တကယ့်အဖြစ်အပျက်ကလေးတွေကို အန်ကယ် မင်းတို့ကို ပြောပြမယ်။ နားထောင်”

ကျွန်တော်က လက်ကျန်ဘီယာတစ်ခွက်ကို ကုန်အောင် တစ်ကျိုက်တည်း မော့ချလိုက်ပြီးမှ စကားစ,လိုက်သည်။

“အန်ကယ့်သူငယ်ချင်း တစ်ယောက်ပေါ့။ သူ့နံမည်က စိုးမြင့် တဲ့ကွ။ မြင်းခြံသား။ သူလည်း အန်ကယ်တို့လိုပဲ။ အမဲပစ် မုဆိုးဝါသနာကတော့ တော်တော်ကို ကြီးတာ။ ကျောင်းသားဘဝတည်းက မုန့်ဖိုးစုပြီး (B.S.A) ဘီ.အက်.အေ လေသေနတ်ဝယ်တယ်။ ငှက်ပစ်တယ်ဆိုတဲ့ အဆင့်။ စဉ်းစားသာကြည့်တော့။

အန်ကယ်တို့ခေတ်က မန္တလေးမှာ ‘လွတ်လပ်ရေးအောင်ပွဲ’၊ ‘ပြည်ထောင်စုပွဲ’ ဘာပွဲ ညာပွဲ အစရှိတဲ့ ပွဲတော်ရက်တွေမှာ လေသေနတ်ပစ်ပြိုင်ပွဲက အမြဲပါတယ်။ အဲဒီပွဲတွေမှာ ဒီကောင်က ပထမ၊ ဒုတိယ အမြဲလိုလို ချိတ်တယ်။

ဆုတွေလည်း တစ်ပုံကြီးရတယ်ဆိုတော့ သူ့ကိုယ်သူ တော်တော်အထင်ကြီးနေတယ်။

တစ်ရက် မန္တလေးမုဆိုးကြီးများဖြစ်တဲ့ ဦးစိန်ဝင်း(မသုံးလုံး)၊ ဦးဝင်းမောင်(ပြတိုက်မှူး)၊ ဒေါက်တာမြသန်း(ပြည်သူ့ဆေးရုံကြီး) အစရှိတဲ့ မုဆိုး တွေနဲ့ စကားစပ်မိပြီး အမဲကြီးပစ်၊ ဒုဋ္ဌဝတီမြစ်ရိုးဘေးရှိ ကြွက်နဖား(ကျွဲနဖား)တောင်ကြော တောင်ပေါ်တောတွေကို ပါသွားခဲ့တယ်။

တောက နောက်လိုက်မုဆိုးမှန်သမျှ သူ့လက် ဘယ်လောက်တည့်တဲ့ အကြောင်း၊ ပြိုင်ပွဲတွေမှာ ဆုတွေ ဘယ်လိုရခဲ့တဲ့အကြောင်း၊ အခု ပြောင် ပစ်မလို့ လိုက်ခဲ့တဲ့အကြောင်း၊ ပြောင်ကို ဘယ်လိုပစ်လိုက်မယ်ဆိုတဲ့အကြောင်း မမေးဘဲ ခပ်ကြွားကြွား အထင်ကြီးအောင် ပြောသတဲ့။

တောင်ပေါ် တောရောက်ကြလို့ ပြောင်ပစ်ထွက်တဲ့အခါ သူက ဘာအတွေ့အကြုံမှ မရှိသေးဘဲ သီးသန့်ရိုင်ဖယ်ကြီး ကိုင်ပြီး လိုက်ချင်တယ်ဆိုလို့ ဦးဝင်းမောင်က သူ့ရဲ့အမဲကြီးပစ်ရိုင်ဖယ်(.၄၂၃)ကြီးကို ပေးပြီး ပစ်ပုံ၊ ခတ်ပုံ၊ ဆိုဒ်တင်ပုံတွေ ပြောပြပြီး ဦးစိန်ဝင်းနှင့် တွဲထည့်ပေးလိုက်တယ်။

ပြောင်အုပ်တစ်အုပ်ကို ချပ်တစ်ခုခြားပြီး မြင်လိုက်ရတာနဲ့ မနေနိုင်,မထိုင်နိုင် စိတ်တွေက လှုပ်ရှားပြီး ပစ်ပါမယ် တကဲကဲလုပ်နေလို့ ဦးစိန်ဝင်းက မနည်းတားထားရတယ်။

“ဒီမှာ မောင်စိုးမြင့်၊ ဒါ ပြောင်တွေနော် … ပြောင်တွေ။ ချိုး၊ ငူ၊ ဆက်ရက် မဟုတ်ဘူး။ ဒါဆို အကွာအဝေးကိုက် (၂ဝဝ) ကျော်တယ်။ အကောင်ကြီး၊ အမဲကြီးပစ်တယ်ဆိုတာ ဒီလောက်အဝေးကြီး မပစ်ရဘူး။ အနီးဆုံး ကပ်နိုင်သမျှ ကပ်ပစ်ရတယ်။ ဒါမှ လိုချင်တဲ့ချက် မှန်ပြီး သေချာတာ”

“ဟာ … ဦးလေးဝင်းကလဲ။ ဒီသေနတ်ကြီးရဲ့ နောက်ချိန်ခွက်မှာ ကိုက် (၃၀၀) ထိပါတာပဲ။ ကိုက်တင်ပြီးပစ်ရင် ဒီလောက်အကောင်ကြီးတွေ ကျွန်တော့်လက် မလွဲနိုင်ပါဘူး”

ဟု ပြောရင်း သေနတ်နောက်ဆိုဒ်ကို ကိုက် (၃ဝဝ) တင်ပြီး ပြောင်များဆီသို့ ချိန်လိုက်ပါသည်။ သို့သော် ပြောင်များမှာ ရွေ့လျားကွယ်ပျောက်သွားသဖြင့် မပစ်လိုက်နိုင်တော့ပေ။

“ကိုင်း … ဒီလောက် မင်း ပစ်ချင်နေမှတော့ … လာ”

ဟု ဦးစိန်ဝင်းက ပြောပြောဆိုဆို ထွက်သွားရာ မောင်စိုးမြင်လည်း မီအောင် လိုက်သွားရပါတော့သည်။ လျှိုကြားကို ကျော်ပြီး ပြောင်များရှိရာ တောင်ကြောကိုတက်၍ ထိပ်ရောက်သောအခါ ကျောက်တုံး တစ်တုံးကို ကွယ်၍ ကြည့်လိုက်ရာ ပြောင်တစ်ကောင်မှာ သူတို့နှင့် (၁ဝ)ပေမျှသာ ကွာတော့သည်ကို တွေ့ရလိုက်သည်။

အံ့အားသင့်ခြင်း၊ ဝမ်းသာခြင်း၊ ပစ်ချင်ဇောကြီးခြင်း၊ မပစ်လိုက်ရမှာ ပူခြင်း၊ ပြောင်အုပ်ကြီးနှင့် အနီးကပ်ရှိနေသဖြင့် မိမိအန္တရာယ်အတွက် စိုးရိမ် ပူပန်ခြင်းတို့ကြောင့် အသက်ရှူများပင် မမှန်တော့။ မောသလိုလိုဖြစ်လာပြီး အသားများက တဆတ်ဆတ်တုန်နေသည်။

ဒါပေမဲ့ ဒီအကွာအဝေးနဲ့ ဒီလောက် အကောင်ကြီးကိုတော့ သူ့လက်က မလွဲနိုင်ဟု သူ့ကိုယ်သူ အထင်ကြီးစွာနဲ့ အစာငုံ့စားနေသော ပြောင်ကြီး မော့လိုက်ချိန်တွင် ဦးခေါင်းထိပ်ကို ထိုးချိန်လျက် (.၄၂၃) သေနတ်မောင်းခလုတ်ကို အမြန်ဆုံး ဖြုတ်ချလိုက်တယ်တဲ့။

သေနတ်သံ “ဒိုင်း” ခနဲ မြည်ဟည်းသွားသံနှင့်အတူ ပြောင်အုပ်၏ နှာမှုတ်သံတထွီးထွီးအပြင် တဝုန်းဝုန်း ပြေးလွှားနေကြသော ပြောင်များကို မောင်စိုးမြင့်တစ်ယောက် ဆင့်ကာ ဆင့်ကာ တဒိုင်းဒိုင်း လိုက်ပစ်သော်လည်း တစ်ကောင်မျှ မထိဘူးတဲ့။

ဒီတော့မှ မောင်စိုးမြင့်တစ်ယောက် ဒီလောက်အကွာအဝေးမှာ ဒီလောက်ကြီးတဲ့ ပြောင်ခေါင်းကြီးကို မမှန်၊ လွဲသွားတဲ့အတွက် သူ့ကိုယ်သူတောင် မယုံချင်။ ဘယ်လိုဖြစ်ရတာလဲ။ ငါပစ်တဲ့ ကျည်ဆန်ဟာ ထိပ်ဖူးမှ ပါရဲ့လား၊ သေနတ်ပြောင်းများ ကောက်နေရော့လားဟု သို့လော … သို့လော တွေးတောလျက် သေနတ်ကို အပြန်ပြန် အလှန်လှန် ဆန်းစစ်ကြည့်ရင်း ငိုင်နေမိသတဲ့။

အေးအေးဆေးဆေး ဖြစ်သွားမှ စောစောက နောက်ဆိုဒ်တင်ထားပြီး မချမိတာ သတိရတော့သည်။

(၁ဝ)ပေအကွာကို ကိုက်ကုန်တင် တင်ပြီး ရင်ခုန်ခုန် လက်တုန်တုန်နဲ့ ဦးခေါင်းကို ချိန်ပစ်လို့ လွဲသွားကြောင်း သိရမှ မောင်စိုးမြင့်တစ်ယောက် ထင်တိုင်းမဟုတ်ပါလား။

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံဆိုတာ တကယ်လိုပါလားဟူသော အသိတရားနှင့်အတူ နောင်တကြီးစွာ ရမိသွားတော့သည်။ သူ့အကြွားစကားများအတွက်လည်း အရှက်ကြီးရှက်ကာ ခေါင်းမဖော်ရဲလောက်အောင် ဖြစ်ရသတဲ့။

အဲဒီအဖြစ်အပျက်ဟာ တကယ်နော်။ အန်ကယ် လန်ကြုတ်ပြောတာ မဟုတ်ဘူး။ သူ့အကြောင်း တကယ်သိချင်ရင် (မသုံးလုံး) ဦးစိန်ဝင်းရဲ့ “ပြောင်ပစ်မုဆိုး”ဝတ္ထု ဖတ်ကြည့်ကြပေတော့။

စိုးမြင့် အဖြစ်အပျက် လုပ်ဆောင်ချက်က အခု မင်းလုပ်ချင်တာနဲ့ အတော်တူတယ်။ မင်းပြောသလိုပဲ၊ ဒီလောက်ကြီးတဲ့ အကောင်ကြီးတွေ မလွဲနိုင်ပါဘူးလို့ ပြောခဲ့ ထင်ခဲ့တာပဲကွ။

ဒီမှာ စိုးသန်းအောင် … မင်းတို့အတွက် အလွယ်ဆုံး၊ အရှင်းဆုံး နားလည်အောင် ဥပမာတစ်ခု အန်ကယ် ပြောပြမယ်။

သူငယ်တန်း ကျောင်းသားလေးတစ်ယောက်ဟာ (က-ခ-ဂ-ဃ-c) , (၁-၂-၃-၄) , (A, B, C, D, E) စသည်တို့ကို ကျမ်းကျွမ်းကျင်ကျင် မမှားအောင် ရေးတတ် ဖတ်တတ်တာနဲ့ ငါဟာ တော်လှပြီ၊ တတ်လှပြီ၊ အလယ်တန်းစာတွေ သင်စရာမလိုတော့ဘူး။ အထက်တန်းကို ခုန်ကျော်တက်ချင်တဲ့ ကျောင်းသားလေးနဲ့ တူနေပြီ။

စာလုံးတွေ ဂဏန်းတွေ ရေးရတာ မြင်ရတာ တူပေမဲ့ ပညာသားက တခြားစီဆိုတာ လက်တွေ့ကျမှ သိပြီး ဒုက္ခပွားရသလို အခုလည်း ကြက်, ငှက်လောက် ပစ်တတ်သေးတဲ့ မုဆိုးပေါက်စ။

ပထမဆုံးအဆင့်က ဒုတိယအဆင့်ဖြစ်တဲ့ ချေ၊ ဒရယ်လောက် မပစ်ဘဲ တကယ့်အဓိပတိ ပြောင်၊ စိုင်လို အမဲကြီးတွေ ပစ်ချင်တယ်ဆိုတာ မတန်မရာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေမှာပေါ့ကွာ။

တစ်ဆင့်ချင်း မှန်မှန်တက်တာက မမောဘူး၊ မပန်းဘူး။ အဆင့်ကျော်ခုန်တက်ရင် ခြေချော်ပြီး လန်ကျလို့ ဒုက္ခများတတ်တယ်ကွ။

အေး … စိုးမြင့်ထက် အပြောကြီးပြီး ဆောရီး (Sorry)ဖြစ်သွားတဲ့ ငှက်ပစ်မုဆိုး နောက်တစ်ယောက်အကြောင်း ပြောပြဦးမယ်။ နားထောင်။

ဒီလူနာမည်က သန်းအောင်တဲ့။ မင်းနာမည်နဲ့လည်း ခပ်ဆင်ဆင်ပဲ။ သူက ကန့်ဘလူမြို့သား၊ လေသေနတ်သမားပဲကွ။ အဲဒီနယ်မှာတော့ လေသေနတ်ပစ်ရာမှာ နာမည်ကြီးပဲ။ သူ့မီတဲ့လူ ခပ်ရှားရှား။ သူက တို့နဲ့တွေ့တော့ ဘယ်လောက်အထိ ပြောသလဲဆိုရင် –

“ကျုပ်က လေသေနတ်နဲ့ ချိုး၊ ငူ၊ ဆက်ရက်၊ စာကလေး၊ နှံပြည်စုတ်လို အသေးအဖွဲ အကောင်ကလေးတွေတောင် မှန်အောင် မလွတ်တမ်း ပစ်နိုင်တဲ့သူပဲဗျာ။ ခင်ဗျားတို့ပြောတဲ့ ကျွဲ နွားလောက်ကြီးတဲ့ စိုင်၊ ပြောင်လို သတ္တဝါကြီးတွေကတော့ မျက်စိမှိတ်ပစ်တောင် မလွဲပါဘူး။

ကျုပ်အနေနဲ့ ပြောရရင် စိုင်၊ ပြောင် ပစ်တဲ့မုဆိုးတွေကို ချီးလည်း မချီးကျူးဘူး။ အထင်လည်း မကြီးဘူး။ ပြိုင်ပစ်မယ်ဆိုရင်တောင် ပစ်လိုက်ချင်သေး”

လို့ ပြောင် စိန်ခေါ်လိုက်သေးတယ်။

ငါ့အဖွဲ့က “ခင်မောင်ကြီး” က စေတနာစိတ်ရင်းအတိုင်း ပြိုင်တော့ မပစ်ပါနဲ့ ဖိုးသန်းအောင်ရာ။ မောင်ရင့်မှာ အမဲကြီးအတွေ့အကြုံ ဘာမျှ မရှိသေးဘဲနဲ့ ဘယ်လိုများ ပြိုင်ပစ်နိုင်မှာလဲ” လို့ ပြောလိုက်ရာ။

“အမဲကြီးအတွေ့အကြုံ … ဟုတ်လား။ ဘာအတွေ့အကြုံလဲ၊ မလိုပါဘူး။ ကြက် ငှက် ပစ်နေတဲ့သူပဲ။ အမဲကြီးပစ်လည်း ဘာထူးမှာမို့လဲ။ ကျွဲ နွား လောက်ကြီးတဲ့ အကောင်တွေကိုမှ မှန်အောင် မပစ်နိုင်ရင် လက်ဖြတ်ပစ်ဖို့ပဲ ရှိတော့တယ်”

ဒီတော့ ငါ့အဖွဲ့ နောက်တစ်ယောက် တင်မောင်ညွန့် က

“လက်တွေ့ တစ်ခါမျှ မပစ်ဘူးဘဲနဲ့ ဒီလောက် စကားကြီး,စကားကျယ် မပြောနဲ့ သန်းအောင်ရ။ စကားကျွံရင် နုတ်မရဘူး။ နင်က အကောင်ကြီးတာတစ်ခုပဲ သိတာ။ အဲဒီအကောင်ကြီးလို့ ကြောက်စရာကောင်းတာ၊ ခံနိုင်ရည်ရှိတာ၊ အန္တရာယ်ပေးနိုင်တာတွေ နင်မှ မသိဘဲကိုး။ စိုင်၊ ပြောင်ဆိုတာ အိမ်မှာမွေးထားတဲ့ကျွဲ၊ နွား မဟုတ်ဘူး။ အချိန်မရွေး လူကို အန္တရာယ်ပေးနိုင်တယ်၊ သေစေနိုင်တယ်ကွ။

အဲဒီ အသိတရားက လူ့စိတ်ကို ချောက်ချားစေတယ်၊ စိတ်ချောက်ချားရင် လုပ်သမျှ မှောက်မှောက်မှားမှားတွေ ဖြစ်ကုန်ရော”

လို့ စေတနာနဲ့ သူမသိတာ ရှင်းပြလိုက်ပြန်ပေမယ့် သန်းအောင်က ဘာပြောတယ်မှတ်လဲ –

“ကြီးတိုင်း ကြောက်စရာကောင်းတာ မဟုတ်ပါဘူး ကိုတင်မောင်ညွန့်ရာ။ ကျုပ်အဖို့တော့ ကြီးလေ ကြိုက်လေပဲ။ ကြီးတာ လွဲစရာ မရှိတော့ဘူးပေါ့”

ဒီတော့ ငါက အမြင်ကပ်ကပ်နဲ့ ပညာပေးချင်တာကြောင့် –

“ကိုင်း … ဒီလောက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့လူ၊ အပြောနဲ့ အလုပ် အဟုတ် ညီ မညီ သိရအောင် တို့နဲ့ အမဲကြီး လက်တွေ့ပစ်ခိုင်းဖို့ ခေါ်ခဲ့တော့ တယ်”

ဒါကြောင့် သန်းအောင်တစ်ယောက် တို့အဖွဲ့နဲ့ စိုင်၊ ပြောင် ပစ် ‘ဆားတွင်းကြီး’ စခန်းကို ပါလာခဲ့တယ်။ ဟိုရောက်တော့ ခင်မောင်ကြီးနဲ့ တင်မောင်ညွန့် က တစ်တွဲ၊ ငါနဲ့ သန်းအောင်က တစ်တွဲ နှစ်တွဲခွဲ လည်ကြတာပေါ့။

ငါနဲ့ သန်းအောင် အတွဲက စိုင်အုပ်တစ်အုပ် တွေ့လို့ လိုက်ကြပြီး ငါက ပစ်လိုက်ရတယ်။ ငါပစ်လိုက်တဲ့အကောင်က ဒဏ်ရာနဲ့ သန်းအောင် ကပ်နေတဲ့ သစ်ပင်နားက ဖြတ်အပြေး၊ သူကလည်း တစ်ချက်ပစ်လိုက်ရတယ်။

“သူပစ်လိုက်တဲ့ချက်က ဘယ်မှန်သွားသလဲ အန်ကယ်မင်း။ အန်ကယ်မင်း ပစ်တာကရော ဘယ်မှန်လို့ နေရာတင် မလဲတာလဲ”

စိုးသန်းအောင်က သိချင်ဇောနှင့် အမြန်ကြားဖြတ်မေးလိုက်ပါသည်။

“အမှန်အတိုင်း ပြောရရင်တော့ သူပစ်တာ လုံးဝ မမှန်ဘူးကွ။ အန်ကယ်ပစ်တဲ့ အချက်ကလည်း နောက်ပိုင်းကျလို့ မလဲဘူး။ အဲဒီဒဏ်ရာက ကျတဲ့ သွေးကို သူပစ်တာ မှန်ပါတယ်လို့ ယူဆပြောနေလို့ ဘာမျှပြန်မပြောတော့ဘဲ ဆက်လိုက်ခဲ့ကြတယ်”

“သူ့ပစ်ချက် လွဲတာက ဘယ်လောက်ဝေးလို့တုံး”

“ဘယ်လောက်ဝေးသလဲဆိုရင် ဖြတ်ပြေးသွားတဲ့အရှိန်က သူတောင် လေဟပ်သွားသေးသတဲ့ – ကျော်ကျော်ရ”

“အဲဒီလောက်နီးနီး လွဲတာတော့ လွန်တာပေါ့။ ဟုတ်ကဲ့ … ဆက်ပြောပါဦး အန်ကယ်”

“အေး … ဆက်လိုက်ကြတော့ သူက ဆရာကြီးလေ။ ရှေ့က သေနတ်တကားကားနဲ့ တွေ့ရင် သူပစ်မယ်ပေါ့။ လမ်းပြမုဆိုးက မြက်တောထူထူနေရာရောက်တော့ အတွေ့အကြုံရှိသူပီပီ အန္တရာယ်ကို ကြိုမြင်လို့ သူ့ကို သေနတ်အရန်သင့် ပြင်ထားပြီး သတိရှိရှိသွားဖို့ သတိပေးပေမယ့် သူက မမှု၊ အရေးမလုပ်၊ ဂရုမစိုက်တဲ့ပုံစံနှင့် ရှေ့ဆက်တိုးလိုက်တယ်။

အဲဒီအချိန်ကလေးမှာပဲ မြက်တောတွင်းက ဗြုန်းဆို သူ့ဆီကို နှာမှုတ်ပြီး ပြေးလာတိုက်တဲ့ စိုင်နာကို မပစ်နိုင်ဘဲ အံ့အားသင့်ပြီး ငူငူကြီး ကြက်သေ သေနေလို့ ခက်ရချည်ရဲ့ဆိုပြီး လမ်းပြမုဆိုးက တွန်းလှဲလိုက်လို့ အသက်ဘေးက သီသီကလေး လွတ်သွားတယ်”

“အဲဒီအချိန်မှာ အန်ကယ်မင်းက မပစ်နိုင်ဘူးလား”

ဟု ဇော်ဇော်က အားမလိုအားမရဟန်နှင့် မေးချလိုက်ပါသည်။

“ဘယ်ပစ်လို့ ဖြစ်မှာလဲကွာ။ သူတို့က ရှေ့က ခံနေတဲ့ ဥစ္စာ”

ကျွန်တော်က စကားကို ဆက်မပြောသေးဘဲ အာခြောက်ပြေစေရန် ဘီယာလက်ကျန်ကို မော့ချလိုက်သည်။

“အင်း … အဲဒီတော့ ဘယ်လိုဖြစ်ကုန်သလဲ၊ ဆက်ပါဦး အန်ကယ်ရ”

ကျွန်တော်က ဘီယာခွက်ကို ပြန်ချရင်း –

“အေး … သေနတ်တခြား လူတခြား လဲသွားတဲ့ သန်းအောင်ခမျာ သေနတ်ကောက်ဖို့ ကမန်းကတန်း ထလိုက်တယ်ဆိုရင်ပဲ ဒေါထနေတဲ့ စိုင်နာကြီးက သန်းအောင်ကို နောက်တစ်ကျော့ ပြန်တိုက်မလို့ လုပ်နေတုန်း အန်ကယ်က ပစ်လိုက်ရတယ်။

ဒါတောင် နောက်က ပစ်ရတာမို့ သေကွင်းမဟုတ်တော့ မလဲဘဲ တစ်ပတ်လည်လာပြီး အန်ကယ့်ကို ဦးတည်လိုက်ပြန်တယ်။

ဒီတစ်ချီတော့ ထိပ်တိုက်မို့ ဦးခေါင်းတည့်တည့်ကို ချိန်ပြီး အမြန်ဆုံး ပစ်လိုက်မှ ဗုန်းဗုန်းလဲကျ သေဆုံးသွားတော့တယ်။

ဒီဖြစ်ရပ်ကိုမြင်တော့မှ သန်းအောင်တစ်ယောက် အမဲကြီးဖြစ်တဲ့ စိုင်အကြောင်း(ပြောင် မဟုတ်သေးဘူး) လက်တွေ့ ကြုံလိုက်ရပြီး စိုင်၊ ပြောင် ဆိုတဲ့ အမဲကြီးသတ္တဝါတွေ ပစ်တာဟာ ကြက် ငှက် ပစ်တာနဲ့ ဘာမျှမဆိုင်၊ အသက်နှင့်ရင်းပြီး သတ္တိရှိရှိ အထာသိသိ အတွေ့အကြုံပြည့်မှဆိုတာ ကောင်းကောင်း သဘောပေါက်လက်ခံသွားပြီး ငါတို့ကို စော်စော်ကားကား ပြောမှား,ဆိုမှား ရှိခဲ့တာ ခွင့်လွှတ်ပါဆိုပြီး တောင်းပန်သွားတယ်ကွ။

အဲဒီအကြောင်းနဲ့ ပတ်သက်လို့ နောက်မျိုးဆက် မုဆိုးကလေးတွေ သိရအောင်၊ သင်ခန်းစာယူနိုင်အောင် (စိုင်,ပြောင် ပစ်ဆိုရင် ဒိုးဆလံ တင်း ဆလံ)ဆိုတဲ့ နာမည်နဲ့ အန်ကယ် ဝတ္ထုရေးထားတယ်ကွ။ ဖတ်ကြည့်ကြဦးပေါ့။

အေး … နောက်ဆုံးစကားတစ်ခု မင်းတို့ကိုအန်ကယ်ပြောခဲ့မယ်။ ‘လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်’ ကွ။ အဲဒီလိုပဲ၊ မင်းတို့ မုဆိုးကောင်းတွေဖြစ်ချင်ရင်တော့ အခြေခံက တစ်ဆင့်ချင်း တက်ပါ။ အဆင့်မကျော်ချင်ပါနဲ့။ အတွေ့အကြုံများများရှာပါ။ ကိုယ့်ထက် ဝါရင့်တဲ့ မုဆိုးကြီးတွေရဲ့စကား နည်းနာနိသျှတွေကို ချင့်ချိန်နာယူပြီး မှတ်သားလိုက်နာ ကျင့်သုံးလုပ်ဆောင်ပါလို့ ပြောခဲ့ချင်တယ်။ ကိုင်း … ဒါပါပဲ”

စကားဆုံးသည်နှင့် ကျွန်တော် စားပွဲက ထ,လိုက်သည်။

“အန်ကယ်မင်း ပြောသလို မုဆိုးကောင်းကြီးတွေဖြစ်အောင် ကြိုးစားလိုက်နာ ဆောင်ရွက်ပါမယ်လို့ ကတိပေးပါတယ်ဗျာ”

သုံးယောက်စလုံးက ရှင်းပြချက်ကို သဘောပေါက်ပြီး လိုလိုလားလား ကတိပေးလိုက်ကြသည်။

“အေး … အေး၊ အားလုံး မုဆိုးကောင်း လူတော်ကြီးတွေ ဖြစ်ပါစေလို့ အန်ကယ် ဆုတောင်းပေးခဲ့ပါတယ်ကွာ”

စကားဆုံးသွားသည်နှင့် သူတို့အပါးမှ ခွာခဲ့ပါတော့သတည်း။

– ပြီး –

စာရေးသူ – မန္တလာသား
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်

Leave a Reply

Your email address will not be published. Required fields are marked *