• July 1, 2025
  • admin
  • 0

မောင်ခြိမ့်
လောဘမြစ်ပြင်ကျယ်

ဦးတောကျော်သည် သံပန်းကန်ပြားထဲရှိ မာကျောကျော ငစိန်ဆန်ထမင်းကို နောက်ဆုံးတစ်လုတ်အဖြစ် ပါးစပ်အတွင်းသို့ သွင်းလိုက်၏။

၎င်းနောက် တစ်ချက် နှစ်ချက်ဝါးကာ မျို၍ ချ၏။ မရချေ။ နင်၍နေ၏။

ထို့ကြောင့် ကင်ပွန်းချဉ်ဟင်းချို အရည်ကျဲကို နှစ်ဇွန်းသုံးဇွန်း ကပျာကယာခပ်၍ သောက်၏။

ထိုအခါမှ မာကျောကြမ်းတမ်းသော ငစိန်ဆန် ထမင်းကြမ်းသည် လည်ချောင်းထဲသို့ မဆင်းချင် ဆင်းချင်နှင့် ကုတ်၍ ခြစ်၍ ဆင်းတော့သည်။

ပန်းကန်ထဲတွင် ထမင်းက မရှိတော့။ အာသာကတော့မပြေသေးပါ။

အလုပ်ကြမ်းသမား တံငါတစ်ယောက်၏ အစာအိမ်သည် မနက်ကလက်ကျန် ထမင်းကြမ်း တစ်ပန်းကန်လောက်ဖြင့် ဘယ်လိုမှ မတင်းတိမ်နိုင်။

အနားတွင်ထိုင်ကာ သူ ထမင်းစားသည်ကို ငေးကြည့်နေသော မိန်းမဖြစ်သူ၏ မျက်နှာကို လှည့်၍ သူ ကြည့်၏။ သူ့အကြည့်ကို မိန်းမလုပ်သူက သိ၏။

“နောက်ထပ်မရှိတော့ဘူး … ဒါအကုန်ပဲ။ ကျွန်မတောင် မစားဘဲ ရှင့်ကိုကျွေးတာ”

အသံတိုးတိုးပြောကာ ခေါင်းကို ငုံ့၍ထား၏။

“မင်းသားသမီးတွေဆီ သွားပြီး ဆန်မချေးဘူးလား”

ငေါက်၍ပြောသဖြင့် သူ့လေသံက မာသည်။

ဇနီးဖြစ်သူထံမှ စကားပြန်မရလေ။ ငုံ့နေရင်းက မျက်ရည်ပေါက်များ ပေါင်ပေါ်သို့ လိမ့်၍ကျနေ သည်ကို သူ မြင်နေရ၏။

“ပြောလိုက်ရင် ငိုဖို့ပဲ တတ်တယ်။ အလကား ဘာမှ အသုံးမကျတဲ့ မိန်းမ”

ဟု မကျေမနပ် ထပ်၍ ပြောပြန်၏။

“သွားချေးတိုင်း ရရအောင် ရှင့်သားသမီးတွေက သူဋ္ဌေးတွေကိုး၊ သူကြွယ်တွေကိုး။ သူတို့မှာကလည်း သူတို့ဒုက္ခနဲ့ သူတို့။ ညည်းတို့အဖေ သည်ည ပုစွန်ငုပ်သွားမှာမို့ ကျွေးလိုက်ချင်လို့ ဆန်တစ်ဘူးလောက်ပဲ ချေးပါဆိုတာတောင် သူတို့မှာကလည်း ညစာပဲရှိသတဲ့၊ အပိုမရှိဘူးတဲ့။ ကျေးဇူးသိတတ်မကြီးတွေ ပြောလိုက်တာ။

တော့သားကတော့ ဘာပြောတယ်မှတ်သလဲ။ အမေတို့ကလည်းဗျာ၊ ခဏခဏလာလာဒုက္ခပေးနေတာ ပဲတဲ့ အော်လွှတ်တယ် သိရဲ့လား။

ကျုပ်တို့က အိုပြီလေ၊ မင်းပြီလေ၊ အစွမ်းအစမရှိတော့ဘူး မဟုတ်လား။ ကျုပ်တို့ကို ချေးရင် ပြန်ရမှာမဟုတ်ဘူးဆိုတာ သိကြတော့ ဘယ်သူကမှ ပေးချင်ကြတာ မဟုတ်ဘူး”

ဒေါသဖြင့်ပြောရင်းက အသံသည် တိမ်၍တိမ်၍ ဝင်ကာ ရှိုက်သံသဲ့သဲ့လေးသာ ပေါ်လာလေတော့၏။

တောက်တစ်ချက်ကို ပြင်းစွာ ခေါက်မိ၏။ စိတ်ပျက်စွာနှင့်ထကာ လက်ဆေးရ၏။

ရင်ထဲမှာတော့ ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်း၊ ခံပြင်းခြင်းတို့ ရောထွေး၍ နေ၏။

အိမ်ရှေ့ကပြင်သို့ ထွက်ကာ ကောင်းကင်ကို မော့၍ ကြည့်သည်။ မီးခွက်ထွန်းချိန် ရောက်ပြီမို့ ပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်စပြုနေပြီ။ ကောင်းကင်တစ်ခွင်တစ်ပြင်လုံးသည် ကတ္တီပါအနက်ထည်ကြီး လွှမ်းခြုံ ဖုံးအုပ်ထားသကဲ့သို့ ရှိ၏။

ကြယ်ကလေးတစ်လုံးကိုသော်မှ မမြင်ရ။ လေသည် တစ်စထက်တစ်စ ပို၍ ကြမ်းလာ၏။ မဓမတိုင်ကလေးများ ထူကာ ဆောက်ထားသော ဓနိမိုး ဝါးကြမ်းခင်းအိမ်ကလေးသည် လေပြင်းတစ်ချက် ဝေ့လိုက်တိုင်း သိမ့်သိမ့်ခါ၍သွား၏။ မကြာမီ မိုးသဲသဲ ရွာချပေတော့မည်။

လေးကန်သောခြေလှမ်းများနှင့် အိမ်ကလေးပေါ်ပြန်တက်လာကာ ယိုင်ယိုင်နဲ့နဲ့ မဓမအိမ်တိုင်ကလေးကိုအသာမှီ၍ထိုင်၏။ အနားရှိ နှုတ်သီးပဲ့ မြေရေနွေးကရားအိုးကို လှမ်းယူကာ ပါးစပ်တွင်းသို့ လောင်း၍ထည့်၏။ အေးစက်ခါးသက်လျက်ရှိသော ရေနွေးကြမ်းလက်ကျန်က တစ်ငုံစာပင် မရှိ။

မကျေမနပ်ဖြင့် ဆောင့်၍ချလိုက်သည်။

အင်း… လက်ဖက်ခြောက် မဝယ်နိုင်၍ ရေနွေးကြမ်းပင် အလျင်မမီတော့ပါလားလေဟု တွေးရင်း မိုးသက်ကလေးပါသော လေပြင်းကြောင့် ချမ်းစိမ့်စိမ့်ဖြစ်လာ၍ သူ့ရင်ဘတ်ကိုသူ စမ်းကြည့်မိ၏။

အင်္ကျီဗလာကြောင့် အပြိုင်းပြိုင်းထလျက် အိမ် အပျက်၏ အခြင်တန်းများကဲ့သို့ ငေါ၍ ထွက်နေကြသော နံရိုးတို့ကိုသာ စမ်းမိ၏။

သူ့စိတ်တို့သည်အတိတ်ကာလ ကြေးမုံပြင်ကိုပြန်၍ ကြည့်မြင်နေမိတော့၏။

ဇုက္ကနိတစ်ရွာလုံး တောကျော်ကို ယှဉ်နိုင်သူမရှိခဲ့။ လက်လှဲရာ၊ တုတ်ဆွဲရာ၊ လှေပြိုင်ရာ၊ သူသာလျှင် ဗိုလ်စွဲခဲ့စမြဲ။

နှစ်တင်းဝင် ဆန်အိတ် နှစ်အိတ် ထပ်လျက်ထမ်းကာ ဘောလုံးတစ်ကွင်းစာခန့် လယ်တစ်ကွက်ကို တစ်ပတ် ပတ်နိုင်ခဲ့၏။

အို … ဒါတွေက အရင်ကအဖြစ်တွေပါ။ ယခုတော့မူ မှေးမှိန်မှုန်ဝါး ဆေးသားပြယ်သော ပန်းချီကားတစ်ချပ်နှယ်သာ။

ထိုစဉ် သူ့ပခုံးပေါ်သို့ တစ်စုံတစ်ခု ကျလာသဖြင့် မော့၍ ကြည့်၏။ သူ့ဇနီး မခင်မေက အရောင် အဆင်းမပေါ်တော့သော စွပ်ကျယ်ဟောင်းကလေး လာတင်ပေးခြင်း ဖြစ်တော့၏။

သူ့ရင်ထဲတွင် နင့်ခနဲ ဖြစ်၏။ စောစောက သူ ဆူခဲ့ ငေါက်ခဲ့မိသည်များကို တွေးမိရင်း ဇနီးဖြစ်သူကို သနားစိတ် ဖြစ်၍ သွားသည်။ ပြန်၍ချော့မည်ဟု စိတ်ကူးသည်။ ပြောစရာစကားလုံး ရှာ၍မရ။

သူ့အဖို့ ဘယ်တုန်းကမှလည်း ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်။ထို့ကြောင့်-

“ငါသွားတော့မယ်ကွယ်။ ပြန်လာမှ ရွာထိပ်က အဝိန်တို့ ကုန်စုံဆိုင်ကိုနှိုးပြီး ဆန်ဝယ်လာခဲ့မယ်။ စောင့်နေနော်”

ဟု မှာ၏။

အဲဒါသည်ပင် သူက ချော့သောစကားဟု အနှစ်သုံးဆယ်ကျော် ပေါင်းလာခဲ့သော မခင်မေက သိ၏။

သူ့ကို ဘာမှ ပြန်၍မပြော။ နောက်ဖေးဘက် ဝင်သွားကာ ဝါးဖတ်ခမောက်အဟောင်းကလေးကို ကိုင်ကာ ပြန်ထွက်လာပြီး သူ့ကိုပေး၏။ သူ လှမ်းယူကာ အိမ်ရှေ့ချောင်းကမ်းစပ်သို့ ဆင်းသည်။

နွံထဲတွင် စိုက်ထားသော ထီးရိုးဝါးလုံးရှည်ကို နှဲ့၍နှဲ့၍ နှုတ်ကာ လှေပေါ်သို့ အလျားလိုက် တင် သည်။ လှေဦးကကြိုးကို ဖြေ၍ ထွက်မည်ပြုစဉ်-

“ကိုတောကျော် ခဏ … ခဏ”

ဟု ပြောကာ မခင်မေ အိမ်ဘက်သို့ အပြေးထွက်သွားကာ ပြန်လာပြီး-

“ရော့ …”

ဟု တစ်ခွန်းတည်းပြောကာ အထုပ်ကလေးတစ်ခု လှမ်းပေးသည်။

သူ သိလိုက်သည်။ သူ အလောတကြီးနှင့် ထွက်လာခဲ့၍ မေ့ကျန်ခဲ့သော ဆေးပြင်းလိပ်နှင့် မီးခြစ်ထုပ်ပါတကား။

မိုးဖွဲကလေးများ ကျဆင်းလျက်ရှိသော ချောင်းရေပြင်သို့ သူ့လှေကို လှော်၍ ထွက်ခဲ့၏။ ဝါးနှစ်ရိုက်ခန့်လွန်သည်နှင့် နောက်သို့ ပြန်လှည့်ကြည့်မိ၏။

ပြိုးပြက်လျှပ်ရောင်အလက်တွင် ချောင်းကမ်းနဖူးတွင် ရပ်၍ သူ့ကို ငေးကြည့်နေဆဲ ဇနီးဖြစ်သူကိုတွေ့၏။

သည်မိန်းမ အိမ်ထဲဝင်တာ မဟုတ်ဘူး။ မိုးဖွဲတွေက ကျနေပါလျက်နဲ့၊ အသက်က ငယ်တော့တာ မဟုတ်ဘူး။ တော်ကြာဖျားနာနေမှဟု ကရုဏာဒေါသောဖြင့် တွေးရင်း လှော်ခတ်လာခဲ့လေရာ သရွတ်သွတ်မြစ်မကြီးနှင့် ဇုက္ကနိချောင်း ဆုံရာအဝသို့ ရောက်လာခဲ့၏။

သရွတ်သွတ်မြစ်မကြီးသည် အခြားအခြားသော မြစ်တို့ ထုံးစံအတိုင်း တစ်ဖက်တွင် ကမ်းပြိုကာ တစ်ဖက်တွင် သောင်ထွန်းလျက် ရှိ၏။

ကမ်းပါးပြတ်ကို တိုက်စားလျက်ရှိသော ရေအရှိန်ကြောင့် တဟဲဟဲ မြည်သံကိုပင် ကြားနေရ၏။ အခြားတစ်ဖက်တွင်တော့ ပြန့်ပြူးရှည်လျားသော သောင်ခုံညိုညိုကို စင်းစင်းကြီး မြင်နေရ၏။

သူ လှေကိုလှော်ရင်း တွေးလျက်ရှိ၏။

အနီးအပါး နေရာများတွင် ပုစွန်ငုပ်၍တော့ များများစားစား မရနိုင်။ သူတကာရှာဖွေ၍ ထောင်းထောင်းကြေလျက် ရှိနေလောက်ပြီ။

ယနေ့ညအဖို့ သူ ပုစွန်များများ ရမှဖြစ်မည်။

သို့ဖြစ်၍ သူတကာ ပုစွန်မငုပ်နိုင်သော နေရာကို သွားမှဖြစ်လိမ့်မည်။

ဟုတ်ပြီ … ပျဉ်းမပင်ဝဲနားကို သွားမည်။ ထိုနေရာသည် အခြားနေရာများထက် ရေက ပို၍နက်သည်။ မြင့်မားသော ကမ်းပါးပြတ်ကြီးများနှင့် အောက်ခြေတွင် ရေတိုက်စားသဖြင့် ကလိုင်ခေါင်းကြီးများ ရှိသည်။ ရေစွယ်ရေစီး ကြမ်းလှ၍ သာမန်ပုစွန်ငုပ်သူများ မသွားရဲ မငုပ်ရဲကြ။ ကျိမ်းသေ ပုစွန်များများ ရနိုင်ပေလိမ့်မည်။

သူ လှေကို အားစိုက်၍ လှော်လာခဲ့သည်။ မြစ်ရေပြင်ပေါ်သို့ မိုးစက်မိုးပေါက်တို့သည် စွေစွေစောင်းစောင်း ကျရောက်လျက်ရှိ၏။

လေဝှေ့သဖြင့် လှိုင်းဂယက်ကလေးတို့သည် တဖျပ်ဖျပ်လူးလွန့် ကခုန်လျက် ရှိ၏။ တစ်နာရီခန့် အားစိုက်၍ လှော်လိုက်လျှင် ပျဉ်းမပင်ဝဲနားသို့ ရောက်လာ ခဲ့သည်။

လှေကို အရှိန်သတ်၍ ကမ်းပါးသို့ ကပ်၏။ မောဟိုက်လှ၍ သူ့ရင်အုံသည် နိမ့်ချည်မြင့်ချည်နှင့် အသက်ကို အားစိုက်၍ ရှူနေရ၏။

သူငယ်စဉ်ကဆိုလျှင် ယခုလို တစ်နာရီခရီးကို မပြောနှင့်။ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း စသည့်မြို့များအထိ လှေဖြင့်လှော်ကာ သွားလာခဲ့ဖူးပါ၏။

ယခုမူ ဇရာက အစွမ်းပြလေပြီ။ အိုမင်းမစွမ်း ဆိုသော စကားကို အခြေခံ၍ ရွာဦးကျောင်းဆရာတော်က မိန့်ကြားခဲ့ဖူးပါ၏။

“အိုလာတဲ့အခါမှာ ဘာကိုမှ မစွမ်းနိုင်တော့ဘူး။ အဲဒါ ဇာတိဇရာရဲ့ သဘောပါပဲ။ နောက်မှာ ဗျာဓိဆိုတဲ့ နာခြင်းက ကပ်လျက်ပါလာနေပြီး မရဏဆိုတဲ့ သေခြင်းတရားအဆုံးကို မရောက်မီ သတ္တဝါတိုင်းတွေ့ရမည့် သဘောတွေပါပဲ။

တကာတို့ … ခန္ဓာရှိနေသမျှ အဲသည်တရားတွေဟာလည်း မလွဲမသွေ ရှိနေဦးမှာပါပဲ။ အဲသည်တော့ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ဆိုတဲ့ အဆုံးအမကလေးလို မအိုခင် မနာခင် မသေခင်မှာ ကောင်းမှုသုစရိုက်ကို ကြိုးစားပြုကြဖို့လိုပါတယ်။

လောဘ၊ ဒေါသ၊ မောဟတရားတွေကိုလည်း နည်းနိုင်သမျှနည်းအောင် တတ်နိုင်သရွေ့ ကြိုးစားကြရမယ်။ မနည်းဘဲနဲ့ များရင် များသလောက် ဒုက္ခရောက်ကြရမှာဘဲဆိုတာ သတိချပ်ကြပါ တကာတို့”

သူ၏ နားထဲမှာ ကြားယောင်မိတော့၏။

မသေခင်မှာ ကောင်းမှုကုသိုလ်ကလေး တစ်ခုခုတော့ လုပ်ဦးမှဟု သူတွေး၏။ သမထ၊ ဝိပဿနာ တွေကတော့ အလှမ်းဝေးလှ၏။

ကမ်းပါးပြတ်ကြီးအနားသို့ လှေကို အသာယက်၍ သွားသည်။ ကမ်းစပ်နှင့်ဝါးတစ်ပြန်ခန့်တွင် လှေကိုရပ်ကာ လှေထဲတွင် ပါလာသော ဆယ့်ခြောက်ပေခန့်ရှည်သော ဝါးလုံးရှည်ကို ယူကာ ရေထဲသို့ ထိုး၍ စိုက်၏။

ဝါးပင် မမီသေး၊ ကမ်းစပ်သို့ နည်းနည်းတိုး၏။ မြေကြီးကို စမ်းမိပြီ။ သူ အားနှင့်ထိုး၍ စိုက်သည်။ရေပေါ်တွင် ဝါးလုံးအဖျားသည် နှစ်ပေခန့် ပေါ်နေသည်။

သူ့စိတ်ထဲက တွက်သည်။ ရေပေါ် နှစ်ပေရှိပြီး ရေအောက်မြေဝင် တစ်ပေခန့်ကို ပေါင်းလိုက်လျှင် သုံးပေ။ ဒါဆို ရေအနက်က တစ်ဆယ့် သုံးပေ။

သူငယ်ငယ်ကဆိုလျှင် အတောင်နှစ်ဆယ်၊ ပေပေါင်းသုံးဆယ်ခန့်ကိုပင် အသာကလေး ငုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ သူ တစ်ချက်ပြုံးလိုက်ပြီး ဝါးလုံးအဖျားတွင် လှေဦးမှကြိုးကို ကွင်းလျော ချည်ထားလိုက်၏။

ပုဆိုးကို ခါးတောင်းမြှောင်အောင် ကျိုက်လိုက်သည်။ ချဉ်နေသော ခံတွင်းကို အာသာပြေစေရန် ပလတ်စတစ်ဖြင့် ထုပ်ထားသော ဆေးပြင်းလိပ်ကို ထုတ်လိုက်ပြီး လက်တစ်ဆစ်ခန့် ကိုက်၍ဖြတ်ကာ ပါးစောင်တွင် ငုံလိုက်၏။ ပါးစပ်တစ်ခုလုံးစို့၍တက်လာသော တံတွေးတို့ကို မြစ်ပြင်သို့ ထွေး၍ထုတ်လိုက်၏။ ဆေးရွက်ကြီး၏ စပ်ဖျဉ်းဖျဉ်းအရသာသည် ပါးစောင်နှစ်ဖက်သို့ ပျံ့၍သွား၏။

ခန္ဓာကိုယ်တစ်ခုလုံး နွေးသွားသည်ဟုပင် သူထင်၏။ လှေဝမ်းထဲ တွင် ပါလာသော မီးအုပ်ထဲမှ မီးခွက်ကို သူ ထွန်းလိုက်သည်။ နီကျင်ကျင် မီးရောင်သည်လှေပေါ်တွင် ထင်းခနဲဖြစ်သွား၏။

မြစ်ကမ်းစပ် ချုံအုပ်အုပ်များမှ ပိုးကောင်ကလေးများ မီးရောင်ဆီ အတင်းတိုးဝင်လာကြ၏။ မီးခွက် ၏ မီးစွယ်ကို ဝင်၍တိုးကာ တဖြုတ်ဖြုတ်နှင့် သေနေကြ၏။

သူ နောက်ထပ် တံတွေးတစ်ချက် ပျစ်ခနဲ ထွေးလိုက်ပြီး လှေပေါ်မှ အသာလျှော၍ ရေထဲသို့ ဆင်းလိုက်၏။ လက်နှစ်ဖက်ကမူ ဝါးလုံးတိုင်ကို ဆုပ်ကိုင်၍ ထား၏။

လှေပေါ်မှာတုန်းက တဖျန်းဖျန်း သွန်ကြဲ၍ရွာနေသော မိုးနှင့် လေတို့ကြောင့် ချမ်းအေးလှ၏။ မြစ်ရေထဲ သူစိမ်လိုက်ချိန်မှာတော့ နွေး၍နေ၏။

အသက်ကို ဝအောင်ရှူသွင်းလိုက်ပြီး တိုင်ကို ဆွဲကာဆွဲကာ ရေအောက်သို့ သူငုပ်၍ ဆင်းသွားသည်။

မြစ်အောက်ကြမ်းပြင်ကို လက်နှင့်စမ်းမိပြီ။ တိုင်ကို ခြေနှစ်ဖက်ဖြင့် လိမ်၍တွယ်ချိတ်ထားလိုက်သည်။ သို့မဟုတ်ပါက မြစ်အောက် ရေစီးအရှိန်နှင့် မျောပါသွားလိမ့်မည်။

လက်နှစ်ဖက်ဖြင့် ဘေးပတ်ပတ်လည်ကို စမ်းသည်။

မတ်စောက်သော ကမ်းပါးပြတ်သည် ရေအောက်ကြမ်းပြင်၌ ရှိ၏။ ထိုကမ်းပါးပြတ်ကို ရေတိုက်စားသောအခါအတွင်းသို့ ခွက်၍ဝင်နေသော တွင်းကလိုင်ပေါက်တို့ ဖြစ်ပေါ်၍နေ၏။

အချို့ကား တစ်တောင်၊ နှစ်တောင်ခန့် လိုဏ်ခေါင်းငယ်ကလေးသဖွယ် ဖြစ်၍နေ၏။ ထိုအထဲတွင် လက်မကားကားနှင့် ပုစွန်တုပ်ကြီးများ ခိုအောင်းနေတတ်၏။ ၎င်းတို့ကို သူ ဖမ်းရမည်ဖြစ်တော့၏။

လက်နက် ကိရိယာ ဘာမှမပါ။ ကျွမ်းကျင်မှုနှင့် တံငါအတတ်ပညာ သမ္ဘာရှိဖို့လို၏။

ကလိုင်ပေါက်တစ်ခုကိုတွေ့ပြီ။ လက်နှစ်ဖက်သွင်းကာ အသာဖမ်းသည်။

မိသည်မှ နှစ်ကောင်။ အမြီးဘက်မှ ဆက်ခနဲ မြဲအောင်ဆုပ်၍ ဖမ်းထားလိုက်၏။

သူ့အဖေ တံငါအိုကြီးက သူ့ကို ပြောပြသင်ကြားခဲ့သော စကားသံကို သူ သတိရလိုက်သည်။

“ပုစွန်တုပ်ကို ရေအောက်မှာ ငုပ်လို့ တွေ့တာနဲ့ အမြီးဘက်ကသာ မိမိရရ ဆုပ်ထားလိုက်၊ ဘာမှ ပြန်မလုပ်နိုင်ဘူး။ အဲ… ခေါင်းကိုသာ ဖမ်းဆုပ်ကြည့်၊ သူ့အမြီးက ဖြောင်းခနဲ ဖြောင်းခနဲ ဆတ်ပြီး ခတ်လိုက်ရင် လက်ကွဲရင် ကွဲ၊ လွတ်ရင် လွတ် တစ်ခုခုပဲကွ။ ဒါကြောင့် ငါ့သား ပုစွန်တုပ်ဖမ်းရင် အမြီးကိုသာ ဖမ်းပေတော့။ သူအားပြုတာက အမြီးပဲကွ”

စိတ်ထဲတွင် အသာပြုံးရင်း ရေပေါ်သို့ ကိုယ်ကိုဖော့၍တက်ခဲ့၏။

လှေနံကို တံတောင်နှစ်ဖက်ဖြင့် ညှပ်ကာ တွယ်ထားရင်း ခေါင်းကို ဆတ်ခနဲ ခါပစ်လိုက်ပြီး အသက်ကိုဝအောင် ရှူသွင်းလိုက်သည်။

ဖမ်းမိထားသော ပုစွန်တုပ်ကြီးနှစ်ကောင်ကို လှေဝမ်းထဲသို့ ပစ်၍ထည့်၏။ ပြီးလျှင် ခုန်၍ မထွက်နိုင်အောင်“လှေကပ်”ဖြင့် အသာ ဖုံးထားလိုက်၏။

ရေပေါ်တွင်မူ မိုးရေစက်တို့က မင်းမူကြဆဲပင်။

သူအသက်ဝဝရှူကာ နောက်တစ်ခေါက် ဆင်းသွားခဲ့ပြန်၏။ ပထမဖမ်းသော ကလိုင်ထောင့်ထဲတွင်ပင် နှစ်ကောင် ထပ်ရသည်။ ဘေးဘက်တွင်လည်း ကပ်လျက် ကလိုင်ပေါက်တွေ ရှိသေး၏။

သို့နှင့် တစ်နာရီခန့် ငုပ်လိုက် ပြန်တက်လာလိုက်နှင့် လောဘဇောကပ်ပြီး ပုစွန်ဖမ်းခဲ့သည်မှာ လှေဝမ်းထဲမှာအကောင်သုံးဆယ်ကျော် ရနေပြီ။ မီးခွက်၏ အလင်းရောင်တွင် ပုစွန်တုပ်ကြီးတို့၏ မျက်လုံးတို့သည် ပတ္တမြားခဲကလေးများကဲ့သို့ ရဲရဲနီ၍ ကြည့်၍ပင် လှနေသေးတော့၏။

ပိန်လှီလှသော သူ၏ ရင်အုပ်သည် ဖားဖိုကဲ့သို့ ပိန်လိုက်ဖောင်းလိုက်နှင့် အသက်ကို လု၍ ရှူနေရ၏။ လှေပေါ်တွင် ပက်လက်လှန်ရင်း သူ အမောဖြေနေသည်။

အိမ်က ထွက်လာကတည်းက ဝအောင် မစားခဲ့ရသဖြင့် သူ အလွန်ဆာလောင်လျက် ရှိနေပြီ။

ငယ်စဉ်တုန်းကမူ တစ်ရေတက်၊ တစ်ရေကျ လေးနာရီခန့် မနားတမ်း ငုပ်လျှိုးနိုင်ခဲ့ပါ၏။ တံငါချင်း အတူတူ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ခဲ့။

ပိုက်ဆွဲရဦးမလား၊ ကွန်ပစ်ရဦးမလား သူ မကြောက်။ ခွန်အားဗလနှင့်ရင်း၍ လုပ်ကိုင်ရသော အလုပ်ပေမို့ အရွယ်ကောင်းစဉ်က အလုပ်ကောင်းခဲ့ပါ၏။ အလုပ်ကောင်းတော့ ငွေစရွှင်ခဲ့၏။ သားသမီးငါးယောက်ကို ဝလင်စွာ ရှာကျွေးနိုင်ခဲ့၏။

သူ ရှာ၍ရလာသမျှ သူ့သားသမီးများ စားသောက်နေတာ မြင်ရလျှင်ပင် သူ ကျေနပ်နေခဲ့ပါ၏။ သူ ငုပ်၍ရလာသော ပုစွန်တုပ်ကြီးများကို မီးဖုတ်၍ စားသူကစား၊ နီရဲနေအောင်ပြုတ်ပြီး အရည်ကို ဟင်းချိုလုပ်၊ အသားကို ရှောက်သီးချဉ်ချဉ်၊ ငရုတ်စိမ်းစပ်စပ်နှင့် သုပ်၍စားသဖြင့် တရှူးရှူး တရှဲရှဲ ဖြစ်နေကြသော သားသမီးများကို ကြည့်ကာ သူ သဘောကျစွာ ပြုံးနေစမြဲ။

ယခုတော့မူ အိမ်တွင် သူ့ကို စောင့်မျှော်နေမည့်သူမှာ အဘွားကြီး တစ်ယောက်တည်းသာ။ အိမ်ထောင်အသီးသီး ကျနေကြသော သားသမီးတို့သည် အသီးကင်းသော ညောင်ပင်ကြီးအား ငှက်တို့ စွန့်ခွာသွားကြ သလို သူတို့အိမ်နား မကပ်ကြတော့။ ပေးရနိုး ကမ်းရနိုး တွေးကာ ခပ်ခွာခွာ နေလာခဲ့ကြ။

အေးလေ… တွေ့ကြသေးတာပေါ့။ တောကျော်တို့လူစွမ်းလူစ မတုံးကြောင်း ပုစွန်များများရှာ၍ ကြွားလိုက်ချင်သေးတော့၏။

တွေးနေရင်းက ဆတ်ခနဲ ထ၍ထိုင်၏။ ဆာလောင်သောစိတ်ကို လောဘစိတ်က အနိုင်ယူသွားခဲ့ပြန်၏။

စိုက်ထားသော ဝါးလုံးတိုင်ကို လှေပေါ်မှပင် ဆွဲ၍နှုတ်သည်။ ရေသည် ပို၍ ကျလာနေပြီ။ သို့အတွက် ယခင်က ဝါးထောက်၍ မမီခဲ့သော နေရာသည် ဝါးထောက်၍ မီလာပြီ။

ဝါးလုံးတို့ဖြင့်ပင် လှေကိုယက်၍ နေရာရွှေ့လာခဲ့၏။
ဝါးဖြင့်ထိုး၍ စမ်းသည်။ မီပြီ။ အသာ အားထည့်၍ တိုင်ကိုစိုက်၏။ လှေဦးမှ ကြိုးဖြင့်ချည်ကာ ရေအောက်သို့ တိုင်ကိုတွယ်ကာ ဇောက်ထိုးငုပ်၍ ဆင်းလာခဲ့ပြန်ပြီ။

ယခုငုပ်သော နေရာသည် ယခင်နေရာထက် ရေစီးကပို၍ကြမ်းသည်။ ရေထဲတွင် စိုက်ထားသော ဝါး၏ အဖျားသည် ရေ၏ တိုးဝှေ့မှုကြောင့် သွက်သွက်ခါအောင် ရမ်း၍ နေတော့၏။

လှေ၏ နံဘေးကို တဒုတ်ဒုတ်ဖြင့် ရိုက်ခတ်နေသံကို ရေအောက်ကပင် ကြားနေရ၏။ ဝါးတိုင်ကို ခြေနှစ်ဖက်ဖြင့် ချိတ်ထားရင်း ဘေးသို့စမ်းသည်။ မမီတမီတွင် ကလိုင်ပေါက်ကြီးတစ်ခုကို တွေ့မိ၏။

လှမ်း၍ စမ်း၍ ဖမ်းလိုက်ရာ ပုစွန်တုပ်ကြီးတစ်ကောင်၏ ခေါင်းပိုင်းကို ဆုပ်မိတော့၏။ အမြီးသည် ဖြန်းခနဲ ဖြန်းခနဲနေအောင် သူ့ လက်ချောင်းကလေးများကို ရိုက်၏။

နာသည်။ သို့သော် သူမလွှတ်။ အောင့်ခံကာ ဆုပ်မြဲ ဆုပ်၍ ဖမ်းကာ လက်တစ်ဖက်ဖြင့် တိုင်ကိုတွယ်ကာ ရေပေါ်သို့ ပြန်တက်ခဲ့၏။

ရေပေါ်သို့ ဘွားခနဲအပေါ်တွင် လက်ထဲဆုပ်ထားဆဲ ပုစွန်တုပ်ကြီးအား လှေဝမ်းထဲ ပစ်၍ထည့်သည်။ ရေစိမ်ထားသဖြင့် နူး၍နေသော ပဲကြီးခွံတွန့်နေသည့် လက်ချောင်းကလေးများမှာ ပုစွန်တုပ်အမြီးခတ်သဖြင့် ပေါက်ပြဲသွားကာ တစစ်စစ် နာကျင်၍ နေ၏။

ပါးစပ်ကိုဟကာ အသက်ရှူနေရသော်လည်း အမောမပြေနိုင်ခဲ့။ လှေပေါ်သို့ပင် တက်ရန် ခွန်အားမရှိတော့။ တဆတ်ဆတ်ခါရမ်းနေသော ဝါးလုံးတိုင်ကို အသာဖက်ရင်း တွယ်ထားကာ အမောဖြေနေရ၏။

ပြန်ရင်ကောင်းမလားဟု သူ တွေးသည်။ မောလှပါပြီ။ ဗိုက်ကလည်း အလွန်ဆာနေပြီ။ သို့သော် စောစောက စမ်းမိသော ကလိုင်ကြီးထဲတွင် သူ့လက်နှင့်ထိ၍ အတွင်းသို့ ဝင်ပြေးသွားသော ပုစွန်တုပ်ကြီးများကို သတိရကာ ထားခဲ့ရမှာ နှမြောလှ၏။

နောက်ထပ် နှစ်ကောင် သုံးကောင်လောက် ရရင် သူ တော်ပါပြီ။ သားသမီးတွေ၊ မြေးကလေးတွေ စားဖို့အတွက်ပါ။ လောဘတဏှာသည် နောက်ထပ် တစ်ခါငုပ်ရန် သူ့ကို အတင်းတွန်း၍ ပို့နေပြန်၏။

သူ ဆုံးဖြတ်လိုက်သည်။

တစ်ခါတည်း … တစ်ခါတည်း … တစ်ခါတည်းပါ။

နောက်ဆုံးငုပ်ခြင်းပါဟု သူတွေးပြီး အသက်ကို အားရပါးရ ရှူသွင်းပြီး အဆုံးတွင်အောင့်ကာ ရေနက်ထဲသို့ ငုပ်၍ ဆင်းခဲ့ပြန်ပြီ။

အောက်ခြေ ရောက်ပြီ။ လက်နှစ်ဖက်ဖြင့် ရမ်း၍စမ်းသည်။ မီရုံကလေးသာ ရှိ၏။ လှမ်း၍ နှိုက်သည်။ နှုတ်ခမ်းမွှေးများကိုသာ စမ်းမိပြီး နောက်ဆုတ် ဝင်ပြေးသွား၍ မမိလိုက်။

သူ ဒေါသထွက်သွား၏။

ဒါလောက်ဖြစ်လှတာ ကဲကွာဟု တွေးပြီး တိုင်တွင်ချိတ်ထားသော ခြေနှစ်ဖက်ကိုဖြုတ်ကာ ရှေ့သို့ ကိုယ်ကိုလွန့်၍ ကလိုင်ထဲသို့ ထိုး၍ဝင်လိုက်၏။ လက်နှစ်ဖက်ဖြင့် ရှေ့ကို စမ်းသည်။

ဘာကိုမှ မကိုင်မိ၊ ဘေးသို့စမ်းသည်။ ကလိုင်က ကြီးလှ၍မထိ၊ မကိုင်မိ။

သူ့ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ ပြန်ထွက်ရန် အပေါက်မတွေ့လျှင်ဟူသော စိုးရိမ်စိတ်က ဝင်လာသည်။

ပြန်၍ လှည့်ကာထွက်ရန် သူ ကြိုးစားသည် … မရ။ လူကသာ ရှေ့ကို ကူးထွက်နေသော်လည်း ရှေ့သို့မရောက်၊ ရေစီးအားက သူ့ကို နောက်သို့သာ ပြန်၍ တွန်းပို့နေ၏။

ရေအကျပေမို့ ရေစီးအားက ပို၍ကြမ်းလှသည်။ အပြင်က တိုးဝင်နေသော ရေစီးအားသည် သူ့ကို ကလိုင်ပေါက်ကြီး၏ နက်ရှိုင်းလှသော အတွင်းဘက်ဆီသို့ အင်အားကြီးမားစွာ တွန်း၍ပို့ခြင်းကို သူ ခံနေရပြီ။

သူ ရှေ့သို့ယက်၍ ယက်၍ ကူး၏ … မရ။

ပို၍ လန့်လာသည်။

သူအသက်အောင့်ထားရတာ ကြာပြီ … မွန်းလှပြီ။ မောလည်း မောလှပြီ။

ဆာလောင်နေသည့် ဝမ်းဗိုက်သည် သူ့အတွက် ခွန်အားတို့ကို ဖြစ်မလာစေတော့။ လက်နှစ်ဖက်ဖြင့် ယက်၍နေသော်လည်း အားက မပါတော့။

အဆုပ်တို့သည် ပေါက်ကွဲထွက်တော့မည်။ အသက်ရှူ ကြပ်၍ကြပ်၍ လာနေပြီ။

တောင့်ထား … တောင့်ထား … အားမလျှော့နဲ့ဟု သူ့ကိုယ်သူ အားပေးနေသည်။ အိမ်ကို သူ အမြန်ပြန်ချင်နေမိ၏။

ထမင်းမစားရသေးဘဲ သူ့အပြန်ကို စောင့်နေမည့် ဇနီးသည်ကို မျက်စိထဲမြင်၏။

မခင်မေရေ … ငါ ပြန်လာခဲ့မယ်။ ဆန်လည်း ဝယ်လာမယ်။ ပုစွန်တုပ်တွေလည်း အများကြီး ရလာတယ်ကွ။ ဝအောင်စားပေတော့။ သားတွေ သမီးတွေနဲ့ မြေးတွေပါ ခေါ်ဟေ့။ တဝကြီး ကျွေးလိုက်စမ်း။ တောကျော်တို့က လူသာအိုပေမယ့် စွမ်းပါဘယ်ကွ၊ ရှာနိုင်ဖွေနိုင်ပါသေးတယ်။

သူ့အတွေးတို့သည် ကပေါက်တိ ကပေါက်ချာဖြစ်၍နေ၏။

အတတ်နိုင်ဆုံး စိတ်ကိုတင်းထားသော်လည်း မတတ်နိုင်တော့ပြီ။ ခြေနှင့်လက်တို့က ကူးခတ်ရုန်းထွက်နေသည်ဟု သူက ထင်နေသော်လည်း နှေးကွေးလာပြီ … ငြိမ်၍လာပြီ။

စိတ်ထဲတွင် ဖျတ်ခနဲ ဆရာတော်၏တရားကိုသွား၍ သတိရမိပြန်၏။

“ဇာတိ ဇရာ၊ ဗျာဓိ မရဏတဲ့ … ဒကာကြီး။ ဘာမှ မမြဲဘူး။ မြဲတယ်ဆိုတာ မရှိဘူး။ မွေးလာရင် အိုမယ်၊ နာမယ်၊ သေမယ်၊ မလွဲနိုင်ဘူး။ အဓိက အရေးကြီးတာက မအိုမနာ၊ မသေခင် ကိုယ့်မှာရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟတရားတွေကို နည်းပါးစေပြီး ကောင်းမှုကုသိုလ်တရားတွေ ပွားများဖို့ပဲ”

အို… ဟုတ်လိုက်လေ။

အင်း … လောဘ … လောဘ။

နောက်ဆုံးတစ်ခါ ရေအောက်သို့ဆင်းရန် လောဘကပင် တိုက်တွန်းခဲ့သည် မဟုတ်လား။

သူ နောင်တရပါပြီ။ တပည့်တော် မှားခဲ့ပါပေါ့ ဘုရား။

သူ စုစည်းထားသည့် သတိတို့သည် ကင်းလွတ်ခဲ့ပြီ။ ဘာကိုမှ မသိတော့။ အမှောင်ထုကြီးကသာ သူ့ကို ဖုံးအုပ်လိုက်ပြီ။

မြစ်ရေပြင်တွင် မိုးစက်တို့က ရွာသွန်းလျက် တဖျပ်ဖျပ်နှင့် လှိုင်းကြက်ခွပ်ကလေးများက ရိုက်ခတ်ဆဲ။

သရွတ်သွတ်မြစ်ရေပြင်ကြီးသည် ဘာမှ မသိသလိုပင် စီးမြဲစီးလျက်။

မြစ်ရေပြင်ပေါ်တွင် ရှိနေသည့် လှေကလေးသည် ရေအောက်မှ ပြန်တက်လာမည့် သူ့သခင်ကို စောင့်နေဆဲပင်။

(စာရေးဆရာ မောင်ခြိမ့် ​၏ ရေမုဆိုးဝတ္ထုတိုများ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်)

– ပြီး –

​စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *