• June 21, 2025
  • admin
  • 0

လင်းယုန်သစ်လွင်
လောဘ၏ နိဂုံး

လေပြင်းတချက်ဝှေ့လေသော် နွေကာလ၏ ရွက်ခြောက်တို့သည် တဖျပ်ဖျပ် တရှဲရှဲ အသံပြုလျက် မြေပြင်တွင် ရှပ်တိုက်ပြေးလေ၏။

ကိုကြီးညိုတို့ ချား,စင်များရှိရာမှ တရှီးရှီး ထွက်ပေါ်နေသော ပိုက်ခြည်ဖီးသံကိုလည်း မပြတ်မလတ် ကြားနေရ၏။

စက္ကော့ရွာ ပိုက်ထောင်သူကြီး ဦးထွန်းသာ၏ အိမ်အနီး သရက်ပင် လေးပင်အောက်၌ “ချားစင်”ခြောက်စင်ရှိ၏။

ဦးထွန်းသာသည် စက္ကော့ရွာငယ်၌ ပိုက်ထောင်သူကြီးလည်း ဖြစ်၏၊ ရွှေမဉ္ဇူ ဘုရားလူကြီးလည်းဖြစ်၏။ ပိုက်ကုန်သည် တဦးလည်းဖြစ်၏။ သည်အတွင်းကပင် ရံဖန်ရံခါ ငါးရွှဲငါးဒိုင် အလုပ်ကိုလည်းလိုက်လုပ်ချေသေးတော့၏။

ခြည်ဖီးသံသည် ဦးထွန်းသာ၏ ချားစင်ကသာမဟုတ်။ ဟိုဟို သည်သည် နေရာအနှံ့မှ ထွက်ပေါ်နေ၏။ နွေဥတု နွေရာသီအတွင်း၌ စက္ကော့ရွာငယ်အတွင်း ခြေချမိလေသော် တၡီးၡီးမြည်သော ပိုက်ခြည်ဖီးသံက ဆီးကြို၍ နှုတ်ဆက်ပေအံ့တည်း။

သည်ရွာ၌ ပိုက်ထောင်သူများ အတန်အသင့် ရှိကြပါ၏။ သို့ရာတွင် ဦးထွန်းသာလောက် လက်မကြီး။ တရွာလုံးသည် ဦးထွန်းသာကိုမတုနိုင်ကြ။ သည်ရွာ၌ ဦးထွန်းသာသည် လူတွင်ကျယ်ဖြစ်၏။ အရင်းအနှီးဆိုလျှင်လည်း လူတကာထက် ပို၍ကြီး၏။

ဦးထွန်းသာ၏ ပိုက်စင်က ရွာလုပ်သားတို့က သရက်လေးပင် ပိုက်စင်ဟူ၍ ခေါ်ကြ၏။

သို့ရာတွင် ခပ်နောက်နောက် ခပ်ပြောင်ပြောင်ရွာသား အချို့တို့ကမူ ကွယ်ရာထောင့်၌ “ဘုရားလူကြီးပိုက်စင်”ဟူ၍ ခေါ် ဆိုသမှုပြုကြ၏။

ဤသည်မှာ ဘုရားလူကြီးနှင့် တံငါအလုပ် ဆန့်ကျင်ဘက်ဖြစ်မှုကို ပျက်ရယ်ပြုလိုခြင်းသဘောပင် ဖြစ်လေသည်။

ကိုကျီးညို အပါအဝင်ဖြစ်သော ခြည်ဖီးသမား ခြောက်ဦးတို့သည် တယောက်ကိုတယောက် စကားမဆိုနိုင်ကြပေ။ နေလုံး နေရောင် မကွယ်ပျောက်မီ ချားတွင်ရှိ ပိုက်ခြည်ပေါ်ရှိ တယ် တခေါက် ထပ်မိနိုင်ရေးအတွက် အားစိုက်လုံးပမ်း နေကြရလေ၏။

ကိုကျီးညိုသည် “တယ်ရေ သံပုံးအတွင်းသို့ အုန်းဇံခွံဘီးကို ဆွတ်နစ်လိုက်၏။ ပြီးသော် ကြွက်မြီးတန်းနေသော တယ်ရေကို အစက်မကျစေရန် ဖုန်းနခမ်း၌ သပ်လိုက်ပြီး ချားတွင်းရှိ ခြည်ပေါ်တွင် တပတ်ကျော့၍ ဖီးပြန်သည်။

ခြည်ဖီးသမားသည် တယ်,ကို အသုံးပြုရာ၌ အဖိတ်အစင် အစက်မကျစေဘဲ စံနစ်ရှိရန်လို၏။ သူလိုလူကို တယ်,ကိုင်ကောင်းသူဟူ၍ ပိုက်ထောင်ရှင်တို့ ဆိုစမှတ်ပြုကြ၏။ ထိုသူကို ပိုက်ထောင်ရှင်တို့ သဘောကျစမြဲဖြစ်၏။

တယ်ရေဟူသည်မှာ တယ်သီးမှရရှိသည့် အရည်ဖြစ်၏။ ပိုက်လုပ်ငန်းတွင် တယ်ရေသည် များစွာ အသုံးဝင် အရာရောက်၏။ တယ်ရေကို အသုံးပြုခြင်းကြောင့် ပိုက်ခြည် ပိုက်ကြိုးများသည် နေ့စဉ်နှင့်အမျှ ရေနှင့်ထိတွေ့နေသော်လည်း ဆွေးမြေ့မှုကို ခံနိုင်ရည်ရှိ၏။

ပိုက်ခြည်သည် တယ်ရေ၏ အစွမ်းဖြင့် နှစ်ရှည်လများ အသုံးခံနိုင်ပေသည်။

ချားတွင်းရှိ ချည်ပေါ်၌ အုန်းခွံဘီးဖြင့် ဖီးသည့်အခါ လူက အပင်ပန်းခံလျက် ဖီးအားစိုက်ရ၏။ ထိုအခါ လက်နှစ်ဖက်ကသာမဟုတ် ကိုကျီးညို၏ ခြေတဖက်ကလည်း အားမနေရပေ။ အမှန်မှာ ချည်ဖီးနေသည့်အခါ လက်နှစ်ဖက်နှင့် ခြေတဖက်သည် ထာဝစဉ် လှုပ်ရှားနေရလေသည်။

ကိုကျီးညို၏ ညာခြေကသော်၎င်း၊ ဘယ်ခြေက သော်၎င်း ချား၏ ခြေနင်းမောင်းတံကို ဆတ်၍ဆတ်၍ နင်းရ၏။ ထိုအခါ ခြောက်ပေကျော် ခုနှစ်ပေခန့် အမြင့်ရှိသော ချားသည် ရဟတ်ပမာ ချာချာလည်လေသည်။

ချား၏ ဘေးဘောင်နှစ်ခုသည် လေးတစ်ခွဲ ၄×၂ လက်မ ရှိသည့် ကျွန်း သို့တည်းမဟုတ် ပျဉ်းကတိုးဖြစ်၏။ ချားထိပ်နှစ်ဖက်သည် ယောက်ျားကြီးတယောက်၏ ထွာဆိုင်သာသာရှိသော သစ်သားပွတ်လုံး ဖြစ်၏။

အသက်မွေးမှု တခုပညာ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်လိမ္မာသော ခြည်ဖီးသမားသည် သူ၏လုပ်ငန်းတာဝန်တို့ ပြီးမြောက်စေရေးအတွက် ထုထယ်ကြီးမားသော ထိုချားကို အရှိန်မှန်မှန် လည်ပတ်စေရေးအတွက် အားထုတ်လုံးပမ်းရ၏။

သာမန်အားဖြင့် ကြည့်သော် ပင်ပန်းကြီးလှသည့် အလုပ်တခုဖြစ်သဖြင့် အပင်ပမ်းခံနိုင်သော် လုပ်ငန်းပြီးမြောက်လိမ့်မည်ဟု ထင်ရ၏။ သို့သော် ကျွမ်းကျင်ခြင်းရှိမှဖြစ်​၏။ တော်စွ လျော်စွ ဖြီး၍ ညာ၍မရ။ မတတ်ပါဘဲလျက် တတ်ယောင်ကား ဝါး၍ ဖြန်း၍ မရ။

အကယ်၍ ခြည်ဖီးရာ၌ပင် အများနည်းတူ အားစိုက်ခြင်းမပြုဘဲ ရေသာခိုလိုက်ဘိမူ ချားတွင်းမှ ခြည်ကို ထုတ်ယူလိုက်သောအခါ၌ ပြစ်ချက်များတွေ့ရလေတော့သည်။

ပိုက်ထောင်ရှင်များသည် လုပ်ငန်း၌ ကျွမ်းကျင်နားလည်ကြကုန်၏။ လုပ်ငန်းတွင် ရေသာခိုလိုက်သဖြင့် ခြည် ချောသင့်သလောက် မချောခြင်း၊ တယ်,အသွေးအရောင် မညီမျှခြင်း၊ ခြည်လုံးကလေးများ မာမာကျစ်ကျစ် မရှိခြင်း စသော အသေးစိပ်လျက် ရှာဖွေရသည့် အပြစ်အနာအဆာများကိုပင် တွေ့အောင်ရှာ၍ ကြည့်တတ်ကြပေသည်။

ဤလို အပြစ်အနာအဆာ တွေ့လေသော် ပိုက်ထောင်ရှင်သည် ထိုခြည်ပီးသမားအား နောင်အခါ အသုံးမပြုလိုတော့ပါပေ။

ကိုကျီးညိုသည် ခြည်ဖီးကောင်းသူတယောက်ဖြစ်၏။ အလုပ်ကို နမော်နမဲ့ လပေါ် သရေ မလုပ်။ သပ်သပ်ရပ်ရပ် ပိပိယိယိ လုပ်သူဖြစ်၏။

ဦးထွန်းသာသည် အိမ်ဦးခန်း သင်ဖျာတချပ်ပေါ်၌ ထိုင်ကာ ကွမ်းကို မြုံ့မြုံ့ဝါးရင်းမှ ချားစင်များရှိရာသို့ လှမ်းကြည့်လေသည်။

ခြည်ဖီးသမား ခြောက်ဦးစလုံး အင်္ကျီမဝတ်ကြ။ လုံကွင်းကို ဒူးဆစ်ပေါင်လယ်ထိ တိုတိုဝတ်ထားကြ၏။ သူတို့၏ ကြောပြင်ကြီးများသည် ချွေးသီးချွေးပေါက်ကြီးများဖြင့် စိုစွတ်နေ၏။

ခြောက်ယောက်စလုံးသည် ငါးသလောက်ပိုက်သမားများချည်း ဖြစ်ကြ၏၊ သို့ရာတွင် ပိုက်တွင်းသို့ ငါးအတိုးနည်းပါးသော ဤလိုအချိန်ကာလများဝယ် ခြည်ဖီးခြင်းအလုပ်ခွင်သို့ သူတို့ ခြေဦးလှည့်ကြပြန်လေသည်။

ကိုကျီးညိုမှာ အတော်ပင် မောဟိုက်စပြုလာ၏။ တနေ့လုံး အားစိုက်ပီးရသော လက်နှစ်ဖက်နှင့် မြှောက်ချည် ကြွခြည် လုပ်ရသော ခြေထောက်သည် ထုံကျင်ကိုက်ခဲစ ပြုလာ၏။

ခဏတော့ နားလိုက်ချင်၏။

သို့ရာတွင် အုန်းခွံဘီးထဲ၌ တယ်ရေမကုန်သေး။ တယ်ရေခိုအောင်းနေသော အုန်းခွံဘီးသည် ခပ်စိုစို ခပ်ထပ်ထပ် ဖြစ်နေ၏။ အုန်းဘီးနှင့် ပိုက်ခြည်ခပ်သံကလည်း တၡီးၡီးမြည်သည့်တိုင် ထိုမြည်သံမှာ မသွက်လက်သေး။ နောက်ထပ်၍ အတန်ငယ် လုံးပမ်းရပေဦးမည်။

အုန်းခွံဘီး၌ တယ်ရေကုန်ခဲ့သော် ခပ်သွေ့သွေ့ ခပ်ခြောက်ခြောက်ဖြစ်ရမည်။ ထွက်ပေါ်လာသောအသံမှာလည်း ခပ်သွက်သွက် ခပ်စူးစူး ဖြစ်ရပေမည်။

တရှီးရှီးမြည်သံတော့ဖြစ်၏။ ဒါပေမဲ့ သွက်သွက် မြည်သော ရှီးကနဲ ရှီးကနဲ အသံနှင့် လေးလေးမြည်သော ၡီးသံဖြစ်၏။

စောင်းသမားသည် စောင်းကြိုး၏ အတင်းအလျော့ကို အသံဖြင့် သိဘိသို့ သူတို့သည်လည်း ထိုနည်းနှင်နှင်။

မကြာမီ သူတို့ခြောက်ဦးထဲမှ မဲလေး၊ တင်မြနှင့် ထွန်းမြိုင်မှ သုံးယောက်က ပထမအနားယူကြလေသည်။ ကိုကျီးညိုနှင့် ကျန်နှစ်ယောက်မှာ ချားစင်ထက်၌ ယိမ်းထွက်သလို ရှေ့တိုးနောက်ငင် ရှိကြလေသည်။

ခပ်လေးလေး ခပ်ထိုင်းထိုင်း ထွက်ပေါ်နေသော ရှီးကနဲ ရှီးကနဲ မြည်သံသည် တစတစ သွက်လက်လာ လာ၏။ အချိန်အတန်ကြာတွင် ကိုကျီးညို ထွန်းမြနှင့် အုန်းသောင်တို့ နားကြလေသည်။

အုန်းခွံဘီးနှင့် တယ်သွင်းခြင်းကိစ္စ ပြီးလေလျှင် ဂုံနီစအပါးဖြင့် ပွတ်တိုက်ခြင်း ပြုရပေဦးမည်။

ကိုကျီးညိုသည် အုန်းခွံဘီးကို တနေရာသို့ လှမ်းပစ်ချလိုက်၏။ ပါးစပ်ထဲတွင် ချွဲချွဲပျစ်ပျစ်ဖြစ်နေသော တံထွေးကို တဖက်သို့ လှည့်ကာ ဖွီကနဲ ထွေးလိုက်၏၊ နောက် ဆေးလိပ်တိုကို လှမ်းယူကာ မီးညှိဖွာရှိုက်လေသည်။

“ကိုကျီးညို ခင်ဗျားဆေးလိပ်ကလဲ ဖင်စီခံ မီးလောင်နေပါပီဗျာ”

အစွန်ဆုံးချားရှိရာမှ မဲလေးက ကိုကျီးညိုကို လှမ်းပြောလေသည်။

ကိုကျီးညိုသည် မဲလေးအား ရုတ်ကရက် စကားမဆိုအားသေးပေ။ သူ့ဦးခေါင်းထက်တွင် ရစ်ပတ်ထားသော လုံကွင်းစုတ်ကို ဖြုတ်လိုက်ပြီး သူ့မျက်ခွက်ပေါ်ရှိ ချွေးသီးချွေးပေါက်များကို သုတ်လေသည်။

“ဟုတ်သားဘဲဗျ။ ဒီညနေ လုပ်ခရှင်းမှာဘဲ။ ဒါလောက်တိုနေတဲ့ ဆေးလိပ်ကွာ သောက်မနေစမ်းပါနဲ့ ဗျာ”

မဲလေးအနီးတွင်ရှိသော အုန်းသောင်က လှမ်းပြောသည်။ သည်အခါမှ ကိုကျီးညို စကားဆိုလေ၏။

“မင်းတို့က ဒါလောက် သိတာကိုးကွ။ ရတာက ခြောက်ပြား၊ ပေးရမဲ့ဈေးကြွေးက နင့်နေတာ။ အိမ်ရောက်ယင် နန်းအိမ် ညည်းမှာ မြင်ယောင်သကွာ”

ထွန်းမြသည် ကိုကျီးညိုမျက်နှာကို လှမ်းကြည့်လိုက်သည်။ ခါးပုံထဲမှ စက္ကူနှင့် ပတ်ထားသည့် ဆေးခေါက်ကို ထုတ်၍လည်း တကိုက် ကိုက်၍ ငုံလိုက်သည်။

ထွန်းမြကိုယ်တိုင်မှာလည်း ကိုကျီးညိုနည်းတူပင် အပူသောက ရှိသူတဦးဖြစ်၏။ အိမ်ရောက်သွားလျှင် မိမြိုင်နှင့် စကားများ ရန်မီးပွားရပေတော့မည်။

“ကျုပ်မှာလဲ ဆပ်ရမယ့်ကြွေးတွေ တပုံကြီးဗျ။ ဒီထဲဖွားသန့် က နေ့လားညလား မျက်နှာမြင်တော့မယ်။ စိတ်ရှုတ်ပါသဗျာ”

တင်မြက ဖေါက်၍ ညည်းတော့သည်။ တင်မြသည် မနန်းအိမ်နှင့် သုံးဝမ်းလောက်ကွဲသော မောင်ငယ်တယောက် ဖြစ်သဖြင့် ကိုကျီးညို၏ ဝမ်းကွဲယောက်ဖတယောက်ဟု ဆိုရမည်။

“ဒါတွေ တွေးပြီး စိတ်ညစ်နေလို့ မဖြစ်ဖူးကွ။ငါ့မှာလဲ ကိုမာမက်ကြွေးကတမျိုး၊ ကိုဖျားဝါးကြွေးကတမျိုး၊ ဒီကြားထဲ ခုညနေ လုပ်ခရှင်းယင် နှစ်ကျပ်စ သုံးကျပ်စ ယူသုံးထားတာတွေက ဘယ်လောက် အနှိမ်ခံရဦးမယ် မသိဘူး”

ထွန်းမြိုင်က ပြောလေသည်။ သူ့မှာလည်း ကြွေးတွေဗလဗွနှင့်ဖြစ်သည်။

“မင်းလိုပြောရယင် ငါ့မှာလဲ ဈေးကြွေးတွေရော ချေးငှါးသုံးထားတဲ့ အကြွေးပေါက်ပေါက်စစတွေရော၊ မိသန်းကြည် နားကပ်လေး ပေါင်ထားတာရော တွေးလိုက်ယင် စိတ်ညစ်စရာချည်းဘဲကွာ။ ဒါပေမယ့် ဒီညနေ လုပ်ခရှင်းယင်တော့ အရှူရှုပ် ဆိုင်သွားပြီး အမေပြောတဲ့ အမောပြေလေး တခွက်လောက်”

ကိုကျီးညိုသည် မဲလေးပြောသော စကားကို ပြီးဆုံးအောင် စိတ်မဝင်စားနိုင်တော့ပေ။ သူ့မျက်လုံးထဲတွင် ကုန်စုံဆိုင်ရှင် မာမက်၏ မုတ်ဆိတ်မွှေးထူလဗြစ်နှင့် မျက်နှာကြီးမှာ ဘီလူးသဘက်အသွင် ထင်မြင်လာလေသည်။

အိမ်တွင် ဆန်မရှိ၊ ဆီမရှိ၊ ငြုပ် ကြက်သွန်မှစ၍ လဖက်ခြောက်ပင် မရှိ။ အားလုံးပင် ကုန်ခန်းနေလေပြီ။ သည်ညနေမှ ငွေမရှင်းသေးလျှင်လည်း တဖက်အိမ်မှ ဆန်ချေးရပေဦးမည်။ ကုန်စုံဆိုင်ရှင် မာမက်ကလည်း ကြွေးထပ်မပေးလေတော့။

“နေပါအုံးဟ ထွန်းမြိုင်ရ၊ မင်းကြွေးက များလှချည့်ကလား။ ကိုမာမက်ဆိုင်ကရော၊ ကိုဖျားဝါးဆိုင်ကရော၊ ဒေါ်လုံမလေးဆိုင်ကရော တရွာလုံး ကုန်စုံဆိုင်တွေ အကုန်လုံးပါကလားဟ”

“ဒါက ဒီလိုလဗျာ၊ တဆိုင်ကမပေးတော့ တဆိုင်လှည့်ယူရတာပေါ့။ ဒီလိုမှ မယူလဲ ငတ်မှာဘဲ။ ကျုပ်က ခလေးတွေအများကြီး၊ အဲဒီတော့ အငတ်မခံနိုင်ဘူးဗျ”

ကိုကျီးညိုမှာ ထိုအခါမှ သဘောပေါက်သွားလေသည်။ သူ့အနေနှင့်မူ ကိုမာမက်တဆိုင် တဆိုင်သာ ကြွေးယူသည်။ ဤလ ကြွေးယူရာ၌လည်း တဆိုင်ဆို တဆိုင်သာ ယူသည်။ နောက်တခုမှာလည်း ကြွေးယူရာ၌ ဆန်တမယ်ထဲကိုသာ အဓိကထား၍ ယူသည်။ လယ်သမား ကိုင်းသမား မဟုတ်သော သူတို့လို တံငါလုပ်သားများအတွက် ဆန်သည်သာ အရေးအကြီးဆုံးဖြစ်သည်ဟု ကိုကျီးညို ယူဆသည်။

သည်ည အပင်ပန်းခံ၍ ပိုက်တခေါက်လောက် ဆင်းလိုက်ရသော် ငါးကလေး သားကလေးများ တိုးလေမလားဟူ၍ ကိုကျီးညို တွေးလိုက်မိလေသည်။

ပိုက်တခေါက် နှစ်ခေါက် ဆင်းလိုက်ရသော်…။

သည်အတွေးအတောသည် ကိုကျီးညို၏ ဦးနှောက်တွင်းသို့ တစထက်တစ စူးဝင်လာလေသည်။

သို့ပေမင့်….

“တော်လောက်ပြီထင်တယ်ဟေ့ မောင်ကျီးညို။ ဒီညနေခပ် စောစောဘဲ သိမ်းကြပေါ့ကွယ်။ မင်းတို့လုပ်ခ လေးတွေ ရှင်းလိုက်ရအောင်”

ပိုက်ထောင်ရှင် ဦးထွန်းသာ၏ လှမ်းအော်လိုက်သံကို ကြားလိုက်ရလေသည်။

ဦးထွန်းသာ၏ ထိုအသံကို ကြားလိုက်ရသည့်အခါ ကိုကျီးညိုသည် အခြားသူ ငါးယောက်ထက် စောစွာ သိမ်းဆည်းစရာ ရှိသည်များကို သိမ်းဆည်းခြင်းပြုလျက် ပိုက်ထောင်ရှင် ဦးထွန်းသာ၏ အိမ်ထက်သို့ တက်ခဲ့လေသည်။

တင်မြ၊ မဲလေး စသော ကျန်လူငါးယောက်မှာမူ ဦးထွန်းသာ၏ အိမ်ထက်သို့ ကိုကျီးညိုရောက်ရှိသွားသည့်တိုင် ပိုက်စင်အနီးရှိ သရက်ပင်ကွယ် တနေရာတွင် တီးတိုး တီးတိုးဖြင့် ခေါင်းချင်းရိုက် ကျန်နေကြလေသည်။

“ဒီကောင်တွေ ဘာများ ခေါင်းချင်းရိုက်နေကြပါလိမ့်”

ကိုကျီးညိုဘတွေးလိုက်သည်။

ဒါပေမင့် နောက်ထပ်၍ကား ကိုကျီးညို စိတ်မဝင်စား ။ သူ့ ဦးခေါင်းထဲ၌ ဝင်ရောက်နေသော အတွေးအတောတခုမှာ ညဘက် ပိုက်ဆင်းလိုက်ရလျှင် ဟူသောအတွေးပင် ဖြစ်လေသည်။

X X X X

“မင်းတို့တတွေက ဘယ်သွားကြအုံးမှာလဲဟ”

ဦးထွန်းသာထံမှ လုပ်ခများ ရှင်းလင်းခဲ့ကြပြီးနောက် အိမ်သို့အပြန် ရွာလမ်းကလေး၏ မန်ကျည်းပင်တပင်အောက်အရောက် ကိုကျီးညိုက သူ့ယောက်ဖ တင်မြနှင့် မဲလေးတို့လူစုကို မေးလေသည်။

“ရွာတောင်ပိုင်းကိုဗျ”

မဲလေးက ဖြေလေသည်။ မဲလေး၏အမူအရာမှာ တစုံတရာ အကြံအစည်အတွက် မလုံမလဲ ဖြစ်နေဟန်လည်း ရှိလေသည်။

“ဟင်း… မင်းတို့တွေ အရှူရှုပ်ဆိုင်သွားပြီး အရက်သောက်ကြအုံးမယ်ပေါ့လေ။ ဟုတ်ပေ့ကွာ … လူတွေကဖြင့် ထမင်းတောင် အနိုင်နိုင်ရှာစားရတဲ့တာ။ လုပ်ခလေး လက်ထဲရောက်ယင် အရက်လေးတမြမြ၊ ဖဲကလေး ကြက်ကလေးကလဲ လုပ်လိုက်ချင်သေး … တယ်ဟုတ်”

ကိုကျီးညိုက ငါးရောက်စလုံးကို အပြစ်တင်သလို ခပ်ဆတ်ဆတ် ပြောလေသည်။

“ခင်ဗျား မသိပါဘူးဗျာ။ ညောင်တုန်းက ပေါက်ဖေါ်တယောက် ရောက်နေတယ်ဗျ။ ဒီတရုပ်လာယင် ဝိုင်းသိပ်ကောင်းတယ်။ မနေ့ညက ငွေတထောင်လောက် ရော်တယ်။ ထော်လွတ်က ဘကျော်တို့လူစု ငွေ သုံးလေးရာ ပွသွားတယ်ဗျ။ ဒါကြောင့် ကျုပ်တို့လဲ ကြွေးလေး မြီသေး ကျေအောင် အပွာခတ်, သွားကြမလို့”

“အပွားခတ် … ဟုတ်လား”

ကိုကျီးညိုက မေးလိုက်၏။

“ဟုတ်တယ်လေ၊ အပွားခတ်မလို့ဗျ။ တယောက်ကိုတဆယ်စီ၊ ဆယ့်ငါးကျပ်စီစုပြီး၊ အပွားခတ်ကျမယ်။ လေးရာ ငါးရာနိုင်ယင် နဲလားဗျ….”

လူငါးယောက်ထဲမှ မဲလေးက ပြောလေသည်။ တင်မြမှာ ကိုကျီးညိုနှင့် သမီးယောက်ဖ တော်စပ်သူတယောက် ဖြစ်သဖြင့် ပွင့်ပွင့်လင်းလင်း မပြောရဲ။ အတန်ငယ် ရွံ့ဟန်ရှိနေ၏။

“ခင်ဗျားနဲ့ တင်မြ၊ တယောက် တဆယ်စီ စပ်လိုက်ပါလား။ ခင်ဗျားပါဆိုယင် ကျုပ်တို့အားလုံး ခြောက်ယောက်၊ တယောက် တဆယ်ဆိုတော့ ငွေခြောက်ဆယ်ရမယ်ဗျာ။ ရှုံးတူ နိုင် ဝေယူကြတာပေါ့ ….”

မဲလေးက ကိုကျီးညိုကို ဆွယ်လေသည်။ ကိုကျီးညိုကိုယ်တိုင်မှာလည်း အတန်ငယ်ငိုင်သွားသည်။ တွေး စရာအကြောင်းတချက်ကလည်း သူ့ ဦးခေါင်းထဲသို့ ဝင်ရောက်လာသည်။

မနေ့ညက သူ့ အိမ်ခေါင်းယင်းက သာမောင်ပင် ငွေကလေး လေးငါးကျပ်မျှဖြင့် ငွေခုနှစ်ဆယ် ရှစ်ဆယ် နိုင်လာသည်ဟု သတင်းကြားရသည်။ သာမောင်သည် ယနေ့နံနက် ချည်ဖီးဆင်းလာသည်ကိုပင် မတွေ့ရပေ။

မနက်စောစော ကိုကျီးညို ချားစင်ရှိရာသို့ ဆင်းလာသည့်အခါ သာမောင် မိန်းမ စောရင်သည် ဈေးဝယ်ရန်အတွက် ညောင်တုန်းမြို့ဘက် ကူးသွားသည်ကို ရိပ်ကနဲ တွေ့လိုက်ရသည်။

လင်ဖြစ်သူ ဖဲနိုင်သဖြင့် အဝယ်အခြမ်းသွားခြင်းပင် ဖြစ်လေသည်။

“စပ်လိုက်ပါလားကွ၊ အပွားခတ်တဲ့ သဘောပေါ့၊တယောက်ကို ကိုးဆယ် တရာနိုင် နဲလားကွ”

ထွန်းမြက ဆွယ်လေသည်။ သူ့ယောက်ဖ တင်မြကိုယ်တိုင်ကလည်း ကိုကျီးညိုမျက်နှာကို ဆွဲဆောင်သယောင် အားပေးသယောင် ကြည့်လေသည်။

ကိုကျီးညို၏ အတွေးမျက်လုံးများဝယ် မနန်းအိမ်မျက်နှာကို တလှည့်၊ မုတ်ဆိတ်မာမက် မျက်နှာကိုတလှည့်၊ သာမောင့်မျက်နှာကိုတလှည့် မြင်ယောင်လာသည်။

မောဟနှင့် လောဘ နတ်ဆိုးသည် ကိုကျီးညို၏ နှလုံးသား၌ ဝင်ရောက်ပူးကပ်လေတော့ပြီ။ ထိုအခါ သူ့လက်သည် လုံကွင်းခါးပုံစ အတွင်းသို့ နှိုက်လေသည်။

ကိုကျီးညိုသည် ရက်ရက်ရောရောပင် ငွေတဆယ်ကို ယောက်ဖတော် တင်မြလက်သို့ ဝကွက်၍ အပ်လိုက်လေသည်။

X X X X

“ပိုက်ဆံက ဒါဘဲလား။ မနက်က ပြောသွားတော့ တမျိုးပါလား….”

မနန်းအိမ်က မျက်လုံးပြူး၍ မေးသည်။ မနက်က ကိုကျီးညို ပြောသွားသည်ထက် ငွေတဆယ် လျှော့နေသည်။

ရုတ်တရက် ကိုကျီးညို အဖြေမပေးနိုင်ပါပေ။ ပါးစပ်အဟောင်းသားနှင့် ကြောင်စီစီဖြစ်နေ၏။

“ငွေတဆယ်တောင် လိုပါသေးလားတော့၊ ဘယ်မှာလဲ ငွေတဆယ်”

မနန်းအိမ်က သံသယဝင်သလို မေး၏။ နောက် ထဘီကို ပြင်ဝတ်၏။ မျက်စိမျက်နှာပျက်ပျက်နှင့် အချုပ်သားကိုယ်ပေါ်တွင် တလာစီမည့် ပုလိပ်အကြည့်မျိုး ကြည့်၏။

“ဟိုကွာ … အဲလေ… ငွေတဆယ်လိုတာပေါ့ကွာ”

ကိုကျီးညိုက မရှင်းမလင်း ပြောလေသည်။

“အဲဒီငွေတဆယ်က ဘာလုပ်ခဲ့လို့လဲ။ ဘသူ့ ပေးခဲ့လဲဟင်”

“ဟိုကွာ … ပိုက်ခွန်ဆောင်ဘို့ ဦးထွန်းသာဆီ အပ်ထားခဲ့တယ်။ ပိုက်ခွန် ဆောင်အုန်းမှကွ။ ဒါမှ ပိုက်ဆင်းတဲ့ည ဆင်းရအောင်”

ကိုကျီးညိုသည် ပြောမိပြောရာ စွပ်ပြောလိုက်၏။ ဖဲကိစ္စ ကြက်ကိစ္စဆိုလျှင် မနန်းအိမ်အား ယောင်လို့ ပင် မဟဝန့်။

“တော့နှယ်တော် အရေးထဲ။ ကဲပါလေ … နောင်လဲဆောင်ရမယ့်ကိစ္စဘဲ။ အလုပ်အားတဲ့ နေ့ကျယင်သာ ညောင်တုန်းဘက် ကူးသွားပြီး ဆောင်လိုက်ပေါ့။ မနှစ်တနှစ်တုန်းကလိုတော့ လုပ်မနေနဲ့။ ကျုပ် မာမက်ဆိုင်က ဈေးကြွေး သွားရှင်းလိုက်အုန်းမယ်”

သည်အခါမှပင် ကိုကျီးညိုမှာ သက်ပြင်းချလိုက်မိတော့သည်။

သို့ရာတွင် သူပေးလိုက်သော အပွားခတ် ငွေတဆယ်အရေးမှာမူ သူ့ရင်ထဲတွင် စနိုးစနောင့် တကြောင့်ကြကြ ဖြစ်နေမိလေ၏။

X X X X

သန်းကောင် ကျော်လေပြီ။

သည်အချိန် သည်အခိုက်ဝယ် ကိုကျီးညိုမှာ လှေငယ်ထက်၌ ပိုက်ကိုတင်လျက် အသာအယာ ရေသံတက်သံ မကြားစေဘဲ လှေငယ်ကို ရွာဦးသို့ လှော်ခဲ့လေသည်။

အမှန်က သူသည် လူမသိ သူမသိ ပိုက်ခိုးဆင်းခြင်းဖြစ်၏။ အခွန်မဆောင်ရသေး၍ လိုင်စင်အသစ် မလဲလှယ်ရသေးသော် မြစ်တွင်း၌ ပိုက်မျှော ပိုက်ချပိုင်ခွင့်မရှိ။ အင်းအင်စပက်ကသော် ၎င်း၊ ပုလိပ်၊ ရွာသူကြီး စသူတို့ကသော်၎င်း၊ ဖမ်းဆီးပိုင်ခွင့် ရှိလေသည်။

သို့နှင့် ရွာဦးတည့်တည့် မြစ်လယ်ကြောသို့ ရောက်လေသော် ကိုကျီးညိုသည် ပိုက်ကို ရေလယ်တွင် ချလေ၏။

သူ့ရင်ထဲက တဒိတ်ဒိတ်၊ သူ့စိတ်ကလည်း စိုးရိမ်ကြောင့်ကြစိတ်ဖြင့် မြစ်အတွင်း ဟိုဟိုသည်သည် လှမ်းမျှော်ကြည့်ရသည်။

သည်လို စိုးရိမ်ကြောင့်ကြသည့် အတွင်းကပင် ယောက်ဖတော် တင်မြနှင့် အစုစပ်ပြုလိုက်သော ငွေတဆယ်အရေးကိုလည်း အမျိုးမျိုး အဖုံဖုံ အတွေးဝင်မိသည်။

တင်မြတို့လူစုသည် သူပိုက်ဆင်းလာချိန်ထိ ပြန်၍ မရောက်လာသေး။ ငွေတဆယ်သည် ဖဲရှုံးသဖြင့် ကုန်လေပြီလော၊ သို့တည်းမဟုတ် ဖြစ်ဖြစ်မြောက်မြောက် မနိုင်သေး၍ပင် တင်မြတို့ မဲလေးတို့လူစု သဲသဲမဲမဲ ဖြစ်နေကြလေသလော။

သို့နှင့် သူသည် သုံးချီသုံးလား ပိုက်မျှောမိသည့်တိုင် ငါး တကောင်တမြီးမျှ မရသေးပါချေ။ ငါးသားအတိုးပါးသည့် ရာသီလည်းဖြစ်ပြန်၊ ပိုက်မျှောရသည်ကလည်း တထိတ်ထိတ်တလန့်လန့် ဖြစ်ပြန်ဖြင့် အဘယ်မှာ ငါးရလေမည်နည်း။

ထိုအခိုက် အရှေ့စူးစူးအရပ်မှ တိုက်ခတ်လာသောလေနှင့်အတူ တဖုတ်ဖုတ် မြည်သံကို ကိုကျီးညို ကြားလိုက်ရတော့သည်။

“အား… နင့်မေကလွှား….”

ပတ္တရောင်မော်တော် လာလေပြီ။

ကိုကျီးညိုသည် ယောင်ရမ်းရေရွှတ်ရာမှ ပိုက်ကိုလှေငယ်ထက်သို့ ကမန်းကတမ်း ဆွဲတင်ရလေသည်။

မော်တော်ဦးပိုင်းဆီမှ မီးရောင် လက်လက် စူးစူးသည် မြစ်တွင်းသို့ ဖြာကျလာသည်။ မော်တော်စက် ခုတ်မောင်းသံကလည်း တဖြည်းဖြည်း တစစ နီးကပ်လာသည်။

ကိုကျီးညို၏ရင်ထဲတွင် မီးရထားကြီး တစင်းလုံး ခုတ်မောင်းနေသည်နှင့်တူလှသည်။ သူသည် အသက်ကို မရှူနိုင် မရှိုက်အားပေ။ ပိုက်ကိုသာ လှေငယ်ထက်သို့ ထွေးလားလုံးလား ဆွဲတင်လေသည်။

ပိုက်တဖုံလုံး လှေငယ်ထက်သို့ ရောက်သည့်အခါ လှေငယ်၏ ပဲ့သို့ပင် နေရာရွှေ့ပြောင်း မနေနိုင်တော့ပေ။ ကမ်းဆီသို့ ဒလကြမ်း လှော်ရလေ၏။

“ဘုရား ဘုရား … တော်ပါသေးရဲ့။ ကံကောင်းလို့ သူကြီးအိမ်က ထိပ်တုံးထဲ မရောက်တယ်”

ကိုကျီးညိုသည် ကမ်းခြေရောက်မှ ထိုစကားကို ရေရွတ်လျက် အသက်ဝဝ ရှူလိုက်မိလေသည်။

X X X X

နောက်တနေ့နံက်တွင်မူ အနည်းငယ် နေမြင့်မှ ကိုကျီးညို အိပ်ရာက နိုးလေ၏။

မျက်စိနှစ်လုံးပွင့်၍ အိပ်ရာမှ လူးလဲထလိုက်သည် ဆိုလျှင်ပင် နက်ခင်း၏ အမင်္ဂလာသံတခုသည် စူးစူးဝါးဝါး သူ့နားတွင်းသို့ ဝင်ရောက်လာလေ၏။

ကိုကျီးညို ကြားလိုက်ရသည့် အသံသည် ခေါင်းရင်း အိမ်မှ သာမောင်နှင့် စောရှင်တို့၏ ထုသံ ရိုက်သံ ဆိုသံ ရန်ဖြစ်သံများ ပေတည်း။

ကိုကျီးညိုသည် ယမန်နေ့ညနေက ငွေတဆယ်ကို ချက်ချင်း သတိရလိုက်မိလေ၏။ သူသည် အိပ်ခန်းထဲမှ ထွက်ခဲ့လေ၏။ အိမ်ငယ်၏ အပြင်တွင် မနန်းအိမ်ကိုလည်း မမြင်ရ၊ သားသမီးကလေးတွေကိုလည်း မတွေ့မိ။

ကိုကျီးညိုသည် အိမ်ငယ်၏ အပေါက်ဝမှနေလျက် နေအိမ်ရှေ့သို့ လှမ်းကြည့်လိုက်၏။

မန်ကျည်းပင်အောက် ကွပ်ပျစ်ပေါ်တွင် ထိုင်နေသောမနန်းအိမ်နှင့် သူ့သမီး မြရင်ကို တွေ့ရသည်။ နောက် မနန်းအိမ် ရှေ့တွင် တရှုပ်ရှုပ်ထိုင်ငိုနေသော ဗိုက်ကြီး အပြဲသားနှင့် ဖွားသန့်ကိုလည်း မြင်လိုက်ရသည်။

“ငါတော့ ညီးတို့အတွက် စိတ်ညစ်ပါတယ် ဖွားသန့်ရယ်။ တပြားမှ မကျန်တော့ဘူးလား၊ အကုန်လုံးဘဲ ကုန်ရောလား”

“ကုန်ရောအမရဲ့ … အကုန်ကုန်ရော။ အိမ်မှာလဲ ခုမနက် ချက်စရာ ဆန်တစိတောင် မရှိဘူး။ ကျမတော့ မြစ်ထဲဆင်းသေပစ်လိုက်ချင်တာဘဲ၊ အီး…. အီး”

ကိုကျီးညို၏ ယောက်ဖတော် တင်မြ မိန်းမ မဖွားသန့်သည့် သူ့စကားအဆုံးတွင် တအီးအီးအသံထွက်ကာ ရှိုက်ကြီးငင်ကြီး ငိုပြန်လေသည်။

သည်အဖြစ်ကို မြင်လိုက်ရသော ကိုကျီးညိုမှာလည်း မျက်နှာသစ်ရန်ကိုပင် သတိမရနိုင်တော့ပေ။ တန်းပေါ်ရှိ လုံကွင်းတထည်ကို ဆွဲယူလိုက်ပြီးနောက် နေအိမ်ထက်မှ ကသောကမြော ဆင်းသက်ခဲ့လေသတည်း။

(၁၉၆၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော ယမုံနာ စာအုပ်မှ ကူးယူဖော်ပြပါသည်။)

– ပြီး –

စာရေးသူ – လင်းယုန်သစ်လွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *