လျှာရှည်ဦး
—————-
ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်တဲ့

လူပျိုကြီး ကိုချစ်ပို လူပျိုကြီးဟု အခေါ်ခံနေရသည့် ဘဝက ကျွတ်ချင်နေပြီ။ ထို့ကြောင့် ဆရာမလေး ဒေါ်ခင်စံပယ်ကို တစ်နေ့တွင် ချစ်ခွင့်ပန်ရန် ဆုံးဖြတ်လိုက်သည်။

ကျောင်းလွှတ်ပြီ။ ဆရာများနားနေခန်းတွင် ကိုချစ်ပိုတစ်ယောက် ထိုင်နေသည်။ သူတစ်ယောက်တည်း ကျန်နေခဲ့သည်။ ဆရာမလေး ခင်စံပယ် အချိန်ပို သင်နေသည်။ ပြန်လာချိန်ကို စောင့်နေခြင်းဖြစ်သည်။

ဒေါ်ခင်စံပယ်က အခန်းထဲဝင်လာသည်။

“ဟယ် … ဆရာ မပြန်သေးဘူးလား”

“ဟုတ်ကဲ့ … ဒါနဲ့ ဆရာမ … ဆရာမကို တစ်ခုလောက် ပြောစရာရှိလို့”

“သြော် … ဒါကြောင့် စောင့်နေတာလား … ပြောလေဆရာ”

“ဆရာမ ဝါကျွတ်တော့မယ်နော်”

“အေးလေဆရာ … ဒီဝါကျွတ်မှာ သက်ကြီး ပူဇော်ပွဲထည့်မယ်ဆိုတာ အရမ်းသဘောကျတယ်”

“ဆရာမ”

“ဘာလဲဆရာ”

“လူပျိုကြီးဆိုတဲ့ဘဝဟာ ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ဆရာမသိမှာပါ။ လူဆိုတာ တစ်ဦးတည်း နေဖို့ မဖြစ်နိုင်ဘူးလေ။ တစ်ဦးတည်း နေတော့ သိပ်အထီးကျန်တာပေါ့”

“ဟုတ်တာပေါ့ဆရာ”

“သူ့မှာ ပိုင်ဆိုင်မှုတစ်ခုခု လိုတယ်။ ဥပမာဗျာ … စောင့်ရှောက်ဖို့ … ကြင်နာဖို့ … ယုယဖို့ … သူချစ်ကြောင်းကို ပြဖို့ တစ်ခုခုလိုတယ်”

“မှန်တာပေါ့ဆရာ … ဆရာပြောတာ စံပယ်ထောက်ခံတယ်”

ကိုချစ်ပို ပျော်သွားသည်။ ထို့ကြောင့် အားတက်လာပြီး ဆက်ပြောမည်အလုပ်တွင် ဆရာမလေးက

“ဆရာ့ကို ဒါကြောင့် ပြောတာပေါ့ … အစောကြီးကတည်းက ဒီတစ်ခါ ခွေးတွေ နို့ဖြတ်ရင် တစ်ကောင်လောက် ယူပါလို့။ ဆရာက အင်တင်တင် လုပ်နေလို့ သူများကို ပေးလိုက်ပြီ။ ခုတော့ ဘယ်လို လုပ်ကြမလဲ။ စိတ်ချဆရာ ကျွန်မ ခွေးမကြီးက သားဖောက်အလွန်ကောင်းတာ။ နောက်တစ်ကြိမ် ထပ်ကျရင် ဆရာ့အတွက် တစ်ကောင် သီးသန့်ဖယ်ထားပေးမယ်။ ဆရာရယ် ခွေးလိုချင်တာများ စကားပလ္လင်တွေ ခံနေရသေးတယ်။ ဆရာ ခွေးချစ်တတ်မှန်း သိပါတယ်။ မှန်တာပေါ့ဆရာ ကိုယ်ပိုင် ပွတ်သတ်ယုယပေးဖို့ ဆရာ့မှာ ခွေးလေးတစ်ကောင် လိုနေတာ”

ကိုချစ်ပို ပါးစပ်က ကိန်လို့ မအော်မိစေရန် လျှာကို ကိုက်ထားလိုက်မိသည်။ ဒေါ်ခင်စံပယ်က ခြင်းလေးကို ဆွဲပြီး ထွက်သွားပြီ။

ဘာပြောပြော သူ့ထံတွင် ခွေးတစ်ကောင် အဖတ်တင်တော့မည်။

[တင်ညွန့်]