ဒီရက်တွေထဲ ဒန်းလှရွာနဲ့ ရွာနီးချုပ်စပ်တွေမှာ အုပ်စုလိုက်ဖွဲ့ပြီးတီးတိုး တီးတိုး သဖန်းပိုးလုပ်နေကြတဲ့အကြောင်းက တော်တော်လေးရေပန်းစားနေတယ်။

“ငဦးတစ်ယောက် လှည်းကျိုးထမ်းနေရသတဲ့ တော်ရေ”
“ရိုးလွန်းတော့ အ‌ ပေါ့ဗျာ၊သက်သက်အသုံးချခံရတာပါ”
ဒါက ယောက်ျားကြီး၊မိန်းမကြီးတွေ စကားဝိုင်း။လူငယ်တွေကတော့
ငဦးပဲ အားကျတယ်ဆိုပြီး သရော်နေကြပြန်သေး။
“မြတ်လှလို ကွမ်းတောင်ကိုင်လှည်းကျိုးတော့ ငါလည်းထမ်းချင်ပါ့။
အမေ့ ကြောက်လို့သာ ဟီး”
ပိုက်ဆံမချမ်းသာပေမယ့် ရွာထဲမှာတော့ ကွမ်းတောင်ကိုင်မို့ မနာလိုမရှုစိမ့်တဲ့ ရွယ်တူတွေက တစ်မျိုးပြောကြပြန်ရော။
“အလကားပါအေ။ရုပ်ကလေးဘန်းပြပြီး အမြင့်မှန်းတာ ခြေချော်လက်ချော်ကျတော့ ကားရားကြီး”
“စဉ်းစားကြည့်ပေါ့အေ။ မြို့မှာကျောင်းတက်နေတဲ့ ဆန်စက်သူဌေးသားပဲ။မြို့မှာ အချောအလှတွေမှ အပုံကြီး။ဟိုက ခြေတော်တင်ရုံကို သာယာနေတာ”
“အမလေး..ဟိုဘက်က အသိအမှတ်မပြုလို့ပါအေ။အသိအမှတ်ပြုကြည့်။ဇီးသီးသည် မဗျိုင်းက အရှုံးပေးရလိမ့်အုံးမယ်”
ရွာထဲပါမက ဘုန်းကြီးကျောင်းပါ မကျန် ငဦးအကြောင်းက ရေပန်းစားနေတော့ ကပ္ပိယ ကိုအုံးက နားကြားပျင်းကပ်လာတော့ အော်ထုတ်ပါလေရော။
“ဪ…ခင်များတို့ကလည်း မစားရဝခမန်းပါပဲနော်။ပြောလို့လည်း မဝနိုင်ကြသေးပါလား။အကောင်းဘက်က တွေးကြည့်ကြစမ်းပါ။မြတ်လှလေးကလည်းမလွဲသာလို့ ဖြစ်ရတာ ထင်ပါတယ်။ငဦးလို တစ်ကောင်ကြွက်က မြတ်လှတို့ အသိုင်းအဝိုင်းထဲ ရောက်သွားတာ ပိုပြီးကောင်းမသွားဘူးလား။
မြတ်လှ မိဘတွေကလည်း လူရိုး လူဖြောင့်တွေပါ။မုဒိတာလေး ပွားကြစမ်းပါဗျာ”
“အမလေး..ကြီးကျယ်လို့။သူ့ထမ်းခိုင်းတောင် လက်ခံမယ့်ပုံ”
အေးစိန်ရဲ့ မဲ့ကာရွဲ့ကာအပြောကို မကြားယောင်ပြုရင်း ပညာသားပါပါ နှင်လိုက်ပါတော့တယ်။
“ကဲ..ကဲ..ကောင်းကင်ပေါ် လည်းမော့ကြည့်လိုက်ကြပါအုံး။မဲမှောင်နေပြီ။မိုးရွာတော့မယ်။ကျောင်းက ငှားစရာ ထီးလည်းမရှိဘူး။ငှားလည်း ကျောင်းကထီးဆိုပြီး လေးလေးစားစားလည်း ပြန်ပို့တာမဟုတ်”
“သေချင်းဆိုးကြီး”
အေးစိန်က မကြားတကြားဆဲတယ်။ကျောင်းကန်ဘုရားမို့ မဆဲချင်လည်းမရ။တော်တော် လူပါးဝတာ။စကား‌ပြောပုံက။ကပ္ပိရ ဖြစ်နေလို့သာပဲ။ဂေါပက အဆင့်ဆို ဘယ်လောက်များ မာန်တက်လိုက်မယ်မသိ ။ဒေါကန်ကန်နဲ့ ရှေ့ကထပြန်သူတွေနောက်ကို ကမန်းကတန်းလိုက်ရတယ်။
“ဒီမှာ မယ်မင်းကြီးမတို့။ခင်များတို့မလည်းနော် ဟင်းထုပ်တောင် မေ့ကျန်ရတယ်လို့။သူများအကြောင်း ပြောနေရတာနဲ့ကိုယ့်အကြောင်းမေ့”
“အယ်”
ဘုမ က ဟင်းထုပ်ကို လှည့်ယူရင်း
ကိုအုံးရဲ့ မချိုမချဉ်မျက်နှာကို မျက်နှာထားတင်းတင်းနဲ့ ကြည့်ပြီးမျက်စောင်းထိုး ပစ်လိုက်တယ်။အေးစိန်လိုတော့ မဆဲတော့ပါဘူး။အိမ်ရောက်မှ လှည့်ပြန်ယူလို့လည်းမကောင်း။လက်ထဲက အလှူလက်ကျန် ဝက်သားဟင်းကို ကြည့်ပြီး အိမ်ရောက်ရင် ဗူးသီးလေးနဲ့ ရောချက်ဖို့ တွေးနေတယ်။ကောင်းကင်က မည်းသထက်မည်းလာပြီး မိုးခြိမ်းသံတွေက တဂျိမ်း
ဂျိမ်းရယ်။ငဦး လှည်းကျိုးထမ်းတဲ့ ဇာတ်လမ်းလည်း တစ်ခန်းရပ်ပါလေရော။
ဂျိန်း ဒလိန်း လိန်း။

*******(၂)*****
“မမြတ်လှ။ဒီမှာ ဘဘကြီးတို့က လက်ဖွဲ့ ပေးလိုက်တယ်”
“လက်ဖွဲ့မဟုတ်ပါဘူး။ရော်ကြေးပါ”လို့ တလောကလုံးကြားအောင် မြတ်လှ အော်ပြောလိုက်ချင်တယ်။မြတ်လှကိုခွင့်လွတ်ပါ ငဦးရယ်။ငဦးအပေါ် မြတ်လှ မတရားဘူး။
မြတ်လှမှ မဟုတ်ဘူး။မြတ်လှက ယုံပြီး ပုံအပ်ခဲ့တဲ့ လူယုတ်မာ မိသားစုလည်း မတရားဘူး။ နင့်လို အရိုးခံကြီးအပေါ် ငါတို့ အားလုံးမတရားဘူး။နင့်ကို အားနာလိုက်တာ။နင်က လူယုတ်မာ မိသားစုရဲ့ အသုံးချခံတစ်ယောက်။ရိုင်းရိုင်းပြောရရင် နင့်ကို ကျွန်လို ခိုင်းပြီးထမင်းကျွေးထားရုံနဲ့ ကျေးဇူးတွေ ဆပ်မကုန်ဘူးလို့ နင်ထင်နေတယ်မဟုတ်လား။အေးလေ နင့်မှာ စာကလေးက ရေးတတ်ဖတ်တတ်ရုံ။စာအုပ်တွေဖတ်ပြီး လေ့လာဖို့လည်း အချိန်မရ။အသိညာဏ်က ကလေးသာသာ။ဒါပေမယ့် နင့်ကို ငါလေးစားတယ်။အားလည်းနာတယ် ငဦးရယ်။တစ်ဖက်က လူတွေက နင့်အတွက်ငါ့ကို တောင်းပေးပြီး မင်္ဂလာလည်းဆောင်ပေးတယ်၊လက်ဖွဲ့တွေလည်း ပေးတယ် ဆိုပြီး နင့်မှာ ကျေးဇူးတင်မဆုံး ဖြစ်နေလိုက်တာ။
“မမြတ်လှ”
“ဟင်”
ရှင်လို့မထူးမိတဲ့ ကို့ကိုယ်ကို စိတ်ထဲက အပြစ်တင်မိတယ်။
“မမြတ်လှ ‌ပင်ပန်းသွားပြီထင်တယ်။ကျွန်တော် နှိပ်ပေးရမလား”
“အို..မဟုတ်တာ။မနှိပ်ပါနဲ့။ရပါတယ်။မပင်ပန်းပါဘူး”
“ဟိုလေ။တကယ်တော့ မြတ်လှ ကနှုတ်ကျိုးနေလို့သာ။မြတ်လှက ငယ်မယ်ထင်တယ်”
ငဦးဆိုတဲ့ အခေါ်အဝေါ်က လင်မယားဆိုတဲ့ အမြင်မှာ ရိုင်းနေသလို ခံစားရတယ်။
“ကျွန်တော်လေ တကယ်တော့ ကျွန်တော့ အသက်လည်းမသိဘူး။အဖေအမေတွေလည်း မသိဘူး။သေသွားတဲ့အမေကလည်း အမေအရင်းမဟုတ်ဘူးတဲ့”
“ဘာပဲဖြစ်ဖြစ် မြတ်လှတို့က လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေလေ။ကိုဦးလို့ ပြင်ခေါ်မယ်နော်”
“ဇနီးမောင်နှံ….ကိုဦး”
သံယောင်လိုက်ရင်း ပြုံးနေတဲ့ မျက်နှာ။တကယ်တော့ ကိုဦး ရုပ်က အဆိုးကြီးလည်း မဟုတ်ပါဘူး။သပ်သပ်ရပ်ရပ် မပြုပြင်တတ်လို့ပါ။ထူပြိန်းပြိန်း နှုတ်ခမ်းကတော့ ကြည့်ရဆိုးသလိုပါပဲ။မိန်းကလေးတစ်ယောက်လို လှစရာမလိုတော့ လည်း အပြစ်လို့မမြင်။အတွင်းစိတ် ဖြူစင်တာတော့ အမှန်ပါ။ဘာပဲဖြစ်ဖြစ် မြတ်လှကတော့ ရေစက်ဆုံလို့ ပေါင်းဖက်လာရမှတော့ လင်ဟာ သခင်ပါပဲ။
“ကိုဦး”
“ဗျာ”
“နောက် သုံးလဆို ဟိုအိမ်ကို အလုပ်ဆင်းမသွားနဲ့တော့နော်”
“အင်။ဘဘတို့အိမ်လား”
“ဟုတ်တယ်”
“ဘာလို့ လဲ။မမြတ်လှ က မွေးတော့မှာလား”
ကဲ..ကြည့်။ဒါကြောင့်လည်း ရှင့်ကို သနားတာပေါ့။တကယ်တော့လည်း နောက်သုံးလဆို မြတ်လှ ကိုယ်ဝန်ကငါးလ။လက်ထပ်ထားတာ တစ်လကျော်ပြီ။နောက်သုံးလမှာ မွေးတော့မှာလား ဆိုတဲ့ မေးခွန်းကို မေးလိုက်တဲ့ မျက်နှာ၊အသံ၊အမူအရာ၊ရိုးစင်းလိုက်တာ ကိုဦးရယ်။
“မဟုတ်ပါဘူး။လက်ထပ်တာပဲ ဘာကြာသေးလို့လဲ”
မသိမသာ သွေးတိုးစမ်းကြည့်တယ်။
“ဘယ်အချိန် မွေးမွေးပါ။မမြတ်လှ က ဗိုက်ကြီးနဲ့ ပင်ပန်းတယ်။မြန်မြန်မွေး ပြီးတာပဲ”
ဘုရားရေ။ရိုးရုံမက ရှင်ဟာ ကျပ်မှ ပြည့်သေးရဲ့လား။
“မမြတ်လှ နေကောင်းအောင်နေနော်။မမြတ်လှ နေကောင်းမှ ကျွန်တော် ပျော်သလိုပဲ”
“မြတ်လှက နေကောင်းပါတယ်။အိမ်မှာ နေနေတာပဲ။ကိုဦးကသာ ဆန်စက်မှာ တအား ပင်ပန်းတာလေ”
“ပင်ပန်းပါစေ။မမြတ်လှနဲ့ ရတာကို ကျွန်တော် တအားပျော်တာလေ။
ဘဘတို့ကိုလည်း ကျေးဇူးတင်တယ်။လက်ဖွဲ့ထားတဲ့ငွေတွေ နည်းတာ မဟုတ်ဘူး”
အဲ့ဒီလောက်ထိ ရိုးစင်းလွန်းတော့လည်း ဘာပြောရမှန်း မသိတော့။
“လေ နည်းနည်း ငြိမ်သွားပြီ။ပြတင်းပေါက်ဖွင့်လိုက်မယ်။စံပယ်တွေ တအားပွင့်တော့ မွှေးနေတာပဲ။ကျွန်တော် ရေလောင်းထားတာ”
အမယ်။အဲ့လိုလည်း တွေးတတ်သေးတာပဲ။
“ခဏနော်”
မြတ်လှ ပြတင်းတံခါးနား သွားရပ်တော့မှ ကိုဦးက စံပယ်ပန်းတွေ ခူးနေတာကို တွေ့လိုက်ရတယ်။စံပယ်ရနံ့တွေက လေနုအေးလေးတွေနဲ့အတူ နှာဝကို ကလူ၏သို့ မြူ၏သို့။
“အင့်။မမြတ်လှ ပန်လိုက်”
ရီတော့ ရီချင်သား။လူရိုးကြီးရဲ့ ကဗျာဆန်ပုံကိုလေ။
“ကိုဦး မြတ်လှ ပြောတာ ဖြေအုံးလေ”
“ဗျာ။ဘာလဲ မမြတ်လှ”
“ဟိုအိမ်ကို မသွားနဲ့တော့လို့”
“ဘဘ တို့က အခုအလကား မခိုင်းတော့ဘူး မမြတ်လှ။ပိုက်ဆံပေးတယ်”
ဪ..ခုတ်ရာတခြား ရှရာတလွဲ။
“မြတ်လှ စကားကို နားထောင်ပါကိုဦးရယ်။မြတ်လှတို့ အိမ်ဆိုင်လေး ဖွင့်ကြမယ်လေ။ကလေးရရင် မြတ်လှလည်း အလုပ်မလုပ်တော့ဘူး”
မြတ်လှဘဝပျက်ခဲ့တဲ့ ဆန်စက်ကိုခြေဦးမလှည့်ချင်တော့ဘူး။ရင်ထဲက တစစ်စစ်နာလာတယ်။
“မမြတ်လှ သဘောပါ။မသွားနဲ့ဆို မသွားဘူးလေ။ဪ ကျွန်တော်မေ့နေတာ ဒီလကုန်ရင် ကိုကိုလေး မင်္ဂလာဆောင်တော့မယ်တဲ့။မန္တလေးမြို့ပေါ်က ပွဲရုံပိုင်ရှင်သမီးနဲ့”
“ဪ”
ဒီလောက်ပါပဲ။ဒီသတင်းက မထူးဆန်းဘူးလေ။ဒီရုံမြင်လို့ ဒီခြုံထွင်ခဲ့ကြသူတွေပဲ။အမှတ်တမဲ့ မြတ်လှ လက်က ဗိုက်ကို ရောက်သွားတယ်။သားမှန်းသမီးမှန်း မသိရသေးပေမယ့် အဖေယုတ်ရဲ့သွေးမို့ ကလေးအတွက်ရင်နာမိတာအမှန်။
“အဲ့ဒီမင်္ဂလာဆောင်ကျရင် ကျွန်တော် ကူပေးရအုံးမယ်”
ဒီလောက်ဖြူစင်သူကို နွားနဲ့ နှိုင်းရက်ကြတဲ့လူတွေ။တကယ်တော့
ကိုဦးဟာ နွားမဟုတ်ဘူး စိတ်ဓာတ်ရေးရာ ဖြူစင်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ မဟာလူသား တစ်ယောက်ပါ။

*******(၃)******
ဆန်စက်သူဌေးသား မင်္ဂလာမို့ ရွာလုံးကျွတ်လောက်နီး စည်ကားသိုက်မြိုက်လို့ပါပဲ။ပွဲကူသူတွေရော ပွဲတက်သူတွေပါ သတို့သားမျက်နှာကြည့်လိုက် ငဦးမျက်နှာအကဲခတ်လိုက်ပါပဲ။
“ငဦး..ငဦး..အိမ်မှာ မြတ်လှ ချော်လဲလို့တဲ့။ပြန် …ပြန်..အမြန်သွားဟ။အရေးကြီးသတဲ့”
မြတ်လှတို့ ခေါင်းရင်းအိမ်က ဦးလေးမောင်က ပြောတော့ ငဦး ကမန်းကတန်း ပြေးထွက်သွားတယ်။
“မြတ်လှ ချော်လဲလို့တဲ့ တော်ရေ”
“ကိုယ်ဝန်သာ ပျက်ကျလို့ကတော့”
တီးတိုးသံတွေက ပွက်ထလာပြန်တယ်။သတို့သားက မကြားယောင်ပြုတယ်။တော်တော် လူမဆန်တဲ့ လူတစ်ယောက်ပါ။
“ဒီဇာတ်လမ်းတော့ ဘယ်လိုလာမယ်မသိနော်”
“ဒီပုံအတိုင်းဆို ဒူသလို အသလို
ငဦးတော့ အအမ်းခံရတော့မှာ ကြည့်ထား”
အားလုံးဟာ မင်္ဂလာမဏ္ဍပ်တွင်းက သတို့သား သတို့ သမီးထက် ငဦးနဲ့ မြတ်လှကို ပိုပြီးစိတ်ဝင်စားနေကြတယ်။
“အရီး။မမြတ်လှ”
“အိပ်ခန်းထဲမှာ ငဦးရေ။မြို့ဆေးရုံတင်ရမယ်ထင်တယ်။သတိတော့မလစ်ပေမယ့် ဝေဒနာပြင်းတယ်။ဘုရား ဘုရား ငါ့သမီးကံကောင်းပါစေ။နတ်မြတ်နတ်ကောင်းများ စောင့်ရှောက်ပါဘုရား”
မြတ်လှအမေကတော့ မိခင်တစ်ယောက်ပီပီ အစိုးရိမ်လွန်ပြီး ဘုရားဆုတောင်း နတ်တိုင်တည်နဲ့ ယောက်ယက်ခတ်နေတယ်။
“မမြတ်လှ။ကျွန်တော်လာပြီနော်။အားမငယ်နဲ့ ။မမြတ်လှ ဘာမှ မဖြစ်စေရဘူး။ကျွန်တော် မမြတ်လှကို မြို့ဆေးရုံရောက်အောင် ပို့မယ်”
အံ့ဩစရာကောင်းလောက်အောင်
ငဦး က နှုတ်တွေ သွက်နေတယ်။မြတ်လှ လက်ကလေးကို ကိုင်လှုပ် အားပေးပြီး တဟုန်ထိုး ပြေးထွက်သွားတယ်။ဝေဒနာအပြင်းအထန်ကြားက မြတ်လှ မျက်လုံးမဖွင့်နိုင် ခါးအောက်ပိုင်းတစ်ခုလုံး သွေးတွေဟာ မြင်မကောင်းအောင်စိုရွှဲနေတယ်။
ရွာထဲက ကိုဘအောင် ရဲ့ လိုက်ထရပ်ကားကိုငှားပြီး မြို့ဆေးရုံကိုပို့ဖို့ အပြေးအလွှား ပြင်ဆင်နေတယ်။
မြတ်လှ အော်ပရေးရှင်းခန်းထဲက ထွက်မလာမချင်း ငဦး စိတ်တွေ ဆောက်တည်ရာမရ။အဖော်လိုက်ပေးတဲ့ အိမ်နားက ဝိုင်းစိန်မနဲ့ ‌မိတုတ်က ဒီတစ်ခါတော့ ငဦးကို ကြည့်ပြီး အံ့ဩနေတယ်။ငဦး ကို ဒူတူတူတစ်ယောက်လို မြင်မိကြတာကို နောင်တရမိချင်လာတယ်။တကယ်တော့ ငဦး ရင်ထဲက ရှင်းသန့်တဲ့ မေတ္တာတရားအင်အားကို မမြင်မိခဲ့ကြတာပါ။
“လှည်းကျိုးထမ်းတဲ့နွား”လို့ အပေါ်ယံအမြင်တွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း သမုဒ်ခဲ့မိကြတယ်။ဆရာမလေးတစ်ယောက် ထွက်လာပြီးပြောတော့ အားလုံး ရင်ထဲကအပူတွေ ရော့ပါးသွားကြတယ်။
“မမြတ်လှ အခြေအနေကောင်းပါတယ်နော်။သီးသန့်ခန်းကို ပြောင်းလို့ရပါပြီ”
“ဘုရား ဘုရား တော်ပါသေးရဲ့။ငါ့သမီးလေး”
“မမြတ်လှ။မမြတ်လှ ဘာမှ မဖြစ်ပါနဲ့ ဗျာ။ကျွန်တော် မမြတ်လှအနားမှာ နေရတာ ပျော်လို့ပါ”

*******(၄)*******
ဆေးရုံကဆင်းတဲ့ရက်မှာ မိုးရိပ်တွေဆင်နေတယ်။ဒါပေမယ့် အိမ်ရောက်တဲ့အချိန်ထိ မိုးကမရွာ။အိမ်နားနီးချင်း ရွာသားအချို့က ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။ကိုယ်ဝန်ပျက်ကျသွားပြီဆိုတာ သေချာတော့ ငဦး ကို ဘုရားပြီးငြမ်းဖျက်သလို ဖယ်ထုတ်ကြတော့မယ် ထင်နေကြတယ်။
ညနေစောင်းချိန်မှာ မိုးကပိုမည်းလာတော့ မိုးချုပ်တာမြန်တယ် ထင်နေရ။ငဦးက ပြတင်းတံခါးကိုပိတ်လိုက်တယ်။
“မမြတ်လှ ဗိုက်မနာတော့ဘူးမဟုတ်လား”
“သက်သာပါပြီ ကိုဦးရယ်”
“ကိုဦး”
“ဗျာ”
ငဦး မျက်နှာကိုကြည့်ပြီး မြတ်လှက တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်တယ်။
“မြတ်လှ ပြောတာ သေချာလေး နားထောင်ပေးပါနော်။မြတ်လှလေ..ကိုဦးအပေါ်မှာ မတရားလုပ်ထားမိတဲ့အတွက် ကို့ကိုယ် လိပ်ပြာ
မလုံဘူး။အဲ့ဒီအတွက်လေ ကိုဦးကို အမြဲအားနာနေရတယ်”
ငဦးက ဘာမှမပြောပဲ မြတ်လှ မျက်နှာကို ငေးကြောင်ကြောင် ကြည့်နေတယ်။
“မြတ်လှလေ ကိုယ်ဝန် ပျက်ကျတဲ့နေ့က သာ မြတ်လှ သေသွားခဲ့ရင် တမလွန်မှာ မကျွတ်ပဲ စိတ်ဆင်းရဲနေရမှာ။ခုတော့လေ မြတ်လှ ဝန်ခံပါမယ်။မြတ်လှ လိပ်ပြာသန့်ချင်လို့ပါနော်”
မြတ်လှပြောသမျှ နားထောင်နေတဲ့ ငဦးက ငြိမ်နေတယ်။
“တကယ်တော့လေ မြတ်လှ ပျက်သွားတဲ့ ကိုယ်ဝန်ဟာ ကိုဦးနဲ့ ရတာ မဟုတ်ပါဘူး။ဆန်စက်က ဘဘရဲ့သား ကိုကိုလေးနဲ့ ရတာပါ”
ပြောပြီးတာနဲ့ ငဦးမျက်နှာကို မရဲတရဲလှမ်းကြည့်ပြီး အကဲခတ်လိုက်တယ်။
“ကျွန်တော် သိတယ်လေ”
“ဟင်”
အံ့ဩမှုကြောင့် မြတ်လှ မျက်လုံးတွေ ဝိုင်းဝိုင်း လည်သွားတယ်။ငဦးကို လူထူးလူဆန်းတစ်ယောက်လို ကြည့်နေမိတယ်။
“အခု..ကိုယ်ဝန်ပျက်ကျသွားပြီဆို ပေမယ့် ကျွန်တော့ကို မနှင်လိုက်ပါနဲ့နော်။ကျွန်တော် မမြတ်လှအနားမှာ‌ နေရတာပျော်တယ်”
ရှင်ဟာ တကယ်တော့ အများအမြင်မှာဒူတယ်ထင်ပေမယ့် ရှင် မဒူပါဘူး ကိုဦးရယ်။ရှင့်ရင်ထဲမှာ မေတ္တာတွေ အကြင်နာတွေ ၊ခံစားမှုတွေရှိတယ်။ဒါ..လူပီသတာပဲလေ။
လူချမ်းသာသား ပညာတတ်ဆိုတဲ့ လူယုတ်မာထက်စာရင် ပညာမဲ့တဲ့ ရှင်ကမှ လူပီသတာပါ။
“လူတွေကပြောကြတယ်။ကျွန်တော့ကိုလေ လှည်းကျိုးထမ်းတဲ့နွား တဲ့။ကျွန်တော် မကြိုက်ဘူး”
“တောင်းပန်ပါတယ် ကိုဦးရယ်”
“ဟာ..မမြတ်လှ က ဘာလို့တောင်းပန်တာလဲ”
“အဲ့ဒီလို သမုဒ်ကြတာ မြတ်လှကြောင့်လေ။ကိုဦးအပြောခံရတာ မြတ်လှကြောင့်ပါ”
“မဟုတ်ဘူး။ကျွန်တော်က နွားဖြစ်လည်းရတယ်လေ။မမြတ်လှ ကို လှည်းကျိုးလို့ ပြောတာကို မကြိုက်တာ”
ဘုရားရေ ။ကိုဦးရယ်။မြတ်လှအပေါ် အဲ့ဒီလောက်ထိ တန်ဖိုးထားသတဲ့လား။ ဒါဆို ရှင် ကျွန်မကို အစကတည်းက ချစ်နေတာပဲပေါ့။
“ကိုဦး”
“ဗျာ”
“မြတ်လှကို ချစ်လား ဟင်”
“ဗျာ။ကျွန်တော်က မမြတ်လှကို…ဟုတ်တယ်။ကျွန်တော် ချစ်နေတာ ကြာလှပြီလေ။ ကြာလှပြီ ကော”

တကယ့်လူနော်။မိန်းကလေးက ပြန်မေးယူရလောက်အောင် ရိုးရသတဲ့လား။လူတွေကလေ သူဌေးသားဖမ်းတာ လူနုံလူအ ရသတဲ့။အဲ့လို လူနုံလူအ ရင်ထဲမှာ ရိုးစင်းတဲ့အချစ်တွေ၊နားလည်မှုတွေရှိတယ်ဆိုတာ သူတို့မှမြင်နိုင်ပဲလေ။
ကိုဦးလို သူတော်ကောင်းနဲ့ တွေ့ဖို့ သူယုတ်မာက လမ်းဖယ်ပေးလိုက်ရတဲ့ ကံတရားကို ကျေးဇူးတင်နေမိတယ်။
မြတ်လှဟာ အိပ်နေရာကထရပ်ပြီး
ငဦးရင်ခွင်ထဲ တိုးဝင်လိုက်တယ်။
“ချစ်တယ် ကိုဦးရယ်။ကိုဦးကို မြတ်လှ သိပ်ကို ချစ်မိသွားပါပြီ”
“ဗျာ”
အပြင်ဘက်က ရွာချလိုက်တဲ့ ဝရုန်းသုန်းကား မိုးသံတွေထက် ငဦး ရင်ထဲမှာအချစ်နတ်ဒိုးသံက ပိုပြီး……..။

နန်းဟင်းပြင်း