အဖေ အိမ်ရှေ့မှာ ဦးလေး သာဂိရောက်နေတယ်။
” သာဂိ ဘာဖြစ်လာပြန်ပြီလည်း သမီး “
” မသိဘူးအဖေ အမေက အဖေကို နှိုးခိုင်းလို့ “
သူခြင်ထောင်မ၍ အပြင်သို့ထွက်သည်။ ဧည့်ခန်းတွင် သာဂိကို တွေ့လျှင်တွေ့ချင်း ဘာဖြစ်ပြန်ပြီလဲ သာဂိရဲ့ ဟု မေးလိုက်သည်။
” ဟို – – ဝက်သားအမိပေါ့ဆရာ “
” ဟ ခုထိမပေါ်ရသေးဘူးလားကွ “
“ပေါ်လို့မရသေးဘူးဆရာ l မနက် သုံးနာရီလောက်က အဲဒီဝက်မကြီးကို ပေါ်ဖို့ ကြိုးနဲ့ချည်ပြီး လှဲထားတာ အောင်တင်က လက်ပပ်ကြားကို လှံနဲ့လည်းထိုးရော ဝက်မကြီး ဝရုန်းသုန်းကားနဲ့ ခုန်ထတာပဲl ချည်ထားတဲ့ကြိုးတွေလည်းပြတ် l ချက်ကောင်းလည်းမထိဘူးဆရာ ဝက်မကြီးက ခြံခုန်ထွက်ပြီး တွေ့သမျှလူကိုပက်တာပဲ ခြံဝ ဝါးလုံးတွေလဲ အတင်းဖျက်ဆီးပစ်တယ် l ဘယ်သူမှ သူ့နားကပ်လို့မရဘူး l သူ့သားနားကပ်တဲ့သူဆိုမလွယ်ဘူးဆရာ l အရမ်းသောင်းကျန်းနေတာပဲ l အဲဒါ ဆရာ့ကို လာပြောတာပါ “
သူ ထောင်းခနဲ့ ဒေါပွသွားသည်။ ဝက်သတ်လုပ်ငန်းကို နှစ် ၂၀ကျော် လုပ်လာပါလျက် တပည့်လက်သားတွေ သည်မျှအထိ ညံ့ရပါ့မလားဟု မကျေမနပ် ဖြစ်သွာ၏။ ထို့ကြောင့် သာဂိကို မျက်မှောင်ကြုတ်ကြည့်ပြီး လေသံ ခပ်မာမာဖြင့် – – –
” မင်းတို့ သိပ်ညံ့တာပဲ l တိရိစ္ဆာတစ်ကောင်ကိုတောင် မနိုင်ဘူးဆိုတော့ ငါဘယ်မှာ မျက်နှာလွှဲရလို့လဲကွ lလာ ဘယ်မှာလဲ ဒီဝက်မကြီး “
ထိုသို့ပြောပြီး ပုဆိုးတိုတိုပြင်ဝတ်လျက် အိမ်ပေါ်မှ
ဆင်းခဲ့သည်။ မျက်နှာကောင်း မရရှာသော သာဂိလည်း အနောက်က ကုပ်ကုပ်ကလေး လိုက်လာသည်။
ဝက်မကြီးမှာ သူ့သားအနီးမှမခွာ ။ လှည့်ပတ်ဝန်းရံကာ စောင့်ကြပ်လျက်နေ၏။ တစ်စုံတစ်ယောက်က
ဝင်ဖမ်းမည့်ဟန် ပြင်လိုက်တိုင်း ထိုးနှက်တိုက်ခိုက်ရန် ရှူးရှူးရှားရှားဖြစ်နေသည်။ ထို့ကြောင့် မည်သူမျှ
ကပ်လို့မရအောင် ဖြစ်နေပေသည်။
” ဘယ်မလဲ ဝက်ထိုးတဲ့လှံ l ငါ့ကိုပေး “
ကျော်မြင့်က အောင်တင့်လက်ထဲမှ လှံကို ယူ၍ သူ့ကိုလာပေးသည်။ သူက လက်ထဲမှ လှံကိုချိန်ဆ ကြည့်နေရင်း ဝက်မကြီးကို စူးစိုက်ကြည့်နေသည်။ တစ်ချက်တည်းနဲ့ ပွဲချင်းပြီးမည့်နေရာကိုလည်း စိတ်ထဲက ရွေးချယ်နေသည်။
ထိုအချိန်တွင် ဝက်မကြီးမှာ သားကို လှည့်ပတ်နေရာမှ ရပ်သွားသည်။ သူနှင့် ရင်ဆိုင်လောက်တွင် ခေါင်းမော့ကာ နေသည်။ မို့အစ်နေသော မျက်ခွံများကြားမှ မျက်လုံးနှစ်လုံးသည် ညှိုးငယ်လျက် ရှိ၏။ အတန်ကြာအောင်ပင် တောင်းပန်သောအကြည့်မျိုးဖြင့် သူ့ကို ငေးကြည့်နေသေးသည်။
ထို့နောက် လေးတွဲသော ခြေလှမ်းများဖြင့် သူ့ရှေ့
တည့် တည့်သို့ လှမ်းလာသည်။ တိုက်ခိုက်လိုသောဟန် ၊ရန်လိုသောအသွင် အလျှင်းမရှိရှာ။ သူနှင့်
လက်တစ်ကမ်းအကွာလောက်တွင် မြေပြင်ပေါ်မှ
ဗုန်းခနဲ လှဲအိပ်ပေးလိုက်၏။
ထိုမြင့်ကွင်းအဆုံး၌ သူ့ရင်ထဲတွင် ဆို့တက်သွားသည်။ တစ်ကြိမ်တစ်ခါမျှ သူ့ရင်ထဲမှာ မဖြစ်ပေါ် မခံစားဖူးသော ဝေဒနာကို ခံစားလိုက်ရသည်။မျက်ဝန်းမှ မျက်ရည်များ ဝေ့လာလေသည်။
လှံကို မြှောက်ကာ ချိန်ရွယ်ထားသော လက်သည်ပင်
တဆတ်ဆတ် တုန်ယင်နေတော့သည်။ အတော်ကြီး
ကြာအောင်ပင် အံ့သြစွာ ငေးငိုင်နေပြီးမှ ဟင်းကနဲ
သက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်သည်။
ထို့နောက် လှံကို ဝက်ခြံထောင့်ဆီသို့ ပစ်လွှတ်လိုက်ပြီး
” သာဂိ ဒီဝက်မသားအမိကို အသက်ထက်ဆုံးဘေးမဲ့ ပေးလိုက်ပါကွာ l ပြီးတော့ ငါ့အိမ်ရှေ့မြေကွက်လပ်မှာ ခြံနဲ့ အမိုးနဲ့ ကျကျနနထားပေးပါl မင်းမမခင်က မေးရင် ငါခိုင်းလိုက်တာလို့ ပြောနော် l ငါ့ကိုမေးရင် ရွာဦးကျောင်းဆရာတော်ဦးနေမိန္ဒဆီ သွားတယ်လို့သာ ပြောလိုက်တော့ “
သပိတ်ကိုပွေ့လျက် ခြံထဲသို့ ကြွလှမ်းလာသော ဦးပဉ္ဇင်း ဦးပဏ္ဍိတသည် အိမ်ပေါ်သို့ မကြွသေးဘဲ ရပ်တန့်နေသည်။
အိမ်ရှေ့တဲတစ်လုံးဆီသို့ တဖြည်းဖြည်းတိုးသွား
သည်။ တံစက်မြိတ်အောက်တွင် ရပ်တော်မူ၍ ခြံနောက်သို့ ကြည့်လိုက်သည်။
အစာခွက်တွင် ဦးခေါင်းထိုး၍ အစာစားနေသော
ဝက်သားအမိသည် ဦးပဉ္ဇင်းအရိပ်ကို မြင်၍လားမသိ ပြိုင်တူလိုလိုပင် ခေါင်းမော့ကာကြည့်သည်။ ဦးပဉ္ဇင်းကို သေသေချာချာ စူးစိုက်၍ ကြည့်နေစဉ် ဦပဉ္ဇင်းက
” ဒကာမကြီး l ဒကာမကြီးရဲ့ မေတ္တာဟာ အင်မတန်
လေးနက် မွန်မြတ်လှပါပေတယ် l ဦးပဉ္ဇင်းလဲ သိပ်ကို သံဝေဂ ရသွားပါပြီ lအမြင်မှန်ရအောင် ဒကာမကြီးရဲ့ အသက်နဲ့လဲပြီး တရားပြခဲ့လို့လဲ ဦးပဉ္ဇင်းရဲ့ ကျေးဇူးရှင်လို့ အသိအမှတ်ပြုပါတယ် l ဦးပဉ္ဇင်း အသက်ထက်ဆုံး လူဝတ်မလဲတော့ပါဘူးလို့ ဒကာမကြီးတို့သားအမိကို ကတိပေးပါတယ်l ရှေးက ဦးပဉ္ဇင်းပြုသမျှ ကုသိုလ်အဖို့ကို ဒကာမကြီးတို့သား အမိအား အမျှပေးဝေပါတယ်
သာဓုအနုမောဒနာခေါ်ပါ ဒကာမကြီး “
ထိုကဲ့သို့ တိုးညှင်းစွာ ဆိုလိုက်၏ ။
ဝက်မကြီးမှာ ခေါင်းမော့ထားရင်း တကွိကွိအသံများ ထွက် လာသည်။ သာဓု သာဓု
ဟု ခေါ်သံနှင့်မခြား ရှိလေ၏ ။
ဆရာမ သင်းအေးချိုရေးသော
( အမှားနောက်က သံဝေဂ နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်း ) မှ