တွင်းကြီးဝမ်းမောင်

ကနေ့ တစ်နေ့တည်းမှာပင်လျှင် ငတော မလုပ်ချင်သော အလုပ်နှစ်ခုကို လုပ်ခဲ့ရပါ၏။

ငတောနေရာမှာ လူငယ်တွေသာဆိုလျှင်၊ ဘဝနာ အောက်သက်ကျေသူသာ မဟုတ်ခဲ့လျှင် ဒေါသဖြစ် ပေါက်ကွဲမည်။ ဝမ်းနည်းကြေကွဲမည်။

ငတောကဲ့သို့ ဘဝကို နားလည်သူပင်လျှင် စိတ်မကောင်း။ ကိုယ့်ဘဝကို ပြန်သတ်ထား၍ ရိုင်းရိုင်းစိုင်းစိုင်းတွေးကာ ဖြေသိမ့်ရသည်။

ရိုင်းရိုင်းစိုင်းစိုင်းအတွေးက ဝက်ဖြစ်နေမှတော့ ချေးလူးတာ မကြောက်။ ကျွန် ကျွန်လိုနေ၊ ကျွန် ကျွန်လိုသိ၊ ကျွန်က လွတ်လပ်သူ စိတ်မထားနှင့်။

စေသည့် ကျွန်၊ ထွန်သည့် နွား၊ ခိုင်းစေသမျှ လုပ်ရသော မင်းခစား။

ငတောသည် ခင်မောင်ဦး၏ ပင်တိုင် အလုပ်သမား။ ခင်မောင်ဦးသည် ငတော၏ ပင်တိုင်အလုပ်ရှင်။

ပင်တိုင်အလုပ်သမားဟူသည် အလုပ်ရှင်က ခေါ်လျှင်၊ ခိုင်းလျှင် ငြင်းပယ်ပိုင်ခွင့်မရှိ။ စာချုပ်နှုတ်ကတိကိုက အလုပ်ရှင်ကခိုင်းလျှင် ခိုင်းသမျှ လုပ်ပေးပါမည်။ အခြား အခင်းများ လုပ်ငန်းများ မလုပ်ပါ။ မည်သည့်အကြောင်းပြချက်နှင့်မှ မငြင်းဆန်ပါ။

အလုပ်ရှင် ယာခင်းမှ မခိုင်းသော အားလပ်ချိန်မှသာ အခြားယာအခင်း လိုက်ပါမည်။ ဒါက အရပ်ကတိ၊ ပါးစပ်ကတိ။ သည်အစဉ်က ခုမှပေါ်မှ ရွှေကြာပင်မဟုတ်။ ဒေသအစဉ်အလာ စာချုပ်။

အလုပ်သမားဘက်က ဘာအခွင့်အရေးရသလဲမေးရမည်။ ထိုယာခင်းကို ဘာလုပ်လုပ် ပင်တိုင်အလုပ်သမားကို ခေါ်ရသည်။ ငှားရမ်းရသည်။ မနိုင်ဝန်ဖြစ်၍ အခြားလူ ငှားရမ်းမည်ဆိုက ပင်တိုင်အလုပ်သမားနှင့် တိုင်ပင်၍ လက်တွဲဖြစ်မှ ငှားရမ်းသည်။ ထိုယာခင်းသီးနှံ မသိမ်းသမျှ အလုပ်သမားက လုပ်ခွင်ပေါ်တိုင်း သူ အလုပ်ရ၍ ကျေကျေနပ်နပ်။

အချို့ ပင်တိုင်လုပ်သားက ဘေးလုပ်ငန်းအချီကြီးဟု ခေါ်သော သောင်းဂဏန်း၊ သိန်းဂဏန်း ပုတ်ပြတ်ရက လုပ်ငန်းငှားသူရှိက၊ သာရေးနာရေးရှိက၊ ဂျီထိမ်းထိမ်း ရှောင်ဖယ်ဖယ်လုပ်တတ်၊ ဝိနည်းလွတ်လုပ်တတ်၊ ရှောင်တတ်သည်။ သည်လို ပင်တိုင်အလုပ်သမား မသမာသူနှင့်တွေ့လျှင် ယာရှင် သေပေတော့၊ မှောက်လဲပေတော့၊ ရှုံးပေတော့။

သခွားမွှေး၊ ဖရဲသခွား၊ ဖရဲ၊ တိုင်ထောင်ခရမ်းချဉ်၊ တိုင်ထောင်ပဲ၊ တိုင်ထောင်ငရုတ်၊ ပန်းတို့သည် ဆေးတောင်းက ဆေး၊ အစာတောင်းက အစာ၊ ရေတောင်းက ရေ၊ အချိန်အံကိုက်လွှတ်မှ အောင်အောင်မြင်မြင်၊ တစ်မနက် တိမ်းက တစ်ရက်တိမ်းက သိသိသာသာ လိုက်မမီတတ်၊ ကြောက်စရာ လန့်စရာကောင်းလောက်အောင် ပျက်စီးတတ်သည်။

သွင်းအားစု လုပ်အား ဖြည့်ဆည်းလိုက်၍ သိသိသာသာ ဘွားခနဲ မတက်လျှင်သာရှိမည်၊ အချိန်မီ သွင်းအားစု လုပ်အား မဖြည့်ဆည်းက ချာခနဲ လည်ကျသည်မှာ မြန်မြန်ဆန်ဆန်။

သည်တော့ အလုပ်ရှင်၊ အလုပ်သမား နှစ်ကိုယ့်တစ်စိတ်မှ စိတ်ချရသည်။

မနေ့ညနေက ခင်မောင်ဦး၊ ခရမ်းချဉ်ခင်း ဆေးပက်ရက် ဆေးပက်မသွားမီ ဆေးငပေ အခြေအနေဆိုးဆိုးဝါးဝါးဖြစ်နေပြီဟု ငတောမိန်းမ မိဂျမ်းက တီးတိုးပြောသည်။

ဆေးပက်သွားရန် တစ်နာရီခွဲ နှစ်နာရီခန့် လိုသေးသည်။ နားချိန်ရှိသေးသည်ဟု ယူဆခဲ့သော ငတော မနားတော့၊ မနေတော့။ မနက်ထမင်း ကဗျာကယာစား၊ ဆေးငပေဆီ သွားခဲ့သည်။

နာမည်အရင်းက ကိုပေ၊ တစ်လုံးတည်း နာမည်ကို င,တပ်ခေါ်တတ်သော ငတောတို့ရွာ ရှေးဓလေ့စရိုက်အရ ခေါ်ကြသည်က ငပေ။ ဆေးပက်လုပ်ငန်းကို ဦးစားပေး ဇောက်ချလုပ်ရာမှရခဲ့သော နာမည်က ဆေးတစ်လုံးထပ်တိုး။

ဆေးငပေက အလုပ်ချင်းယှဉ်လျှင် ပိုက်ဆံပိုရသော ဆေးပက်လုပ်ငန်းကို ရွေးချယ်၍ လိုက်လေ့ရှိသည်။

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ မြေတွင်းအောင်းပိုးသတ်ဆေး၊ ရွက်ဖျန်းအားဆေး၊ ဘာဆေးပက်ပက် ဆေးငပေကိုသာခိုင်း၊ စိတ်ရှည်လက်ရှည် စေတနာပါပါ လုပ်ပေးတတ်၍ ငှားသူဝိုင်းဝိုင်းလည်။ မယုံသူများ စမ်းကြည့်ပါ။ စမ်းကြည့်ပြီးက ဆေးငပေကို လက်ဖျားခါ ချီးကျူးမည်။

ပုလဲဓာတ်မြေဩဇာ အိတ်လုံးဖောက်သွန်လိုက်၊ ဖျူရာဒန်မြေအောင်း ပိုးသတ်ဆေးအိတ်ရောနယ်၊ နယ်က သမအောင် လုံးထွေးသွားအောင်နယ်၊ အများစုမှာ ဖျူရာဒန်နှင့် ပုလဲ ရောနယ်ကတည်းက ဟာခနဲဖြစ်ကာ ဝေးရာလစ်ပြေးသည်။

အချို့ ကာလသားပေါက်လေးများက ဦးလေးပေတောင် ပက်သေးတာပဲ။ ကျုပ်တို့လည်း ဖြစ်တာပေါ့ဗျဟုဆိုကာ ပုလဲ ဖျူရာဒန်ရောကို ပက်ကြသည်။ မျိုးကြဲတောင်း နှစ်လုံး သုံးလုံးပက်ပြီး သေနိုင်တယ်ဗျို့၊ လက်နက်ချပြီဆိုကာ ရပ်တန့်ကြသည်။

ကိုယ့်ကောင်မလေးက အကူအညီတောင်း၍ ယောက္ခမ လက်စွမ်းပြ၊ ကောင်မလေး မျက်နှာလိုအားရဖြင့် ပုလဲ ဖျူရာဒန်ကို လယ်ထဲမှာ စေတနာဝန်ထမ်း မျက်နှာအားရပက်ပေးသော ကာလသားကောင်လေး တစ်ယောက် လယ်တဧကခန့် ပက်အပြီး၌ လယ်ထဲမှာ ပစ်လဲ၍ ဝိုင်းဆယ်၊ ဆေးရုံပို့၊ အတော်လေး ကြိုးစားကုရသည်။

ကောင်လေးမိဘက မယားတရူးတာ တခြားနည်းနဲ့များ ရူးပါဦးတော်။ ပုလဲနဲ့ ဖျူရာဒန် ရောတာကြီး မျက်နှာလိုအားရ ပက်ပြရူးရသတဲ့။ မသေတာကံကောင်းဟု ပြောယူရသည့် ပုလဲဖျူရာဒန် [အမည်ရင်း၊ နေရပ်လိပ်စာ ထည့်မရေးတာ အားနာလို့ပါ]။

ထို ဖျူရာဒန်ပုလဲကို ဆေးငပေက အပျော့။ တဟဲဟဲ ရယ်ကာ လယ်ရေပြင်ထဲ လွှားခနဲ၊ လွှားခနဲ ပက်သူ။

ညနေဝင်မှ ဆယ်နာရီကြားထွက်တတ်သော ဖျက်ပိုးကို ညပက်ပေးပါဟု ငပေကိုလာခိုင်း၊ ညမို့ မြွေကြောက်ပါသည်၊ တစ္ဆေကြောက်ပါသည်ဟု ငပေ မငြင်း။

မင်းတို့ သခွားမွှေးတွေက သိန်း ရာဂဏန်း၊ ထောင်ဂဏန်းတန်တွေဟ၊ ပက်ပေးရမှာပေါ့ဟုဆိုကာ ငပေ ပက်ပေးနေကြ။ ပက်စရာရှိက ညဖြစ်စေ တခင်းမှ နောက်တခင်း၊ နောက်တခင်း ကူးပေးနေကြ။ ဆေးငပေမှ စိတ်ချရတယ်။ မငြင်းဘူး။ သိတတ်တယ်ဟု ဖြစ်လာကာ ဝိုင်းငှားကြ။

ဆေးငပေ ကျောပြင်မှာ နှစ်ကြာလာတော့ အစက မီးလောင်ဖုသေးသေးလို မိတ်အကြီးစားသေးသေးလို နီနီရဲရဲ အဖုလေးများပေါက်၊ မိုးနှံသီးမှည့်လို ဖြူဖြူအရည်လေးများတည်၊ ဟိုဆေးလိမ်း၊ ဒီဆေးလိမ်း၊ အိုကေ စိုပြေ နဂိုနေ၊ နဂိုအတိုင်း ဆေးပြန်ပက်။

ပထမအကြိမ် ပေါ်၊ ပျောက်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ် …

ပေါ်၊ ပျောက်၊ ပျောက်၊ ပေါ်၊ ပေါ်ပျောက်၊ ပျောက်ပေါ်။

နောက်တော့ အင်နှင့် အားနှင့် အနာဖြစ်၊ ပျားအုံကြီးလိုဖြစ်၊ ဆေးပက်ရတာ လုပ်အားခရတာ၊ စုမိစုရာလေးပိုက်၊ မနေနိုင်သည့်အဆုံး ဆေးရုံတက်၊ ဆေးရုံတက်၍ တစ်ဝက်မှ မကျသေး။ စရိတ်ပြတ်၊ အရပ်ကယ်ပါ၊ ရွာကယ်ပါ၊ ဟိုလူထောက်ပါ၊ သည်လူ ကူညီပါ။

ဆေးရုံတစ်ခါကု လူးလဲလူးလဲဖြင့်ကုသ၊ ပြန်ဆင်း၊ နောက်ရက်ချိန်းမှာ စားစရာလည်းနည်း၊ ဆေးရုံတက်စရာ ငွေကလည်း မရှိ၊ သူတောင်းစားမဟုတ်ဘဲ လျှောက်တောင်းစကောင်းသည် မဟုတ်သမို့ ဆေးရုံမတက်နိုင်။

မွဲလျှင် ခွေးသေ သေရသည်ဟူသောစကားက မပြည့်စုံ။

မွဲလျှင် မချိမဆံ့ခံစား၊ အစွမ်းကုန် အဆင်းရဲခံ၊ ဝအီပြီးမှ သေရသည်ဟု ပြောရမည့်အဖြစ်မျိုး။

ငပေအဖြစ်က ပက်လက်လှန် မအိပ်နိုင်၊ တစောင်းလေး ကွေးကွေးလေး။

ဆေးဒဏ်ကို ငပေမှ ခံရသလား မဟုတ်။ သည်ပိုးသတ်ဆေးက သစ္စာ အလွန်ကြီးသည်။ နည်းနည်းကိုင်က ကြာလာမှ၊ များများကိုင်က အချိန်တို အတွင်းမှာ အဆိပ်သင့်သည်။ ပိုးသတ်ဆေးအဆိပ်သင့်၊ မသင့်ကို လူကြည့်က အကဲခတ်ရသည်။ သိသာသည်။

ပိုးသတ်ဆေး အပါအဝင် ဆေးပေါင်းစုံ အဆိပ်သင့်ပါက မဲခြောက်လိမ်ကောက်မနေ။ ပထမလူကောင်ကြီး ဆန်အိတ်ကြီး ထောင်ထားသကဲ့သို့ ဖြစ်ပါစေ။ ဆန်အိတ်ထဲမှ ဆန်များကို မသိမသာ ကဲ့ယူထုတ်၍ လျော့သလို လျော့လျော့၊ လျော့လျော့လာသည်။ ကိုယ်ခန္ဓာ လျော့လျော့လာသလို ဝါဝါ၊ ဝါဝါလာသည်။ လျော့လာ ဝါလာက မီးနီပြလာခြင်း။

အချို့က ဘယ်သူ့ဝါဒဖြန့်၊ စကားမှားကို အမှန်ထင်၊ အဟုတ်မှတ်သည် မသိ။

ရှေးယခင်ကထုတ်သော အင်ဒရင်း၊ မာလသီယွန်၊ ဆူမီသီယွန်တို့က လူရော၊ နွားရော၊ သိုးဆိတ်ရော၊ ပိုးရောသေသည်။ ယခုခေတ် ပိုးသတ်ဆေးများက ကျောရိုးပါ သတ္တဝါမသေဟု အလွဲလွဲ အမှားမှားပြောကြ၊ ယူဆကြသည်။

ယခုခေတ် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ မြေအောင်းပိုးသတ်ဆေးတို့သည် ကျောရိုးပါသော သတ္တဝါမသေဟုပြောခြင်းမှာ လုံးဝ မဟုတ်ပါ။ မမှန်ရာ၊ မိုက်ရူးရဲစကား၊ မှားယွင်းသောစကား၊ မဟုတ်မမှန်သော စကားများ ဖြစ်ပါသည်။

ပိုးသတ်ဆေးသည် ပိုးသတ်ဆေးသာ ဖြစ်ပါသည်။ သေလောက်အောင် ထိတွေ့စားမိ၊ သောက်မိ၊ မျိုမိ၊ ဝင်မိက မုချပင် သေပါသည်။

ငတောတို့ သိခဲ့ကြသော ဖြစ်ရပ်တစ်ခု။

အမူးသမားက ကြက်ဒိုင်ကို မူးမူးဖြင့် ဝင်လောင်း၊ မတန်တဆနိုင်၊ ကြက်ဝိုင်းဘေးရှိ အရက်ဆိုင်မှာ မူးအောင်သောက်၊ အမဲသားကြော်တုံးစား၊ အရက်ပုလင်းဝယ်၊ အမဲသားကြော်တုံးများဝယ်၊ ရွာဘက်ပြန်၊ ရွာပြန်လမ်းမ၌ ရှိသော သူ့သူငယ်ချင်း ခရမ်းချဉ်ပင်ထောင်စိုက်ခင်းဝင်၊ ခရမ်းချဉ်သီးတောင်း။

အမူးသမားရှေ့မှ ပိုးသတ်ဆေးပက်အဖွဲ့က ပြန်သွားသည်။ ဆေးပက်ထားခဲ့သည်။

ခရမ်းချဉ်သဘောက ဈေးမကြိုက်သေး၊ မကိုက်သေးက မည်မျှမှည့်မှည့် မဆွတ်သေး။ မဆွတ်၍ လည်း ပင်ပြန့် ဗမာခရမ်းချဉ်၊ ကျားခြေရာ၊ ဝေသာလီလို အက်ကွဲရိပုပ်မသွား။

တိုင်ထောင်ခရမ်းချဉ်က ဈေးမကိုက်၊ ဈေးမကြိုက် သေးက ထားချင်သမျှထား၊ အမှည့်သာလွန်မည်၊ ဗမာပင်ပြန့်ကဲ့သို့ ကွဲအက် ပုပ်ရိမသွား၍ ခြံရှင်ကထားလေ့ရှိသည်။

အမူးသမားမျက်စိက ဗမာခရမ်းချဉ်ပင်ပြန့် မြေလဲကိုကြည့်သော အကြည့်၊ အသိက ဒီလောက်မှည့်နေတဲ့ ခရမ်းချဉ် ဘယ်သူ ဆေးပက်မလဲ အသိ။

အမူးသမားက ဇွတ်တောင်း၊ ခြံရှင်က ဇွတ်ငြင်း။

“မင်းတို့ဆေးတွေက အင်ဒရင်း၊ မာလသီယွန်ခေတ်ကလို ဆေးတွေမဟုတ်ပါဘူးကွ။ ကျောရိုးပါတဲ့ သတ္တဝါဆို ပုရစ်တို့၊ ကြွက်တို့တောင် မသေပါဘူး။ နှမြောမနေနဲ့။ အမဲသားကြော်နဲ့ အိမ်ကျမှသုပ်စားရုံ၊ တစ်ခါးပုံ (ခါးပုံတစ်ခုစာ) ထဲပါကွ။ ပိုက်ဆံပေးဆို ငါပေးမယ်။ ကြက်နိုင်လာတာ”

အခင်းရှင်က အမူးသမား ပြောမရအတူတူ ဆွတ်ဟုခိုင်းရာ ဆွတ်သွားသည်။ ခြံရှင်က လူအစားထိုး အစောင့်လဲလာလျှင် လာခြင်း၊ အမူးသမားမိန်းမအား ခရမ်းချဉ်သီးနှင့် အမဲသားကြော် သုပ်မပေးရန်ပြောဖို့ ရွာဆီ အပြေးပြန်သည်။

အလာကောင်းသော်လည်း အခါနှောင်းပါလေ၏။ ဆေးရုံတိုက်သွားသော အမူးသမား၊ နေဝင်မိုးချုပ်၌ ပြန်တိုက်လာသော အလောင်းသာ တွေ့ရပါတော့ သည်။

ပိုးသတ်ဆေးဟူသည် ဤသို့ သေကို သေတတ်ပါ၏။

[စကားချပ် လွန်ခဲ့သော ၁၉၉ဝ ပြည့်လွန်ကာလက ရွာတစ်ရွာ၊ ခြံတစ်ခြံ၌ ဟိုးလေးတကျော် နယ်ကြားရပ်ကြား ဖြစ်ပွားခဲ့ဖူးပါသည်။ အမည်၊ နေရပ်လိပ်စာတွင် နေရပ်သာ ကြားရပါသည်။ အမည်ရင်းကို မသိပါ။ ဆင်ခြင်ရန်သာ ထည့်ရေးရပါသည်။ ဘာပေါင်းသတ်ဆေးဟု မသိ။ ယာကန်သင်းချုံများရှိ ပေါင်းသင်များကို ယာခင်းရှင်က ပက်သည်။ ညှိုးနွမ်းစ မသိမသာပြုနေသော ထိုအပင်များကို သိုး၊ ဆိတ်အုပ်ကစားသည်။ သေလိုက်သည်မှာ သောက်သောက်လဲ။ စကားချပ်- အမည်၊ လိပ်စာ မဖော်လိုပါ]

ငါးခိုအောင်းနေသော ရေချိုင့်၊ ရေအိုင်၊ မြေအောင်း ပိုးသတ်ဆေးအခွန်များ၊ အိတ်များ ပစ်ထည့်သည်။ ငါး၊ ပုစွန်ဆိတ်၊ ပုစွန်လုံး စတင်သေသည်။ နောက် ရေမြွေများ သေသည်။ ထို ငါး၊ ပုစွန်၊ ပုစွန်လုံးကို စားသော တောခွေးအ၊ ဗျိုင်းအထိပါ သေနိုင်ပါသည်။

သည်လို ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ မြေတွင်းအောင်း ပိုးသတ်ဆေးကို အခကြေးငွေယူ၍ ဘဝအသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သော ဆေးငပေသည် ငတော ရောက်ရှိစက မေ့မြောနေ၊ များမကြာမီ ငတော မျက်စိရှေ့မှောက်မှာပင်လျှင် ကွယ်လွန်သွားခဲ့ပါ၏။

ဆေးဝါးကို အဆင့်မီမီ မကုသရ၊ ဆေးဝါးကုသစရာငွေကြေး မလုံလောက်၊ စားစရာ မလုံလောက်သော ကျေးလက်က လူဆင်းရဲသားတစ်ဦးသည် ဆင်းဆင်းရဲရဲ၊ ငတ်ငတ်ပြတ်ပြတ်၊ ဆိုးဆိုးရွားရွား၊ မချိမဆံ့ဖြင့် လူ့ဘဝအရသာဆိုတာ ဒါပါပဲလားဟုများ မှတ်ယူရင်း သေဆုံးသွားလေသလား။

ငါတို့ကဲ့သို့သော ဘဝတူ အညာကျေးလက်က ဆင်းရဲသား တောသားတို့ကို ကယ်တင်မယ့်လူ နောင်မှာပေါ်ပါစေဟု ဆုတောင်း၍များ အနိစ္စရောက်လေသလား၊ ငတော တိတိကျကျ မသိ။ သူ့ရှေ့၌ ကွယ်လွန်သွားသည်ကတော့ အမှန်ဖြစ်ပါ၏။

ငပေ ကွယ်လွန်သည့်သတင်းက အညာကျေးတောချိုင့်ကြီးရွာ၌ တောမီးကဲ့သို့ မြန်မြန်ဆန်ဆန်။ အသုဘချချိန် ရှိသေးသော်လည်း အသုဘ မချနိုင်။ ဘယ်မလဲ အသုဘချစရာစရိတ်။

မရှိ . . . မရှိ . . . မရှိ . . . ။

အလုပ်ကို အစွမ်းကုန်ကြိုးစား၍ ကြိုးစားပမ်းစားလုပ်နိုင်သမျှ လုပ်ခဲ့သော ငပေ။ ကွမ်းမဝါး၊ ဆေးမသောက်၊ လက်ဖက်ရည်ဆိုင်မထိုင်၊ အရက်ဆိုင် ဝေး။ အပိုကုန်ကျစရိတ်ဟူ၍ ကွမ်းဝါးဆေးရွက်ကြီးသာ ဖဲ့ဖဲ့ငုံလေ့ရှိသော ငပေ။

တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ ဖဲ၊ ကြက်၊ ဂျင် ဘာလောင်းကစားမှ မရှိသောသူ။

မိန်းမချက်ကျွေးသော ထမင်းဟင်းနှင့် ရေနွေးကြမ်းမှလွဲ၍ ရှာရှာဖွေဖွေ ဘာမှ ထွေလီကာလီ လုပ်ကိုင်မစားတတ်သော ငပေ။

ခြိုးခြံချွေတာပါ၏။ အလုပ် အစွမ်းကုန်ကြိုးစားပါ၏။ ဒီလိုလုပ်ပါလျက် မွဲတွင်းနက်သေခဲ့ရသော ငပေ။ ငပေကို ဘယ်သူကယ်ပါ့။ ငပေလို အညာသူ အညာသားတွေကို ဘယ်သူ ကယ်ပါ့။

မေးခွန်းများစွာ မေးစရာ။

ငတောက သူ့ကိုယ်သူ မေးသည်။ ငတော မင်းကော ဘယ်လိုလူလဲ။

ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ဆိုသလို ကျွန်တော်လည်း ထိုနည်း၎င်း၊ ထိုနည်း၎င်းဟု ဆိုရမည့်ဘဝများ။

တစ်ရွာတည်းသားချင်းဆိုတော့ ငတောတို့၏ ခရမ်းချဉ်ပိုင်ရှင် ခင်မောင် ဦးလည်း ငပေအိမ်ရောက်လာသည်။ ခင်မောင်ဦးလည်း ငပေကို ခိုင်းခဲ့ဖူးသူထဲ မှာ တဦးအပါအဝင် ငတောက စဉ်းစားချင့်ချိန်ပြီးမှ ပြောသည်။

“ခင်မောင်ဦး၊ ဒို့တော့ ဒီကိစ္စနဲ့ဆိုတော့ ဆေးပက်ဖို့ မလွယ်ဘူး။ ဖြစ်သွားရင် ခွေးဖြစ်မယ်”

ဘာဆိုလိုသည်ကို သိရှိနားလည်သူက ခင်မောင်ဦး။

“ကျွန်တော် နားလည်ပါတယ်။ ကိုကြီးတော ကျွန်တော့်ကိုလည်း ပြန်နားလည်ပေး။ အသုဘက ရှာဟယ် ဖွေဟယ်ဆိုတော့ မနက်ဖြန် ဆယ့်နှစ်နာရီမှ ချမှာတဲ့။ မနက်တော့ ဖြစ်အောင် ပက်ပေးဗျာ”

ခရမ်းချဉ်၊ သခွားမွှေး၊ တိုင်ထောင်ပဲ၊ ထိုင်ဝမ်ငရုတ်၊ ဖရဲတို့သည် အချိန်နှင့်တပြေးညီ ပက်ရမည့်ဆေး ပက်ရသော သီးနှံများ။

ငတောနှင့် ငလုံး သားဖနှစ်ယောက်က ပုံမှန် ဆယ့်တစ်နာရီမှ ပြီးနေကျ ယာအခင်း၊ အသုဘချမှာက ဆယ့်နှစ်၊ ပြီးမှာက ဆယ့်တစ်။

ငတော လုပ်ရမှာ ဝန်လေး၏။ မလုပ်ချင်။ မလုပ်ချင်သော်လည်း ရှောင်တိမ်းမရ။ မတော်တဆ တိမ်းစောင်းသွားပါက သိန်းဆယ်ဂဏန်းကြီးကြီး အော်ရှုံးမည်။ ငတော နားလည်သည်။

“ဒီလိုလုပ်ကွာ၊ မင်းက ဆေးပုံတစ်ပုံး ပိုရှာပေး။ ငါက ငလုံးရော ငမုံးပါ ခေါ် ခဲ့မယ်။ အခရှင်းတော့ နှစ်ယောက်စာသာပေး။ တစ်ယောက်ပိုခေါ် တော့ ဆယ်နာရီ မထိုးခင် ပြီးမယ်”

ဆယ်နာရီမတ်တင်း၌ ငတောတို့သားအဖသုံးယောက် ပိုးသတ်ဆေး ပက်ပြီးသည်။ အိမ် အမြန်ပြန်၊ ရေချိုး၊ ထမင်းစားကာ ငပေ့ အသုဘချ သွားခဲ့သည်။

ပရဟိတလူငယ်များ၊ တော်လိုက်သည့် လူငယ်တွေ … လူငယ်တွေ။

အသုဘစရိတ်အဖြစ် ကျပ်သုံးသောင်းကို ဆင်းရဲချမ်းသာမရွေး၊ မျက်နှာကြီး မျက်နှာငယ် မရွေး အသုဘတိုင်း၌ လှူဒါန်းသည်။

အလောင်းမြေကျအထိ ပရဟိတလူငယ်များက ကူညီသည်။

ရွာကကော ပစ်ထားသလား၊ ပစ်မလား။

ဘုန်းကြီးလှူရန် ဆန်၊ ငွေ၊ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြ၊ ထည့်ဝင်ကြ၊ တော်လိုက်သည့် အညာ၊ တော်လိုက်သည့်ရွာ၊ တော်လိုက်သည့် ဗမာ့ထုံးတမ်းစဉ်လာ။

အရပ်ကူကာ လူဝိုင်းကာ ပရဟိတလူငယ်များ ဝန်းရံကာ အသုဘချခဲ့ရ၏။

ငတောတို့ အိမ်သားများ အသုဘချ ပြန်နားနေစဉ် နာရီဝက်ခန့်အကြာ၌ ခရမ်းချဉ်ပိုင်ရှင် ခင်မောင်ဦး အိမ်ဝင်လာသည်။ မျက်နှာက မှိုရသည့်မျက်နှာ၊ ထီပေါက်သည့်မျက်နှာ၊ ဝမ်းသာမှုကို ထိန်းသိမ်းမရ မျက်နှာ။

“ကိုကြီးတော၊ ကျွန်တော် ထီပေါက်ပြီဗျ။ ခရမ်းချဉ်ဈေးတွေ ခုန်တက်လို့ ပွဲရုံက ကားနှစ်စီးလွှတ်လိုက်ပြီ။ အဲဒါ ခင်ဗျားရော၊ ငလုံး၊ ငမုံး၊ လေးခင်မရော လိုက်ခဲ့။ အားရင် မမဂျမ်းပါ ခေါ်ခဲ့၊။ ကျွန်တော် ဘယ်သူ့ ခေါ်ရမလဲ။ ကိုကြီးတော ပြော၊ လူရသလောက် ခေါ် မယ်”

“မင်းဟာ ဘာအစီအစဉ်မှ မရှိဘဲ ဆွတ်မှာ။ ရတဲ့လူသာ မင်းဘာသာခေါ်။ မမဂျမ်းကတော့ကတော့ လိုက်နိုင်သေးမှာ မဟုတ်ဘူး၊ ကြံရဖန်ရဦးမှ”

ပြောပြီးမှ အားနာသွားသည်။ မိဂျမ်းက

“ဟုတ်တယ်ဟဲ့ ခင်မောင်ဦးရဲ့။ နင့်မှ ခရမ်းချဉ်လိုင်းမပွင့်လို့ မူးချာပတ်ချာ လည်နေတာ။ ဒို့က မျက်နှာပြောင်တိုက် လုပ်အားခတောင်းရမှာ ခဏခဏဆို တော့ အားနာပြီး ကြံဖန်ရှာဖွေနေတာ”

ခင်မောင်ဦးက စပ်ဖြဲဖြဲဖြင့် ငွေစက္ကူတစ်ရွက်လှမ်းပေးသည်။

“ခဏ ခဏ တောင်းရလည်း အကြောင်းလား မမဂျမ်းရာ။ ခဏခဏ ခိုင်းနေလို့ ပေးရတာပဲ။ ခင်ဗျားတို့နဲ့စာရင် ကျွန်တော်တို့က ကြွေးရှာရတာ လွယ်တယ်။ ခင်ဗျားတို့မှာ ကြွေးရှိလှ ခုဂဏန်း၊ ခရမ်းချဉ်သမား၊ သခွားမွှေးသမား ကြွေးက ဆယ်ဂဏန်း၊ ရာဂဏန်း ဟား ဟား ဟား”

ပေးလာသည်က တစ်သောင်းတန်တစ်ရွက်။

ဟုတ်သည်။ ခရမ်းချဉ်၊ သခွားမွှေး၊ ဖရဲ၊ ပဲတိုင်ထောင်လုပ်သူ မှန်သမျှ ကြွေးလည်မျို စိုက်နေသည်။ ပေါ်မှ ရှင်းရသော ကြွေးကြီးယူသူများ။

ငတောတို့ သားဖလေးယောက် အပါအဝင် လူသုံးဆယ်ကျော်ကျော် ခရမ်းချဉ်သီး ဝိုင်းဝန်းဆွတ်ကြရာ ငါးအင်း ငါးကျ၍ စုပြုံတိုးသလို တိုးတိုးဝှေ့ဝှေ့။

မနက်က ပိုးသတ်ဆေးပက်ခဲ့သော ခရမ်းချဉ်သီး ညနေဆွတ်နေပြီ။

အမူးသမား၊ အမဲသားတုံးကြော်၊ ခရမ်းချဉ်သီး၊ အသုဘ…။

သည်ခရမ်းချဉ်သီးကို စားကြတော့မည် မုချဧကန်အမှန်မလွဲ။ တုံးလုံးလဲ သေမလား။ တငွေ့ ငွေ့မှ သေမလား၊ ပိုးသတ်ဆေးဒဏ်က ချက်ချင်းခံရမလား၊ တဖြည်းဖြည်းမှ စုမိစုမိလာ မလား။

ငတော တွေးရင်းတွေးရင်း ငါ လူသတ်သမားလား၊ လူသတ်သမား အားပေးလား၊ ပူးပေါင်းကူညီသူလား၊ ချွေးပြန်လာ၏။

ငတောတို့ကော ဆေးဒဏ်ကင်း အသီးအနှံ၊ အရွက်၊ အစားအစာ စားရပါသလား။

ဆေးစော် အတင်းနံနေ၍ ပြန်ပို့ရသော ကွမ်းရွက်၊ ဆေးနံ့မပြယ်သေးသော ခရမ်းသီး၊ ပဲသီး။

ဆေးဆွတ်အုပ်ထားသော ငှက်ပျော၊ သရက်၊ မာလကာ၊ လိမ္မော်၊ ရှောက်။

ဆေးဓာတ်မပြယ်သေးသော မုန်လာပွင့်၊ မုန်လာထုပ်၊ ဆလတ်၊ မုန့်ညှင်း၊ ကင်ပွန်းရွက်၊ ဆူးပုပ်ကြီးရွက်။

သီးနှံတွေမှာလည်း ဆေးလွတ်သော အုန်းသီးရှိဟု ပြောသူကပြော၊ တခြားလူက အုန်းပင်သုံးထားတဲ့ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး အုန်းသီးထဲ ပါချင်ပါမှာဟု ဆိုသူကဆို။

ပိုးသတ်ဆေး ပုလင်းမှာက ရှင်းရှင်းလေး။ သတိ-ပိုးသတ်ဆေးဖျန်းပြီး ဆယ့်လေးရက်ကျော်မှ ခူးဆွတ် ရန်တဲ့။

လက်တွေ့က အဝယ်လိုက်လာလျှင် ဆယ့်လေးနာရီမခြား၊ ဘယ်သူသေသေ ဝယ်သူရှိတုန်းရောင်း၊ ငတေမာဖို့ အဓိကတဲ့။

ခေတ်ကြီးက အဲလို ပျက်စီးစိတ်ဓာတ်။

ပိုးသတ်ဆေး အဆိပ်သင့်ရုံပဲလားမေး၊ ငတောတို့ တောသူတောသားက ငါးပိကြိုက်သူများ၊ တစ်ပိဿာ အစိတ် သုံးဆယ်ရှိ ငါးပိယောင် ငါးပိများ ဈေးချိုမှချို။

ငါးစိမ်းလည်း မဟုတ်တော့။ ငါးပိလည်း မဖြစ်သေး။ ငါးပိကောင် ဈေးချိုချိုကြီးများ၊ မွေးမြူရေးကန်ငါးလား၊ ဘာလား၊ ညာလားတော့ မသိ။ ငါးပိ နပ်လွယ်အောင် ပုလဲဓာတ်မြေဩဇာပက်နှပ်သတဲ့။ အက်ဆစ်ရိုင်း ခပ်ပါးပါး ဖျန်းပေးသတဲ့။ ယမ်းပက်သတဲ့၊ သေချင်စရာများ။

ငတောက ဆီစက်အငှားလုပ်သား နှစ်စဉ်လုပ်နေကျလူ၊ နှမ်းတစ်တင်း၊ မြေပဲဆန်တစ်တင်းမှ ဆီ ၇ ပိဿာခွဲ၊ ၈ ပိဿာ။ နေကြာတစ်တင်း ၂ ပိဿာခွဲ။ ဒါပဲ ယေဘုယျထွက်တတ်သည်။

နှမ်းဈေးက တစ်တင်း ၅ သောင်းမှ ၇ သောင်းဝန်းကျင်၊ မြေပဲအဆန်တစ်တင်း သုံးသောင်းခွဲမှ လေးသောင်းခွဲဝန်းကျင်၊ မြေပဲဆီ တပိဿာ လေးထောင်ဝန်းကျင်၊ နှမ်းဆီ တစ်ပိဿာ သုံးထောင်ဝန်းကျင်ရောင်းနေသည်ဆိုတော့ ငတော အံ့ဩမဆုံး။

ရှစ်ပိဿာ ထွက်ဦး၊ ဆီဖိုးရငွေက မြေပဲ သုံးသောင်းကျော်၊ နှမ်း နှစ်သောင်းခွဲကျော်၊ ဘယ်လိုမှ မရောင်း နိုင်သည့်စျေး၊ မဖြစ်နိုင်သည့် ဈေး။

တစ်ခါတစ်ခါ ပုံးမှာ စာပါ ပါလာသည်။ မြေပဲဆီ စစ်စစ်၊ နှမ်းဆီစစ်စစ်တဲ့။

ဘာတွေကများ မြေပဲဆီ၊ နှမ်းဆီဘဝ ခုန်ကူးလာသည် မသိ။

စားသုံးဆီ၊ ကြားဆီ၊ ကြော်ဆီ၊ နှမ်းဆီ၊ ပဲဆီတဲ့၊ ဘာအခြေခံနဲ့ ဘယ်လို သတ်မှတ်သည်ကို ငတောနားမလည်။

အသုဘ၊ အလှူမင်္ဂလာ၊ ဘုရားပွဲ ကျောင်းပွဲများ၌တည်သော လက်ဖက်၊ နှစ်ပြန်ကြော် စားသာကြည့်။ ညဘက် အိပ်ရာဝင်၌ ဆီတန်ခိုး၊ နှစ်ပြန်ကြော်တန်ခိုးကြောင့် ဂယောင်ချောက်ချားဖြစ်၊ အိပ်မက်ဆိုးမက်၊ သွေးလေချောက်ချား ဖြစ်ပါများသောအခါ ထိုဆီ၊ ထိုလက်ဖက်၊ ထိုနှစ်ပြန်ကြော် ညဘက်၌ မစားရဲတော့။

အချို့က ပြောကြသည်။ နှစ်ပြန်ကြော် ရွကြွပ်ပြေးနေအောင် ရေသန့်ပုလင်း ပလတ်စတစ်အခွံဟောင်း ဆီပူထဲထည့်၊ ပလတ်စတစ် အရည်ပျော်မှ ကြော်၊ ကြွပ်ရွပြေးနေသည်တဲ့။

[စကားချပ်- ဆိုင်အများစု၊ ကြော်သူအများစုကို မဆိုလိုပါ]

အချို့သော အကြော်စုံဖိုများက ဖိုခွင်သေး၍ ပလတ်စတစ်အခွံဟောင်းများ နည်းနည်းစီထည့်ထည့်ကြော်သတဲ့။

ပိုးသတ်ဆေးအကြွင်းအကျန်၊ ဓာတုဆေး၊ ဓာတုဆိုးဆေး၊ အရောင်တင်ဆေး၊ အတုများကင်းရန် အတော်ခက်ခဲမည်တဲ့။

ငတောတို့ဆီမှာ အရက်မျိုးစုံ ဝင်သည်။ အဖိုးနည်း အဖိုးတန် အမျိုး စုံမှ စုံ။ ဘာတွေပါသည် မသိ။

စွဲသောက်လာလျှင် ဗိုက်ပူပူ နံကားကား ဖင်ရှူးရှူး၊ လေထိုးမှုတ်သွင်းထားသော အရုပ်ကြီးပါးလို ခပ်ဖောင်းဖောင်း။

ဒါဆိုလျှင် အရက်က သေမိန့်ချထားလိုက်ပြီဟု သိကြ၏။

တောထန်းလျက်ချက် အရက်က စျေးတန်မှတန်။ ချက်အရက် တစ်ပုလင်းဖိုးက ဘီအီးဒီစီ နှစ်ပုလင်းခွဲဖိုးနှင့် ညီမျှသည်။

ငတောတို့ သုံးစွဲနေသော တောထန်းလျက်ချက် အရက်ဦးရည် မီးတောက်ဆိုလျှင် ဈေးခေါင်ခိုက်နေ သည်။

ဟုတ်သည်။ ငတော အရက်လုံးဝ မသောက်ခဲ့ဖူးသော်လည်း အရက်ဦးရည် မီးဟုန်းဟုန်းတောက်နှင့် သူ့ရာသီ သူ့ခွင်မှာ အလုပ်လုပ်ခဲ့ရပါ၏။ အလုပ် လုပ်နေရပါ၏။

အဓိက,ကတော့ ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ဆားတစ်ပိဿာရရ ဖြစ်သလို လုပ်စားရသည်ပါ။

ရာသီက နွေရာသီ၊ အချိန်က တောထဲရေအိုင်၊ ရေကန် ရေပြတ်ချိန် ကျေးငှက်သာရကာတို့ ပျော်မြူးမှီခိုရာတောများ၌ ရေရှာမရချိန်၊ ယေဘုယျရေ ပြတ်သောလမှာ တန်ခူး၊ ကဆုန်လ။ သောက်ရေပြတ်သော ရေခန်းကာလ။

ပထမ ကျေးငှက်အင်အား၊ နားခိုရာအင်အား ချိန်ဆရသည်။

ရေခန်းသွားသော ရေအိုင်ဟောင်း၊ ရေကန်ဟောင်းဘေး၌ အိုးကွဲများ၊ မြေသောက်ရေအိုးဖုံးများ၊ မြူအိုး အအိုအဟောင်းများထဲတွင် ရေဖြည့်ဖြည့်ပေးရသည်။

တရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက်၊ ငါးရက် … ခြောက်၊ ခွန်။

ငှက်တို့ ရေသောက်ပြီလား ရေရှိမှန်းသိ၍ ငှက်သစ်တိုးလာသောက်ကြပြီလား၊ ငှက်အပြင် ဘာကောင် လာသောက်သေးသလဲ၊ မြူအိုးလို မြေသောက်ရေအိုးအဖုံးလို နေရာဘေးမှာ မြေမာနေက ခြေရာခံနိုင်ရန် အခြားမှ ဖုန်၊ သဲကို အပင်ပန်းခံသယ်၊ ပတ်ပတ်လည် ဖြူးပေးရ၏။

ငှက်တို့ ပုံမှန်ရေသောက်ပြီ။ အခြားငှက်များလည်း ရေရှိရာစုလာပြီ။

ခြေရာခံရာ တောခွေးအ၊ ယုန်၊ ချေး(ဂျီ)၊ ဖွတ် အစရှိသော ငှက်မဟုတ်သည့် အခြားအကောင် ခြေရာတွေ့လာပြီ။

သောက်ရေဖြည့်သင့်တာ ထပ်ဖြည့်၊ ပြီး မီးတောက်အရက် လေး၊ ငါး၊ ခြောက်စက် ချပေးရော။

နောက်နေ့ ဆယ်စက်၊ ဆယ့်ငါးစက်၊ အစက်နှစ်ဆယ် တို့။

ဘာကြောင့်မှန်းတော့ သိပ္ပံနည်းကျအဖြေ ငတောတို့မသိ။ အရက်မီးတောက် ထည့်မိသောရေကို သောက်မိသော ငှက်၊ ကြက်၊ ကြွက်တို့သာမက၊ ယုန်၊ တောခွေးအ၊ သမင်၊ ချေတို့အထိ ထိုရေကို မက်မောသည်။ မီးတောက်အရက်ထည့်ထားသောရေကို အုံလိုက်ကျင်းလိုက် သောက်လာပါက ဖမ်းရက် လျာထားရသည်။

ဖမ်းမည့်ရက် မတိုင်မီနေ့၌ မီးတောက်အရက် တချိုး၊ ရေနှစ်ချိုး ထည့်ရသည်။

သောက်မိပြီ၊ သောက်နေပြီ၊ သောက်ကြပြီဆိုမှ တနေ့တာအတွက် ကုန်နိုင်သော ရေပမာဏနှုန်းပြန်ချင့်ချိန်၊ နောက်ရက်၌ ရေကျန်မှန်သမျှ သွန်ပစ်၊ အိုး၊ ခွက်မှောက်ထား၊ တနေ့တည ရေဖြတ်သော သဘော။

တနေ့တစ်ည ရေဖြတ်ပြီး နောက်ရက်၌ ကုန်နိုင်လောက်သော ရေအတိုင်းအဆအတွက် မီးတောက်အရက် တစ်ဝက်၊ ရေတစ်ဝက် ရော၊ လာသောက်သမျှ ငှက်ကလေးများ မပျံသန်းနိုင်တော့။

ငှက်လတ်များ ဝေးဝေးမပျံနိုင်တော့။ ငှက်ကြီးများ လူ့မျက်ကွယ်အထိ အလွန်ဝေးရာ မပျံသန်းတော့။ ငှက်လေးများ လက်ရဖမ်းနိုင်က ဖမ်း၊ ငှက်လတ်ငှက်ကြီးများ ဘတ်ခွသုံးဆိုင်ပစ်၊ ငှက်များ အရ လွယ်လွယ်ကူကူ။

နွေကာလ ငှက်ဈေးကကောင်းကောင်း၊ အခြားအလုပ်က ရှားရှားပါးပါး ဖြစ်နေချိန်၊ ဆန်ဖိုး၊ ပဲဖိုး၊ ဆီဖိုး၊ ဖန်ကြကြံကြ၊ ဖန်ရကြံရ။

ညနေသောက်လာ ခြေရာရှင်က တောခွေးအ ဖြစ်ဖြစ်၊ တောကြောင် ဖြစ်ဖြစ်၊ ယုန် ဖြစ်ဖြစ် အရင်က လာသောက်ထားက အရက်နံ့ပါသော၊ အရက်အာနိသင်ပါသော ရေကို မက်မက်မောမော လာသောက်ကြသည်။

သုတ်ကိုင်း ထောင်တန်ထောင်၊ ဂုတ်ပိုက်၊ လံပိုက်၊ တန်းပိုက် ထောင်တန် ထောင်။ ရက်စာ၊ လစာ ဘဝ ဝမ်းစာရရှိစေရန် ဖန်တီးခဲ့ရ၏။

ရေရှာလာရာက ရေတွေ့၊ အရက် ရောရေတွေ့၊ တွေ့ရာက သောက်၊ သောက်ရာက အဖမ်းအဆီးခံခဲ့ရသည့် တောအကောင်ပလောင်များ။

ဖြစ်သလို လုပ်စားရသော ပျံကျ ကျပန်းလုပ်သားများ။

ကမ္ဘာကြီးက မလုံခြုံသလား၊ လူသားက မလုံခြုံအောင် လုပ်နေသလား။ ဖြစ်ချိန်တန်လို့ ဖြစ်လာသည့် ကံလား၊ ယခင်က ပြုမိသောအကြောင်းဆက် ကြောင့် တုံ့ပြန်ခံရသော ဝဋ်လား၊ ကျရောက်လာသော အခြေအနေနှင့် ကာလကို ခေါ်ဆိုသောခေတ်ကြောင့်လား၊ ဘာလား ညာလား၊ မခွဲခြားတတ်သည့်တိုင် ငတောအနေဖြင့် အစားအစာ၊ အဝတ်အထည်၊ အလာအသွား လုံခြုံမှု အားနည်းလာသလို ခံစားရသည်။

ဘေးမှန်း ရန်မှန်း၊ အန္တရာယ်မှန်းလည်း အများသိကြပါ၏။ သိပင်သိလျက် အရှောင်ခက်၏။ လွယ်သည်လည်း ပါနိုင်သည်။

ငတောတို့အိမ် မွေးထားသော ကြက်က ဗမာကြက်၊ အရှင်ရောင်းလျှင် တစ်ပိဿာ ငါးထောင်။ ရွာကြက်သတ်သူက ငါးထောင်ဝယ်၊ သတ်၊ အမွေးအမျှင်ဖယ်၊ ဈေး၌ရောင်း ကျပ်ရှစ်ထောင်။

ဘယ်ကလာသည်မှန်း မသိသော အေးခဲကြက်သားက အကောင်ကြီးမှ ကြီး၊ တစ်ပိဿာ အစိတ် သုံးဆယ်၊ လေးဆယ် ငါးဆယ်၊ အမွေးနုတ်ပြီး တစ်ပိဿာသုံးထောင်။

အေးခဲကြက်သား ရက်လွန်ရက်ကျော်က ရနိုင်စေသော ရောဂါကို ရေဒီယို၊ သတင်းစာ၊ ရုပ်သံ၊ ဂျာနယ်များက ရေးကြ၊ သားကြ၊ ဟောကြ၊ ပြောကြ၊ ပညာပေးကြ။

အေးခဲကြက်သား ရက်လွန်ရက်ကျော်က ငွေရှားပါးသော စျေးချိုမက်သော အညာကျေးတောရွာများကို အလုံးအရင်းနှင့် ဝင်ဆောင့်သည်။ [မြို့မှာ မရောင်းရဲ၍ တောဆင်းလာသည့် သဘော]

အညာကျေးလက်တောရွာ ရွာတွင်းမှာရော၊ ဈေးမှာရော စည်ပင်သာယာဌာန မရှိ၊ ဝန်ထမ်း မရှိ၊ တိမွေးကုဆရာဝန် မရှိ၊ အများစု ရွာ၌ ဒေါက်တာ မရှိ၊ ကျန်းမာရေးမှူး မရှိ၊ စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့ မရှိ၊ စားသုံးကုန် စစ်ဆေးအဖွဲ့ မရှိ။

လာချင်တာလာ၊ အခုချက်ချင်း သေလျှင်သာ ပြဿနာရှိကောင်း ရှိမည်။

ယခု အနေအထားအရတော့ ဘေးအန္တရာယ်ရှိ ပစ္စည်းမှန်သမျှ တောရွာများဆီ လာနေကြသည်။

[ပရဟိတလူငယ်များ၊ တက်ကြွလူငယ်များအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်နှင့် ပူးပေါင်း၍ လူ့အသက်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် အစားအသောက်၊ ဆေးဝါး၊ ကုန်မျိုးစုံအန္တရာယ်ကင်း ရှင်းရေးဆောင်ရွက်နိုင်ပါက ကောင်းမွန်ပါလိမ့်မည်။ စကားချပ်]

ထို့အတူ ရွာများမှ စိုက်ပျိုးထွက်ကုန်များကလည်း ပိုးသတ်ဆေး မနက်ပက်၊ ယခု ညနေ၌ ပွဲရုံပို့ရန် ပျော်ပျော်ရွှင်ရွှင် အင်နှင့်အားနှင့် လုပ်နေကြသည်။ စာမှာပါသည့် ပိုးသတ်ဆေးပက်ပြီး ဆယ့်လေးရက်ကျော်မှ အသီးအရွက် ခူးဆွတ်ရန်ဟူသော သတိပေးစာတန်းကို ဘယ်သူမှ မလိုက်နာ။

ငတောတို့ ငယ်ငယ်က ခဲပစ်ရာတွင် ဆိုသောစကားလို ဖြစ်နေ၏။ ငတောတို့ ငယ်ငယ် ခဲပစ်မည်ကြံလျှင် မမှန်စေချင်သူ ရှောင်ကြရှားကြ၊ မကောင်းသူထိပ် ကောင်းသူထိပ်၊ ဘယ်ထိပ်မှန်မှန် မှန်ချင်ရာမှန်ဟု အော်တတ်သည်။

အခုလည်း ဒီလိုများ အော်နေရမလား။

မနက်က ပိုးသတ်ဆေးပက်၊ ညနေမှာ ကားနှစ်စီးဖြင့်တင်ပြီး ခရမ်းချဉ်သီးတွေ စျေးကွက်ဝင်ပြီ။

မကောင်းသူထိပ်၊ ကောင်းသူထိပ် မှန်မှာတော့ သေချာသည်။ အဆိပ်ဒဏ် ချက်ချင်းလား၊ တငွေ့ငွေ့လား။

ခရမ်းချဉ်သီးဆွတ်ပြီး အိမ်ပြန်လာတော့ မိဂျမ်းက ထမင်းပြင်ပေးသည်။

“စားကြတော့၊ ခင်မောင်ဦးပေးထားခဲ့တဲ့ တစ်သောင်းတန်လေး အိမ်ဖင်ပူအောင် မနေရှာဘူး။ ကြက်သား တစ်ပိဿာ သုံးထောင်၊ သုံးထောင်နဲ့အော်လို့ ထွက်ကြည့်၊ တစ်ပိဿာ လေးဆယ်သားရှိတာကြီးကို ဟိုဘက်အိမ်နဲ့ တစ်ယောက်တစ်ဝက်ခွဲ၊ ခုနစ်ဆယ်သား ဝယ်လိုက်တယ်။

အောက်ငါးပိကလည်း အကောင်ကြီးမှ ကြီး။ ငါးသိုင်းခေါင်းပွကြီးတော့။ တော်တို့ မနက်ပြန်၊ ညပြန် ပင်ပန်းနေတုန်း စားပါတော့လို့ ဝယ်နှပ်လိုက်တာ။ အချဉ်ကတော့ ဘာမှမရှိလို့ ခရမ်းချဉ်သီးပဲ လွယ်လွယ်နှပ်လိုက်တယ်။ ပင်ပန်းတုန်း စားကြတော်၊ စားကြ … စားကြ”

မိဂျမ်းက စေတနာ အနန္တ။ ကြက်သားတုံးကြီးများကို ဆီပြန်ချက်ထားသည်။ အောက်ငါးပိက အစိမ်းမဟုတ်၊ ငါးပိမဟုတ်သေးသော စကောစက အဆင့်။ ငရုတ်သီးနီနီရဲရဲ ခရမ်းချဉ်သီးသုပ်ကလည်း စားချင့်စဖွယ်။ အတို့အမြှုပ်အဖြစ် ပြုတ်ထားသည်က ခရမ်းသီး။

ထမင်းပွဲထိပ်မှ ထိုင်၍ ထမင်းပွဲကို ပြူးပြူးကြီး ကြည့်နေသော ငတော။ ကြက်သားတုံးကြီးများက ဟား ဟား အေးခဲရက်လွန်မို့ အကောင်ကြီးက တစ်ပိဿာ သုံးထောင်နဲ့ရတာပေါ့။ စားရဲ စားကြည့်၊ ကင်ဆာ၊ နှလုံး၊ ကျောက်ကပ်၊ အူရောဂါ … ရောဂါ။

ဆီကလည်း စားဆီလား၊ ကြော်ဆီလား၊ ပြန်ကြော်ဆီလား၊ စားအုန်းဆီလား၊ ပဲဆီလား၊ နှမ်းဆီလား၊ ဆီအနံ့ထည့်တဲ့ ဓာတုဆီလား။

ကိုတော ခင်ဗျား ဘာသိသလဲ။ စားရဲစားကြည့်၊ သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးကြောကျဉ်း၊ ကျယ်၊ ပိတ် ရောဂါ …. ရောဂါ။

အောက်ငါးပိကလည်း အက်ဆစ်တန်ခိုး အရိုးကြေမည်။ ပုလဲဓာတ်မြေဩဇာတန်ခိုး၊ အစာအိမ်ဖျက်မည်။ ယမ်းစိမ်းတန်ခိုး၊ အမျိုးမျိုး ဘေးတွေ့မည်။

ဗျို့ … ကိုတော … သေချင်ရင် စိန်မစားနဲ့။ ကျုပ်တို့ကိုစား ဆိုသယောင်ယောင်။

ခရမ်းချဉ်သီးသုပ်ထဲမှ ပိုးသတ်ဆေးအငွေ့များ၊ ခရမ်းပြုတ်ထဲက ပိုးသတ်ဆေး၊ မှိုသတ်ဆေး အခိုးအငွေ့များက သူ့မျက်နှာ လာဟပ်သလို ငတော ထင်မိပါ၏။

အရက်ဦးရည်နှင့် ရေရောတိုက်၊ နွေငှက်ဖမ်းခဲ့သော ငတော။ ငှက်က အရက်တစ်ခုတည်း အရောခံရသည်။ ဝဋ်လည်သူ သူ့ကျတော့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ မြေတွင်းအောင်းပိုးသတ်ဆေး၊ ဓာတုဆိုးဆေး၊ လိမ်းဆေး၊ ပစ္စည်းမျိုးစုံ၊ နည်းမျိုးစုံဖြင့် မမှန်မကန် ဖန်တီးခံရသော ဘေးမှန်သမျှ ကုန်းခံရတော့မည်။

ရှေးကဝိပါတ် ခုနစ်ရက်၊ ကာလဝိပါတ် ချက်ချင်းတက်တဲ့။ ဝဋ် … ဝဋ် … ဝဋ်လည်း ဖြစ်နိုင်သည်။

အများရောက်ရှိနေသော အခြေအနေနှင့် အချိန်ကာလကို ခေတ်ဟု ခေါ်သည်တဲ့။

အများ။ ကိုယ်တစ်ယောက်တည်း မဟုတ်။

အခြေအနေ ကြုံတွေ့နေရမှု။ အချိန်ကာလ ကျရောက်ကြုံတွေ့နေချိန် အများထဲမှာ ကိုယ်လည်းပါတော့ ခေတ်တစ်ခေတ်ကို ကြုံတွေ့နေခြင်းဖြစ်သည်။

ခေတ်။ ကြုံတွေ့နေရသော အချိန်အခါ ဘယ်ရှောင်ပြေးရပါ့မလဲ။

ဖြစ်လာသမျှသည် ဝဋ်လည်းမှန်၏။ ကံလည်းမမှား။ ခေတ်ဟုပြောလည်းရသည်။

ဖြစ်ဖို့ကြုံတော့ ဝဋ်၊ ကံ၊ ခေတ် ဆုံစည်းမိသည်။

ငတောက ထမင်းပွဲကို ကြည့်ရင်း သက်ပြင်းချသည်။

အဖေ ဟင်း စတင်နှိုက်ချိန် စောင့်နေသော သားသမီးများက သူတို့အဖေကို ကြည့်ရင်း နားမလည်၊ အဖေ ဘာဖြစ်နေပါလိမ့်ဟု ဇဝေဇဝါ။

ငတောက ကင်ဆာ နှိုက်ရမည်လား၊ နှလုံး နှိုက်ရမည်လား၊ သွေးတိုး နှိုက်ရမည်လား၊ အစာအိမ် နှိုက်ရမည်လား၊ သွေးကြောပိတ် နှိုက်ရမည်လား၊ အဆိပ်သင့် နှိုက်ရမည်လား၊ စဉ်းစားဝေခွဲမရ၍ အူတိအူကြောင် ဟင်းခနဲ သက်ပြင်းချသံတစ်ချက်က ကျယ်ကျယ်လောင်လောင်။

(စာပြီးနေ့ ၁၇-၁၀-၂၀၁၆)

– ပြီး –

စာရေးသူ – တွင်းကြီးဝမ်းမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ