ဦးကောင်းထွန်း၊ဒေါ်မြခင်တို့မှာ သားသမီး သုံးယောက်
ထွန်းကားတယ်။ ဦးကောင်းထွန်းက ကိုယ်ပိုင်ဆိုက္ကားကို
ကိုယ်တိုင်နင်းတယ်။ သန်တုန်း၊ မြန်တုန်းပါပဲ။
ဒေါ်မြခင်က သမီးကြီးနှစ်ယောက်အတူ အိမ်မှာ
ကုန်စုံဆိုင်လေးဖွင့်ရောင်းတယ်။
ဒီတော့ အသင့်အတင့် အဆင်ပြေကြတယ်။
သားငယ် အောင်မြင့်မြတ် အကြောင်းပြောချင်တာပါ။
သူက မွေးကတည်းက ထူးခြားတယ်။
ခေါင်းကြီးကိုယ်သေးသေးပါ။
ခေါင်းက ဘယ်လောက်ကြီးသလဲဆိုရင်
ခန္ဓာကိုယ်နဲ့မမျှ ကြီးလွန်းလို့ မွေးကတည်းက
ယခု(၁၂)နှစ်သား အရွယ်ထိ အိပ်ယာထဲမှာ
လဲနေရတာပါပဲ။
ဒီလောက်ကြီးမားတဲ့ ခေါင်းကြီးကို ခန္ဓာကိုယ်က
ထိန်းမထားနိုင်တဲ့အတွက် မထိုင်နိုင်၊ မရပ်နိုင်၊
မလျှောက်နိုင် ဖြစ်နေပါတယ်။
အသက်သာ ရှည်နေတာ၊ ချူချာတာကတော့
ဆေးခန်းကို ခုထိ ချီပြေးရတုန်း။ ပိုလီယိုကမှ
ဆတ်တောက်ဆတ်တောက်နဲ့ လမ်းလျှောက်
နိုင်ဦးမယ်။ သူကတော့ တစ်သက်လုံး ဒီအတိုင်း
နေမှာပါပဲ။
အောက်ခံခေါင်းအုံးအိလေးပေါ်မှာ သူ့ခေါင်းကြီးကို
တင်ထားရတယ်။ ဘယ်သူတွေ နှာခေါင်းရှုံ့ရှုံ့၊
သူ့အမေ ဒေါ်မြခင်က မိခင်မေတ္တာအပြည့်နဲ့
သူ့အပေါ် စိတ်ရှည်တယ်။ မိဘမေတ္တာဆိုတာ
ဒါပဲလေ ။ သားလေးကို မညည်းညူတမ်း
ယုယဂရုစိုက်တယ်။
မွေးဖွာလာပြီး လေးဘက်သွား အရွယ်မှာတောင်
လေးဘက်မသွားနိုင်တဲ့ သားအပေါ် ဂရုဏာပိုတယ်။
သားလေးရဲ့ နာမည်ကင်ပွန်းတပ်မင်္ဂလာပွဲကို
ဖိတ်စာနဲ့တကွ ကျွေးမွေးဧည့်ခံပြီး
‘အောင်မြင့်မြတ်’ဆိုတဲ့ နာမည်ကို
သူမကိုယ်တိုင် ချစ်စနိုးဖြင့် ပေးတာပါ။
အိမ်မှုကိစ္စ စျေးဝယ်နဲ့ ချက်ပြုတ်ရေး တာဝန်ကို
သမီး အကြီးမ ဆောင်ရွက်ပြီး၊ အငယ်မက
စျေးဆိုင်ထိုင်တယ်။ သူက သားနားမှာ
မငြီးငွေ့ရအောင် ဂရုစိုက်ပြုစုပေးပါတယ်
အောင်မြင့်မြတ်ကလည်း သူ့အမေမှ သူ့အမေပါ။
အနားက ခဏခွာသွားရင်တောင် သူ့အမေကို
မျက်လုံးလေး ကလယ်ကလယ်နဲ့ လိုက်ကြည့်
နေတတ်ပါတယ်။
ဒီခေါင်းကြီးကြောင့် သူ့ကိုယ်သူ မထူနိုင်ပါဘူး။
သူ့အနေအထားက ဒီလောက်ပါပဲ၊ ကျတော်နဲ့
တစ်အိမ်ကျော်မှာပါ။ ကျတော်အတွက်တော့
မြင်ရချက်မသက်သာပါဘူး။ ဆေးရုံမှာ တက်ပြီး
ခွဲစိပ်လို့လည်း မရပါဘူး။
သူ ဒီလို ဖြစ်နေရတာကို ဝဋ်ကြွေးလို့ထင်မိတယ်။
အော် ဒုက္ခ၊ ဒုက္ခ၊ လူ့ဘဝရောက်ပြီး လူဖြစ်ရသော်လည်း
လူဖြစ်ကျိုးမနပ်ပါတကား။ သူ့ရဲ့ဝဋ်ကြွေးကို
ဘုရားရှင်မှလွဲ၍ ဘယ်သူသိနိုင်မှာလည်းဗျာ။
ကျတော် သတိသွားရလိုက်တယ်။
ရှင်တော်ဘုရားတောင်မှ ဝဋ်ကြွေးကြမ္မာ
မလွတ်သာခြင်း အကြောင်းကိုပါ။
ဝိပါတ်တော်(၁၂)ပါးသည် ဘုရားအဖြစ်သို့
ရရှိပြီးမှ ခံစားချေချွတ်တော်မူခဲ့ရခြင်း ဖြစ်၏။
ဘုရားရှင်လက်ထက်တော်၌ အခြားဝဋ်ကြွေး
သာမကများလည်း ရှိခဲ့ဖူးသည်။အခါတစ်ပါး၌
သုံးလောကထွဋ်ထား ရှင်တော်ဘုရားသည်
သာဝတ္ထုပြည် ဇေတဝန်ရွှေကျောင်းတွင်
ကိန်းအောင် မွေ့လျော်တော်မူစဉ်ဖြစ်၏။
ထိုအချိန်၌ ဝေးရပ်မြေမှ ရဟန်းတော်တစ်စုသည်
မြတ်ဘုရားရှင်အား ဖူးမျှော်ရန် သာဝတ္ထိပြည်သို့
အလာ လမ်းခုလပ် ရွာတစ်ရွာသို့ ရောက်၍
ဆွမ်းခံဝင်ကြသည့်အခါ၊ ရွာသူရွာသားတို့သည်
ဆွမ်းခံကြွလာသော သံဃာတော်အရှင်သူမြတ်တို့ကို
ဆွမ်းဇရပ်၌ သီတင်းသုံးတော်မူစေ၏။
ဆွမ်း၊ ဆွမ်းဟင်းနှင့်တကွ ၊ ယာဂု၊
မုန့် ၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို သဒ္ဓါတရား
ထက်သန်စွာ ကပ်လှူကြလေ၏။
ဆွမ်းကပ်ပြီး တရားနာယူစဉ်အခိုက်
ဇရပ်နှင့် မလှမ်းမကမ်းတွင်ရှိသော ဆွမ်းချက်တဲ
မီးဖိုမှ မီးလျံများ တောက်လောင်ကာ တဲငယ်၏
အမိုးကို မီးစွဲလောင်လေ၏။ လေတစ်ချက်
မွှေ့ရမ်းခိုက် မြက်ပင်မြက်ခွေများကိုပါ
မီးစွဲလောင်လေ၏။
မီးလောင်ခွေများ လေနှင့်အတူ ကောင်းကင်သို့
ပျံတက်ခဲ့၏။ ထိုစဉ် ကောင်းကင်မှပျံသန်းလာသော
ကျီးတစ်ကောင်၏ လည်းပင်၌ စွပ်မိကာ ကျီးသည်
မီးလောင်သေဆုံးလျက် မြေပြင်သို့ ကျလာ၏။
ထိုအချင်းအရာကို ဇရပ်တွင်ရှိ ရဟန်းတော်များနှင့်
ရွာသူရွာသားများ တွေ့မြင်ကြ၏။ မြေပြင်မှ
မြက်မီးကွင်းက ကောင်းကင်ရှိ ကျီးကန်းအား
တိုက်တိုက်ဆိုင်ဆိုင် စွပ်မိကာ မီးလောင်သေဆုံး
ရခြင်းကို များစွာ အံ့သြမိကြလေ၏။
ကံတရား၏ ဆန်းကျယ်ပုံအား စဉ်းစားအဖြေ
ထုတ်ကြသော်လည်း မသိရှိနိုင်ကြပေ။
ရဟန်းတော်များက ဤအကြောင်းအရာကို
ဘုရားရှင်ထံ ရောက်လျှင် လျှောက်ထား
မေးမြန်းကြမည်ဟု တိုင်ပင်ထားကြ၏။
ထို့နောက် ရဟန်းတော်များသည် ခရီးသည်များ
ပါသော လှေကြီးတစ်စင်းဖြင့်မြတ်ဘုရားထံသို့
ခရီးဆက်လက် ထွက်ခွာခဲ့ကြလေတော့၏။
ပင်လယ်ပြင်ခရီးကို ဖြတ်သန်းနေစဉ်အတွင်း
တစ်နေရာ အရောက်၌ လှေကြီးမှာ ရပ်တန့်
သွားခဲ့၏။
အကြောင်းအရာ တစ်စုံတစ်ခုမျှမရှိဘဲ
ထူးခြားစွာ ပင်လယ်ပြင်၍ လှေကြီးရပ်တန့်ကာ
နေသည်အတွက် မည်သို့ တွေးတောရမှန်းမသိ
ဖြစ်ကုန်ကြ၏။
ထိုစဉ် ကြီးကဲသူတစ်ယောက်က …
“ကျုပ်အထင်တော့ ဒီလှေကြီးထဲမှာ ကံဆိုးသူ
အပြစ်ရှိသူ တစ်ယောက်ပါနေပြီ ထင်တယ်။
မဲချရွေးချယ်ပြီး ရေစာချမှ လှေကြီးထွက်နိုင်လိမ့်မယ်လို့
ကျုပ်တော့ ထင်တာပဲ “
လို့ ပြောလိုက်ရာ လှေပေါ်ပါသူတချို့ကလည်း
“ဖြစ်နိုင်မယ် ထင်တယ်”
ဟု ပြောကြလေ၏။
ထိုအခါ လှေသူကြီးမှ …
“ဒါဆိုရင် မဲလိပ်လုပ်ပြီး သုံးကြိမ်နှိုက်လို့
ကံစမ်းကြတာပေါ့ “
ဟု ပြောလေ၏။
ထို့နောက် အားလုံး သဘောတူချက်အရ
သုံးကြိမ်ပြည့်အောင် မဲနှိုက်ကြရာ၊
ကံဆိုးသူ လှေသူကြီးကတော်မှာ
သုံးကြိမ်လုံး မဲပေါက်ခဲ့လေ၏။
လှေသူကြီးကတော်သည် ရုပ်ရည်
ချောမောလှပြီး အသက်ငယ်ရွယ်သူလည်း
ဖြစ်၏။ ကုသိုလ်ကံပဲဖြစ်ဖြစ် အကုသိုလ်ကံပဲဖြစ်ဖြစ်
ဒိဋ္ဌအကျိုးပေးမည်ပင်ဖြစ်သည်။
ခရီးသည်အားလုံးသည် စိတ်မကောင်းကြီးစွာဖြင့်
“အရှင် လှေသူကြီး ဘယ့်နှယ်လုပ်ကြမလဲ”
ဟု မေးလိုက်သည့်အခါ လှေသူကြီးမှာ
သမာဓိရှိသူပီပီ …
“ဒီမှာဗျ တစ်ဦးတစ်ယောက်အတွက် အများနစ်နာ
ဆုံးရှုံးမှာ မဖြစ်သင့်ပါဘူး၊ ကျုပ်ဇနီးကိုပဲ ရေထဲ
ပစ်ချရမှာပေါ့”
ဟု ပြောကာ လှေသူကြီးကတော်ထံမှ
အဖိုးတန် လက်ဝတ်လက်စားများ ချွတ်စေ၍
ရေအိုးတစ်လုံး၌ သဲများထည့်ကာ လည်မှာ
ချိတ်ဆွဲစေပြီး ရေထဲသို့ ပစ်ချစေလေ၏။
ထိုသို့ ရေထဲချလိုက်သည့်နှင့် တပြိုင်နက်
သူမအား ရေသတ္တဝါများ ဝိုင်းဝန်းကိုက်ဖဲ့
စားသောက်ကြသည်ကို အထင်းသား
တွေ့မြင်ကြလေ၏။ ရဟန်းတော်များသည်
လွန်စွာစိတ်မကောင်းဖြစ်ကာ ထူးဆန်းသော
ထိုအဖြစ်အပျက်ကို အဖြေထုတ်မရဘဲ၊
ရှိကြလေ၏။
ဘုရားရှင်ထံရောက်မှ မေးမြန်းလျှောက်ထားကြအံ့ဟု
တိုင်ပင်ထားကြ၏။
ထိုသို့ ရေစာကျွေးလိုက်သည်နှင့် တစ်ပြိုင်နက်
လှေကြီးမှာ ပကတိ ထွက်ခွာနိုင်ခဲ့လေတော့၏။
ဤသို့ဖြင့် မကြာမှီ ဇောတဝန်ကျောင်းတော်သို့
ရောက်ခဲ့ကြ၏။ ရဟန်းတော်အပေါင်းသည်
မြတ်စွာဘုရားရှင်အား သင့်တင့်လျောက်ပတ်သော
နေရာအရပ်မှထိုင်ကာ၊ ရှိခိုးဦးခိုက်ပြီးနောက်
လမ်းတွေ တွေ့ကြုံဖြစ်ပျက်ခဲ့သည့်
အကြောင်းအရာတို့ကို အစဉ်အတိုင်း
မေးမြန်းလျှောက်ထားကြ၏။
ထိုအခါ သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည်
အတိတ်ကာလအကြောင်းခြင်းရာကိုကြည့်၍
ဤသို့ ဖြေကြားတော်မူလေသည်။
“ချစ်သားတို့ ကျီးကန်သည် သူပြုခဲ့သော
ကံအတိုင်း တွေ့ကြုံခံစားရခြင်းဖြစ်ပေတယ်
ထိုကျီးသည် အတိတ်ကာလတစ်ခု၌ ဗာရာဏသီပြည်တွင်
လယ်သမားတစ်ဦးဖြစ်ခဲ့သည်။ တစ်နေ့တော့
လယ်သမားသည် သူ့နွားကို စားကျက်ကို
ဆွဲလာရာ လမ်းခရီးအရောက်မှာ နွားသည်
ရှေ့ဆက်မသွားဘဲ မြေကြီးပေါ် လှဲအိပ်လိုက်သည်။
လယ်သမားက ထုထောင်းရိုက်နှက်ဆုံးမမှ
ထသွားပြန်သည်။ တဖန်လှဲပြန်သည်။
ထိုသို့ အကြိမ်ကြိမ် နေ၍ လယ်သမားသည်
ဒေါသဖြစ်လာပြီး ဒင်းကို ဒုက္ခပေးမှပဲ ဆိုကာ
ကောက်ရိုးခွေတစ်ခွေကို ယူပြီး မီးရှို့ပြီး
နွားကြီးရဲ့လည်မှာ စွပ်ပေးလိုက်သည်။
မကြာခင် နွားကြီးလည်း မီးလောင်သေသွားခဲ့သည်။
လယ်သမားဘဝ၌ ပြုခဲ့သော မကောင်းမှုကံကြောင့်
ငရဲတွင် ကျရောက်ခဲ့ရသည်။
ငရဲက လွတ်ပြီး ကျီးဘဝတွင် ခုနှစ်ကြိမ် ခုနှစ်ခါ၊
ကောင်းကင်မှပင် မီးလောင်သေဆုံးပြီး ဝဋ်ကြွေး
ပေးဆပ်ရခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်က
ကျီး၏ အတိတ်ဇာတ်ကြောင်းကို ဟောဖော်ပြခဲ့၏။
ပင်လယ်ပြင်၌ ပစ်ချခံရသော မိန်းမသည်
အတိတ်ကာလ တစ်ခုဆီက ဗာရာဏသီပြည်တွင်
လယ်သမားကြီးတစ်ဦး၏ဇနီးဖြစ်ခဲ့သည်။
ဆန်းတာက ဒီမိန်းမအပြင်ထွက်သည့် အခါတိုင်း
ဘယ်ကမှန်း မသိသော ခွေးထီးတစ်ကောင်သည်
သူ့နောက်က တကောက်ကောက် လျှောက်လိုက်
နေတတ်သည်။
ထိုသို့ လိုက်ပါများလာ၍ ပတ်ဝန်းကျင်တွင်ရှိသော
လူငယ်လူရွယ်များက ထိုမိန်းမနှင့် ခွေးကို မြင်တိုင်း…
“အပေါင်းအသင်းတို့ ခွေးမုဆိုးမတော့ အမဲလိုက်ဖို့
ထွက်လာပြီ၊ ငါတို့ ဒီနေ့တော့ အမဲဟင်းလျာ
စားရတော့မယ်ထင်တယ် “
လို့ ပြောင်လှောင်ပြယ်ရယ်ပြုကြသည်။
ထိုသို့ စကြ၊ ပြောင်ကြသောအခါ ထိုမိန်းမ
အရှက်ရလာပြီ နောက်ကနေ တကောက်ကောက်
လိုက်နေသော ခွေးကို ခဲတုတ်များဖြင့်
ပစ်ပေါက်ပြီး ပြေးစေခဲ့သည်။
သို့ရာတွင် ခွေးက ပစ်ပေါက်တုံးခဏသာ
ပြေးသည် နောက်တော့ ပြန်လိုက်မြဲလိုက်နေခဲ့သည်။
ဤသို့ ထိုမိန်းမနောက်သို့ ခွေးလိုက်နေသည့်
အကြောင်းကလည်း ဟိုးလွန်ခဲ့တဲ့ သုံးဘဝက
ထိုမိန်းမ၏ လင်ယောင်္ကျားဖြစ်ခဲ့ဖူးသည်။
ချစ်ခင်စွဲလန်းမှု တဏှောအစေးက
မပြယ်လေတော့ သံယောဇဉ်တွယ်ပြီး
နောက်က တကောက်ကောက်လိုက်နေခြင်း
ဖြစ်သည်။
နောက်ဆုံးတွင် ထိုမိန်းမစိတ်ဆိုး အမျက်ဒေါသများ
ထန်လာကာ ဒီနေ့တော့ ဒီခွေးကို သတ်ပစ်မှ
ဖြစ်မယ် ဆုံးဖြတ်လိုက်သည်။
လယ်တောက ယောင်္ကျားဆီ ထမင်းပို့သွားတဲ့အခါ
ကြိုးတစ်ချောင်းကို ဝှက်ယူလာခဲ့တယ်။
လယ်တောရောက်၍ လင်ယောင်္ကျားကို
ထမင်းကျွေးမွေးပြီးသောအခါ ရေတစ်အိုး
သွားခပ်ဦးမယ်ဆိုပြီး ၊ ရေဆိပ်ဆင်းလာခဲ့သည်။
ခွေးကြီးကလည်း တစ်ဖဝါးမခွာ လိုက်ခဲ့သည်။
သူ့ကြမ္မာ သူမမြင်ဘူးပေါ့။ သို့နှင့် ရေဆိပ်ရောက်တော့
အိုးထဲကို သဲအပြည့်ထည့်ပြီး ကြိုးဖြင့် ဆိုင်းလိုက်သည်။
ထို့နောက် ခွေးကို သူ့အနား ချော့ခေါ်လိုက်ပြီး
လည်ပင်းမှာ သဲအိုးကို ချည်ပေးလိုက်သည်။
ပင်လယ်ပြင်ထဲသို့ သဲအိုးလည်ဆွဲမှာဆွဲ၍
ပစ်ချခံရသော မိန်းမသည် သူ့အကုသိုလ်ကံ
အကျိုးပေးချိန်ဖြစ်သည့်အတွက် ဝဋ်ကြွေး
ပေးဆပ်ရခြင်းဖြစ်သည်။
ဘုရားရှင်က ဝဋ်ကြွေးကို ဖော်ပြပြီး ရဟန်းတစ်စု
သိချင်နေသော အဖြေကို မိန့်မြွက်ဖြေကြားတော်
မူခဲ့ပါသည်။
ဝဋ်နာ ကံနာဆိုတာ ဒါမျိုးပေလားလို့
တွေးရင်း စိတ်မကောင်း ဖြစ်မိပါတော့သည်။
‘အောင်မြင့်မြတ်’အတိတ်ဘဝက ဘယ်သူ့ကို
ဘာတွေများ ပြုမှားမိပါလိမ့်…
ပြီးပါပြီ
ဆရာ နေလင်းအောင်(လှိုင်သာယာ)