• June 20, 2025
  • admin
  • 0

ဖိုးကျော့
ဝမ်းစာရေး

အိမ်ရှေ့တွင် မတ်တတ်လာရပ်နေသော လူရွယ်တစ်ယောက်ကို ကြောင်ကြည့်ကာ ဦးစံပ ရုတ်တရက် ထိတ်လန့်သွား၏။ လူရွယ်၏ ပခုံးပေါ်တွင် သေနတ်တစ်လက်ကို ပြောင်းဘက်က ပြောင်းပြန် ထမ်း ထားသည်။ ဘေးတွင် စစ်လွယ်အိတ်ဟောင်းတစ်လုံးကိုလည်း လွယ်ထား၏။

အရပ်ဝတ်ပုဆိုးနှင့်ပင် ဖြစ်သော်လည်း ပခုံးပေါ်က သေနတ်ကြောင့် ရုတ်ခြည်း နှုတ်မဆက်ဝံ့သေး။ ကြောင်၍သာ ကြည့်နေမိ၏။

“ကောင်းကြီး စံပ၊ ကျွန်တော့်ကို မမှတ်မိဘူးလား”

လုံးဝ မမှတ်မိ။

သို့သော် “ကောင်းကြီးစံပ”ဟု ခေါ်လိုက်ခြင်းမှာ ဘကြီးကို ခေါ် ခြင်းဖြစ်သဖြင့် မိမိတို့နယ်သား လူငယ်တစ်ယောက်မှန်းတော့ သိလိုက်သည်။

သူတို့အရပ်တွင် “ဘကြီး” ကို ရှေ့က “ကောင်းကြီး” ဟု နာမဝိသေသန တပ်၍ ခေါ်လေ့ရှိကြသည်။

“အိမ်း … အဲ” လုပ်ကာ လူရွယ်ကို အကဲခတ်နေစဉ်

“ကျွန်တော် သောင်းညွန့်လေ ကောင်းကြီး။ ကောင်းကြီးညီ ဦးစံရရဲ့သား မောင်သောင်းညွန့်လေ ကောင်းကြီး”

“ဟယ်…. မင်းက သေနတ်ကြီးနဲ့ဆိုတော့ ကောင်းကြီး လန့်သွားတာပေါ့ကွ။ ရုတ်တရက်ဆိုတော့ ဘယ်မှတ်မိမလဲ။ ကဲ… လာ အိမ်ထဲဝင်လေ”

“ဟုတ်ကဲ့”

သောင်းညွန့်က အိမ်ထဲ ဝင်ထိုင်လိုက်သည်။

“အရီးကော”

“ခုနလေးတင်မှာပဲ ရွာမြောက်ဘက် ထွက်သွားတယ်။ မင်းတို့ မိသားစုကော ကျန်းကျန်းမာမာပဲနော်”

“ဟုတ်ကဲ့”

“မင်းက ခု ရဲထဲမှာလား”

“မဟုတ်ပါဘူး ကောင်းကြီးရာ၊ ဘယ်လူပြောလဲ”

“သေနတ်ကြီးနဲ့ မြင်လို့လေကွာ”

“ဟာ… ဒီသေနတ်က ငှက်ပစ်တဲ့သေနတ်ပါ ကောင်းကြီးရာ။ ဒီလိုသေနတ်မျိုး ရဲက ဘယ်ကိုင်လိမ့်မတုံး”

“ဟဲ ဟဲ… ဒါတော့ တို့ တောသူတောင်သားတွေက ဘယ်သိမလဲကွ။ သေနတ်ဆိုတာ ရဲတို့၊ စစ်သားတို့ဆီမှာပဲ မြင်ဖူးတာကိုး”

ဦးစံပ၏ စကားကို သောင်းညွန့်က သဘောကျ၍ တဟဲဟဲ ရယ်နေသည်။

ဦးစံပ၏ညီ သောင်းညွန့်အဖေ ဦးစံရမှာ မြို့၌နေသည်။ ညီအစ်ကိုနှစ်ယောက်တို့မှာ အနေဝေးကြသလို အသက်မွေးဝမ်းကျောင်းအလုပ်ကလည်း မတူကြ။

ဦးစံပမှာ မိမိတို့၏ ဓားမဦးချ လယ်မြေကို လုပ်ပြီး ရွာ၌နေ၏။

ဦးစံရက မြို့ကိုတက်ပြီး မြင်းလှည်းမောင်း၊ ဆိုက်ကားနင်း၊ လက်သမားလုပ်၊ ပန်းရန်လုပ်လိုက်နှင့် ကြုံရာကျရာလုပ်ကာ မြို့၌ပင် နေ၏။

ထို့ကြောင့် သူ့ညီ၏ သားကြီး မောင်သောင်းညွန့်ကို ရုတ်တရက် မမှတ်မိခြင်းဖြစ်သည်။

“မင်း အခု ဘယ်ကလှည့်လာတာလဲ”

“ဒီကိုပဲ တမင်လာတာ ကောင်းကြီး”

“ကိစ္စက”

“ကိစ္စက ဒီလို ကောင်းကြီးရယ်။ လေးငါးနှစ်လောက်က အဖေနဲ့ ကျွန်တော် ကောင်းကြီးဆီကို လာလည်ကြတာ ကောင်းကြီး မှတ်မိမှာပေါ့”

“မမှတ်မိရန်ကောလေ”

“အဲဒီတုန်းက ကောင်းကြီးတို့ လယ်ကွင်းထဲ ဥဒေါင်းငှက်တွေ လာလာကျတယ်ဆိုတာ သတိရလို့”

“အိမ်း… ဒေါင်းတွေကတော့ ခုလည်း ကျတုန်းပါပဲကွာ။ ကောင်းကြီးတို့ဆီမှာတော့ စပါးမှည့်ပြီဆို စာနဲ့ ကြက်တူရွေးတွေထက် ဒေါင်းငှက်တွေရန်ပဲ ကြောက်နေကြရတာ”

ဦးစံပ ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

စလင်းချောင်း အနောက်ဘက်ရှိ သူတို့လယ်တွေမှာ စပါးမှည့်ချိန်ရောက်လျှင် စာနှင့် ကြက်တူရွေးအုပ်တွေကို စောင့်ကြပ်ကြရသလို အနောက်ရိုးမရှိ ခမည်းတောင်ဘက်က အုပ်လိုက် ဆင်းလာတတ်ကြသော ဒေါင်းငှက်များကိုလည်း စောင့်ကြပ်ကြရသည်။ ထို့ကြောင့် “ဒေါင်းတွေကတော့ ခုလည်း ကျ တုန်းပါပဲကွာ”ဟု ဦးစံပ ပြောလိုက်ခြင်းဖြစ်၏။

“အဲဒါကြောင့် ကျွန်တော်လည်း ဒီကို တမင်လာတာပ ကောင်းကြီးရယ်”

“မင်းစကားက အဆန်းပါလား”

“မဆန်းပါဘူး ကောင်းကြီးရာ။ နောက်တစ်လ နှစ်လဆို မန်းစက်တော်ရာ ဘုရားပွဲကလည်း စတော့မယ် မဟုတ်လား။ ဘုရားဖူးလာကြတဲ့ မြို့ကြီးသား ဧည့်သည်တွေဟာ ဒေါင်းမြီးတစ်စုံကို ထောင်နဲ့ချီပေး ဝယ်ကြတယ်တဲ့။ ဒါကို ကောင်းကြီးလည်း ကြားမှာပါ”

“ဟင်… ဟုတ်ရဲ့လား ငါ့တူရဲ့၊ ဒေါင်းမြီးတစ်စုံကို ထောင်ချီပေးတယ်ဆိုတာ ကောင်းကြီးတို့တစ်သက်တော့ မကြားဖူးပေါင်ကွာ”

“ကောင်းကြီးတို့ မကြားလို့သာ မကြားရမယ်၊ ကျွန်တော် သေသေချာချာ စုံစမ်းပြီးပြီဗျ။ အမွေးအတောင်ကောင်းတဲ့ အချို့ ဒေါင်းမြီးတွေဆို သောင်းနားကပ်တောင် ပေးဝယ်ကြတယ်တဲ့”

“ဟာ… တယ်ဟုတ်ပါလား၊ အံ့သြစရာပဲကွ”

“မအံ့သြနဲ့ ကောင်းကြီး။ ကြက်တူရွေးတွေ၊ သာလိကာတွေ၊ ဖွတ်တွေ၊ လိပ်တွေကိုလည်း ဝယ်တယ်ဆို ကောင်းကြီး ယုံမှာလား”

“အေးလေ၊ မင်းတို့ မြို့နေ ပြည်နေ လူတွေပြောတော့လည်း ကောင်းကြီး ယုံရမှာပေါ့။ ငါတို့က တောသူတောင်သားတွေပဲ။ ဒါနဲ့ မင်းအဖေကော ခု လက်သမား၊ ပန်းရန် လိုက်လုပ်နေတယ်ကြားတယ်၊ ဟန်ရဲ့လား”

“ဘယ်ဟန်ပါလိမ့်မတုံး ကောင်းကြီးရာ။ အစကတော့ ကျွန်တော်လည်း အဖေနဲ့ လိုက်လုပ်ပါတယ်။ ဘိလပ်မြေ သိပ်ဈေးကြီးတော့ ပန်းရန် မလုပ်ရတာ ကြာပြီ။ ခု အလုပ်မရှိတော့ ကောင်းကြီးတို့ဆီ ဒေါင်းပစ်ရအောင်ဆိုပြီး အကြံပေါက်လို့ လာတာလေ”

“အေးကွ၊ မင်းပြောသလို ဒေါင်းမြီးတစ်စုံ ထောင်နဲ့ချီရတယ်ဆိုရင် ကောင်းကြီးတောင် ဒေါင်းပစ်လိုက်ချင်သဟေ့”

“အဲဒါလည်း ကောင်းကြီးကို စောစောကပင် ပြောမလို့ပါ။ ကျွန်တော်က ဒေါင်းပစ်လာတယ် ဆိုပေမဲ့ ဘယ်လယ်ကွင်းမှာ ဒေါင်းငှက်တွေ ဘယ်အချိန် ကျတတ်တယ်ဆိုတာ တိတိကျကျ မသိတော့ ကောင်းကြီးပဲ ခေါ်ရမှာပေါ့။ ရတော့ တစ်ယောက်တစ်ဝက်ပ။ ကောင်းကြီး လိုက်မယ်မဟုတ်လား”

“အေးကွာ။ ဒီလို သတိရတာ ငါ့တူကို ကျေးဇူးတင်ပါတယ်။ ဒေါင်းတွေ ကျတတ်တာကတော့ ကောင်းကြီးတို့ လယ်တွေမှာလည်း ကျတတ်တာပဲ။ တို့ရွာက ဘယ်သူ့ရဲ့လယ်မှာ ဘယ်အချိန် ဒေါင်းတွေကျတတ်တယ်ဆိုတာကိုလည်း ကောင်းကြီး အကုန်သိတာနော် … စိတ်ချ”

ဒီလိုနှင့် တူအရီးနှစ်ဦး ဒေါင်းပစ်ရန်ကိစ္စ တိုင်ပင်၍ သန်းခေါင်ကျော်မှ အိပ်ရာဝင်နိုင်ကြသည်။

xxx xxx xxx

မနေ့တုန်းက ဦးစံပနှင့် သောင်းညွန့်တို့၏ အစီအစဉ်မှာ မနက်လေးနာရီလောက်ကပင် ထပြီး ဦးစံပ၏မိန်းမ ဒေါ်မှုန်ကို ကောက်ညှင်းပေါင်းခိုင်းမည်။ သူတို့ တူဝရီးနှစ်ယောက် ကောက်ညှင်းပေါင်း အဝစားပြီး စလင်းချောင်း အနောက်ဘက်ရှိ လယ်ကွက်များဆီ မိုးမလင်းမီ အရောက်သွားကြမည်ဖြစ်သည်။

သို့သော် မနေ့ညနေက ဆွေမျိုးသားချင်းတွေအကြောင်း၊ ဒေါင်းမြီးတစ်စုံရလျှင် ငွေလေးငါးခြောက်ထောင် ရနိုင်ကြောင်း တစ်ညနေလုံး ထိုင်ပြောနေကြသဖြင့် မနက်အိပ်ရာထ နောက်ကျသွားသည်။

ဒေါ်မှုန် ကောက်ညှင်းပေါင်းရန် ထချိန်မှာပင် ဝေလီဝေလင်း ဖြစ်နေပြီ။

ထို့ကြောင့် ဦးစံပနှင့် သောင်းညွန့်တို့မှာ ကောက်ညှင်းပေါင်းပင် စားမနေနိုင်ကြတော့ဘဲ ဒေါင်းငှက်ပစ်ရန် ကမန်းကတန်း ထွက်လာကြရသည်။

“ဒီအချိန်ဆို ဒေါင်းတွေတောင် ကျနေလောက်ပြီကွ။ လာ … လာ မြန်မြန်”

ဒေါင်းမြီးတစ်စုံရလျှင် ငွေလေးငါးထောင် အနည်းဆုံး ရနိုင်သည်ဆိုသဖြင့် ဦးစံပ၏ ခြေလှမ်းကို သောင်းညွန့်ပင် မီအောင် မနည်းလိုက်နေရသည်။

ဒီလိုနှင့် ဦးစံပနှင့် သောင်းညွန့်တို့သည် စလင်းချောင်း အနောက်ဘက် လယ်ကွင်းများရှိရာသို့ ရောက်လာကြ၏။

ရွှေရောင်ဝင်းနေသော လယ်ကွင်းများရှိ စပါးနှံများမှာ နံနက်ခင်း နေရောင်ခြည်ထဲ ငိုက်မျဉ်းနေကြ၏။

“ကဲ… လာ လာ၊ ဟိုလယ်ကွင်းထဲမှာ လှုပ်လှုပ်ရှားရှား မြင်နေရတယ်ကွ။ ဧကန္တ ဒေါင်းအုပ်ပဲနေမှာ”

ဦးစံပက သောင်းညွန့်ကို လက်ကုတ်၍ လယ်ကန်သင်းအတိုင်း ခေါ်လာ၏။ လယ်ကန်သင်းပေါ် မတ်တတ်ရပ်လျှောက်သွားနေကြလျှင် ဒေါင်းငှက်များ မြင်မှာစိုးသဖြင့် တူအရီးနှစ်ယောက်မှာ ကုန်းကုန်းကွကွနှင့် လျှောက်လာနေကြရ၏။

“တောက်တောက်…”

“တောက်တောက်…”

လယ်ကွင်းတစ်ဝက်ကျော်သို့ အရောက်တွင် လယ်ကွင်းအစရှိ မန်ကျည်းပင် တစ်ပင်ပေါ်က တောက်တောက် မြည်သံတစ်ခုကို ကြားလိုက်ရသဖြင့် သောင်းညွန့်က လှမ်း၍ ကြည့်လိုက်၏။

မန်ကျည်းပင်ပေါ်၌ အလွန်လှပသော ဒေါင်းငှက်ဖိုကြီးတစ်ကောင်ကို လှမ်းမြင်လိုက်ရ၏။

ဒီဒေါင်းကြီးကို ပစ်လိုက်ရလျှင် ဟူသော အတွေးမဆုံးမီမှာပင် “အိုးဝေ … အိုးဝေ” ဟူသော ဒေါင်းတွန်လိုက်သံနှင့်အတူ မန်ကျည်းပင်ပေါ်က ဒေါင်းဖိုကြီးသည် ရုတ်ခနဲ ထပျံသွား၏။

ဒေါင်းဖိုကြီး အော်မြည် ထပျံသွားသံနှင့်အတူ လယ်ကွင်းထဲရှိ ဒေါင်းငှက်များအားလုံးလည်း ချက်ချင်း တစ်ပြိုင်နက် ထပျံသွားကြသည်။ ဘယ်လိုမှ ပစ်ချိန် မရလိုက်ကြ။

ဒေါင်းငှက်များသည် အနောက်ရိုးမဘက်ရှိ ခမည်းတောင်ဘက်ကို အုပ်လိုက် ပျံပြေးသွားကြသည်။

“ဒီနေ့တော့ ဒီနားဝန်းကျင်မှာ ဘယ်လိုမှ ဒေါင်းပစ်လို့ ရမှာ မဟုတ်တော့ဘူး”

“ဘာဖြစ်လို့လဲ ကောင်းကြီး”

“ဒေါင်းတွေဟာ စာတို့၊ ကြက်တူရွေးတို့လို မဟုတ်ဘူးကွ။ အင်မတန် အမှတ်သည်းခြေ ကောင်းကြတာ။ ပြီးတော့ စာတို့၊ ကြက်တူရွေးတို့လို ခဏခဏလည်း မလာကြဘူး။ တစ်နေ့ တစ်ခါပဲ လာတတ်ကြ တာ။ လာတာကလည်း ဒီလို မနက်တစ်ချိန်ပဲ။ နေ့လယ်မှာ နေပူတော့ သူတို့က အစာရှာမထွက်ကြဘူး။ မြိုင်ကောင်းကောင်းမှာ နားနေကြတာ။ ဒီနေ့တော့ လာကို မလာကြတော့ဘူး”

“ဟုတ်ကဲ့ … ဒါဆို ပြန်ကြတာပေါ့ ကောင်းကြီး။ မနက်ဖြန်မှ စောစောစီးစီး လာစောင့်ကြတာပေါ့”

“အေးကွ၊ တို့ ညဉ့်ဦးက စကားကောင်းနေခဲ့ကြတာကိုး”

“ဒါနဲ့ ကောင်းကြီး၊ စောစောက မန်ကျည်းပင်ပေါ်က တောက်တောက် တောက်တောက်နဲ့ အော်မြည်တာ ဘာကောင်လဲ၊ ဒေါင်းပဲလား”

“သိပ်ဟုတ်တာပ။ ဒါပေမဲ့ အဲဒီ တောက်တောက်… တောက်တောက် မြည်သံဟာ ဒေါင်းမြည်သံ မဟုတ်ဘူးကွ။ ဒေါင်းဖိုကြီးက သူ့ ခြေထောက်အတက်ကို နှုတ်သီးနဲ့ခေါက်ပြီး ရန်သူလာတယ်ဆိုတာကို သူအုပ်ချုပ်လာတဲ့ လယ်ကွင်းထဲက ဒေါင်းတွေကို အန္တရာယ် အသိပေးတာ။ သူက ကင်းစောင့် ဒေါင်းဖိုကြီးလေ”

သောင်းညွန့်မှာ ကောင်းကြီးစံပ ပြောမှ ရှင်းသွားလေသည်။

xxx xxx xxx

ဒီနေ့ကျတော့ ဦးစံပနှင့် ဒေါ်မှုန်ရော သောင်းညွန့်ပါ ဝီရိယ ကောင်းလိုက်ကြသည်မှာ ရွာဦးကျောင်းက အုန်းမောင်းကလတက် မခေါက်မီကပင် နိုးနှင့်နေကြသည်။ ကောက်ညှင်းပေါင်းစား၊ ရေနွေးကြမ်းသောက်ပြီးသည်ထိ ရောင်နီက ပေါ်မလာသေး။

သို့သော် စောစောစီးစီး သူတို့က လယ်ကွက်ထဲ ကြိုရောက်နေမှ ကောင်းမည်ဟု ဦးစံပက ပြောသဖြင့် ရောင်နီမလာမီပင် ရွာက ထွက်လာကြသည်။

ဦးစံပနှင့် သောင်းညွန့်တို့သည် လယ်ကွင်းနှင့် ကပ်လျက်ရှိသော ဝါးရုံတစ်ရုံထဲဝင်ကာ ဒေါင်းငှက်များအလာကို စောင့်နေကြသည်။

“မောင်သောင်းညွန့်၊ မင်း ခမည်းတောင်ဘက်ကို ကြည့်နေကွ။ ဒေါင်းအုပ်တွေလာရင် အဲဒီ ခမည်းတောင်ဘက်ကနေ လာတတ်ကြတယ်”

ဦးစံပ ညွှန်ပြသော အနောက်ရိုးမရှိ ခမည်းတောင်ကို မိုးသောက်ရောင်နီထဲ ပျပျမှိုင်းမှိုင်းသာ မြင်နေရ၏။

သို့သော် မကြာပါချေ။ ခမည်းတောင်ဘက်က ကြိုးစတစ်စ လေထဲ လွင့်ပါလာသလို တွန့်လိမ်ကောက်ကွေးကာ ရွေ့လျားလာနေသော အရာဝတ္ထုတစ်ခုကို ရောင်နီဦး ပက်ဖျန်းထားသော မိုးကောင်းကင် မြူလွင်ပြင်ထဲတွင် ထင်ထင်ရှားရှား မြင်နေရတော့သည်။

“ဟိုမှာ … ဟိုမှာ တွေ့လားကွ။ အဲဒါ ဒေါင်းငှက်တွေ ပျံလာကြတာပဲ။ ဝေးသေးလို့ ကြိုးစတစ်စလို မြင်နေရတာ။ ကြည့်နေ … ကြည့်နေ”

ဦးစံပ ပြောသည်မှာ အမှန်ပင်။ ခဏအကြာမှာပင် ကြိုးတန်းရှည်ကြီးမှာ အပိုင်းအပိုင်း ပြတ်သွားကြပြန်၏။ ထိုအခါမှာတော့ ဒေါင်းငှက်များကို တစ်ကောင်ချင်းစီ ပီပီပြင်ပြင် မြင်လာရသည်။

သူတို့ စောင့်နေကြသော လယ်ကွင်းဆီ တည့်တည့်မတ်မတ် ဦးတည်ပျံလာနေကြ၏။

မိမိတို့နှင့် နီးကပ်လာပြီဖြစ်သဖြင့် သောင်းညွန့်မှာ ဒေါင်းငှက်များကို မျက်တောင်မခတ် စိုက်ကြည့်နေ ရသည်။

ဒေါင်းငှက်များသည် စပါးမှည့်လယ်ကွင်းထဲ ချက်ချင်း မဆင်းကြသေးဘဲ ဝင်းနေသော စပါးခင်းများပေါ် ပျံဝဲနေကြသည်။ ထိုသို့ အုပ်လိုက် ပျံဝဲနေကြရာမှ ဒေါင်းဖိုကြီးတစ်ကောင်သည် အုပ်ထဲမှ ခွဲထွက်သွားကာ သစ်ရိုင်းပင်ကြီး တစ်ပင်ပေါ် သွားနားသည်။

ဤ ဒေါင်းငှက်အုပ်၏ ကင်းစောင့် ဒေါင်းတစ်ကောင် ဖြစ်မှန်းတော့ မနေ့တုန်းက အတွေ့အကြုံအရ သောင်းညွန့် သိလိုက်ရသည်။

စပါးခင်းပေါ် ပျံဝဲနေကြသော ဒေါင်းငှက် အကောင် ၂ဝ ကျော်မှာ ကင်းစောင့် ဒေါင်းဖိုကြီးဆီက တစ်စုံတစ်ရာ အန္တရာယ်အချက်ပေးသံကို မကြားရ၍လား မသိ။ ခဏသာ ပျံဝဲနေကြပြီး စပါးခင်းထဲ ဆင်းလာကြ၏။

ငိုက်ကျနေသော စပါးနှံများကြားထဲတွင် ဒေါင်းငှက်များ၏ လည်တိုင်၊ ဦးခေါင်းများကို လှုပ်လှုပ်ရွရွ မြင်နေရ၏။

လယ်ကွင်းထဲက ဒေါင်းများမှာ စပါးပင်တွေနှင့် လုံးထွေးနေကြ၍ ကိုယ်လုံးတွေကို တစ်ကောင်ချင်း ပီပီပြင်ပြင် မမြင်ရ။ လည်တိုင် ဦးခေါင်းလောက်ကိုသာ မြင်နေရ၏။

ထို့ကြောင့် သောင်းညွန့်မှာ ဒေါင်းဖို၊ ဒေါင်းမ အကြီး အသေး ခွဲခြား ရွေးမရ ဖြစ်နေ၏။ ဒေါင်းငှက်များသည် စပါးနှံများကို ပေါက်ဆိတ်စားရန် ကြိုးစားနေကြသည်။ သူတို့နှုတ်သီးနှင့် ပေါက်ဆိတ်လိုက်တိုင်း စပါးနှံတွေက ယိမ်းရွှေ့လှုပ်ရှားသွားရာ ဘယ်လိုမှပင် ပေါက်ဆိတ်စားမရ ဖြစ်နေကြသည်။

ထိုအခါ ဒေါင်းငှက်များသည် စပါးတစ်နှံလုံးကို ပခုံးနှင့် လည်ပင်းကြား ညှပ်ကာ ကိုယ်ကို ဆန့်ဆွဲ ညှစ်လိုက်ကြသည်။

ညှပ်ဆွဲ လိမ်ကျစ်ခံရသော စပါးနှံများထဲက စပါးစေ့များမှာ ဤတစ်ခါတော့ ခြွေချသလို အကုန်ကြွေကျကုန်ကြသည်။

သူတို့ ခြွေချလိုက်ကြသော စပါးနှံပေါ်က စပါးစေ့များကိုလည်း ဒေါင်းငှက်များက အကုန်မစားကြရ။ ပပ်ကြားအက် မြေကွဲကြောင်းထဲ ဝင်သွားသော စပါးစေ့က ပိုများလေရာ ဆာလောင်မွတ်သိပ်နေသော ဒေါင်းငှက်များမှာ မြေပြင်ကို ခြေကန်၍ မြေပပ်ကြားအက်ကွဲကြောင်းထဲက စပါးစေ့များကို နှုတ်သီးနှင့် လှမ်းနှိုက်ပြန်၏။

သို့သော် ပပ်ကြားအက်ကွဲကြောင်းတွေမှာ နက်ရှိုင်းသဖြင့် သူတို့နှုတ်သီးနှင့် ဘယ်လိုမှ လှမ်းမမီ ဖြစ်နေကြပြန်သည်။

ထိုအခါ စပါးပုတ်ခြေရင်းတွင် တစ်စေ့တလေ တင်ကျန်နေသော စပါးစေ့များကို သူ့ထက်ငါဦး လုကောက်စားကြရပြန်သည်။

ဒီလိုနှင့်လည်း ဝမ်းမဝသေးသောအခါ စပါးနှံတွေကို ပခုံးနှင့် လည်ပင်းကြား ညှပ်၍ ကပ်ခြွေကြပြန်၏။

ထိုသို့ စပါးနှံခြွေရာတွင် လည်ပင်းကို စပါးမွေး အစူးခံရသော အကောင်အချို့မှာ အတော်ပင် နာကျင်သွားပုံရသည်။ ရုတ်တရက် တစ်ကိုယ်လုံး ဆတ်ဆတ်ခါနေသည်ကို မြင်နေရသည်။

စပါးစေ့ထိပ်မှ စပါးမွေးမှာ သူတို့၏ လည်ပင်းအမွေးအကြား အသားနုထဲကို ဝင်စူးသွားရာ သူတို့၏ လည်ပင်းကို စပါးပုတ်၊ စပါးပင်တွေနှင့် တိုးတိုက်နေကြပြန်သည်။

ရုတ်တရက်မူ လောလောလတ်လတ် ခြွေချထားသော စပါးစေ့များကိုပင် ကောက်ယူမစားနိုင်ကြသေးဘဲ စပါးပင်များထဲ ခုန်ဆွ ခုန်ဆွ ဖြစ်နေကြသည်။

အချို့မှာလည်း ရှေ့တိုးနောက်ဆုတ် ခုန်ပေါက်ရုန်းကန်ရင်းက တစ်ကောင်နှင့် တစ်ကောင် တိုးတိုက်မိကြရာမှ အကျပ်အတည်းကြားထဲ ဒေါသထွက်၍ လုံးထွေးထခွပ်နေကြပြန်၏။

ထိုသို့ ဒေါင်း သုံးလေးကောင် လုံးထွေးထခွပ်ကြပြီဆိုလျှင် အနီးပတ်ဝန်းကျင်ရှိ စပါးပုတ်၊ စပါးပင်တွေမှာ အကုန် ကျိုးပြတ်ပိပြား၍ ညက်ညက်ကြေသွားတတ်၏။

သောင်းညွန့်သည် စပါးမွေးစူး၍ ဆောက်တည်ရာမရ ဖြစ်နေသော ဒေါင်းငှက်များကို မျက်တောင်မခတ် စိုက်ကြည့်ကာ ရင်ထဲ ဆို့ဆို့နင့်နင့် ဖြစ်လာ၏။

ဒေါင်းငှက်အုပ်များ စပါးခင်းထဲဝင်လျှင် ဝမ်းစာပင် မကျန်အောင် ပျက်စီးတတ်သည်ဟု ကောင်းကြီးစံပ ပြောသော စကားများကိုလည်း သတိရနေသည်။

သူတို့ စားသွားကြတာထက် စပါးမွေးစူး၍ ရုန်းကန်တိုးတိုက် နင်းပစ်ကိုက်ခဲကြသဖြင့် စပါးများ ပို၍ ပျက်စီးသည်ဟု ဆို၏။

လူတို့တွင် ဝမ်းစာစပါး အရေးကြီးသလို ယခု ဒေါင်းငှက်များမှာလည်း ဝမ်းရေး ဝမ်းစာအတွက်နှင့် ရုန်းကန်လှုပ်ရှားကာ ဘဝတိုက်ပွဲ ဝင်နေကြသည်။ မျိုးတူချင်း၊ တစ်အုပ်တည်းသားချင်း လုံးထွေးကိုက်ခဲ သတ်ပုတ်နေကြသည်။

တစ်နေ့တာ ဝမ်းရေးအတွက် မိုးမလင်းမီကပင် စပါးခင်းများရှိရာ လယ်တောထဲ ဝေးလံသီခေါင်သော ခမည်းတောင်ကြီးဆီက အပန်းတကြီး ပျံလာကြရသည်။ လယ်ကွင်းထဲ ရောက်ပြန်တော့လည်း ချက်ချင်း ဆင်းမစားရဲကြသေးဘဲ လူသားတို့၏ အန္တရာယ်ကို ကင်းချကာ အစောင့်အကြပ် ထားကြရသည်။

တခြားသော ဒေါင်းငှက်များ စပါးခင်းထဲ ဆင်းစားနေကြချိန်တွင် ကင်းစောင့် ဒေါင်းဖိုကြီးမှာ သတိ ဝီရိယနှင့် ကင်းစောင့်ပေးနေရ၏။

ထိုဒေါင်းဖိုကြီးအတွက် စပါးစေ့များကို ကျန်ဒေါင်းငှက်များက စလုတ်ထဲ၊ ပါးစပ်ထဲငုံပြီး ယူဆောင်သွား ကြလိမ့်မည်။

သူတို့ စခန်းချရာသို့ ရောက်တော့မှ ကင်းစောင့် ဒေါင်းဖိုကြီးကို အန်ကျွေးကြရမည်။

သောင်းညွန့်သည် လယ်ကွက်ထဲက ဒေါင်းငှက်များ၏ ဝမ်းစာရေးတိုက်ပွဲကို ငေးကြည့်ကာ သူ့မိန်းမနှင့် ကလေးများထံ စိတ်ရောက်သွားသည်။

သူသည် မိသားစုဘဝ ဝမ်းစာရေးအတွက် ယခု မြင်နေရသော ဒေါင်းငှက်များလိုပင် ရုန်းကန်လှုပ်ရှားနေခဲ့ရသည်။ မြင်းလှည်းမောင်းစဉ်က မြင်းလှည်းမှောက်၍ ကျောတွေ နံတွေ တစ်လကိုးသီတင်း အောင့်နေဖူးသည်။ ကြပ်ထုပ်ထိုး၊ ဆေးလိမ်းနှင့် နှစ်လ သုံးလ နားနေခဲ့ရဖူးသည်။ ထိုအခါ မိသားစု၏ စားဝတ်နေရေးမှာ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်ခဲ့ရသည်။

ဆိုက်ကားနင်းပြန်တော့လည်း စရိုက်ချင်း မတူသော ဘဝတူ ဆိုက်ကားသမားတွေနှင့် စကားများ ရန်ဖြစ်ကာ ဆိုက်ကားဂိတ်နှင့် ဝေးခဲ့ရပြန်သည်။

အဖေနှင့်လိုက်ပြီး လက်သမား၊ ပန်းရန် လိုက်လုပ် ပါ၏။ ဝမ်းစာရအောင် အလုပ်က မလုပ်ရ။ လုပ်ရက်ထက် နားရက်က များနေ၍ ဝမ်းစာမရ။

ထို့ကြောင့် ယခုကဲ့သို့ အကြံကုန် ဂဠုန်ဆားချက် ဆိုသလို ဒေါင်းငှက်ပစ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ယခု ဒေါင်းငှက်များ၏ ဝမ်းစာရေးတိုက်ပွဲကို မြင်ရသောအခါ သောင်းညွန့်မှာ သေနတ်ကိုကိုင်ပြီး ငိုင်သွားမိသည်။

ဤသည်ကို မသိသော ဘကြီးတော်သူ ကောင်းကြီး ဦးစံပကမူ –

“ပော့ကောင် သောင်းညွန့်၊ ပစ်လေကွာ … မြန်မြန်ပစ်။ ဘာငေးကြည့်နေတာလဲ။ အတော်ကြာ ငါ့လယ်ကွင်းထဲ ဝမ်းစာစပါးတော့ ကုန်တော့မှာပဲ။ ပစ်လကွာ … မြန်မြန်ပစ်စမ်းပါ”

ဟု လက်တို့ သတိပေးနေသည်။

ထိုအခါ သောင်းညွန့်သည် ဒေါင်းငှက်များ တစ်ကောင်မှမရှိသော စပါးပုတ်တစ်ပုတ်ခြေရင်းကို ချိန်ရွယ်ကာ ခလုတ်မောင်းကို ဖြုတ်ချလိုက်သည်။

“ဒိုင်း”

သေနတ်သံကြောင့် ဒေါင်းငှက်များအားလုံး ဘေးမသီ ရန်မခဘဲ ခမည်းတောင်ဘက်ဆီကို အထိတ်တလန့် ပျံသွားကြလေသည်။

သိဒ္ဓိမိုးမဂ္ဂဇင်း ၊ စက်တင်ဘာ ၊ ၂ဝဝ၆။

– ပြီး –

စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *