သင်းသတ်ပြီး ကျွန်းပင်ခြောက် ထိပ်ဖျား ကိုင်းလက်တက်တစ်ခုတွင် လွန်စွာမျှ ကြီးမားသော..

“အောင်လောင်း” ငှက်ကြီးတစ်ကောင်
နားနေ၏။ အဝေးနေရာမှ ပျံသန်းလာရင်း ခေတ္တနားနေဟန် တူသည်။သို့တည်းမဟုတ် နောက်မှ ရောက်လာကြမည့် အဖော်ငှက်များကို စောင့်နေခြင်းလည်း ဖြစ်နိုင်သည်။

အတန်ကြာအချိန်တွင် အဝေးဆီမှ အောင်လောင်းငှက် သုံးကောင် ပျံသန်းလာသည်ကို မြင်လိုက်သည်နှင့် သူသည် ခရီးဆက်ရန်အလို့ငှာ ကိုင်းထက်နေရာမှ ဆတ်ကနဲ ခုန်ကာ ကြီးမားသော တောင်ပံနှစ်ဖက်ကို ဖြန့်ခတ်လိုက်သည်နှင့် တပြိုင်နက်ဆိုသလို “ဒိန်း” ရယ်လို့နားကွဲလုမတတ် မြည်ဟည်းသံတစ်ချက် ကြားလိုက်ပြီး သူ ခြေတစ်ဖက်သည် ပူကနဲ ဖြစ်သွားကာ သွေးများဖြာထွက်သွားတော့၏။

ထိုအရှိန်ကြောင့် သူသည်လည်း တစ်ချက်ယိုင်ထိုးသွားသဖြင့်ကပျာကသီ သတိကို ထိန်းချုပ်တာ အားယူ ဦးမော့ပြန်တက်နိုင်ရန် ကြိုးစားလိုက်တော့၏။ သူ၏ ခြေတစ်ဖက် ပေါင်လယ်လောက်မှနေ၍ ပြတ်သွား၏။ ကံကောင်း သည်ဟုပင် ဆိုရလေမလား မသိ။ သူ သစ်ကိုင်းခြောက်မှ ခုန်ပျံအထွက် စောသွားသည်ကြောင့် သူ့ခြေတစ်ဖက်သာပေးလိုက်ရသည်။ နို့မဟုတ်ပါမူ သူ့ အသက်ပေးဆပ်ရမည်မလွဲဧကန် ဖြစ်သည်။ သို့ငြား သူသည် နာကျင်လွန်းသည်ဖြစ်၍ ဟန်ချက်ညီညီ ချက်ကျကျ ပျံသန်းနိုင်စွမ်း မရှိပါချေး သည့်ပြင် ပြတ်လျက် ခြေတစ်ဖက်မှ သွေးတို့တစ်စက်စက် ကျပါများလာ၍ မိုက်ကနဲ သတိလစ်ကာ မြေပြင် သို့ထိုးဆင်းကျသွားတော့၏။

ကျွန်တော်သည် လွန်စွာမျှလည်း ဆာလောင်နေသည်ဖြစ်၍စားမကောင်းသော အောင်လောင်းငှက်ပင်ဖြစ်ငြား အာဟာရအလို့ငှာ
ပစ်ခတ်လိုက်ခြင်း ဖြစ်တော့သည်။ငှက်ကြီးသည် ကိုင်းခြောက်မှ ထအပျံနှင့် တပြိုင်နက်ဆိုသလိုဖြစ်သွားခြင်းကြောင့် ပစ်မှတ်လွဲချော်မှု ဖြစ်ကာ ခြေထောက်ကိုသာ ထိမှန်သွားသည် ဖြစ်၏။

သို့ပေမင့် ငှက်ကြီးသည် ဝေးဝေးသို့ ဆက်လက်ပျံသန်းနိုင်စွမ်းမရှိလေတော့ဘဲ မြေပြင်ပေါ်သို့ ထိုးစိုက်ကျသွားသည်ကို တွေ့လိုက်သဖြင့် ဝမ်းသာမိတော့၏။ ရှေ့တောင်ကျောစွယ်လေးတွင် ကျသွားခြင်းဖြစ်၏။ ထိုနေရာသို့ အပြေးကလေး သွားလိုကတော့သည်၊တောသည် တောခြောက်ဖြစ်ခြင်းအပြင် သစ်တောဌာနမှ ကျွန်းပင်များ သင်းသတ်ထားခြင်းကြောင့် ရှင်းလင်းနေ၏။ တောင်ကြောစွယ်ပေါ်တွင် မြက်ရိုင်းပင်တို့ နေပူဒဏ်ကြောင့် ခြောက်သွေ့ နေကြ၏။

တောင်ကြောစွယ်လေးနား ရောက်သည်နှင့် ခပ်ပြေပြေ တောင်ကြောစွယ် ဖြစ်သဖြင့် လွယ်လင့်တကူ ကြောပေါ်သို့ တတ်လိုက်သည်။ခပ်ပြေပြေလေးဟု ဆိုရငြား ခါးကိုင်းကာ အားယူခြေကုတ်ဖြစ်၏။ထိုတောင်ကြောစွယ်ပေါ် ရောက်သည်နှင့် လွန်စွာအံ့ဖွယ်ကောင်းသော မြင်ကွင်းကို တွေ့ လိုက်သဖြင့် တဒင်္ဂ မှင်တက်သွားမိသည်။ကျွန်တော် ပစ်ခတ်လိုက်သော “အောင်လောင်း” ငှက်ကြီးသည့်ထင်ထားသည်ထက် ပိုမိုကြီးမားနေတော့၏။ အမြင့်မှာ ရှိနေစဉ် မြင်ရခြင်းနှင့် မြေပြင်အနီးကပ် မြင်ရခြင်း ကွာခြားမှုဖြစ်သည်။ တကယ်တော့လိုသည်ထက် ကြီးမားနေခြင်းသည် အံ့ဩဖွယ် မဟုတ်၊ အံ့ဖွယ်သည်ကားပျံ့ညံ့လေး ခွေယိုင်ကျနေသော ငှက်ကြီးနံဘေးတွင် ထိုင်လျက်နေ ကသိုဏ်းရှူနေသော သူတော်စင်တစ်ဦးကို ကောပေးလျက် မြင်တွေ့ လိုက်ရခြင်းကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ကျွန်တော်သည် ထိုသူတော်စင်ရှိရာသို့ ဖြည်းလေးညင်သာသော ခြေလှမ်းများဖြင့် ချည်းကပ်သွားလိုက်သည်။

“ဆုံရပြန်ပြီပေါ့”
သို့နှယ် သူတော်စင်က လှည့်မကြည့်ဘဲ ပြောလာသံကြောင့်ကျွန်တော်နှင့် ရင်းနှီး ကျွမ်းဝင်ပြီးသား အသံဖြစ်၍ “ဟင်. . . ရသေ့ဓမ္မပါလပါကလား” ဟု နှုတ်မှ လွှတ်ကနဲ ထွက်သွားတော့၏။

ကျွန်တော်သည် ရသေ့ ဓမ္မပါလ ရှေ့မှောက်တွင် သေနတ်ကိုနံဘေးချထားလိုက်ကာ ယို့ယို့ကလေး ထိုင်ချလိုက်ရင်း. . .

“ဘယ်လို… ဒီတောရောက်နေရပြန်တုန်း၊ ကျွန်တော် ဒီမလာခင်မှာ မုဆိုးစောလူးနဲ့ တွေ့ လို့ ဆရာရသေ့ “ဘော်ခီး” တောင်တန်း
တစ်ဝိုက်မှာ အဓိဋ္ဌာန်ဝင်နေတယ်လို့ ပြောတယ်”

“စောလူးနဲ့ ဘယ်မှာ တွေ့တုန်း” ရသေ့ ဓမ္မပါလက ပြုံးလျက်မေးလာသဖြင့် ကျွန်တော်လည်း ပြုံးစိစိဖြင့်ပင်။”

“ရွှေတိဂုံဘုရားပေါ်မှာ တွေ့တာ မုခ်လေးမုခ်မှာ အဓိဋ္ဌာန် ဝင်နေတယ် ပြောတယ်။ တစ်မုခ်ကို ကိုးရက် အဓိဋ္ဌာန်ဆိုလားပဲ” ဟု ပြော
လိုက်သည်။ရသေ့ ဓမ္မပါလက အဓိပ္ပါယ်ပါပါ ပြုံးရင်းမှ “ကဲ. . . . မုဆိုးစောလူးတောင် ကျွတ်တန်းရပြီး ဘုရားတရား အလုပ်လုပ်နေပြီ၊ ကိုပိုက်ကတော့ သတ္တဝါတွေရဲ့ အသက်ကို မသတ်ရလျှင်ဖြင့် မအိပ်နိုင် မစားနိုင်ဖြစ်နေလို့လား” ဟုမေးလေတော့၏၊
“အဲလိုလည်း မဟုတ်ပါဘူး။ နို့ပေမင့် မြို့ပေါ်မှာ မွေးဖွားသူဖြစ်လာပြီး ဝေးသီခေါင်တဲ့ တောနက်နက်တွေထဲ လာလာပြီး သားကောင်တွေကို သတ်ဖြတ်စားနေရတာ ဘာကြောင့်များပါလိမ့်ရယ်လို့ ကိုယ့်ကိုယ်တောင် ပြန်မေးရလောက်အောင် ဖြစ်နေတယ်။ ဝဋ်ကြွေးများလား မသိဘူးနော်”

“ဟား… ဟား…ဟား… ဟား. ဟား… ဟား”
ကျွန်တော့် စကား ကြားလိုက်ရသည်နှင့် ရသေ့ ဓမ္မပါလသည်အားပါးတရ ရယ်မောလိုက်ပြီး-

“ဟုတ်ပြီ. . . ဟုတ်ပြီ. . . ရသေ့လည်း ဝဋ်ကြွေးကြောင့်ကိုယ့်အလုပ် လုပ်ရတယ်ကို မရှိဘူး။ သူများကိစ္စတွေကိုပဲ ဦးစားပေးလုပ်နေရတယ်။ ဟား… ဟား… ဒါနဲ့ မေးရဦးမယ်၊ဒီတစ်ခါ တစ်ယောက်တည်း ပါကလား။ လင်းမြင့်လှိုင် မပါဘူးလား” ပြောလေ၏၊ မေးလေ၏။

“လင်းမြင့်လှိုင် စီးပွားရေး လုပ်နေတယ်လေ။ MYANMAR BRIDGEMENT CO.LTD မှာ Director အဖွဲ့ဝင်လေ။ အလုပ်တွေများနေတယ်။ ခရီးတွေ သွားနေရတယ်။ ဒါကြောင့် လိုက်မလာနိုင်တာ”

“နေပါဦး . . ဘာလုပ်ငန်းတွေ လုပ်နေတာလဲ”
“National – Panasonic Battery တွေ IMPORT ပြန်ဖြန့်တာလေ”

“ဪ သိပြီ။ ကောင်းတယ်။ ကောင်းတယ်။
ရသေ့က မေးတယ်လို့ ဟုတ်ပြီလား။ ကြည့်စမ်း. . .တစ်ယောက်ကစီးပွားရေး လုပ်ငန်းရှင် ဖြစ်နေတယ်။ တစ်ယောက် ကဘာသာရေးဘက်ကူးသွားပြီ။ ကိုပိုက်ကတော့ မိုက်ပြီးရင်း မိုက်ရင်း ပါကလား”

ရသေ့ ဓမ္မပါလကို ကျွန်တော် ဘာမျှ ပြန်မပြောသား ပြုံးစိစိသာလုပ်နေလိုက်တော့၏။ ထိုသို့သာ ကျွန်တော် နေလိုက်ပြန်သော်လည်း-

“အင်း. . . ပြောမယ့်သာ ပြောရသာ ကိုပိုက်လည်း ဒီအကုသိုလ်အလုပ်ကို မလုပ်ချင်ဘူးဆိုတာ ရသေ့ သိပါတယ်၊ စိတ်ညစ်တာရယ်၊ စိတ်ဆင်းရဲတာရယ်တွေ များလာတော့စိတ်ထွက်ပေါက်ရှာရင်း မြို့ပြမှာဖြစ်ခဲ့တဲ့. ဒေါသကို ဒီတောတောင်ထဲလာပြီး ဖောက်ခွဲတာပဲ မဟုတ်လား”

ရသေ့ ပြောစကားကြောင့် ကျွန်တော် စေ့စေ့ကြည့်လိုက်သည်။ကျွန်တော့်အကြောင်းတွေ သိနေသလိုပင် ဖြစ်သည်။ တကယ်တော့ ကျွန်တောသည် ရသေ့ပြောသလို မြို့ပြတွင် ဒုက္ခမျိုးစုံနှင့် ကြုံခဲ့ရ၏၊

စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်ခဲ့သည်။ လုပ်ငန်းကျွမ်းကျင်ပေမင့် စီးပွားမလုပ်တတ်သည်ကြောင့် အရှုံးပေါ်ခဲ့ရ၏။ သည့်ပြင်အကြွေး တင်ခဲ့၏။ ကျန်းမာရေးကပါ ရံခါဆိုသလို ဖောက်ပြန်လာတတ်တော့ တုံးလုံးစာ ဆိုသည်ကို သတိရလာသည့်ပြင်၊ ကိုယ်သွားလျှင်လည်းကျန်ရစ်ခဲ့မည့် သူတို့အတွက် ထားခဲ့စရာ ရှိလေမှ တော်ပေရော့မည်ဟုတွက်မိကာ စီးပွားရေးလုပ်ငန်းတစ်ခုတွင် လက်ဝေခံစား ဝင်လုပ်ခဲ့သည့်၊သို့တောင်မှ ငယ်စဉ်က ကျောင်းနေဖက် သူငယ်ချင်းက ဆွယ်၍ဖြစ်ပေသည်။

“မင်း တစ်ကိုယ်ရေအတွက်တော့ ရရစားစား ဟုတ်တာပေါ့။သေခြင်းဆိုတာ ဘယ်သူမှ အံတုလို့ရတာ မဟုတ်ဘူး။ မေတ္တာရပ်ခံလို့
လည်းရတာ မဟုတ်ဘူး။ ချုပ်ကိုင်လို့လည်း မရဘူးကွ။ နိယာမအတိုင်းကြည့်မယ်ဆိုလျှင်တောင် မင်းက အိမ်ထောင်ဦးစီး၊ အသက်အကြီးဆုံး၊သေခြင်းတရားနဲ့ မင်းအရင် ရင်ဆိုင်ရမှာ။ ကဲ… မိန်းမနဲ့ ကလေးအတွက် ဘာစီစဉ်ထားတာ ရှိလဲ၊ မရှိဘူး မဟုတ်လား။ သူ့မိဘ လက်ထဲက မင်းသဘောနဲ့ မင်းယူထားတာ မင်းမှာ တာဝန်ရှိတယ်လေ။ကလေးဆိုလျှင်ဖြင့် ပိုလို့တောင် တာဝန်ရှိသေးတယ်။ ဒီကလေး လူလောကကြီးထဲ ရောက်လာတာ မင်းတို့ခေါ်လို့ ရောက်လာတာပဲ မဟုတ်လား။ ကဲပြော. . . ငါပြောတာ မှားလား။ မင်းရှိနေတုန်းမှာ ပြဿနာ
မရှိဘူးထား။ မင်းမရှိတော့လျှင်ဖြင့် မင်းမှ မထားခဲ့လျှင်ဖြင့် ဘယ်လိုနေကြမလဲ၊ ဘယ်လို စားကြမလဲ”

သူငယ်ချင်းက သို့နှယ် ပြောလေမှ ကျွန်တော် သတိထားမိတော့၏။ အစက ကျွန်တော် တွက်ထားသည်မှာ သေခြင်းကို ကျွန်တော်
ဂရုစိုက်စရာမလိုဟု ဖြစ်သည်။ သို့ဆိုပါလျှင် လောဘ၊ ဒေါသ၊ မောဟတွေသည် အလိုလို ပျောက်ချုပ်ငြိမ်းချေပြီဟု သိထား၏။

သူငယ်ချင်းသတိပေးလေမှ ကြက်သီး ဖြန်းခနဲ ထသွားမိသည်။ ဟုတ်ပါကလား။သို့ကြောင့် ကျွန်တော် သူနှင့် လက်တွဲ လက်ဝေခံစားဖြင့် စီးပွားရေးလောကထဲ ဝင်လိုက်ခြင်း ဖြစ်သည်။
“ရသေ့ပြောတာ မမှန်လား” ဟု ပြောလာသဖြင့် ကျွန်တော့်အတွေးစကို ဖြတ်လိုက်ပြီး.. .. ..

“ရသေ့ ဘယ်လို သိထားလဲ ပြောလေ” ဟုမေးလိုတ်၏။သည်တွင် ရသေ့က ပြုံးလျက် “ကိုယ့်ကို ကိုယ့်မိသားစုဘဝကိုကူညီပေးမလိုနဲ့ ကိုယ့်ကို ခုတုံးလုပ်၊ သူ့ကိုယ်ကျိုးစီးပွား လုပ်သွားတဲ့ကျောင်းနေဖက် သူငယ်ချင်းကြောင့်၊ ပြီးတော့ လူကြီးလူကောင်း မဆန်လှတဲ့ ကုမ္ပဏီပိုင်ရှင် ဆိုသူရယ်ကြောင့် စီးပွား ဖြစ်မလာတဲ့အပြင် ကိုယ့်လုပ်ငန်းတွေနဲ့ အဆက်ပြတ်ခဲ့ရတာရယ်၊ မိတ်ဆွေကောင်းတွေရဲ့ အထင်အမြင် လွဲမှားခံခဲ့ရတာတွေရယ်ကြောင့် စိတ်ဓာတ်ကျခဲ့ရတယ်။

သည်တော့တော့ ဒေါသကိုလည်း ချုပ်တည်းလိုလို့ရယ် အမျက်ဖြေဖို့ရယ်အတွက် ဒီတောတောင်ထဲ ပြန်ရောက်လာတာ မဟုတ်ဘူးလား” ဟု ရသေ့ ဓမ္မာပါလက ပြောလာသဖြင့် ကျွန်တော် အံ့ဩမိတော့၏။ ရသေ့ ပါလကိုကျွန်တော်နှင့် ပူးကပ်နေသူရယ်လို့ ထင်ရလောက်အောင် သူ့စကားတွေမှန်လွန်းလှချေ၏။

ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူက ကျွန်တော် လက်ခံထားသည့် လုပ်ငန်း ပြီးစီးရန် ၂၀ရာခိုင်နှုန်းလောက် အလိုတွင် နှောင့်နှေးကြန့်ကြာသည်ဟု အကြောင်းပြကာ ကြားဖြတ် ဝင်လုပ်သွားတော့၏၊သည်တွင် ကုမ္ပဏီပိုင်ရှင် ဆိုသူကလည်းရာနှုန်းပြည့် လုပ်ခဲ့ခြင်း မဟုတ်ဟူ၍ အကြောင်းပြကာ ကျွန်တော်လုပ်ခဲ့သော ၈၀ရာခိုင်နှုန်းစာ လုပ်အားခကို မပေးတော့ချေ။ သည့်ပြင် ၈၀ ရာခိုင်နှုန်း ကာလပြီးတိုင် လုပ်ခဲ့သည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းရမည်ဖြစ်သော ငွေလက်ကျန်များကိုလည်း ရှင်းမပေးတော့သဖြင့် ကျွန်တော့်အား ကူညီပံ့ပိုးပေးကြသောမိတ်ဆွေကောင်းများနှင့် မျက်နှာ ပျက်ခဲ့ရလေ၏။

ဤတွင် သူတို့နှစ်ဦးအပေါ် လွန်မင်းစွာ ဒေါသဖြစ်ခဲ့ရတော့၏၊တကယ်တော့- သူငယ်ချင်းဖြစ်သူနှင့် ကုမ္ပဏီပိုင်ရှင်သည် ဒီယုန်မြင်၍ဒီချုံထွင်ခဲ့ကြခြင်းသာ ဖြစ်တော့သည်။ထိုလုပ်ငန်းကို လက်ခံလိုက်မိခြင်းကြောင့် ကျွန်တော့်တွင် ကြီးစွာသော ဆုံးရှုံးမှုများ ဖြစ်ခဲ့ရတော့သည်။ကုမ္ပဏီပိုင်ရှင် ဆိုသူကားပညာတတ်၊ ငွေကြေးချမ်းသာသူ၊ငယ်သူငယ်ချင်းဖြစ်သူကား စင်ပေါ်က ဆွဲချခံထားရသူ၊ သို့ငြား သူသည်စင်ပေါ်ရောက်ခဲ့စဉ် အချိန်ပိုင်းလေးကို ဂုဏ်ဖော်ကာ လူအထင်ကြီးအောင် ပြောဆိုနေထိုင်သူ ဖြစ်သည့်အလျောက် ကျွန်တော့် လုပ်ငန်းကိုဝင်၍ နှမ်းဖြူးသွားသူသာ ဖြစ်တော့၏။

မည်သို့ပင် ရှိကြချေ။ ထိုသူနှစ်ယောက်သည် ကျွန်တော့်ထက်သာသူများဟု ဆိုရပေငြား ကျွန်တော်နှင့် လုံးဝယှဉ်မရသော အရာများရှိပေ၏။ ထိုသူတို့သည်ကား မရိုးသားခြင်း၊ စာနာစိတ် မရှိခြင်း၊ လူကြီးလူကောင်း ပီသစွာ မကျင့်သုံးတတ်ခြင်းပင် ဖြစ်ချေတော့၏။ သည့်ပြင်လောဘကင်းသူ၊ မောဟကင်းသူ မဟုတ်သည်မှာ သေချာလောက်ပေ ၏။

“ကိုပိုက် ဘာတွေ စဉ်းစားနေတုန်း. . . ရသေ့ပြောတာတွေမမှန်ဘူးလား။ ပြောဦးလေ”
ရသေ့ ဓမ္မပါလ၏ မာန်ပါသော အမေးကြောင့်-
“ဟုတ်တယ် ရသေ့ကြီး” ဟု တုံးတိတိ ဖြေလိုက်၏။ သည်တော့မှ ရသေ့ ဓမ္မပါလက လေသံအေးအေးဖြင့် ပြောလာပြန်၏။

“ကိုပိုက်အနေနဲ့ သူတို့အပေါ် ဘယ်လိုမှ မတုံ့ပြန်လေဘဲ ကိုယ့်ဘဝဝဋ်ကြွေးပေပဲ။ ဒီဝဋ်ကြွေး သံသရာ ပြတ်အောင် ပြတ်လိုလို့ ကျောခိုင်း ထွက်ခဲ့ပေမင့် ထွက်လာခဲ့တဲ့ နေရာက မှားနေပြန်တယ်။ သေချာစဉ်းစားကြည့်လျှင်ဖြင့် ကြွက်မနိုင် ကျည်မီးရှို့ သလို ဖြစ်မနေဘူးလား”

“ဟုတ်တယ် ရသေ့ကြီး. . . ကျွန်တော်ကတော့ စိတ်ဖြေဆိုပြီးထွက်လာတာ ဒီမှာရှိတဲ့ သတ္တဝါတွေကို ဒုက္ခလာပေးသလို ဖြစ်နေတာကိုး” ဟု ကျွန်တော်က ညှိုးငယ်စွာဖြင့် ပြောလိုက်သည်။ ကျွန်တော့်စကားကြောင့် ရသေ့ ဓမ္မပါလသည် ရယ်မောလျက်. . …

ဟား.. ဟား… ဟား. . . ဒါလည်း သိသားနဲ့ကွာ။ ထားပါလေ။ ခုဒီငှက်ကို မင်း ဒုက္ခပေးလိုက်ပြီ။ ကိုပိုက်က ဘယ်လိုလူ ဖြစ်နေလဲဆိုတော့ ပုံနေတဲ့ အမှိုက်ပုံကို တစ်စစီ ဆွဲထုတ် ဖယ်ရှားရမှာကိုတော့သတိမရဘဲ အမှိုက်တွေ ထပ်ထပ်ပုံနေသလို ဖြစ်နေပြီ။ ရှင်းရှင်း ပြောရလျှင် လုပ်ခဲ့တဲ့ အကုသိုလ် ဝဋ်ကြွေးဆပ်လို့ မကုန်သေးဘူး။ အကုသိုလ်အလုပ်တွေ ထပ်လုပ်နေတာကိုး။ ဒီတော့ကာ ဘယ်လာဆုံးနိုင်တော့မှာတုန်း။ ကိုပိုက်က ဘယ်လိုကျင့်ကြံရမယ်။ ဘယ်လို နေထိုင်ပြောဆိုရမယ်ဆိုတာ မသိမဟုတ် အကုန်သိနေတာ၊ သို့ပေမင့် သိသလောက် တတ်သလောက် လိုက်မလုပ်နိုင်တာ ခက်တယ်။ ပြောလျှင် ဇွဲမရှိဘူး။ ဘယ်အရာမဆို လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာ ကိုပိုက်ခေါင်းထဲ စွဲပြီးမှတ်သားစေချင်တယ်”

“ဟုတ်ကဲ့ပါ ရသေ့ကြီး”

“ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုတဲ့ စကားလည်း ရှိတာပဲ။ကိုယ်သိတာ ကိုယ်တတ်တာ၊ ကိုယ်နားလည်တာကိုပဲ များများလုပ်ပါ၊ကျင့်ကြံပါ။ များသည်ထက် များနိုင်အောင် လုပ်ပါ။ ဖြစ်လာမှာပါ။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ပေမင့် နှမ်းတွေ တောင်ပုံယာပုံ ဖြစ်လျှင်ဖြင့်ဆီ မဖြစ်ပေဘူးလား”

ကျွန်တော် ရသေ့ ဓမ္မပါလကို ကြည့်ရင်း ပို၍ လေးစားလာမိတော့သည်။ သူပြောသည်မှာ အမှန်တွေချည်း ဖြစ်သည်။ ကျွန်တော်ကောင်းကောင်း နားလည် သဘောပေါက်ချေပြီ။ သို့ကြောင့် ကျွန်တော်သည် နံဘေးမှာ ချထားလေသည့် သေနတ်ကို ကောက်ယူကာ မဂ္ဂဇင်းဘောက်စ်ထဲမှ ကျည်ဆန်များကို ထုတ်၍ ရသေ့ ဓမ္မပါလကို ကမ်းပေးလိုက်ရင်း ခြေတစ်ဖက်ပြတ်ကာ အသားတို့ ဖွာလန်ကျဲနေသည့် အောင်လောင်းငှက်ကြီးကို ကောက်ယူ ပွေ့ပိုက်လိုက်၏။ ပြီးတော့-

“ဒီငှက်ကြီးကို ကျွန်တော် ဆေးဝါးကုသ ကျွေးမွေးထားပါ့မယ်”ဟု ပြောလိုက်၏။

“ခုမှတော့ ကိုပိုက် ဘယ်လိုပဲ ယုယကျွေးမွေးထားနိုင်မယ် ဆိုပေမင့် သူ့ဘဝက ဘယ်တော့မှ ပြန်လန်းဆန်းတက်ကြွလာမှ မဟုတ်တော့ဘူးလေ။ သူ့မိသားစုနဲ့ သူ ကွဲကွာသွားခဲ့ရပြီး သူ့ ခြေလက်အင်္ဂါမစုံမလင် ဖြစ်ခဲ့ရပြီ။ ငှက်တို့သဘာဝ လွတ်လပ်စွာ ပျံသန်းနိုင်စွမ်းလည်းရတော့မှာ မဟုတ်ဘူး။ သူများကျွေးတဲ့ အစာကိုစားပြီး သေမယ့်နေ့ကိုစောင့်နေရရှာတော့မယ်။ လူပဲဖြစ်စေ၊ တိရစ္ဆာန်ပဲဖြစ်စေ၊ သတ္တဝါ မှန်သမျှ အဲဒီလို အဖြစ်မျိုး ရသေ့ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ရသေ့ပဲတာဝန်ယူ ဆေးဝါးကုသ၊ ပြုစုကျွေးမွေးထားပါ့မယ်” ဆိုကာ ကျွန်တော့်ထံမှ အောင်လောင်းငှက်ကြီးကို ပြန်တောင်းထားလေတော့သည်။

ကျွန်တော့် လက်ပေါ်တွင် စိုးရွံ့ကြောက်လန့်စွာဖြင့် နေနေရသော ငှက်ကြီးသည် ရသေ့ ဓမ္မပါလ၏ လက်တွင်း ရောက်သွားသည်နှင့်မျက်ဝန်း အစုံသည် တောက်ပ ဝင်းလက်သွားတော့သည်။
သည့်နောက် ကျွန်တော်သည် ရသေ့ ဓမ္မပါလနှင့် ငှက်ကြီးကိုကျောခိုင်းကာ ထိုနေရာမှ တစ်လှမ်းချင်း လှမ်းထွက်ခဲ့တော့၏။

ထိုသည်နောက်ပိုင်း ကျွန်တော် အမဲလိုက်ခြင်းအလုပ်ကို စွန့်လွှတ်လိုက်တော့သည်။

ကျွန်တော်သည် မုဆိုးဝတ္ထုကို စဉ်ဆက်မပြတ်ရေးနေလင့်ကစား ယခုအဖြစ်အပျက်ကို ရေးဖို့ရာ လက်တွန့်နေမိပါသည်။ ဘယ်တွက်မူ ကျွန်တော့်ကြောင့် ငှက်ကြီး ဒဏ်ရာ အကြီးအကျယ် ရသွားသည်ကို ရသေ့ ဓမ္မပါလက ကုသပေးလိုက်၍ ပျောက်ကင်းခြင်း ရှိမရှိမသိရခြင်း၊ ထိုဒဏ်ရာဖြင့် သေသွားလေပြီလော ဝေခွဲမရခြင်းကြောင့်ဖြစ်ပေ၏၊

သို့ပေမင့် နှစ်တွေ ရှည်ကြာခဲ့ပြီး ကာလ၊ ပြီးခဲ့သော တန်ဆောင်မုန်း လပြည့်ညက သန်းခေါင်ယံလွန်အချိန်တွင် အိပ်မပျော်လေသည်က တစ်ကြောင်း၊ အိုက်လွန်းလှသည်က တစ်ကြောင်း၊ လျှပ်စစ်မီးပြတ်နေခြင်းကြောင့် တစ်ကြောင်း စသည့်အကြောင်းတို့ကြောင့် လပြည့်ညလည်း ဖြစ်နေပြန်သည်ကြောင့် လပြည့်ည၏ အရသာကို ခံစားလိုခြင်းအလို့ငှာ ၀ရန်တာဘက် ထွက်ခဲ့တော့၏။

အအိပ်အနေနည်းသော သမီးလည်း ပါလာ၏။ ဇနီးသည်ကားအိပ်ပျော်လျက်။သားအဖနှစ်ယောက်သည် ထိန်ထိန်သာသော လမင်းကြီးကိုကြည့်ကာ ပီတိဖြစ်နေကြ၏။ ထိုစဉ်-

“ဖေ. . . ဟေ့ ဟိုမယ်ကြည့်စမ်း ဘာကောင်ကြီးတွေလည်း မသိဘူး” ဟု သမီးက လက်ညှိုးညွှန်ပြရာ ပညားဒလလမ်း မီးပွိုင့်အနီးကမ္ဘောဇဘဏ် အဆောက်အအုံ အပေါ်ဆုံးထပ်ရှိ ဆိုင်းဘုတ်ကြီးဘက်သို့ လှမ်းကြည့်လိုက်သည်တွင် လွန်စွာမျှ ကြီးမားသော အောင်လောင်းငှက်ကြီး နှစ်ကောင်ကို ရုတ်တရက် မြင်လိုတ်ရတော့၏။

“ဟာ”

ထူးဆန်းသော မြင်ကွင်းပင်ဖြစ်ချေ၏။ မြို့ပြတွင် မြင်ရခဲသောအောင်လောင်းငှက်ကြီး နှစ်ကောင် ဖြစ်၏။ ထိုမြင်ကွင်းက ကျွန်တော့်
ရင်တွင်း ဆို့နင့်သွားစေသည်။ဘယ့်အတွက်မူ တစ်ကောင်သည် ခြေတစ်ဖက် မရှိပါတကား၊
သူတို့ဦးတည်သွားရာ နေရာသည်ကားရွှေတိဂုံစေတီတော်မြတ်ကြီးဆီသို့
ဖြစ်ချေတော့သည်။

တန်ဆောင်မုန်းလပြည့်နေ့က ကျွန်တော်တို့သားအဖကဲ့သို့ပင်ငှက်ကြီးနှစ်ကောင်ကို တွေ့ လိုက်ရသူများ ရှိကောင်း ရှိနိုင်ပေမည်။ ထိုသူတို့အထဲတွင် ခြေတစ်ဖက်ပြတ်နေသော ငှက်ကြီးတစ်ကောင်ကို သတိထားတွေ့မိသူသည် ကရုဏာသက်မိပါက ကျွန်တော့်ကိုသာလျှင် အပြစ်မြင်ချေတော့ဟု ပြောချင်ပါတော့သည်။

၁၂-၁၂-၂၀၀၁
မှုခင်းရှုထောင့် မဂ္ဂဇင်း
မေလ (၂၀၀၂ခုနှစ်)