—————–

“ဆယ်သက်ဆယ်ကမ္ဘာမကပါ ခင်ရယ်”
လို့မိုးပြောဂျိုးပြောနဲ့ပြောခဲ့တာ ယုံခဲ့မိပါတယ် ကိုလှငွေ။
သူ့စကားကို ယုံခဲ့မိလို့ အခုတော့ ခင့်နောက်မှာ အငယ်လေးတွေတန်းစီထားပြီး ခင်က မဟေသီခေါင်ချုပ်ဘဝကိုပဲ လက်ခံရတော့မှာပေါ့။
ရှင့်အသက်က မငယ်တော့ဘူးနော်။အခုနောက်ဆုံးတစ်ယောက်က ရှင့်သမီးအငယ်ဆုံးထက်တောင် ငယ်သေးတယ်ဆိုပဲ။
ခေတ်ကာလမကောင်းတဲ့ကြားမှာ အငယ်လေးတွေတစ်ယောက်ပြီးတစ်ယောက်ယူနိုင်တာကို အံ့သြမိပါရဲ့။
ရှင်ရှာဖွေပေးခဲ့သမျှကိုလည်း ကျွန်မလည်း လုံလုံလောက်လောက်သုံးခွင့်မရခဲ့။
အခုလို အားလုံးခက်ခဲနေကြချိန်မှာ တော်မို့ လုပ်ရက်တယ်ကိုလှငွေ။
အသက်ကခုနှစ်ဆယ်ပြည့်တော့မယ်။ဝတ်လိုက်ရတဲ့ ဂျင်းဘောင်းဘီနဲ့စတိုင်ဘောင်းဘီ။စပို့ရှပ်ဆိုရင်အရောင်နုမှ ရွေးဝယ်ပြီးသုံးလိုက်ရတဲ့ရေမွှေး၊ဆံပင်ဖြူကိုလည်း
ဆေးဆိုးထားလို့မဲနက်ပြောင်လို့။
အသက်ကိုလိမ်လို့မရတာကတော့ ပြောင်နေတဲ့ဦးခေါင်းပါဘဲ။
အသားဖြူဖြူအရပ်ကငါးပေလေးလက်မတောင်မပြည့်ချင်ပေမယ့် ငွေသုံးကြမ်းတဲ့ ရှင့်ကို မြေးတွေ ခေတ်စကားနဲ့ပြောနေကြသလို ပြောမိရင်တော့ ခင်အကုသိုလ်ဖြစ်အုံးမယ် ကိုလှငွေရယ်။
ဒီတစ်ယောက်က နောက်ဆုံးဖြစ်ပါစေလို့ပဲဆုတောင်းရတော့မှာပေါ့။

**********
တကယ်တော့ ငါ ဘယ်သူ့ကိုမှ လိမ်ညာပြီး လက်ထပ်ခဲ့တာမဟုတ်ဘူးဆိုတာ သစ္စာဆိုကျိန်ပြောဝံ့ပါတယ်ခင်။
ငါကနယ်တကာကိုသွားလာနေရသူမဟုတ်လား။
ကိုယ့်စီးပွားရေးလုပ်ကွက်ရှိတဲ့ဒေသတွေကို သွားရတိုင်းအနည်းဆုံးတစ်နှစ်လောက်တော့ကြာတတ်တာ မင်းလည်းသိပါတယ်ခင်ရယ်။
ငါ့နောက်ကလိုက်ခဲ့ဖို့ ခေါ်ပြန်တော့လည်း အိမ်ထောင်ရှင်မပီသစွာနဲ့ အိမ်ကတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတွေ၊ အိမ်အလုပ်တွေ ၊မိအိုဖအိုကို ပြုစုရတဲ့
အလုပ်တွေ၊သားသမီးတွေရဲ့နေ့စဥ်ဝတ္တရားတွေ၊အခုတော့မြေးတွေသုံးလေးယောက်နဲ့ ဘယ်တော့မှ ငါ့နောက်ကပါမလာနိုင်ခဲ့တာ နင့်ကိုလည်းအပြစ်မတင်ရက်ပါဘူးခင်ရယ်။
သူငယ်ချင်းဘဝကနေချစ်သဒ္ဓါပျိုးလို့ချစ်မိုးတွေရွာရင်း နင်နဲ့ငါ လက်ထပ်ကြတော့ သားကြီးက ကိုယ်ဝန်သုံးလပြည့်တော့မယ်။
ငါဘယ်မိန်းကလေးကိုမှ လိမ်ညာလက်ထပ်ခဲ့တာမဟုတ်ပေမယ့် အပေးအကမ်းရက်ရောတတ်တဲ့၊စကားပြောချိုတယ်လို့အသိအမှတ်ပြုခံရတဲ့၊အသက်နဲ့မလိုက်အောင်နုပျိုနေတာပဲလို့ အထင်ခံရတတ်တဲ့ ငါက သူတို့မာယာမှာ အလိုက်သင့်မျောပါခဲ့မိတာတော့ ငါ့အမှားပါဘဲ။
နင့်နောက်က အမျိုးသမီးတွေအများစုကလည်း ငါ့ကိုမေတ္တာစစ်နဲ့ချစ်လို့ လက်ထပ်ခဲ့တာမှမဟုတ်ပဲ။
အချိန်တန်တော့လမ်းခွဲသွားကြ၊ထိုက်ထိုက်တန်တန် ပေးလိုက်တဲ့ပစ္စည်းဥစ္စာတွေကိုယူပြီး သူ့လမ်းကိုသူဆက်လျှောက်သွားကြတာပါဘဲခင်ရယ်။
အစကတော့ ငါ့မကောင်းသတင်းတွေကြောင့်
နင် မျက်ရည်ကိုအဖော်ပြုရင်း စိတ်ဆိုးနာကျည်းခဲ့လေသလား။နားလည်ခွင့်လွှတ်တတ်ခဲ့လေသလားဆိုတာ ငါအသိဆုံးပေါ့ခင်ရယ်။
ယောက္ခမတွေနဲ့ငါ့မိဘတွေက နင်နဲ့ငါ့ကိုဆက်မပေါင်းပဲ ကွာရှင်းပြတ်စဲဖို့ ပြောခဲ့ကြပေမယ့် နင်ကိုယ်တိုင်က တစ်ခုလပ်ဆိုတဲ့နာမည်ဆိုးကြီးကိုမခံယူဝံ့ခဲ့ဘူးဆိုတာက
နင်ငါ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိတာပေါ့ခင်။
ငါလည်းနင့်ကိုချစ်လို့ လက်ထပ်ခဲ့တာပဲကွယ်။
ဒါပေမယ့် ငါ့စိတ်ကိုက ခိုင်ခိုင်မာမာမရှိခဲ့ဘူး။စိတ်ပျော့လွယ်၊ယိုင်လဲလွယ်တတ်လို့လည်း အခုအချိန်အထိ အမှားတွေဆက်တိုက်ကျူးလွန်နေမိတယ်ဆိုတာ ဝန်ခံပါတယ်ခင်။
ဒီအသက်အရွယ်က ဘုရားရိပ်ကျောင်းရိပ်မှာ တရားဘာဝနာရှာမှီးနေရမယ့်အရွယ်ပေါ့။
ငါကိုယ်၌က မိရိုးဖလာ ဗုဒ္ဓဘာသာဖြစ်နေတော့ စစ်မှန်တဲ့အေးရိပ်ကို ရှာမတွေ့နိုင်သေးတာ ဝန်ခံပါတယ်ခင်။
အခုဖြစ်သွားရတဲ့ကိစ္စကလည်း။

***********
“နင်တို့အိမ်မှာတည်းနေတဲ့ဧည့်သည်လူကြီးကချောလိုက်တာနော်”
“ငွေသုံးတာကလည်း ကြမ်းတယ်တော်ရေ့”
“တော်တော်ချမ်းသာမယ့်ပုံပဲ”
“သူ့အဝတ်အစားတွေကခေတ်မီလိုက်တာ၊ပုဆိုးဝတ်တာတောင်မမြင်ဖူးဘူး၊အမြဲတမ်းစပို့ရှပ်နဲ့ ဘောင်းဘီပဲဝတ်တယ်နော်၊သူ့အဝတ်အစားတွေ နင်လျှော်ပေးရတာလား ညိုညို”
အိမ်ကိုရောက်လာသည့်ဧည့်သည်လူကြီးကို အဖေကဆရာဟုရိုရိုသေသေခေါ်သည်။
ထိုလူကြီးကလည်းအဖေ့ကို ငွေတွေအထပ်လိုက်ပေးသည်။
အဖေ့အားကိုးနှင့် ညိုညိုတို့ရွာမှာ စီးပွားရေးလုပ်ငန်းတစ်ခုစတည်ခဲ့သည်။
လုပ်ငန်းကအစပြုရုံပဲရှိသေးတော့ အောင်မြင်မှာလား၊မအောင်မြင်ဘူးလားဆိုတာကို သေသေချာချာမသိသေးပေမယ့် ဘဏ်မှာငွေထုတ်သည့်ကိစ္စနှင့်မြို့ကိုသွားတိုင်း
အပြန်မှာအိမ်ပြန်လက်ဆောင်အဝတ်အစားတွေအလှပြင်ပစ္စည်းတွေဝယ်လာပေးတတ်သောဦးလှငွေကို အရိုးခံစိတ်ဖြင့်အထင်ကြီးမိတာအမှန်ပင်။
ဦးလှငွေမှာသားကြီးမယားကြီးရှိမှန်းလည်းညိုညိုမသိ။မေးရန်လည်းမဝံ့မရဲ။ဦးလှငွေကလည်း သူ့မိသားစုအကြောင်းဘာတစ်ခွန်းမှ စကားမဟဖူးတော့ ဦးလှငွေကလူလွတ်လား၊အိမ်ထောင်ရှိလား ညိုညိုမသိပါ။
ညိုညိုသိတာက ဦးလှငွေချမ်းသာသည်။ညိုညိုတို့မိသားစုကဦးလှငွေကြောင့် ပြေလည်လာသည်။
ညိုညိုစိတ်ကူးယဥ်ခဲ့သော တန်ဖိုးကြီး အဝတ်အစား
တွေ၊အလှပြင်ပစ္စည်းတွေ၊ညိုညို့မွေးနေ့ဆိုပြီးလက်ဆောင်ပေးခဲ့သော ငါးမူးသားရွှေဆွဲကြိုးတစ်ကုံးက
ဦးလှငွေအပေါ် ညိုညိုယစ်မူးခဲ့လေပြီထင်သည်။
ညိုညို့မိဘတွေကလည်း ဦးလှငွေအပေါ်မှာ ဘယ်လိုသဘောထားသလဲတော့မသိပေမယ့် ဦးလှငွေပိုင်ဆိုင်သောငွေကြေးတွေကြောင့် ရွှေနဲ့ငွေနဲ့ဆိုင်ကယ်နဲ့
သွပ်မိုးပျဥ်ထောင်အိမ်နဲ့ဖြစ်လာကြတာတော့ ငြင်းမရပါ။
ဦးလှငွေကလည်း လက်ဖွာတတ်သည်ကိုး။
အဖေတောင်းသမျှဘယ်တော့မှစာရင်းပြန်မစစ်တာတော့သေချာသည်။အဖေ့ကိုလည်းအတော်ယုံကြည်ပုံရသည်။
လုပ်ငန်းတွေအစပြုရင်းတဖြည်းဖြည်းအောင်မြင်လာခဲ့ပြီ။
ထူးဆန်းတာက ဦးလှငွေဇနီးသားသမီးတွေ ဦးလှငွေ
ထံသို့ဘယ်သူမှ မလိုက်လာတတ်တာပါ။
ညိုညို့သူငယ်ချင်းတွေကတော့ ညိုညို့လိုပင် ဦးလှငွေကို အထင်ကြီးကြသည်။စိတ်နားကပ်ရောင်ကြောင့်ပါးပြောင်လာသောညိုညိုတို့မိသားစုကို အားကျကြသည်။
သည်လိုနှင့် မစွမ်းရင်းကလည်းရှိကန်ဇွန်းခင်ကလည်းညိကြတော့သည်။
ထူးဆန်းတာက ညိုညို့မိဘတွေကဦးလှငွေနှင့်ညိုညိုကို
ကြည်ဖြူသဘောတူကြတာပဲ ဖြစ်သည်။
ရွာကတော့ ငွေမက်သည်။အဖိုးကြီးကို အမိဖမ်းသည်။
စသည်ဖြင့် ​ပြောချင်ရာပြောကြပေမယ့် တကယ်လည်း
မှန်နေတော့ ဘာစကားမှပြန်မချေပမိ။
ဦးလှငွေနှင့်ညိုညိုက ဦးလှငွေအလုပ်ရှိရာမြေကွက်မှာ အိမ်တစ်လုံးဆောက်ပြီး နှစ်ယောက်တစ်ကမ္ဘာ ထူထောင်နေတော့သည်။
သားကြီးဇော်ဇော်ငါးနှစ်သား၊သမီးငယ်မိုမိုသုံးနှစ်သမီးအရွယ်မှာ ဦးလှငွေ ကွယ်လွန်ခဲ့သည်။

*************
နောက်ဆုံးတော့ ရှင့်နာရေးကို ခင်ကိုယ်တိုင်လာခဲ့ရပြီပေါ့ကိုလှငွေရေ။
သားသမီးမြေးတွေအစုံနဲ့ခင်တို့မိသားစုကို ရွာက
ဆရာတော်ကျောင်းမှာ နေရာချပေးပါတယ်။ရှင့်သားနဲ့သမီးလေးတွေက မြေးလေးတွေနဲ့မှ ရွယ်တူတွေပေါ့။
ညိုညိုဆိုတဲ့ကလေးမကလည်း ရှင့်သမီးအငယ်ဆုံးထက်တောင် ငယ်လိမ့်မယ်။
ရှင် ကျွန်မတို့မိသားစုဆီကို ပြန်မရောက်လာတာလည်းခုနှစ်နှစ်နီးပါးရှိခဲ့ပြီပဲ။
တစ်ခါတစ်လေရှင်ပို့ပေးတဲ့ငွေကြေးကိုတော့ လက်ခံရပါတယ်။ရှင်ဖုန်းဆက်တော့ နောက်အိမ်ထောင်ကျနေပြီလို့သတင်းကြားရချင်း အချိန်တန်ရင်ပြန်လာမှာပဲလို့ ထင်မိခဲ့တာပါ။
ရှင့်နာရေးကိစ္စပြီးတော့မှပဲ အိမ်ပြန်လာခဲ့ပါတယ်။
တကယ်ဆိုရင် ခင်က ရောင်နောက်ဆံထုံးပါရမှာပေါ့။အခုတော့ ရှင်သွားရာနောက်ကို လိုက်မပါနိုင်ခဲ့တဲ့ ခင့်အပြစ်လို့ပဲပြောရတော့မှာလား မသိတော့ပါ။
ရှင်ပထမဆုံးဗွေဖောက်စဥ်ကထဲက မိဘယောက္ခမတွေကွဲကွာဖို့တိုက်တွန်းခဲ့ကြတာ နားထောင်ခဲ့မိရင်တော့ ရှင့်ဘဝ ဘယ်လိုဆက်ဖြစ်မယ် ဆိုတာမခန့်မှန်းနိုင်ပါဘူး။
အမှားကိုတောင်းပန်လိုက်ပြန်လာလိုက်၊အရင်အတိုင်းပဲတရားဝင်ဝင်၊တရားမဝင်ဝင် ယူလိုက်တဲ့နောက်အိမ်ထောင်တွေနဲ့ပေါင်းလိုက်ကွဲလိုက် ပင်မ မဟေသီချုပ်ထံကိုပြန်လာလိုက်၊ခင်ကလည်း ကြာလာတော့ ကိုလှငွေ ဘယ်လောက်ပဲခြေများများ ပေယျာလကံ ထားလိုက်ပါတော့တယ်။
အခုတစ်ခေါက်ကတော့ ရှင်ဘယ်တော့မှပြန်မလာခဲ့တော့ဘူးပေါ့။ရှင့်ယောက္ခမဆိုတဲ့လူက ဖုန်းဆက်ပြောလို့ ရှင့်နောက်ဆုံးခရီးကို လိုက်ပို့ခဲ့ရပြီပေါ့ကိုလှငွေ။
အရင်အိမ်ထောင်ဆက်တွေနဲ့ သားသမီးမရခဲ့ပေမယ့်အခုတော့ မြေးအရွယ်ရှင့်သွေးသားလေးနှစ်ယောက်ကိုကြည့်ပြီး ရင်ထုမနာဖြစ်ရပြန်ပါတယ်။

************
“ဒီကလေးနှစ်ယောက်ကို ကျွန်တော်တို့မကျွေးမွေးနိုင်တော့လို့ အဒေါ့်ကိုအကူအညီလာတောင်းတာပါ”
ကိုလှငွေဇနီးညိုညိုက လူတစ်ယောက်နှင့် ခိုးရာလိုက်ပြေးသွားခဲ့သည်။မြေးကလေးနှစ်ယောက်ကို ညိုညိုမိဘတွေက ပြုစုစောင့်ရှောက်ရင်းဦးလှငွေချန်ထားခဲ့သော အလုပ်တွေကိုဆက်လုပ်ရင်းကံမစပ်တော့ စီးပွားတွေလျှောလာတော့သည်။နောက်ဆုံးနေစရာလည်းမရှိ၊စားစရာလည်းရှာဖွေရခက်လာတော့ရှေ့မျက်နှာနောက်ထားရင်း မြေးကလေးနှစ်ယောက်ကိုလက်ဆွဲကာ ခင့်ထံသို့ ရောက်လာခဲ့တော့သည်။
သားသမီးတွေကတော့ ရှက်စရာကောင်းသည်ဟုထင်မှတ်ကြပေမယ့် ခင့်စကားကိုတော့မပယ်ရှားဝံ့ကြပါ။
“ဒီကလေးနှစ်ယောက်က အမေနဲ့ဘယ်လိုမှမပတ်သက်ပေမယ့်သားတို့သမီးတို့ရဲ့အဖေတူအမေကွဲမောင်နှမအရင်းလေးတွေပါ။ဒီကလေးနှစ်ယောက်မှာ ဘာအပြစ်မှမရှိပါဘူး။လောကအကြောင်းကိုဘာမှ မသိနားမလည်သေးတဲ့ ကလေးတွေကို အမေတို့ကဝိုင်းဝန်းစောင့်ရှောက်ပေးရမယ်။မေတ္တာအစစ်တွေပေးရမယ်။ပရဟိတဂေဟာတွေမှာတောင်သွေးမတော်သားမစပ်တဲ့ ကလေးတွေကို ရင်ဝယ်သားလိုစောင့်ရှောက်နိုင်ကြသေးတာပဲ၊အခုကမင်းတို့သွေးသားအစစ်ကလေးတွေပါ။သွေးသားစိတ်၊
ပရဟိတစိတ်ထားကြပါကွယ်”

**************

ဇော်ဇော်နဲ့မိုမိုက ခင့်ကို မေမေကြီးလို့ခေါ်ကြတယ်ကိုလှငွေ။
ဇော်ဇော့်မျက်နှာလေးက ကိုလှ​ငွေ ငယ်စဥ်တုန်းက မျက်နှာလေးပါဘဲ။
အပြစ်ကင်းတဲ့ကလေးနှစ်ယောက်က ခင်နဲ့အတူတူ တစ်အိပ်ယာထဲအိပ်ကြပါတယ်။
မိမစုံဖမစုံတဲ့ကလေးလေးနှစ်ယောက်ကို လိမ္မာရေးခြားရှိအောင်ဘုရားရှိခိုးကအစ သင်ပေးရပါတယ် ကိုလှငွေ။
ခင် မသေမချင်း ရှင့်ကလေးတွေကို မှဲ့တစ်ပေါက်မစွန်း
အောင် ကာကွယ်စောင့်ရှောက်သွားမှာပါ။လူလားမြောက်သည်အထိ ပြုစုစောင့်ရှောက်သွားမှာပါကိုလှငွေရယ်။
အမျိုးသမီးအတော်များများက မိခင်စိတ်ရှိပြီးသားပါ။
အနေကြာလာတော့လည်း ဇော်ဇော်နဲ့မိုမိုကို ကိုယ့်သွေးသားရင်းလေးတွေလို သံယောဇဥ်ရှိလာခဲ့ပါပြီ။
ရှင်လည်းဘဝအဆက်ဆက် တစ်အိုးတစ်အိမ်ထောင်တစ်လင်တစ်မယားစနစ်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဖြစ်ခွင့်ရလာရင်တော့ ကိုယ့်သိက္ခာ၊ကိုယ့်ကိုယ်ကျင့်တရားနဲ့ဆန္ဒတွေကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့လူ ဖြစ်ပါစေလို့ပဲ
ဆုတောင်းပေးလိုက်ပါတယ် ကိုလှငွေ။

မေတ္တာဖြင့်
မွန်းသည်းအိမ်
2.5.24