ဖိုးကျော့
ဝါးတောထဲက သားစားကောင်
မိုးဦးကျဖြစ်သဖြင့် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်သည် ပလိုင်းကိုယ်စီနှင့် မျှစ်ချိုးရန် ဝါးတောင်သို့ တက်လာကြသည်။ အချိန်မှာ နံနက်စောစော ထမင်းစားပြီးစ ကိုးနာရီကျော် ဆယ်နာရီခန့်တွင် ဖြစ်သည်။
ဝါးတောင်မှာ ကျွန်တော်တို့ရွာနှင့် တစ်ကြောတည်း တစ်ဆက်တည်း ဖြစ်သဖြင့် ဆယ့်ငါးမိနစ် လောက်အကြာမှာ ဝါးတောင်သို့ ရောက်လာကြ သည်။
ဝါးတောထဲတွင် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်သည် မျှစ်နု မျှစ်စို့တွေကို ချိုးနှုတ်ပြီး ပလိုင်းထဲ ထည့်ကြ၏။
မျှစ်ချိုး မျှစ်ခူးရာတွင် ကျွန်တော်တို့မှာ ရပ်ဓလေ့ ရွာဓလေ့အရ မည်သူက မြန်မြန်ခူးနိုင်၍ တစ်ပလိုင်း အယင်ပြည့်သည်ကို ဂုဏ်ယူလေ့ရှိကြ၏။
ထို့ကြောင့် ကျွန်တော်သည် အစ်ကိုထက် တစ်ပလိုင်း ပြည့်အောင် မျှစ်စို့များကို မြန်မြန်ထက်ထက် သွက်သွက်လက်လက် ခူးနေမိသည်။ သို့မှသာ အိမ်ပြန်ရောက်က ကျွန်တော်အား အစ်ကိုက မိဘနှစ်ပါးရှေ့တွင်
“ညီလေးက ငယ်ပေမယ့် ဒီနေ့ သူက ကျွန်တော့်ထက် တစ်ပလိုင်း မြန်မြန်ရတာ အဖေ အမေ”
ဟု ချီးကျူးဂုဏ်ပြုစကား ပြောမည်မဟုတ်ပါလား။
ထို့ကြောင့် တောင်ဝက် တောင်ဆုပ်ခန့်ရှည်သော မျှစ်ရှည်ရော၊ တစ်ထွာတစ်မိုက်ရှည်သော မျှစ်စို့ရော မြင်သမျှ တွေ့သမျှ မျှစ်တွေကို ကျွန်တော် အပြေးအလွှား သွားပြီး ချိုးခုတ်ခူးယူနေပါ၏။
သစ်ရွက် ဝါးရွက်ထဲမှ တောင်ဆုပ်နီးပါးခန့် ရှည်ထွက်နေသော မျှစ်တစ်ပင်ကို ကျွန်တော် မြင်မြင်ချင်း လှမ်းဆွဲလိုက်သည်။ မျှစ်ပင်မှာ လုံးလုံးထွားထွားကြီး ဖြစ်သဖြင့် ချိုး၍ မရပေ။ အရင်းမှာ လူကြီးလက်မောင်းနီးပါး ရှိသဖြင့် ဓားနှင့် ခုတ်လိုက်သည်။
ကျွန်တော် မျှစ်အရင်းကို ဓါးနှင့် လှမ်းခုတ်လိုက်ရာ မျှစ်ပင်(ဝါးတုတ်) အရင်းမှ သွေးစိမ်းရှင်ရှင်များသည် ချက်ချင်း ပန်းထွက်လာပြီး ကျွန်တော့်မျက်နှာကို စင်သည်။
ကျွန်တော်သည် မကြုံဖူး မတွေ့ဖူးသော ဖြစ်ရပ်ကြောင့် “အမယ်လေး” ဟု လန့်အော်လိုက်သည်။ နောက်ကိုလည်း ပြေးဆုတ်လိုက်မိသည်။
“ဘာလဲကွ … ဘာဖြစ်တာလဲ”
တောထဲ တောင်ထဲတွင် တစ်စုံတစ်ခုသော အန္တရာယ်နှင့် တွေ့ပြီဟူသော စိုးရိမ်စိတ်ဖြင့် ကျွန်တော့်နောက်တွင် ဖြစ်နေသောအစ်ကိုက ကျွန်တော့်အနား ချက်ချင်း ပြေးရောက်လာသည်။
ကျွန်တော်သည် မျှစ်ခုတ်လိုက်သော ဓားသွားကို ကြောင်ကြည့်ကာ မင်တက်မိနေ၏။ ဓားသွားတွင် သွေးချင်းချင်း နီနေသည်။
“ဟင် … ညီလေး ဘာဖြစ်တာလဲ။ ဟာ … ဓားမှာလဲ သွေးတွေနဲ့ပါလား။ လက်ကိုခုတ်မိလား။ မျက်နှာမှာလဲ သွေးတွေနဲ့”
မျှစ် မြန်မြန်ရလိုဇောနှင့် လက်ကို ဓားခုတ်မိသည်အထင်နှင့် အစ်ကိုက စိုးရိမ်တကြီး မေးသည်။
“လက်ကိုခုတ်မိတာ မဟုတ်ဘူး အစ်ကို။ ဟို… ဟို မျှစ်အရင်းကို ခုတ်လိုက်တာ သွေး… သွေးတွေ ပန်းထွက်လာလို့”
သွေးတွေပေနေသော ဓားနှင့်ပင် ကျွန်တော်သည် စောစောက ကျွန်တော်ခုတ်လိုက်သော မျှစ် ( ဝါးတုတ်) ခြေရင်းကို ထိုးပြလိုက်၏။
“ဟာ”
“ဟယ်”
ညီအစ်ကိုနှစ်ယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ မျှစ်ပင်အရင်းတွင် သွေးအလိမ်းလိမ်းနှင့် ရုန်းကန်နေသော မြွေကြီးတစ်ကောင်၏ တစ်ပိုင်းတစ်စကိုယ်သည် သစ်ရွက် ဝါးရွက်ပုံထဲမှဘွားခနဲ ပေါ်လာသည်။
ချက်ချင်း နောက်ဆုတ်လိုက်ကြ၏။
မြွေကြီးမှာ လူကြီးတစ်ယောက်၏ ပေါင်လုံးလောက် ရှိသည်။
မျှစ်တုတ်များ ကျိုးသံနှင့် ဝါးပင်များ တစ်ပင်နှင့် တစ်ပင် ပွတ်သံကြီးတွေကြားထဲတွင် မြွေကြီး၏ အမြီးခတ် အားယူသံကိုလည်း တဝုန်းဝုန်း တဘုတ်ဘုတ် ကြားလာရသည်။
ထိုအခါ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်သည် မျှစ်ထည့်သော ပလိုင်းကိုပင် ပြန်မကောက်နိုင်ဘဲ ရွာအရောက် ပြန်ပြေးလာကြလေသည်။
xxx xxx xxx xxx
ရွာရောက်သောအခါ လူကြီးများအား ကျွန်တော်တို့ ကြုံတွေ့ခံရသည်များကို ပြောပြကြသည်။
ထိုအခါ လူကြီးတွေက …
“ဟာ ဒါဆို မင်းတို့ညီအစ်ကို ခုတ်မိတဲ့မြွေဟာ စပါးကြီးမြွေ ဖြစ်ရမယ်။ စပါးကြီးမြွေများဟာ ဒရယ်တို့၊ သမင်တို့၊ ချေတို့ကို မျိုထားယင် စားပိုးနင့်ပြီး ဘယ်မှ မသွားနိုင်ဘူး။ အဲ့ဒီနေရာမှာ အစာမကြေမချင်း နှစ်လ သုံးလ နေတတ်တယ်။
နေတဲ့အခါမှာလဲ မလှုပ်မယှက်နဲ့ အသေလို သစ်တုံးလို စင်းစင်းကြီး ငြိမ်နေတတ်တယ်။ အဲ့ဒါကြောင့် ဝါးတောထဲမှာဆိုယင် မျှစ်တွေက စပါးကြီးမြွေကို ဖောက်ထွက်လာတတ်ကြတယ်။
ဒါပေမယ့် အရေးမကြီးဘူး။ စပါးကြီးမြွေများဟာ ညှို့ကြော မပြတ်မချင်း ဘယ်လိုမှ သတ်လို့ ခုတ်ပိုင်းလို့ မသေဘူး။ ဝမ်းကို ဓားနဲ့ခွဲထားတာတောင် ညှို့ ကြောမပြတ်ရင် ပြန်စေ့ပြီး အကောင်းပကတိ ဖြစ်သွားတတ်တယ်။
အဲဒါကြောင့် စပါးကြီးမြွေကို သည်းခြေယူဖို့ ခွဲတဲ့အခါ ရှေ့ကခွဲယင် နောက်ကအသားတွေ ပြန်ပြန်ဆက်ပြီး သွားတတ်လို ညှို့ကြောရှိတဲ့ နောက်က အရင်ခွဲရတယ်။
ဝါးတောထဲမှာ စားပိုးနင့်ပြီး အသေလိုနေလို့ ဝါးပင် တွေ သူ့ကိုယ်ကို ဖောက်ထွက်နေပေမင့် အစာတွေ ကြေသွားတဲ့အခါ အဲဒီ ဝါးတွေ မျှစ်တွေကို အကုန် သူ့ကိုယ်နဲ့ လိမ်ကျစ်ချိုးပြီး ထွက်သွားတတ်တယ်။
ဝါးတွေ မျှစ်တွေ ဖောက်ထွက်ထားတဲ့ နေရာတွေလဲ ခဏချင်း ပြန်ပြီး အကောင်းပကတိ ဖြစ်သွားတတ်တယ်။ တို့ လွန်ခဲ့တဲ့ နှစ်လလောက်က ချေတစ်ကောင် ဝါးတာင်ဘက်က ဟောက်သံကြားတာ စပါးကြီးမြွေ အညှို့ခံရလို့ အော်တာ ဖြစ်ရမယ်။
ကဲ … ကဲ တို့ကို မြန်မြန်လိုက်ပြကြစမ်း။ စပါးကြီးမြွေရရင် သည်းခြေရောင်းတဲ့အခါ မင်းတို့ညီအစ်ကိုကို နှစ်ဖို့ပေးမယ်။ လာ … လာ”
ဟု ပြောကာ ကျွန်တော် ဓားနှင့်ခုတ်ထားခဲ့သော နေရာကို လိုက်ပြခိုင်းကြသည်။
ကျွန်တော်တို့ ညီအစ်ကိုလည်း လိုက်ပြကြ၏။
လူကြီးတွေ ပြောသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ဓားနှင့်ခုတ်ထားခဲ့သော စပါးကြီးမြွေသည် လူကြီးများနှင့် ကျွန်တော်တို့ ရောက်လာကြချိန်ထိ ထိုနေရာ၌ပင် စင်းစင်းကြီး ရှိနေသေးသည်။
အမြီးဖျားကမူ ဝါးပင်တွေကို တဖြောင်းဖြောင်း ရိုက်နေ၏။ သူ့ကိုယ်ပေါ်တွင် ကျွန်တော် ခုတ်လိုက်သော မျှစ်တစ်ပင်သာမဟုတ်၊ နောက်နှစ်ပင်ပင် သူ့ကိုယ်ကို ဖောက်ထွက်နေကြသည်။ တစ်ပင်မှာ လူကြီးတစ်လံထက်ပင် ရှည်နေလေပြီ။
အမှန်မှာ သူ့ကိုယ်ပေါ်တွင်သစ်ရွက် ဝါးရွက်တွေ ပုံကျနေသဖြင့် ကျွန်တော်သည် မြွေကြီးကိုယ်ကို မမြင်မိပဲ မြွေကြီးကိုယ်ပေါ်မှ ဖောက်ထွက်နေသော မျှစ်ကိုသာ မြင်သဖြင့် ခုတ်မိခြင်း ဖြစ်လေ၏။
ထိုစပါးကြီးမြွေကြီးအား လူကြီးများသည် သတ်ပြီး သည်းခြေယူကြ၏။ အစာမကြေပဲ မြွေဗိုက်ထဲတွင် တစ်ပိုင်းတစ်စ ကျန်နေသော ချေဦးချို၊ ချေခွာများကို ဗိန္ဒောဆရာတစ်ဦးအား ရောင်းရာ ငါးဆယ်ကျော် ရလေသည်။
သည်းခြေ၊ ဦးချို၊ ခွာ ရောင်းရငွေများထဲမှ ကျွန်တော်တို့ညီအစ်ကိုသည် ပုဆိုး တစ်ယောက်တစ်ကွင်းစာ ရလေသည်။
(မျှစ်ခူးသမားများပြောသော ပုံပြင်များမှ)
စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် ၅၈၊ မတ်လ၊ ၁၉၈၈
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ