• June 27, 2025
  • admin
  • 0

ထောင်မှူးကြီးသိန်းဝင်း
ဝါးယားကုန်းစခန်း

(၁)

ရန်ကုန်-မန္တလေး အမြန်လမ်းစခန်း ခြေကျဉ်းအမှတ်(၃) စခန်း လှေလှော်အင်းတွင် တာဝန်ကျစဉ်ကဖြစ်သည်။ ကျွန်းတောင်၊ မင်းတုန်း၊ ရေနက်ကြီး၊ သုံးတန်ကူး၊ မအူပင်ဆိပ် (ဇောင်းတူ)၊ လျှော်တုန်းစခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး (၂) နှစ်ပြည့်ခါနီးတွင် နောက်တန်းစခန်းများသို့ ပြန်ရောက်ခဲ့သည်။

ရောက်ခါစက လှေလှော်အင်းစခန်း ပတ်ဝန်းကျင်မှာ အင်တိုင်းတောဆန်ဆန် သစ်ပင်ကျဲကျဲဖြင့် ချုံပုတ်များ ထူထပ်သော်လည်း ယခုတော့ သစ်ပင်ကြီးများတစ်ပင်မှ မရှိတော့။ ချုံပုတ်တောများလည်း ပေ (၆ဝဝ) အမြန်လမ်းနယ်မြေ၌ ပါဝင်သဖြင့် ကွင်းထီးထီး ဖြစ်နေသည်။ ယုတ်စွအဆုံး ပေါများလှသော ဝါးရုံတောပင် မရှိတော့။

ရေစပ်စပ်ရှိသော လမ်းနယ်တစ်ဖက်တစ်ချက်၌သာ ထမင်းဆုပ်ပင်၊ အိုးပုတ်သီးပင်၊ မြရာပင်နှင့် ဗျိုင်းချေးပင်များလောက်သာ ပေါက်ရောက်နေသည်။

ယခင်က လှေလှော်အင်းဆိုသည့်နေရာမှာ အင်းကြီးရှိ၍ အင်းကြီးနှင့် ဆက်သွယ်နေသော ပြန့်မြေ၌ ချောင်းရိုး မြောင်းရိုးကလေးများရှိသဖြင့် သားငါးအလွန်ပေါသည်။

ချုံပုတ်တောရှိ၍ ယုန်၊ ဖွတ်၊ ပုတတ်နှင့် တောဝက်၊ ချေ၊ ဒရယ်၊ တောကြောင်၊ တောကြက်များလည်း အလွန်ပေါသည်။ ယခုတော့ တောကောင်မပြောနှင့် သားငါးပင် ရှားချေပြီ။

(၂)

မနက်ပိုင်း၌ ကျွန်တော် ကြက်ဥထမင်းကြော်နှင့် ရေနွေးကြမ်းကို စားသောက်ရင်း လွန်စွာ ပျင်းရိနေမိသည်။ ရှေ့တန်းစခန်းများတွင် နေစဉ်က ပျင်းသည်နှင့် သေနတ်ထမ်းကာ တပည့်များကိုခေါ်၍ တောထဲ ဝင်သည်။ တောအလယ်ခေါင်၌ ဆောက်ထားသော စခန်းဖြစ်သဖြင့် တောလည်သည်ဆိုရာ၌လည်း အဝေးကြီးသွားစရာမလို။ ကိုက် (၁၀၀) ခန့် လျှောက်သည်နှင့် တောတွင်းရောက်သည်။

လူနေနီး၍ တောကောင်ကြီးများမရှိသော်လည်း တောကောင်ငယ်များနှင့် တောဟင်းလျာ အသီးအရွက်များက ရာသီအလိုက်ရ၏။

ချောင်း မြောင်း ပေါ၍ အနည်းဆုံး ငါးပေါက်ကလေးများတော့ တစ်နပ်စာ၊ နှစ်နပ်စာ အလွယ်တကူ ရနိုင်ပါသည်။

နွေရာသီ၌ ပုတတ်စာ၊ ညောင်ချဉ်ဖူး၊ ကြောင်လျှာသီး၊ ရင်းတိုက်ရွက်နု၊ သရက်သီးကင်း၊ ကင်ပလင်းရွက်တို့က ပေါများလှသည်။ မိုးရာသီ၌ ဇရစ်ရိုး၊ ဝါးမျှစ်အမျိုးမျိုး၊ မှိုအမျိုးမျိုး၊ စင်ပြွမ်းသီး၊ တော တညင်းသီး၊ ပိန္နဲသီး စသဖြင့် ပေါသည်။

ယခုတော့ လှေလှော်အင်းကွင်းပြင်၌ ဘာမှမပေါ။ မိုးကျလျှင် လမ်းဘေးမြောင်းပေါင်များ၌ ပေါက်တတ်သော စိန္နဘော်ညွန့်လောက်သာ ရနိုင်တော့သည်။ ဒါတောင် ကိုရွှေရဲဘော်များက လုပ်ငန်းခွင်အနှံ့သွား ၍ သူတို့သာ အရင်ခူးဆွတ်တတ်ပါသည်။

ကျွန်တော်တို့ ခြေကျဉ်း(၃) စခန်းမှာ လှေလှော်အင်းကြီးနှင့်လည်း ဝေးသည်။ ကြို့ကုန်း၊ ညောင်ကုန်း စသော ရွာများနှင့်လည်း (၂) မိုင်၊ (၃) မိုင်ခန့် ဝေးသည်။ ကျောက်ကုန်းဖြစ်၍ ရေထွက်ကောင်းသော်လည်း အသီးအနှံစိုက်ပျိုး၍ ကောင်းစွာမထွက်။ အလွန်ခေါင်လှပေသည်။

မနက် (၈)နာရီခန့်တွင် မုဆိုးအလုပ် မလုပ်ရဘဲ ထမင်း ဟင်း ချက်ပြုတ်နေကြသော ကျွန်တော်၏ တပည့်ကျော် မုဆိုးအောင်သန်းနှင့် မျောက်တင်သောင်းအား ခေါ်၍

“ကဲ . . . ဟဲ့ကောင်တွေ . . . မင်းတို့က မုဆိုးတွေနော်။ ကိုယ့်ဆရာ အသားရိက္ခာစိုပြတ်နေတာတောင် အလိုက်မသိကြဘူး။ တစ်နေ့ လာလည်း ဘဲဥချဉ်ရည်ဟင်း၊ ပဲဟင်းနဲ့ ကြက်ဥကြော်။ ဒါတောင် ကြို့ကုန်းနဲ့ ညောင်ကုန်းရွာတွေက ဈေးသည်တွေလာပါမှ။ မလာရင် ဆောင်ထားတဲ့ ငါးခြောက်ကြော်တောင် အနိုင်နိုင်ရယ်။ ဟင်းသီးဟင်းရွက်ကလည်း ရှား၊ ဘယ်လိုလုပ်ကြမလဲ”

“ဆရာ ကျွန်တော် သတင်းရထားတယ်။ ဝေးတော့ အတော်ဝေးတယ်။ ဝါးယားကုန်းစခန်းဟောင်းဘက်မှာ မနက်ပိုင်းနဲ့ ညနေပိုင်း ချေနဲ့ တောဝက်တွေ ထွက်တတ်တယ်လို့ သတင်းရထားတယ်”

“တို့စခန်းနဲ့ ဝါးယားကုန်းစခန်းက ဘယ်လောက်ဝေးသလဲ အောင်သန်းရေ”

“လေး … ငါးမိုင် ဝေးတယ် ဆရာ။ အမြန်လမ်းကြီးဘေးနားမှာ။ သစ်တောတော့ မရှိဘူး။ ဝါးရုံနဲ့ ဖုန်းဆိုးတောပဲ။ အဲဒီမှာ ကျစ်တွင်း ရှိပုံရတယ်။ အနီးမှာလည်း လျှိုကြီးရှိတော့ ရေချောင်းကလေးလည်း ရှိတယ်”

ထိုစဉ် မျောက်တင်သောင်းက

“လမ်းလျှောက်ရမှာ ဝေးတယ်ဆရာ။ အရိပ်မရှိဘူး အလွန်နေပူတယ်။ ဆရာလိုက်ရင် ကားကြုံရှိမှ ဖြစ်မယ်။ မင်းကုန်းစခန်းဘက် သွားရမှာ။ လမ်းကလည်း ကြမ်းတယ်။ မြေမညှိရသေးတော့ မချောဘူး”

“ကဲ ဘာဟင်းချက်ထားသလဲ။ ရှိတာနဲ့ ထမင်းထုပ်၊ ရေဘူးတွေပါ ပြည့်စုံအောင်ယူခဲ့ကြ။ လမ်းမှာ ကားကြုံရှိရင် စီးမယ်။ မကြုံရင် လမ်းလျှောက်မယ်။ ပင်ပင်ပန်းပန်း ချွေးထွက်အောင် မလုပ်ရတာလည်း ကြာပြီ။ မင်းတို့ မုဆိုးလွယ်အိတ်လည်း ကိုယ်စီယူခဲ့ကြ။ ဒီနေ့တော့ တောကောင်တစ်ကောင်ကောင် မရဘဲ ငါ မပြန်ဘူး”

“အဲဒါကတော့ လွယ်ပါတယ် ဆရာရယ်။ တောကောင်ဆိုတော့ ငှက်တစ်ကောင်ရလည်း ဖြစ်တယ်မဟုတ်လား”

“ဟဲ့ကောင် အောင်သန်း၊ စားလောက်အောင် အကောင်ကို ပြောတာ။ စတိလုပ်မနေနဲ့။ မုဆိုးဘွဲ့ခံပြီး အတော်အောက်တန်းကျတဲ့ အကောင်”

“နောက်တာပါ ဆရာရယ်။ ကျွန်တော် ဓာတ်မီးပါယူ လာခဲ့ပါမယ်။ ဝါးရုံတောဆိုတော့ တောကြက်တွေ အိပ်တန်းတက်တတ်တယ်။ အမြန်လမ်းမကြီးပေါ်မှာ ယုန်တွေ မြူးတတ်ပါတယ်။ သေချာပေါက် ရစေ့မယ်”

“အေး ကောင်းပြီ။ ငါလည်း မပစ်ရ မခတ်ရတာ ကြာ တော့ လက်ယားနေတယ်။ လမ်းဝေးဝေး မလျှောက်ရတာလည်း ကြာပြီ။ ကဲ . . . အဆင်သင့်ဖြစ်ရင် သွားကြစို့”

“ဟုတ် ဆရာ”

ကျွန်တော်တို့ စခန်းကထွက်လာတော့ မနက် (၈) နာရီကျော်ချေပြီ။ တပေါင်းနေမှာ ပူပြင်းလှသည်။ လေရူးတိုက်တော့ ဖုန်က တသောသော။ ပတ်ဝန်းကျင်က အကာအကွယ်မရှိ ဟင်းလင်းပြင်ကြီး။ စခန်းမှ အမြန်လမ်းမကြီးသို့ မိုင်ဝက်ခန့်လျှောက်ရသည်။

ကျွန်တော်တို့စခန်း ရှေ့တန်းလုပ်ကွက်သို့ (၂) မိုင်ကျော်၊ (၃)မိုင်ခန့် လျှောက်ကြရသည်။ တော်ပါသေးသည်။ ရှေ့တန်းလုပ်ကွက် ရွက်ဖျင်တဲများရှေ့၌ မင်းကုန်စခန်းမှ ရေလာပို့သော ရေသယ်ကားဘောက်ဆာကြီးတစ်စီး ရပ်ထားသည်။ ကားဆရာကိုမြင့်သိန်းက ကျွန်တော့်ကို မြင်သည်နှင့် …

“ဆရာသိန်းဝင်း . . . မင်းကုန်စခန်း သွားမလို့လား။ အတော်ပဲ … ကျွန်တော်လည်း ရေချပြီးတာနဲ့ ပြန်တော့မလို့။ လိုက်ခဲ့ပေါ့”

“ကိုမြင့်သိန်းရေ ကျေးဇူးပဲ။ ကျွန်တော်လည်း ဟင်းစားပြတ်ပြီး ပျင်းတာနဲ့ ဝါးယားကုန်းစခန်းဟောင်းဘက်သွားပြီး ဝက်ကလေး၊ ချေကလေး ချောင်းပစ်မလားလို့ ထွက်ခဲ့တာ”

“ဟာ ဆရာ အဲဒါဆိုရင် အတော်ပဲ။ မနက် (၇) နာရီ လောက်က ကျွန်တော် ရေသယ်ဘောက်ဆာကားကြီးနဲ့ အဲဒီစခန်းဟောင်းနားက ဖြတ်လာတာ တောဝက်မအုပ်ကြီး ကလေး (၆) ကောင်နဲ့ လမ်းဖြတ်ကူးပြီး စခန်းဟောင်းဘက်သွားတာ မြင်လိုက်ရသည်။ နောက်ကလည်း တောဝက်တောင်းကြီးက အစွယ်ကြီးတွေကော့ပျံပြီး တရှူးရှူးနဲ့ လိုက်သွားတယ်။ သတိတော့ထား ဆရာ”

“အိုကေ … အဲဒါမျိုး လိုက်ရှာနေတာ။ ကျွန်တော့်လက်အကြောင်းလည်း ခင်ဗျားသိသားနဲ့။ သုံးတန်ကူးစခန်းတုန်းက ခင်ဗျား ရိက္ခာလာပို့တိုင်း တောကောင်သား လှိုင်လှိုင်ကျွေးခဲ့တာလေ”

“ဟုတ်ပါ့ ဆရာရယ်။ ကျွန်တော်က ဒီနေ့ လှေလှော် အင်းစခန်းတွေဘက် (၃) ခေါက်တောင် ရေသယ်ပို့ရမှာ။ အပြန်လည်း ဆရာတို့နဲ့ မီနိုင်ပါတယ်။ ဝါးယားကုန်းစခန်းဟောင်းနားကျရင် ဟွန်းတီးမယ်။ ရိက္ခာသယ်ထွန်စက်တွေလည်း ရှိပါသေးတယ်။ ဆရာတို့ လမ်းမလျှောက်ရပါဘူး။ ကြုံသလိုပေါ့။ ညနေအခေါက်ကျ ကျွန်တော် ဘာလေး ညာလေးလည်း ဆွဲလာခဲ့မယ်။ ညစာ ဆရာတို့ဆီမှာ စားမယ်နော်”

“ရပါတယ်ဗျာ … ပြောစရာတောင် မလိုပါဘူး။ တောကောင် တစ်ကောင်ရရမယ်လို့ ကျွန်တော့်မုဆိုးတပည့်တွေက တာဝန်ယူထားပါတယ်။ မဆုံတာကြာတော့ ပျော်ပွဲစားပေါ့”

“ကားပေါ်တက် ဆရာ၊ သွားကြမယ်”

ကျွန်တော်တို့ ကားခေါင်းထဲ၌ ကျပ်ကျပ်တည်းတည်း ထိုင်စီးကြသည်။ ကားဖြင့်ဆိုတော့ မကြာပါ။ (၁၅)မိနစ်ခန့်အကြာတွင် ဝါးယားကုန်းစခန်းအနီးရောက်သည်။ ဝါးယားကုန်းစခန်းဆိုသည်မှာ အထက်ကဆိုခဲ့သလို တောအုပ်ကြီးမဟုတ်၊ ဝါးရုံတောသာ။

ယခင်က ရွာသင်္ချိုင် ကုန်းဟောင်း။ ငှက်ဖျားကြီးပြီး ရေမသန့်၍ ဝမ်းလျှောကြသဖြင့် ရဲဘက်များ အသေအပျောက်များသောကြောင့် စခန်းဖျက်၍ ပြောင်းသွားကြခြင်း ဖြစ်သည်။

ကျွန်တော်တို့ ကားပေါ်ကဆင်းကြပြီး ကားဆရာကိုမြင့်သိန်းကို နှုတ်ဆက်ပြီး ဝါးရုံတောထဲ ဝင်ခဲ့ကြသည်။

မနက် (၉)နာရီခန့်ရှိပြီး နေရှိန်က ပြင်းလာသည်။ ကျွန်တော်တို့ အုပ်ကောင်းသော ဝါးရုံပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် စတည်းချကြပြီး ပတ်ဝန်းကျင်ကို လေ့လာသည်။

မျက်စိလျင်သော မုဆိုးအောင်သန်းက ဝါးရုံတောအစပ်တွင် တင်ကျန်နေခဲ့သော တောဝက်မအုပ်ခြေရာနှင့် ဝက်တောင်းကြီးခြေရာကို ပြသည်။ အသွားခြေရာသာ။ အပြန်ခြေရာ မဟုတ်သေး။

“အောင်သန်းရေ ကျစ်တွင်းက ဘယ်နားမှာလဲကွ”

“ဆရာ ရှေ့တစ်ခေါ်လောက်က ဝါးရုံတန်းအနောက်ဘက်မှာ။ သတိတော့ထားရမယ် ဆရာ။ ဝက်တောင်းကြီး ပါနေတယ်။ ဝက်မကြီးကလည်း သားဇောနဲ့ ပြန်ခံပက်မှာပဲ”

“အေးပါ ငါသိပါတယ်။ မင်းတို့လည်း ဓားမြှောင်တွေ လိုရမည်ရ ထုတ်ထားကြ။ သစ်ပင်ကြီးကြီးမရှိတော့ တက်ပြေးလို့လည်း မရဘူး။ အရေးကြုံရင်တော့ ဝါးရုံပတ်ပြေးရုံပဲ”

ကျွန်တော်တို့ လေတင် လေအောက် ရွေးပြီး ခြေသံလုံအောင်ထိန်း၍ လျှောက်လှမ်းခဲ့ကြသည်။ လေပွေတိုက်သည်မှလွဲ၍ ဘာသံမှမကြားရ။ ဝါးရုံတန်းအနီးရောက်တော့ “အစ်အစ် … အူးအူး … ဂွပ်ဂွပ်” ဟူသောအသံများ ကြားရသည်။

ဝက်မကြီး ကလေးများခေါ်သံနှင့် ဝက်တောင်းကြီး အောက်မေးရိုက်သံဖြစ်သည်။

ဆားကျစ်တွင်း၌ “ပလပ် . . . ပလပ်” ဟူသော အသံလည်း ကြားရသဖြင့် ဆားငန်မြေလျက်နေကြပုံရ၏။ ပြီးသည်နှင့် ရေချောင်းရှိသော လျှိုထဲဆင်း၍ ရေသောက်ကြဦးမည်ဖြစ်၏။

“ကဲ . . . မင်းတို့နှစ်ယောက် ဝါးရုံအကွယ်မှာ ကပ်နေကြ။ ငါ ဝက်တောင်းကြီးကို ဖြိုပြီး ဝက်မကြီးကို ပစ်မယ်။ ဝက်ပေါက်ကလေးတွေကတော့ မင်းတို့တာဝန်ယူပြီး ဖမ်းကြပေတော့။ ကောင်းတာကတော့ ဝါးရင်းတုတ်နဲ့ရိုက်တာ အကောင်းဆုံးပဲ။ သတိတော့ထားကြ”

ကျွန်တော် ဝါးရုံတန်းအားပတ်ပြီး ချောင်းကြည့်တော့ ဝက်တောင်းကြီးနှင့် ဝက်မကြီးက ခေါင်းချင်ဆိုင်၍ ကျွန်တော့်ဘက် ဖင်ပေးပြီး ဆားငန်မြေလျက်နေကြသည်။ ဝက်ပေါက်ကလေးများက ဝက်မကြီး ဗိုက်အောက်တွင် အလုအယက် နို့ဆွဲနေကြသည်။ ပစ်ကွင်းက မကောင်းပါ။ ဝက်တောင်းကြီးကို အပိုင်ပစ်နိုင်မှ ဖြစ်ပေမည်။

ထို့ကြောင့် ကျွန်တော် ဝက်တောင်ကြီး၏ သေကွင်းသေကွက်အား ရွေးချယ်၍ အရန်သင့်စောင့်နေစဉ် ဝက်တောင်းကြီးက ဝက်မကြီးနှင့် ပူးကပ်ရာမှ ခေါင်းမော့၍ တဂူးဂူးဖြင့် ရန်အလုပ် ကျွန်တော် ဝက် တောင်းကြီး နားအုံအတွင်းသို့ အသေအချာချိန်၍ ပစ်ထည့်လိုက်တော့သည်။

“ဒိန်း”

ဝက်တောင်းကြီး တစ်ဖက်သို့လဲကျအသွား ဝက်မကြီးက အလန့်တကြား ထခုန်လိုက်စဉ် ဝက်တောင်းကြီးနှင့်တိုက်မိပြီး ချော်အလဲ ကျွန်တော် ဒုတိယကျည်ဆန်အား မောင်းတင်အပြီး ဝက်မကြီးပြန်အထတွင် လက်နောက်ဘက် နှလုံးကိုရှိရာကို ပစ်ထည့်လိုက်တော့သည်။

“ဒိန်း …”

ဒုတိယကျည်ဆန်လည်း လိုရာရောက်သဖြင့် ဝက်နှစ်ကောင် ထပ်လျက်လဲသည်။ ဝက်ပေါက်ကလေးများကတော့ ဝက်မကြီးအောက်တွင် နှစ်ကောင်ပိနေပြီး (၄) ကောင်က ထွက်ပြေးသည်။ ဒါက မုဆိုး အောင်သန်းနှင့် မျောက်တင်သောင်းတို့ တာဝန်။ မကြာပါ “ဗုန်း … အုန်း” ရိုက်သံကြားရပြီး မုဆိုးအောင်သန်းက အော်ပြောသည်။

“ဆရာရေ ကျွန်တော်တို့ တာဝန်ကျေပြီ”

“အေး … အေး … လာကြည့်ကြ။ ဒီမှာ ငါလည်း တာဝန်ကျေပါတယ်”

ကျွန်တော့်အသံကြားပြီး သူတို့ ပြေးလာကြသည်။

“ဟာ ကိုယ့်ဆရာလက်ကတော့ တစ်ချက်တစ်ကောင်ပဲ။ လက်မကျသေးဘူးနော်”

“ပေ (၁၀၀) အတွင်းပစ်မှတ် ဘယ်လွဲမလဲကွာ။ ဝက်တောင်းကြီးကတော့ အေးအေးဆေးဆေးပေါ့။ ဒါနဲ့ ဝက်မကြီးအောက်မှာ ဝက်ကလေးနှစ်ကောင် ပိနေတယ်ကွ။ သွားကြည့်ကြဦး”

“ဟာ … ဆရာ”

“ဟာ ဆရာ ဝက်ကလေးနှစ်ကောင်က မသေသေးဘူး ထင်တယ်။ မေ့နေတာဗျ။ ကျွန်တော် ကပ္ပိလိုက်ရမလား”

“မလုပ်နဲ့။ ခြင်းကြား အမြန်ရက်ပြီး စခန်းကိုသယ်ခဲ့ကြ။ စခန်းမှာ မွေးထားကြမယ်”

“တောဝက်ကို မွေးလို့ရပါ့မလား ဆရာ”

“အဲဒါကလည်း မင်းတို့တာဝန်ပဲ။ နွားနို့ဝယ်တိုက်ပြီး ရှင်အောင်မွေးကြ”

မုဆိုးအောင်သန်းနှင့် မျောက်တင်သောင်းတို့ ဝါးခုတ်၍ ခြင်းကြားရက်နေကြစဉ် ကျွန်တော် အမောဖြေ ရေသောက်ပြီး သေနတ်ထမ်း၍ ပတ်ဝန်းကျင်ကို လမ်းလျှောက်ရင်း လေ့လာမိသည်။ စခန်း ပျက်ကုန်း အရှေ့ဘက်တွင် ဆားငန်မြေထွက်သော ကုန်းတန်းအလယ်၌ ရဲဘက်အဆောက်အအုံများ ဖျက်ထားပြီး တောဝက်များ ထိုးထားသဖြင့် မွစာကြဲနေသော မြေကွက်ပေါ်တွင် မြို့ပျက်ခရမ်း၊ ထိကရုံးဆူးချုံများနှင့် မြရာပင်လေးများ ပေါက်နေသည်။ တစ်ဧကခန့်သာ ကျယ်ဝန်းပါလိမ့်မည်။

ဤမှာဘက်၌တော့ ဝါးရုံတန်း၊ ကြခတ်နှင့် ဝါးနက်၊ ထီးရိုးဝါးရုံများ ထူထပ်စွာရှိနေသော်လည်း အမြန်လမ်းမကြီးနှင့် နီးသဖြင့် ကြီးမားသော ဝါးများ မရှိတော့။ တောင်ဘက်တွင် လျှိုကြီးနှင့် ရေချောင်းရှိသည်။ တောကောင်များအတွက် ဆားငန်မြေလျက်ပြီး ရေသောက်ဆင်းရန် အဆင်ပြေမည်။ နေရာကောင်းဖြစ်သော်လည်း လူသွားလူလာ မပြတ်တတ်သဖြင့် တောကောင်ငယ် တောဝက်နှင့် ချေလောက်သာ လာကြဟန်တူသည်။

မြို့ပျက်ခရမ်းချုံကြီးအနီးတွင် တွင်းကြီးတစ်ခုကို တွေ့ရသဖြင့် သွားကြည့်ရာ လူအရိုးစုများကို တွေ့ရသည်။ ပက်လက်အနေအထား ဖြစ်သဖြင့် အရိုးခေါင်းဖြူဖြူကြီးက သွားများဖြီးပြနေသည်။ ရဲဘက်များတော့ ဟုတ်ဟန်မတူ။ ရဲဘက်များ စခန်းတွင် သေဆုံးလျှင် စခန်းတွင်း၌ မြှုပ်နှံရန် အခွင့်မရှိ။ နောက်တန်း မင်းကုန်းဆေးရုံသို့ ပို့ရသည်။

ဆရာဝန်က စစ်ဆေးပြီးမှ (DEATH – CERTIFICATE) ရမှသာ မင်းကုန်းစခန်းသင်္ချိုင်းတွင် တရားဝင် မြှုပ်နှံရသည်။ ယခုအရိုးစုမှာ ယခင် ဝါးယာကုန်းရွာဟောင်း သင်္ချိုင်းပေါ်၌ ဝါးယားကုန်း စခန်းဟောင်း တည်ဆောက်ခဲ့ရာ ခွေးအများဖော်ထားသဖြင့် အရိုးစုများ ပေါ် နေခြင်း ဖြစ်နိုင်ပေ၏။ သင်္ချိုင်းဟောင်းအပေါ် စခန်းတည်သဖြင့် အနှောင့်အယှက် အဟန့်အတားလည်း ဖြစ်ဟန်တူပါသည်။

စခန်းများမှာ ယာယီရွှေ့ပြောင်းစခန်းများ ဖြစ်ကြသဖြင့် စခန်းဆောက်သူများက မြေပြန့်၊ ရေချောင်းဖြင့် နီးသောနေရာကို ရွေးချယ်ခဲ့ကြဟန်တူပါသည်။ ထို့ကြောင့်လည်း မြေမသန့်၍ ခိုက်သဖြင့် ဤ ဝါးယားကုန်းယာယီစခန်းတွင် ဝန်ထမ်းနှင့် ရဲဘက်များ အသေအပျောက် များခဲ့ပြီး စခန်းပျက်ခဲ့ရသည်ဟု အဆိုရှိပေသည်။

နေ့ပိုင်းတွင်တော့ ဝါးရုံတန်းအရိပ်၊ ရေချောင်းကလေးဖြင့် သာယာသလောက်ရှိသော်လည်း ညပိုင်းတွင် သင်္ချိုင်းဟောင်းမြေ၊ စခန်းပျက်၊ ဖုန်းဆိုးမြေဖြစ်သဖြင့် လူတို့ဝေးဝေးက ရှောင်ကြပေလိမ့်မည်။

ကျွန်တော် ပြန်လာတော့ တပည့်များ ခြင်းကြားရက်ပြီးသဖြင့် တောဝက်ကလေးနှစ်ကောင်အား ဖမ်းထည့်ရန် စီစဉ်နေကြသည်။

ပထမ ရောက်စ ဝါးရုံပင်တန်းအရိပ် စခန်းချရာရောက်တော့ မုဆိုးလွယ်အိတ်နှစ်လုံးနှင့် တောဝက်ပေါက်အသေကောင် (၂) ကောင်ကိုသာ တွေ့ရသည်။

ဝါးရုံပင်ရင်းတွင်တော့ သွေးများပေကျံနေသည့် ဝါးစိမ်းတုတ် နှစ်ချောင်းကို ထောင်လျက်တွေ့ရသည်။ ထွက်ပြေးသည်မှာ တောဝက်ပေါက်ကလေး (၄) ကောင်ဖြစ်သဖြင့် ဝက်ပေါက် (၂) ကောင် လွတ်သွား ဟန်ရှိသည်။

ဒါလည်း မဖြစ်နိုင်ပါ။ အောင်သန်းနှင့် တင်သောင်းမှာ သာယာဝတီသား မုဆိုးကျော်များဖြစ်ကြသဖြင့် ဝက်ပေါက်ကလေးများအား အလွတ်ပေးမည် မဟုတ်။

ထိုစဉ် “အိအိ … အစ်အစ်” ဟူသော အသံကြားရသဖြင့် ကျွန်တော် လှမ်းကြည့်လိုက်တော့ သတိရလာသော တောဝက်ပေါက်ကလေး (၂) ကောင်အား တပည့်များက ဝါးခြင်းကြားထဲထည့်၍ သယ်ဆောင် လာကြခြင်း ဖြစ်သည်။

“ဟဲ့ကောင်တွေ . . . မင်းတို့ တာဝန်ကျေတယ်ဆို။ ဘာမှလဲ … ဝက်ပေါက် (၄) ကောင် ထွက်ပြေးလာတာ။ (၂) ကောင်တည်း အသေတွေ့ပါလား”

“ဟာ ဆရာကလည်း နောက်နေပြန်ပြီ။ ကျွန်တော်တို့ နှစ်ကောင်စီ ရိုက်တာ။ လေးကောင်ပါ ဆရာရဲ့”

“အေး … ဒီမှာ လာကြည့်ကြ”

“ဟာ ဟုတ်ပါရဲ့၊ ဘယ်လိုဖြစ်တာလဲ။ နေ့ခင်းကြောင်တောင် ခွေးအတွေများ ဆွဲသွားသလား။ ကျွန်တော်တို့ (၂) ကောင်စီ ရိုက်ပြီး ပုံထားခဲ့တာ”

“ခွေးအဆွဲရင် (၂) ကောင်တည်း မဆွဲဘူး။ အကုန်ဆွဲသွားမှာ။ ခြေရာခြေကြောင်း ကြည့်ကြစမ်း”

“ဘာတောကောင်ခြေရာမှ မတွေ့ဘူး ဆရာ။ ကျွန်တော်တို့ ဖိနပ်ခြေရာတွေပဲ ရှိတယ်။ တန်တော့ … အဲ … တန်တော့”

“တန်တော့ ဘာဖြစ်တာလဲ အောင်သန်းရဲ့”

“ဖုန်းဆိုမြေ သင်္ချိုင်ဟောင်းဆိုတော့ ဝက်သေ (၂) ကောင် အပမှီပြီး ထွက်ပြေးသွားတာ ထင်တယ်ဆရာ”

“ဟ ထွက်ပြေးသွားရင် ဝက်ပေါက်ခြေရာ တွေ့ရမှာပေါ့”

ထိုစဉ် မျောက်တင်သောင်းက

“ဆရာ … မြေကြမ်းတဲ့နေရာတွေမှာ ဒါမျိုးဖြစ်တတ်ပါတယ်။ ဝက်သေ (၂) ကောင်ကို ပရလောကသားတွေ ဆွဲသွားတာနေမှာ။ ထားလိုက်ပါတော့။ သူတို့လည်း ငတ်ပြတ်နေလို့ ဖြစ်မှာပါ။ ကျွန်တော်တို့ ဝက်ကြီး (၂) ကောင်ကို သွားထမ်းလိုက်ဦးမယ်။ ဆရာ ဆာနေရင် ထမင်းထုပ်တွေ မုဆိုးလွယ်အိတ်ထဲမှာ ထည့်ထားတယ်။ စားနှင့်ပေရော့”

မွန်းလွဲပြီ ဖြစ်သဖြင့် ကျွန်တော်လည်း ဆာဆာနှင့် ထမင်းထုပ်တစ်ထုပ်ကို မုဆိုးလွယ်အိတ်ထဲမှ နှိုက်ကာ စားလိုက်သည်။ ထိုစဉ် လေပူကြီးတိုက်လာပြီး လေပွေကလေးက ကျွန်တော့်အား ပတ်လည်ဝိုင်း ပြီး ရွေ့နေသည်။

ထိုစဉ် အပုပ်ကောင်ကို နေလောင်ထားသည့် အနံ့မျိုး ရသဖြင့် ကျွန်တော် အော်ဂလီဆန်ပြီး ထမင်းထုပ်ကိုဖြေထားရာမှ ပြန်ဖုံးလိုက်ပြီး မစားဖြစ်သေး။ လေပွေကလေးက ကျွန်တော့်ပတ်လည် ရွေ့နေဆဲ။

ကျွန်တော် တစ်ခုခု သဘောပေါက်သလိုဖြစ်၍ ထမင်းထုပ်အား ပြန်ဖြေကြည့်ရာ ငါးကြော်နှစ်ကောင်နှင့် ကြက်ဥကြော်တစ်ချပ်။ ငါးကြော်တစ်ကောင်အား ကောက်ယူ၍ လေပွေကလေးထဲ ပစ်ထည့်လိုက်ရာ သုတ်ခနဲ့ မြောက်ပါသွားပြီး လေပွေကလေးရော အနံ့ဆိုးဆိုးကြီးပါ ချက်ချင်း ပျောက်ကွယ်သွားပါတော့၏။

ကျွန်တော် ထင်သလိုပင် ပရလောကသားများ ငတ်မွတ်၍ တောင်းဆိုနေကြဟန် တူပေသည်။ ဝက်ပေါက်အသေကောင် (၄) ကောင်အနက် (၂) ကောင်ကိုသာ ယူသွားပြီး (၂) ကောင်ချန်ခဲ့သေး၍ ကျေးဇူးတင်ရပါသေးသည်။

ကျွန်တော် ထမင်းစားပြီး ရေသောက်နေစဉ် တပည့်များ၏ အသံကို ကြားလိုက်ရသည်။

“ဆရာရေ … ဆရာ”

“ဟေ ဘာတုံးကွ၊ ဘာဖြစ်ပြန်ပြီလဲ”

သူတို့ ဝက်တစ်ကောင်စီ ထမ်းလာကြခြင်းဖြစ်သည်။ ကျွန်တော်နှင့် ခမ်းလှမ်းလှမ်းတွင် ဗုန်းခနဲပစ်ချပြီး

“အောင်မယ်လေး … စခန်းအထိသာ ထမ်းရရင်တော့ မချောင်ဘူး။ ကြည့်တော့ ခပ်ပိန်ပိန်ရယ်၊ လေးလိုက်တာ။ ပိဿာ (၁၀၀) စီလောက် ရှိမယ်ထင်ရတယ်။ ပိဿာ (၄ဝ)၊ (၅ဝ)ကို ကျွန်တော် ထမ်းနေကျပါ ဆရာရယ်။ အခုတော့ ဘာဖြစ်မှန်းကို မသိဘူး”

“အောင်သန်းရယ် . . . မင်းမလည်း မုဆိုးလုပ်ပြီး ညည်းလိုက်တာ အလွန်ပဲ။ အရင်က ဒါထက်မကလေးတဲ့ ဆတ်ကြီးတွေကိုတောင် ထမ်းဖူးသေးတာ။ အခုမှ ဘာဖြစ်တာလဲ။ နောက်တန်းစခန်း ပြန်ရောက်တော့ လက်ကြောမတင်းတော့ဘူး ထင်ပါရဲ့”

“ဟာ ဆရာကလည်း၊ တပည့်က သာယာဝတီနယ် လှည်းလမ်းကူးရွာက တောသားစစ်စစ်ပါ။ ညည်းတာက မလေးသင့်ဘဲ လေးလို့ ညည်းတာပါ။ ဒါနဲ့ ဆရာ တောစောင့် တောင်စောင့်နတ်တွေ တင်သေးသလား”

“ဟာ ငါက ယူနီဖောင်းဝတ်ကွ။ ဘယ်တုံးက တင်ဖူးလို့လဲ။ မင်းတို့နဲ့ တွဲလာတာပဲ (၂) နှစ်ပြည့်တော့မယ်။ ဘယ်နှခါ မြင်ဖူးသလဲ”

“ဟုတ်ပါတယ် ဆရာ၊ ဒါပေမဲ့ …”

“ဒါပေမဲ့ ဘာဖြစ်သလဲ။ စကားကို ဆုံးအောင်ပြောစမ်းကွာ”

ထိုအခါမှ အောင်သန်းက

“ဝက်နှစ်ကောင်စလုံး နားရွက်ဖျားတွေနဲ့ အမြီးဖျားတွေ မရှိတော့ဘူးဆရာ။ ခွာရင်းတွေကိုလည်း ကိုက်ထားတယ်”

“ဟေ … ငါ့မှာ ဓားလည်း မပါပါဘူး။ မှန်းစမ်း …”

မှန်ပါသည်။ ဝက်နှစ်ကောင်စလုံး နားရွက်ဖျားများနှင့် အမြီးဖျားများ ပြတ်နေသည်။ ခွာရင်း၌လည်း သွေးစို့နေသည်။

ကျွန်တော် သဘောပေါက်သော်လည်း မသိလိုက်မသိဘာသာနေရင်း

“ထမင်းစားကြတော့။ ငါတော့ ဆာဆာနဲ့ စားလိုက်ပြီးပြီ”

ကျွန်တော်ပြောမှ တပည့်များ ထမင်းထုပ်ကိုယ်စီ မုဆိုးလွယ်အိတ်ထဲက နှိုက်ကြသည်။ ထိုစဉ် လေပူကြီးတိုက်လာပြီး အသေကောင် နေလောင်ထားသည့် အနံ့ဆိုးကြီးက ပျံ့လွင့်လာပြန်သည်။

“ဟာ … ဘာနံ့ကြီးလဲဟ။ ထမင်းစားခါနီး … ထွီ”

သူတို့နှစ်ဦး ထမင်းထုပ်ကို ဖြေလိုက်သည်နှင့် လေပွေကလေးက ကျွန်တော်တို့ ပတ်ချာလည် တိုက်လာပြန်သည်။ ဤတစ်ခါ တိုက်သည်က လေကတော့လေး နှစ်ခု အမှိုက်စနှင့် ဝါးရွက်ခြောက်များ လွင့်ပျံ့နေသည်။

“အောင်သန်းနဲ့ တင်သောင်း၊ ကျွေးလိုက် … ကျွေးလိုက်”

“ဘာကိုကျွေးရမှာလဲ ဆရာ။ ဘယ်သူ့ကို ကျွေးရမှာလဲ”

“မင်းတို့ ထမင်းထုပ်ထဲမှာ ငါးနှစ်ကောင်စီ ပါတယ်မဟုတ်လား။ တစ်ကောင်စီ လေပွေထဲ ပစ်ထည့်လိုက်။ အနံ့ဆိုးကြီးရော လေပွေလေးပါ ပျောက်သွားလိမ့်မယ်”

“ကျွေးနိုင်ပေါင်ဗျာ . . . ကျွန်တော်တို့ထမင်းထုပ်က ငါးကြော်တစ်ကောင်စီနဲ့ ငါးပိတစ်ကော်သာပါတာ။ ဆရာ့အတွက်သာ ဦးစားပေးပြီး ငါးကြော်နှစ်ကောင်နဲ့ ကြက်ဥကြော်တစ်ချပ် ထည့်ထားတာ”

“ကလေးတွေနဲ့ တူပါတယ်။ နည်းနည်းစီတော့ ကျွေးလိုက်ပါကွာ”

“ဒါဖြင့်လည်း ရော့ဟဲ့ . . . အငတ်တွေ။ ဝက်နားရွက်တွေ ကိုက်သွားတာလည်း ဒီဟာကလေးတွေပဲ ဖြစ်မယ်”

တင်သောင်းက ငါးအမြီး၊ အောင်သန်းက ငါးခေါင်းရိုး ပစ်ချလိုက်တော့ လေပွေကလေးများက စုပ်တင်သွားပြီး အနံ့ဆိုးကြီးပါ တစ်ခါတည်း လိုက်ထွက်သွားတော့သည်။

ထူးထွေဆန်းပြားသော ဝါးယားကုန်း စခန်းဟောင်းကလေး ဖြစ်ပါသည်။

မကြာပါ။ မင်းကုန်းစခန်းဘက်မှ ကားသံကြားရပြီး ကျွန်တော်တို့အနီးရောက်တော့ ဟွန်းတီးသည်။

“ပွမ် … ပွမ် … ပွမ်”

ကားဆရာ ကိုမြင့်သိန်း၏ ရေတင်ဘောက်ဆာကားကြီး ဖြစ်ပါလိမ့်မည်။ မကြာပါ၊ ကားရပ်သံကြားရပြီး …

“ဆရာ… ဆရာဦးသိန်းဝင်း”

“လာဗျို့ … ကိုမြင့်သိန်း”

“ကျွန်တော်က ဒီဝါးယားကုန်းစခန်းကို လန့်တယ်။ ဆရာ့အသံကြားမှ ဝင်လာရဲတာ”

“ခင်ဗျားကလည်းဗျာ… နေ့ခင်းကြောင်တောင်ကြီး”

“အဲဒီ နေ့ခင်းကြောင်တောင်ကြီးလည်း ကြောက်တာပဲ ဆရာရေ။ ဒီစခန်းဟောင်းကို ကားသမားတိုင်း ကြောက်ကြတယ်။ ဝက်ကြီးနှစ်ကောင်တောင်ပါလား။ အံမယ် … ဝက်ပေါက်ကလေးတွေတောင် ပါသေး။ အဲ … ဟိုဟာက ဘာကောင်တွေတုံး”

“ဝက်ပေါက်ကလေးတွေပါ။ အရှင်မိလို့ မွေးဖို့ ခြင်းကြားထဲ ထည့်ထားတာ”

“ဒါဆို ဆရာတို့ အုပ်လိုက်ရတာပေါ့နော်။ တော်ပါပေ့ဗျာ”

“ဒါတောင် ဝက်ပေါက်အသေနှစ်ကောင် ပျောက်သွားသေးတယ် ကိုမြင့်သိန်းရေ”

“ဘယ်လိုဖြစ်တာလဲ ဆရာရယ်”

ကျွန်တော်က ဇာတ်စုံခင်းပြတော့ ကိုမြင့်သိန်းမှာ ထိတ်လန့်လာဟန်ဖြင့် …

“ကဲ ဆရာ … ပြန်ကြစို့။ ကျွန်တော် လန့်လာပြီ။ အခု ရေတွေဝေပြီးတာနဲ့ နောက်တစ်ခေါက်လာရဦးမှာ။ ဆရာ့တပည့်တစ်ယောက်တော့ အပြန်ကျ ထည့်ပေးပါဦး။ နောက်တစ်ခေါက် ညနေစောင်းမှာ။ နောက်ဆုံးတစ်ခေါက်ပြီးတာနဲ့ ကျွန်တော် အရက်ဝယ်လာပြီး ဆရာတို့စခန်းမှာပဲ ညအိပ်တော့မှာ”

“အိပ်ပါဗျာ … ခင်ဗျား နောက်ဆုံးအခေါက် ပြန်လာတာနဲ့ ဖျက်ပြီး ချက်ပြီး အဆင်သင့်ဖြစ်စေရပါ့မယ်။ ဒါနဲ့ ရေဘောက်ဆာကားပေါ်ကို ဝက်တွေ ဘယ်လိုတင်မလဲ”

“ရေဘောက်ဆာနဲ့ ကားခေါင်းကြားမှာ နေရာလွတ်ရှိတယ် ဆရာ။ ဆရာ့တပည့်တွေက ထိန်းလိုက်ကြပေါ့။ ကြိုးတွေ အသင့်ပါတယ်။ ကြိုးချည်ပြီး ထိန်းထားပေါ့”

“ကဲ … အောင်သန်းနဲ့ တင်သောင်း၊ ဝက်တွေ ကားပေါ် တင်ကြ။ ပြီး ကြိုးတွေနဲ့လည်း ခိုင်ခိုင်ချည်ကြ။ ကြားလား”

“ဟုတ်ကဲ့ ဆရာ”

တကယ်တမ်း ကားပေါ်တင်တော့ ကိုမြင့်သိန်းကလည်း ဝိုင်းထမ်းတင်ပေးပါသည်။ ရှေ့တန်းအလုပ်စခန်းများအား ရေဝေပြီးမှ ကျွန်တော်တို့စခန်းသို့ ပြန်ခဲ့ပြီး ဝက်များချသည်။ ဝက်ပေါက်အရှင်နှစ်ကောင် ကိုတော့ ခြင်းကြားထဲကမထုတ်ဘဲ ကျွန်တော့်ထောက်ပံ့ရေးဌာနက တပ်ကြပ်ကိုအောင်ဆန်းကို အပ်ပြီး နွားနို့ရှာ၍ တိုက်ခိုင်းရသည်။

ကားဆရာကိုမြင့်သိန်း အပြန်တွင် ရဲဘက်ကြီးတစ်ယောက်အား အဖော်ထည့်ပေးပြီး မင်းတုန်းကထောင်ပိုင်ကြီးများစားရန် ဝက်ပေါင်နှစ်ချောင်း ထည့်ပေးလိုက်ပါသေးသည်။

ထိုနေ့က ညနေစာကို ဝန်ထမ်းရဲဘက်အားလုံးကို တောဝက်သားဟင်းဖြင့် ကျွေးနိုင်သည်။ ကျွန်တော်တို့အဖွဲ့ကတော့ ဝက်ကလီစာဟင်း၊ ဝက်ခေါင်းသုပ်၊ ဝက်ခြေထောက်စွပ်ပြုတ်တို့ကို ကားဆရာကိုမြင့်သိန်းဝယ်လာသော ARMY RUM ဖြင့် တဝကြီးမြည်းကြရာ ညစာထမင်းပင် မစားနိုင်တော့ပါ။

ဝက်ပေါက်အသေလေးများကိုတော့ နောက်နေ့ညစာအဖြစ် ပေါင်းထားပါသည်။

တောဝက်ပေါက်အရှင်နှစ်ကောင်အား နွားနို့တိုက်၍ မွေးမြူထားရာ တဖြည်းဖြည်းကြီးလာသော်လည်း အိမ်ဝက်များလို မယဉ်ကြပါ။ အစာကျွေးသော တပ်ကြပ်ကိုအောင်ဆန်း၊ မုဆိုးအောင်သန်းနှင့် မျောက် တင်သောင်းတို့ကိုသာ အကပ်ခံသည်။ သူစိမ်းကို အနီးကပ်သည်နှင့် တဝုဝုအော်၍ ပြေးတော့သည်။ အပြင်လွှတ်ထား၍ မရ။ ခြံလုံလုံဖြင့် မွေးရသည်။ သဘာဝမဟုတ်၍ ထင်ပါသည်။ (၆) လခန့်ကြာတော့ အလိုလို သေဆုံးကုန်သည်။

တောကြီးမျက်မည်းလည်း မဟုတ်ပါဘဲ မြေကြမ်းသော ဝါးယားကုန်းစခန်းသို့ ကျွန်တော်တို့ နောက်တစ်ခေါက်လည်း မရောက်ဖြစ်တော့ပါ။

(၆)လခန့်ကျော်တော့ ကျွန်တော်လည်း အင်းစိန်ထောင်သို့ ပြောင်းရွှေ့မိန့်ကျလာသည်။

ယခုအခါမှာတော့ ဝါးယားကုန်းစခန်းဆိုသည်မှာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး လက်ယာဘက်ခြမ်း လှေလှော်အင်း ဝက်မွေးမြူရေးစခန်းအကျော် မိုင်တိုင်အမှတ် (၁၉) မိုင်အနီးတွင် ရှိနေပါ လိမ့်ဦးမည်။

– ပြီး –

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း

Leave a Reply

Your email address will not be published. Required fields are marked *