တင်နွယ်မောင်
ဝေဟင်မုဆိုး
ကျွန်တော်သည် လင်းယုန်ငှက်များကို ငယ်စဉ်ကပင် စိတ်ဝင်စားခဲ့သည်။ သူတို့၏ သန်မာသော အတောင်ကြီးများကို နှစ်ချက်သုံးချက်မျှ ရိုက်ခတ်ပြီး မိုးကောင်းကင် ဝေဟင်စွန်း၌ လေဟုန်စီးကာ ပျံဝဲနေကြသည်မှာ အားကျစရာပင် ကောင်းသေးတော့၏။
လင်းယုန်ငှက်များသည် အမြီးကို တက်မသဖွယ် တိမ်းပေး စောင်းပေးရုံဖြင့် လိုရာအရပ်သို့ ဦးတည် ပျံဝဲသွားလာနိုင်လေရာ ကလေးဘဝက ကျွန်တော်တို့တတွေ့ လင်းယုန်ငှက်များကို ကြည့်ပြီး “သူတို့လို ပျံလိုက်စမ်းချင်တယ်ကွာ” ဟု အချင်းချင်း ပြောကြရသည်မှာ အမော။
ကျွန်တော်တို့တတွေ လင်းယုန်ငှက်များအကြောင်း လူကြီးသူမများထံမှ ပုံပြင်သဖွယ် မှတ်သားကြရသည်။
ကောင်းကင် အမြင့်ကြီး၌ ပျံဝဲနေစဉ် သူတို့၏ စူးရှထက်မြက်သော မျက်လုံးများက မြေကြီးပေါ်တွင်ရှိသော သားကောင်များကိုပင် မြင်တွေ့နိုင်သည်ဆို၏။
အောက်တွင် သားကောင်ကို မတွေ့လိုက်နှင့်၊ တွေ့လိုက်လျှင် လင်းယုန်တို့သည် ရဲစွမ်းသတ္တိနှင့် ခွန်အားကို အပြည့်အဝသုံးကာ ထိုးသုတ်ယူဆောင်တတ် သည်ဟု ဆိုပြန်သည်။
လင်းယုန်ငှက်များအကြောင်း လူကြီးတွေ ပြောပြချက်များကို ကျွန်တော်တို့သူငယ်ချင်းတစု တွေ့တိုင်း အချင်းချင်း ပြန်လည်ဖောက်သည်ချကြရသည်မှာ မမောနိုင် မပန်းနိုင်။
လင်းယုန်ငှက် ပုံပြင်များထဲတွင် ကျွန်တော့်သူငယ်ချင်း ဘာဒီဆာပေရက် ပြောပြသည့် လင်းယုန်ငှက်နှင့် မြွေဟောက်စစ်ပွဲအကြောင်းမှာ ကျွန်တော်တို့သူငယ်ချင်းတစု စိတ်ဝင်စားလှသည့် ဇာတ်လမ်းတခု ဖြစ်လေသည်။
ထိုဇာတ်လမ်းမှာလည်း ဘာဒီ၏ ကိုယ်တွေ့ဇာတ်လမ်း မဟုတ်ချေ။ သူ့အဘိုးဖြစ်သူ မုဆိုးကြီးက ဤ ဂစ်ဆာတောင်တန်းတွင် ငယ်စဉ်က တောလိုက်ယင်း ကိုယ်တိုင်ကြုံတွေရသော အဖြစ်အပျက်တခု ဖြစ်သည်ဟု ကျွန်တော်တို့ သိရသည်။
ကျောက်ဖျာလို မျက်နှာပြင်ညီနေသော ကျောက် ဆောင်တခုပေါ်တွင် အပန်းဖြေနေသော ဘာဒီ၏ အဘိုးသည် မိုးထိလုနီး မြင့်တက်သွားသော ထင်းရှူးပင်ကြီး၏ထိပ်တွင် ဝဲနေသည့် လင်းယုန်ငှက်ကို ကြည့်ရှုနေမိသည်။
ထိုသို့ ငေးမောကြည့်ရှုနေသည်မှာ မည်မျှ အချိန်ကြာသွားသည် မသိ။
လင်းယုန်ငှက်ကြီးက အတောင်နှစ်ဘက်ကို ရုတ်တရက် သိမ်းလိုက်ပြီး လျင်မြန်သော အဟုန်ဖြင့် ထင်းရှူးပင်ရင်းသို့ ထိုးဆင်းလာသည်။ ဘာဒီ၏ အဘိုးက ဖြတ်ကနဲ လန့်သွားပြီး မြေပြင်သို့ ကြည့်လိုက်ရာ ထင်းရှူးပင်အောက်ခြေတွင် သူ့လက်ကောက်ဝတ် လောက်ရှိသည့် မြွေဟောက်ကြီးတကောင် လျှောတိုက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
အဘိုးသည် ကျောက်ဆောင်ထက်တွင် ပျားပျားဝပ် မှောက်ကာ လင်းယုန်နှင့် မြွေဟောက်တို့၏ စစ်ပွဲကို ရင်တမမနှင့် ကြည့်ရှုနေသည်။
လင်းယုန်ငှက်၏ တောင်ပံ တဗြုန်းဗြုန်းရိုက်သံ နီးကပ်လာသည်နှင့် မြွေဟောက်သည် ပါးပျဉ်းထောင်လိုက်ကာ ပါးစပ်မှ တရှူးရှူးမှုတ်ပြီး ရန်သူကို ရင်ဆိုင်ရန် အဆင်သင့် နေရာယူလိုက်သည်။
လင်းယုန်ကလည်း လေထဲမှာ ဝဲကတော့သဏ္ဌာန် ရစ်ဝဲဆင်းလာပြီး မြွေဟောက်၏ ဦးခေါင်းကို ညာခြေထောက်ဖြင့် နင်းချလိုက်ကာ ပါးပျဉ်းကို သူ၏ ခြေသည်းများဖြင့် ကုတ်တွယ်ထိုးစိုက်ထားလိုက်သည်။
သို့တစေ အဆိပ်ပြင်းသော မြွေသည် ခွန်အားလည်း ကြီးမားလှပေသည်။ သူ၏ တလံကျော်ရှည်သော ကိုယ်လုံးနှင့် အမြီးပိုင်းက လင်းယုန်၏ ကိုယ်လုံးကို တပတ်ချင်းရစ်ပတ်ကာ တအားချုပ်ထားလိုက်သည်။
လင်းယုန်ကလည်း ခြေသည်းများနှင့် ထိုးကုတ်ထား သော မြွေဟောက်၏ ဦးခေါင်းကို သူ၏ ချွန်ထက်သော နှုတ်သီးဖြင့် အကြိမ်ကြိမ်ထိုးဖောက်နေလေသည်။
မြွေဟောက် ဇီဝိန်ချုပ်ပြီ။
သို့တစေ သားကောင်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရသော ဝေဟင်မုဆိုးခမျာမှာ မသက်သာလှ။
အသက်ထွက်သွားသော်လည်း မာန်မကျသေးသော မြွေဟောက်၏ ကိုယ်လုံးက သူ့ကို ရစ်ပတ်ထားဆဲပင်။
မြွေ၏ ဦးခေါင်းကို ခြေသည်းများဖြင့် မြဲမြံစွာ ကုတ် ထားပြီး အတောင်နှစ်ဘက်ကို မြေပေါ်ထောက်၍ အပန်းဖြေနေသော လင်းယုန်ကို ကြည့်မြင်ရသည်မှာ အံ့ဩစရာလည်းကောင်း၊ ရယ်စရာလည်း ကောင်းနေပေသည်။
လင်းယုန်ငှက်သည် ဒဏ်ရာရသော စစ်သားတယောက် ချိုင်းထောက်နှစ်ခုပေါ်တွင် နားနေသည်နှင့် တူလှပေသည်။
အသက်ကုန်ပြီဖြစ်သည့် မြွေဟောက်၏ ခန္ဓာကိုယ် သည် တဖြည်းဖြည်း ပြေလျော့၍ အောက်သို့ ကျသွား၏။ ထိုအခါ လင်းယုန်သည် မြွေဟောက်၏ ဦးခေါင်းကို ကုတ်မြဲကုတ်လျက် တဟုန်ထိုး ထပျံသွားလေရာ မြွေအသေကောင်သည် တွဲလောင်းကျကာ ပါသွားလေတော့သည်။
X X X X X X X X X
တော်လှန်ရေးကြီးပြီးသောအခါ ကျွန်တော်သည် စစ် တပ်ထဲမှထွက်ပြီး ဇာတိချက်ကြွေဒေသဖြစ်သော ဤ ဂစ်ဆာတောင်တန်းများသို့ ပြန်လာခဲ့သည်။ မိခင်မြေကြီးပေါ်တွင်သာ သီးနှံတို့ကို စိုက်ပျိုးစားသောက်တော့မည်ဟု ဆုံးဖြတ်ခဲ့၏။
ကျွန်တော်၏ ငယ်သူငယ်ချင်း ဘာဒီဆာပေရက်သည် သူ့အဘိုးကဲ့သို့ မုဆိုးဖြစ်လာကာ ဤဒေသတဝိုက် ကျက်စားနေလေသည်။ ကျွန်တော်တို့ နှစ်ယောက် ပြန်တွေ့ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရသည်မှာ အလွန်ပျော်စရာကောင်းလေသည်။
တနေ့ ဘာဒီ ကျွန်တော့်ယာခင်းထဲ ရောက်လာသောအခါ သူ့အဘိုး ပြောခဲ့သည့် လင်းယုန်ငှက်အကြောင်း ကျွန်တော် နားမရှင်းသည့်အချက်ကို မေးကြည့်မိသည်။
“အဘိုးက ပြောတယ်ကွ… လင်းယုန်ငှက်တွေဟာ သေခါနီးယင် ကောင်းကင်ကို ပျံတက်သွားတယ်။ ပြီးတော့မှ အပေါ်ကနေ ကျောက်တုံးကို ချလိုက်သလို ထိုးစိုက်ချပြီး သေပွဲဝင်တယ်ဆိုပဲ။ အဲ့ဒါ မင်းတွေ့ဘူးသလား ဟင်”
ပြီးတော့ ဆက်ပြောသည်။
“တို့အဘိုးပြောသလို လင်းယုန်ငှက်တွေ သေပွဲဝင်တာမျိုးတော့ ငါ မမြင်ဖူးပါဘူးကွာ။ ဒါပေမယ့် ငါ အခု လင်းယုန်ငှက်တွေ ဘယ်လိုသေကြတယ်ဆိုတာ တွေ့ဘူး ကြုံဘူးပြီ သူငယ်ချင်း။ မင်းကိုယ်တိုင် ကြည့်ချင်တယ်ဆိုယင် လိုက်ခဲ့လေ။ ငါ မနက်ဖြန် တောင်ပေါ်သွားစရာရှိတယ်”
X X X X X X X X X
ဘာဒီနှင့် ကျွန်တော်သည် အရုဏ်မလာမီပင် ဂစ်ဆာ တောင်တန်းများပေါ်တွင် မြင်းကိုယ်စီနှင့် တရွေ့ရွေ့ သွားနေကြ၏။
ဂစ်ဆာတောင်တန်းများပေါ်မှ အောက်သို့ လှမ်း ကြည့်လိုက်သောအခါ မြင်ကွင်းသည် မပီမသ ဝိုးတဝါး ရှိ၏။
ဆီးနှင်းများ ပိန်းပိတ်အောင် ကျနေသည်။ ဆီးနှင်းထုကို ထိုးဖောက်ကြည့်လိုက်သောအခါ မြွေတကောင်ကဲ့သို့ ရစ်ခွေစီးဆင်းနေသော အာစူးမြစ်ကို မှုန်ဝါးဝါးတွေ့ရ၏။ သို့သော် ရေစီးကြမ်းသော အာစူးမြစ်၏ ဒေါမာန်ထန်သံကို အဝေးကပင် ကြားနေရလေသည်။
ဤသို့နှင့် နေခြည်နွေးနွေး ဖြာကျလာပေပြီ။ နှင်းထု လည်း ကွဲစပြုပြီ။
ကျွန်တော်တို့အဖို့ တောင်တက်ခရီးမှာ မတ်စောက်ပြီး လမ်းကြမ်းသဖြင့် ထင်သလောက် ခရီးမပေါက် ဖြစ်ရသည်။
နေမွန်းတိမ်းခဲ့ပြီ။
ရှေ့သို့ ကြည့်လိုက်ရာတွင် ကျောက်စွန်းကြီးသည် ချောက်ကမ်းပါးဘက်သို့ ငေါထွက်နေပြီး ဆက်သွားရန် လမ်းမရှိတော့။
ကျွန်တော်က ဘာဒီကို လှမ်းကြည့်လိုက်သည့်အခါ သူက ခေါင်းတချက် ဆတ်ပြလိုက်ပြီး မြင်းပေါ် မှ ဆင်းလိုက်သည်။ ကျွန်တော်တို့၏ မြင်းများကို ဆင်ခြေလျှော ဖြစ်နေသော နေရာမှ ထင်းရှူးပင် ပင်စည်တွင် ချည်ထားခဲ့ကြပြီး နှစ်ယောက်သား တွားတက်ခဲ့ကြလေသည်။
ငေါထွက်နေသော ကျောက်စွန်းကြီးပေါ်တွင် ကျောက်တုံးများမှလွှဲလျှင် ဘာမျှမရှိ။ ကွက်လပ်သဖွယ် တည်ရှိနေသည်။ ကျွန်တော်တို့ ဝပ်နေသောနေရာသည် ထိုနေရာနှင့် အနည်းငယ် ကွာလှမ်းသော်လည်း အပေါ် စီးဖြစ်၍ အားလုံးကို မြင်တွေ့ရသည်။
ကျောက်စွန်းပေါ်တွင် လင်းယုန်ငှက်ကြီးတကောင် နားနေသည်။ လင်းယုန်သည် မေးစေ့အောက်မှ အမွေးများပင် ပေါက်နေသဖြင့် မုတ်ဆိတ်ကျင်စွယ်ထားသော အဘိုးအိုတဦးနှင့်တူပြီး အလွန်အကြည့်ရဆိုးပေသည်။
“ဒီမုတ်ဆိတ်နဲ့ လင်းယုန်ဟာ သန်တုန်း မြန်တုန်း အရွယ်ဆို တကယ်ကြောက်စရာကောင်းတယ် သူငယ်ချင်း။ သိပ်မြင့်တဲ့ တောင်တန်းတွေမှာ ကျက်စားပေမယ် မြေပြင်မှာရှိတဲ့ မြေခွေးတို့၊ ဝံပုလွေ ခပ်ငယ်ငယ် ကောင်လောက်ဆိုယင်တောင် မကြောက်ဘူး။ ထိုးသုတ်နိုင်တယ် သိလား။
တခါက တောင်ဆိတ်တကောင်ကို အတောင်နဲ့ ရိုက်တာ ချောက်ထဲကျသေဘူးတယ်”
ဘာဒီက ကျွန်တော့်နားသို တိုး၍ လေသံဖြင့် ရှင်း လင်းပြောပြသည်။ ကျွန်တော်က ဘာဒီ ရှင်းပြသည်ကို နားထောင်ယင်း လင်းယုန်ငှက်ဘေးမှ မည်းမည်းသဏ္ဌာန်များကို စူးစိုက်ကြည့်လိုက်သောအခါ “လားလား….” အသားစား ကျီးကန်းများဖြစ်နေလေ၏။
ပထမပိုင်းတွင် ပြိုကွဲစပြုနေပြီဖြစ်သော နှင်းထုက လွှမ်းခြုံထားသဖြင့် ငြိမ်သက်နေသော မည်းမည်းသဏ္ဌာန်များကို ကျောက်တုံးများဟု ကျွန်တော် ထင်မှတ်ခဲ့သည်။ ယခုမူ အသားစားကျီးကန်းများဝန်းရံ၍နေသော ဝေဟင်မုဆိုးကို မျက်မြင်တွေ့နေရပေပြီ။
လင်းယုန်ငှက်သည် မိမိဖမ်းယူရမိသော သားကောင် ကို ထိုးဆိတ်ဝါးမျိုနေပြီး ဘေးမှ ကျီးကန်းများက စားကြွင်းစားကျန် စားရန် စောင့်ဆိုင်းနေကြသည်ဟု ကျွန်တော် ထင်လိုက်မိသည်။
ကျွန်တော်၏အထင် မှားယွင်းသွားလေပြီ။
အားအင်ကုန်ခန်းစပြုနေပြီဖြစ်သော လင်းယုန်ငှက် ကြီးသည် သူ၏ အတောင်နှစ်ဘက်ကို မြေကြီးပေါ်သို့ ဖြန့်ချလိုက်ပြီး ချိုင်းထောက်နှစ်ချောင်းသဖွယ် ထောက်၍ မှီထားလေသည်။
ဘာဒီက ကျွန်တော့်ကို လှမ်းပြောလိုက်၏။
“ဒီကောင်ကြီး သိပ်အိုနေပြီကွ။ ဒီကောင်ကြီး သေ ခါနီးပြီ … သိလား”
လင်းယုန်ငှက်ကြီးသည် ဘေးပတ်ပတ်လည်တွင် နားနေသော ကျီးများကို စူးစိုက်ကြည့်နေလေရာ ကျီးများ မလှုပ်ရဲကြချေ။
ဘာဒီက ကျွန်တော့်ကို ဆက်ပြောပြန်သည်။
“အစစ်ပဲ သူငယ်ချင်း၊ ဒီကောင်ကြီး မကြာတော့ဘူးဇာတ်သိမ်းတော့မယ်ကွ”
ကျွန်တော်ကမူ ဘာဒီကို ဘာမျှ ပြန်မပြောမိ။ စိတ်ဝင်စားလွန်းသဖြင့် လင်းယုန်ငှက်ကြီးနှင့် ကျီးကန်းတို့ကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။
လင်းယုန်ကြီး၏ ဦးခေါင်းသည် အောက်သို့ စိုက်ကျ သွား၏။ ကျီးကန်းတို့သည် ဤအဖြစ်အပျက်ကို မြင်သောအခါ တကောင်ပြီး တကောင် ရှေ့သို့ ခုန်၍ တိုးလာကြ၏။ လင်းယုန်သည် ခေါင်းတချက်မော်၍ ကျီးကန်းတို့ကို စောင်းကြည့်လိုက်ရာ သူ၏ ရန်သူများ ရှဲသွားကြ၏။
မကြာမီ လင်းယုန်၏ ဦးခေါင်းသည် သူ၏ ရင်အုံကျယ်ကြီးပေါ် စိုက်ကျသွားပြန်သည်။ ဝေဟင်မုဆိုး၏ ဇာတ်သိမ်းခန်း စပေပြီ။
အသားစားကျီးကန်းတို့သည် လင်းယုန်ကြီးကို သူ့ထက်ငါဦး ဝိုင်းအုံ၍ ထိုးဆိတ်ကြလေရာ အမွေးအတောင်အချို့ ကျွတ်ထွက်လာ၏။
ဝေဟင်မုဆိုးသည် သူ၏ ရှိစုမဲ့စု အင်အားကိုသုံးကာ အတောင်နှစ်ဘက်ဖြန့်၍ ကျီးကန်းတို့အား ပြန်လည်ခုခံလေသည်။
ကိုယ်လုံးကိုယ်ထည် ခပ်သေးသေး ကျီးကန်းတကောင်မှာမူ လင်းယုန်၏ ပြင်းထန်သော နှုတ်သီးဒဏ်ကြောင့် နောက်သို့ လန်သွားကာ ချောက်ကမ်းပါးထဲသို့ ထိုးကျသွား၏။
လင်းယုန်သည် ကျောက်တောင်စွန်းတွင် နေရာ ပြန်ယူလိုက်ပြီးနောက် တက်လာသော ကျီးတကောင်ကို နှုတ်သီးဖြင့် လှမ်းပေါက်လိုက်ပြန်၏။
သို့သော် ဤတကြိမ်တွင် ဝေဟင်မုဆိုး၏ ထိုးနှက်ချက်တွင် အင်အားမပါတော့ပေ။
လင်းယုန်သည် သူ၏ အတောင်နှစ်ဘက်ကို ဖြန့်ထား လိုက်ပြီး သူ၏ ထောင်မတ်နေကျ ဦးခေါင်းကို ကျောက်တုံးများထဲသို့ ထိုးသွင်းကွယ်ဝှက်ထားရှာ၏။
ကျီးကန်းတို့သည် သူတို့၏ ခြေသည်းများနှင့် နှုတ်သီးများကို လင်းယုန်၏ ခန္ဓာကိုယ်ထဲသို့ မြှုပ်သွင်းကာ ကုတ်ဖဲ့ထိုးဆိတ်နေချိန်၌ ဝေဟင်မုဆိုး၏ နှလုံးသည် ခုန်နေဆဲ၊ အသက်ရှင်နေဆဲပင် ရှိပေဦးမည်။
ကျီးတို့သည် တကောင်နှင့်တကောင် ဝမ်းခေါင်းသံကြီးများနှင့် စားမာန်ခုတ် အော်ဟစ်ဆူညံပြီး လင်းယုန်ငှက်၏ အသွေးအသားတို့ကို မြိန်ရည်ရှက်ရည် စားသောက်နေကြလေ၏။ အမွေးအတောင်များ လေထဲတွင် ပလူပျံနေတော့သည်။
ဤကား ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရသော ဝေ ဟင်မုဆိုးတို့၏ ဇာတ်သိမ်းခန်းပင် ဖြစ်လေသည်။
Uncategorized