ခိုင်ဇာထွန်း(ကျောက်ဖြူ)
သက်လုပွဲ
“ကျရစ် ကျရစ် … ဘုန်း ဘုန်း”
“ကျရစ် ကျရစ်””
စူးရှစွာ အဆက်မပြတ် အော်မြည်သံနှင့်အတူ တဘုန်းဘုန်းအသံကြောင့် သုံးယောက်သားတို့၏ ခြေလှမ်းများမှာ တုံ့ခနဲ ရပ်သွားကာ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိကြသည်။ သည်သုံးယောက်ထဲတွင် ခေါင်းဆောင် ဒေါင်းညို၏ မျက်နှာတွင်မူ သို့လော သို့လော သံသယအရိပ်တွေ အထင်အရှားမြင်နေရသည်။
အသံမှာ သူတို့နှင့် လက်လံ ငါးဆယ်မျှသာ ဝေးသည်။
“ဒါ … ဒါ ဒေါသဖြစ်နေတဲ့ တောကောင်တစ်ကောင် အသံပဲကွ”
အသံတိတ်မေးခွန်း ထုတ်နေကြသည့် သူ့လူ နှစ်ယောက်အား မတိကျသည့် အဖြေတစ်ခုကို ဒေါင်းညို ခပ်တိုးတိုးပြောသည်။
ဟုတ်သည်၊ သည်အသံသည် တောလိုက်သက် နုလှသည့် သူ့အတွက် ဆန်းနေသည်။ ဒေါသဖြစ်နေသည့် တောတိရစ္ဆာန်တစ်ကောင်ဟူသည့် အဖြေကလွဲ၍ တိကျသည့်အဖြေကို သူမပေးတတ်။ သူ့အနေနှင့် သည်အဖြေအတွက် စွန့်စားကာ ရှေ့သို့ လှမ်းရပေမည်။
ထို့ကြောင့် သူ့လူနှစ်ယောက်ကို လက်ဟန်ခြေဟန်ဖြင့် ရပ်ကျန်ခဲ့ရန် အသိပေးခဲ့ပြီး ရှုပ်ထွေးသောချုံနွယ်ကြားသို့ သူတစ်ဦးတည်း တိုးဝင်ခဲ့သည်။
အသံကား ပို၍ ကျယ်လောင်လာသည်။
“ကျရစ် ကျရစ် … ဘုန်း ဘုန်း”
“ဟာ”
ဒေါင်းညိုနှုတ်မှ အာမေဍိတ်သံ ထွက်သွားသည်။ ချုံဖုတ်ကြားမှ သူ့မျက်လုံးအစုံမှာ ပြူးကျယ်သွားသည်။
မြင်ရသည့် မြင်ကွင်းက သူ့အဖို့ ကြားသာကြားဖူးပြီး မမြင်ဖူးသည့် မြင်ကွင်း ဖြစ်နေသည်။ မြင်ကွင်းက အန္တရာယ်ရှိသည် မြင်ကွင်းမို့ တာရှည်ကြည့်၍ မဖြစ်။ သူ့လူများကို အလျင်အမြန် သတင်းပေးရတော့မည်။
သို့ဖြစ်ရာ ဒေါင်းညိုသည် ရောက်နေသည့် နေရာမှ ချက်ချင်းပင် ဒရောသောပါး ပြန်လှည့်ပြေးလာ သည်။
ဆူးပါသည့်နွယ်များ၊ ဆူးခက်ဆူးရွက်များ ထိရှရစ်ပတ်မှုကြောင့် ခန္ဓာကိုယ် အနှံ့အပြားတွင် သွေးများစို့နေသည်။ တချို့နေရာများတွင် အသားထဲ အတော်အတန် စူးဝင်ဆွဲငင်မိသဖြင့် သွေးများပင် စီးကျသည်။
ဤသည်ကို ဒေါင်းညို ဂရုမစိုက်နိုင်။သူ့လူနှစ်ယောက်ဆီ အမြန်ရောက်လိုဇော ကပ်နေသည်။
“ဟေ့ကောင်တွေ ပြေးကြကွ … ပြေးကြ”
သိလိုစိတ်နှင့် ရပ်နေသူနှစ်ဦးမှာ ဒေါင်းညို၏ အထိတ်တလန့်အသံကြောင့် ဘုမသိ ဘမသိ ပြေးရတော့သည်။ တွေးကြည့်လျှင် ရယ်စရာတော့ အကောင်းသား။
တောထဲသို့ သားကောင်ရှာထွက်ခဲ့ကြသည့် ဧရာမ မုဆိုးကြီးသုံးယောက်မှာ ယခုအကြိမ် နှစ်ကြိမ်မြောက် ပြေးရပြန်ပြီ။
ပထမ အကြိမ်က ရွာတောင် တောနက်ပိုင်းရှိ အမြဲတမ်း စိမ်းလန်းတောမှ ကျွတ်သတ္တဝါများကြောင့် ပြေးခဲ့ရသည်။ မပြေး၍ မဖြစ်။ တောမီးမလောင်ဘဲ နှစ် ပရိစ္ဆေဒ ကြာနေခဲ့သော သည်တောတွင် နွေခေါင်ခေါင်မှာပင် ကျွတ်ကောင်ငယ်များ အံ့ခမန်းလိလိ ရှင်သန်သွားလာနေနိုင်ကြသည်။
သည် သိန်းသန်း ကုဋေမက အကောင်ငယ်များသည်
လူသံကြားသည်နှင့် မတ်မတ်ထောင်ကာ ရွစိရွစိနှင့် ချီတက်လာကြသည်။
သည်ဘက် ဖုတ်တောအလယ်သို့ ရောက်နေခဲ့ကြသည့် သူတို့သုံးဦးမှာ ကျွတ်သတ္တဝါရန်က ကင်းဝေးအောင် မနည်းကြီး ပြေးယူခဲ့ရသည်။ ဒါတောင် ခြေသလုံးကြွက်သားတွင် သူတို့ တွယ်ကပ်ပါလာသေး သည် ။
“ဟေ့ ဒေါင်းညို ဘာ … ဘာကောင်တွေလဲကွ”
အတော်ကြီး ပြေးမိပြီးမှ ချမ်းမြက မေးဖြစ်သည်။ ဒေါင်းညိုသည် ချက်ချင်း မဖြေသေးဘဲ အသက်ကို ဝအောင် ရှူနေသည်။ ဖိုးမောင်မှာ သူ့နဖူးက ချွေးကို လုံချည်စနှင့် သုတ်နေသည်။
“ဒေါင်းရံကွ … ဒေါင်းရံ၊ ဒေါင်းရံက ပျားအုံဖြိုနေတာ”
“ဟင်”
“ဟာ”
ချမ်းမြရော ဖိုးမောင်ပါ ဒေါင်းညို စကားကြောင့် တအံ့တဩ ဖြစ်သွားကြသည်။ ရွာမှာ လူကြီးသူမများ ပြောပြောနေကြသည့် “ဒေါင်းရံ သတ်ပျား” ဆိုသည်နှင့် သူတို့ လာတိုးမိချေပြီ။
ဒေါင်းရံသတ်ပျားဆိုသည်မှ ဒေါင်းရံခေါ်သော ဧရာမ သားစား စွန်ရဲများသည် သူတို့၏ အားကောင်းလှသည့် တောင်ပံနှစ်ခုဖြင့် ပျားကြီးအုံကို ဖြိုရိုက်ကာ ပျားထဲမှ ပျားငယ်များ ပျားရည်များကို အငမ်းမရ စားသောက်ကြသည်။
ပျားများမှာ သူတို့အုံကို လာရောက်တိုက်ခိုက်သည့် ဒေါင်းရုံကို ရှိသမျှစွမ်းအားဖြင့် တိုက်ခိုက်ရှာကြ သည်။
သို့ရာတွင် အမွေးထူလှသည့် ဒေါင်းရုံငှက်ကို နာကျင်အောင် အန္တရာယ်မပေးနိုင်ဘဲ နောက်ဆုံး သူတို့ ပျားအုံကို စွန့်ခွာပြေးရတော့သည်။ သည်သို့ ပြေးရာ လမ်းတစ်လျှောက်တွင် မည်းမည်းမြင်ရာ လိုက်တုပ်ကြရာ၊ ဒေါင်းနှံသတ်ပျားနှင့်တွေ့သည့် ထင်းရှာ၊ ထင်းခွေသူများအတွက် ကြောက်မက်ဖွယ်ကောင်း သည့် အန္တရာယ်ပင် ဖြစ်ချေသည်။
ရာနှင့် ထောင်နှင့် ချီ၍ ပျားတုပ်ခံရပါက လူမဆိုနှင့် နွားမတမ်းပင် ဘိုင်းဘိုင်းလဲတတ်သည်။ သို့ဖြစ်ရာ ဒေါင်းရံသတ်ပျားသည် တောထဲသွားသူများ အထူးသတိထားရသည့် ကိစ္စတစ်ခု ဖြစ်သည်။
ဤအကြောင်းကို ကြားဖူးနားဝရှိပြီးကြသူ တောလိုက်လူငယ်သုံးယောက်မှာ ဒေါင်းရံသတ်ပျားနှင့် ဝေးခဲ့ရသည့်တိုင် သက်မကို အခါခါချနေကြသည်။
မွန်တိမ်းခဲ့ပြီ။
မိန်နွေကို အန်တုဖက်ပြိုင်နေသည့် ရွာတောင်၏ တောင်စွယ်သည် စိမ်းမြမြနှင့် အမြင်လှနေသည်။ “မြတ်စွာပင်စမ်း” ဘက်မှ ရေလာသောက်သည့် တောကျေးငှက်တို့အသံသည် ပီသကြည်မြသည့် ဂီတသံတစ်ခုနှယ် ပျံ့လွင့်နေသည်။
သည်အချိန်တွင် ဟိုး သစ်ဆိပ်တောဘက်မှ တော ခြောက်သံ သဲ့သဲ့ကို ဒေါင်းညိုတို့ ကြားလိုက်ရ သည်။ ဤအသံကြောင့် သုံးဦးသားမျက်နှာသည် ချက်ချင်း တင်းတင်းမာမာ ဖြစ်သွားသည်။
ပြီး ပြိုင်တူ သက်မကို ခပ်မျှင်းမျှင်း ချလိုက်ကြသည်။
X X X
“အောင်မာ မင်းတို့က တို့နဲ့လိုက်မယ်ပေါ့။ တောဝက်ဆိုတာနဲ့ ကြောက်ချေးတွေ ကြောက်သေးတွေ ထွက်မယ့်ဟာတွေက သွားကြစမ်း။ ဒါ မင်းတို့အရာ မဟုတ်ဘူး”
ဦးမြတ်သာထွန်း၏ ထန်လှသည့် မာန်မဲမှုကြောင့် ဒေါင်းညိုတို့ နောက်ဆုတ်လိုက်ကြသည်။
ရွာစတွင် လူအတော် စုံနေပြီ။ ခွေးခေါ်သူ ခေါ်၊ ဓားသွေးသူ သွေး၊ လှံကို သသူ သနှင့် သူတို့ တောလိုက် ထွက်ကြတော့မည်။
ဒေါင်းညိုတို့မှာ ခုမှ အသက် ဆယ့်သုံးနှစ်မျှ ရှိသေးရာ ချိုလိမ်ချေဖားကြီးများ၊ စွယ်ကော့ တောဝက်ကြီးများနှင့် အနပ်အပါးချင်းပြိုင်၊ အပြေးချင်းပြိုင်၊ သတ္တိချင်းပြိုင်ကြမည့်ပွဲတွင် အရာမဝင် ဖြစ်နေသည်။
ဒေါင်းညိုတို့အနေနှင့် သူတို့လည်း တောလိုက်သမားကောင်း ဖြစ်ကြပြီဆိုသည်ကို ပြလိုလှသည်။ သို့သော် အခွင့်အရေးက မပေး။
ဦးမြတ်သာထွန်းနှင့် တခြား တောလိုက်သမားများကပါ ပစ်ပစ်ခါခါ ရှိကြသည်။
“သူတို့ တို့ကို ဝေစုပေးရမှာ စိုးလို့ပါကွာ။ နေပါစေပေါ့။ သူတို့လဲ လူ၊ တို့လဲ လူပဲ။ တောထဲမှာ သူတို့ အမဲကောင်တွေ့ရရင် တို့လဲ ရရမှာပေါ့”
ဒေါင်းညိုက သူ့လူများကို အားပေးသည်။ သို့ကြောင့်ပင် သူတို့ လက်နက်ဖြစ်သော ဓားမြှောင်တစ်ချောင်း၊ မှတ်ပြောင်းတစ်ခု၊ မှုတ်စူး ခုနစ်ချောင်း၊ လေးခွနှစ်ခု၊ လောက်စာလုံး တစ်စိတ်ဖြင့် တောထဲ ရောက်လာကြသည်။
သည်အရပ်တွင် သည်ရာသီ၌ တောင်သူလယ်သမား များ အလုပ်အားချိန် ဖြစ်သည်။ သို့ဖြစ်ရာ အား အားရှိတိုင်း တောလိုက်ထွက်ကြသည်။
မည်သည့်တောမှာ ချေတွေကျက်စားသည်၊ မည်သည့်တောမှာ တောဝက်တိုးရာ တွေ့သည် စသည်ဖြင့် ညညဆိုလျှင် စုဝေးပြောတတ်ကြသည်။ သေချာပေါက် တွက်ကိန်းချနိုင်ပြီဆိုလျှင် တောလိုက်ပိုက်တွေ၊ လှံတွေ စုပြီး နံနက်စာ ခပ်စောစောစားကာ ရွာမှ ထွက်ကြမြဲ။
ရလာသည့် အခါဆို တပြုံးပြုံးနှင့် စားကြ သောက်ကြ ပျော်ကြ ပါးကြသည်။
သားကောင် ထွက်ထွက်ပြေးသည့် အခါမျိုးဆို မည်သူညံ့လို့၊ မည်သူတာဝန်မကျေလို့ စသည်ဖြင့် တစ်ဦးကို တစ်ဦး ဝေဖန်ငြင်းခုန်ကြသည်မှာ ဘဝဂ်လျှံလုမတတ်။
ဤအရပ်တွင် သားကောင်ကို ပိုက်ဖြင့်ထောင်ကာ လူအများ တောခြောက်ထုတ်သည့်နည်းဖြင့် တောလိုက်တတ်ကြသည်။ တောကျွမ်းသူများသည် သားကောင်ရှိမည့်နေရာနှင့် မည်သည့်ဘက်က တောခြောက်ပါက သားကောင်သည် တော၏ မည်သည့်နေရာလောက်က ဖြတ်ပြေးလာနိုင်သည်ကို သေချာပေါက်နီးပါး မှန်အောင် တွက်နိုင်ကြသည်။
သို့ကြောင့်သာ လက်လံ လေး ငါးဆယ်အရှည် ပိုက်ဖြင့်၊ ရှည်လျားကျယ်ဝန်းလှသည့် တောထဲတွင် သားကောင်ကို မိအောင် ထောင်နိုင်ခြင်း ဖြစ်သည်။
တချို့ သားကောင်များမှာ ဤသို့ အကြိမ်ကြိမ် အဖန်ဖန် အလိုက်ခံရသဖြင့် အတော်ပင် ပါးနပ်ကုန် သည်။ တောခြောက်သည့်ဘက်က အန္တရာယ်နည်းသည်ကို သိကာ ဆန့်ကျင်ဘက် ပိုက်ရှိရာဘက်သို့ မပြေးဘဲ၊ တောခြောက်သူများ ဘက်သို့ ဖောက်ထွက်ပြေးတတ်သည်။
တချို့ တောဝက်များသည် ပိုက်မိပြီးမှ လွတ်ဖူးရာ နောက်တစ်ကြိမ်ဆိုပါက တောခြောက်သူများကို တိုက်ခိုက်ကာ ထွက်ပေါက်ရှာတတ်ကြသည်။ သည်လို အခြေအနေမျိုးတွင် တောခြောက်သူများ အန္တရာယ် ဖြစ်နိုင်သည်။
ထို့ကြောင့် တောခြောက်သူများမှာ အရေးပေါ် တစ်ဦးနှင့် တစ်ဦး ကူညီနိုင်ရန် တုတ်အပြင် လှံ ရှည်လည်း သုံးလေးယောက် တစ်ချောင်းမျှ ရှိရ သည်။
ဤအတွက်ပင် တောလိုက်ခေါင်းဆောင်သည် အရွယ်မရောက်သေးသည့် လူငယ်များကို မခေါ်လိုခြင်းပင်။
အများအားဖြင့် တောလိုက် ခေါင်းဆောင်သည် သတ်ရဲ ဖြတ်ရဲ၊ တိုက်တဲ့ ခိုက်ရဲသူဖြစ်ပြီး အတွေ့အကြုံ စုံဖူးရသည်။ သူ့အနေနှင့် တောခြောက်စရာ မလို။ ပိုက်အနီး လှံကို တင်းအောင်ဆုပ်ကိုင်ကာ အခြေအနေကို စောင့်ကြည့်ရန်သာ ဖြစ်သည်။
တောခြောက်သံ တစ်စစ ပျောက်သွားသည်။ ခုလောက်ဆို သူတို့ သစ်ဆိမ့်တောမှ ပိုက်လွတ် ချိုလိမ်ချေဖားကြီးကို သတ်ဖြတ်ပြီးချေပြီလားဟု ဒေါင်းညို တွေးမိသည်။ သည်ချေဖားသည် အသက်ကြီးသဖြင့် ချိုလိမ်နေသလောက် ပိုက်မှ အကြိမ်ကြိမ်လွတ်ကာ အလွန်ပါးနပ်ကြောင်း လူပြောများသည်။
ရွာတောင်က အဆင်းတွင် သစ်ဆိမ့်တော သည်ဘက်ခြမ်းမှ တောကြက်တစ်ကောင် တွန်သံကြောင့် ဒေါင်းညို ဝမ်းသာသွားသည်။ သည်သို့ဆိုသော် ရွာတောင်မှာ ကံမလိုက်သော သူတို့ သစ်ဆိမ့်တောမှာ အခြေအနေတစ်မျိုး ပြောင်းနိုင်သည်။
ပြီး တောကြက်တွန်းသံသည် သစ်ဆိမ့်တော ဟိုဘက်ခြမ်းတွင် တောခြောက်သမားများနှင့် ရုတ်ရုတ်သဲသဲရှိသလောက် သည်ဘက်ခြမ်းမှာ အေးအေးဆေးဆေးပါပဲဟု ပြောပြသယောင် ဖြစ်ချေသည်။
တောကြက်တွန်သော် တခြားသော တောကောင် ငယ်များသည်လည်း သဘာဝအလျောက် သွားလာ လှုပ်ရှားနေမည်သာ။ ဤကား မဟာမုဆိုးကြီး ပုံစံမျိုး ဂိုက်ဖမ်းလျှောက်နေသည့် ဒေါင်းညို၏ ဆက်စပ်တွေးခေါ်မှုပင်။
X X X
“ကောက်ကက် … ကောက်ကက် …. ကောက်ကက်”
ရုတ်တရက် သူ့ရှေ့ ကြိမ်ချုံအောက်မှ ထပျံပြေးသည့် တောကြက်မတစ်ကောင်ကြောင့် ဒေါင်းညိုခြေလှမ်း ရပ်သွားသည်။ ဒေါင်းညိုကဲ့သို့ပင် ချောက်ကမ်းပါးတစ်ဖက်မှ သူ့လူနှစ်ယောက် ခြေသံလည်း ပျောက်သွားသည်။
သူတို့သုံးယောက် တစ်နေရာတည်းမှ တောမတိုးဘဲ ချောက်ကမ်းပါးကြီးတစ်ခု တစ်ဖက်တစ်ချက်မှ လူခွဲ ပန်းတက်နေကြခြင်း ဖြစ်သည်။
တောကြက်မသည် အဝေးသို့ မပြန်ဘဲ အနီးရှိ နပဲပင်ကိုင်းတွင် နားနေသည်။ သည်အတွက်ပင် ဒေါင်းညို သူ့ မှုတ်ပြောင်းရှည်ကြီးကို အလွယ်တကူ ချိန်ထိုးနိုင်ခြင်း ဖြစ်သည်။
ချိန်ထိုးသည့် အချိန်မှာပင် သူ့စိတ်ထဲ ဖျတ်ခနဲ အတွေးတစ်ခုဝင်လာသည်။ ထိုအတွေးမှာ တောကြက်များမှာ အလွန်ပါးနပ်သည့်အလျောက် အလွယ်တကူ ပစ်ခတ်နိုင်ခဲသည်။ ယခု တောကြက်မ အဝေးသို့ မပျံဘဲ အဘယ်ကြောင့် မှုတ်ပြောင်းဖြင့်ပင် ချိန်ထိုး ချိန်ထိုး နေဘိသနည်း။
သည်အတွေးကြောင့် ဒေါင်းညိုမျက်စိသည် စောစောက တောကြက်မ ထပျံသည့် နေရာသို့ ရောက်သွားသည်။
လား လား … တောကြက်ဥတွေ။
သည်ရာသီတွင် တောကြက်သားပေါက်ချိန် ဖြစ်သည်။ မကြာမီရက်ပိုင်းတွင် သည်ဥတွေ ပေါက်ရော့မည်။ သူသာ တောကြက်မကို ပစ်ခတ်သတ်ပစ်ပါက သည်ဥများ ပုပ်ပျက်သွားမည်။
တောကြက်မမှာ မမြင်ရသေးသည့် သားငယ်များ သံယောဇဉ်ကြောင့် မိမိ၏အသက်ကို ပဓာနမထားဘဲ သစ်ကိုင်းတွင် နားဆဲ။
သူ့လူများသည် နာကျင်စွာ အော်ဟစ်နေမည့် တောကြက်မအသံကို မျှော်လင့်ကြီးစွာ စောင့်နေရော့မည်။ ခေါင်းဆောင် ဒေါင်းညို၏စိတ်တွင် ခုထိ ဝေခွဲမရသည့် ပြဿနာ ဖြစ်နေသည်။ ဤအချိန်မှာပင် တောကြက်မသည် သိပ်မဝေးသည့် ဇင်ပြွန်ပင်မြင့်သို့ ပျံထွက်သွားသည်။
ဒေါင်းညိုသည် သူ၏ ပျော့ညံ့မှုကို ထိန်ဝှက်ရန်အတွက် ညစ်ညမ်းစွာ တစ်ခွန်း အော်ဆဲပစ်သည်။ သည်တော့ သူ့ နှလုံးအိမ်တွင် အသိတစ်ခု တိုးလာသည်။ တောလိုက်သူဆိုတာ ညှာတာထောက်ထား သနားကြင်နာစိတ်ကို ဖယ်ကာ ရက်စက်ရဲရမှာပါကလား။
သူ့လူနှစ်ယောက်ထံမှ စိတ်ပျက်စွာ ညည်းညူသံကို ဒေါင်းညို ကြားလိုက်ရသည်။ မတတ်နိုင်။ မဖွယ်မရာ မုဆိုးမှာ သနားစိတ်က ဝင်ခဲ့မိပြီပဲ။
တစ်ချိန်လုံး အပြေးအလွှားနှင့် ဖြစ်ခဲ့ပြီး သားကောင်ဆိုလို့ မူးလို့ပင် ရှူစရာတစ်ကောင် မမြင်ရသော သူ့လူများ ခြေလှမ်းမှာ သွက်လက်ကြဟန် မတူ။ ကျောက်စရစ်များ၊ ချုံနွယ်များအကြား သူတို့၏ တောတိုးသွားနှုန်းမှာ လိပ်သာသာ။
ထိုစဉ် ဒေါင်းညိုရှေ့ ခပ်လှမ်းလှမ်း တောင်လမုချုံထဲမှ ဖြုန်းခနဲ အသံတစ်ခု ကြားလိုက်ရသည်။
ဒေါင်းညိုသည် ချုံနွယ်များ၊ ဆူးပင်များကို ဂရုမစိုက်တော့ဘဲ လျင်မြန်စွာ ရှေ့သို့ ပြေးတက်သွားသည်။ အသံနှင့် တောကောင်သည် ဒေါင်းညို၏ရှေ့မှ ဖြတ်ကာ ချောက်ကမ်းပါးသို့ ဦးတည်ပြေးထွက်သွားသည်။
မာကျောသည့် ကျောက်စရစ်ခဲများနှင့် သူ့ခြေထိသံ တခွပ်ခွပ်ကို ဒေါင်းညို ကောင်းစွာကြားရသည်။ သားကောင်သည် ဒေါင်းညိုကို အယင်မြင်သွားပြီ။ သို့သော် သူ့လူနှစ်ယောက်ကို သတိပြုမိဟန် မတူ။
အကြောင်းမှာ သူ့လူနှစ်ယောက်ရှိသည့်ဘက်သို့ မျက်နှာမူကာ ပြေးနေသောကြောင့်ပင်။
“ချေ … ချေ … ချေ မင်းတို့ဘက် လာနေတယ်”
ဒေါင်းညို အသံကုန် အော်မိသည်။ အော်သာ အော်ရသည် မျှော်လင့်ချက်က မရှိ။ သူတို့မှာပါသည့် လက်နက်တွေက ချေတစ်ကောင်ကို အထိနာစေမည့် လက်နက်မပါ။
သို့ရာတွင် သူခြေနှစ်ချောင်းက ချေနှင့် ထပ်ချပ်မကွာ ပြေးနေသည်။ ချေသည် ချောက်အနီးသို့ အရောက်တွင် အရှိန်ယူ ပိုမြန်လာသည်။ မကြာမီ ချောက်တစ်ဖက်သို့ ခုန်ကူးတော့မည်။ သည်ချောက်ကို သူ့အနေနှင့် ခါတိုင်း ခုန်ကူးကျ ဖြစ်ဟန်ရှိသည်။
တောကြက်၊ တောကြောင်တို့လောက် အကောင်များကိုသာ မှန်းလာခဲ့သည့် ဒေါင်းညိုတို့မှာ မမျှော်လင့်ဘဲ ချေနှင့်လာတိုးနေသည်။ သည်ချေသည် သစ်ဆိမ့်တော တစ်ဖက်ခြမ်းမှ တောလိုက်မုဆိုးများကို ရှောင်ပုန်းနေခဲ့ဟန် တူသည်။
“ဟ … ဟေး … ဝါး”
တစ်ဖက်မှ ချမ်းမြတို့အသံသည် ချေ ချောက်ကမ်းပါးကို ခုန်ကူးချိန်နှင့် အံကိုက်ထွက်ပေါ် လာသည်။တဖြောင်းဖြောင်း တရှဲရှဲ တောတိုးသံနှင့်အတူ ဝုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟေး ချမ်းမြ … ချေ ချောက်ထဲကျသွားပြီ ဟေ့”
ဒေါင်းညို တစ်အားအော်ပြောလိုက်သည်။
ချောက်မှာ အတော်မတ်စောက်ပြီး နက်သည်။ ချေသည် တစ်ဖက်မှအသံကြောင့် ရှေ့ခြေနှစ်ချောင်း တွန့်သွားကာ မတော်တဆ ချောက်ထဲ လိမ့်ကျဟန် ရှိသည်။ ချေ ချောက်ထဲကျသွားသည်နှင့် ချက်ချင်းပင် ဒေါင်းညို ရောက်လာသည်။
ချောက်ထဲတွင် ကျောက်တုံး ကျောက်ခဲများ ပြည့် နှက်နေသည်။ ချေသည် အတော်အထိနာသွားဟန်ရှိက ကမူးရှူးထိုးဖြစ်နေသည်။ သည်အချိန်တွင် လေးလံသော ကျောက်တုံးကြီး တစ်တုံး ချေ၏ ခေါင်းပေါ် ကျလာသည်။
ဒေါင်းညိုသည် သူပစ်ချလိုက်သည့် ကျောက်တုံး လိုရာထိသဖြင့် အားတက်သွားသည်။
ချေကား မဟန်တော့။ သွေးရူးသွေးတန်းဖြင့် ပြန်လမ်းမရှိသော ချောက်ဖျားပိုင်း စွတ်ပြေးနေသည်။ ဒေါင်းညိုက ကမ်းပါးပေါ်မှ ပြေးလိုက်သည်။ ချေသည် ကျောက်တုံးကြီးတစ်လုံးကို တိုက်မိသဖြင့် အရှိန်လွန်ကာ ပစ်လဲသွားသည်။ သည်အချိန်တွင်ဒေါင်းညိုသည် ချေ၏ ကိုယ်ပေါ်သို့ ခုန်ဆင်းလိုက်သည်။
ပြီး သူ၏ ရှစ်လက်မ ဓားမြှောင်ဖြင့် သားကောင်၏ အသည်းပုံကိုမှန်းကာ ထိုးစိုက်လိုက်သည်။ ဓားမြှောင်သည် သားကောင်၏ အသားထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားသည်။
နောက် ဓားမြှောင်ကို ဆွဲနုတ်ပြီး ပိုစိတ်ချရစေရန် လည်ချောင်းကြောကို လှီးဖြတ်ပစ်သည်။ ခုအချိန်တွင် သားကောင်မှာ ဒေါင်းညိုလက်က ရေသာ ဖြစ်တော့သည်။
သူ့လူများ ရောက်လာချိန်တွင် ဒေါင်းညိုမှာ တောလိုက် ဓလေ့ထုံးစံအရ ချေဖား၏နားရွက်တစ်ဖက်ကို လှီးဖြတ်ကာ ကျောက်တုံးပေါ်တင်ပြီး တောစောင့်နတ်ကိုပင် ပသနေပြီ။
“ဟ ပိုက်လွတ် ချိုလိမ်ကြီး”
သူ့လူနှစ်ယောက် အားရဝမ်းသာ အော်ပြောသံသည် ဒေါင်းညို၏ နှလုံးသည်းအိမ်ကို စိမ့်ဝင်ကာ အတိုင်းမသိ ကြည်နူးမှုဖြစ်နေသည်။
တောကြက်မတစ်ကောင်ကို သတ်ဖြတ်ရန် ဝန်လေးခဲ့သည့် ဒေါင်းညိုတစ်ယောက် ဧရာမ ချေဖားကြီးကို ရက်စက်စွာသတ်ပြီး ဝင့်ကြွားနေပြီကော။
X X X
သုံးယောက်သား မနိုင်မနင်း သားကောင်ကို ထမ်းထုတ်လာချိန်တွင် နေပင် အတော်ညိုပြီ။ တောလိုက်သမားတွေ ရွာအဝင်တွင် စုဝေးနေကျ ညောင်ချဉ်ပင်ကြီး အောက်တွင် ဦးမြတ်သာထွန်းတို့လူစုကို ခပ်လှမ်းလှမ်းကပင် လှမ်းမြင်ရသည်။
မကြာမီ သူတို့ သုံးယောက်စလုံးကို ဝိုင်းဝန်းချီးကြူးကြပေတော့မည်။ ပြီး သူတို့သုံးယောက်အား အရည်အချင်းပြည့်ဝသည့် တောလိုက်သမားများအဖြစ် အသိအမှတ်ပြုမည်မှာမလွဲ။
လူတချို့သည် ညောင်ချဉ်ပင်အောက်မှနေ၍ သူတို့သုံးဦးကို တအံ့တဩ ကြည့်ကြသည်။
သို့သော် သူတို့ထင်သလို ရုတ်ရုတ်သဲသဲမဟုတ်။ သူတို့ တစ်စုံတစ်ခုအတွက် စိုးရိမ်ပူပန်ကာ ပျာယာခတ်နေကြသည်။
သူတို့ ညောင်ချဉ်ပင်အနီးသို့ ရောက်သောအခါ တစ်ဦးစ နှစ်ဦးစ ထွက်လာပြီး သာမန်ချီးကျူးစကားပြောကာ ချေဖားကြီ ကို ခေတ္တမျှ စိုက်ကြည့်သည်။ ပြီးနောက်
“ဖြူမောင်ကြီး တောဝက်ပက်ခံလာရတယ်”
ဟု ပြောသည်။ သည်တော့ ဒေါင်းညိုတို့ မျက်လုံးပြူးရသည်။
သူပြောမှ သတိထားမိသည်။ ဖြူမောင်ကြီး အရိပ်ကောင်းတွင် ကောက်ရိုးအခင်းထက် ပက်လက်ကလေး။ ခြေသလုံးနှင့် ပေါင်တွင် သွေးအလိမ်းလိမ်းဖြစ်နေသည်။
မကြာမီ ရွာထဲတွင် ကုလားထိုင် သွားယူသူတွေနှင့် သူ့ဆွေမျိုးမိသားစုတွေ ပါလာသည်။
သူတို့ ဒေါင်းညိုတို့ ချေဖားကြီးကို မည်သူမျှ ဂရုမစိုက်နိုင်။ လူသားတစ်ယောက် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်နေကြသည်။ ကျေးရွာဆေးခန်း ပို့ကြရဦးမည်။
“အစကတော့ သည်တောဝက် ပိုက်ဘက် ပြေးတာပါပဲ။ ပိုက်နဲ့ အတော်နီးလောက်မှ ဘယ်လိုစိတ်ပြောင်းသွားမှန်း မသိဘူး။ ရုတ်တရက် ပြန်လှည့်လာပြီး တောခြောက်သူတွေကြားက ဖောက်ထွက်ဖို့ ကြိုးစားတယ်။ သည်အချိန်မှာ ဖြူမောင်ကြီးက အတင်းလိုက် လှံနဲ့ထိုးတယ်။ လှံက မှန်းချက်မထိဘူး၊သည်တော့ သူ့ကို မဲတော့တာပဲ”
တောလိုက်သမားတစ်ယောက်က အဖြစ်အပျက်ကို ပြောပြနေသည်။ မကြာမီ လူနာကို ထမ်းထုတ်သွားကြသည်။ သစ်ပင်အောက်တွင် လူအနည်းငယ်သာ ကျန်ရစ်သည်။ နေမဝင်ခင် သားကောင်ကို ဖုတ်ကင် လှီးဖြတ်ရဦးမည်မို့ ဒေါင်းညိုတို့ အလုပ်ရှုပ်တော့သည်။
မုဆိုးဖြစ်လိုက် သားကောင်ဖြစ်လိုက်၊ တောလိုက် သံသရာတွင် သားကောင်ဖြစ်ရသည့် ဖြူမောင်ကြီး၏ အသက်ကို လုရပေဦးမည်။
မိမိ အသက်ရှင် ရပ်တည်ရေးအတွက် ကြိုးပမ်းခဲ့ရ သည့် တောဝက်ကြီးမူ တောနက်ပိုင်း ဘေးကင်း ရာအရပ်တွင် ငြိမ်းချမ်းစွာ အနားယူနေပြီလား။
စံပယ်ဦးမဂ္ဂဇင်း ၊ မတ်လ ၊ ၁၉၉၀
– ပြီး –
စာရေးသူ – ခိုင်ဇာထွန်း(ကျောက်ဖြူ)