သက်လုံဖြစ်အောင် ပြောင်းပစ်သလား (ဝတ္ထုတို)

✍️ နုနုရည် (အင်းဝ)

ဟော ….. ရထားလာပြီတဲ့ ။

ဝေါခနဲ ဆူညံသွားတဲ့ လူသံတွေနဲ့ အတူ ကျုပ် ကဗျာကယာ ထရပ်လိုက်မိတယ် ။ ရထားကို မမြင်ရသေးပေမယ့် ကျုပ်တို့ရွာ ဘူတာတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလိုက်ပုံများတော့ …. တော် ။ မပြောလိုက်ချင်ဘူး ။ ကြည့်စမ်းပါဦး ။ ဟိုကောင်မလေး ခရမ်းသီးသည် အပုမရယ် ၊ အင့်နေတဲ့ ခရမ်းသီးတောင်းကြီး တရွက်ရွက်နဲ့ ရထားကို တက်ဖို့ တာစူနေလိုက်တာများ ၊ သူ့ဘေးက ဆန်အိတ်ပိုင်း ရွက်ထားတဲ့ မိန်းမနဲ့ တိုက်မိမတတ် ။ အို ….. အားလုံးအတူတူ ပါပဲလေ ။ ထင်းစည်းတွေ ကြံစည်းတွေ ၊ ခရမ်းသီး ဗူးသီးတောင်းတွေ အရွက်ကိုယ်စီ ၊ အထမ်းကိုယ်စီနဲ့။ တယောက်နဲ့ တယောက် တိုးဝှေ့ တိုက်ခိုက်ပြီး ရထားပေါ်တက်ဖို့ တာစူနေလိုက်ကြတာ ။

‘ ၀င်လာပြီဟေ့ တက်ထား ‘

‘ အို…. ဟဲ့ကောင်မ ဒီနားလာစောင့်လို့ဆို ‘

‘ ဟဲ့ မတိုးနဲ့ဆို ဒီမှာ အရွက်ကြီးနဲ့ ဟဲ့ ‘

ဘုရား… ဘုရား ။ ဒီလောက် ကျပ်ညှပ် ပြွတ်သိပ်တဲ့ ရထားပေါ်ကို ကျုပ်တက်နိုင်ပါ့မလား ။ ဘာဖြစ်ဖြစ် ၊ ကျုပ် အထုပ်ကလေးကို ရင်ခွင်ထဲပိုက်ပြီး လူတွေကြားထဲကို ကျုပ် အတင်းတိုး၀င်ပစ်လိုက်တယ် ။ ကျုပ် တက်ရမှ ဖြစ်မယ် ။ ကျုပ် လိုက်ရမှ ဖြစ်မယ် ။ အိုး….. ကျွတ်…… ကျွတ် သေပါပြီတော် ။ နောက်ကနေ ဖိတိုးလိုက်တာ ။ ဘယ်လို ဖြစ်နေကြတာလဲ ။ ကြည့်…. ကြည့် ရှေ့က မိန်းမက နောက်လန်ကျလာပြန်ပြီ ။ အမလေး ကုန်ပြီ ကုန်ပြီ ။ ကျုပ်အထုပ်ကလေးတော့ ကျိုးကြေကုန်ပြီ ထင်ပါရဲ့ ။ လူနာတာက ကိစ္စမရှိဘူးဆို ။ အထုပ်လေး ကျိုးကြေကုန်မှ ဒုက္ခ…..။

‘ နည်း နည်း လောက် ၊ နည်း နည်း လောက်လေး တော် ၊ ကျုပ် ဖယ်လိုက်ကြစမ်းပါ အထဲ၀င်ချင်လို့’

‘ ဟာ ဘယ်ရမလဲ အမေကြီးကလဲ အထဲ၀င်လို့ မရဘူး ၊ ဒီနားမှာပဲနေ ၊ ရတဲ့ နေရာမှာပဲနေ ‘

‘ ဟင်…. ခက်လိုက်တာများတော့ ။ ကျုပ်က ဒီ အိမ်သာနားမှာ မနေချင်လို့ ဟုတ်ပါဘူး ။ ဒီနားက ကျုပ်ညှပ်နေတာ လက်ကို မ၀င့်သာလို့၊ ဟိုအထဲက လက်၀င့်သာတဲ့ နေရာလေးမှာ ကျုပ်အထုပ်လေး ဖြေကြည့်ချင်လို့ပါ ‘

အထုပ်ထဲက ဆေးလိပ်ထုပ်နဲ့ မန်းမရွေးထုပ်လေးများ ကျိုးကြေကုန်ပြီလားလို့ပါ ။ အမဲသား နဲ့ ငရုတ်သီးကြော် ပလပ်စတစ်ထုပ်ကတော့ သိပ်ကိစ္စမရှိပါဘူး ။ ဘယ်လောက်ဖိဖိ ပေါက်မထွက် ပြီးတာပဲဟာ ။ အထုပ်ဖြေကြည့် မရတော့ ကျုပ် အပြင်ဘက်ကနေ လက်နဲ့ အသာ စမ်းကြည့်မိတယ် ။ အင်း… အင်း.. ဆေးလိပ်ကလေးတွေကတော့ အရှည်လိုက်လေးတွေပဲ ။ ကျိုးဟန်မတူဘူး ။ ဒါက အမဲသားကြော် ပလပ်စတစ်ထုပ် ။ အဲတော့ မန်းမရွေးထုပ်ကတော့ ကြေပြီ ထင်ပါရဲ့ ။ ခဲခဲဖတ်ဖတ် မစမ်းမိဘူး ။ ဒုက္ခပါပဲတော်….. ။ အ,ပါတယ် ။ ကျုပ်ကိုက အ, ပါတယ် ။ ဒါလေးကို မကျိုးမကြေအောင်လေးတောင် မယူနိုင်ဘူး ။ ကျုပ်အဖြစ်မရှိတာ ။ မနေ့ညကတောင် ကြွက်ကိုက် ခြေမွ ခံရမယ့် ဘေးကနေ ကျုပ် သိမ်းထားနိုင်ခဲ့သေးတာပဲ ။ ဒီ မန်းမရွေးကို ကျုပ်သား ငမောင် သိပ်ကြိုက်တာ ။

တတ်နိုင်ပါဘူးလေ ။ အရေးကြီးတာက မီးရထားကြီး လမ်းဘူတာတွေ ကြာကြာမရပ်ဘဲနဲ့ မြို့ဘူတာကို မြန်မြန် ရောက်သွားဖို့ပါပဲ ။ ရထားကြီးက အင်မတန် အနှေးခုတ်တယ် ။ လူတွေကများ၊ ကုန်တွေကများနဲ့ ရောက်နိုင်ဘူး ။ အိအိ…. အိအိနဲ့ ခေါက်တိုင်း ခေါက်တိုင်း အလျင်လို အနှေးဖြစ်ရတာချည်းပဲ ။

အို ချွေးတွေကလည်း မျက်နှာပေါ်ကို တတွေတွေ စီးကြလာလိုက်တာများ သုတ်မနိုင် ပြုမနိုင် ။ ကျုပ်သနပ်ခါးတွေတော့ ကုန်ပါပြီ ။ ဒီ ရထားအကြောင်းသိလို့ ဘယ်လောက် ထူထူပိန်းပိန်း လိမ်းခဲ့ လိမ်းခဲ့ ရထားပေါ်ရောက် ကုန်တာပါပဲ တော် ။ တပါတ်ကို တခါ ဒီကို လာတဲ့အခါမှ ကျုပ် ထုတ်၀တ်တဲ့ အင်္ကျီအသစ်လေးနဲ့ ထမီအသစ်လေးလဲ ဘယ်လောက်ပဲ သေချာ လျှော်ဖွတ်ပြီး ပြန့်အောင် ထားထား ဒီပေါ်ရောက်တာနဲ့ ကြေရ မွရတော့တာပဲ ။ အလှအပ ကြိုက်လို့ရယ် ဟုတ်ပါဘူး ။ ကျုပ် ခြောက်ဆယ်ကျော် အဘွားကြီးပဲ ။ ဘာကြိုက်နေရမတုံးတော် ။ မုန့်ပျစ်သလက်ဖိုဘေးမှာ နှစ်ပေါင်း သုံးဆယ်ကျော် အင်္ကျီစုတ် ထဘီစုတ်နဲ့ နေနေကျခဲ့ပြီပဲ ။ သနပ်ခါး ကပ်ဖို့ဆိုတာလဲ ဝေလာဝေး ။ ဒါပေမယ့် ကျုပ်သားငမောင်က ကျုပ်ကို တယ် သန့်သန့်ရှင်းရှင်း နေစေ့ချင်တယ် ။ မအေ လုပ်တဲ့သူ သနပ်ခါး ပန်းပန်နဲ့ ထဘီ အင်္ကျီလတ်လတ်လေးနဲ့များ မြင်ရရင် သူ အင်မတန် စိတ်ချမ်းသာသတဲ့ ။ ကျုပ်သားလေး စိတ်ချမ်းသာပါစေ ။ ရထားကလဲတော် ရွေ့ပဲ မရွေ့တော့ဘူးလား မသိဘူး… ခါထဲမှ ။ အလျင်အခေါက်တွေထက် ပိုကြာသလိုပဲ ။ ကျုပ်စိတ်ကပဲ လောနေလို့လား သိပါဘူး ။ ကျုပ်သားလေးကို ကျုပ် တွေ့ချင်လှပြီ ။ အလျင်ပတ်က ကျုပ် မသွားလိုက်ရဘူးလေ ။ ဖြစ်ရပုံများ ကျုပ် … ကျုပ် အသုံးမကျတာ ။ အသုံးမကျတာ ။ သွားရမယ့် ရက်နီးမှ ရေချိုး ကြေးချွတ်တာ ဖျားရော ။ ခါထဲ…. တုံး ဖျားလိုက်တာ ။ ဘယ်လိုမှ မထနိုင်တော့ဘူး ။ ကျုပ်သား ငမောင် ကျုပ်ကို မျှော်ရှာမှာ ။ မအေ မလာတော့ မျက်နှာ ငယ်ရှာမှာ ။

‘ ရှေ့တဘူတာ ပြီးယင်… မြို့ဘူတာပါလို့ ဆိုနေ ၊ နားက ဘာဖြစ်နေတုန်း ‘

‘ ဟဲ့ ကောင်မ ထ ငိုက်မနေနဲ့’

ရထားတွဲထဲက လှုပ်လှုပ် ရွရွ အသံတွေ ဗလံတွေနဲ့အတူ ကျုပ် ရင်တွေတောင်မှ ဒိတ်ခနဲ ဖြစ်သွားတယ် ။ ရှေ့တဘူတာပြီးရင် ရောက်တော့မယ် ။ ကျုပ်သားဆီကို ရောက်တော့မယ် ။ ရှေ့ တဘူတာဆိုလိုတော့ လိုသေးတယ် ။ ဒါပေမယ့် ရောက်ခါနီးဆို ရထားက တမျိုးရယ် ။ မြန်မြန် ခုတ်တတ်တယ် ။ အပေါက်၀နား ကပ်အောင် နေရာ ရွေ့ထားမှ ။

‘ အို ဒုက္ခပါပဲ ။ မရောက်သေးဘူး အမေကြီးရဲ့ ။ ဘာလို့ တအားတိုးနေတာလဲ ။ ကျုပ်တို့ အောက်ပြုတ်ကျသွားလိမ့်မယ် ‘

ရထားပေါက်၀က အော်နေတဲ့ ကောင်လေးကို ကျုပ်တော့ ဂရုမစိုက်ပေါင် ။ ကျုပ်ဘာသာ တိုးမြဲတိုင်း တိုးတာပဲ ။ ဒါမှ ကျုပ်မြန်မြန် ရထားအောက် ဆင်းနိုင်မှာ ။ ကျုပ်ထင်တဲ့အတိုင်းပဲ ။ ရထားက ရှေ့ ဘူတာကို ခဏလေးနဲ့ ဖြတ်ခဲ့တာ ။

‘ ဟာ ဒီအဘွားကြီးနဲ့တော့ ဒုက္ခပဲ ၊ ရထား ရပ်ပါစေဦးတော့ဗျာ ၊ သောက်ကျိုးနည်း ‘

ကဲပြောချင်တာ ပြောကြ ၊ ကျုပ် အောက်ရောက်ပြီ ။ တလမ်းလုံး ရပ်လိုက်လာရတဲ့ ခြေထောက်တွေက ဗြုန်းဆို တော်တော်နဲ့ လျှောက်မရဘူး ။ ထုံထုံကြီးတွေ ။ ကျုပ် ခြေထောက်တွေကို တချက်နှစ်ချက် ဆောင့်လိုက်ပြီး ဘူတာထဲက ထွက်လိုက်တယ် ။ တကျော်ကျော် ခေါ်နေတဲ့ မြင်းလှည်းတွေ ၊ ဆိုက်ကားတွေကို အရေးမစိုက်ဘဲ အထုပ်ကလေး ခေါင်းပေါ်တင် ၊ ထမီကို ပြင်၀တ်လို့ ကျုပ်မြန်မြန် ခြေလျင်လျှောက်တယ် ။ ခြေလှမ်းတွေ သွက်လိုက်နေလိုက်တာ များကလဲ အပေါ်က နေပူလဲ မသိ ။ မောတာ ပန်းတာလဲ သိတော့ပေါင် ။ ဘူတာကနေ မြို့ပြင်ထိ ခရီးတာ တော်တော်ဝေးတာလို့ ပြောကြပေမယ့် ကျုပ်တော့ ဘယ်ခါမှ မဝေးခဲ့ပါဘူး ။ လျှောက်လိုက်တာပဲ ။ ဟော ဟိုမှာ အုတ်နံရံ နီနီကြီးတွေကို မြင်ရပြီ ။ အဲဒီ ထောင်နံရံကြီးတွေကို မြင်လိုက်ရင် ကျုပ်မောသမျှ ပြေပြီ ။

အဲဒီ ထောင်ကြီးထဲမှာ ကျုပ်သား ငမောင် ရှိတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

‘ အကျဉ်းသား စံမြိုင် ခေါ် ပေါက်စ ‘

‘ တွေ့လိုသူ ဒေါ်မဲပြာ ‘

သူများတွေ ခေါ်သံကို နားတစွင့်စွင့်နဲ့ ကျုပ်ဂဏာမငြိမ်တော့ဘူး ။ ကျုပ်အလှည့်ကလဲ မရောက်နိုင်သေးဘူးလား တော် ။ ရောက်နိုး ရောက်နိုး ၊ ခေါ်နိုး ခေါ်နိုးနဲ့ စောင့်ရတာ လည်ပင်းရှည်ပေါ့ ။ ခေါ်နေတဲ့ လူကို ကျုပ်အလှည့် မရောက်သေးဘူးလား၊ မရောက်သေးဘူးလားနဲ့ ခဏခဏ သွားမေးလွန်းလို့လဲ ငေါက်ခံရပြီးပြီ ။ ‘ လာမမေးနဲ့ ခေါ်တာကို နားထောင် ‘ တဲ့ ။ ဟုတ်ပါပြီ ။ မြန်မြန်သာ ခေါ်ပါတော် ၊ ကျုပ်မယ် ရောက်ကတည်းက အဆင်သင့် ပြင်ဆင်ထားရတာလဲ မောလို့။ ကျုပ်အထုတ်လေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်လုပ် ။ ပစ္စည်းစာရင်း စာရွက်လေးကို အဆင်သင့်ထုတ် ၊ ကျုပ်မဖတ်တတ်ပေမယ့် ဘေးအိမ်က ကလေးမလေး လက်ရေးလေးတွေနဲ့ ရေးထားတာ ‘ ဆေးလိပ် ငါးဆယ် ၊ အမဲသား ငရုတ်သီးကြော် ၊ မန်းမရွေးတထုတ် ‘ တဲ့ ။

ကျုပ်သိတာပေါ့ ။ ကျုပ်ပြောတာ ကလေးမ ရေးပေးတာကိုး ။ စာရွက်လေးကို အဆင်သင့် လက်ထဲကိုင်ထားလိုက်ပြီး ၊ ကျုပ်ထဘီကို ပြန်၀တ်လိုက်တယ် ။ ထောင့်တန်းကြီး ဆွဲမနေအောင်ပါ့ ။

အင်္ကျီကိုလဲ သပ်ရပ်အေင် ဆွဲချ ။ မျက်နှာပေါ်က ချွေးတွေကိုလဲ ပစ္စည်းထုတ်လာတဲ့ ပုဆိုးနဲ့ ခပ်ဖွဖွ သုတ်ရတယ် ။ ကျုပ်ကို မြင်ရင် ကျုပ်သား ကျေနပ်မှာပါ ။ ဒီကောင် နေတော့ ကောင်း ထင်ပါ့ ။ အိပ်မက် ယာမက်ကတော့ ကောင်းပါတယ် ။ အိပ်မက်ထဲမှာ တောက်တောက်ပပ ရွှင်ရွှင်လန်းလန်း မဟုတ်ဘူး ။ သင်း ၀တ်နေကျ တက်ထရွန် အဖြူ လက်တိုအနွမ်း ၊ ချည်လုံချည် အညို အပေါက်လေးတွေနဲ့ ။ လွယ်အိတ်အစိမ်း အစုတ်ကြီးကလဲ ပါလိုက်သေး ။ ကျုပ်ကတောင် ပြောလိုက်သေး ထင်ပါ့ ။ ‘ ငမောင်ရယ် လွယ်အိတ်ကတော့ ဟုတ်ပါပြီ ။ လွယ်အိတ်ထဲမှာ ငါ့သား စက္ကူရွက်တွေတော့ မပါပါ စေနဲပ ။ ငါ့သား စက္ကူရွက်တွေကြောင့် ဒုက္ခရောက်တာ မဟုတ်လား ‘ လို့ ဆိုတော့ သူ့အဖေ ပြုံးပုံမျိုးနဲ့ မြုံစိစိ ပြုံးလို့ ‘ အမေ မသိပါဘူးဗျာ ‘ တဲ့ ။ အေးလေ ဟုတ်ပါတယ် ။ ကျုပ် မသိတာတော့ မသိဘူးပေါ့ ။ ထင်တာလေ ထင်တာ ၊ ကျုပ်ထင်တာ ပြောရတာ ။ တကယ်တော့ ကျုပ်အိပ်မက်ထဲ မပြောနဲ့ အပြင်မှာတောင် ကျုပ်သားအကြောင်း ကျုပ် ရေရေရာရာ သိတာလိုက်လို့။ ကျုပ်သိတာ ဖတဆိုးသားလေးမို့ ကျုပ် ငုံထားမတတ် ချစ်တယ် ။

အကြီးလူတွေ အိမ်ထောင်ကျပြီး ရပ်ဝေးလွင့်ကုန်ကြတော့ ကျုပ်နားမှာ သူကျန်ရစ်တယ် ။ ကျောင်းထားတော့ စာကြိုးစားတယ် ။ တော်လဲ တော်တယ် ။ ဒါပေမယ့် ဆယ်တန်းကျပြီး ကျောင်းဆက်မနေတော့ပဲ ဘုတ်အုတ်တွေပဲ တနေကုန် ဖတ်နေတော့တာပဲ ။ အရက် ၊ ဖဲ ၊ မိန်းမ ဝေလာဝေး ။ ဆေးလိပ်တဖွာဖွာ ၊ လွယ်အိတ်လေး တလွယ်လွယ်နဲ့ ဘုတ်အုတ်ဖတ်လိုက် ၊ ရေးလိုက် ချွတ်လိုက် ၊ အပြင်သွားလိုက်နဲ့ နေရှာတာပဲ ။ ကျုပ်ကတော့ ဒါပဲ သိတယ် ။ ကျုပ်အလုပ်နဲ့ ကျုပ် အချိန်တန် မနက်လေးနာရီ ထိုးတာနဲ့ ရွာထိပ်ထွက် ၊ မုန့်ပြားသလက်လုပ်ရောင်း ၊ ပြန်လာ ချက်ပြုတ် ၊ ဖွပ်လျှော် ၊ နောက်နေ့ မုန့်ရောင်းဖို့ ပြင်တာ ဆင်တာနဲ့ဟာ အားရတယ် မရှိဘူး ။

ကျုပ်သား ဘာလုပ်နေသလဲ မသိပေါင် ။ ကျုပ်ချစ်တာပဲ သိတယ် ။ အသက် သုံးဆယ်ကျော် သားကြီးကို ရင်ခွင်ပိုက် ကလေးလိုပဲ အရိပ်ကြည့်ပြီး နေချင်တာပဲ သိတယ် ။ ကျုပ် မုန့်ရောင်းမယ် ။ ရတာလေးနဲ့ ကျုပ်သား ကြိုက်တတ်တာလေးတွေ ချက်ထားမယ် ။ သူ စားနေတာကို ကျုပ်က တစိမ့်စိမ့် ထိုင်ကြည့်မယ် ။ ညဥ့်နက်လဲ နက်တဲ့ အလျောက်ပဲ ။ ကျုပ် ဆေးလိပ်တတိုနဲ့ ထိုင်စောင့်နေလိုက်တာပဲ ။

ပြန်လာ တံခါးဖွင့် ခူးခပ်ပေးပြီး ထိုင်ကြည့်နေလိုက်တာပဲ ။ မမေးဘူးပေါင် ။ ငါ့သား ဘယ်က ပြန်လာသလဲ ။ ဘယ်သွားသလဲလို့များ ။ ကျုပ်ပြောတတ်တာ တခုပဲ ။

‘ ကဲ အိပ်တော့ ငါ့သား ပင်ပန်းလာတယ် ။ မင်း မနက် ဘာဟင်း စားမတုံး ‘ ဒါပဲ ကျုပ်ပြောတယ် ။ ကျုပ်သားက ‘ ဘာချက် ချက်ပါ အမေရာ ကျွန်တော်ကတော့ ကောင်းတာချည်းပါပဲ ‘ လို့ ပြန်ပြောတဲ့ စကားတခွန်းနဲ့ ကျုပ် အိပ်ပျော်တော့တာပဲ ။

ကျုပ် တော်….. မသိတဲ့ အဆုံးမှာ တကယ် တကယ် ။ ကျုပ်သား ခုထောင်ကျတာ ဘာမှုမှန်း ကျုပ် မသိဘူးရယ် ။ ကျုပ် အ လိုက်တာများတော့ ကိုယ့်ရှေ့ကနေ သား ဖမ်းခေါ်သွားတာတောင် မမြင်လိုက်တဲ့ အဖြစ် ။ ကျုပ် ထူ ပုံ ၊ ‘ အ ‘ ပုံ ၊ ‘ န ‘ ပုံတွေ ။

အဲဒီနေ့က နေ့လယ်ခင်းကြီး ကျုပ် မုန့်ကြိတ်နေတုန်း ဟိုလူတွေ ရောက်လာတာ ။ ‘ မောင်မောင် ရှိလား ‘ တဲ့ ။ ရှိဘူးလေ ။ ကျုပ်သားက မနက်စောကတည်းက ထွက်သွားတာ ။ အဲဒီတော့ သူတို့က အိမ်ထဲ ၀င်ရှာချင်တယ် တဲ့ ။ သူတို့ ဘာတွေ ဆိုတာလဲ ပြောပြီး ဓါတ်ပုံကဒ်ပြားလေး ပြတယ် ။ ကျုပ် ပထမတော့ ကြောက်တာပေါ့ ။ လွယ်အိတ်လေးတွေနဲ့ ဆိုတော့ ကျုပ်က ငမောင့် သူငယ်ချင်းတွေ မှတ်နေတာ ။ သူတို့ကို ဘာတွေရယ်သာ ကျုပ်မသိတာ ။ ကျုပ်သားကို ဒုက္ခပေးမယ့် သူတွေဆိုတာတော့ ကျုပ် အလိုလို သိနေတယ် ။ အံ့ရော ။ ကျုပ် တခါတည်း ‘ ခဏ ခဏ ကလေးတို့ရယ် ‘ ဆိုပြီး ကျုပ် အိမ်ထဲ၀င်ပြေးပြီး ငမောင့် အိပ်ရာနားမှာ ပြန့်ကျဲနေတဲ့ စက္ကူရွက်တွေကို ကောက် ၊ မီးဖိုထောင့်က ပဲတောင်းထဲကို ထိုးထည့် ပစ်လိုက်တယ် ။

သူတို့က ဘာရှာချင်တာလဲ ကျုပ်မသိဘူး ။ ဒီတော့ ငမောင့် အိပ်ရာနားမှာ ဘာမှ မရှိရင် ပြီးတာပဲပေါ့ ။ မဟုတ်ဘူးလား ။

သူတို့က တော် ၊ ရှာလိုက်ချက်တော့ ဘာရှာမှန်းလဲ မသိဘူး ။ တအိမ်လုံးလဲ ပြောင်းဆန်ကုန်တာပဲ ။
ငမောင်ကလဲ ညနေသာစောင်းရော ပြန်မလာဘူး ။ သူတို့လဲ မောပြီး ၊ သူတို့ ရှာတာလဲ မတွေ့ဘူး ထင်ပါ့ ။

မိုးချုပ်ချုပ်ကျမှ ပြန်သွားရော ။ ကျုပ်မယ် အဲဒီတော့မှ ဟင်းချနိုင်တယ် ။ ငမောင်က အဲဒီည သန်းခေါင်ကျော်ထိ ပြန်မလာဘူး ။ ကျုပ်မယ် ထမင်းတပွဲနဲ့ စောင့်ရင်း အိပ်ပျော်သွားတာ ။ မနက်လေးနာရီ ကျုပ် မုန့်လုပ်ဖို့ ထွက်တဲ့အထိ ငမောင် ပြန်မလာဘူး ။

ခက်ချည်ကရို့ ဒီငမောင်တော့ဆိုပြီး စိတ်ထဲ လေးတေးတေးနဲ့သာ မုန့်လုပ်နေရတယ် ။ စိတ်က မဖြောင့်ဘူး ။ အဲဒီအချိန် ခုန လူတွေက ကျုပ်အိမ်ဘေးမှာ အသာစောင့်နေကြတာ ကျုပ်ဘယ်သိမလဲ ။ ငမောင်က ကျုပ်အိမ်က ထွက်ခဲ့ပြီး ခဏကြာတော့ အိမ်ပြန်ရောက်လာတာ နေမှာ ။ ငမောင်ကို ဖမ်းပြီး အဲဒီလူတွေ ကျုပ်ဆိုင်လေး ရှေ့က ဖြတ်သွားတာကို ကျုပ်လုံးလုံး မမြင်ဘူး ။ စိတ်ထဲ တွေးချင်ရာ တွေးပြီး မုန့်ကိုပဲ မဲလုပ်နေမိတာကိုး ။ မိုးမလင်းတလင်း မှောင်ကလဲ မှောင်တော့ ဘေးဘီလဲ ကျုပ်မကြည့်မိဘူးပေါ့တော် ။ ငမောင်ကတော့ ကျုပ်ကို မြင်မှာပေါ့ ။ ဒါပေမယ့် မအေကို ညှာတဲ့ ကျုပ်သားလေးက အသံမပြု ရှာဘူး ။ ကျုပ်မယ် မိုးလင်းလို့ ရွာဘူတာစျေးက ကောင်မလေး ပြေးလာပြီး ‘ဘွားချစ်ဥ….. ဘွားချစ်ဥ ကိုငမောင်ကြီး ဘာဖြစ်လို့လဲ ဟင်…. ဘူတာမှာ လက်ထိပ်ကြီးနဲ့ တွေ့တယ်တော့ ‘ ဆိုတော့မှ သံယောက်မချပြီး ဘူတာကို ပြေးရတာ ။ ထဘီမနိုင် ဘာမနိုင် ဆံပင် အပြေပြေနဲ့သာ ကျုပ်မယ် ပြေးရတယ် ။ ပြေးရကျိုးလဲ နပ်ပါဘူးတော် ။ ငမောင့်ကို ကျုပ် မတွေ့လိုက်ရတော့ဘူး ။ ရထား နောက်မြီးဖျားလေးပဲ ကျုပ်တွေ့လိုက်ရတော့တယ် ။

သနားပါတယ် ကျုပ်သားလေး ။ နေကောင်းထိုင်သာနဲ့ တွေ့ရပါစေ ။ လွတ်ရက်လေး ဘာလေးလဲ သိရပါစေ ။ ကောင်းသတင်းကို ကျုပ် ကြားပါရစေ ။ စောင့်ရတာကလဲ ကြာလိုက်တာနော် ။ ဟိုလူ ငေါက်တာနဲ့ သွားမမေးရဲတော့ဘဲ ထိုင်နေလိုက်တာ ၊ ကြည့်စမ်း လူတွေတောင် အတော် ရှင်းနေပေါ့ပဲ ။ ကျုပ်အလှည့် မရောက်သေးဘူးလား ။ ဟင်း ကျုပ်နောက်ဆုံးဘိတ်ပဲ ထင်ပါ့ ။ ကျုပ် ပျာရိပျာယာ မတ်တတ်ထရပ်ပြီး ခေါ်တဲ့လူဆီ မျှော်ကြည့်လိုက်တယ် ။ ဟောတော် ခေါ်တဲ့လူလဲ မတွေ့ရတော့ဘူး ။ လူတွေလဲ ရှင်းလို့ ဖြစ်ချေပါဘူး ။

‘ ဆရာကြီးတို့ ဆရာကြီးတို့ ကျုပ်အလှည့် မရောက်သေးဘူးလားတော့ ‘ ကျုပ် ကြားသာအောင် လှမ်းအော်တော့မှ ခုနက ခေါ်တဲ့လူ ထွက်လာတယ် ။

‘ ဟာ ပြဿနာပဲ ဘာအလှည့်လဲ ထောင်၀င်စာ ပြီးသွားပြီ အမေကြီးရဲ့ ။ ခုနက တကြော်ကြော် အော်နေတုန်းက ခင်ဗျား ဘယ်သွားနေလဲ ‘

‘ အမေလေး မသွားပါဘူးတော် ရှိပါတယ် ၊ ဆရာကြီးပဲ မလာနဲ့ ဆိုလို့ ဟိုက သစ်ပင်လေးအောက် သွားထိုင်စောင့်နေတာပေါ့ ၊ ဒုက္ခပါပဲတော် ၊ ကျုပ်ဘာလို့ မကြားလိုက်ရတာပါလိမ့် ၊ ဟင်….. နားပင်းမ ၊ နားကန်းမ ၊ ဒီလိုပဲ စိုက်မိ စိုက်ရာ စိုက်နေ တခါလဲ ခံခဲ့ရပါပကောလို့’

‘ ကဲ… ကဲ… ပြောမနေနဲ့တော့ ၊ နောက်တပါတ်မှ လာတော့ပေါ့ ဟုတ်လား အမေကြီး ‘

‘ ဆရာကြီးရယ်…. ကျုပ် အလျင်တပါတ်ကလဲ ကျုပ်သားလေးနဲ့ မတွေ့ရပါဘူး ၊ တွေ့လို့ရရင် ခဏပဲ ဖြစ်ဖြစ် တွေ့ပေးပါနော် ၊ ကျုပ်.. ဒီပစ္စည်းလေးတွေ ပေးပြီး သူ့မျက်နှာလေးမြင်ပြီး ပြန်ပါ့မယ်တော် ‘

‘ အော် ခက်တာပဲ ၊ မရဘူး အမေကြီးရဲ့၊ လုံး၀ မရဘူး ၊ သူ့အချိန်နဲ့ သူ ၊ ဒီတော့ ပစ္စည်းတွေတော့ ကျွန်တော် ရောက်အောင် ပို့ပေးလိုက်မယ် ပေး ပစ္စည်းစာရင်း ‘

‘ ဟုတ်ကဲ့…. ဟုတ်ကဲ့ ပေးပေးပါ ဆရာကြီးရယ် ‘

ချွေးခံအင်္ကျီအိတ်ထဲ ကျုပ်စာရွက်လေး ကဗျာကသီ နှိုက်လိုက်တယ် ။

ဟောတော် မရှိဘူး ။ ကျုပ်ဘယ်မှာ ထားမိပါလိမ့် ၊ ပုဆိုးထုတ်ထဲလား.. ဟုတ်ပေါင်.. အဲတော် အဲတော် ၊ ဒါမှ ဒုက္ခ၊ ကျုပ် – ကျုပ် ခုနက အဆင်သင့်ဖြစ်အောင် လက်ထဲကိုင်ထားရာက ထဘီ၀တ်တော့ ပါးစပ်မှာ ကိုက်ထားတယ်လေ ၊ ကောင်းကြပါလေရော ၊ တွေးရင်း တောရင်းနဲ့ ယောင်ယမ်းပြီး ကျုပ် ဝါးပစ်လိုက်မိပြီ ။

‘ စာရင်းစာရွက် မရှိတော့ဘူး ၊ ကျုပ်ယောင်ပြီး ဝါးပစ်လိုက်မိပြီ ‘

‘ အော်… အမေကြီးလဲဗျာ ဒုက္ခပါပဲ ‘

‘ ဒီတိုင်း ဒီတိုင်း ပေးလို့ကော မရဘူးလားဆရာကြီး ‘

‘ မရဘူး အမေကြီး ၊ ကိုယ့်ဘာသာကိုယ် စိတ် တုံးတုံးချပြီး ပြန်ပေတော့ ၊ နောက်တပါတ်လာ ဟုတ်လား ‘

‘ စိတ်ပျက်လက်ပျက်နဲ့ ကျုပ်အထုတ်ကလေးကို ခေါင်းပေါ်တင်လိုက်တယ် ။ အ, လိုက်တဲ့ ကျုပ် ၊ နုံ လိုက်တဲ့ ကျုပ် ၊ အသုံးမကျလိုက်တဲ့ ကျုပ် ‘

‘ ဟင်း…. အ အ,မ ၊ အထူမ ၊ အသက်ကြီးပြီး အချိန်မစီးတဲ့ ဟာမကြီး ၊ နင့်ကြောင့်- နင့်ကြောင့် ၊ ရောက်လေရာ၀ယ် အ,ဦးမယ့် နင့်ကြောင့် ဒီလို ဖြစ်ရတာ ၊ အနုံမ ၊ အသုံးမကျ မ ‘

ထောင်၀င်းကြီးထဲကနေ ထွက်လာရင်း ကျုပ်ကို ကျုပ် ကျိန်ဆဲမိတယ် ။ ကျုပ်အသုံးမကျလို့ ကျုပ်သားလေးနဲ့ မတွေ့ရတော့ဘူး ။ ထောင်နံရံ နီနီကြီးတွေကို ၀မ်းနည်းပက်လက် မော်ကြည့်ရင်း တွေ့မရတော့ဘူး ဆိုကာမှ ငမောင့်ကို ပိုတွေ့ချင်လာမိတယ် ။ ကျုပ်သားလေးဟာ ဟောဒီနံရံကြီးတွေရဲ့ နောက်ဘက် တနေရာရာမှာ ရှိနေမှာပေါ့နော်…. ဘယ်နားလေးများ မှာပါလိမ့် ၊ သူဘာလုပ် နေရှာပါ့မလဲ ၊ သူများတွေ မုံ့တွေ ပဲတွေ စားသောက် ၀မ်းသာနေကြချိန်မှာ သူကတော့ ငုတ်ငုတ်လေး ရှိလို့ နေလိမ့်မယ် ။

နံရံကြီးတွေကို ကြည့်ရင်း ကျုပ်ဖြေးဖြေးချင်း လျှောက်နေမိတယ် ။ ကျုပ် စိတ်မကျေနပ်သေးဘူး ။ ကျုပ်မပြန်ချင်သေးဘူး ။ နံရံကြီးတွေ နောက်ဘက်တနေရာရာမှာ ကျုပ်သား ရှိနေမယ် ဆိုတဲ့ အသိနဲ့ နံရံကြီးတွေကို ကြည့်နေရတာ ကျုပ်သားနဲ့ နီးနေသလိုပဲ ။ ဟောဒီနေရာလောက်မှာလား ။ ဒီနေရာလောက်မှာလား ၊ အထုတ်လေးကို ကျုပ် ပစ်ပေးလိုက်ချင် စမ်းပါဘိတော့ ။ ‘ ငမောင်ရေ… အမေ ဒီနားမှာဟေ့ ‘ လို့ အော်ပြောလိုက်ချင်စမ်း ပါဘိတော့ ။ နံရံကြီးတွေကို ကြည့်ရင်း ကြည့်ရင်း ကျုပ် ပတ်လျှောက်နေမိတာ ကျုပ်၀င်ခဲ့တဲ့ ထောင်ပေါက်၀ကို လှမ်းမြင်တော့မှ တပါတ် ပြည့်မှန်း သိတယ် ။ ကျုပ် တပတ် ပတ်မိသွားပြီဘဲ ။ ကျုပ်အထင် ဟောဒီထောင်တပတ်ဟာ တတိုင်ကျော်ကျော်တော့ ရှိလောက်တယ် ။ ဇော ကြောင့်သာရယ် ။ ကျုပ် နည်းနည်းတော့ မောတယ် ။ ဒါပေမယ့် မပြန်ချင်သေးဘူး ။ ဆေးလိပ်လေး ဖွာရင်း နံရံကြီးကို ခဏတဖြုတ် ကျုပ် ထိုင်ကြည့်ချင်သေးတယ် ။ ချွေးခံအင်္ကျီအိတ်ထဲက ဆေးလိပ်တိုကို နှိုက်ရင်း ကျုပ် စိတ်မကောင်းပြန်ဘူး ။ ငမောင် ပြောတယ် ။ ထောင်ထဲမှာ ဆေးလိပ်ဟာ ရွှေတဲ့ ၊ ငွေတဲ့ ။ ကျုပ်သားလေး ဆေးလိပ်လေးမှ သောက်ရရှာမှာ မဟုတ်ဘူး ။ ဆေးလိပ်ကို ပါးစပ်မှာ ခဲရင်း မီးခြစ်စမ်းတော့ ရှာမတွေ့ဘူး ။ သြော်…. ဒုက္ခ၊ ဓါတ်မီးခြစ် ကျုပ် အိမ်မှာ မေ့ခဲ့ပြန်ပြီ ။ ကျုပ်ဟာလေ…. မေ့တာ လျော့တာ ယောင်တာ ယမ်းတာ တွေနဲ့ကို ဒုက္ခရောက်ပေါင်းလဲ များလှပြီ ။

အဲ ဟိုရှေ့နား ခပ်လှမ်းလှမ်းမှာ ဆေးလိပ်ထိုင်ဖွာနေတဲ့ အဘွားကြီးတယောက်ရှိလို့ တော်သေးရဲ့ ။ ကျုပ် အဘွားကြီးနားသွားပြီး ‘ မီးတညှိလောက်တော် ‘ လို့ လက်လှမ်းရင်း ထောင်နံရံကြီးတွေကို လှမ်းကြည့်မိပြန်တယ် ။ ဆေးလိပ်ကို တထောင်းထောင်း ဖွာရာက အဘွားကြီးနား ဖင်ချထိုင်ရင်း ကျုပ် မနေနိုင် မထိုင်နိုင်

‘ ကျုပ်သားလေးက ဒီထဲမှာတော့ ၊ ထောင်၀င်စာ လာတွေ့တာ ကျုပ် မတွေ့ရလို့ မကျေမချမ်းနဲ့ ထောင်ပတ်နေတာ တပတ်ပြည့်ရော….’

ချွေးသံရွှဲရွှဲနဲ့ အဘွားကြီးက ဆေးလိပ်ကို တွင်တွင်ဖွာရာက ဇတ်ခနဲ မတ်တတ် ထ ရပ်လိုက်တယ် ။

‘ တော်ချည့်မှလား..၊ ကျုပ်သားလဲ ဒီထဲမှာပဲ ၊ ထောင်ကို ကျုပ်ပတ်နေတာ သုံးပတ်ရှိသွားပြီ ‘

ဆက်လျှောက်သွားတဲ့ အဘွားကြီးကို ကျုပ် ခဏ ငေးကြည့်နေမိပြီးမှ အထုတ်လေး ဆွဲပြီး မတ်တတ် ထရပ်လိုက်တယ် ။ ထောင်နံရံကြီးတွေက နီနီ ။ အဘွားကြီးက ရှေ့မှာ တရွေ့ရွေ့ ။ ကျုပ်က နောက်မှာ တရွေ့ရွေ့……။

📖📖📖

နုနုရည် (အင်းဝ)

[ ‘မိခင်မာရသွန် ကို ရေးတဲ့ လေးလေး ကြည်အောင် ကွယ်လွန်ခြင်း နှစ် နှစ်ပြည့်သို့…]

မိခင်မာရသွန်……

သားသဲ့အမေ
မိုင်ရှည်တာဝေး
အပြေးသမား
သားသမီးချစ် သက်လုံဖြစ်အောင်
ပြောင်းပစ်လေသလား…။