• July 5, 2025
  • admin
  • 0

ထောင်မှူးကြီးသိန်းဝင်း
သခင်ချစ်သော အမဲလိုက်ခွေးများ

အိမ်မွေးတိရစ္ဆာန်များထဲတွင် ခွေးများသည် သခင်၏အနွံအတာ အခံဆုံးနှင့် ချစ်စရာအကောင်းဆုံးဟု ဆိုချင်ပါသည်။ ကျွန်တော် ကော့သောင်းမြို့နယ် အောက်ချိုင့်ဆီအုန်းခြံတွင် တာဝန်ထမ်းဆောင် ရစဉ် (၁၉၈၅-၈၆) ခုနှစ်က အဖြစ်အပျက်ကလေးတစ်ခုဖြစ်ပါသည်။ စခန်းလုံခြုံရေးအရ လည်းကောင်း၊ အမဲလိုက်ရာတွင် လည်းကောင်း အသုံးဝင်လှပါသည်။ ပါဆယ်ပါညန်း ဆီအုန်းခြံမှ အမဲလိုက်ခွေးမကလေး မိညိုကဲ့သို့ ခွေးတစ်ကောင် လိုအပ်နေသဖြင့် ကျွန်တော့်ထက်အရင် စခန်းတွင်ရောက်ရှိနေသော တပည့်ဖြစ်သူ သံချောင်းအား မေးမြန်းရပါတော့ည်။

“သံချောင်းရေ ဒီဒေသမှာ အမဲလိုက်ကောင်းတဲ့ ပသျှူးခွေးကောင်းကောင်း ထွက်တယ်ကြားတယ်။ အဲဒါ ဘယ်မှာရနိုင်မလဲကွ”

“ရှာရင်ရတာပေါ့ ဆရာ၊ ပသျှူးတွေက ခွေးမွေးတာတော့ နည်းတယ်၊ ခြံလုပ်တဲ့ ပသျှူးတွေလောက်ပဲ သူခိုးနဲ့ ဝက်ရန်ကာကွယ်ဖို့ မွေးကြတာ၊ မွေးရင်တောင် တစ်ကောင်ထဲမဟုတ်ဘူး ဆရာ၊ အုပ်လိုက် မွေးကြတာ၊ ပသျှူးခွေးတွေက အဖော်ကောင်းရင် အသေခံပြီး တိုက်ခိုက်တတ်တယ် ဆရာရေ့၊ မြန်မာခွေးအရွယ်အစားဆိုပေမယ့် အမွေးရှည် အမွေးတို နှစ်မျိုးရှိတယ်။ နို့ဖြတ်စ မွေးမှ သခင်ကို အသေအလဲချစ်တာ။ ကြီးမှမွေးရင်တော့ ရိုင်းတတ်တယ် ဆရာ။ ခွေးကောင်းထွက်တာကတော့ လဲမွန်ရွာကြီးက ဆရာ၊ ဆရာ့သူငယ်ချင်း ထောင်မှူးကြီး ဦးအုန်းမောင် ရှိတာပဲ၊ သူ့ကို ရှာခိုင်းရင် ရမှာပါ”

“အဲဒါဆို အတော်ပဲဟေ့၊ မနက်ဖြန် လဲမွန်စခန်းမှာ အစည်းအဝေးရှိတယ်၊ ကိုအုန်းမောင်ကြီးကို ရှာခိုင်းရမယ်၊ မင်းလည်း လိုက်ကွာ။ မင်းက ခွေးအကြောင်း ငါ့ထက် ပိုနားလည်ပါတယ်”

“ဟုတ်ကဲ့ ဆရာကျွန်တော် လိုက်ခဲ့ပါ့မယ်တစ်ခါတည်း ရရင်လည်း ခေါ်ခဲ့တာပေါ့ ဆရာ”

နောက်တစ်နေ့ မနက် (ရ)နာရီခန့်တွင် ကျွန်တော်နှင့် တပည့်ဖြစ်သူ သံချောင်းတို့ ဆိုင်ကယ်ကလေးဖြင့် လဲမွန်စခန်းသို့ ထွက်ခဲ့ကြပါသည်။ စခန်းတွင် အစည်းအဝေးနေ့မို့ လူစုံပါသည်။ လဲမွန်စခန်းတာဝန်ခံ ဦးအုန်းမောင်အား တွေ့လျှင်တွေ့ချင်း ခွေးကိစ္စ အပူကပ်ရပါတော့သည်။

“သူငယ်ချင်း မင်းလိုချင်တဲ့ခွေးက အမွေးတိုလား အမွေးရှည်လား။ အရွယ်က ဘယ်လောက်လဲ၊ အရောင်ကရော”

“အရွယ်က လသား နို့ဖြတ်စ။ အရောင်နဲ့ အမွေးအတိုအရှည် မရွေးဘူး၊ ပသျှူးခွေးစစ်စစ် ဖြစ်ဖို့ အရေးကြီးတယ်၊ စခန်းစောင့်နဲ့ အမဲလိုက်တတ်အောင် သင်လို့ရရင် တော်ပြီ”

“ဘယ်နှစ်ကောင် လိုချင်တာလဲ၊ အထီးလား၊ အမလား””

“တစ်ကောင်ရရ၊ နှစ်ကောင်ရရ ဖြစ်ပါတယ်၊ ခင်ဗျားပိုင်နက်ထဲမှာ ရှိလို့လား၊ ထီးထီး မမ မရွေးပါဘူးဗျာ”

“ရှိပြီလား မောင်ရယ်၊ အထီးနှစ်ကောင်၊ တစ်ကောင်က ဖအေတူ အမွေးတို၊ တစ်ကောင်က မအေတူ အမွေးရှည်၊ အဝါနဲ့ နီညိုရောင်၊ နို့ခွဲစပဲ ရှိသေးတယ်၊ ကြိုက်ရဲ့လား၊ ကဲ လာ သူငယ်ချင်း၊ အစည်းအဝေး စဖို့ လိုပါသေးတယ်။ ဒီနားတင်ပဲ သွားကြည့်ရအောင်”

ပြောပြောဆိုဆို ကျွန်တော့်အား ဆွဲခေါ်သဖြင့် လိုက်ခဲ့ရာ ထမင်းချက်ဖို့ကြီး အနီးရောက်သည်နှင့် ဦးအုန်းမောင်မှ “အို့ … အို့” ဟု ခေါ်လိုက်ရ။

ခွေးပေါက်စကလေးနှစ်ကောင်နှင့် ခွေးမကြီးနှင့် ခွေးထီးကြီးပါ ပြေးထွက်လာပါသည်။ သန်စွမ်းကျမ်းမာသော ခွေးများဖြစ်ပါသည်။

“ခင်ဗျား ခွေးတွေက ကိုက်တတ်သလား၊ ကြည့်လုပ်ပါဦး”

“မကိုက်ပါဘူး လိမ္မာပါတယ်၊ သခင်က ရှူးတိုက်ပေးရင်တော့ ကျွဲပေါက်တောင် မလွဲဘူး၊ တကယ် သတ္တိကောင်းတဲ့ကောင်တွေပဲ၊ ကြိုက်လား သူငယ်ချင်း၊ ခင်ဗျားကို ခင်လွန်းလို့ ပေးတာ၊ သစ်ဆွဲတဲ့ ထားဝယ် သားတွေ လာဝယ်တာတောင် မရောင်းလိုက်ဘူး”

“ကြိုက်တယ်ဗျာ၊ အစည်းအဝေးကြီး ပြီးတာနဲ့ ယူသွားတော့မယ်”

“သူငယ်ချင်း ဒီအတိုင်းတော့ မရဘူးလေ။ လက်ဆောင်ပေးရင် လက်ဆောင် ပြန်ပေးတော့ လုပ်ဦးမှပေါ့”

“ဪ ဒီလိုလားဘာပြန်ပေးရမှာလဲ”

“မဲခေါင်အကြီး တစ်လုံးလောက်ဆိုရင် တော်ပါပြီ”

“ဒီမှာ ဝယ်လို့ရသလား”

“ရတာပေါ့ သူငယ်ချင်းရယ်။ ကော့သောင်းမှာ ၉၀ကျပ်၊ ဒီရွာမှာတော့ ၁၂၀ကျပ်လောက် ပေးရင် ရပါတယ်”

“ကဲ ကဲ ရော့ဗျာ၊ ကျေးဇူးတင်ပါတယ်”

သို့နှင့် ခြံတာဝန်ခံများ အစည်းအဝေးလုပ်ပြီးနောက် ထမင်းစားသောက်ကြ၍ ခွေးနှစ်ကောင်အား ခေါ်ယူကာ တပည့်သံချောင်းနှင့် အတူ HONDA ဆိုင်ကယ်ကလေးဖြင့် အောက်ချိုင့်ဆီအုန်းခြံသို့ ပြန်ခဲ့ ကြပါတော့သည်။

ခွေးပေါက်ကလေးနှစ်ကောင်အား ကျွန်တော်ကိုယ်တိုင် ဂရုတစိုက် မွေးမြူပါသည်။ သံချခြင်း၊ အားဆေးကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကအစ ကိုယ်တိုင် လုပ်ဆောင်ပါသည်။ အညိုရောင် ခွေထီးကလေးကို ဘိုနီ၊ အဝါရောင် ခွေးကလေးအား ဘိုဖြူဟူ၍ အမည့်မှည့်လိုက်ပါသည်။

ခွေးကလေးများ စခန်းရောက်၍ (၆)လခန့်အကြာတွင် ဘိုဖြူ နှင့် ဘိုနီ ခွေးလားမြောက်လာပါသည်။

သတ္တိကောင်းသော ပသျှူးခွေးများပီပီ စခန်းရှိ အခြားခွေးများအပေါ် ဗိုလ်ကျနိုင်ပြီး သခင်ကိုလည်း အလွန်ချစ်ပါသည်။ အမဲလိုက်လည်း အလွန်ဝါသနာပါကြပါသည်။ ငယ်သေးသဖြင့် တနင်္သာရီရိုးမတောင်ပေါ် မခေါ်သေးဘဲ၊ မုဆိုးတင်မောင်နှင့် သံချောင်းတို့က ဆီအုန်းခင်းအတွင်း လျှောက်သွားကာ တောဝက်ပေါက်ကလေးများ၊ ဂျီ(ချေ)ပေါက်ကလေးများနှင့် မြေကြွက်ကြီးများအား လိုက်လံဖမ်းဆီးရင်း အမဲလိုက် အခြေခံသင်တန်းကို လေ့ကျင့်ပေးပါသည်။ သားကောင် ရရှိလာလျှင်လည်း အရိုးအရင်းကလေးများအား ကျွေးပြီး အမဲလိုက်ခွေး‘ဇ’ကို သွင်းပေးကြပါသည်။

ဘိုဖြူနှင့် ဘိုနီ ခွေးနှစ်ကောင်သည် စခန်းရောက်ပြီး
တစ်နှစ်ခန့်အကြာတွင် အမဲလိုက်ခွေးစစ်စစ် ဖြစ်လာပါတော့သည်။ အမဲလိုက်ခွေးဗီဇအတိုင်း အနံ့ခံကောင်းခြင်း၊ ခြေသံလုံလုံဖြင့် တောလည်တတ်ခြင်း၊ သခင်၏ အထာအား သိခြင်းအပြင် နှစ်ကောင် – တွဲ၍ တိရစ္ဆာန်ငယ်များအား ‘လှဲ’နိုင်ခြင်း စွမ်းရည်သတ္တိများ ပြည့်ဝလာပါတော့သည်။

စခန်းအတွင်း၌ လူတကာဖြင့် ယဉ်ပါးသော်လည်း ရုံးခန်းအတွင်း ခွင့်မတောင်းဘဲ ဝင်လာသူ လူစိမ်းများနှင့် ယူနီဖောင်းကို ဘိုသီဘတ်သီ ဝတ်ဆင်လာသော ဝန်ထမ်းများအား မကြာခဏ ကိုက်တတ်လာပါသည်။ သင်ထားခြင်းလည်း မရှိပါ။ ညဘက်အိပ်လျှင်လည်း ကျွန်တော်ထိုင်သော ရုံးစားပွဲဘေးရှိ ကုလားထိုင်များပေါ်တွင် အကျအန အိပ်တတ်ပါသည်။

ညဥ့်သန်းခေါင် ကျွန်တော် အပြင်ထွက်လျှင် Bodyguard သဖွယ် ဘေးနှစ်ဖက်မှာ ဝန်းရံလိုက်ပြီး လှည့်ပတ်စစ်ဆေးရာနောက် တကောက်ကောက် လိုက်တတ်ကြပါသည်။ အပြင်တွင် အပေါ့ အလေး စွန့်ကြပြီး ရုံးပြန်ရောက်လျှင် သူ့နေရာသူ ပြန်အိပ်တတ်ပါသည်။ အလွန်စည်းကမ်းရှိသော ခွေးများဖြစ်ပါသည်။ ရုံးခန်းအတွင်း အညစ်အကြေးစွန့်ခြင်း လုံးဝ မပြုလုပ်ပါ။ အကယ်၍ အပြင်ထွက်လိုလျှင်လည်း ရုံးခန်းစောင့် သံချောင်းအား ကုတ်ခြစ်၍ နှိုးတတ်ပါသည်။

တစ်နေ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက် တစ်ရက်တွင် ခွေများကိုခေါ်၍ တနင်္သာရီရိုးမပေါ် တက်၍ တောလည်ရန် ကျွန်တော် စီစဉ်ပါသည်။

“သံချောင်းရေ ဒီနေ့ ဘိုနီနဲ့ ဘိုဖြူကို တောထဲခေါ်သွားပြီး အမဲလိုက်ရအောင်ကွာ၊ တပ်ကြပ်ကြီး ဦးထွန်းမောင်နဲ့ မုဆိုးတင်မောင်တို့ကို ခေါ်ပေးစမ်းကွာ”

“ဟုတ်ကဲ့ ဆရာ”

မကြာမီ တပ်ကြပ်ကြီး ဦးထွန်းမောင်နှင့် မုဆိုးတင်မောင်တို့ ရောက်ရှိလာကြပါသည်။

“ကဲ ဆရာကြီးဦးထွန်းမောင်ရေ။ ဒီနေ့ အလုပ်ပိတ်ရက်ဆိုတော့ တနင်္သာရီရိုးမပေါ်တက်ပြီး အမဲလိုက်ကြရအောင်၊ ဘိုဖြူ နဲ့ ဘိုနီကိုလည်း အမဲကြီးလိုက် သင်တန်းပေးရင်းပေါ့၊ လက်နက်ခန်းက ရိုင် ဖယ်ကောင်းကောင်းနှစ်လက်နဲ့ ကျည်(၁၀)တောင့်စီ ထုတ်ခဲ့ဗျာ၊ တင်မောင်က ပသျှူးဓားကောက်တစ်ချောင်း ယူခဲ့၊ သံချောင်းက ရေဘူးယူခဲ့”

သို့နှင့် ကျွန်တော်တို့အဖွဲ့ မနက်(ဂ)နာရီခန့်တွင် ဆီအုန်းခင်းကြီးအား ဖြတ်ကျော်၍ တနင်္သာရီရိုးမပေါ်သို့ တက်ခဲ့ကြပါတော့သည်။ လမ်းတွင် မျောက်ညိုများ အုပ်စုလိုက်တွေ့သော်လည်း မပစ်ကြပါ။ ကျွန်တော် ပစ်လိုသည်မှာ တောဝက်ဖြစ်ပါသည်။

အလွန်အန္တရာယ်များသော်လည်း လူအင်အား လက်နက်အင်အား ကောင်းသဖြင့် လည်းကောင်း၊ တောဝက်တစ်ကောင်ရလျှင်ပင် ကျွန်တော်တို့ စခန်းတစ်ခုလုံး ရိက္ခာဖူလုံမည် ဖြစ်ပါသည်။

ဘိုနီနှင့် ဘိုဖြူ ခွေးနှစ်ကောင်မှာ အမဲလိုက်ခွေး ပီသလှပါသည်။ အသံတစ်ကောင်မျှ မထွက်ပါ။ ရှေ့မှ ဦးဆောင်၍ တနင်္သာရီရိုးမပေါ်သို့ တက်နေပါသည်။ ရိုးမပေါ်ရောက်သည်နှင့် ခွေးများမှာ အငြိမ်မနေတော့ပါ။ သားကောင်နံ့ ရဟန်တူပါသည်။

မကြာမီ “ဝု ဝု အိ အိ” ဟူသော ဝက်အုပ်သံ ကြားရပါတော့သည်။ ကျွန်တော်တို့လည်း နေရာယူရပ်တန့် ရင်း အသင့်ပြင်ဆင်ကာ

“သံချောင်းရေ ဝက်အုပ်ကြီး ထင်တယ်ကွ။ မင်း ခွေးတွေကို ချော့ပြီး ထိန်းထားဦး။ သေနတ်သံကြားမှ ခွေးတွေကို လွှတ်ကွာ”

“ဟုတ်ကဲ့ ဆရာ”

ရှေ့ကိုက်(၂၀၀)ခန့် လျှိုစောင်းတွင် ဝက်အုပ်ကြီး ရေသောက်ဆင်းရာမှ ပြန်လာပြီး လျှိုကောင်းကောင်းတွင် အနားယူ အိပ်စက်ရန် ရိုးမကြောကို ကျော်၍ တက်လာပါသည်။ ပိဿာ (ရဝ)ခန့် ဝက်ထီးကြီးက ဦးဆောင်လာပြီး ပိဿာ (၅ဝ)ခန့် ဝက်မကြီး ယှဉ်၍ လိုက်ပါလာသည်။ နောက်တွင် အချိန် (၁ဝ)ခန့်ရှိ ဝက်ပေါက်ကလေးများ (၆)ကောင်က တန်းစီ၍ ပါလာပါသည်။

ကျွန်တော်မှ ဝက်ထီးကြီးကို ရွေးသလို ဦးထွန်းမောင်မှ ဝက်မကြီးကိုပစ်ရန် အချက်ပြနေပါသည်။ ကြိမ်ရုံများခံနေ၍ မြင်ကွင်းမှာ မရှင်းလှပါ။

ထိုစဉ် မည်သို့ဖြစ်သည် မသိ၊ ဦးထွန်းမောင်ထံမှ ‘ဒိုင်း’ဟူသော သေနတ်သံ ထွက်ပေါ်လာပြီး ဝက်ထီးကြီး၏ နောက်ပိုင်းအား ထိမှန်သွားပါသည်။ ဝက်ထီးကြီးမှာ ယိုင်သွားပြီး ချက်ကောင်းမထိသဖြင့် လျှိုအတွင်း ဆင်းပြေးပါတော့သည်။ ကျွန်တော်လည်း မပစ်လိုက်ရတော့ပါ။

ထိုအချိန်တွင် ဘိုဖြူနှင့် ဘိုနီတို့မှာ ထိန်းမရတော့ဘဲသံချောင်းလက်မှ ရုန်းထွက်၍ သေနတ်မှန်သွားသော ဝက်ထီးကြီးနောက်သို့ လိုက်သွားပါတော့သည်။

လျှိုအတွင်း ရောက်သည်နှင့် ဝက်နှင့် ခွေးများ တိုက်ခိုက်ကြရာ တစ်ကြိမ်တွင် ဝက်ထီးကြီး ပက်လိုက်သော အစွယ်နှစ်ချောင်းမှာ ဘိုနီ၏ ဗိုက်အား ပွင့်သွားစေပြီး အူများထွက်ကျ၍ ဘိုနီမှာ လျှိုထဲသို့ လွင့်ကျသွားပါတော့သည်။ ကျွန်တော်လည်း မြင်ကွင်းရှင်းသည်နှင့် ပစ်ရာ ဝက်သိုးကြီးမှာ ဇီဝိန်ချုပ်ပြီး ဘိုနီကျရာ လျှိုထဲသို့ ပြုတ်ကျ သွားပြန်ပါသည်။

ဘိုဖြူအား ပြန်ခေါ်ပြီး ခေတ္တစောင့်၍ လျှိုထဲသို့ ဆင်းကြရာ ဝက်သိုးကြီးမှာ ချက်ကောင်းမှန်၍ သေဆုံးနေသော်လည်း ဘိုနီမှာ ဗိုက်ပွင့်သွားသော်လည်း သေဆုံခြင်းမရှိသေးပါ။ မျက်စိလေး ကလယ် ကလယ်ဖြင့် ကျွန်တော့်အား ကြည့်နေသော်လည်း အသံမထွက်ပါ။

ကျွန်တော့်မှာ သံချောင်းအား ပုဆိုးချွတ်စေပြီး ဆုတ်ဖြဲ၍ ဘိုနီဗိုက်အား ပတ်စေပြီး အူများအား ပြန်သွင်းပေးရပါသည်။ ပက်လက် အနေအထားဖြင့် ဘိုနီအား ဝက်တုတ်တုတ်၍ ထမ်းစေပြီး ဝက်သိုးကြီးအားလည်း နောက်တစ်ခေါက် ပြန်ထမ်းရန် ဦးထွန်းမောင်အား အစောင့်ချ၍ စခန်းသို့ ပြန်ခဲ့ကြပါသည်။

အများအမြင်တွင်တော့ ချေပေါက်တစ်ကောင်အား ထမ်းလာသည်ဟု ထင်ကြပါလိမ့်မည်။ အမှန်မှာတော့ နီညိုရောင် ကျွန်တော့်၏ ခွေး ဘိုနီသာ ဖြစ်ပါတော့သည်။

စခန်းရောက်ရောက်ချင်း ဆေးမှူးအား ခေါ်ယူ၍ ဘိုနီ၏ဒဏ်ရာများအား ဆေးလိမ်း၊ ဆေးထိုးပြုလုပ်ပြီး အစိမ်းချုပ် ချုပ်ရပါတော့သည်။ ဗိုက်အရေပြား ပွင့်သွားသော်လည်း အူများ ပြတ်တောက်မသွား သဖြင့် တော်ပါသေးသည်။

ခွေးသားမှာ ပူ၍လားတော့ မသိပါ။ ဘိုနီ၏ ဒဏ်ရာမှာ (၃)ရက်နှင့် ချပ်၍သွားပါသည်။ လုံးဝ ပျောက်ကင်းခြင်းတော့ မရှိသေးပါ။ အစာတော့ စားနိုင်လာပါသည်။

နောက် နှစ်ပတ်ခန့်အကြာ အမဲလိုက်ထွက်ရာတွင် ဘိုနီအား ရဲဘက်တစ်ဦး အစောင့်ချ၍ ဘိုဖြူကိုသာခေါ်ပြီး ထွက်ခဲ့ကြပြန်ပါသည်။ ထိုနေ့က တနင်္သာရီရိုးမပေါ်သို့ပင် မတက်လိုက်ရပါ။ ဆီအုန်းစိုက်ခင်းအလွန် တောစပ်ရောက်သည်နှင့် မီးတားလမ်းအပေါ်တွင် ဝက်အုပ်နှင့် တိုးပါတော့သည်။

တောဝက်အုပ်မှာ (၁၀)ကောင်ခန့် ရှိပြီး ပိဿာ (ရဝ)ခန့်ရှိ ဝက်သိုးကြီးက ဦးဆောင်ပြီး ကျန်ကောင်များမှာ ပိဿာ(၄ဝ-၅ဝ)ဆယ် ခန့် ရှိပါသည်။ ဤတစ်ခါတွင်တော့ ကျွန်တော်က ဦးဆောင်ပစ်ခွင့်ရပြီး ဝက်သိုးကြီးအား ချက်ကောင်းထိမှန်ရာ လှဲနိုင်သလို ဦးထွန်းမောင်ကလည်း အချိန်(၅ဝ)ခန့် ဝက်မတစ်ကောင်အား ပစ်၍လှဲနိုင်ပါသည်။ ခေါင်းဆောင် ကျသွား၍ ကျန်တောဝက်အုပ်မှာ ဦးတည်ရာမဲ့ ထွက်၍ ပြေးပါတော့သည်။

ထိုအချိန်တွင် ဘယ်က ပေါ်လာမှန်းမသိသော ဘိုနီက ဘိုဖြူနှင့် တွဲ၍ အချိန် (၄ဝ)ခန့်ရှိ ဝက်ပေါက်တစ်ကောင်အား ဝိုင်းဝန်းကိုက်ခဲပြီး လှဲလိုက်နိုင်ပါသည်။ ဝက်ပေါက်မှာ ရစရာမရှိအောင် ပေါက်ပြဲ ဒဏ်ရာရပြီး ဗိုက်ပွင့်၍ အူများပင် ထွက်လာကာ သေဆုံးသွားပါတော့သည်။ ဘိုနီ၏ လက်စားချေမှုဖြစ်ဟန်တူပါသည်။

ထိုနေ့က ဝက်(၃)ကောင်ရရှိသဖြင့် အောက်ချိုင့်ခြံတစ်ခုလုံး ပိုလျှံစွာ စားသုံးနိုင်သည်သာမက လဲမွန်ခြံ တာဝန်ခံ၊ ထောင်မှူးကြီးဦးအုန်းမောင်ထံသို့ပါ တောဝက်သားများ လက်ဆောင်ပေးပို့လိုက်ပါသည်။

တောဝက်အပက်ခံရ၍ ဗိုက်ပွင့်သွားသော ဘိုနီမှာ တောဝက်မြင်လျှင် ကြောက်လန့်သွားမည်ဟု ထင်ခဲ့မိသော်လည်း အထင်နှင့်အမြင် ပါစင်အောင်လွဲရပါတော့သည်။ နောက်ပိုင်းတွင် တောဝက်အုပ် မြင်လျှင် သခင်အပစ်ကိုပင် မစောင့်တော့ဘဲ အတင်းဝင် အတင်းလိုက်၍ ရက်စက်စွာ လက်စားချေပါတော့သည်။

ဘိုနီနှင့် ဘိုဖြူ နှစ်ကောင် ညီသဖြင့် နောက်ပိုင်းတွင် ဆီအုန်းခြံအတွင်းသို့ အနီးအနားရွာများမှ မတော်တဆ ရောက်ရှိလာကြသော ကျွဲပေါက်များကိုပင် ချမ်းသာမပေးတော့ဘဲ တစ်ခေါက်ခွက်ကြောအား ကိုက်လှဲပြီးနောက် လည်ကုတ်ကိုခဲကာ ဗိုက်ဖောက်၍ အူကိုစားသည်အထိ သတ္တိကောင်းလာကြပါသည်။

နှစ်ပြည့်၍ ကျွန်တော်နှင့် ဝန်ထမ်းများ ပြည်မပြန်ရပါတော့မည်။ လဲလှယ်မည့် အရာရှိ၊ ဝန်ထမ်းများလည်း ရောက်ရှိလာကြပါပြီ။ ဆီအုန်းပင်အရေအတွက်၊ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အဦးနှင့် ရဲဘက်များအား စနစ်တကျ လွှဲပြောင်းပေးရပါသည်။

ခွေးနှစ်ကောင်အား ကျွန်တော် မည်သို့ပြုလုပ်ရမှန်း မသိပါ။ သူစိမ်းလက်တွင် ထားခဲ့ရန်လည်း စိတ်မချ။ ပြည်မယူဆောင်သွားရန်လည်း ထားစရာ နေရာမရှိပါ။ ခွေးနှစ်ကောင်မှာတော့ မသိရှိနိုင်ပါ။ ပြည်မ ပြန်မည့် ဝန်ထမ်းတစ်ဦးပြီး တစ်ဦးက ဆီအုန်းပင်များအား နောက်ခံထား၍ ဘိုနီ၊ ဘိုဖြူ တို့ဖြင့် တွဲ၍ ဓာတ်ပုံရိုက်ကြပါသည်။

ကျွန်တော်ဖြင့်လည်း တွဲ၍ ဓာတ်ပုံရိုက်ကြပါသည်။ ခေါ်စရာပင် မလို။ ကင်မရာချိန်သည်နှင့် လူနားလာ၍ ဆောင့်ကြောင့်ထိုင် ဓာတ်ပုံအရိုက်ခံပါတော့သည်။

တာဝန်ပြီးဆုံး၍ ကျွန်တော် ပြည်မပြန်လာပြီးနောက် တစ်လခန့်အကြာတွင် ဘိုဖြူ ဘိုနီ နှစ်ကောင်စလုံး အစာမစားသဖြင့် သေဆုံးသွားကြောင်း ကြားသိရပါတော့သည်။

သည်းထိတ်ရင်ဖို၊ ဩဂုတ်လ၂၀၀၆

– ပြီး –

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း

Leave a Reply

Your email address will not be published. Required fields are marked *