သင်တန်းမလို
ရွာမှာ တိုးကြီးဆိုတာရှိသဗျ။ အ, လိုက်တာလည်းလွန်။ ရိုးလိုက်တာလည်းလွန်။
အဖေနဲ့ အမေမပါ ထမင်းတောင်မစားဘူး။ ငါးလည်း အရိုးမထွင်တတ်။ တို့စရာ ထည့်ရင်တောင် အမေက ငါးပိရည်ကို ချိန်ဆပြီးထည့်ပေးရတယ်။
သားလေးကတစ်ယောက်တည်း အလိုကလည်းလိုက်၊ ချစ်လိုက်တာလည်း တုံ
“တိုးကြီး … တိုးကြီး” ပါးစပ်ဖျားကမချ
တစ်နေ့တော့ လင်မယားနှစ်ယောက်တိုင်ပင်ကြတယ်။
“မိန်းမရေ … ငါတို့က အသက်တွေကြီးလာ … တစ်နေ့သေကြမှာ။ ငါတို့ သားလေး ဒီအတိုင်း ထားခဲ့လို့မဖြစ်။ အိမ်ထောင်လေးများချပြီး သူ့ဇနီးလက်ကို အပ်ခဲ့မှ စိတ်ချရမယ်နဲ့တူတယ်”
“အိုရှင် … ကျုပ်တို့သားက နုံအအ၊ မြုံစိစိ … တော်ကြာ မိန်းမအမျိုးတွေက လွှမ်းမိုးပြီး စည်းစိမ်တွေ အကုန်သိမ်းမှ ဒုက္ခရောက်နေပါ့မယ်”
“အေးလကွယ် … အဲဒီလို မဖြစ်အောင် တောင်ပိုင်းက တစ်ကောင်ကြွက် တစ်မျက်နှာ ချစ်မွှေးနဲ့ အိမ်ထောင်ချ ပေး လိုက်ရရင်”
“အေး … ဟုတ်သားတော့ … ချစ်မွှေးဆိုရင် နောက်ဆံငင်စရာမရှိ၊ ရုပ်ကလေးကလည်းလှ၊ အလိမ္မာ၊ အိမ်ပါပေါ့”
ဒီလိုနဲ့ သားတိုးကြီးကို ချစ်မွှေးနဲ့ အောင်သွယ်။ ရည်းစားစကားလည်း မပြောတတ်၊ ကြိုက်တယ်လို့ ပြောရမှာလည်းရှက်သတဲ့။ အဖေကိုယ်တိုင်က ချစ်မွှေးနဲ့ အတင်းပေးတွေ့
“ဟဲ့ ကောင်မလေး ငါ့သားက နင့်ကို ချစ်သတဲ့”
“အို … ဦးကြီးကလည်း ကိုတိုးကြီးကဖြင့် ခေါင်းကြီးငုံ့လို့”
“တိုးကြီး ငါ့သား … ပြောလိုက်လေ … အဖေနဲ့များ ကွာပါ့”
“အဖေကလည်းဗျာ ဘာပြောရမှာလဲ”
“ဟာ … ဒီကောင်တော့ ချစ်တယ်လို့ ပြောဟ”
“အေး အဖေပြောတဲ့အတိုင်းပဲ”
နောက်ဆုံးတော့ မဖြစ်တော့ပါဘူးဆိုပြီး အတင်းကြောင်းလမ်း၊ စေ့စပ်၊ လက်ထပ်ပေးကြရတော့တာပဲ။
လက်ထပ်တဲ့ညရောက်တော့ တိုးကြီးက သူ့အဖေနားကပ်ပြီး
“အဖေ … ကျုပ်က ဒီည ဘယ်သူနဲ့ အိပ်ရမှာလဲ”
“နင့်အမေကလွှား … ချစ်မွှေးနဲ့ အိပ်ပေါ့ကွ”
“သူနဲ့ ကျုပ် လင်မယားဆိုတော့ ဟိုဒင်း ဟိုဟာ လုပ်လို့ရသလားဗျ”
“ရသပေါ့မောင်ရာ … ဒီညတော့ စိတ်ကြိုက်သာချပေတော့ … ငါတို့ ဘုန်းကြီးကျောင်း သွားအိပ်မယ်”
“ကျုပ်က ဘယ်က စရမှာလဲ အဘရာ”
“အရင်ဆုံး ခြင်ထောင်ထဲဝင်ကွာ … ဖက်ကွာ … ပြီးတော့ …”
“တော်ပြီ အဘရာ … ဆက်မပြောပါနဲ့တော့ နားရှက်လှတယ်”
ညရောက်ပြီ။ သားကို စိတ်မချ။ သူ့မယားကလည်း
“တော့် … လူကြီး ဘုန်းကြီးကျောင်း သွားကြမယ်” တဲ့
“နေဦးကွာ ငါတို့ သား … သောက်အ … အပေါက်အလမ်းမှ တည့်ပါ့မလားမသိဘူး”
“အို ရှင်ကလည်း ထားလိုက်ပါ သွားကြမယ်”
“နေဦးကွ … သူတို့ အခန်းအောက်က မေးကြည့်ရဦးမယ် … သား … လူလေး … တိုးမောင် … အဆင်ပြေရဲ့လား … အဖေ လာသင်ပေးရဦးမလား”
“အဘရေ … မလိုဘူးဗျ … ကုတင်ပေါ်ရောက်တဲ့အထိ အဘ လာသင်စရာ မလိုတော့ဘူး … အဆင်ကိုပြေလို့”
“အင်း … တော်ပါသေးရဲ့ ငါ့ကိုများ အဲဒီအထိ သင်ခိုင်းဦးမလားလို့”
အဘွားကြီးက နောက်မှာရောက်လာ
“တော့် … သေနာကျ … ရှင်က ခုထိ လိုက်ပြီး သင်တန်းပေးချင်သေးလား … ရှင့်တုန်းကရော ဘယ်သူက သင်တန်း ပေးခဲ့ပါ့”
“အေး … ငါ့တုန်းကလည်း … ဟုတ်သားနော် … ရှော ရှော ရယ်တဲ့မှ ရှူရှူ”
တင်ညွန့်
၁၅.၁၁.၂၀၁၇