အောင်ခင်စိုး
သစ်မှည့်တောမှ အပြန်
မုဆိုးဆိုသည့် လုပ်ငန်းသည် သေနတ်၊ ဒူးလေး လက်နက်တို့ဖြင့် သားရဲတိရစ္ဆာန်တို့ကို လိုက်လံသတ်ဖြတ်ရသော လုပ်ငန်းဖြစ်၍ လွယ်ကူသော လုပ်ငန်းတစ်ခုဟု ထင်ကြပေလိမ့်မည်။
ဤသို့ပင် ကျွန်တော်ကိုယ်တိုင်ကလည်း ထင်မြင်ခဲ့ဖူးပါသည်။
အမှန်တကယ်ဆိုရပါမူ မုဆိုးအလုပ်သည် လွယ်ကူသော လုပ်ငန်းတစ်ခု မဟုတ်ရုံမျှမက အလွန်ဘေးအန္တရာယ်ကြီးမား များပြားသော လုပ်ငန်းတစ်ခုဖြစ်ကြောင်းကို မုဆိုးအဖြစ် လုပ်ကိုင်စားသောက်ကြသော ဝါရင့်မုဆိုးကြီးများထံမှလည်းကောင်း၊ ကျွန်တော်၏ တပ်မတော်သားဘဝ နယ်မြေတိုက်ကင်းလှည့်လည်ရင်းက ကြုံတွေ့ခဲ့ရသော သားကောင်ပစ် အတွေ့အကြုံများအရ သိရှိတန်သလောက် သိခဲ့ပါသည်။
သို့သော် မည်မျှပင် ဘေးအန္တရာယ်ကြီးမား များပြား စေကာမူ ကျွန်တော်၏ဆရာ ကချင်မုဆိုးကြီး လမုန်ထန် တိုက်တွန်းနိုးဆော် မပြတ်ခေါ်ယူမှုကြောင့် မုဆိုးအလုပ်ကို စိတ်ဝင်စားလာမိပါသည်။ ကျွန်တော် ကိုယ်နှိုက်ကလည်း ရောက်လေရာ တောတောင်ကင်းစခန်းများတွင် အခြေအနေ အချိန်အခါကြည့်၍ တောလိုက်ခဲ့ပါသည်။
သို့သော် မုဆိုးကြီးဘဝ လုံးလုံးတော့ ဖြစ်မလာခဲ့ပါ။ ဘဝက အခွင့်အရေးမပေးသောကြောင့် ဖြစ်ပါသည်။
ကျွန်တော် ယခုတင်ပြမည့် အဖြစ်အပျက်သည် အမှတ်(၂၇) ခြေလျင်တပ်ရင်းတွင် ထမ်းဆောင်စဉ်က ဖြစ်၏။
ကျွန်တော်၏ တပ်ခွဲမှူး ဗိုလ်ကြီးမြင့်အောင်နှင့်အတူ နယ်မြေလုံခြုံရေးအတွက် တိုက်ကင်းလှည့်လည်ရင်းက ကျွန်တော်တို့တပ်စုသည် အမာမြို့နယ်ခွဲသို့ ရောက်ရှိလာကြ၏။
နယ်မြေအနေအထားအရ ကျွန်တော်တို့သည် အမာမြို့နယ်ခွဲ တွဲဖက်အလယ်တန်းကျောင်းတွင် ခေတ္တစခန်းရုံးဖွင့်၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ကြပါသည်။
ညဘက်တွင် မြို့နယ်ခွဲမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ခွဲအကြီးအကဲများနှင့် နယ်မြေအခြေအနေများကို တိုင်ပင်ဆွေးနွေးကြ၏။
အမာမြို့နယ်ခွဲ၏ ပတ်ဝန်းကျင်နှင့် ပင်လယ်ကမ်းရိုးတစ်လျှောက်တို့တွင် သစ်မှည့်ပင်တောနှင့် သစ်မောင်းတောများရှိ၍ ထိုတောတွင် သောင်းကျန်းသူများနှင့် တောဝက်များရှိကြောင်း သိရ၏။ ထိုအကြောင်း များကို ကျွန်တော်တို့ သိရှိထားကြပါသည်။
နယ်မြေလုံခြုံရေးဆိုင်ရာများ ညှိနှိုင်းပြောဆိုကြပြီးနောက် အချို့သူများ ပြန်သွားကြပါသည်။
အမာမြို့နယ်ခွဲ တာဝန်ရှိသူနှင့် အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးစောထွန်းကြည်သာလျှင် ကျွန်တော်တို့နှင့် ကျန်ရစ်ခဲ့၏။ အိမ်ရှင် ဘကြီးကြွယ် မိသားစု တည်ခင်းသော ငါးခြောက်ဖုတ်နှင့် ရေနွေးကြမ်းကို သောက်နေခိုက်တွင် ဆရာကြီး ဦးစောထွန်းကြည်က ကျွန်တော့်ပေါင်ကို ပုတ်၍. . .
“ဒီမှာ ဗိုလ်စိုးမြင့်. . . ဘကြီးကြွယ်ဟာ ကျွန်တော်တို့ မမွေးခင်ကတည်းက မုဆိုးကြီး တစ်ယောက်ပဲ။ နောက် ဘယ်လိုက ဘယ်လို အကျွတ်တရား ရသွားတယ် မသိဘူး။ ခု ဗိုလ်စိုးမြင့် မြင်တဲ့အတိုင်းပါပဲ၊ စိတ်ပုတီးကို လက်ကမချတော့ဘူး။ ဘကြီးကြွယ်ကပဲ သူဘယ်လို အကျွတ်တရားရခဲ့တယ်ဆိုတာ ခုအချိန်အထိ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးဗျ။ ကျွန်တော်တောင်မှ ဘကြီးကြွယ်ဟာ မုဆိုးကြီးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို အဘပြောပြလို့ သိခဲ့ရတာ”
ကျွန်တော်သည် ဆရာကြီး ဦးစောထွန်းကြည် ပြောပြနေသည်ကို နားထောင်ရင်း ဘကြီးကြွယ်ကို လှမ်းကြည့်လိုက်ရာ ဘကြီးကြွယ်သည် ပြုံးနေပါသည်။ ဆရာကြီး ဦးစောထွန်းကြည်က. . .
“ဘကြီးကြွယ် မုဆိုးဘဝကို စွန့်လိုက်တာ တော်တော်ကြာပြီနော်။ ကျွန်တော် ငယ်ငယ်ကလေးထဲက မဟုတ်လား”
ဆရာကြီး၏ အမေးကို ဘကြီးကြွယ်သည် ခေါင်းညိတ်အဖြေပေးရင်းက. . .
“ဟုတ်တာပေါ့မောင်။ အခု ဘကြီးရဲ့ အသက် (၈၃)နှစ် ရှိပြီကွယ့်။ မုဆိုးအလုပ်ကို စွန့်လိုက်တာ အနှစ်ငါးဆယ်နီးပါး ရှိပြီပေါ့ကွယ်”
ကျွန်တော်၏ စိတ်ထဲတွင်မူ ဘကြီးကြွယ်သည် မုဆိုးဘဝကို ဘယ်အကြောင်းကြောင့် စွန့်လွှတ်ခဲ့ရသည်ကို သိလိုစိတ်များ တမဟုတ်ချင်း ပေါ်ပေါက်လာလေသည်။ ထို့ကြောင့်ပင်. . .
“ဘကြီး. . . ဘကြီး မုဆိုးဘဝကို ဘယ်လိုကြောင့် စွန့်လွှတ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော့်ကို ပြောပြပါလား ဘကြီး။ ကျွန်တော်လည်း ရောက်တဲ့နေရာဒေသတွေမှာ အခွင့်ကြုံရင် အမဲလိုက်လေ့ ရှိပါတယ်။ ကျွန်တော့်အတွက် ဗဟုသုတရတာပေါ့ ဘကြီးရယ်”
ဘကြီးကြွယ်သည် ခေတ္တမျှ စဉ်းစားပြီးနောက်. . .
“အေး. . . အေး၊ ပြောပြရတာပေါ့မောင်။ ခုချိန်အထိ ဘကြီး ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူးကွယ်။ ဒါပေမယ့် မောင်ရင် သိချင်တယ်ဆိုတော့ ပြောပြရမှာပေါ့ကွယ်”
ဟု ပြောဆိုရင်း ရေနွေးကြမ်းပန်းကန်ကို ပါးစပ်တွင်တေ့ခါ မော့ချလိုက်ပြီးနောက် သူ၏ စွန့်လွှတ်လိုက်ရသော မုဆိုးဘဝကိုကား. . .
xxx xxx xxx
ကြက်မှာအရိုး လူမှာအမျိုး ဆိုသည့် စကားသည် ကျွန်ုပ်အဖို့ မှန်နေပေသည်။ ထို့ထက်ပို၍ ချောင်းရိုး မြောင်းရိုးသာ တိမ်ကောမည်။ လူမျိုး မတိမ်ကောဆိုသည့်စကားက ပို၍မှန်ပေလိမ့်မည်။
ကျွန်ုပ်၏အဘိုးသည် မုဆိုးကျော်တစ်ယောက်ဖြစ်သလို ကျွန်ုပ်၏ ဘကြီးတော်သူကလည်း မုဆိုးကြီးတစ်ယောက်ပင် ဖြစ်ပါသည်။ ကျွန်ုပ်၏ ဖခင်သည် မုဆိုးကြီးတစ်ယောက်ဖြစ်၍ သူ၏ သားတစ်ယောက်ဖြစ်သည့် ကျွန်ုပ်ကျမှ ဘုရားတကာ ဖြစ်ရမည်ဆိုလျှင် ဤကား ယုံတမ်းစကားပင် ဖြစ်နေပါမည်။
ကျွန်ုပ်၏ မိဘနှစ်ပါးသည် သားသမီး ငါးယောက်အနက် ကျွန်ုပ်မှာ တတိယမြောက်သား ဖြစ်သည်။ ကျွန်ုပ်အထက်တွင် မိန်းကလေးတစ်ယောက်၊ ယောင်္ကျားလေးတစ်ယောက်ဖြစ်၍ ကျွန်ုပ်အောက်တွင် မိန်းကလေးများချည်း ဖြစ်၏။
ဘမျိုးဘိုးတူ ဆိုသလိုပင် ကျွန်ုပ် ဘုန်းကြီးကျောင်းသား အရွယ်ကပင် ဇာတိပြခဲ့သည်။ တစ်နေကုန်လိုလိုပင် လေးဂွတစ်ချောင်းနှင့် ငှက်များကို လိုက်ပစ်ခတ်သည်။ ကျွန်ုပ် ဖခင်ကလည်း သူ၏ခြေရာကို နင်းမည့်သားဖြစ်သော ကျွန်ုပ်ကို သူကိုယ်တိုင် ကျွဲဂျို(ချို)ကို လေးဂွလုပ်ပေး၊ သူကိုယ်တိုင် လောက်စာလုံး လုံးပေးသည်။
ကျွန်ုပ်ကလည်း သားရေတစ်ပင်တပ်ထားသော လေးဂွကို ပစ်ရသည်မှာ ပျော့သည်ဟုဆိုကာ သား ရေနှစ်ပင်တပ်၍ လက်စွမ်းပြ၏။ ဖခင်ကလည်း အထူးနှစ်သက်၏ အစစအရာရာ ကျွန်ုပ်ကို အလိုလိုက်ခဲ့သည်။
ကျွန်ုပ် (၁၁)နှစ်သား အရွယ်တွင် ရှင်သာမဏေဝတ်ရသည်။ သာမဏေဘဝနှင့် နေရသော်လည်း လေးဂွကို လက်ကမလွှတ်ချင်ခဲ့ပေ။ သူ၏ အသက်ကို မသတ်ရသော်လည်း ဂွေးပင်မှ ဂွေးသီးများကို လက်တည့်စမ်းနေတတ်၏။ ထို့ကြောင့်လည်း ကျွန်ုပ်သည် လေးဂွပစ်ရာတွင် ယှဉ် မည့်သူမရှိပေ။
သာမဏေဘဝမှ လူထွက်လာသောအခါ ကျွန်ုပ်၏ အသက်သည် (၁၄)နှစ်ဖြစ်၏။ ရှင်လူထွက်သည်နှင့် အတိုးချ၍ တစ်နေကုန် တစ်နေခန်း ငှက်ပစ်ထွက်လေတော့သည်။
ကျွန်ုပ်ဖခင်ကြီးသည် ကိုယ်ပိုင်လယ်ဧက ငါးဆယ်ရှိ၏။ သူက စီမံခန့်ခွဲရုံသာ ပြုလုပ်၍ လယ်ထဲသို့ မဆင်းပေ။ ကျွန်ုပ်ထက်အကြီး အစ်ကိုက ဦးစီးလုပ်ကိုင်ရ၏။
ကျွန်ုပ်အသက်မှာလည်း (၁၄)နှစ်ရှိပြီးဖြစ်၍ အိမ်အလုပ်၊ လယ်အလုပ်များကို ဝိုင်းဝန်းလုပ်ကိုင်၏။ သို့စေကာမူ ဖခင်ဖြစ်သူက သူ့ခြေရာ နင်းမည့်သားဖြစ်သော ကျွန်ုပ်ကို ပင်ပင်ပန်းပန်း မခိုင်းခဲ့ပေ။
ဤသို့ဖြင့် တန်ဆောင်မုန်းလသို့ရောက်ခဲ့၏။ ထိုအချိန်တွင် ငါး သားတို့ အထူးပေါများလှ၍ သစ်ပင်တို့မှာလည်း စိမ်းလန်းစိုပြေလျက် မကြာမီပင် ကထိန်ပွဲတော်ကြီးနှင့် ဆီမီးမြိုင်မြိုင် တန်ဆောင်တိုင်ပွဲကြီးကို နွဲကြရလေတော့သည်။
ချွေးကိုအရင်းပြု၍ နွားနှင့်ဖက်ရုန်းကာ စိုက်ပျိုးခဲ့သော စပါးပင်တို့မှာ ကိုင်းညွှတ်ကြလေပြီ။
ထိုအချိန်အခါမျိုးတွင် ကျွန်ုပ်တို့ တောသူတောင်သားများအဖို့ အထူးပျော်ရွှင်သော အချိန်ဆိုလျှင်လည်း မမှားနိုင်ပါ။
တစ်နေ့တွင် ဖခင်က ကျွန်ုပ်ကို “ဘိုးကြွယ်” ဟု လှမ်းခေါ်သဖြင့် ဖခင်ရှိရာဆီသို့ သွားရောက်သောအခါ ဖခင်သည် တောလိုက်ရန် အသင့်ပြင်ဆင်ထားသည် ကို တွေ့ရလေသည်။
ကျွန်ုပ်အနီးသို့ ရောက်သောအခါ. . .
“ရော့. . . ဒါယူ။ ငါနဲ့လိုက်ခဲ့”
အဖေသည် တိုတိုတောက်တောက်ပင်ပြော၍ ခြောက်လက်မ ဓားမြှောင်တစ်ချောင်း တပ်ထားသော သားရေခါးပတ်တစ်ခုကို လှမ်းပေးနေသဖြင့် ကျွန်ုပ်သည် ခါးပတ်ကိုလှမ်းယူ၍ ခါးတွင်ပတ်ရင်း “အင်း”ဟု ပြောပြီး မကြာမီက အဖေကိုယ်တိုင် ဘိုကလေးက ဝယ်ယူပေးထားသော ဖလ်ဂေါ်လီလုံးတစ်ရာကို လွယ်အိတ်ထဲထည့်၍ သားရေလုံးပင်တပ်ထားသော ကျွန်ုပ်၏ ကျွဲဂျိုလေးဂွကိုယူခါ အဖေ့နောက်မှ လိုက်ပါသွားတော့သည်။
အဖေသည် သူ၏ နှစ်လုံးပြူးသေနတ်ကို ထမ်းခါ ရှေ့မှနေ၍ သူ၏ အမဲလိုက်ခွေး သုံးကောင်တို့နှင့်အတူ ခပ်သွက်သွက် ထွက်သွားနေသည်ကို ကျွန်ုပ်သည် မှီအောင် မနည်းလိုက်နေရလေသည်။
ကျွန်ုပ်တို့ သားအဖသည် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ထူထပ်စွာပေါက်နေသော သစ်မှည့်တောအုပ်ရှိရာသို့ သွားနေကြခြင်းပင် ဖြစ်၏။
အဖေသည် ကျွန်ုပ်ကို စကားတစ်ခွန်းမျှ မပြောဘဲ ရှေ့မှ သွက်သွက်ကလေး သွားနေပါသည်။
ဤသို့နှင့် ကျွန်ုပ်တို့ တောစပ်သို့ ရောက်မိကြသောအခါ အဖေသည် သူ၏ လွယ်အိတ်ထဲမှ အသင့်ယူဆောင်လာသော ထမင်းထုပ်နှင့် ကွမ်းယာကို ထုတ်ယူခါ ထမင်းထုပ်ကို ဖြေ၍
“အဘိုး… အဘိုး… အဘိုးရဲ့ သားမြေးတို့က အဘိုးကို တင်မြှောက်ပသပါတယ်။ စားပါ သောက်ပါအဘိုး။ အဘိုးရဲ့ သားမြေးတို့မှာ အမှားအယွင်း ရှိခဲ့ပါက အမိုက်အမဲတွေမို့ ဗွေမယူဘဲ ခွင့်လွှတ်ပါ အဘိုး. . .”
အဖေသည် ထမင်းထုပ်နှင့် ကွမ်းယာကို မြှောက်ကိုင်၍ ကွင်းပိုင် အဘိုးနတ်ကို တင်မြှောက်နေပါသည်။ ခေတ္တမျှ ကြာသောအခါ အဖေသည် ဟင်းနှင့် ထမင်းအနည်းငယ်ကို ယူ၍ ခပ်လှမ်းလှမ်းသို့ ပစ်လိုက်ပါသည်။
ထို့နောက် သူကိုယ်တိုင် ကွမ်းယာတစ်ယာကို စားပြီး တစ်ယာကို ကျွန်ုပ်အား ပေးပါသည်။ ထို့နောက် ထမင်းကို ပြန်ထုပ်၍ လွယ်အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ကျွန်ုပ်ကိုခေါ်၍ တောထဲသို့ ဝင်သွားတော့၏။
တောထဲသို့ တော်တော်ကလေး ဝင်မိကြသောအခါ အဖေသည် သူ၏ ခွေးသုံးကောင်ကို. . .
“ကဲ. . . မင်းတို့ ရှေ့က သွားနှင့်ကြ”
ပြောဆို၍ လွှတ်လိုက်ရာ ခွေးသုံးကောင်သည် တောထဲသို့ ပြေး၍ ဝင်ရောက်ပျောက်ကွယ်သွားကြတော့၏။ ကျွန်ုပ်တို့ သားအဖလည်း သူတို့ ဝင်ရောက်သွားသောနေရာမှ လိုက်ပါသွားကြ၏။
ဤသို့ဖြင့် ဆွမ်းခံပြန်ချိန်နီးပါးအချိန်သို့ ရောက်သောအခါ တောတွင်းတစ်နေရာဆီမှ ခွေးဟောင်သံ ခပ်သဲ့သဲ့အသံကို ကြားရတော့၏။
ကျွန်ုပ်တို့ သားအဖသည် ခွေးဟောင်သံကြားရာဆီသို့ ချုံများကို တိုးဝှေ့ကာ ခပ်မြန်မြန်ကလေး သွားကြ၏။
မကြာမီပင် ကျွန်ုပ်တို့ သားအဖသည် ခွေးဟောင်သံနှင့် ခြေလှမ်း (၅ဝ)ခန့်လောက် ရောက်ရှိလာကြသောအခါ အဖေက ကျွန်ုပ်ကို သတိထား၍ ရှေ့သို့သွားရန် သတိပေး၏။
ခြေလှမ်း နှစ်ဆယ်ခန့် ရှေ့သို့ သွားမိသောအခါ ကျွန်ုပ်တို့၏ အမဲလိုက်ခွေးသုံးကောင်နှင့်အတူ တောဝက် အကောင်ပေါက်ကလေးများ၊ အကောင်လတ်နှင့် အကောင်ကြီး နှစ်ဆယ်ခန့်ရှိ ဝက်အုပ်ကို တွေ့ရတော့၏။
ခွေးသုံးကောင်ကလည်း ဟိုခုန်၊ သည်ခုန်ဖြင့် အသံပေးခါ တစ်ချက်တစ်ချက် ဝင်၍ ဆွဲကြ၏။ တောဝက်များကလည်း ဝက်ငယ်ကလေးများကို အလည်မှထားကာ ဝက်ကြီးများက ဘေးမှနေ၍ ခွေးရန်ကို ကာကွယ်နေကြ၏။
ခွေးသုံးကောင်က ဝက်များ၏ အလစ်တွင် ဝင်၍ ဆွဲလိုက်သောအခါ နီးရာဝက်က ပြန်၍ပက်လိုက်၊ ခွေးများက ရှောင်တိမ်းပေးလိုက်နှင့် ဤမြင်ကွင်းကို တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးသော ကျွန်ုပ်သည် ငေးကြည့်နေမိ၏။
ထိုအချိန်တွင် အဖေသည် ကျွန်ုပ်ကို သူကဲ့သို့ လိုက်လုပ်ရန်ပြောခါ ကုန်းကုန်း ကုန်းကုန်းနှင့် ဝက်များမမြင်နိုင်ရန် အကာအကွယ်ယူ၍ ဝက်များရှိရာသို့ တိုးကပ်သွားပါတော့သည်။
ကျွန်ုပ်လည်း အဖေ့နည်းတူ လိုက်၍ လုပ်ရ၏။
တောဝက်အုပ်နှင့် ခြေလှမ်းဆယ်လှမ်းခန့် ဝေးသောနေရာသို့ ရောက်သောအခါ အဖေသည် ခပ်ကြီးကြီး သစ်မှည့်ပင်တစ်ပင်ခြေရင်းတွင် ကပ်ခါ မုဆိုးထိုင် ထိုင်၍ နေပါသည်။
ကျွန်ုပ်လည်း အဖေ့နည်းတူ သစ်မှည့်ပင် တစ်ပင်ခြေရင်းတွင် ထိုင်နေလိုက်ပါသည်။
ထို့နောက် အဖေ့ဆီမှ လက်ဖျောက်တီးသံကို ကြားရ၏။ အဖေ၏ လက်ဖျောက်တီးသံကြောင့် ခွေးသုံးကောင်တို့သည် ဝက်အုပ်အနီးမှဆုတ်ခါ ခပ်လှမ်းလှမ်းမှနေ၍ အသံပေးနေကြလေသည်။
ထိုအချိန်မှာပင် ကျွန်ုပ်သည် ဝက်တစ်ကောင်ကောင်ကို ပစ်ရန် ဖန်ဂေါ်လီလုံးကို လောက်စာအိမ်ထဲသို့ ထည့်၍ အသင့်ပြုလုပ်နေစဉ်တွင် “ဒိုင်း”ဟူသော သေနတ်သံသည် အဖေရှိရာဘက်မှ ထွက်ပေါ်လာပါတော့၏။
တော်တော်ကြီးသော တောဝက်တစ်ကောင်သည် မြေပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရ၏။ သေနတ်သံကြောင့် ဝက်အုပ်မှာလည်း ကစဉ့်ကရဲ ပြေးလွှားနေကြသည့် အချိန်အတွင်းမှာပင် ကျွန်ုပ်သည် အသင့်ကိုင်ထားသော လေးဂွဖြင့် ခပ်လတ်လတ် ဝက်တစ်ကောင်၏ နှာနုဆီသို့ ပစ်လိုက်၏။
ထိုဝက်သည် နေရာတွင်ပင် ခွေကျသွားလေသည်။ ကျန်တောဝက်များသည် တောတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။
ခွေးသုံးကောင် ဝင်ရောက်မကိုက်ခဲမီ လဲနေသော ဝက်နှစ်ကောင်ရှိရာသို့ အမြန်သွားကြရသည်။
အဖေသည် သူပစ်သတ်ထားသော ဝက်၏ နှုတ်သီးဖျား၊ လျှာဖျား၊ နားရွက်များနှင့် အမြီးဖျားများကို ဖြတ်ယူခါ ဖက်ရွက်တစ်ရွက် ခူး၍ ထည့်ထားလိုက်၏။
ထို့နောက် လည်ပင်းကိုဖောက်ခါ သွေးများကို ဖက်ရွက်တစ်ရွက်ဖြင့် ခံယူပြီးနောက် သူ၏ သေနတ်ပြောင်းဝကိုလည်းကောင်း၊ ချိန်သီးနှင့် ခလုတ်မောင်းတို့ကို သွေးတို့ဖြင့် သုတ်လိမ်းပေးနေ၏။
တစ်ဖန်သူ၏ သေနတ်ဖြင့် ဝက်၏ ကိုယ်ပေါ်သို့ အမြီးပြန် ခေါင်းပြန် ခုနစ်ခါကပ်လေသည်။ စောစောက သူဖြတ်တောက်ထားသော အရာများနှင့် သွေးများကို ဖက်ရွက်များဖြင့် လုံခြုံစွာထုပ်ပြီး ချုံကြီးတစ်ချုံထဲသို့ သေသေချာချာ သွားရောက်ထားလိုက်လေသည်။
ကျွန်ုပ်လည်း အဖေပြုလုပ်သမျှကို အသာပင်ကြည့် နေမိသည်။
အဖေသည် သူ့ကိစ္စပြီးသောအခါ သူကဲ့သို့ပြုလုပ်ရန် ကျွန်ုပ်ကို ပြော၏။ ကွဲခြားမှုရှိသည်မှာ လေးဂွနှင့် သေနတ်ပင်ဖြစ်ပါသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းမှာ လမိုင်းနတ်တင်ကြောင်း သိရပါသည်။
(ဖော်ပြပါလမိုင်း နတ်တင်နည်းမှာ မုဆိုးကြီး ဦးဘိုးကြွယ်၏ ပြောပြချက်သာလျှင် ဖြစ်ပါသည်။ ယုံကြည်ရန် မတိုက်တွန်းလိုပါ။ ယုံကြည်ချင်မှ ယုံကြည်နိုင်ပါသည်။ စကားချပ်)
အဖေက သူရထားသော ဝက်ကိုထမ်း၍လည်းကောင်း၊ ကျွန်ုပ်က ကျွန်ုပ်ရသော ဝက်ကိုထမ်း၍လည်းကောင်း ခွေးသုံးကောင်နှင့် မတူရွာသို့ ပြန်လာကြတော့သည်။
ကျွန်ုပ်တို့သားအဖ အိမ်သို့ရောက်လာသောအခါ အဖေ့အစ်ကို
ဘကြီးမုဆိုးသည် အိမ်ပေါ်တွင် ရေနွေးကြမ်း ထိုင်သောက်နေသည်ကို တွေ့ရပါသည်။ ဘကြီးသည် ကျွန်ုပ်တို့ကို မြင်မြင်ခြင်းပင်. . .
“မင်း သား ဟန်ခဲ့ရဲ့လားကွ. . . ဘဟန်”
“ဟန်တယ် မဟန်ဘူးဆိုတာ သိချင်ရင် မင်းတူ ထမ်းလာတဲ့ ဝက်ကို သွားကြည့်လေကွာ”
“မေးသာ မေးရတာပါကွာ. . . မင်းမျက်နှာ မြင်ကတည်းက သိပါတယ်။ ငါက ခရီးဦးကြိုပြုတဲ့အနေနဲ့ မေးတာပါ။ မေးချင်လှလို့ မဟုတ်ပါဘူး ဘဟန်ရာ”
ဤသို့ ဘကြီးက ပြောလိုက်သောအခါ အဖေသည် အလွန်သဘောကျစွာဖြင့် တဟဲဟဲ ရယ်နေပါတော့၏။
ဘကြီးမေးသော မေးခွန်းမှာ ကျွန်ုပ်၏စိတ်ဓာတ်ကို ရည်ရွယ်၍ မေးခြင်းပင် ဖြစ်ပါ၏။
ထိုအချိန်ကစ၍ အဖေသည် ကျွန်ုပ်ကို အထူးအခွင့်အရေး ပေးပါတော့သည်။ အိမ်အလုပ် လယ်အလုပ်တို့ကို ဘာမျှမခိုင်းတော့။ ကျွန်ုပ် လုပ်လိုက လုပ်၊ မလုပ်လိုက နေနိုင်ပါသည်။ အမေနှင့် အစ်ကို၊ အစ်မတို့မှာ အဖေ့ကို ကြောက်ရသူများဖြစ်၍ အဖေက ကျွန်ုပ်ကို ဘာမျှ မခိုင်းရဘူးဟု မှာထားသဖြင့် မည်သူကမှ မခိုင်းဝံ့ပေ။
နေ့စဉ် ကျွန်ုပ် လုပ်ရသော အလုပ်မှာ အဖေ့သေနတ်နှင့် တောလိုက်ဓားမြှောင်တို့ကို တိုက်ပေး၊ သွေးပေးရသော အလုပ်ကိုသာ လုပ်ရ၏။ ဤသို့နေ့စဉ် ပြုလုပ်နေရသည်မှာလည်း ကျွန်ုပ် မုဆိုးသင်တန်း တက်နေသည့် သဘောပင် ဖြစ်ပါသည်။
တစ်လကျော်ကာ ကြာခဲ့သောတစ်နေ့တွင် ဘကြီးမုဆိုးသည် ဒူးလေးတစ်လက်ထမ်းခါ အိမ်သို့ ရောက်လာလေသည်။
“မင်း အဖေကော ဘိုးကြွယ်”
“ရှိပါတယ် ဘကြီး. . . အိမ်ထဲမှာ”
ဘကြီး အသံကြား၍ အဖေသည် အိမ်ထဲမှထွက်လာပါသည်။ ဘကြီးသည် သူယူလာသော ဒူးလေးသည် ကျွန်ုပ်အတွက်ဖြစ်ကြောင်း၊ သံတောင်ဘက်မှ မိတ်ဆွေ ကရင်မုဆိုးကြီးတစ်ဦးကို သွားရောက်လုပ်ခိုင်းခဲ့ကြောင့် စသည်ဖြင့် ပြောပြလေသည်။
ထို့နောက် ဘကြီးသည် သူယူလာသော ဒူးလေးကို ကျွန်ုပ်ကို ပေး၍ လေးညှို့တင်ခိုင်းပါသည်။ ကျွန်ုပ်သည် ဒူးလေးကို ယူ၍ လေးညှို့တင်လိုက်ရာ အခက်အခဲမရှိ လေးညှို့တင်ပြီးသား ဖြစ်သွားလေသည်။
နောက်တစ်နေ့တွင် ဘကြီးသည် ကျွန်ုပ်ကို တောထဲသို့ ခေါ်သွားပြီး သူယူလာသော ဒူးလေးကို သူကိုယ်တိုင် လမိုင်းနတ်တင်ပေးပါသည်။
ထို့နောက် အဖေနှင့် ဘကြီးတို့သည် ကျွန်ုပ်ကို ဒူးလေးပစ်နည်း၊ သေနတ်ပစ်နည်းနှင့် ကိုင်တွယ်နည်းများကို တစ်လနီးပါး သင်ကြားပြသပေးကြ၏။
အဖေနှင့် ဘကြီးတို့သည် ရွာအနီးရှိ တော၌သာ ကျက်စားကြသော မုဆိုးကြီးများ မဟုတ်ကြပါ။ မွန်ပြည်နယ်၊ ဖားအံပြည်နယ်၊ ပဲခူးရိုးမအရှေ့ခြမ်း၊ အနောက်ခြမ်း၊ ရှမ်းရိုးမတောင်တန်းများနှင့် တွံတေးတောတို့တွင် လှည့်လည်ကျက်စားကြသော မုဆိုးကျော်ကြီးများ ဖြစ်ကြပါသည်။
အဖေတစ်လှည့်၊ ဘကြီးတစ်လှည့်၊ တစ်ခါတစ်လေ နှစ်ယောက်လုံး အတူတူ ကျွန်ုပ်ကိုခေါ်၍ ရွာအနီးရှိတောတွင်လည်းကောင်း၊ အထက်ပါ ဖော်ပြခဲ့သော နယ်များသို့လည်းကောင်း ခေါ်ဆောင်သွားကာ မုဆိုးနည်းပညာများကို လက်တွေ့သင်ကြားပေးကြပါသည်။
သို့နှင့် ကျွန်ုပ်အသက် (၁၉)နှစ်သား ရောက်သောအခါ မုဆိုးပေါက်စကလေး တစ်ယောက်ဖြစ် လာလေသည်။
ထိုအချိန်တွင် ကျွန်ုပ်သည် အဖေနှင့် ဘကြီးမပါဘဲ တွံတေးတောသို့လည်းကောင်း၊ ရွာအနီးရှိ တောသို့လည်းကောင်း အမဲလိုက် တောလည်နေပြီဖြစ်၏။
ကျွန်ုပ်အသက် (၂ဝ)နှစ်သား အရွယ်သို့ ရောက်သောအခါ တစ်ရွာတည်းနေ လယ်ပိုင်ရှင်သမီး မသင်းထုံဆိုသူနှင့် အိမ်ထောင်ပြုပါသည်။
မသင်းထုံ၏ မိဘများသည် လယ်ဧက (၆ဝ) ပိုင်ဆိုင်၍ ကျွန်ုပ်နှင့် မသင်းထုံ မင်္ဂလာဆောင်သောအခါ လယ် (၁၅)ဧက လက်ဖွဲ့ပါသည်။ ကျွန်ုပ်၏ မိဘများက လယ်ဧက (၁ဝ)ဧက လက်ဖွဲ့၏။ ကျွန်ုပ်သည် လယ် (၂၅)ဧကကို လုပ်ကိုင်ရင်း တစ်ဖက်ကလည်း မုဆိုးအလုပ်ကို လက်မလွှတ်ဘဲ မသင်းထုံနှင့်အတူ ကိုယ့်အိုးကိုယ့်အိမ် ထူထောင်လာခဲ့ရာ သမီး နှစ်ယောက်နှင့် သားနှစ်ယောက် ပေါင်း သားသမီး လေးယောက် ထွန်းကားခဲ့ပါသည်။
အငယ်ဆုံး သားယောက်ျားကလေး ကိုယ်ဝန်ခြောက်လခန့် ရှိသောအခါ ကျွန်ုပ်အသက် (၃ဝ)နှစ်အရွယ်တွင် အဖေ သေဆုံးသွားလေသည်။ ထိုအချိန် တွင် အစ်ကို အစ်မများလည်း အိမ်ထောင်ကျနေကြပြီမို့ မိခင် မုဆိုးမကြီးအား ကျွန်ုပ်နှင့်ပင် အတူနေစေပါသည်။
အဖေ မရှိတော့သည့်နောက် မုဆိုးအလုပ်ကို ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ ဘကြီးမုဆိုးနှင့်သော်လည်းကောင်း၊ တောလိုက်ကြ၏။
ဤသို့နှင့် ကျွန်ုပ်သည် တစ်ဖက်က မုဆိုး၊ တစ်ဖက်က လယ်ကို လုပ်ကိုင်စားသောက်နေထိုင်လာခဲ့ပါသည်။
နောက် နှစ်နှစ်ခန့်ကြာသောအခါ ဘကြီး မုဆိုးကြီးလည်း ကွယ်လွန်သွားပြန်ပါသည်။
အဖေမုဆိုးကြီးလည်း မရှိ၊ ဘကြီး မုဆိုးကြီးလည်း မရှိတော့သဖြင့် ကျွန်ုပ်တစ်ဦးတည်းပင် မုဆိုးဘဝကို စခန်းသွားနေရပါတော့သည်။
ဤသို့နှင့် ကျွန်ုပ်အသက် (၄၁)နှစ်အတွင်းသို့ ရောက်ခဲ့ပါ၏။
တစ်နေ့တွင် ကျွန်ုပ်သည် အိမ်အလုပ်များကို လုပ်ကိုင်နေစဉ် ရွာဦးဘုန်းကြီးမှ ကျွန်ုပ်ကို အခေါ်ခိုင်းလိုက်ကြောင်း ကျောင်းသားလေးတစ်ယောက် လာပြောလေသည်။
ဆရာတော်သည် ကျွန်ုပ်၏ ဆရာတော်ရင်းဖြစ်၏။ အလုပ်များကို ထားရစ်ပြီး ဆရာတော်ကျောင်းသို့ လိုက်ပါသွားခဲ့၏။
ကျွန်ုပ် ကျောင်းသို့ ရောက်သောအခါ ဆရာတော်သည် ကျောင်းရှေ့၌ ပက်လက်ကုလားထိုင်တစ်လုံးနှင့် ထိုင်နေသည်ကို တွေ့ရ၏။ ကျွန်ုပ်သည် ဆရာတော် ကို ဦးချရှိခိုးပြီးနောက် ဆရာတော်မိန့်ကြားမည့် စကားကို နားထောင်၍ နေမိ၏။
ကျွန်ုပ်ကို ခေတ်ကာလမှာ မကောင်းတော့ပြီမို့ မုဆိုးအလုပ်ကို စွန့်လွှတ်ရန်၊ ဤသို့ မုဆိုးအလုပ်ကိုစွန့်ရန် ခုတစ်ကြိမ်သာမဟုတ်၊ အကြိမ်ကြိမ် ပြောဆိုဆုံးမခဲ့ကြောင်း၊ သည်တစ်ကြိမ်တော့ စွန့်လွှတ်လိမ့်မည် ထင်သဖြင့် ခေါ်၍ ပြောရကြောင်း စသည်ဖြင့် မိန့်ပါတော့၏။
ပြီးမှ လောကအကျိုး သံသရာအကျိုး လောကအပြစ်၊ သံသရာ အပြစ်၊ လောကဝဋ်၊ သံသရာဝဋ် စသည့် တရားလမ်းကြောင်းများကို ပြခါ ထပ်မံ၍ မုဆိုးအလုပ်ကို စွန့်ရန် မိန့်ကြားနေပါတော့သည်။
မှန်ပါသည်။ ဆရာတော်သည် ကျွန်ုပ်ကို ခုတစ်ကြိမ်သာ မဟုတ်ပါ။ အကြိမ်ကြိမ်ပင် အကုသိုလ်များသော မုဆိုးဘဝကို စွန့်ရန် ပြောခဲ့ဖူးပါသည်။
သို့သော် ကျွန်ုပ် နားမဝင်ပါ။ ခေတ်ကာလ မကောင်းတော့ကြောင်း ပြောသည်မှာလည်း မှန်ပါသည်။ ဤသည်တို့ကို အကြောင်းပြု၍ ဆရာတော်က ပြောဆိုဆုံးမခြင်းပင် ဖြစ်ပါသည်။
သို့သော် ကျွန်ုပ်သည် မုဆိုးဘဝကို မစွန့်လွှတ်နိုင်ပါ။ ထို့ကြောင့် ဆရာတော်ပြောသမျှ၊ မြည်တွန်တောက်တီးသမျှကို မည်သို့မျှ ပြန်မလျှောက်ဘဲ ခေါင်းငုံ့၍သာ နေခဲ့ပါသည်။
ကျွန်ုပ်သည် ဆရာတော် မိန့်ကြားသမျှကို မည်သို့မျှ ပြန်မလျှောက်ဘဲ နှုတ်ဆိတ်နေသောကြောင့် ဆရာတော်သည် ထိုင်ရာမှထကာ. . .
“တို့ရဲ့ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတောင်မှ အကျွတ်တရားမရဘဲ ကျန်ခဲ့တဲ့ လူမိုက်တွေ ရှိနေသေးတာ။ ငါ့လို ပုထုဇဉ်ရဟန်းက ပုထုဇဉ်လူသားကို ချွတ်လို့ ဘယ်မှာသွားကျွတ်ပါ့မလဲ”
မိန့်ဆိုခါ ကျောင်းပေါ်သို့ တက်သွားလေတော့သည်။
ကျွန်ုပ်လည်း ဆရာတော်၏ နောက်ကျောကို ဦးချရှိခိုးခါ ကျောင်းမှ ပြန်ခဲ့လေတော့သည်။
xxx xxx xxx
ဆောင်းရာသီ၏ နေ့တစ်နေ့ ဖြစ်ပါသည်။
ယနေ့အဖို့ဆိုလျှင် ဆီးနှင်းတို့သည် ထူထပ်စွာ ကျနေပါ၏။ အနီးပတ်ဝန်းကျင်မှတစ်ပါး အခြားသို့ မြင်နိုင်ရန် ခဲယဉ်းနေပါသည်။
ကျွန်ုပ်သည် ကျွန်ုပ်လေ့ကျင့်သင်ကြားပေးထားသော အမဲလိုက်ခွေး အောင်နက်နှင့် ငကျားတို့ကိုခေါ်၍ ရွာအနောက်ရှိ တောအုပ်ဆီသို့ တောဝက်လိုက်ရန် ထွက်လာခဲ့လေသည်။
တစ်ခါတစ်ရံ ကျွန်ုပ်လမ်းလျှောက်လာရင်းမှပင် ထူထပ်စွာကျနေသော ဆီးနှင်းတို့ကြားမှ မီးရောင်ကလေးကို မြင်ရပါသည်။ ထိုမီးရောင်သည် တခြားတော့မဟုတ်ပါ။ တောသူတောသားတို့၏ ဆောင်းရာသီ အအေးဒဏ်ကို ကာကွယ်နေကြသော လယ်တဲများဆီမှ မီးရောင်များပင် ဖြစ်ပါသည်။
ကျွန်ုပ်သည် ဆီးနှင်းတို့၏ ကြားမှပင် ခရီးထွက်လာခဲ့ရာ မကြာမီပင် တောစပ်သို့ ရောက်ရှိလာခဲ့၏။
ကျွန်ုပ် အသင့်ယူဆောင်လာသော ထမင်းထုပ်နှင့် ကွမ်းယာများကိုလည်း ကွင်းပိုင်အဘိုးနတ်အား တင်မြှောက်ပသပါသည်။ ထို့နောက် ကျွန်ုပ်သည် ကွမ်းယာကိုစားပြီး တောထဲသို့ ဝင်ရောက်ခဲ့၏။
ဆီးနှင်းတို့ တစ်ပေါက်ပေါက် ကျနေသည့် အသံမှတစ်ပါး အခြား မည်သည့်အသံကိုမျှ မကြားရပေ။
ကျွန်ုပ် တောတွင်းသို့ ရောက်ရှိနေခဲ့သည်မှာ ဆွမ်းခံပြန်ချိန်နီးပါးမျှ ကြာမြင့်ခဲ့ပေပြီ။ သို့သော် ဝက်ကို မဆိုထားဘိ တောဝက်၏ ခြေရာကိုပင် မတွေ့ မမြင်ရဖြစ်နေ၏။
ပို၍ ထူးခြားဆန်းကြယ်နေသည်မှာ ခါတိုင်း ကျွန်ုပ် တောထဲသို့ ဝင်မိသည်နှင့် တစ်ပြိုင်နက် တောကြက်၊ တောငှက်တို့၏ အသံများကို ဟိုမှသည်မှဆိုသလို ကြားနေရလေသည်။
ယခုမူ ကျွန်ုပ် တောထဲသို့ တောကြက်၊ တောငှက် တစ်ကောင်တလေ၏ အသံကိုမျှ မကြားရ ဖြစ်နေလေသည်။
ဤကား ထူးခြားဆန်းကြယ်မှုပင် ဖြစ်နေပါသည်။
သို့သော် ကျွန်ုပ် တောလိုက်သွားမည်ဆိုပါက မည်သည့်အမှား၊ မည်သည့်ချို့ယွင်းချက်မျှ မရှိစေရအောင် အထူးဂရုစိုက် ဆောင်ရွက်ခဲ့၏။
ယခုလည်း ထိုနည်းတူပင် ပြုလုပ်ခဲ့ပါ၏။ ထို့ကြောင့် ထူးခြားမှုရှိနေသော်လည်း စိုးရိမ်မှု သိပ်မရှိဘဲ ရှေ့သို့ ဆက်လက်ထွက်လာခဲ့ပါသည်။
နေသည် မွန်းတည့်ခဲ့ပါပြီ။ ယနေ့အဖို့ အမှန်ပင် ထူးခြားနေပါသည်။ ခုအချိန်ထိ တောဝက်၏ အစအနကို မတွေ့ရ။
ကျွန်ုပ်၏ ခွေးနှစ်ကောင်မှာလည်း မည်သည့်နေရာသို့ ရောက်နေကြသည်ပင် မသိ။
ကျွန်ုပ်သည် သစ်မှည့်ပင်တစ်ပင်၏ ခြေရင်းတွင်ထိုင်ကာ ယနေ့ ကျွန်ုပ်တွေ့ကြုံ နေရသော ထူးခြားချက်တို့သည် မည်သည့်အကြောင်းကြောင့်နည်း။ သို့ လော သို့လောနှင့် ကျွန်ုပ်၏ စိတ်ထဲတွင် ဖြစ်နေမိပါသည်။
ကျွန်ုပ်၏ အမှားတစ်ခုခု ရှိခဲ့ခြင်းကြောင့်သာလျှင် ကွင်းပိုင်အဘိုးနတ်ကသော်လည်းကောင်း၊ လမိုင်းနတ်ကသော်လည်းကောင်း ကျွန်ုပ်အား သတိပေးနေခြင်းဖြစ်မည်ဟု တွေးမိပြန်ပါသည်။
မည်သို့ပင်ဖြစ်စေ ယနေ့ ကျွန်ုပ်တွေ့ကြုံနေရသော အခြေအနေအရ အကယ်၍သာ ကျွန်ုပ်ရှေ့သို့ ဆက်လက်သွားခဲ့ပါမူ ဧကန်မုချ ဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရမည်မှာ သေချာနေပေသည်။
ထို့ကြောင့် ကျွန်ုပ်သည် ခွေးနှစ်ကောင်ကို ခေါ်၍ နောက်ကြောင်းပြန်ရန် ထိုင်ရာမှ မတ်တပ်ရပ်လိုက်၏။
ယင်းအချိန်မှာပင် ကျွန်ုပ်၏ လက်ဝဲဘက် ခပ်လှမ်းလှမ်း တောတွင်းမှ ခွေးဟောင်သံ ခပ်သဲ့သဲ့ကို ကြားလိုက်ရလေသည်။ ကျွန်ုပ် ဝမ်းသာသွားပါသည်။
စောစောပိုင်းက ကျွန်ုပ် တွေ့ကြုံရသော ပြဿနာသည် ကွင်းပိုင်အဘိုးနတ်ကသော်လည်းကောင်း၊ လမိုင်းနတ်ကသော်လည်းကောင်း ကျွန်ုပ်ကို ကျီစယ်လိုက်ခြင်းသာ ဖြစ်ပါလိမ့်မည်။
ကျွန်ုပ်သည် ခွေးဟောင်သံကြားရာဘက်ဆီသို့ နှစ်လုံးပြူးသေနတ်ကို အသင့်ပြင်၍ ထွက်လာခဲ့၏။
မကြာမီ ကျွန်ုပ် ရှေ့ခြေလှမ်း နှစ်ဆယ်ခန့်အကွာတွင် (၁၅)ကောင်ထက် မနည်းသော တောဝက်အုပ်တစ်အုပ်ကို တွေ့ရတော့၏။ ကျွန်ုပ်၏ ခွေးနှစ်ကောင်သည် တောဝက်များကို လှည့်ပတ်ချောက်လှန့် ဟောင်နေကြ၏။
ကျွန်ုပ်သည် တောဝက်အုပ်နှင့် နီးကပ်နိုင်သမျှ နီးကပ်စေရန် ရှေ့သို့ တိုးသွားပါသည်။ ကျွန်ုပ်သည် တောဝက်အုပ်နှင့် ခြေလှမ်း ခုနစ်လှမ်းခန့် အကွာသို့ ရောက်သောအခါ သစ်မှည့်ပင်ကြီး တစ်ပင်ကို အကာအကွာယူ၍ တောဝက်အုပ်၏ အခြေအနေကို စောင့် ကြည့်နေ၏။
ထိုတောဝက်အုပ်ထဲတွင် ပြောင်းဖူးစေ့သာသာခန့် အစွယ်ပြူထွက်နေသော ဝက်ငါးကောင်နှင့် လက်လေးသစ်ခန့် အစွယ်ရှိသော ဝက်တစ်ကောင်ကို တွေ့ရ၏။ တောဝက်များသည် သူတို့အနီးသို့ ကျွန်ုပ် ရောက်ရှိနေသည်ကို သိရှိကြပုံမရပေ။ ခွေးနှစ်ကောင်၏ ရန်ကိုလည်း အလျင်း ဂရုစိုက်ပုံမရကြဘဲ အစာကိုသာ အခြေမပျက် စားသောက်နေကြ၏။
ထိုဝက်အုပ်ထဲမှ အစွယ်လက်လေးသစ်ခန့်ရှိသော ဝက်သည် ဝက်အုပ်၏အစွန်ဆုံး ကျွန်ုပ်ရှိရာ သစ်မှည့်ပင်ဘက်တွင် အစာစားနေလေသည်။ သူ၏ ကိုယ်နောက်ပိုင်းသည် ကျွန်ုပ်ဘက်သို့ ခပ်စောင်းစောင်းထား၍ အစာစားနေသောကြောင့် သူ၏ နှုတ်သီးဖျားမှ အမြီးအထိ လက်ျာဘက် ကိုယ်တစ်ခြမ်းလုံးကို မြင်နေရ၏။ ထိုဝက်ကို ပစ်ရန် ချက်ကောင်းကိုစောင့်နေရန် အထူးမလိုတော့ပေ။
ထို့ကြောင့် ကျွန်ုပ်သည် တာရှည်စွာ စဉ်းစားမနေတော့ဘဲ သူ၏ နားရွက်နှင့် ပါးချောင်ကြားဆီသို့ ပစ်ရန် ကျွန်ုပ်ပါးကို သေနတ်ဒင်နှင့် ကပ်လိုက်သည့်အချိန်မှာပင် ကျွန်ုပ်၏ နှစ်လုံးပြူးသေနတ် ပြောင်းဝမှ မီးပွင့်သွားလေတော့သည်။ သေနတ်ပြောင်းဝမှ ထွက်ပေါ်လာသော မီးခိုးများကြားမှပင် ကစဉ့်ကရဲ ပြေးလွှားနေကြသော တောဝက်များကို မြင်နေရ၏။
ထို့နောက် ကျွန်ုပ် ပစ်လိုက်သော ဝက်သည် နေရာတွင်ပင် ခေါင်းစိုက်နေလိမ့်မည်။ ဝက်ရှိရာသို့ လှမ်းကြည့်လိုက်ရာတွင် ကျွန်ုပ် အံ့သြသွားရပါ၏။ ကျွန်ုပ်ထင်သလို ခေါင်းစိုက်မနေဘဲ ကျွန်ုပ်ဘက်သို့ ဦးခေါင်းလှည့်၍ ခြေစုံမားမားရပ်ခါ မျက်လုံးများမှ မီးတောက်မတတ် ကျွန်ုပ်ကို စူးစိုက်စွာ ကြည့်နေသည်ကို တွေ့မြင်ရ၏။ သူ၏မျက်လုံးများမှ မီးခိုးများပင် ထွက်နေသည်ဟု ကျွန်ုပ်ထင်မိပါသည်။
ကျွန်ုပ်၏ မုဆိုးသက်တမ်းတွင် မတွေ့ မမြင်ခဲ့ဘူးပါ။ ကျွန်ုပ်ပစ်လိုက်သော ကိုးလုံးကျည်ဆံသည် သူ့အားတည့်မတ်စွာ မမှန်၍လော။
ဤကား မဖြစ်နိုင်ပါ။
ကျွန်ုပ်သည် အတွေ့အကြုံမရှိသော မုဆိုးပေါက်စ မဟုတ်ပါ။ ပစ်ရသည်မှာလည်း အလှမ်းကွာဝေးသော နေရာမှ ပစ်ရသည် မဟုတ်ပါ။ ခြေလှမ်း ခုနစ်လှမ်းမျှပင် ကွာဝေးသည်။
တစ်ဖန် သေနတ်ယမ်းခိုးတစ်လျှောက် မလိုက်ဘဲနေရာမှာပင် ခြေစုံရပ်၍ ကျွန်ုပ်ကို ကြည့်နေပါ၏။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်နေရာမှ ထသွားရန်မဖြစ်။ သူ့ကိုပင် အသေပစ်သတ်ရပေတော့မည်။
ကျွန်ုပ်သည် တာရှည်စဉ်းစားနေရန် အကြောင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်သေနတ်တွင် ကျန်ရှိနေသော ကျည်ဆံဖြင့် သူ့အား ပစ်ရန်အတွက် ကျွန်ုပ်၏ ပါးကို သေနတ်ဒင်နှင့် ကပ်သည့်အချိန်မှာပင် “ဝှီး”ဟူသော အသံကိုကြားလိုက်ရသည့် အချိန်နှင့် တစ်ချိန်တည်း လိုလိုပင် ကျွန်ုပ်၏ သေနတ်မှ “ဒိုင်း”ဟူသော အသံနှင့်အတူ ကျွန်ုပ်၏ လက်ျာဘက်ပခုံးတွင် နာကျင်သော ဝေဒနာကို ခံစားလိုက်ရပြီး ကျွန်ုပ် လည်း နောက်သို့ ပက်လက်လန်ကျသွားပါတော့သည်။
ကျွန်ုပ်လက်ထဲမှ သေနတ်လည်း ကျွန်ုပ်ထံမှ လွင့်ထွက်သွား၏။ တစ်ဆက်တည်းပင် “ကျင်း” ဆိုသည့် အသံကို ထပ်မံကြားလိုက်ရပြန်ပါသည်။
ကျွန်ုပ်သည် လဲနေရာမှ လျင်မြန်စွာထ၍ တောဝက်ရန်ကို ကာကွယ်ရန်အတွက် ကျွန်ုပ်၏ခါးတွင် ချိတ်ထားသော ဓားမြှောင်ကို ဆွဲထုတ်လိုက်၏။
ထိုအချိန်မှာပင် “အိုင့်” ဟူသော အသံကို ထပ်မံ၍ ကြားရပြန်၏။
ကျွန်ုပ်သည် ဓားမြှောင်ကို ကိုင်လျက်မှပင် တောဝက်ကို ကြည့်လိုက်ရာ မတွေ့ မမြင်ရတော့ပါ။
ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်ထံမှ နှစ်ကိုက်မျှအကွာ လွင့်ထွက်သွားသော သေနတ်ကို အလျင်အမြန်ကောက်၍ ကိုးလုံးကျည်အသစ် လဲခါ အခြေအနေကို စောင့်ကြည့်နေမိ၏။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ပင် ရှိနေပါသည်။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ကျွန်ုပ် တွေ့ကြုံလိုက်ရသော အဖြစ်မှာ မြန်ဆန်လွန်းလှသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏လက်ျာဘက် ပခုံးကို စမ်းသပ်လိုက်ပါသည်။ သို့သော် မည်သည့်ဒဏ်ရာကို မတွေ့ရပါ။
တစ်ဖန် “ဝှီး”ဟူသော အသံနှင့်အတူ “ဒိုင်း”ဟူသော ကျွန်ုပ်၏ သေနတ်မှ ထွက်ပေါ်လာသော အသံတို့သည် တစ်ခြားတော့ မဟုတ်ပါ။ ကျွန်ုပ် တောဝက်ကို ပစ်သတ်ရန် ကြိုးစားလိုက်သည့် အချိန်မှာပင် တောဝက်သည် သူ၏ ရန်သူ ကျွန်ုပ်ထက် ဦးအောင် တန်ပြန်တိုက်စစ်ဆင်ရန် တစ်ရှိန်ထိုး ကျွန်ုပ်ကို ပြေးပက်လိုက်ခြင်းနှင့် ထိုအချိန်တွင် သစ်မှည့်ပင်ဘေးမှကပ်၍ ချိန်ထားသော ကျွန်ုပ်၏သေနတ်ပြောင်းထိပ်ကို ဝက်၏ အရှိန်ပြင်းစွာဖြင့် လာရောက်တိုးမိသောကြောင့် သေနတ်မောင်းသည် ကျွန်ုပ်မဖြုတ်ရဘဲ မောင်းပြုတ်ထွက်သွားသည်တို့မှ ထွက်ပေါ်လာသောအသံများ ဖြစ်နေပေသည်။
ထို့နောက် “ဗျင်း”ဟူသော အသံသည် ကျွန်ုပ်အကာအကွယ်ယူထားသော သစ်မှည့်ပင်မှ ထွက်ပေါ်လာ၏။
ကျွန်ုပ်သည် သစ်မှည့်ပင်ကို ကြည့်လိုက်မိရာ ကျွန်ုပ် အံ့သြ၍သွားမိ၏။ ကျွန်ုပ်သည် သစ်မှည့်ပင်အနီးသို့ တိုးကပ်၍ သွားမိ၏။ ထိုသစ်မှည့်ပင်မှာ ဒုအားဖြင့် လက်လေးသစ်ခန့်၊ ဗျက်အားဖြင့် တစ်ထွာကျော်နှင့် အလျားတစ်တောင်ကျော်မျှရှိသော သစ်မှည့်သားစ သည် သစ်မှည့်ပင်မှ ပဲ့ထွက်နေသည်ကို တွေ့ရ၏။
တဖန်လက် ညှိုးလုံးတစ်လုံးခန့်ရှိသော မြောင်းကလေးကိုပါ တွေ့ရ၏။ ထိုမြောင်းကလေးသည် တောဝက်၏ အစွယ်ရာပင် ဖြစ်ပါသည်။
ထို့ထက်ပို၍ အံ့သြဖွယ်ရာ ကောင်းသည်မှာ ဝက်စွယ် ကျိုးမကျန်ခဲ့ခြင်းပင် ဖြစ်၏။
အကြောင်းမူ သစ်မှည့်သားသည် တစ်ထပ်စီ ကြက်ခြေခတ်၍နေသော အသားမျိုးဖြစ်၍ မာကျောယှက်လိမ်နေသော အသားမျိုး ဖြစ်၏။ ခွဲစိပ်ရာတွင်ပင် စို့ရိုက်၍ အတော်ပင် ခွဲယူရပါသည်။
ထို့ကြောင့် မာကျောသောအပင်ဖြစ်၍ သစ်မှည့်ပင်မှ လန်ထွက်နေသော သစ်သားစကို ကြည့်ခြင်းအားဖြင့် မည်သည့်နည်းနှင့်မဆို တောဝက်၏ အစွယ်သည် သစ်မှည့်ပင်၌ ကျိုးကျန်ရစ်ခဲ့ရမည်မှာ မလွှဲပေ။ သို့သော် ကျိုး၍ မကျန်ရစ်ခဲ့ပါ။
အကယ်၍သာ ဤသစ်မှည့်ပင်သာ မရှိခဲ့ပါမူ ကျွန်ုပ်အဖို့ တွေးဝံ့စရာ မရှိပေ။
ထိုအချိန်တွင် ငကျားသည် ကျွန်ုပ်၏အနီးသို့ ရောက်လာ၏။ ငကျားကို တွေ့လိုက်ရသောကြောင့် အောင်နက်ကို သတိရ၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ကျွန်ုပ်နှင့် မလှမ်းမကမ်း တစ်နေရာတွင် ဗိုက်ပွင့်၍ သွေးအိုင်ထဲတွင် ငြိမ်သက်စွာ လဲကျနေသော အောင်နက်ကို တွေ့လိုက်ရ၏။
အနီးသို့ တိုးကပ်သွားရာ အောင်နက်သည် ရင်ပွင့်လျက် အသက်ကင်းမဲ့နေကြောင်းကို ဝမ်းနည်းစွာဖြင့် သိလိုက်ရ၏။
ကျွန်ုပ်၏ ရင်ထဲတွင် ခံစားရချက်များမှာ မပြောတတ်နိုင်အောင်ပင် ရှိနေပါ၏။ ထို့ကြောင့် ဤတောမှ အမြန်ဆုံးထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ပါသည်။
သို့စေကာမူ ကျွန်ုပ် ကျွေးမွေးပြုစု သွန်သင်ခဲ့ရသော အောင်နက်၊ သခင့်အကျိုးအတွက် အသက်ပေးသွားသော အောင်နက်ကို သည်အတိုင်း ပစ်မထားခဲ့လိုပါ။
အောင်နက်ကို သွေးအိုင်ထဲမှ သယ်ယူကာ ချုံတစ်ချုံထဲသို့ သွားထားလိုက်၏။ ကျွန်ုပ်သည် အောင်နက်ကို ထားခဲ့သော ချုံပုတ်ကို တစ်ချက်မျှ စောင်းငဲ့ကြည့်ကာ အောင်နက်အတွက် ဝမ်းနည်းကြေကွဲလျက်ကပင် တောတွင်းမှ လျင်မြန်စွာ ထွက်ခွာလာခဲ့လေတော့သည်။
တောစပ်သို့ ရောက်သောအခါ တောတွင်းသို့ တစ်ချက်မျှ လှည့်ကြည့်ပြီးနောက် ကျွန်ုပ်သည် ရွာဆီသို့ လေးကန်သော ခြေလှမ်းများဖြင့် ပြန်ခဲ့၏။
ငကျားသည် တိရစ္ဆာန်ဖြစ်နေ၍ စကားမပြောတတ်သော်လည်း ကျွန်ုပ်ကဲ့သို့ပင် ဝမ်းနည်းနေပေလိမ့်မည်။ သူသည် ကျွန်ုပ်၏နောက်မှ ကပ်လျက် လေးကန်သော ခြေလှမ်းဖြင့် လိုက်ပါလျက်ရှိနေပါ၏။
ကျွန်ုပ်သည် လမ်းလျှောက်လာရင်းမှ အဖေသေခါနီးဆဲဆဲတွင် လူးလှိမ့်ကာ ပါးစပ်မှလည်း မည်သည့်သတ္တဝါ၏ အော်သံမှန်းမသိသော အော်သံများ အော်ဟစ်ခါ မချိမဆန့် အသက်ထွက်သွားခဲ့ပုံ၊ ဘကြီး မုဆိုးကြီးသည်လည်း အဖေကဲ့သို့ပင် အမျိုးအမည်မသိသော အော်သံများနှင့်အတူ အသက်ထွက်သွားခဲ့ပုံများကို ကျွန်ုပ်၏ မျက်စိထဲ၌ မြင်ယောင်လာမိပါတော့သည်။
မကြာမီကာလကပင် ကျွန်ုပ်၏ ဆရာရင်း ရွာဦးကျောင်းဆရာတော်သည် ကျွန်ုပ်ကိုခေါ်၍ မုဆိုးဘဝကိုစွန့်ရန် တရားပြဆုံးမခဲ့၏။ သို့သော် အကုသိုလ်ကြီးမားသော မုဆိုးဘဝကို မစွန့်လွှတ်ခဲ့ပေ။
ကျွန်ုပ်သည် အတွေးစိတ်အမျိုးမျိုးဖြင့် လမ်းလျှောက်လာခဲ့ရာ ရွာခြေသို့ ရောက်လာပြီး ဖြစ်၏။
ထိုအချိန်မှာပင် ကျွန်ုပ်သည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတော့၏။
ထို့ကြောင့် ကျွန်ုပ်သည် အိမ်ရှိရာသို့ မသွားတော့ဘဲ ရွာဦးကျောင်းဘက်သို့ ထွက်ခွာလာခဲ့တော့၏။ ကျောင်းဝင်းထဲသို့ ဝင်မိသောအခါ ဆရာတော်သည် ကျောင်းသင်္ခမ်းရှေ့တွင် လမ်းလျှောက်နေသည်ကို တွေ့မြင်ရသဖြင့် ဆရာတော်ရှိရာသို့ သွား၍ ဦးချလိုက်၏။
ဆရာတော်သည် ကျွန်ုပ်ကို ကြည့်၍ …
“အကုသိုလ်ကောင် … ဘာကိစ္စနဲ့ ငါ့ဆီ လာတာလဲ ဆိုစမ်း”
အသံမာမာဖြင့် မေးခွန်းထုတ်ပါသည်။
“မှန်ပါ. . . တပည့်တော်ရဲ့ အကုသိုလ်အလုပ် စွန့်မလို့လာတာပါ ဘုရား”
ဆရာတော်သည် ကျွန်ုပ် စကားကို ကြားလိုက်ရသောအခါ မယုံကြည်နိုင်သော အကြည့်မျိုးဖြင့် ကျွန်ုပ်ကို ကြည့်နေ၏။
“ဆရာတော်. . . တပည့်တော် လျှောက်တာကို မယုံဘူးမဟုတ်လား ဘုရား”
ကျွန်ုပ်သည် ပါးစပ်ကလျှောက်ရင်း အနီးရှိ ပိန္နဲပင်တစ်ပင်ဆီသို့ သွား၍ အဖေ့အမွေဖြစ်သော နှစ်လုံးပြူးသေနတ်ကို ပြောင်းထိပ်မှ စုံကိုင်၍ သစ်ပင်လုံးနှင့် တအားလွှဲကာ ရိုက်ချိုးပြစ်လိုက်၏။
ကျွန်ုပ်သည် သေနတ်အကျိုးကို ကောက်ယူခါ သေနတ်ကျည်ဆံများနှင့်အတူ ဆရာတော်ခြေရင်းတွင် စုပြုံထားလိုက်တော့၏။
“ဒါဟာ သက်သေပါပဲ ရှင်ဘုရား”
ဆရာတော်သည် ကျွန်ုပ်ကိုကြည့်ခါ ခေါင်းတစ်ညိတ်ညိတ်ဖြစ် နေပါ၏။ ဆရာတော်၏ မျက်နှာသည် ဝမ်းသာသောအသွင်ကို ဆောင်နေလေ၏။ ထို့နောက်. . .
“တစ်ဦးတစ်ယောက်က မိမိကို တရားပြလို့ ကျွတ်ခြင်းထက် မိမိကိုယ်ကို မိမိ တရားပြလို့ ကျွတ်ရခြင်းက ပိုပြီး ခိုင်မြဲပေတယ်။ သာဓု . . . သာဓု. . . သာဓုကွယ်”
ဆရာတော်သည် မိန့်တော်မူပြီးနောက် သူ၏လက်ထဲမှ စိပ်လျက်ရှိနေသော စိပ်ပုတီးကို ကျွန်ုပ်အား လှမ်း၍ ပေးလေသည်။ ကျွန်ုပ်သည် စိပ်ပုတီးကို လှမ်းယူပြီး လည်ပင်းတွင် စွပ်လိုက်၏။
“ဒီကနေ့ကစပြီး တပည့်တော်ရဲ့ အကုသိုလ်များကို ကုသိုလ်ဖြင့် ဆေးကြောပါတော့မည် ဘုရား”
ကျွန်ုပ်သည် ဆရာတော်ကို ဦးချရှိခိုးလိုက်၏။ ဆရာတော်ကလည်း “သာဓု” သုံးကြိမ် ထပ်မံခေါ်ပါသည်။
ကျွန်ုပ်သည် တစ်ကောင်တည်း ကျန်ရစ်သော ငကျားကို ခေါ်၍ အိမ်သို့ ပြန်ခဲ့ပါတော့သတည်း။
xxx xxx xxx
ဘကြီးကြွယ်သည် သူ၏ အတိတ်က ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြရသဖြင့် အတော်မောသွားပုံရ၏။
ဘကြီးကြွယ်သည် ရေနွေးအသင့်ရှိသော လက်ဖက်ရည်ပန်းကန်ကို ယူ၍ ပါးစပ်တွင်တေ့ကာ တစ်ပါတည်း မော့သောက်လိုက်၏။
ထို့နောက် ကျွန်ုပ်ဘက်လှည့်၍. . .
“ဘကြီး မုဆိုးဘဝကို စွန့်လွှတ်လိုက်ရတဲ့အကြောင်းကတော့ ဒါပါပဲ မောင်ရင်လေး”
ကျွန်တော်သည် တစ်ခု ထပ်၍ စဉ်းစားမိပါ၏။
ဘကြီးကြွယ်သည် တောတွင်းဝယ် ကျင်လည် ကျက်စားခဲ့သော ဝါရင့်မုဆိုးကြီးတစ်ဦး ဖြစ်ပါ သည်။ ထို့ကြောင့် ကျွန်တော်သည် ဘကြီးကြွယ်အား ထပ်၍ မေးလိုက်မိ၏။
“ဘကြီး မုဆိုးအဖြစ်နဲ့ နေစဉ်က တောတွင်းမှာ အထူးအဆန်းတွေ တွေ့ကြုံခဲ့ရမှာပေါ့နော်. . .”
“ကြုံခဲ့သပေါ့ကွယ်။ ဒါတွင် ဘယ်ကမလဲ၊ ရန်သူနဲ့ ရင်ဆိုင်စွန့်စားခဲ့ရတာတွေလဲ ရှိခဲ့တာပေါ့ကွယ်။ အေး. . . အဲဒါတွေကို နောက် ကြုံတော့ ပြောပြရတာပေါ့ မောင်ရင်လေး။ ခုတော့ အချိန်က သိပ်ညဉ့် နက်နေပါကော။ ဘကြီး ဘုရားဝတ်ပြုလိုက်ဦးမယ်ကွယ့် မောင်ရင်လေးရယ်”
ကျွန်တော်သည် ဘကြီးကြွယ်အား အိတ်ထဲမှ ငွေတစ်ထောင်ကျပ်ကို ထုတ်၍ လက်နှစ်ဖက်နှင့် ရိုရိုသေသေပေးကာ ကန်တော့နှုတ်ဆက်ပြီး စခန်းရုံးရှိရာ တွဲဘက်အလယ်တန်းကျောင်းသို့ ဆရာကြီးဦးစောထွန်းကြည်နှင့်အတူ ပြန်လာခဲ့လေတော့သည်။
– ပြီး –
စာရေးသူ – အောင်ခင်စိုး
စာစီစာရိုက် – မုဆိုး တံငါ စာပေများ