ဂျာနယ်ကျော်မမလေး
နတ်တော်လ ဝင်လာခဲ့ပြီ။ တဖျောက်ဖျောက်နှင့် ဆီးနှင်းတွေကျနေသည်။ ပဲအိုးကို မီးထိုးပေးနေရင်းမှ ငွေရီသည် မျက်နှာသစ်ရန် နောက်ဖေးရေစင်သို့ ထလာခဲ့သည်။
မီးဖိုနားတွင် မီးငွေ့နှင့် နွေးသလိုလိုရှိသော်လည်း တဲပြင်အရောက်တွင် နှင်းငွေ့ ဆီးရိုက်လိုက်သဖြင့် မျက်နှာသစ်ရန်ပင် တွန့်၍နေလေသည်။ နှင်းသားများ ပိတ်ဆီးဆိုင်းကာ၍ နှင်းမှောင်ကြီးကျနေသည့်အတွင်း မြောက်လေက တဖြူးဖြူး တိုးဝှေ့တိုက်ခိုက်နေမှုကြောင့် ခိုက်ခိုက်တုန်လောက်အောင် ဥတုဓာတ် အေးမြလှလေရာ မျက်နှာကို ရေဖျန်းလိုက်တိုင်း စိမ့်စိမ့်အေးရာမှ ထုံကျင်သွားသည်အထိ ချမ်းလှလေသည်။ ငွေရီသည် အုန်းမှုတ်ကို ရေအိုးထဲသို့ ကပျာကယာ ပစ်ချထားခဲ့ပြီး မီးဖိုနားသို့ ပြန်ပြေးလာခဲ့သည်။
တစ်ကိုယ်လုံး တုန်နေရုံမက အသံကလည်း တရှီးရှီးနှင့် တုန်တုန်ရီရီ မြည်ထွက်နေသည့် ပဲအိုးကို ဖွင့်ကြည့်ပြီး မီးတောက်ထွက်နေသည့် ထင်းစများကို ထိုးခြေငြိမ်းလိုက်ပြီးနောက် မီးခဲများနှင့် ပဲအိုးကို ပြန်နှပ်ထားလိုက်သည်။ မီးရဲလာအောင် အားရပါးရ ကုန်းမှုတ်ပေးပြီး ဝါးအခင်းအပေါ်သို့ ဆောင့်ဆောင့်ထိုင်ချလိုက်ကာ မျက်နှာကို အပေါ်အင်္ကျီစနှင့် လှန်သုတ်ပစ်လိုက်သည်။ သို့ သုတ်ပြီး လက်ဝါးနှစ်ဘက်ကို မီးကင်ပေးလေသည်။
တိတ်ဆိတ်လျက်ရှိသော ဝေလီဝေလင်း ထိုအချိန် ထိုကာလသည် တွေးတောမှုကို ဖန်တီးပေးလေသည်။ မျက်လုံးစိုက်ထားသည့် ရဲရဲတောက်နေသော မီးခဲတွေထဲတွင် မျက်နှာတခု ချိုပြုံးစွာ ပေါ်လာလေသည်။ ပြန်ကာနီး မှာကြားနေဟန် ပုံသဏ္ဌာန်ဖြစ်သည်။
“စိတ်ချ စိတ်ချ၊ သန်ဘက်ခါည နင့်ကို ငါ လာခေါ် မယ်” အသံသည်လည်းကောင်း၊ “ငါ ကြောရရုံကြံတယ် ထင်ပြီး စိတ်ပူမနေနဲ့” အသံသည်လည်းကောင်း ငွေရီ့နားတွင် ပြန်၍ ကြားယောင်ယောင် ဖြစ်နေသည်။
သန်းခေါင်ကြက်အတွန်တွင် နောက်ဖေးပေါက်မှ လာ၍ ပဲအိုးမပြုတ်ခင်ကလေးက ဆင်းသွားသော ကျော်မောင်ကို ခုနေ တစ်ပတ်ပြန်လှည့်လာရင် ကောင်းမှာပဲဟု အောက်မေ့တမ်းတလျက် စိတ်ထဲတွင် မချင့်မရဲဖြစ်ကာ စောစောက အကြောင်းကို ပြန်ပြောင်းတွေးတော ကြည်နူးနေ၍ ပဲအိုးကိုလည်း မေ့၊ မိုးလင်းသွားမည်ကိုလည်း မေ့၊ ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် မေ့နေလေသည်။
ကျော်မောင် အနားပြန်ရောက်နေသကဲ့သို့ မှတ်ထင်နေမိသည်။ “ငါ သူ့အပေါ် စွဲစွဲမြဲမြဲ ချစ်သွားပါပကောလား” ဆိုသော အသိသည် တွေးနေရင်းမှ ပေါ်ပေါက်လာလေသည်။ ထိုအသိနောက်မှ ကြောက်သလို ထိတ်သလိုစိတ်များ တဆက်တည်း ပေါက်ပွားလျက် ပင့်သက်ဖြာဖြာ ချလို့နေသည်။ နှာခေါင်းတွင်းသို့ စူးစူးဝါးဝါး အနံ့ကြီး ထိုးဝင်လာမှ ပဲအိုးကို ဖိုပေါ်မှချကာ ပဲပြုတ်ရောင်းထွက်ရန် သုတ်သီးသုတ်ပြာ ပြင်ဆင်ရလေသည်။
မိုးလင်းလေပြီ။ နှင်းများ အခဲလိုက် စုဆို့ကျကာ နှင်းပိတ်နေသဖြင့် မိုးသားနှင့် နှင်းသား ကွဲကွဲပြားပြား ခွဲမရအောင် ရှိနေသည်။
မိမိသွားမည့်လမ်းကို ဆီးဆို့ပိတ်နေသည့် နှင်းထုကြီးကို ကိုယ်လုံးနှင့် တိုးခွင်းလျက် လျှောက်လာရရာ တစ်လှမ်းနှင့် တစ်လှမ်း နှင်းများ ရှဲကွဲသွားသကဲ့သို့ မှတ်ထင်ရသော်လည်း ထိုလှမ်းသလောက် အတိုင်းအတာအတွင်းသာ နှင်းကွဲသလို ဖြစ်သွားပြီး မိမိနောက်တွင် နှင်းတွေ ပိတ်မြဲ ပြန်ပိတ်နေသည်ကို လည်ပြန်လှည့်ကြည့်ရင်း ငွေရီသည် ရှေ့လည်းမမြင်၊ နောက်လည်း မမြင်၊ ဘာကိုမှ မှန်းမမြင်နိုင်ဘဲ နှင်းထုထဲတွင် ဆက်လက်၍ သုတ်ချေတင်နေလေသည်။
ခေါင်းဖုမှလွဲ၍ အပိုအဝတ်ဟူ၍ကား ခြုံလွှမ်းစရာ မရှိ၍ မယူခဲ့ရှာနိုင်ပေ။ ဖခင် အဘိုးကြီးနှင့် လူမမယ် မောင်နှမ တစ်ပြုံတစ်စုကြီးကို မိမိက အကြီးအကဲပီပီ နံနက်တွင် ပဲပြုတ်၊ ညဘက်တွင် ပဲလှော်၊ အဖုံဖုံအနည်းနည်း အပြေးအလွှား ရှာဖွေကျွေးနေရရာ မဖြစ်စလောက်သော ဝင်ငွေလုပ်စာသည် သားချင်းတစ်စုအား ငတ်ငတ်မွတ်မွတ် ကသီလင်တ နိုင်လွန်းလှသဖြင့်သာ ကျော်မောင့်အချစ်ကို ဇွတ်မှိတ်၍ လက်ခံလိုက်ခြင်း ဖြစ်လေသည်။ ကျော်မောင်၏မိဘများမှာ ယာကလေးရှိ၍ မိမိတို့ထက် ဝမ်းခါးလှလှ ပြောင်ပြောင်ရောင်ရောင် နေနိုင် စားနိုင်သောဘဝဖြစ်သဖြင့် အလှမ်းချင်းကွာနေရာ ကျော်မောင်၏အချစ်ကို စိတ်မချရဲဘဲဖြစ်ကာ ဆိုင်းတုံ့ဆိုင်းငံ့ လုပ်နေခဲ့စဉ် သည်ညမှာပင် မိမိမှာ ကျော်မောင်ကို မယူလျှင် မဖြစ်သည့်အခြေသို့ အရောက်ခံလိုက်ခြင်း ဖြစ်ပေသည်။
ယခင် ငွေရီ ဆုတ်ဆိုင်းဆုတ်ဆိုင်းလုပ်နေ၍ ကျော်မောင်တွင် အပူမိဖူးသကဲ့သို့ ယခုသော် ငွေရီတွင် မိမိအား သွေဖီသွားမည်လားဟု ကြောင့်ကျစိုးပူလွန်း၍ အပြင်အပမှ တခဲနက် လွှမ်းရိုက်နေသည့် အအေးဓာတ်ကြီးကို ရင်တွင်းမှ ပွက်ပွက်ဆူနေသည့် အပူခဲကြီး၏အရှိန်အခိုးဖြင့် ယနေ့မနက် အေးသည်ကိုပင် အေးမှန်းမသိ ချမ်းသည်ကိုပင် ချမ်းမှန်းမသိနိုင်ဘဲ သွားနေကျလမ်းကို မလျှောက်ဘဲ တစ်ဘက်သို့ ချိုးကွေ့ လျှောက်သွားလေသည်။
ကုလားတစ်ဦးပိုင် ဥယျာဉ်ကွင်းကြီးထဲသို့ လျှောက်လာခဲ့သည်။ ခါးတောင်းမြောင်အောင် ကျိုက်လျက် ရေတွင်းတွင် ရေငင်နေသော ကျော်မောင်နောက်နားသို့ ရောက်လျှင် ခေါင်းပေါ်မှ ဗန်းကလေးကိုချကာ မြေပေါ်သို့ ထိုင်ချလိုက်ပြီးနောက် “ကိုကျော်မောင်” ဟု လှမ်းခေါ်လိုက်လေသည်။
စကားဖြူ စကားစိမ်းအပင်ကြီးများကား ရေတွင်းနားတွင် ဝိုင်းဝိုင်းရံလျက် ပေါက်နေကြသည်။ ကွင်းကြီးထဲရှိ သစ်ပင်ကြီးများအောက်တွင် အစုလိုက်အပြုံလိုက် အုပ်နှင့်ချီ၍ ကျက်စားနေကြသော နွားအုပ် ဝက်အုပ်ကြီးများကား နှင်းတောထဲတွင် ဟိုတစ်စု သည်တစ်စုနှင့် နံနက်ခင်း၏ အအေးသက် အကြည်သက်ကို တစိမ့်စိမ့် ခံစားကြရင်း အစာရှာစားနေကြလေသည်။
ငွေရီသည် ပြန့်ပြူးကျယ်ဝန်းလှသည့် ကွင်းပြင်ကြီးထဲတွင် မိမိနှင့် ကျော်မောင်အပြင် မည်သူမည်ဝါ ရှိလေသနည်းဟု ဟိုဟိုဒီဒီ လှမ်းမျှော်ကြည့်လိုက်သည်။ လူရိပ်လူသဏ္ဌာန် တစ်ဦးတလေကိုမျှ မမြင်ရမှ “ကိုကျော်မောင်” ဟု ထပ်မံ၍ ကျယ်ကျယ်လောင် ဟစ်ခေါ် လေသည်။
ကျော်မောင်သည် ငင်လက်စကြိုးကို ရေတွင်းထဲသို့ ပြန်ပစ်ချလိုက်ပြီး အသံလာရာ နောက်ကျောဘက်သို့ လှည့်ကြည့်လိုက်ရာ ငွေရီကိုတွေ့ရ၍ ငွေရီနားသို့ ပြေးသွားလေသည်။
“ဟ ငွေရီ . . . ဘယ့်နှယ် ဈေးရောင်းမသွားဘူးလား”
ငွေရီသည် တွေတွေကလေး လုပ်လျက်နေသည်။ ကျော်မောင်လည်း ပဲပြုတ်တောင်းကိုဖွင့်လျက် ပဲစေ့များ နှိုက်စားရင်း ငွေရီအား ပြုံးစစနဲ့ ကြည့်နေသည်။
“ရှင် ကျုပ်ကို မလိမ်နဲ့နော်၊ ကျုပ်က ရှင့်ကိုယုံလို့ ပုံလိုက်ပြီ”
“ဖြစ်မှဖြစ်ရလေ ငွေရီရယ်၊ ဒါကြောင့်များ လာခဲ့သလား၊ ငါ ယူမှာပေါ့။ သန်ဘက်ခါညကို စောင့်နေ၊ နင်သာ အအိပ်ကြီးမနေနဲ့”
“ရှင့်နောက်လိုက်ရမှာက ဟုတ်ပါပြီ၊ ၃-၄ ရက် ပုန်းနေတုန်း အိမ်က အဘနဲ့ကလေးတွေ ငတ်နေမှာလည်း ပူမိတာပဲ”
“ဪ ဟယ် … မုန်လာဥတွေ ဈေးအသွင်းမှာ ငါ … ငွေ ၅ိ ကစ်လိုက်ပါ့မယ်လို့ ပြောထားပြီးပြီဟာ၊ နင့်နှယ် ပူရန်ကော။ ငါ ညနေလာပေးမယ်”
“ရှင့်အိမ်က ကျုပ်ကို ရှင်တို့ထက် ဆင်းရဲလို့ သဘောမတူရင်ကော…”
“တော်စမ်းပါ ငွေရီရယ်၊ သဘောမတူရင် ဒီမယ် ငါ့ပုခုံးနှစ်ဘက်နဲ့ ရေထမ်းကျွေးပါ့မယ်”
“ရှင့်စေတနာကို ကျေးဇူးတင်ပါတယ်၊ ဖောက်လွှဲဖောက်ပြန်သာ မလုပ်ပါနဲ့”
“စိတ်ချပါဟ ငွေရီရ၊ သစ္စာဆိုကြမလား၊ ရွှေပြောင်ပြောင် ဟောဟိုမှာ ကြည့်စမ်း၊ ကုန်းပေါ်က ကျိုက္ကဆံဘုရားကြီး၊ မယ်နှင့်မောင် သစ္စာထားမယ်၊ ပေါင်းကြရပါစေသား”
“ကိုကျော်မောင်ကလည်းတော် ကတဲမှပဲ… နောက်စရာမရှိ”
“နို့.. နင်က…”
“တော်ပါ၊ ကျုပ်သွားမယ်၊ ဆက်ဆက်လာခဲ့နော်”
* * *
ဤညသည် ကလေးများနှင့် နောက်ဆုံးအိပ်ရမည့် ညသာဖြစ်၍ ငွေရီ၌ စိတ်မငြိမ်နိုင်ဘဲ ရှိလေသည်။ ညဦးက မြေပဲလှော်ရောင်းရာမှ ရခဲ့သောပိုက်ဆံအကြွေစများနှင့် ကျော်မောင် ပေးလိုက်သည့် ငွေ ၅ိကို ကျစ်ကျစ်ပါအောင် ထုပ်လျက် မည်သူ့အား ပေးအပ်ခဲ့ရမည်ကို စဉ်းစားရကျပ်နေလေသည်။ အချိန်မှာ ည ၈ နာရီခန့်ရှိ၍ စောသေးသဖြင့် ကလေးတွေ မအိပ်ကြသေးဘဲနေသောကြောင့် တေးဆိုကာ ချော့သိပ်နေရလေသည်။
“အထုပ်ပိုက်ကာ စောင်ပိုက်ကာ သက်ထားပျိုရယ် ခုပင်လိုက်ကွယ်” ဟူသော တေးသွားကို သီဆိုနေရင်း မိမိတွင် တစ်ထည် စို၍မှ တစ်ထည် လဲစရာမရှိ။ သူများတကာလို အထုပ်မပါနိုင်ခြင်းကြောင့် ဝမ်းနည်းသလိုလို ဖြစ်မိလေသည်။
မိမိလည်းရှာ ကျော်မောင်လည်းရှာ နှစ်ယောက်ပြိုင်ရှာကြရလျှင် ကန့်ကော်မြိုင်ခြံအိမ်က ဘာဘူကုလားမကြီး ဝေနေသော ရာရှင်ထမီတစ်ထည်ကို လွယ်လွယ်နှင့် ဝယ်လိုက်မည် ဟူသော အတွေးဖြင့် စိတ်ကိုဖြေကာ နှစ်သိမ့်လိုက်လေသည်။
လူကြီးခေါင်းချချိန်ရောက်ပေပြီ။ ညတိုင်းထက် ယနေ့ည ပိုအေးမြလှ၍ ကလေးများမှာ ထွေးစရာ မလောက်ငှခြင်းကြောင့် ချမ်း၍နေကြသည်။ မအိပ်နိုင်အောင် ချမ်းနေကြပေသည်။ တဲဦးခန်းတွင် လှဲနေသော အဘိုးကြီးလည်း ချောင်းတဟွတ်ဟွတ် မရပ်မနား ဆိုးနေပြီး “တယ်…ဒီချောင်းဟာ” ဟု ကိုယ့်ချောင်းကိုယ် မာန်ရင်း ငုတ်တုတ် ထထိုင်နေသည်။
အအေးဓာတ်ငွေ့ သည် တဲတွင်းသို့ တစိမ့်စိမ့် ချဉ်းနင်း သက်ဝင်လာလေသည်။ ကလေးတွေကား အေးလွန်း၍ ငွေရီ့ရင်ခွင်ထဲသို့ ဝိုင်းပြုံ တိုးခွေ့ကြလေသည်။ ငွေရီသည် လက်တစ်ဆုံး လှမ်းဖက်ထားပြီး ခေါင်းရင်းဘက်သို့ မော့ကြည့်ရာ အဘိုးကြီး ငုတ်တုတ်ထိုင်၍ ခိုက်ခိုက်တုန်နေပုံကို မကြည့်နိုင်ပြန်သဖြင့် လှဲရာမှ ထထိုင်ကာ “အဘ အဘ . . . ချမ်းရင် သည်ရွှေ့၊ သူတို့တစ်တွေနဲ့ တိုးဝှေ့ အိပ်လေ” ဟု လှမ်းခေါ်လိုက်သည်။
အဘိုးကြီးကား ထိုင်မြဲထိုင်နေသည်။ ကလေးတွေဘေးတွင် ပြန်လှဲရင်း ငွေရီကား စဉ်းစားနေလေသည်။
ဘာဘူ ကုလားမကြီးဝေနေသည့် ရာရှင်မှ ထမီ အရင်မဝယ်ဘဲ အဘတို့ဖို့ စောင်တစ်ထည် ရှေးဦးပထမ ဝယ်လိုက်မယ်” ဟု စောစောက စိတ်ကူးထားသည်ကို ပြောင်းလဲပစ်လိုက်သည်။ မိမိသာ သားယောက်ျားဖြစ်ခဲ့ပါက ခိုက်ခိုက်တုန်နေသည်ကို ကြည့်မနေချင်ပေ။ မိမိဝတ်ထားသော လုံချည်ကွင်းကို အဘအား ထ၍ ချွတ်ခြုံပေးလိုက်မည်ဖြစ်လေသည်။ ယခုသော် ထဘီဖြစ်နေ၍ လှိုက်လှဲပြင်းပြလှသည့် ရင်တွင်းမှ ကရုဏာကို “နေ့အုံး ၄-၅ ရက်ပဲ စောင့်ဦး” ဟု ကျော်မောင်အားကိုးနှင့် သူဆင်းရဲဘဝကို ကြုံးဝါးလိုက်လေသည်။
“သမီးရယ်… မီးဖိုစမ်းပါကွယ်”
ငွေရီသည် တဲပြင်သို့ထွက်လျက် စပယ်ရုံတွင် ကာထားသည့် သွပ်ချပ်စကို ဆွဲနှုတ်ယူလာခဲ့လျက် ထိုသွပ်ပြားချပ်ပေါ် တွင် ထင်းစုပုံလျက် ကောက်ရိုးဖျာများ ဖုံးကာ မီးမွှေးလိုက်သည်။
တဟူးဟူး ရမ်းဝှေ့တိုက်ခတ်နေသည့် မြောက်လေ အကျအညီနှင့် မီးဖိုမှ မီးတောက်ကြီးများ ထတောက်လျက် မီးရှိန်မှာ အလွန်ပြင်းလာသည်။
ကလေးတွေနှင့် လွတ်လွတ်ကင်းကင်း၊ အဘိုးကြီးနှင့်လည်း မလှမ်းမကမ်းနေရာတွင် မီးဖိုကို ချပေးထားလိုက်ပြီး တဲအောက်က ကောက်ရိုးများထပ်ယူကာ မီးဖိုနားတွင် ပုံပေးထားပြီးနောက် ကလေးတွေအနားတွင် ပြန်၍ ခွေလှဲအိပ်လေသည်။
အဘိုးကြီးလည်း သွပ်ချပ်ကို ၄င်းအနီးသို့ လှမ်းဆွဲပြီးမီးလှုံနေသည်။
“အဘိုးကြီး ဒီည အိပ်မှအိပ်ပါ့မလား” ဟု ငွေရီသည် စိတ်ထင့်နေသည်။ ကျော်မောင်လာမည့်အချိန်မှာ မဝေးတော့ပေ။ အလွန်ဆုံး စောင့်ရလှ သန်းခေါင်ကျော်ပဲဟု စဉ်းစားကာ အဘိုးကြီးအား မြန်မြန်အိပ်ပျော်စေချင်လေသည်။
မိမိအား ကျော်မောင် မည်သည့်နေရာသို့ ခေါ်သွားမည်နည်း။ နံနက်လင်းလျှင် အဘနှင့်ကလေးများ မိမိကို လိုက်များ ရှာနေကြမည်လား။ အကြင်လင်မယားဘဝသို့ ရောက်ကြရတော့မည်။ ကျော်မောင်က ဘယ်သို့ မိမိက ဘယ်ညာ စသည်ဖြင့် တွေး၍မဆုံးနိုင်အောင် ဖြစ်နေသည်။
အဘိုးကြီးလည်း ချောင်းတဟွတ်ဟွတ်ဆိုးလျက် မီးဖိုနားတွင် ခွေလှဲအိပ်နေသည်။
အိပ်၍ ပျော်မပျော်ကိုမူ ငွေရီ အတတ်မသိပေ။ ခဏခဏ ခေါင်းထောင်၍ အကဲခတ်ကြည့်လေသည်။ လေတိုက်၍ တချွတ်ချွတ် လွင့်လိမ့်နေသည့် သစ်ရွက်ခြောက်သံများကိုလည်း ကျော်မောင့်ခြေသံလားဟု ခဏ ခဏ နားစွင့်ကြည့်ရသည်။
အဘိုးကြီး အိပ်ပျော်သွားသည်ကို စိတ်ချရလျှင်ချရခြင်း အသံမကြားအောင် အိပ်ရာမှ ထလာခဲ့ရာ ကဲလားကိုမ၍ မှောင်ထဲတွင် ကျော်မောင်ကို စမ်းဝါးကြည့်လေသည်။ဘာအရိပ်အယာင်မျှ မမြင်ရဘဲနှင့် မြင်ရတော့မလို နာရီဝက်ခန့် မျှော်နေသည်။ ရပ်မျှော်နေစဉ် ရင်ထဲတွင် တလှပ်လှပ် တဖိုဖိုနှင့် ဒူးတုန်လို့နေသည်။
အကြောင်းဘာမျှမထူးသဖြင့် တဲတွင်းသို့ ပြန်ဝင်ခဲ့လျက် ကလေးတွေနားတွင် ထိုင်ကာ ခြေသံကို နားစွင့်နေလေသည်။ တစ်မနက်လုံး တစ်ညလုံး လမ်းတကာလမ်း ပဲပြုတ် ပဲလှော် မကုန်မချင်း လျှောက်ခဲ့ရသည့် ခြေထောက်တို့မှာ ဆိုင်းတွနေပြီးလျှင် တစ်ချက်တစ်ချက်လည်း ငိုက်ငိုက်သွားသဖြင့် မအိပ်မိရန် အထူးသတိထားရလေသည်။
သို့ စောင့်ရင်း ညသန်းခေါင်ကျော်ခဲ့ပြီ။ စောင့်ရသည်မှာ အလွန်ကြာသည်ဟု ထင်မိလေသည်။ ခုအချိန် မလာလို့ ဘယ်အချိန်လာမှာလဲဟု အပြစ်တင်သည်မှာလည်း အခါခါပင်။ စောင့်ရင်း စောင့်ရင်း စိတ်မငြိမ်သက်ရာမှ စိတ်ညစ်လာသလို စိတ်မသက်မသာဖြစ်ကာ မိမိကိုယ်ကို ဝါးကြမ်းပေါ်သို့ အလျားထိုးလှဲပြီး မျက်စိစုံမှိတ်လျက် နားစွင့်ထားသည်။
မြောက်လေကား တဟူးဟူး တိုက်ခတ်နေသည်။ ကန်ဘဲ့ရွာ တစ်ရွာလုံး အိပ်မောကျနေကြချိန်ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်နေလေသည်။ ရာသီဥတု အေးမြလွန်း၍ အူနေ ဆူနေကျ ခွေးများပင် ချမ်းရှာလွန်း၍ တုတ်တုတ်မျှ မလှုပ်ကြ၊ မအူကြပေ။
ပြင်းထန်လှသည့် အအေးဓာတ်ကြီးနှင့် ခြောက်သွေ့ တိတ်ဆိတ်နေသည့် အငြိမ်ဓာတ်လွှတ်ရာသို့ ကန်ဘဲ့တစ်ရွာလုံး ငြိမ်နေရုံမကဘဲ ငွေရီကိုပါ ဓာတ်ဆွဲ၍သွားသဖြင့် ရောပါမိသွားရာ “ငွေရီ ငွေရီ” ဟု ငယ်သံပါအောင် ဟစ်ခေါ်နေသည့် အသံကား သတိလစ်၍ အိပ်မောကျတော့အထိဖြစ်နေသည့် ငွေရီ့အား ဆွဲထူလိုက်လေသည်။
ငွေရီသည် မတ်တပ်ထရာမှ ပက်လက်ပြန်လန်လဲတော့မလောက် ယိမ်းယိုင်သွားပြီးလျှင် “အမယ်လေး အဘရဲ့ ၊ ကုန်လောက်ပါပြီ” ဟု ပူလောင်စွာ ဟစ်အော်လိုက်လေသည်။ အရှိန်ပြင်းစွာ တဟဲဟဲ တရှဲရှဲဖြင့် လောင်စွဲနေသည့် မီးမှာ တစ်တဲလုံး မျိုလိုက်မည်ကဲ့သို့ ရဲရဲတောက် လောင်နေလေသည်။ စောစောက ဖိုပေးထားသည့် မီးဖိုမီးသည် မီးပုံကြီးဖြစ်ကာ လောင်နေလေသည်။ ငွေရီမှာ အဘိုးကြီးနှင့် ကလေးများကို တဲပြင်သို့ အလွတ်ရုန်း၍ ဆွဲထုတ်ရလေသည်။ မီးလောင်စွဲနေသည့် ခေါင်ဝါးကြီး ပြုတ်အကျနှင့် ငွေရီ ကလေးပွေ့ အထွက်တွင် ငွေရီကိုယ်ပေါ်သို့ ကျဖို့ရာ ပြေး၍သာ သီသီကလေးလွတ်တော့သည်။
“လုပ်ကြပါဦး လုပ်ကြပါဦး” ဟု မီးထိန်ထိန်တောက်၍ လောင်နေသည့်တဲကို ချာလပတ် ပတ်ပတ်လည် လှည့်ပတ်ပြေး၍သာ ဟစ်အော်မြည်ကြွေးနေလေသည်။ အထဲမှ ယူနိုင်သမျှယူရန် ပစ္စည်းများကို သတိမရပေ။
ဧရာမ တိုက်ကြီး အိမ်ကြီးများပင် နာရီပိုင်းအတွင်း၌ အရှိန်ပြင်း၍ လေထန်နေလျှင် ပြာကျသွားသေးရာ လောင်စာအတိပြည့်နေသော ဓနိဖက် ဓနိကာ ဝါးခင်းတဲကလေးမှာ ငြိမ်းသတ်ဖို့ရန် လူတွေ ဝိုင်းအုံပြေးမလာမီ သက်တပစ်အချိန်အတွင်း ရှိတ်ခနဲ ရှိတ်ခနဲ လောင်သွား၍ တဲငယ်ကလေးဘဝမှ ကောက်ရိုးမီးလောင်၍ ပြာကျသွားသကဲ့သို့ လျင်မြန်စွာ လောင်ကျွမ်းပြာကျသွားလေသည်။
ငွေရီသည် လာကြသည့်လူအုပ်ထဲတွင် ကျော်မောင်ကို ငိုရင်းက ရှာကြည့်လေသည်။ ကျော်မောင်ကို မတွေ့ ရ၍ အသည်းကို ဓားနှင့် နုတ်နုတ်စင်းလိုက်သကဲ့သို့ ဆတ်ဆတ်ခါ နာကျည်းနေလေသည်။ ဘာတစ်ခုမျှ မကြွင်းမကျန်ရစ်ဘဲ လူလုံးသာ ကျန်ကြရသည့်အဖြစ်ကို ကျော်မောင့်အပေါ်သို့ ပုံလွှဲ၍ စိတ်နာပစ်လေသည်။
ရပ်တည်ရာ နေထိုင်စရာ အိမ်ဟူ၍ ပြစရာမရှိခြင်းကို ယူကျုံးမရဖြစ်ရင်း အားကိုးထားသည့် ကျော်မောင် မပေါ်လာသည်ကို ထပ်တလဲလဲ အသည်းနာနေသည့် ငွေရီ၌ ကျရောက်နေသမျှ ဒဏ်တို့သည် ကျော်မောင့်အပေါ်သာ ပုံလွှဲ၍ ကျော်မောင်တစ်ဦးတည်းသာ ခံယူရမည်ကဲ့သို့ ရှိနေသည်။ ကျော်မောင် ပျက်ကွက်သည့်အပြစ်ကို ကျော်မောင့်ပေါ်တွင် ဖို့လိုမကုန်အောင် ဖြစ်နေလေသည်။
မိုးမလင်းသေးခင် ငွေရီတို့သားအဖအား လိုက်အိပ်ရန် တဲနီးချင်းတွေက ခေါ်သော်လည်း သူတို့ပင် ခြုံစရာ လွှမ်းစရာ ရှိကြသည်မဟုတ်၍ မိမိတို့လိုက်လျှင် တံစက်မြိတ်အောက် ခိုရုံအပြင်က ဘာမျှ မထူးခြား၍ မလိုက်ဘဲ နေရစ်ခဲ့ကြလေသည်။ ပိုက်ဆံအထုပ်ကလေး ခေါင်းအုံးအောက်တွင် ပါသွား၍ စားစရာအတွက် ရောင်းရန်ငွေမရှိခြင်းကို ဆင်းရဲရာမှ ပြောင်သလင်းခါပါရောလားဟု တအားငယ်ကာ မျက်ရည်မဆည်နိုင်အောင် ဖြစ်နေသည်။
ကျော်မောင် ယခုနေ လာခေါ်ခဲ့လျှင် မိမိမှာ ကလေးတွေနှင့် အဘကို ထားခဲ့ရန် နေရာမရှိသေး၍ လိုက်နိုင်မည်မဟုတ်ခြင်းကြောင့် “လာခေါ်ရင်လည်း အလကားပါပဲ” စိတ်ဖြေယူပြီး နေရေးထိုင်ရေးကို စဉ်းစားလေသည်။ ခိုကိုးရန် နေရာယူ၍ ဘယ်နေရာမှ မမြင်ဘဲ သူချမ်းသာများ ဆောက်လုပ်လှူဒါန်းထားသည့် ဇရပ်ကိုသာ မြင်လေသည်။ ဇရပ်တွင် သွားနေလျှင် မိမိတို့မှာ ခင်းစရာပင် မရှိတော့၍ သူတောင်းစားနှင့် မခြားနားတော့ပါလားဟု တွေးလိုက်ရင်း ဒူးပေါ် တွင် ခေါင်းငိုက်စိုက်ချကာ တရှုံ့ရှုံ့ငိုကြွေးလေသည်။
အဘိုးကြီးနှင့် ကလေးများလည်း ငွေရီငိုနေသည်ကို ကြည့်ရင်း မျက်ရည်မဆည်နိုင်အောင် ဖြစ်နေကြလေသည်။ ငွေရီအား ဝိုင်းဝန်း၍ အားမပေးနိုင်ရှာကြပေ။ ငွေရီ့ကိုသာလျင် မှီခိုအားကိုးပြုနေ၍ ငွေရီ့အစီအမံကိုသာ ဆိုင်းလင့်နေကြရ သည်။
“အဘ အရင် စစ်ပြေးတုန်းက သွားနေတဲ့ မိုးကောင်းဇရပ်ထဲကိုပဲ ပြန်သွားနေမယ်”
“သွားတာက ဟုတ်ပြီကွယ်၊ ဘယ်လိုစားကြ နေကြမလဲ”
“အို ခု မိုးလင်းတော့မှာပဲ၊ အဘတို့ ဇရပ်ကိုသွားကြ၊ ကျွန်မ သင်္ဃန်းကျွန်း သွားမယ်။ ဒွေးလေးတို့ကို အကျိုးအကြောင်း ပြောပြပြီး ငွေ ၁ဝိလောက် ချေးခဲ့မယ်။ အိုးခွက်တို့ ဖျာတို့ ဝယ်လာမယ်။ အဲဟိုဇရပ်ကသာ စောင့်နေကြဖို့ပဲ၊ အဘရယ် လျှောက်နိုင်ပါ့မလား”
“ဒီလိုပဲပေါ့ကွယ်၊ အဘ ဖြည်းဖြည်းလျှောက်ပါ့မယ်”
ငွေရီသည် လင်းလျှင်လင်းချင်း အဘိုးကြီးနှင့် ကလေးတစ်စုကို အရင်လွှတ်လိုက်ပြီး ၄င်းမူ ကျော်မောင်ရေထမ်းလေ့ရှိသည့် ရေတွင်းကြီးရှိရာသို့ လာခဲ့လေသည်။
ကျော်မောင်ကိုတွေ့လျှင် ဘာကိုပြောရမည်ကိုလည်း မသိပေ။ မိမိ ဘာကြောင့်လိုက်လာသည်ကိုလည်း ပြောစရာ ရှာမရပေ။ ကျော်မောင်အား စကားတစ်ခွန်းမျှ ပြောချင်စိတ်လည်း မရှိပေ။ ဤသို့ အဓိပ္ပါယ်မရှိဘဲနှင့် လျှောက်လာခဲ့လေသည်။ ရေတွင်းနားသို့ရောက်လျှင် ကျော်မောင်ကို မတွေ့ရ၍ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားလေသည်။ ကွင်းကြီးသည်လည်း ဟာလာဟင်းလင်းဖြစ်နေသည်။ ရေတွင်းဘောင်တွင် ရပ်မှီကာ ကျော်မောင့်ကို စောင့်ဆိုင်းနေလေသည်။ နေဝန်းပြူထွက်၍ နေလုံးမြင့်လာသည့်အချိန်အထိ ဖြစ်လေသည်။
ကျော်မောင် ပေါ်မလာမှ ခြေမသယ်ချင် ကိုယ်မသယ်ချင် ဒယိမ်းဒယိုင်နှင့် သင်္ဃန်းကျွန်းဘက်သို့သွားရန် မြင်းပြိုင်ကွင်းလမ်းပေါ်သို့ လျှောက်သွားလေသည်။
လမ်းပေါ်တွင် စိတ်တခြား ကိုယ်တခြား လျှောက်သွားနေခြင်းမှာ မိမိ၏ခွန်အား၊ မိမိ၏ဇွဲမာန်၊ မိမိ၏ဘဝ အလားအလာဟူသမျှတို့ကို ရေတွင်းနားတွင် မြှုပ်နှံသင်္ဂြိုဟ်ပစ်ခဲ့ရခြင်းကြောင့် ဖြစ်လေသည်။
ဆင်းရဲသူလည်း ချမ်းသာမပေး၊ ချမ်းသာသူတို့ကိုလည်း မျက်နှာမရွေး တစ်မြို့လုံးကို နှင်းဖုံးနေသည့် တပို့တွဲလဆန်း တမနက်သို့ ကူးရောက်ခဲ့လေပြီ။
မိုးလင်းနေသော်လည်း ဝေလီဝေလင်းကဲ့သို့ နေမင်းမှာ နှင်းကို မတိုးနိုင်သေးပေ။ အနွေးထည်ထွေး၍ ဇိမ်ခံကွေးမနေနိုင်ကြသည့် ဆင်းရဲသားများကား ပေတစ်ရာပေါ်တွင် စောစောစီးစီး ကိုယ်စီကိုယ်ငှ ဝမ်းရေးဝမ်းစာအတွက် နှင်းတောထဲတွင် လှုပ်လှုပ်ရွရွ ထွက်ရှာကြပေသည်။ ဆွယ်တာထည်ပတ် အနွေးထည်အထပ်ထပ်နှင့် လမ်းလျှောက်ထွက်ကြသူ အထက်တန်းစား တစ်ဦးတစ်လေမှအပ ဤအချိန်တွင် ဆင်းရဲသားတို့၏အဖြစ်သနစ်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်သည့်အချိန် ဖြစ်ပေသည်။
အအေးကာကွယ်ရန် အနွေးထည်ဟူ၍ ဝေးစွ၊ ဖိနပ်မျှပင် လူစေ့တက်စေ့ စီး၍ မထွက်နိုင်ကြပေ။ဆင်းရဲသည့်အဖြစ်ကို သိ၍ ဆင်းရဲခြင်းကို ရှာဖွေစားသောက်ရမည်ဟူ၍သာ နားလည်ကြပြီး ဘာကြောင့် ဆင်းရဲ၍ လူတန်းစေ့ မနေနိုင်ကြရသည်ကို ပိတ်ပိတ်သား နားမလည်သော ဆင်းရဲသားခမြာများမှာ နွေလည်း နွေအခါ၊ မိုးလည်း မိုးအခါ၊ ဆောင်းလည်း ဆောင်းအခါ ဥတုသုံးပါးဒဏ်ကို မကာကွယ်သာဘဲ အစင်းသား အဆင်းရဲခံကြရသော ဆင်းရဲသားတစ်စုထဲတွင် အစုတ်စုတ်အပြတ်ပြတ်နှင့် ရုပ်ပင်မပေါ်တော့သော ငွေရီပါ ပါလေသည်။
မိုးကောင်းဇရပ်သို့ ပြောင်းသွားပြီးသည့်နေ့ရက်မှစ၍ ငွေရီသည် ဤလမ်းသို့ ခြေဦးတစ်ခါမျှ မလှည့်ခဲ့ပေ။ ဤဇရပ်အနီး ဤကွင်းကြီးသည် သူ့သင်္ချိုင်းပင်ဟု ကွင်းကြီးကို ရှောင်ကွင်း၍နေခဲ့လေသည်။ အဘိုးကြီး မမာနေသည့်အတွက် ဆေးတောင်းဖို့ရာ အောက်ချိုင့်ထဲကို လာရန်ရှိ၍သာ ဤလမ်းပေါ် မှ ဖြတ်လာခဲ့ရလေသည်။
နောက်ကြောင်းကို အလွန်သတိရမိလေသည်။ နောက်ကြောင်းသည် ယနေ့ ပိုမို၍ ငွေရီအား အသစ်ဖြစ်စေသည်။ လမ်းထိပ်က ကန့်ကော်မြိုင်ခြံတွင် လက်မှတ်များကိုင်၍ အထည်ယူရန် ခြံတံခါးအဖွင့် စောင့်နေကြသည့် လူစုကို လှမ်းမြင်ရလေသည်။
ဤခြံသို့လာရန် မှန်းထားခဲ့ဖူးသမျှ ယခု ခြံနားသို့ မသီနိုင်သည့်အဖြစ်ကို တွေးမိ၍ ရင်ဆို့သွားလေသည်။ တစ်လှမ်းနှင့်တစ်လှမ်းကို ရေတွက်၍ လှမ်းနေသကဲ့သို့ လေးလေးကန်ကန်ဖြင့် တရွေ့ရွေ့ လှမ်းလာနေသည်။
အသက်ဝိညာဉ်ရှိသေးသော်လည်း သတိကင်းကွာနေ၍ ဘေးပတ်ဝန်းကျင်နှင့် လွတ်ရှင်းနေသည်။
“ဟဲ့ မြင်း၊ သည်မြင်းဟာ”ဟု နောက်မှ ကပ်အော်လိုက်သော အသံနှင့်တကွ မြင်းခြူသံများပါ နားထဲသို့ စူးဝင်လာမှ သတိရသလို လမ်းဘေးသို့ ဖယ်ဆင်းကွေ့ပြီး အမှတ်မထင် လှည်းကို ကြည့်မိရာ ရွယ်လှမ်းထားသော ခြေတို့လည်း ရပ်တန့်သွားလေသည်။
လှည်းပေါ်တွင် ကျော်မောင့်အမေ သဘောကျနေသော မြင်းလှည်းပိုင်ရှင် ဦးဘ၏သမီး အေးမြိုင်နှင့် ကျော်မောင်တို့ တူစုံတွဲကာ လှည်းမောင်းလာကြလေသည်။ အေးမြိုင်သည် ဟန်ဟန်ပန်ပန် ရေခဲချည်ချောစောင်ကို ခြုံလွှမ်းထားပြီး တစ်မျက်နှာလုံး ဖွေးဖွေးလှုပ်အောင် သနပ်ခါးဖုံဖုံ လူးလာသည်။ ကျော်မောင်တို့ယာတဲမှ မုန်လာ၊ ခရမ်း၊ ဘူးသီး စသည့် အသီးအနှံ တောင်းကြီးတောင်းငယ်များလည်း လှည်းနောက်တွင် ပါလေသည်။
မိုးကောင်းသို့ ပြောင်းသွားသည့်နေ့ရက်မှစ၍ ကျော်မောင်ကို တစ်ခါမျှ မတွေ့ရပေ။ ကျော်မောင်၏သတင်းကို ပြောမည့်သူနှင့်လည်း မကြုံကြိုက်ပေ။ ကျော်မောင်နှင့် အလှမ်းမဝေးသေးသော်လည်း အဆက်အဝေးသွားလေသည်။
မိမိကို ဖြတ်ကျော်မောင်းသွားသောလှည်းကို မမှိတ်မသုံ စူးစိုက်လှမ်းမျှော်ကြည့်လေသည်။ နှင်းမကွဲတကွဲ မှုံရီရီထဲတွင် ရွှေရောင်တလက်လက်နှင့် ဝင်းဝေထိုးထောင့်ထွက်နေသည့် ကျိုက္ကဆံစေတီကြီးကို ဦးတိုက်မောင်းသွားသော လှည်းကလေးကို မိမိ၏ ရီဝေသောမျက်စိထဲတွင် အမဲစက် အစက်တစ်စက်လောက် သေးငယ်သွားသည်အထိ ကြည့်နေပြီးလျှင် ချေးအထပ်ထပ် ဖုန်အလိမ်းလိမ်း ညှိုးညှိုးနွမ်းနွမ်း အစုတ်စုတ် အပြတ်ပြတ်ဖြင့် သူတောင်းစားနှင့်မခြားသော အသွင်အပြင်များကို တစ်ခုစီ တစ်ခုစီ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လိုက်ပြီးနောက် ခေတ္တခဏ ဘာကိုမျှ မမြင်ရလိုက်ဘဲ အမှောင်ကြီး ကျသွားလေသတည်း။
——————
#ဂျာနယ်ကျော်မမလေး