ဂျာနယ်ကျော်မမလေး
လေသည် တိုး၍တိုး၍သာ တိုက်၏။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း အပြင်းအထန် တိုက်လိုက်ပြီးနောက် မိုးသက်မိုးစက်ပါ လေထဲတွင် ရောနှောပါလာလေသည်။ ညအချိန်ဖြစ်၍ အမှောင်ဓာတ် အုပ်ဆိုင်းဖုံးလွှမ်းထားမှုကြောင့် အမှုမဲ့အမှတ်မဲ့သော ဘာကိုမျှ မြင်နိုင်မည်မဟုတ်သော်လည်း တချက်တချက် မှိတ်တုတ်မှိတ်တုတ် တောက်နေသည့်မီးရောင်က ထွက်ထွက်လာ၍သာ လူနေတဲကလေးဖြစ်မှန်း သိနိုင်တော့သည်။ ထိုအချိန်တွင် ဝင်းကနဲဝင်းကနဲ လျှပ်စီးလက်လိုက်ပြီးလျှင် နားကွဲမတတ် ထစ်ချုန်းလိုက်သည့် မိုးကြိုးသံကြီး ပဲ့တင်ရိုက်ဟီးသွားလျှက် မိုးကောင်းကင်မှ မိုးရေများ တဝေါဝေါ သွန်ချလိုက်လေ၏။
မိုးနှင့်အတူလိုက်၍ မွှေ့ထိုးတိုက်ခတ်နေသည့် လေအရှိန်သည် မှေးမှိန်အားနည်းလှသည့် ရေနံချေးမီး အုန်းမှုတ်ခွက်ကလေးကို မှိတ်တုတ်မှိတ်တုတ်တောက်နေရာဘဝမှ လုံးဝမှောင်အတိကျသွားအောင် ပတ်ချာလည် လှည့်တိုက်ငြိမ်းသတ်နေသဖြင့် နှင်းဥမှာ မီးမငြိမ်းအောင် အမျိုးမျိုးကွယ်ကာ၍ နေရရှာ၏။ ရေနံဆီပုံးအဖုံး သွပ်ပြားအပဲ့ကလေးကို မိမိလက်နှစ်ဖက်ဖြင့် မြဲမြဲဆုပ်ကိုင်ကာ ငြိမ်းလုငြိမ်းလုဖြစ်နေသည့် မီးခွက်ကလေးကို ဟိုဘက်လှည့် ကာ သည်ဘက်လှည့်ကာနှင့် မီးတောက်မသေအောင် ကာပေးနေလေ၏။
လူလုံးနှင့် ကွယ်လိုက်၊ သွပ်ပြားနှင့် ကာလိုက် လုပ်နေသော်လည်း မိမိတို့နေရသည့်တဲကလေးမှာ ဝါးလုံး လေးငါးတိုင်နှင့် ကဲလားမရှိ၊ ကွက်တိကွက်ကျား သက်ငယ်မိုးသက်ငယ်ကာထားသည့် တဲကလေးဖြစ်ရကား လေပြင်းသဖြင့် နဲ့ယိုင်၍ ချိုးချိုးချွတ်ချွတ်အသံပင် ထွက်လာနေသည့်အတွက် မီးသေရုံတင်မကပဲ တဲလုံးပါ ကျွတ်ထွက်သွားကာ အတွင်းရှိ မိမိတို့သားအမိပါ မိုးရေထဲတွင် မျောသွားရတော့မည်ကဲ့သို့ ထင်ရလေသည်။
မိုးနှင့်လေတို့၏အအေးဓာတ်ကား မီးကို ဆောင့်ကြောင့်ထိုင် ကာနေရသော မိမိအားပင် ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသဖြင့် တဲထောင့်တွင် ခွေလဲနေသည့် ဒုက္ခိတဂီလာနအမေအိုအား သနားလှ၍ ” အမေရေ .. ထမီကို လုံလုံ ခြုံထား ” ဟု ဟစ်အော်လိုက်လေ၏။ ဤအသံမှာ နှစ်ကြိမ်ဆင့်၍ ပစ်လိုက်သည့် မိုးကြိုးသံကြားတွင် သဲ့သဲ့လေးမျှသာ ကြားနိုင်လေ၏။ တအုန်းအုန်း ရွာချနေသည့်မိုးလည်း ပိုမိုသည်းထန်လာသည်ထက် သည်းထန်လာလေသည်။ လေသည် တိုးဝှေ့၍ ပြင်းသထက်ပြင်းအောင် တိုက်ခတ်လိုက်၏။
နှင်းဥသည် ငုတ်တုတ်ထိုင်ကာနေရာမှ ငိုင်ကျသွားလေ၏။ ဘာကိုမျှ မမြင်ရတော့ပေ။ မိုးသံလေသံ တအုန်းအုန်း တဗြုန်းဗြုန်း ရောပြွမ်းသောအသံထုကြီးသာ ကြားရ၍ မှောင်ကြီးထဲတွင် အားစိုက်ကြည့်သော်လည်း မည်သည့်သဏ္ဍန်မျှ မမြင်ရချေ။ လောကဓာတ်ပတ်ဝန်းကျင်ကို တစ်ကွက်မျှ မမြင်ရသော်လည်း ၎င်း၏ဘဝကိုကား အမှောင်ထဲတွင် ဖောက်ထွင်းမြင်လျှက်နေ၏။ စောစောကမီးရောင်ကလေးသာ ရှိလျှင် မြေပြင်တွင် မိုးရေတွေ တသွင်သွင်စီးကျနေသကဲ့သို့ သူ့ပါးပြင်တွင် ဖြိုင်ဖြိုင်စီးဆင်းနေသည့် မျက်ရည်များကို မြင်နိုင်ရာ၏။
ညနေက ကောက်စိုက်အပြန် လယ်ကန်သင်းတွေဖြတ်ကျော်၍ လယ်နှင့် တခေါ်လောက်တွင်ရှိသည့် သပြေပင်ရွာကလေးသို့ သုတ်ခြေတင်သွားခဲ့သည်။ ကောက်စိုက်သမ ဘုတိုက
“ရွာမှာ အဝတ်တွေ ဝေနေတယ်ကြားတယ်။ ညည်းတို့မှာ လဲစရာမှမရှိတာ။ သွားတောင်းပါလားအေ့။ အင်္ဂလိပ်ပြန်လာလို့ သူကြီးတွေကို အဝတ်တွေဝေရအောင် ပို့လိုက်တယ်ဆိုလား။ သေသေချာချာတော့ မသိဘူး။ သွားတောင်းရင် ရတယ်ပြောတယ်။ ငါ့ထမီအပေါက်က လှည့်ဝတ်လို့ မရအောင်ဖြစ်နေလို့ မသွားဝံ့ဘူး။ ညည်းသွားရင် ရှိခိုးပါရဲ့နှင်းဥရယ် ငါ့ဖို့ပါ တောင်းခဲ့ပါ “
ဟု သတင်းပေးလိုက်၍ ရလိုရငြား ဝမ်းသာအားရနှင့် ကတိုက်ကရိုက် သုတ်ခြေတင်ခဲ့လေ၏။
နေကလေး ညိုလာ၍ ရွာမြောက်ဖျားကွင်းသို့ ပြန်ရမည့်အတွက် မှောင်မည်စိုးသဖြင့် သုတ်ခြေတင် လျှောက်လေရာမှ ဒုန်းစိုင်းပြေးလေ၏။ ရေဝင်နေသည့်ထမီကြမ်းမှာ လူတယောက်ကို ကုန်းပိုးပြေးရသကဲ့သို့ လေးလံလှ၍ ပြေးရင်းပင် မောဟိုက်နေလေ၏။ ရွာစပ်သို့ရောက်လျှင် အပေါ်အင်္ကျီမပါဘဲ ထမီရင်ရှားနှင့်ဖြစ်နေ၍ ရွာသို့ဝင်ရန် ရှက်မိလေ၏။ ဖခင်ရှိစဉ်က ချောင်လည်ခဲ့၍ အဝတ်ထည်လဲထားနိုင်ကာ ဝတ်စားနေလာသည့်အတွက် ယခုသော် မိမိရွာပင် မိမိမဝင်ရဲအောင် လိပ်ပြာလန့်၍နေသည်။
ယောက်ျားဖော် မိန်းမဖော်သူငယ်ချင်းများလည်း ရှိ၏။ ယခုတခေါက် အင်္ကျီလေးမှ ဝတ်မလာနိုင်ပါလားဟု တွေးရင်း ဝမ်းနည်းသွားမိသည်။ ဂျပန်တခေတ်လုံး ရွာထဲသို့လာလျှင် ဝတ်ခဲ့၍ တဲပြန်ရောက်လျှင် ချွတ်ထားရသည့် ဖျဉ်ကြမ်းအင်္ကျီမှာလည်း ပြဲရာစုတ်ရာက အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး လက်နှီးဘဝသို့ ရောက်၍နေသဖြင့် မဝတ်ခဲ့ရတော့ချေ။
နှင်းဥသည် ဆောင်းထားသည့်ခမောက်ကို မျက်နှာပေါ်သို့ ခပ်ငိုက်ငိုက် ဆွဲချပြီးနောက် အုတ်လမ်းမကိုသာလျှင် ငုံ့စိုက်ကြည့်ပြီး ရွာထဲသို့ လျှောက်လာခဲ့၏။ ရှင်လောင်းလှည့်စဉ်တခါတုန်းက မော်လမြိုင်ရှေ့ထိုးဖိနပ်ကလေးစီး၍ ဤအုတ်လမ်းမပေါ်၌ လျှောက်ခဲ့ရဖူးသည်တို့ကို ပြန်၍ သတိရလာလေ၏။ ယခုဘဝနှင့် ယခင်ဘဝကို အနေအထိုင်၊ အဝတ်အစားအမျိုးမျိုးတို့နှင့် ချိန်ထိုး၍ လျှောက်လာနေရာမှ ” နှင်းဥ .. နှင်းဥ ” ဟု ဟစ်ခေါ်သံကြားသဖြင့် ကိုယ်ရှိန်သတ်ကာ နောက်သို့ လည်ပြန်လှည့်ကြည့်လိုက်၏။ လက်ကိုင်ပုဝါပြာကလေးကို ခေါင်းစီးထားလျက် လက်နှစ်ဖက်က ပုဆိုးအောက်နားစကို လှန်ကိုင်ကာ စျေးဆိုင်အိမ်ကလေးရှေ့တွင် ဗွက်ရှောင်ရင်း တုံးတွေကို ခနော်ခနဲ့ကျော်နင်း၍ ပြေးလာသောသူကို တွေ့ရလေ၏။ နှင်းဥကား မည်သူမည်ဝါ မမှတ်မိပေ။
” တူပါတယ်လို့ အတင်းခေါ်ပါတယ်နှင်းဥရယ်။ အခု ဘယ်လဲ “
” သြော် ကိုညို .. လူထွက်လာပြီလား “
” အေး .. ခဏ ထွက်လာတာ။ ဆရာတော်က အခု တဝါ ပြန်ဆိုရဦးမယ်ဆိုလို့ မြို့ပြန်ရဦးမယ်။ အခု ဘယ်လဲ။ ဘယ်နေသလဲ “
နှင်းဥသည် မေးခွန်းနှစ်ခုစလုံးပင် တခုမှ မဖြေချင်ပေ။ ကိုညိုရှင်ပြုပြီး ငါးနှစ်လောက် ကွဲသွားကြ၍ ယခု မိမိဘဝပြောင်းသွားပုံကို နည်းနည်းမှ မသိစေချင်ပေ။
” ပြောပါဦးဟ။ ဘယ်လဲ။ နင့်ကြည့်ရတာ စိတ်မကောင်းလိုက်တာ။ တနေ့ကမှ ရွာပြန်ရောက်လို့ နင်တို့အကြောင်း သိရတယ်။ အခု ဘယ်ကိုလဲ “
” သြော် .. ဟိုနားတင် “
” ဘယ်သူ့အိမ်လဲ။ လာလေ သွားမယ် “
” ဟို .. “
” အင်း “
” ဟိုလေ .. သူကြီးအိမ် “
” သူကြီးအိမ် .. ဘာလုပ်တုန်းဟ “
ကိုညိုက ရှေးကကဲ့သို့ မိမိအား ရင်းရင်းနှီးနှီး ချစ်ခင်လျှက်ရှိသေးသည်ကို တွေ့ရ၍ မျက်ရည်မကျမိအောင် မနည်းပင်ချုပ်တည်းထားရလေ၏။
” သူကြီးအိမ် ဘာသွားလုပ်မှာတုံး နှင်းဥရ “
” ကိုညို မကြားဘူးလား၊ အဝတ်တွေ ဝေနေတယ်လို့ ဘုတို ကောက်စိုက်ရင်း ပြောလိုက်လို့၊ အခု လာပြီးတောင်းမလို့ “
“တောင်းမလို့၊ နှင်းဥ နင်တောင်းမလို့လား၊ အလကားပေးတာ မဟုတ်ဘူးဟ၊ အစိုးရက အလကားဝေတာမဟုတ်ဘူး။ ပိုက်ဆံနဲ့ ဝယ်ရတာ။ အဲဒါ လူစေ့တက်စေ့ အကုန်ရတာမဟုတ်ဘူး။ ရချင်တဲ့လူမှ ရတာ၊ ရွာထဲကလူတွေတောင် အကုန်မရပါဘူး။ နင့်နှယ် မသိရအောင် ဘယ်နေလို့လဲ နှင်းဥရယ်။ ဟို မြောက်ဖျားမှာလား “
နှင်းဥသည် တွေတွေလေး နားထောင်နေရာမှ ခေါင်းငြိမ့်ပြလိုက်၏။ မောကြီးပန်းကြီး ပြေးလာခဲ့ရ၍ ကြားရသည့်စကားကြောင့် ဆို့သွားသဖြင့် စကားနှင့်ပင် မဖြေလိုက်နိုင်ပေ။
” သန်ဘက်ခါ ငါ သရက်တောကျောင်းတိုက်ကို ပြန်မယ်။ မြို့ရောက်တော့ စျေးကြီးမှာ အင်္ကျီတထည်၊ လုံချည်တထည် ငါဝယ်ပြီး လူကြုံနဲ့ ပေးလိုက်မယ်။ ဆက်ဆက်ပေးလိုက်မယ်။ မြို့မှာ အခု အထည်တွေ အားကြီးပဲ ရောက်လာကုန်ပြီ။ မျှော်သာနေနော် “
” နေပါစေ ကိုညိုရယ် “
” ဘယ်က နေပါစေလဲ။ နင့်ဖို့ အဝတ်ဝယ်မလာမိတာ အခုဖြင့် နင့်တွေ့ရတာ နည်းနည်းလေးမှ စိတ်မကောင်းဘူး။ ဒီလောက်ဖြစ်နေမှန်းသိရရင် ငါ ဝယ်ခဲ့မှာပဲ။ ကဲလေ မိုးချုပ်လိမ့်မယ်။ ပြန်တော့ ။ မနက်ကို ငါ အစောကြီးလာမယ်။ စောင့်နေနော်။ ဘယ်မှ မသွားနဲ့ “
နှင်းဥသည် နေ့လည်က သူ့အဖြစ်ကို တွေးမိရင်း အသံမထွက်အောင် ကြိတ်၍ရှိုက်ကာ အားရအောင်ငိုပြီးလျှင် မိခင်ရှိရာသို့ အမှောင်ထဲတွင် စမ်း၍သွားလေ၏။ မိခင်ကို စမ်းမိသောအခါ စိုရွှဲနေသည့် လုံချည်စကို ကိုင်မိသဖြင့် စိတ်ထဲတွင် မချိမဆန့်ဖြစ်ဖြစ်နှင့် ” အမေ .. အမေ ” ဟု နား နားသို့ကပ်ကာ ခေါ်လိုက်၏။
” နှင်းဥ .. နှင်းဥ .. အမလေး အသက်ရှူလို့လည်း မရဘူး။ မျက်စိတွေလည်း ပြာလို့။ ငါ မမြင်ရတော့ဘူး “
” မီးငြိမ်းသွားလို့ မှောင်နေတာအမေရဲ့။ ပန်းနာဆိုတာ အေးရင် ဒီလိုပဲမောတာပဲ အမေ။ မီးလုပ်နေရတာနဲ့ အမေစိုကုန်မှန်းတောင် မသိဘူး “
” ဟိုတဲမှာ မီးသွားကူးစမ်း “
” အမေ မိုးတွေရွာနေတယ်။ လမ်းမှာ ငြိမ်းသွားမှာပေါ့ “
” ဟင်း .. ဟင်း .. ချမ်းလိုက်တာ “
” လုံချည်ချင်း လဲဝတ်ရအာင် အမေ။ ချွတ် .. မှန်း .. “
” နင်ကရော .. “
” အို အမေ့လုံချည် ဝတ်ပါ့မယ်။ ကျွန်မက ကိစ္စမရှိပါဘူး “
နှင်းဥသည် မတ်တပ်ရပ်၍ လုံချည်ကို ချွတ်ချယူလိုက်လေသည်။ မိမိ၏ကိုယ်ကို အမှောင်ထဲတွင် မမြင်ရ၍သာ ရဲရဲတင်းတင်း လဲဖယ်ပေးလေ၏။ မိမိ၏စိုထိုင်းထိုင်းလုံချည်ကို မိခင်အား ဝတ်ပေးလိုက်ပြီး မိခင်ကိုယ်မှ လုံချည်ကိုဆွဲခွါလာရာ လုံချည်မှာ အပေါ်ပိုင်းသာ မိုးရေများရွှဲနေ၍ အောက်ပိုင်းကမစိုသဖြင့် ဆွဲချွတ်မယူတော့ပဲ မစိုသည့်ဘက်နှင့် ရွေး၍ ခြေထောက်ကို ထွေးပေးထားပြီး မိမိမူကား မိခင်အား ဖက်ထားလေ၏။
အေးလွန်လွန်း၍ နှင်းဥ၏အမေလည်း ရောဂါဖောက်၍ မောနေလေ၏။ နှင်းဥသည် ဘာမှမကြံနိုင်။ ၎င်း၏ကိုယ်ငွေ့နှင့်သာ မိခင်အား အပူငွေ့ပေးရလေ၏။ ” သည်မိုး မတိတ်ရင် အမေ ခက်လိမ့်မယ် ” ဟု တွေးမိပြီး ရင်ထဲတွင် တဒိတ်ဒိတ်ခုန်၍ ” တိတ်ပါတော့မိုးရယ် ” ဟု အကြိမ်ကြိမ် ဆုတောင်းလျက်ရှိနေ၏။
” အမေ … အမေ ” ဟု ထပ်ထပ် ခေါ်ပါသော်လည်း စကားပြန်မရ။ နှင်းဥကား အားငယ်သွားသည်။ တညလုံး နွေးနွေးမထွေးရဘဲ အစိုအအေးကြီးနှင့်ထားလျှင် မိုးလင်းမှ ခံပါ့မလားဟု ကြီးစွာသော ကြောင့်ကြပူပန်ခြင်းဖြစ်လေ၏။
အမေ့အား လှိုက်လှိုက်လှဲလှဲ သနားသဖြင့် ဘယ်လိုများနွေးအောင် လုပ်ရပါ့မလဲဟု အကြံအဖန်ထုတ်ကြည့်မိရာ ညနေက ရွာသို့သွားစဉ် တဲနှင့် မနီးမဝေးတွင်ရှိသည့် စပါးကျီကြီးကို မြင်လိုက်လေ၏။ ထိုကျီကြီး၏အမိုးအောက် လူလျှောက်ရန် ဆင့်ခင်းရိုက်ထားသည့် သစ်သားပျဉ်ပြားပေါ်တွင် ဂုံအိတ်တွေ ဆင့်ထပ်ထားသည်ကို ပြေးမြင်လေ၏။ ကျီနားက ဖြတ်လျှောက်သွားစဉ်သော်လည်းကောင်း၊ ဖြတ်ပြန်လာစဉ်သော်လည်းကောင်း လူရိပ်လူချည်တဦးမှ မတွေ့ခဲ့ရသဖြင့် မိုးတိတ်လျှင် ထိုဂုန်အိတ်ထပ်မှ ဂုန်အိတ်သုံးလေးလုံး သွားယူမည်။ မိုးလင်းမှ သွားပြန်ထားမည်ဟု မိုးအတိတ်သာ စောင့်လင့်နေလေတော့သည်။ အနီးအနားတဲများတွင်လည်း မိမိတို့ကဲ့သို့ ဆင်းရဲသူလူစုများသာဖြစ်ကြ၍ ရှိစုမဲ့စုကလေးတို့နှင့် စုကွေးနေကြမည်ဖြစ်၍ ငှားရလျှင် လုံလုံလောက်လောက်ပေးနိုင်စရာ မရှိကြပေ။ ဂုန်အိတ်ကိုသာ ထွေးချင်သလို ထွေးပေးလိုက်ရလျှင် လုံလုံလဲလဲ နွေးနိုင်မည်။ အပြန်မှ အသိတဲကိုဝင်ပြီး မီးခြစ်ငှားခဲ့ပြီး ရေနွေးကျိုတိုက်မည် စသဖြင့် တွက်ကိန်းချနေရင်းပင် မိုးလည်း စဲနေရာမှ တိတ်သွားလေ၏။
” အမေ.. အမေ.. ခဏနေဦး။ မီးသွားထွန်းဦးမယ် “
လူမမာမှာ မောဟိုက်နေ၍ ဘာမှ ပြန်မပြောနိုင်ပေ။ နှင်းဥလည်း မတ်တပ်ထရပ်လိုက်ရာ တကိုယ်လုံးဟာသွားလေ၏။ ဟာလာဟင်းလင်းဖြစ်သွားမှသာ အဝတ်မရှိမှန်းသတိရ၍ ကပျာကယာ သူ့အမေခြေထောက်တွင် ထွေးထားသည့် လုံချည်ကို ကောက်စွပ်လျက် တဲဝသို့ စမ်းထွက်ခဲ့လေ၏။ မိုးသားတွေ ပျောက်သွား၍ တခြမ်းလကလေးသည် ကောင်းကင်တွင် ရေးရေးထင်လျက်ပေါ်လာရာ သွားလိုရာလမ်းကို စိတ်နှင့်မမှန်းရဘဲ သဲသဲကွဲကွဲမြင်ရလေ၏။
သွက်သွက် လျှောက်လာခဲ့သဖြင့် ကျီကြီးနားသို့ ခဏနှင့် ရောက်လာခဲ့၏။ မိခင်ဇောကြောင့် ကြောက်ရမှန်းမသိ။ တဲက ထွက်ခဲ့သော်လည်း ရေးရေးလင်းလျက်ရှိသော လရောင်အောက်တွင် မှုန်မှုန်မည်းမည်း တိတ်ဆိတ်ခြောက်သွေ့လျက်ရှိသော ကျီကြီးကို မျှော်ကြည့်လိုက်ပြီး ကြက်သီးဖြန်းသွားလေ၏။ ညအမှောင်တွင် အဆောက်အအုံကြီးလျှင် တမျိုးပင် ကြောက်စရာပုံသဏ္ဍန်ဆောင်သဖြင့် အနားသို့ ရုတ်တရက်ချဉ်းကပ်ရန် နှင်းဥ၌ ခဲယဉ်းနေပြန်၏။ ကြောက်စိတ်ကြောင့် နောက်ပြန်ဆုတ်လိုသည့်စိတ်ကို အားပေးလိုက်လေ၏။
ငါ ဒီအတိုင်းပြန်ရင် အမေ မုချသေလိမ့်မယ်ဟု တွက်၍ စိတ်အားတင်းပြီး ကျီဘေးသို့ ကပ်လျှောက်လာခဲ့၏။ စောစောက ချမ်းသလောက် ယခုမူ ဇောချွေးတွေ ထွက်လျက်နေ၏။ ကျီဝင်းထဲသို့ဝင်ရန် လျှောက်လာရာ ခြံစည်းရိုးတံခါးပိတ်ထားသည်ကို တွေ့ရ၍ အကြံခက်သွားလေ၏။ ညနေက လူရိပ်လူယောင်မမြင်ရဘဲ ယခု ဘယ်သူလာ၍ တံခါးပိတ်သလဲဟု စဉ်းစားရင်း တွန်းကြည့်ရာ တံခါးသည် ကျွီကနဲမြည်၍ ပွင့်သွား၏။ သွားရင်းလာရင်း တယောက်ယောက် စေ့သွားတာပဲဟု ယုံကြည်ကာ မရဲတရဲ လှမ်းဝင်လာခဲ့၏။
တိုးဝှေ့တိုက်ခတ်သည့် လေအဟုန်ကြောင့် ကျီဝင်းရှိ ကုက္ကိုပင်၊ အုန်းပင်တို့မှ တရှဲရှဲထွက်သံကို သဘက်သရဲများ ထွက်ဆွဲလေမလားဟု ခေါင်းနားပန်းကြီးသွားလေ၏။ သစ်ပင်ကိုင်းများ လှုပ်လှုပ်ရှားရှားမြင်တိုင်း စိတ်ချောက်ချားသွား၏။ မည်းမည်းကို သဲသဲကွဲကွဲမမြင်ရခင် သရဲပင်အောက်မေ့ပြီး တကျောလုံး စိမ့်သွားလေ၏။ အချိန်မှာ လူကြီးခေါင်းချချိန် ၁၁ နာရီခန့်ဖြစ်၏။ ရွာထဲမှ ခွေးများသည် ဆွဲဆွဲငင်ငင်အူလိုက်ကြလျက် နှင်းဥ လုပ်ရန်အလုပ်ကို ဝိုင်းဝန်းဖျက်ဆီးပေးကြ၏။
လှည့်၍လည်း ပြန်ချင်သည်။ ယူလည်း ယူချင်၏။ စိတ်နှစ်စိတ် လွန်ဆွဲနေရာ ယူလိုခြင်းဇွဲ၏ ထက်သန်ပြင်းပြမှုက နှင်းဥအား ဂုန်အိတ်ထပ်နားသို့ အနိုင်ဆွဲခေါ်သွားလေ၏။ နှင်းဥသည် တခြမ်းလကလေး၏အကူအညီဖြင့် ဂုန်အိတ်ထပ်ထဲမှ ဂုန်အိတ် လေးလုံး ဆွဲထုတ်လိပ်လေ၏။ ဖြည်းဖြည်းဆေးဆေး မလိပ်ပဲ လျှင်လျှင်မြန်မြန်ကြီး လိပ်ပြီးနောက် ဆင့်ခင်းရိုက်ထားသည့် ပျဉ်ပေါ်မှ မြေပေါ်သို့ ခုန်ချလိုက်၏။
ပျဉ်ခင်းပေါ်တွင် ကျီနံရံနှင့်မှီထောင်ထားသည့် သွပ်ပြားချပ်မှာ နှင်းဥခုန်လိုက်သည့်အရှိန်ဖြင့် မြေပေါ်ရှိ တုံးတိုတုံးစများပေါ်သို့ ဗြန်းကနဲ လျှောကျသွား၏။ နှင်းဥလည်း မြေပြိုသည်ထင်သည့် ယုန်ကဲ့သို့ တအားကြုံးပြေးလေ၏။ သရဲပဲ၊ သရဲလိုက်ပြီဟု အောက်မေ့၍ ပြေးချင်သလောက် ပြေး၍မရဘဲ ခြေဆွဲနေ၍ ဖင့်လေးနေ၏။ နောက်မှနေ၍ ခေါက်တုံ့ကျနေသည့်ဆံပင်ကို လှမ်းဆောင့်ဆွဲလိုက်သဖြင့် ဇက်ကြိုးတပ်လိုက်သည့်မြင်းပမာ တုံ့ရပ်သွားရ၏။ ကိုယ်ခန္ဓာအတွင်းမှ သွေးကြောများ ရပ်ဆိုင်းသွားဘိသည့်အလား အသက်ရှူရန်ပင် မတတ်နိုင်ပေ။ ဂုန်အိတ်တွေ လွှတ်ချပြီး မျက်စိကို စုံမှိတ်ထားလိုက်၏။
မိမိနားမလည်သည့် ဘာသာစကားနှင့် ဆံပင်ကိုလှမ်းဆွဲထားသူက ဟစ်အော်လိုက်ပြီး ဆွဲလှည့်လိုက်မှ ရုတ်တရက် မျက်စိဖွင့်ကြည့်ပြီး အံကိုက်၍ အလွတ်ရုန်းတော့သည်။ မုတ်ဆိတ်ဖွားဖွားနှင့်လူကြမ်းကြီးကို သရဲသဘက်ထက်ပင် နှင်းဥ ကြောက်အားပိုလေသည်။ ထိုလူကြမ်းကြီးသည် နှင်းဥမရုန်းနိုင်အောင် လှမ်း၍ ဖက်လိုက်၏။ နောက်ထပ်တစ်ယောက် အမြန်ရောက်လာပြီး သူတို့အချင်းချင်း ညာသံပေးကာ နှင်းဥအား ဖမ်းချုပ်၍ ညောင်ရေအိုးစင် ပန်းအိုးစင် ကစားသကဲ့သို့ ပွေ့သွားကြရာ နှင်းဥလည်း ရုန်းကန်ရင်း ဆောင့်ကြောင့်ကလေး ပါသွားတော့၏။
ရှက်လည်း ရှက်လှ၏။ ကြောက်လည်း ကြောက်လှ၏။ ဘာလုပ်ရမည်မှ သတိမရတော့ဘဲ လွတ်အောင် သူတို့၏လက်များကို ကုန်းကိုက်ရာ နာလွန်းမက နာမှ ထိုလူကြီးများသည် နှင်းဥအား စပါးပုတ်ကြီးနား၌ လွှတ်ချကြ၏။ နှင်းဥသည် ပြေး၍ မလွတ်နိုင်မှန်းသိ၍ ” ကယ်ကြပါဦး ” ဟု အသံကုန် ကုန်း၍ ဟစ်လေ၏။ ထိုလူ၏လက်ဝါးကြမ်းကြမ်းကြီးက ပါးစပ်ကို ဆီးပိတ်ထားလိုက်၍ အသံ အပြင်ကို မရောက်ပေ။ ထိုလူလက်ကို ဖယ်ရင်းရုန်းရင်း မျက်စိများပြာလာပြီးနောက် မဟာပထဝီမြေကြီးလည်း အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်သွားသလို ထင်လိုက်ရပြီးလျှင် မူးသွားရာမှ မေ့သွားလေ၏။
သတိပြန်ရလာသောအခါ နှင်းဥသည် သွပ်ပေါ်သို့ တဗြန်းဗြန်းပက်ဖြန်းနေသော မိုးသံကို ရှေးဦးစွာ ကြားရလေ၏။ ၎င်း၏အရောင်မရှိသော မျက်လုံးအစုံနှင့် ဟိုဟိုသည်သည် ပြူးကျယ်စွာ ဖွင့်ကြည့်လိုက်၏။ လက်ဆွဲမှန်မီးအိမ်မှာ ခြေရင်းဘက်တွင် လင်းနေ၏။ တခေါခေါအိပ်မောကျနေသည့် ဘေးကလူကြမ်းကြီးကို သွားမြင်ရာ စိတ်ရောကိုယ်ပါ နာကျည်း နာကျင်သွားလေ၏။ သူ မနိုးအောင် ဖြည်းဖြည်းထ၍ အပေါက်တံခါးကို ဖွင့်လေ၏။ နိုးများလာဦးမလားဟု စိတ်ပူမိသော်လည်း လှည့်မကြည့်နိုင်ပေ။ တုံးလုံးလှဲအိပ်နေသည့် လူကြမ်းကြီးကို သင်္ချိုင်းက ပုပ်ပွနေသည့် လူသေကောင်ပုပ်ကြီးကဲ့သို့ ကြည့်ရမှာ စက်ဆုပ်ရွံရှာလွန်းလှသဖြင့် တံခါးကိုဖွင့်ပြီး ခြေကုန်သုတ်ပြေးလေ၏။
မိုးရေထဲတွင် အမေရှိရာတဲသို့ ဦးတည်ပြီး ပြေးလေ၏။ ပြေးနေရင်း ဟစ်အော်ငိုကြွေးလိုက်ချင်သည့်စိတ်ကို ချုပ်တည်းထားလေ၏။ မိုးတိမ်မိုးလိပ်များ ဖုံးအုပ်သွား၍ တခြမ်းလကလေး ကွယ်နေသဖြင့် တဲထဲသို့ စမ်း၍ဝင်ခဲ့ရ၏။ ရွှဲရွှဲစိုနေသော ကိုယ်ကရေများကို လက်သုတ်ခါပြီး မိခင်နားသို့ တွားသွားကာ ” အမေ အမေ ” ဟု ကတုန်ကရင် ခေါ်လိုက်၏။ မိုးသံနှင့် ဘာသံမှ ပြန်မကြားရပေ။ မိခင်၏လက်ကို ဆွဲလှုပ်ကြည့်ရာ သစ်ချောင်းကြီးကဲ့သို့ တောင့်တောင့်မာမာကြီး ကိုင်လိုက်ရသဖြင့် ” အမလေး ” ဟု ကျယ်လောင်ဟစ်အော်လိုက်ကာ သူ့အမေကိုယ်ပေါ်သို့ ၎င်းကိုယ်ကို မှောက်ချလိုက်၏။
မိုးသံလေသံနှင့် နှင်းဥငိုလိုက်သည့်အသံ ရောပြွမ်းထွက်လာသံမှာ မကောင်းဆိုးရွားတို့၏အသံကဲ့သို့ အလားတူမခြားပင်ဖြစ်လေ၏။ နှင်းဥလည်း အားရအောင်ငိုကြွေးနေရာမှ ရုတ်တရက် တိတ်၍သွား၏။ မိခင်၏ခေါင်းကို ထူမလိုက်၏။ ကျောက်တုံး မ ရသကဲ့သို့ လေးနေ၍ ခေါင်းကိုပြန်ချကာ မှောင်ထဲတွင် မျက်နှာကို စမ်း၍ကြည့်ပြန်၏။ ထို့နောက် ပါးပါးချင်းအပ်လိုက်ကာ မိခင်အား မိမိ၏စောစောက အဖြစ်စုံကို ပြောပြနေလေ၏။ တဖန် ဟစ်ငိုပြန်၏။ တဖန် တိတ်သွားပြန်၏။ ပြန်၍ ထပ်ငိုပြန်ပြီးနောက် ငြိမ်သက်၍သွားပြန်၏။
နံနက်တွင် မည်သူ့မျက်နှာတွေနှင့်မျှ မျက်နှာချင်းမဆိုင်ရဲ၍ မဆိုင်ချင်။ အထူးသဖြင့် ကိုညိုနှင့်လည်း မျက်နှာချင်းမဆိုင်ဝံ့။ မိမိကိုယ်ကို မနက်အထိ ဤမြေပေါ်မှာ မထားမှ နံနက်တွင် မည်သူနှင့်မျှ တွေ့ဖို့ရန် အကြောင်းရှိတော့မည်မဟုတ်ဟု တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် စဉ်းစားကြည့်နေပြီးလျှင် ကပျာကယာ မိခင်အား အကြိမ်ကြိမ် နမ်းရှုပ်၍ လေးလေးကန်ကန်နှင့် တဲဝသို့ ထွက်သွားလေ၏။ တချက်တချက်တွင် လျှပ်စီးပြက်၍ တဝင်းဝင်း လက်လိုက်တိုင်း လက်လိုက်တိုင်း မိုးရေထဲတွင် ဒယိမ်းဒယိုင်လျှောက်သွားနေသော နှင်းဥကို ကောင်းစွာမြင်နိုင်၏။
သူသည် ချောင်းဘက်သို့ လျှောက်၍နေလေ၏။ ထိုသို့လျှောက်နေရင်း ဘာစိတ်ကူးရသွားသည်မသိ။ ဘုတိုတို့တဲအိုကလေးရှေ့တွင် ခေတ္တရပ်ကာ သူ့ကိုယ်မှ ထမီကိုချွတ်၍ ခေါက်ပြီး တဲဝ၌ စွန့်ထားခဲ့ပြီးနောက် ချောင်းဘက်သို့ ဒုန်းစိုင်းပြေးသွားပြီးလျှင် တံတားလေးပေါ်မှ ချောင်းထဲသို့ ခုန်ချလိုက်လေ၏။
မိုးကြီးလည်း သည်းထန်စွာ ရွာချနေ၏။ သပြေပင်ရွာတရွာလုံး အိပ်မောကျနေကြ၏။ အဝတ်ရှားပါးမှုဒုက္ခကြောင့် လူဖြစ်ရှုံး၍ လူတကိုယ်လုံး ရေထဲသို့ ပစ်လိုက်ရသည့် နှင်းဥ၏ဖြစ်အင်ကို သနားချစ်ခင်သည့် မိတ်ဆွေ ကိုညိုလည်း မသိ။ အသိအကျွမ်း ရွာသူရွာသားတွေလည်း မသိကြ။ တိုင်းပြည်ကို အုပ်ချုပ်၍ မင်းလုပ်နေကြသူတို့လည်း သိကြမည်မဟုတ်။ ချောင်းထဲတွင် နစ်၍သွားသည့် နှင်းဥအား မိုးကြီးလေကြီးက သည်းထန်စွာ သွန်ကူ နှစ်ပေးလိုက်၏။
အရုဏ်တက် မိုးမလင်းခင် တအုန်းအုန်းရွာချနေသည့် သည်မိုးမှာ လူတန်းစေ့ လူလိုနေရ၍ လူ့အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့်ရရှိသည့် သူတို့အတွက်သော်ကား တမိုက်ထူထူ မွှေ့ယာပေါ်ဝယ် ကိုယ်ကိုနှစ်၍ ဂွမ်းစောင်၊ သက္ကလတ်စောင်၊ ကတ္တီပါစောင်၊ ခြုံစောင်အမျိုးမျိုးတို့နှင့် အထပ်ထပ်ခြုံလွှမ်း၍ ကွေးအိပ်နေရသည်မှာ အလွန်တရာမှ ဇိမ်ရှိလှပါပေ၏။
ဂျာနယ်ကျောမမလေး