°°°°°°°°°°°°°°°°°°°
တစ်ခါက ကွန်ပျူတာ တက္ကသိုလ်တက်နေတဲ့ သူငယ်ချင်း ၃ယောက်ရှိသတဲ့။
တစ်ယောက်က ခရိုင်တရားသူကြီးရဲ့သား၊ တစ်ယောက်က လယ်သမားသား၊ တစ်ယောက်ကတော့ သံချည်သံကွေးလုပ်တဲ့သူရဲ့သားတဲ့။
သူငယ်ချင်းတွေ အရမ်းရင်းနှီးကြတော့ တစ်ယောက်အိမ်ကို တစ်ယောက်က လိုက်လည်ကြသတဲ့။
ပထမဆုံး ခရိုင်တရားသူကြီးရဲ့သားအိမ်ကိုလိုက်လည်ချိန်
ခရိုင်တရားသူကြီးနဲ့တွေ့တော့
“သားတို့စာကြိုးစားကြကွ ကိုယ်ကပညာတတ်ရင်
ကိုယ်ကြိုက်တဲ့အလုပ်ကို ကိုယ်ရွေးလို့ရတယ်
ပညာမတတ်ရင်တော့ အဲ့လိုရွေးချယ်ခွင့်မရှိဘူးကွ” စသဖြင့်ဆုံးမတယ်။ ပြီးတော့ –
“သားတို့မိဘတွေက ဘာစီးပွားရေးလုပ်ကြလဲ”လို့မေးတော့
တစ်ယောက်က-
“တောင်သူလုပ်ပါတယ် ဦး”
နောက်တစ်ယောက်က-
“သားအဖေက သံချည်၊သံကွေးလုပ်ပါတယ်ခင်ဗျ”လို့ပြောတော့
“အေး ကောင်းတယ်ကွာ အပြင်စီးပွားရေးဆိုတာက လွတ်လပ်တယ် ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် စီးပွားဖြစ်တယ်ကွ
မင်းတို့သူငယ်ချင်းတွေ အေးဆေးစကားပြောကြ ဦးက အစည်းအဝေးတစ်ခုရှိလို့ သွားလိုက်အုံးမယ်”လို့ပြောပြီး
တိုက်ပုံအနက်ဝတ်ပြီး ထွက်သွားတယ်တဲ့။
အဲ့မှာ သံချည်သံကွေးလုပ်တဲ့သူရဲ့သားက ခရိုင်တရားသူကြီးရဲ့ကျောပြင်ကိုကြည့်ပြီးစဉ်းစားတယ်တဲ့-
“သူများအဖေကျတော့ ပညာကလဲတတ်လိုက်တာ ရာထူးလဲရှိတယ် ဝတ်တာစားတာ နေတာထိုင်တာ ပြောဆိုတာကအစ အဆင့်အတန်းရှိလိုက်တာ ငါ့အဖေကျတော့ အတန်းပညာကလဲ ၈တန်းပဲတတ်တယ် တစ်နေကုန် အလုပ်ရုံမှာ အလုပ်လုပ်
ပေတူးနေတာပဲ အိမ်မှာနေရင်လဲ စွပ်ကျယ်အဟောင်းနဲ့စိတ်ပျက်စရာကြီး”လို့တွေးတယ်တဲ့။
သူငယ်ချင်းတွေ အိမ်လိုက်လည်မယ်ဆိုတော့ သူ့အဖေ အလုပ်ရုံကို သွားတဲ့အချိန်ကိုပဲရွေးပြီးခေါ်သတဲ့။
သူ့အဖေကို သူငယ်ချင်းတွေမြင်ရင် သူ့ကိုပါအထင်သေးမှာ စိုးလို့တဲ့။
သူ့အဖေက အလုပ်ရုံကိုမသွားခင် မနက်တိုင်း ကားမောင်းပြီး ကျောင်းကိုပို့လေ့ရှိတယ်တဲ့။
တစ်နေ့တော့ ကျောင်းပို့ဖို့ ကားမောင်းအလာ လမ်းမှာ ယာဉ်ထိန်းရဲတွေ စစ်နေတော့
“အရှေ့မှာ ဆပ်ပလိုင်းကြပ်တွေစစ်နေတယ်ဟေ့”လို့ အဖေလုပ်သူကပြောတော့ သူ့သားက-
“အဖေကလဲဗျာ “ဆပ်ပလိုင်းကြပ်” မဟုတ်ပါဘူး
“Suprise check”ပါဗျ”
“ဘာဖြစ်လဲကွာ ငါလဲပြောတတ်သလိုပြောတာပဲ”
“မပြောတတ်ရင်မပြောနဲ့ဗျ သူများတွေကြားသွားရင်ကျနော်ရှက်တယ်” လို့ပြောတော့ သူ့အဖေက-
“အေး အဲ့ဒါဆိုလဲပြီးရောကွာ မင့်ကိုနောက်နေ့တွေ ငါလိုက်မပို့တော့ဘူး”လို့ပြောသတဲ့။
အဲ့ကိစ္စဖြစ်ပြီးကတည်းက အဖေနဲ့သား မျက်နှာချင်းမဆိုင်တော့ဘူး။စကားလဲပြောတော့ဘူးတဲ့။
အဲ့လိုနဲ့ ပညာသင်နှစ်ကုန်လို့ကျောင်းပိတ်ချိန်ရောက်တော့
လယ်သမားရဲ့မိသားစုတွေက ရွာမှာ အလှူရှိလို့ဖိတ်တော့
သူရယ် တရားသူကြီးရဲ့သားရယ်ပါ ရွာကိုလိုက်ကြသတဲ့။
ရွာရောက်တော့ အိမ်အပေါ်ထပ်မှာ သူတို့ကို နေရာချပေးသတဲ့။
သူတို့ကလဲ အခန်းထဲက ကွန်ပျူတာကိုဖွင့်ရင်း အခုတလော ကွန်ပျူတာတွေမှာ ဗိုင်းရပ်စ်တွေ ကိုက်နေကြောင်း တချို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေမှာ သူတို့ဒေတာတွေ ပေါက်ကြားတာ၊ဒေတာတွေဆုံးရှုံးတာတွေရှိလို့ အကြီးအကျယ်နစ်နာရကြောင်း စတာတွေပြောနေသတဲ့။
အဲ့ဒါကိုဘယ်သူက ကြားသလဲဆိုတော့ သူ့သား ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားကြီးနဲ့ သူ့သူငယ်ချင်းတွေ နေရတာ အဆင်ပြေရဲ့လား လာကြည့်တဲ့ လယ်သမားကြီးက ကြားသတဲ့ အဲ့တော့ အခန်းထဲဝင်လာပြီး-
“ငါ့သား ကွန်ပျူတာထဲကို အဲ့ဗိုင်းရပ် ဆိုတဲ့အကောင်မဝင်အောင် ဝင်တဲ့ အပေါက်တွေ သေသေချာပိတ်နော်။
အဲ့လိုပိတ်လို့မှ မရသေးရင် အဖေ့ကိုပြော လယ်ထဲမှာဖြန်းတဲ့ ပိုးသ တ်ဆေးနဲ့ အဖေဖြန်းပေးမယ်”လို့ပြောတော့
သူတို့သူငယ်ချင်း ၃ ယောက်သားရယ်ကြသတဲ့။
အဲ့မှာ သံချည်သံကွေးလုပ်တဲ့သူရဲ့သားက ဒီကောင့် အဖေကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီ ဒီကောင်တော့ အရှက်ကွဲပြီဆိုပြီး သူ့သူငယ်ချင်းကို အကဲခတ်သတဲ့။
သူ့သူငယ်ချင်းက ရယ်တာရပ်ပြီးတော့-
“ဟှောင့်တွေ ဒါငါ့အဖေကွ အဖေက အတန်းပညာမသင်ရဘဲ ဘုန်းကြီးကျောင်းက စာပဲတတ်ပေမယ့် ပင်ပင်ပန်းနဲ့ လယ်အလုပ်တွေ၊ယာအလုပ်တွေလုပ်ပြီး ငါ့ကိုကျောင်းထားခဲ့တာ
ငါဆယ်တန်းဂုဏ်ထူး၃ဘာသာနဲ့ အောင်တော့လဲ ငါတက်ချင်တဲ့ ကွန်ပျူတာတက္ကသိုလ်ကို မရရအောင်ထားပေးခဲ့တာ
ဒီကွန်ပျူတာ အဖေဝယ်ပေးထားတာကွ” လို့ပြောတယ်
ပြီးတော့ သူ့ဖေဘက်ကိုလှည့်ပြီး-
“အဖေ ဘာမှမဖြစ်ဘူး ပြော သူတို့တွေက သားရဲ့ သူငယ်ချင်း အရင်းကြီးတွေ အဖေဘာမှ ရှက်စရာမလိုဘူး ပြောချင်တာပြော ရတယ်”လို့ပြောသတဲ့။။
အဲ့မှာတုန်လှုပ်သွားတာက သံချည်၊သံကွေးသမားရဲ့သားပေါ့။
သူ့နေရာမှာ ငါသာဆိုရင်
“အဖေကလဲဗျာ မသိရင်ဘာမှဝင်မပြောနဲ့ သွားဒီအခန်းထဲကိုမလာနဲ့”ဆိုပြီးမောင်းထုတ်မိမှာ။
သူ့သူငယ်ချင်းကကျတော့ အဲ့လိုမဟုတ်ဘူး၊ မဟုတ်တာတွေဝင်ပြောလို့ ရှက်တာတွေ စိတ်ဆိုးတာတွေ မဖြစ်တဲ့အပြင်
သူ့အဖေကိုတောင် ဂုဏ်တင်တယ် အားပေးနေသေးတယ်။
သူပြောတာတွေ စဉ်းစားတော့လဲ အမှန်ပဲ သူ့အဖေက လယ်ထဲယာထဲ ရုန်းကန်ပြီးကျောင်းထားပေးခဲ့လို့ သူဒီအဆင့်ထိရောက်လာတာ။
ငါ့အဖေကရော ငါ့ကိုကျောင်းထားဖို့ အလုပ်ရုံထဲ ညစ်ညစ်ပတ်ပတ်နဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး ငါ့ကိုဒီအဆင့်ထိရောက်အောင် ကျောင်းထားခဲ့တာပဲ ဆိုတာကို နားလည်သွားသတဲ့။
အလှူကနေပြန်တော့ အိမ်ရောက်ရောက်ချင်း သူ့အဖေကိုရှာသတဲ့။
သူ့အဖေက အလုပ်ရုံကိုသွားတယ်ဆိုတော့ အလုပ်ရုံကိုလိုက်သွားပြီး သူ့အဖေရဲ့ ခြေအစုံကို နဖူးနဲ့ထိပြီး-
“အဖေ သားမှားသွားပါတယ် တကယ်တော့ သားအခုလို ပညာတွေ သင်နိုင်တာဟာ အဖေ့ကျေးဇူးကြောင့်ပါ အခုသားနားလည်ပါပြီ သားကိုခွင့်လွှတ်ပါ” လို့ပြောပြီး ကန်တော့တဲ့အခါ အဖေလုပ်သူလဲ မျက်ရည်ကျပြီး-
“မိဘဆိုတာ သားသမီးကို အမြဲခွင့်လွှတ်ပြီးသားပါသားရယ်
သားအမြင်မှန်ရသွားတာ အဖေဝမ်းသာပါတယ်” လို့ပြောပြီး သားအဖနှစ်ယောက် ဖက်ငိုကြသတဲ့။
အဓိကပြောချင်တာကတော့ ကျနော်တို့မိဘတွေ ကျနော်တို့လောက် ပညာတတ်ချင်မှတတ်မယ် ကျနော်တို့သိသလောက် သိချင်မှသိမယ်။
ဒါကို ငါ့လောက်မတတ်ဘူး ငါ့လောက်မသိဘူးလို့ တလွဲမာနတွေနဲ့ မိဘကို ရိုင်းပျစော်ကားတာမျိုးမလုပ်ဘဲ
ငါဒီလိုသိ ဒီလိုတတ်အောင် မိဘတွေကပဲ အချိန်ကုန် ငွေကုန်နဲ့ သင်ကြားပေးခဲ့တာပါလားဆိုတဲ့ စိတ်ကလေးနဲ့တွေးပြီး
မိဘကျေးဇူးကိုနှလုံးသွင်းတတ်ပါစေကြောင်း
မေတ္တာလောင်းလျှက်-
#ရတနာပုံ(ရွှေထီး)
((ဆရာကြီးလယ်တွင်းသားစောချစ် စာပေဟောပြောပွဲမှာ ဟောပြောတဲ့ ဟောပြောချက်ကို ပြန်လည်မျှဝေပါသည်))