#မျှဝေ(ဥက္ကံ)
သပြေပန်းနဲ့ ကြိုပါကွယ်
ဓာတ်မီးကို မိုးယံသို့ ထောင်ထိုးလိုက်သည်။ ပြီးမှ တဖြည်းဖြည်း အောက်သို့ စိုက်ချလာ၏။
ကောက်ပင်လှန်စ စပါးစိုစိမ်းစိမ်းများက မီးရောင်တွင် ထင်းခနဲ ပေါ်လာသည်။ မီးတဖျပ်ဖျပ် လှုပ်ကစားရင်း သားကောင်မျက်လုံးကို ဂရုတစိုက်ရှာသည်၊ မတွေ့။
“ဒီလယ်ကွင်းမှာတော့ မဆင်းသေးဘူး။ စောသေးလို့ ဖြစ်မယ်။ ဒီမှာ ခဏနားပြီး လျှိုလယ်ကွင်းတွေဆီ သွားကြမယ်။ အဲဒီမှာက အတွင်းဘက်ကျလို့ စောစောထွက်မှာပါ”
ကိုနောက်တိုးက တိုးတိုးဖွဖွ ရေရွတ်လျက် ဓာတ်မီးကို ပိတ်လိုက်၏။ အနီးရှိ တစ်ဖက်ရပ် မိုးခိုတဲကလေးမှာ သုံးဦးသား ဝင်နားလိုက်သည်။
ကျွန်တော်က ခံတွင်းချဉ်လာ၍ စီးကရက်သောက်ရန် ပြင်၏။
“စာရေးလေး ဆေးလိပ်မသောက်နဲ့။ ဆေးလိပ်နံ့က အဝေးကြီးထိ ပျံ့တယ်။ အဲဒီအနံ့ရရင် သားကောင် ပြေးရော”
ရဲတပ်ကြပ်ကြီး၏ ဟန့်တားမှုကြောင့် ကျွန်တော် ဆေးလိပ် ငတ်သည်။
ချောင်းစောက်ကုန်းပေါ်ရွာ ကိုနောက်တိုး လယ်နှင့် ဦးထွန်းတင် လယ်တွင် ဆတ်အုပ်တစ်အုပ် ဝင်စားနေကြောင်း သတင်းရသဖြင့် ကျွန်တော်နှင့် ရဲတပ်ကြပ်ကြီးတို့ လာချောင်းနေကြခြင်း ဖြစ်၏။
လယ်သမားတစ်ပိုင်း ကိုနောက်တိုးကို ဝင်ခေါ်ပြီး လမိုက်ညမှာ တောပစ်ထွက်ခဲ့ကြသည်။
ကိုနောက်တိုး၏ လယ်က ရွာနှင့် နီးသောကြောင့် ညဦးဘက်တွင် ဆတ် မဆင်းသေး။ အတွင်းပိုင်း တောစပ်မှ ဦးထွန်းတင် လျှိုလယ်တွင် ဆတ် ဆင်းနေလောက်ပြီ ယူဆသဖြင့် သွားချောင်းရန် စိတ်ကူးထား၏။
ခဏနား၍ ဆက်ထွက်လာခဲ့ကြသည်။ ကိုနောက်တိုးက ဓာတ်မီး မထိုးသေးဘဲ ကြယ်ရောင် မှုန်မှေးမှေးအောက်တွင် ရေးရေးထင်နေသော လယ်ကန်သင်း အတိုင်း လျှောက်သည်။ ရဲတပ်ကြပ်က သေနတ်ထမ်း၍ အလယ်က လိုက်၏။ ကျွန်တော်က ထုံးစံအတိုင်း နောက်ဆုံး။
ရေအောင်သော လယ်များမို့ ကန်သင်းရိုးက အတော်မြင့်မြင့် လုပ်ထားသည်။ ကန်သင်းရိုးမှ ချော်ကျလျှင် ခြေထောက် ထိခိုက်နိုင်၏။ လမ်းကို စမ်း၍ တဖြည်းဖြည်း နင်းသွားရသည်။
မြေစေး၊ မြေမလယ်များမို့ ရွှံ့များဖြင့် စေးပိုင်ချောကျိနေ၏။ ခြေသံ ရေသံ မထွက်အောင် ဖြည်းဖြည်းချင်း သွားရသောကြောင့် ခရီးမတွင်။ အတန်ကြာမှ ဦးထွန်းတင် လယ်ကွင်းကို ရောက်သည်။
ကိုနောက်တိုးထံမှ ကစ်… ကစ် ဆိုသောအသံ ထွက်လာ၏။ မီးထိုးတော့မယ်၊ ပစ်ဖို့အသင့်ပြင် ဆိုသော သင်္ကေတ။
ရဲတပ်ကြပ်က သေနတ်ကို ပခုံးပေါ်မှ ချ၍ ပြောင်းအပေါ် ထောင်လျက် မောင်း ကျိတ်တင်သည်။
ဓာတ်မီးရောင်က မိုးပေါ်သို့ ထောင် တက်သွား၏။ လယ်ကွင်းထဲတွင် သားကောင်ရှိလျှင် ဓာတ်မီးရောင်အတိုင်း လိုက်မော့ကြည့်ကြမည်။
မီးအောက် ပြန်ကျလာလျှင် ခေါင်းမော့ထားသော သားကောင်မျက်လုံးကို တန်းပြီး မီးရိုက်မိမည်။ အတော်စနစ်ကျသည့် မီးထိုးနည်းပင်။
မီးရောင်က တဖြည်းဖြည်း အောက်စိုက်ကျလာ၏။ မီးရောင် အစွန်ဘက် တောစပ်လယ်ကွင်းထဲတွင် မျက်လုံး လေး ငါးစုံခန့် တွေ့သည်။ မျက်လုံးများက မြေပြင်နှင့် အတော်ကွာကွာ အမြင့်မှာမို့ ဆတ်အုပ်ဖြစ်ပုံရ၏။
ဓာတ်မီးရောင် တဖျပ်ဖျပ် ကစားရင်း ကိုနောက်တိုး ရှေ့တိုးသွားသည်။ သားကောင်က ဝေးသေးသည်၊ အပိုင်ပစ်ဖို့ မလွယ်။ ရှေ့တိုးမှ အနီးကပ် ပစ်လို့ရမည်။ ကျွန်တော်တို့လည်း နောက်မှ ကပ်လိုက်ကြ၏။
လယ်ကွင်း အလယ်လောက် အရောက်၌ ကိုနောက်တိုးက စပါးပင်များ အကြားသို့ မီးတစ်ချက် ချပြသည်။ စပါးရွက် အကျိုးအပြတ် အစအနလေး များက ရေပေါ်မှာ ပေါ်နေလေ၏။ မကြာခင်အချိန်က ဆတ်စားသွားသော သင်္ကေတကို ကြည့်ကြဟု ကိုနောက်တိုး ပြောချင်ပုံရသည်။
မီးရောင် အနားနီးလာသဖြင့် မျက်လုံးတို့ အငြိမ်မနေကြတော့။ တောစပ်ဘက်သို့ တဖြည်းဖြည်း ရွေ့ကုန်ကြ၏။
ကိုနောက်တိုးက တောစပ်ဘက်သို့ မီး တစ်ချက် ဝေ့လိုက်ရင်း သားကောင်နှင့် တောစပ်အကြားကို ဖြတ်တက်လိုက်သည်။ မီးထိုးသမားကောင်း၏ အရည်အချင်းက ပေါ်လွင်လာသည်။
မီးယဉ်နေ၍ မီးထိုးမခံသော သားကောင်က ပြေးလျှင် တောကို အားကိုးပြီး ပြေး၏။ တောနှင့် သားကောင်ကြား ဖြတ်၍ မီးထိုးဟန့်တားနိုင်လျှင် သားကောင် မပြေးသာဘဲ ရပ်တန့်နေရတော့သည်။
မျက်လုံးများနှင့် ကိုက်သုံးလေးဆယ် အရောက်တွင် ကိုနောက်တိုးထံမှ “ကစ်… ကစ်” ဆိုသောအသံ ထွက်လာ၏။
ရဲတပ်ကြပ်သည် ကိုနောက်တိုး နံဘေး ပြေးကပ်၍ သေနတ်ကို တန်းချိန်သည်။ ကိုနောက်တိုးသည် မျက်လုံးတစ်လုံးနှင့် တစ်လုံး အကွာအဝေး အကျယ်ဆုံးသော သားကောင်ကို မီးချ ထိုးပေးလိုက်၏။
ကျောခိုင်း အနေအထားဖြင့် လည်ပြန်ကြည့်နေသည့် ဆတ်ကြီးတစ်ကောင်ကို တွေ့လိုက်ရလေသည်။ ပစ်ကွင်း ကျဉ်းနေသောကြောင့် ပစ်ကွင်းကျယ်စေရန် သူတို့နှစ်ယောက်က ဘယ်ဘက်သို့ သုံး လေးလှမ်း ရွှေ့၏။ ဆတ် ဘယ်လက်နောက်နားတည့်တည့်သို့ မီးအငြိမ် ထိုးထားပြီ၊ ပစ်တော့မည်။
“ဒိုင်း”
သေနတ်သံ ထွက်ပေါ်မလာမီ ဆတ်ကြီးက တွန့်ခနဲ ဖြစ်သွားကာ ထခုန်သည်။ ထို့နောက် အခြားသားကောင်များနှင့်အတူ ရေသံ တဝုန်းဝုန်း မြည်သံကြားတွင် ပြေးထွက် ပျောက်ကွယ်သွားလေ၏။
“ညွံ … ညွံ … ညွံ … ညွံ”
တောစပ်အဝင်ထိ တညွံညွံ အသံတွေ ပေးသွားသည်။
“ပစ်တာက ဆတ်ပါ။ ဘယ်လိုဖြစ်ပြီး ကျွဲအော်သလို အော်သွားပါလိမ့်။ ငါပဲ မျက်စိမှားသလား၊ ဒါမှမဟုတ် တောပဲ မှောက်သလား”
သားကောင်များ ဝင်ပြေးရာ တောအုပ်ဘက်သို့ မီးဝှေ့ထိုးရင်း ကိုနောက်တိုး ညည်း၏။
တစ်ဆက်တည်း ကျွန်တော်တို့ဘက် လှည့်ပြောပြန် သည်။
“ကျုပ်တို့တော့ အိမ်ကျွဲ မှားပစ်မိပြီ”
“မဖြစ်နိုင်ပါဘူး ကိုနောက်တိုးရယ်။ မီးရောင်မှာ ကျွန်တော် မြင်ရတာ ဆတ်မှ ဆတ် အစစ်ပါ။
ကိုနောက်တိုး ပြောသလို ကျွဲဆိုလည်း ကိစ္စမရှိပါဘူး။ ကျည်က မှန်မှ မမှန်ဘဲ။ သေနတ်သံ မထွက်ခင်ကတည်းက သားကောင် ထခုန်တာ ကျွန်တော် တွေ့တယ်”
“ကျည်က သားကောင်ဆီ ရောက်ပြီးမှ သေနတ်သံက မြည်တာ စာရေးလေးရဲ့။ ကျည်သွားနှုန်းက မြန်တယ်။ ကျည်မှန်လို့ သားကောင် ထခုန်တာပေါ့”
ရဲတပ်ကြပ်က ကျွန်တော် နားလည်အောင် ရှင်းပြသည်။ ကိုနောက်တိုး စိတ်မပူစေရန်လည်း ဖြေသိမ့်၏။
“ကျွဲ ဖြစ်နေတော့လည်း ပိုင်ရှင်ကို တောင်းပန်ပြီး လျော်ကြေး ပေးလိုက်တာပေါ့ဗျာ။ စိတ်ပူမနေပါနဲ့။ ရွာပြန်ကြမယ်။ ရွာမှာ ဘယ်သူ့ကျွဲ ပျောက်သလဲ၊ ဒဏ်ရာရသလဲ။ စုံစမ်းကြတာပေါ့”
ရဲအုပ်ကြီးစကားကြောင့် ကျွန်တော်တို့ ရွာပြန် စုံစမ်းကြသည်။ ရွာမှာ ဘယ်ကျွဲမှ မပျောက်။ အဝေးရွာက ကျွဲများ နယ်လွန်လာသလား တွေးထင်လိုက်ကြပြန်၏။
နေအတော်မြင့်ချိန်တွင် အဖြေပေါ်သည်။ တောထဲ မျှစ်ချိုးသွားသော ကိုနောက်တိုး၏ သားလေးက အပြေးပြန်လာပြော၏။
“အဖေရေး … ကရင်မလျှိုစပ်မှာ ဆတ်ကြီးတစ်ကောင် လဲသေနေတယ်။ ညက အဖေတို့ပစ်တဲ့ ဆတ် ဖြစ်မယ်။ ကျည်ရာက လက်နောက် မထိဘဲ နောက်နား နည်းနည်းရောက်သွားလို့ ချက်ချင်း မလဲတာ ဖြစ်မယ်။ ကျွဲအော်သံက ဆတ်အုပ်နဲ့ အတူတွဲ အစာစားနေတဲ့ ကျွဲတစ်ကောင်ကောင် လန့်အော်သွားတာ ဖြစ်မှာပါ အဖေ”
“ကိုနောက်တိုးရေ စွပ်ဖားလှည်းတပ်ဗျာ။ ဆတ်သေကောင် သွားတင်ကြမယ်။ စပါးရင့်မှည့်တဲ့အချိန်ထိတော့ ခင်ဗျားတို့လယ်တွေ ဆတ် ရန်က စိတ်အေးသွားရပါပြီ”
– ပြီး –
စာရေးသူ – မျှဝေ(ဥက္ကံ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ