(၁)
အဖြစ်အပျက်တို့က ယုံနိုင်ဖွယ်မရှိ။ ဤသတ္တလောကကြီး၌ ထူးဆန်းအံဖွယ်တို့က ကုန်ပင် မကုန်နိုင်တော့ချေ။ သဲထိတ်ရင်ဖို နိုင်လှပေ၏။သို့သော်လည်း ကြည်နူးဖွယ်ကောင်းပေ၏။ မည်သို့ သဲထိတ်ရင်ဖို အံဖွယ်ဆန်းက ကြည်နူးဖွယ်ကောင်းရသနည်းဟု မေးသော် အောင်မောင်းကိုသာ သာဓကဆောင်၍ ပြောရုံရှိတော့၏။
အောင်မောင်းသည် တောကိုမှီ၍ အသက်ရှင်သန်ရသော သူ ဖြစ်၏။ ရှင်းအောင်ဆိုရသော် အောင်မောင်းသည် တောအရပ်ရှိ သစ်ဝါးတို့ကို ခုတ်ယူရောင်းချ အသက်မွေးရသူ ဖြစ်သည်။ ရံဖန်ရံခါများတွင်တော့ တော၌ ကျင်လည်ကျက်စားကုန်သော ဖွတ်၊ ပဒပ်၊ ယုန် စသော တိရိစ္ဆာန်ငယ်လေးများကို အသားဟင်းလျာအဖြစ် ပစ်ခတ်စားသောက်ရသူ ဖြစ်၏။ အောင်မောင်းသည် ဖတဆိုးသားဖြစ်၏။ ဆင်းရဲသော မိခင်ကြီး ဒေါ်ခင်မြနှင့် အတူနေထိုင်၏။
ဒေါ်ခင်မြသည်လည်း တောသူသဘာဝ အအားနေသည်တော့မဟုတ်ချေ။ သားဖြစ်သူ ခုတ်ယူလာသော ထင်းများကို အလော်တော် အရွယ်အစား ထင်းခြမ်းအဖြစ် ခြမ်း၍ နှီးဖြင့်စည်းကာ ခေါင်းပေါ်ရွက် ရွာစဥ်လှည့် ရောင်းချ၏။ ရံဖန်ရံခါတွင် ရွာထဲ ပဲရွေးလိုက်၏။သားအမိနှစ်ယောက်ခမျာမှာ ထိုသို့ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေပါသော်လည်း ပိုလျံသည်မဟုတ်။ စားလောက်ရုံမျှသာ ရှိလေ၏။ မိုးတွင်းအခါ၌ ချက်စရာ ဆန်မရှိ၍ ချေးငှါးရသေး၏။ ဆင်းရဲတွင်းနက်လှသည့် သားအမိပင်။
_____________
(၂)
ထိုသို့ ဆင်းရဲတွင်းနက်လှသော သားအမိထံသို့ ဧည့်စိမ်းတယောက် ရောက်လာပုံကလည်း ထူးဆန်း၏။
တရက်တွင် အောင်မောင်းသည် ပုဆိန်နှင့် လွှကို ယူ၍ တောတက်၏။အမှန်တော့ ဒီနေ့ဒီရက်တွေမှာ တောမတက်ကြရန် ရွာသားများကို ရွာလူကြီးက တားမြစ်ထား၏။ တလောလေးက ရွာအနီးကပ်လာသော ကျားတကောင် သေနတ်ဒါဏ်ရာနှင့် တောထဲ ဝင်ပြေးသွား၏။ ထို့ကြောင့် တောသည် အန္တရာယ်များလေ၏။
တောသည်လည်း ထင်းခုတ်ယူသူ များလာသဖြင့် ယခင်ကလောက် သစ်ကောင်းဝါးကောင်း မပေါတော့ချေ။ သို့ပေမဲ့ တနေ့လုပ်မှ တနေ့စားရသည့် အောင်မောင်းအဖို့ ကျားကိုလည်း မကြောက်နိုင်သလို၊ ရွာလူကြီး၏ တားမြစ်ချက်ကိုလည်း မလိုက်နာနိုင်ပေ။ ဝမ်းရေးအတွက် ထင်းခုတ်ထွက်ခဲ့ရ၏။
ခက်သည်က အပင်ပန်းခံ တောနက်အတွင်းပိုင်းသို့ ဝင်နိုင်မှသာ သစ်ကောင်းရနိုင်၏။
ထို့ကြောင့် အောင်မောင်းသည် မိခင်ကြီး ထည့်ပေးလိုက်သော ထမင်းထုပ်ကို ယူ၍ တောအတွင်းပိုင်းသို့ရောက်အောင် မိုးမလင်းခင်ကပင် အိမ်မှ ထွက်ခဲ့လေ၏။ ဝီရိယလွန်မှ သူ့အတွက် အကျိုးရှိမည်မဟုတ်လော။ နောက်တခုက အခုလို စောစောထွက်တော့ ရွာလူကြီး မမြင်နိုင်ချေ။
တော၏ အတွင်းပိုင်း ဝင်ရာမှာ အင်မတန် သတိထားရ၏။ ရံဖန်ရံခါ၌ သားရဲတိရိစ္ဆာန်ကြီးတို့သည် အောင်မောင်းတို့ ရွာအနီးက စားကျင်ကွင်းသို့တိုင် နယ်ကျွံလာတတ်သည်မဟုတ်လား။
အထူးသဖြင့် နယ်ကျွံလာသော ကျားဆိုးများသည် အလွန်ကြောက်မယ်ဖွယ်ရာ ကောင်းလှသည်။
သူတို့ရွာအနီး ရောက်လာသော ကျားအကြောင်းကို အောင်မောင်း ဤသို့ ကြားခဲ့ရသည်။
______________
(၃)
တလောလေးကပင် ဘဒွေးဦးခိုင်ကြီးရဲ့ ကျွဲ ၊ စားကျက်မှာ လွှတ်ကျောင်းထားရာ၊ ကျားဆွဲခံရ၏။
ကျားသည် အလွန်သန်မာ၏။ ကျွဲကို စားကျက်နှင့်ဝေးရာ တမိုင်လောက်အထိ ကိုက်ချီသွားလေ၏။ ရွာကလူတွေ စုဝေးရှာကြသည့်အခါ တမိုင်သာသာခန့်ဝေးသည့် မြက်ရိုင်းတောထဲနေရာ၌ ကျွဲကို ဗိုက်ဟောင်းလောင်းနှင့် ပြန်တွေ့ရသည်။ တချို့တဝက်ကို ကျားက စားထား၏။ ကျားကိုမူ မတွေ့ရတော့ချေ။
ရွာထဲမှာ မုဆိုးရင့်မာကြီးတွေ ရှိ၏။ ထိုမုဆိုးတို့သည် ၎င်းတို့၏ မုဆိုးလိုက်သမ္ဘာအရ၊ ကျားသည် ကျွဲသေကို ပြန်လာစားမည်ကို အတတ်သိကြလေ၏။ ဒီလောက်ကြီးတဲ့ ကျွဲရဲ့အသားကို ကျားသည် သေချာပေါက် ပြန်လာစားမည်ဖြစ်၏။
ထို့ကြောင့် အနီးနားက သစ်ပင်ကြီးပေါ်တက်၍ ကျား ပြန်အလာကို စောင့်ဆိုင်းကာ အသေ ပစ်ခတ်ရန် တိုင်ပင်ကြသည်။ အားလုံးက သဘောတူကြ၏။
ဘာလို့လဲဆို ကျားသည် ရွာအနီးသို့ မကြာခဏ လာကပ်တတ်၍ ဖြစ်သည်။ ယခုအခါ ကျွဲ နွားကို ဆွဲသည်မှန်ငြားလည်း ၊ နောင်တွင် ရွာသားတို့ကို ဒုက္ခပေးလာနိုင်၏။ ထို့ကြောင့် ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ်ကို ကြိုရှင်းလင်းကြရန် အားလုံးက သဘောညီကြလေ၏။
ကျွဲသေအနီးက မြက်ရိုင်းအချို့ကို ရှင်းကြသည်။ ပစ်ကွင်းကောင်းရန်ဖြစ်၏။ သစ်ပင်ပေါ်တွင် လင့်စင်ထိုးသည်။ ထိုလင့်၌ မုဆိုးနှစ်ဦး တက်ရောက်နေရာ ယူကြသည်။ တဦးမှာ ဝါရင့် မုဆိုးဖြစ်ပြီး၊ ကျန်တဦးမှာ သူ၏ လက်ထောက်ဖြစ်လေ၏။
မှောင်စပျိုးချိန်လောက်မှာ ပတ်ဝန်းကျင်က ငှက်တွေ လှုပ်လှုပ်ရွရွနှင့် ဆူညံလာကြသည်။ အသံမျိုးစုံ ထွက်ပေါ်လာကြ၏။ တော၏ သဘာဝအရ တိရိစ္ဆာန်ငယ်များသည် သူတို့၏ အန္တရာယ်ကို အချင်းချင်း အသိပေးကြခြင်း ဖြစ်သည်။ လင့်ပေါ်မှ မုဆိုးနှစ်ဦးသည် ၎င်းတို့ ခါးပတ်ပြားကြီးတွင် တပ်ဆင်ထားသည့် ကျည်ဆန်ဘူးထဲမှ ကျည်ဆန်ငါးတောင့်စီကို ဆွဲထုတ်ကာ ရိုင်ဖယ်မောင်းတံကို နောက်သို့ဆွဲထုတ်၏။ ကျည်ဆန်ငါးတောင့်ကို ရိုင်ဖယ်ဇလုတ်ထဲသို့ ဖိ၍ သွတ်ချလိုက်ပြီး မောင်းတံကို ရှေ့သို့ဖိ၍ ထိုးတင်လိုက်ကာ သော့ပိတ်လိုက်သည်။
လင့်ပေါ်က မုဆိုးနှစ်ယောက်သည် မြက်တောအစပ်ကို လှမ်းကြည့်လိုက်ကြ၏။ သူတို့လက်ထဲက သေနတ်များကိုလည်း အသင့်ပြင်ထားလိုက်ကြသည်။ပစ်ခတ်ရန် အသင့်ပင်။
ကျားသည် အိန္ဒြေကြီးစွာဖြင့် ကျွဲသေရှိရာသို့ တလှမ်းချင်း တိုးကပ်လာသည်ကို သူတို့မြင်လိုက်ကြရသည်။ ကျားသည် ဧရာမကျားကြီးတကောင် ဖြစ်၏။ မျက်လုံးများက စိမ်းဖန့်နေကြသည်။
ကျွဲသေအနီး ရောက်သည့်အခါ ကျားကြီးသည် ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။ ကျားသည် အလွန်ပါးနပ်၍ ကောက်ကျစ်သော သတ္တဝါဖြစ်လေ၏။
လူသားကို စားဖူးသော ကျားသည် ပို၍ ကောက်ကျစ်ပါးနပ်လေ၏။ အမဲလိုက်မုဆိုးတို့၏ ပရိယာယ်ကို ခန့်မှန်းနိုင်စွမ်းသည်။ ယခုလည်း ကျားကြီးသည် ကျွဲသေ၏ ဝန်းကျင်က မြက်ရိုင်းရှည်များကို ခုတ်ထွင်ထားသည်ကို သိရှိသွားဟန်တူ၏။
ကျွဲသေကို မစားသေးဘဲ၊ ဝန်းကျင်ကို အကဲခတ်လေ့လာနေ၏။ လင့်ပေါ်မှ မုဆိုးနှစ်ဦးသည် တဦးကို တဦး မျက်စပစ်ပြလိုက်သည်။ သဘောကတော့ ကျားကို ပိုင်နိုင်မှ ပစ်ခတ်ကြရန် ဖြစ်သည်။
မုဆိုးတဦးသည် ကျား၏ သေကွင်းသေကွက်ကို အသေအချာ ချိန်ရွယ်နေ၏။ ကျန်တဦးမှာ အခြေအနေကို စောင့်ကြည့်ပေးနေသည်။
ထိုအခိုက်မှာ … ၎င်းမုဆိုးနှစ်ဦးရှိသော သစ်ပင်မှ …
” ဂွစ် ဂွစ် … ဂီး “
ငှက်ဆိုးတကောင်က အသံပေးလိုက်ခြင်း ဖြစ်သည်။ ကျားသည် ငှက်ဆိုး၏ အသံကြားရာ သစ်ပင်သို့ တချက်မော်ကြည့်လိုက်သည်။
သစ်ပင်ဂွဆုံက မုဆိုးတို့ကို မြင်တွေ့သွားဟန်တူ၏။
” ဂါး … ဝေါင်း “
တချက်မျှ မာန်ဖီ၍ နောက်သို့ တရွေ့ရွေ့ ဆုတ်သည်။
” ဒိုင်း “
သေနတ်သံက တောလုံးမျှ ဟိန်းထွက်လာ၏။ အလွန်လည်သော ကျားသည် နောက်ဂျွမ်းပစ်၍ မြက်ရိုင်းတောအစပ်သို့ ရောက်သွား၏။
ကျည်ရိုက်သံ၊ မောင်းထိုးသံနှင့်အတူ သေနတ်သံ နှစ်ချက် ထပ်မံ ထွက်ပေါ်လာ၏
” ဒိုင်း ဒိုင်း “
လင့်စင်ပေါ်မှ ယမ်းပွင့်မီးရောင် လင်းလက်သွားသည်။ ကျားသည် ကျည်ထိသွားဟန်တူ၏။ ဖေါက်ခနဲ လဲကျသွားသည်။သို့သော် ချက်ကောင်းကို ထိဟန်မတူ။
နောက်တကြိမ် သေနတ်အား မောင်းထိုးတင်သည့်အသံ ကြားရသည့်အခါ၊ ဒါဏ်ရာ ရထားသော ကျားသည် မြက်ရိုင်းတောထဲမှ တဟုန်ထိုး ထွက်ပြေသွား၏။
လင့်ပေါ်မှ မုဆိုးနှစ်ဦးသည် အမြန်ဆင်းလာကြ၏။ မြက်ရိုင်းပေါ်မှာ ကျား၏ သွေးစက်များကို ပေကျံနေသည်မြင်လိုက်ကြရသည်။
သူတို့သည် ထိုသွေးစက်များကို ခြေရာခံ၍ လိုက်ကြပြန်၏။ တောစပ်၌ ကျားသည် မြေပေါ်လဲကျနေသည်ကို မြင်တွေ့လိုက်ရသည်။
မုဆိုး လက်ထောက်ဖြစ်သူက ကျားကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်၏။ ကျားသည် မျက်လုံးများပိတ်လျက် မလှုပ်မယှက် ငြိမ်သက်နေသည်ကို မြင်လိုက်ရသည်။
ကျား သေပြီဟု ထိုမုဆိုးလက်ထောက်က ယူဆဟန်တူ၏။ ကျားအနီးသို့ တိုးကပ်သွားသည်။
မုဆိုးခေါင်းဆောင်က ဟေ့ ဟု လှမ်းအော်တားမြစ်၏။ သို့သော် လက်ထောက်သည် ကျားအနီးသို့ ရောက်သွားပြီ ဖြစ်၏။
ရုတ်တရက် ကျားသည် ဝုန်းခနဲ ထလာပြီး အနီးရောက်လာသော မုဆိုးလက်ထောက် ခုန်အုပ်လိုက်သည်။
ကျားနဲ့ လူ လုံးထွေးနေသည်ဖြစ်ရာ မုဆိုးခေါင်းဆောင်မှာ သေနတ်ဖြင့် ချိန်ရွယ်ထားသော်လည်း မပစ်ခတ်နိုင်။
အမှန်တော့ ကျားသည် စဥ်းလဲစွာ သေဟန်ဆောင်နေခြင်း ဖြစ်သည်။ မုဆိုးခေါင်းဆောင်က သမ္ဘာရင့်သူ ဖြစ်သောကြောင့် ကျား သေ/မသေကို သံသယရှိ၏။ မျက်လုံးပွင့်လျက် လဲကျနေခြင်းကသာ အမှန်တကယ် သေဆုံးခြင်း ဖြစ်နိုင်ချေများ၏။ ထိုသို့ မျက်လုံးပိတ်ထားလျင် မုဆိုးသည် ကျားကို အထင်သေး၍ မရချေ။ ယခုတော့ အမဲလိုက်သက်နုသော မုဆိုးလက်ထောက်သည် ကျားစဥ်းလဲအား အထင်သေး၍ အကိုက်ခံရလေပြီ။
မုဆိုးခေါင်းဆောင်၏ အရှေ့သို့ ဘုတ်ခနဲ လက်တဖက် ကျလာ၏။ လက်ပြတ်ကြီးသည် သွေးချင်းချင်း နီရဲနေသည်။ ကျားသည် မုဆိုးလက်ထောက်ကို ကိုက်ဖြဲ၍ တောတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီ ဖြစ်၏။
မုဆိုးခေါင်းဆောင်ကား သူ၏ လက်ထောက်ဖြစ်သူ အလောင်းအားကြည့်၍ ထွက်ပြေးသွားသော ပါးနပ်စဥ်းလဲသည့် ကျားဆိုးကို ဒေါသထွက် ကျန်ရစ်လေ၏။
_____________
(၄)
ပခုံးတထမ်းစာ ထင်းစည်းအရှည် ရတော့ အောင်မောင်း ခဏတဖြုတ် အမောဖြေ၏။
အချိန်က ညနေစောင်းပြီ ဖြစ်၏။ ကြာကြာ နား၍ မဖြစ်။ ယခုအချိန်ထိတော့ သူ မည်သည့်အန္တရာယ်ကိုမျှ မတွေ့ရသေး၍ ကံကောင်းသည်ဟု ဆိုရမည်။
လွှကို ထင်းစည်းမှာ ကပ်ချည်သည်။ ပုဆိန်ကို ခါးပတ်မှာ ထိုး၏။ ထင်းစည်းကို ပခုန်းတဖက်ပေါ် ထမ်းတင်၍ တောလမ်းအတိုင်း ပြန်ခဲ့သည်။
အောင်မောင်း မိုင်ဝက်သာသာလောက် လျှောက်လာခဲ့မိတော့ ၊ သူ့နားထဲ ငြီးငြူသံ သဲ့သဲ့ကြားလိုက်သည်။ သူ့ခြေလှမ်းတွေ တန့်သွား၏။ ခါးကြားက ပုဆိန်ကို လက်တဖက်ဖြင့် စမ်းလိုက်သည်။ အသံက ထပ်မံထွက်ပေါ်လာ၏။ ဒီတခါ ပီသ၏။
” အား ကျွတ် ကျွတ် … ကယ်ကြပါအုံး “
ခြုံတခု နောက်ကွယ်က ထွက်ပေါ်လာခြင်း ဖြစ်သည်။ အသံမှာ ယောက်ကျားသံဖြစ်၏။ အောင်မောင်းသည် အသံရှင်ကို စိတ်ဝင်စားသွားသည်။ ဘာများ ဖြစ်နေသလဲဟု သိချင်စိတ်ကဲလာ၏။
ထို့ကြောင့် ထင်းစည်းကို မြေပေါ် အသာချကာ၊ ပုဆိန်ကို လက်မှာ တင်းတင်းဆုပ်ကိုင်ရင်း ခြုံနောက်သို့ ပတ်လျှောက်သွားသည်။
တွေ့ပါပြီ။ အသက် ၂၀ခန့် လူငယ်တဦးသည် ကျောက်ကမူတခုကို ကျောမှီ၍ ငြီးငြူနေခြင်းပင်။ သူ အသေအချာကြည့်တော့ ထိုလူငယ်၏ ခြေထောက်တဖက်မှာ သွေးစခြောက်များ ပေကျံနေ၏။
” ကယ်ပါအုံးခင်မျာ ၊ ကျွန်တော် သေရတော့မယ် ထင်ပါတယ် “
လူငယ်က အောင်မောင်းအား မြင်တွေ့သွားသည့်အခါ အကူအညီ တောင်းခံရှာသည်။ အောင်မောင်းလည်း ပုဆိန်ကို ခါးပတ်မှာ ပြန်ထိုးပြီး ထိုလူငယ်အနီး လျှောက်သွားလိုက်၏။
” ဘာဖြစ်တာလဲ ၊ ခြေထောက်မှာလဲ ဒါဏ်ရာကြီးနဲ့ … “
အောင်မောင်းက လူငယ်၏ ခြေထောက်အနီး ထိုင်ချလိုက်သည်။ လူငယ်၏ ဘောင်းဘီခြေစကို အပေါ်သို့ ဆွဲတင်ခေါက်ပေးပြီး ဒါဏ်ရာကို ကြည့်လိုက်သည်။
” အိုး ! မင်း ဒါဏ်ရာက မနည်းပါလား၊ အသားတွေတောင် ပုပ်နေပြီ “
” ဟုတ်ပါတယ်ခင်မျာ ၊ ကျွန်တော့ကို ကျားတကောင်က ကိုက်သွားတာပါ။ ကျွန်တော်လဲ ပါလာတဲ့ ဓါးနဲ့ အတင်းပြန်ခုတ်တော့ ကျားမျက်နှာကို ခုတ်မိတယ် ထင်ရဲ့။ သူလဲ နာကျင်ပြီး ကျွန်တော့ကို ဆက်ရန်မမူနိုင်တော့ဘဲ ၊ ထွက်သွားတယ်ခင်မျ။
ကျွန်တော့မှာတော့ ဒီဒါဏ်ရာကြီးနဲ့ လမ်းဆက်မလျှောက်နိုင်ဘဲ၊ အခုလို ဝေဒနာ ခံစားနေရတယ်ပေါ့ခင်မျာ။ ဒီက နောင်ကြီး ကျွန်တော့ကို ကယ်ပါနော် ။ ဒီတောထဲကနေ ခေါ်သွားပေးပါခင်မျာ ၊ ကျေးဇူး မမေ့ပါဘူး “
” အင်း လူ့အသက်တချောင်းကို ကယ်ကောင်းပါတယ်လေ။ ထင်းစည်းကို နောက်နေ့မှ လာယူတာပေါ့ ။ ဒီလူငယ်ကို ငါဖေးမ ခေါ်သွားပြီး ဆေးကုသပေးရမယ် “
ထိုသို့ လူသားချင်းစာနာသည့် အကြံဖြစ်ပေါ်ပြီး အောင်မောင်းသည် လူငယ်ကို ရွာသို့ ခေါ်လာခဲ့လေတော့၏။
လူငယ်မှာ အသားညိုညို၊ အရပ် ၅ပေ ၆လက်မခန့် ရှိမည်။ ခြေကြမ်း လက်ကြမ်း၏။ခန္ဓာကိုယ်တုတ်ခိုင်၏။ မြို့သား မဖြစ်နိုင်။ သို့သော် သူတို့ရွာကလည်းမဟုတ်ချေ။
နောက်တော့ လူငယ်က ပြောပြ၍ သိရ၏။ ဆင်ဖမ်းအဖွဲ့နှင့် အတူပါလာသော လုပ်သားတဦးဖြစ်ပြီး၊ နာမည်မှာ မောင်ဇံဖြစ်၏။ဗမာလူမျိုးမဟုတ်။တောင်ပေါ် ချင်းတိုင်းရင်းသားဖြစ်သည်။ သူ၏ တိုင်းရင်းသားအမည်ရင်းကို မခေါ်တတ်ကြ၍ မောင်ဇံဟု အမည်ပြောင်းထားခြင်း ဖြစ်သည်။
ဒါဏ်ရာများ ပျောက်ကင်းသည်အထိ၊ အောင်မောင်းတို့သားအမိက မောင်ဇံကို ကုသပေးကြသည်။ သူတို့ရှိသည့် ထမင်းဟင်းကို ကျွေး၏။
တလကျော် ကြာမြင့်သည့်အခါ မောင်ဇံ၏ ဒါဏ်ရာ သက်သာပျောက်ကင်းသွားသည်။ သို့သော် မောင်ဇံသည် ဆင်ဖမ်းအဖွဲ့ထံ ပြန်မသွားတော့ဘဲ၊ အောင်မောင်းတို့သာအမိ၏ အလုပ်များကို ကူညီ၏။
မောင်ဇံသည် အင်မတန် ဖင်ပေါ့၏။ အိမ်ရှိ အလုပ်ဟူသမျှ ဒိုင်ခံလုပ်ရှာသည်။ ယခုအခါ အောင်မောင်း အမေ ဒေါ်ခင်မြသည် ထင်းစည်းခေါင်းရွက် ရောင်းရုံပင်။ ထင်များကို ပင်ပင်ပန်းပန်း ခွဲခြမ်းစရာမလိုတော့ချေ။ မောင်ဇံက အားကောင်းမောင်းသန်ဖြင့် ထင်းများကို အရွယ်ညီ ခုတ်ခြမ်းပေး၏။
ရလာသော ထင်းအတိုများကို သေချာစွာ နှီးဖြင့်စည်းပေး၏။
ညဘက် အိပ်ယာဝင်ချိန်တိုင်း အစ်ကိုကြီး အောင်မောင်းနှင့် မိခင် ဒေါ်ခင်မြကို ခြေဆုပ်လက်နယ် ပြုပေးရှာ၏။ ထို့ကြောင့် သိတတ်လိမ်မာသော မောင်ဇံကို အောင်မောင်းတို့သားအမိက ပြန်သွားမည်ကိုပင် စိုးနေကြ၏။
မောင်ဇံမှာ ထူးခြားချက် တခုရှိ၏။သူသည် မည်သည့်အခါမှ အောင်မောင်း၏ အဝတ်များကို ယူမဝတ်ချေ။အောင်မောင်းက ယူဝတ်ပါဟု ခွင့်ပြုသော်လည်း မဝတ်ချေ။
သူ့၌ပါလာသော အဝတ်ကိုသာ ဝတ်၏။ ခက်သည်က မောင်ဇံ၏ အဝတ်အိတ်၌လည်း အပိုတစုံသာပါ၏။ အောင်မောင်းခမျာလည်း တတ်နိုင်သူမဟုတ်၍ အဝတ်သစ်တို့ ဝယ်မပေးနိုင် ဖြစ်နေ၏။
တခုသော ညဦး၌ ထမင်းစားသောက်ပြီးနောက် ခြံဝန်းထဲက ဝါးကွပ်ပြစ်တွင် အောင်မောင်းနှင့် မောင်ဇံတို့ ဆေးပေါ့လိပ်ဖွာရင်း စကားစမမြည် ပြောနေကြ၏။
မောင်ဇံက …
” အစ်ကိုကြီး ဒီတခါ တောတက်ရင် ကျွန်တော်ပါ လိုက်မယ် “
” ဟေ! မလိုက်ပါနဲ့ မောင်ဇံရယ်။ မင်းအနာက ရှင်းအောင် ပျောက်သေးတာမှ မဟုတ်တာ “
” ပျောက်ပါပြီ အစ်ကိုကြီးရ၊ ကျွန်တော်ပါတော့ အစ်ကိုကြီး ထင်းပိုရတာပေါ့ “
” အိုကွယ် ငါတယောက်နဲ့ပဲ စားလောက်နေတာပဲ။ ငါ့ညီ အမေနဲ့ နေခဲ့ပါ။ အစ်ကိုကြီး မပင်ပန်းပါဘူးကွယ် “
” ဒီလိုပါ အစ်ကိုကြီး၊ ကျွန်တော်လဲ အိမ်အလုပ်ချည်း လုပ်ရတာ ပျင်းလာပြီ။ အစ်ကိုကြီးနဲ့အတူ တောတက်ချင်တယ်။ အပိုဝင်ငွေလေး ရတော့ အဆင်မပြေဘူးလား “
” ဒါပေမဲ့ … မင့်အနာက … “
” ပြောပြီးပါကော … အနာက သက်သာနေပါပြီ ။ နောက်တခုက ကျွန်တော် ဆင်ဖမ်းအဖွဲ့မှာ နေတုန်းက ဒူးလေးတချောင်းနဲ့ အမဲပစ် ထွက်ဖူးတယ် အစ်ကိုကြီးရ။
ဟင်းစားရတဲ့အပြင် ပိုလျှံရင် အသားကို ရွာထဲ ရောင်းလို့ရတာပေါ့”
” တို့မှာက ဒူးလေးမှ မရှိဘဲ ညီလေးရယ် “
” အစ်ကိုကြီး အဲ့သလို ပြောမှာ အသိသား။ ဒူးလေးအတွက် မပူနဲ့။ ကျွန်တော် အိမ်မှာ နေတဲ့ကာလအတွင်း ကိုယ့်ဖာသာ ဒူးလေးတချောင်း လုပ်ထားတယ်။ ဒီမှာကြည့်”
မောင်ဇံက ဝှက်ထားသည့် ဒူးလေးကို ထုတ်ယူပြ၏။ ဒူးလေးရော မြှားကျည်တောက်ပါ လုပ်ထားပြီး ဖြစ်၏။
” ဖြစ်ပါ့မလား မောင်ဇံ။ အစ်ကိုကြီးက ထင်းခုတ်ပဲ တတ်ကျွမ်းတာနော်။ ပြီးတော့ ဖွတ် ပဒပ် ယုန်လောက်သာ လေးဂွနဲ့ ပစ်တတ်တာ။ မင့် ဒူးလေးတော့ မပစ်တတ်ဘူးကွဲ့။ နောက်တခုက တောမှာ အမဲကောင် လိုက်တာမျိုး မလုပ်ဖူးဘူး “
အောင်မောင်းက ရိုးသားစွာ ပြောလိုက်ခြင်းပင်။ မောင်ဇံက သူ အမဲလိုက်ဖူးကြောင်း ရှင်းပြ၏။
” ဖြစ်ပါတယ် အစ်ကိုကြီး၊ ကျွန်တော်က ဆင်ဖမ်းအဖွဲ့မှာ အလုပ်မဝင်ခင်ကတည်းက ကျွန်တော်တို့ဒေသ တောင်ပေါ်မှာ အမဲပစ်နေကျပါ ။ မုဆိုးတို့ ထားအပ်တဲ့ ကျင့်ဝတ်စည်းကမ်းတွေလဲ အကုန်သိပါတယ် ၊ လိုက်ခွင့်သာ ပြုပါ အစ်ကိုကြီးရယ် “
မောင်ဇံက စိတ်အားတက်ကြွစွာ တောလိုက်ချင်နေ၏။ အောင်မောင်းလည်း သူ့ညီ စိတ်ချမ်းသာစေရန်အတွက် သက်ပြင်းချရင်း သဘောတူပေးလိုက်ရှာသည်။
” အေးကွယ်၊ မင့်က သိပ်ကိုလိုက်ချင်နေသပဆိုတော့လဲ အစ်ကိုကြီး မတားတော့ပါဘူး။ လိုက်ခဲ့ပေါ့ “
မောင်ဇံမျက်နှာက ကောင်းကင်၌ သာနေသော လပြည့်ဝန်းပမာ။ ကြည်လင် ဝမ်းမြောက်သွားလေ၏။
__________
(၅)
အဲ့ဒီနောက်ပိုင်းမှာ အောင်မောင်းတို့ သားအမိတတွေဟာ မောင်ဇံကြောင့် ချောင်လည်လာ၏။
မောင်ဇံဟာ ပထမတခေါက်ပဲ အောင်မောင်းနဲ့ တောအတူတက်၏။ နောက်အခေါက်များတွင်တော့ သူ့ဖာသာ တောတက်၍ အမဲလိုက်လေ့ရှိသည်။
မောင်ဇံ အမဲလိုက်သွား၍ ပြန်လာသည့်အခါ၊ သူ့ပခုန်းထက်၌ ချေ၊ ဒရယ် စသည့်တောကောင်တို့ တခုမဟုတ် တခုတော့ ပါလာတတ်စမြဲပင်။
ရွာခံမုဆိုးများပင် မောင်ဇံလောက် အမဲသားကောင် ရခြင်းမရှိချေ။ မောင်ဇံအား ရွာခံမုဆိုးများကပင် ချီးမွှမ်းကြ၏။
တခုတော့ ရှိ၏။ မောင်ဇံ အမဲလိုက်ရလာသည့် သားကောင်မှန်သမျှမှာ လည်ပင်းကို ခုတ်ဖြတ်ထား၍ ဦးခေါင်းမပါရှိချေ။
အောင်မောင်းက မေးသည့်အခါ၊ မောင်ဇံက ရယ်ရယ်မောမောနှင့် …
” ဒါက ကျွန်တော့ရဲ့ အထူးလျို့ဝှက်ချက် အစ်ကိုကြီးရ။ ဒါပေမဲ့ အစ်ကိုကြီးကိုတော့ အမှန်အတိုင်း ဝန်ခံပါ့မယ်။ ဒီလို အစ်ကိုကြီးရေ … ကျွန်တော် တောဝင်တိုင်း တောပိုင်တောင်ပိုင်တွေကို ကတိသစ္စာပြု ဝင်လေ့ရှိတယ်။
ဒီကနေ့ အမဲရပါက တောပိုင်တောင်ပိုင်များကို ရရှိသည့် အမဲကောင်၏ ဦးခေါင်းအား မပျက်မကွက် ဆက်သပါမည် လို့ ကတိသစ္စာပြုပြီးမှ အမဲလိုက်တာလေ။ ဒါကြောင့် ရတဲ့ အမဲရဲ့ လည်တိုင်ကဖြတ်ပြီး ဦးခေါင်းကို ပူဇော်ထားခဲ့တယ် အစ်ကိုကြီးရ “
” ဟေ! မင့်ဟာက အထူးအဆန်းပါလား မောင်ဇံရယ်။ တို့ရွာက မုဆိုးများကတော့ အမဲရရင် နားရွက်လောက်သာ လှီးဖြတ် ပူဇော်ကြတယ်။ ဦးခေါင်းတခုလုံးတော့ ချန်မထားရစ်ပါဘူးကွယ် “
” အော် … ပြောပြီးပါကော အစ်ကိုကြီးရဲ့ ။ ကျွန်တော်က ခုလို ဦးခေါင်းတခုလုံး ပူဇော်ပသခဲ့လိုပဲ၊ သူတို့ထက် အမဲပိုရတာမဟုတ်ဘူးလား “
မောင်ဇံပြောနေတာကလည်း ဟုတ်သလိုလိုရှိတော့၊ အောင်မောင်းသည် ထိုကိစ္စကို ထပ်မမေးဖြစ်တော့ပေ။ ထို့နောက်များတွင်တော့ မောင်ဇံ ရလာသော တိရိစ္ဆာန်များမှာ ဝမ်းတွင်းကလီစာ မပါသည့်အခါလည်း ရှိ၏။ တခါတရံမှာတော့ အသားတချို့ ယုတ်လျော့နေပြန်သေး၏။
ဘယ်တော့မှ မောင်ဇံ ရလာသော အမဲသည် ပြည့်ပြည့်စုံစုံ ရှိသည်မဟုတ်ချေ။ သို့ပေမဲ့ ရလာသည့် အသား၊ သားရေတို့ကို ရောင်းချနေရ၍ အောင်မောင်းတို့သားအမိမှာ အတော်ပင် အဆင်ပြေချောင်လည်လာခဲ့၏။
ယခုဆို မောင်ဇံကြောင့် သူတို့အိမ်လေးသည် ယခင်ကလို မိုးရွာလျင် မလုံမလဲ နေစရာမလိုတော့ချေ။ သက်ကယ်မိုး ထရံစုပ်ကာ တဲအိမ်ကလေးနေ သွပ်မိုး၊ ဝါးထရံကာ အိမ်အသစ်လေးအဖြစ် တောင့်တောင့်တင်းတင်း ပြောင်းလဲသွားပြီ ဖြစ်သည်။
ဆန်ဆိုလည်း အိတ်လိုက်၊ ဆီဆိုလည်း ပုံးအပြည့်။ အသားစို အသားခြောက်မှာ စား၍ပင် မကုန်ချေ။ယခင်က အပိုပိုက်ဆံ မကိုင်ဖူးရှာသည့် ဒေါ်ခင်မြခမျာမှာ အခုဆို ပိုက်ဆံကို အထပ်လိုက် ကိုင်နိုင်သွားပြီဖြစ်၏။
အောင်မောင်းမှာ မောင်ဇံအား ညီတယောက် ကောက်ရသည့်အလား အလွန်ချစ်ခင်ရှာ၏။ မောင်ဇံအတွက် အဝတ်သစ်တို့ကို ဝယ်ပေးရှာသည်။
” ဘာလုပ်ဖို့လဲ အစ်ကိုကြီးရာ၊ အဝတ်သစ်တွေ ကျွန်တော် မဝတ်ချင်ပါဘူး။ အစ်ကိုကြီးသာ ဝတ်ပါ။ ကျွန်တော့်မှာ အဝတ်နှစ်စုံ ရှိနေရင်ပဲ ပြည့်စုံပါပြီ။ ပြီးတော့ ကျွန်တော့မှာ အစ်ကိုကြီးနဲ့ အမေသာ ရှိနေရင် ဘာမှ ထပ်မလိုတော့ပါဘူးခင်မျ “
မောင်ဇံက ထိုသို့ ပြောလျင် အောင်မောင်းခမျာမှာ မျက်ရည်များ ဝဲတက်လာသည်အထိ ကြည်နူးရှာ၏။ ဒေါ်ခင်မြသည်လည်း ထို့အတူပင်။ ကျေးဇူးသိတတ်သော မောင်ဇံအပေါ် သူတို့သားအမိသည် အချစ်ပိုကြလေ၏။ သူတို့ သားအမိ သုံးယောက်မှာ တဦးကိုတဦး မေတ္တာဖြင့် ထုံမွှမ်းထားကြ၍ ပျော်ရွှင်ဖွယ် မိသားစုတစု ဖြစ်ခဲ့သည်။
သို့သော် ၆လခန့်အကြာ၌ သူတို့အကြားသို့ ကောလဟလ သတင်းတခုက ဝင်ရောက် မွှေနှောက်လာခဲ့သည်။ အဲ့ဒါကတော့ ရွာခံမုဆိုးတယောက်ထံမှ စခဲ့ခြင်းပင် ဖြစ်သည်။မနာလို၍ ပြောလေသလားမသိ။ ကောလဟလမှာ တဆင့်စကား တဆင့်နားဖြင့် တရွာလုံးသို့ ပျံ့နှံ့ကာ အောင်မောင်းတို့မိသားစုကို အများက စောင့်ကြည့်ခြင်းကို ခံရလေတော့သည်။
____________
(၆)
” ကျုပ် လိမ်မပြောဘူးဆိုတာ သစ္စာဆိုရဲပါတယ် ။ ကျုပ်မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရလို့သာ ၊ နို့မဟုတ်ရင် ဒီစကားကို ကျုပ် ဘယ်ပြောရဲပါ့မလဲ ။ ဒီကောင် မောင်ဇံ ကျုပ်တို့ထက် အမဲ ပိုရတာ တခြားကြောင့်မဟုတ်ဘူး။ မောင်ဇံက … “
ကြားရသည့် လူများက ရွာခံမုဆိုး တင်ထွန်းစကားကြောင့် ဟင်ခနဲ ဟာခနဲ ဖြစ်ကုန်ကြသည်။
” သမန်းကျား “
ထိုစကားကို သူတို့အရပ်၌ တခါမျှ ကြားဖူးသည်မဟုတ်။ကြုံဖူးသူလည်း မရှိဖူးခဲ့ချေ။ သို့သော် ဟုတ်မှ ဟုတ်ပါ့မလားလို့ မည်သူကမျှ သံသယစကားကို မဆိုကြပါ။ အဘယ်ကြောင့်ဆိုသော် …
တင်ထွန်းသည် အရက်လည်း မူးမနေချေ။ ပြီးတော့ တင်ထွန်းဆိုတာက ရွာမှာ လူမှန်။ မဟုတ်တာကို သူကလည်း မပြောသလို၊ သူများက ပြောတာကိုလည်း မကြိုက်သူ ဖြစ်၏။ တင်ထွန်းအကြောင်းကို ရွာခံတွေက သိထားကြတော့ အခု တင်ထွန်း ပြောသည့်စကားကို ငြင်းခုံမယ့်သူမရှိ။ မိမိတို့ရွာသားမဟုတ်သော၊ ဧည့်စိမ်း မောင်ဇံကိုသာ တင်ထွန်းပြောသွားသလို ‘လူတပိုင်း ကျားတပိုင်း’ သို့မဟုတ် ‘သမန်းကျား’ ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးကုန်ကြလေ၏။
တင်ထွန်းသည် သမန်းကျားကို မည်သို့မည်ပုံ ကိုယ်တိုင် တွေ့ကြုံခဲ့ပါသလဲ ။ တင်ထွန်းက သူ အမဲလိုက်သွားရင်း တောထဲမှာ ကြုံတွေ့ခဲ့ရပုံကို ဤသို့ ရှင်းလင်း ပြောပြလေ၏။
” ဒီလိုဗျ ကျုပ် မနေ့ကတည်းက တောထဲ အမဲလိုက်သွားခဲ့တာကို ခင်များတို့ သိတယ်မို့လား။
အဲ့သလို အမဲလိုက်သွားတုန်း တောတနေရာမှာ ကျုပ်နားထဲ သားရဲတကောင်ရဲ့ မာန်ဖီသံ၊ တိုက်ခိုက်သံကို ကြားလိုက်ရတယ်။
အသံကို ကြားတာနဲ့။ ကျုပ်က သိလိုက်ပြီ။ ဒါဟာ ကျားတကောင်က တိရိစ္ဆာန်ငယ်တကောင်ကို ကိုက်ယူ ဖမ်းစားနေတယ်ဆိုတာကိုပေါ့။
ကျုပ်လဲ ကျားဆိုတော့ ကြောက်တာနဲ့ နီးရာသစ်ပင်အမြင့်တခုပေါ် မရမက တွယ်တက်သွားခဲ့တယ်။ အဲ့နေအုံး… ကျုပ် သစ်ပင်ပေါ်မတက်ခင်မှာ သစ်ပင်ခြေရင်းမှာ အဝတ်တစုံနဲ့ ဒူးလေးကို မြင်တွေ့ခဲ့တယ်ဗျ။
ကျုပ်လဲ ကြောက်အားလန့်အားနဲ့ ဆိုတော့ အဲ့ဒါကို ဂရုမစိုက်အားပါဘူး။ သစ်ပင်ရဲ့ ဟိုးအမြင့်ထိ ရောက်အောင် တက်သွားခဲ့တယ်။ ကျုပ်ကိုယ်ကို သစ်ပင်အောက်ကနေဆို မမြင်နိုင်လောက်ဘူး။ သစ်ရွက်တွေနဲ့ ဖုံးနေတယ်ပေါ့ဗျာ။
တအောင့်လောက်ကြာတော့ ကျုပ်ထင်တဲ့အတိုင်း ကျားတကောင်ဟာ ဒရယ်တကောင်ကို လည်ဂုတ်ကနေ ကိုက်ဆွဲလာတာ မြင်လိုက်ရတယ်။ ကျားက ကျုပ် တက်ပုန်းနေတဲ့ သစ်ပင်ဆီကို တည့်တည့်ကြီး လာတာဗျ။သစ်ပင်အခြေရောက်တော့ …
ကျားဟာ ဒရယ်သေကို မစားသေးဘဲ သစ်ပင်ရင်းမှာ လာချတယ်။
အဲ့ဒီတုန်းကများ ကျုပ်ကို ကျားက မြင်သွားမှာ အရမ်းကြောက်လန့်သွားတာပေါ့ဗျ။ သူက ကျုပ် တက်ပုန်းနေတဲ့ သစ်ပင်ခြေရင်း ရောက်လာတာကိုး ။ ဒါပေမဲ့ ကျားက ကျုပ်ရှိမှန်း မသိပါဘူး။
ကျားဟာ သစ်ပင်အခြေက အဝတ်ဟောင်းကို နမ်းရှုံ့ပြီး၊ မြေမှာ လူးတယ်။ ကျုပ် ကြည့်ပြီး အံဩနေမိတယ်။ ဒီကျားက အစာမစားဘဲ ဘာလုပ်နေတာလဲပေါ့ ။
အဲ့ဒီလို တွေးနေတုန်း မြေမှာ လူးနေတဲ့ကျားဟာ တစစနဲ့ လူအသွင်ကို ပြောင်းသွားတယ်ဗျ ။ ပြီးတော့ ခုနက အဝတ်တွေကို ဝတ်လိုက်တယ်။ အဲ့ဒီတော့မှ သူ့ကို ရုပ်ဖမ်းမိတော့တယ်။
သူက အောင်မောင်းအိမ်မှာ နေတဲ့ တောင်ပေါ်သား ဆင်ဖမ်းလုပ်သားဆိုတဲ့ မောင်ဇံဖြစ်နေတယ်။ ကျုပ် မျက်စိမှားစရာ အကြောင်းမရှိဘူး။ အဲ့ဒီအချိန်က အလင်းရောင် ကောင်းကောင်း ရနေသေးတယ်။ ဒါကြောင့် မောင်ဇံဆိုတာ သေချာတယ်။
မောင်ဇံဟာ သူကိုက်ထားတဲ့ ကျားစွယ်ရာကို မပေါ်အောင်၊ ဒရယ်ရဲ့ လည်ပင်းကို အမဲလိုက်ဓါးနဲ့ ဖြတ်ပစ်တယ်။ ပြီးတော့ ခေါင်းမပါတဲ့ ဒရယ်သေကို သူ့ပခုန်းပေါ်ထမ်းပြီး ရွာကို ပြန်သွားတာ ကျုပ် အစအဆုံး မြင်လိုက်ရတယ်။
ကျုပ်လဲ ရှေးက လူကြီးတွေ ပြောတာ ကြားဖူးရုံသာ ကြားဖူးတာ။ သမန်းကျားဆိုတာကို ခုမှ လက်တွေ့ မြင်ဖူးတာပဲ။ မောင်ဇံဟာ ခင်များတို့ ကျုပ်တို့လို သာမန်လူမဟုတ်ဘူး။ သူဟာ သမန်းကျား တကောင်ပဲ “
မုဆိုးတင်ထွန်းက သူ မြင်တွေ့ခဲ့ရတာကို တလုံးမကျန် ပြောပြသွား၏။
ရွာသားတို့သည် တင်ထွန်း၏ စကားအဆုံး၌ တယောက်တပေါက် ပွက်လောရိုက်ကုန်၏။
_____________
(၇)
မျက်ရည် အရွှဲသားနှင့် မောင်ဇံသည် သူ၏ အစ်ကိုကြီးနှင့် ဒေါ်ခင်မြကို ဒူးထောက်ထိုင်လျက် ရှိခိုးကန်တော့သည်။
” စိတ်ချပါ အစ်ကိုကြီး၊ ကျွန်တော့အသက်ကို ကယ်ခဲ့တဲ့ အစ်ကိုကြီးတို့ သားအမိကို ကျွန်တော့ကြောင့် ဒုက္ခ မရောက်စေရပါဘူး ၊
ပြီးတော့ ဟောဒီ အစ်ကိုကြီးတို့ နေထိုင်ကြတဲ့ ရွာကိုလဲ ဒုက္ခမပေးပါဘူး။
ကျွန်တော် ဝေးရာကို ထွက်သွားးပေးပါ့မယ်။ အစ်ကိုကြီးနဲ့ အမေတို့ စိတ်အေးသက်သာစွာ နေခဲ့ကြပါ။
အစ်ကိုကြီးနဲ့ အမေတို့ကို ကျွန်တော် ကျေးဇူးဆပ်ရတာ မဝသေးပါဘူး။ ကျွန်တော့အပေါ် ချစ်ခင်ကြတဲ့ အစ်ကိုကြီးတို့ သားအမိနဲ့အတူ နေထိုင်ပြီး တဝကြီး ကျေးဇူးဆပ်ချင်သေးပေမယ့် ၊ မဖြစ်နိုင်တော့လို့သာ ထွက်ခွါသွားရပါတော့မယ်။ အစ်ကိုကြီးတို့ကို သံယောဇဥ် မပြတ်နိုင်ပါဘူး။
ကျွန်တော် မသွားခင်မှာ အစ်ကိုကြီးကို တခုမှာခဲ့ပါရစေ။ အကယ်၍များ အစ်ကိုကြီး တောထဲ ထင်းခုတ်သွားရင်းနဲ့ ကျွန်တော့ကို ကျားတကောင်အဖြစ် မြင်တွေ့ခဲ့ရင်၊ ဟောဒီက ကျွန်တော့ရဲ့ အဝတ်တွေကို ချပြလိုက်ပါ။
ဒါဆိုရင် ကျွန်တော်ဟာ အစ်ကိုကြီးမှန်း သိသွားပြီး ရန်မမူတော့ပါဘူး။ ဒါကိုတော့ မြဲမြဲ မှတ်ထားပေးပါ အစ်ကိုကြီး။
အစ်ကိုကြီး တောထဲ လာခဲ့ရင်လေ … ကျွန်တော့အဝတ်လေး ယူခဲ့ဖို့ မမေ့ပါနဲ့နော်။ ကဲ … အစ်ကိုကြီးနဲ့ အမေ ကျွန်တော် သွားတော့မယ်နော်။ နုတ်ဆက်ခဲ့ပါတယ် အမေနဲ့ အစ်ကိုကြီးရေ … “
ရွာထဲက လာနေကြသော လူအုပ်၏ အသံကြားရ၍ မောင်ဇံသည် အောင်မောင်းနှင့် ဒေါ်ခင်မြကို နောက်ဆုံး နုတ်ဆက်၏။ အောင်မောင်း၏ ရင်မှာ ဖါးဖိုကဲ့သို့ နိမ့်လိုက်မြင့်လိုက် ရှိ၏။ယူကြုံးမရ ခံစားနေရဟန်ရှိသည်။ ဒေါ်ခင်မြခမျာမှာတော့ မျက်ရည်များတွေတွေကျလျက် မောင်ဇံအား ကြည့်နေရှာသည်။ ပါးစပ်ကလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ တတွတ်တွတ် မှာနေရှာတော့သည်။
အောင်းမောင်းသည် အံကို တင်းတင်းကြိတ်လျက် မောင်ဇံအနီးသို့ လျှောက်သွားသည်။ ပြီးနောက် ညီငယ်ကို နောက်ဆုံးအနေဖြင့် တင်းကြပ်စွာ ဖက်ပွေ့ခြင်းဖြင့် သူ၏ အကြင်နာတရားကို ပြသပေးရှာသည်။
မကြာမီ … တုတ်များ ဓါးများ ကိုင်ဆောင်လာကြသော ရွာသားများ ရောက်လာတော့မည်။ မောင်ဇံသည် မျက်ရည် အရွှဲသားနှင့် အိမ်အပြင်သို့ ခုန်ထွက်သွား၏။ သူ့အသွင်က လူဟုဆိုသော်လည်း ကျားတကောင်ပမာ သန်မာသွက်လက်လှသည်။
အောင်မောင်းတို့သားအမိ မျက်စိတဆုံး ကြည့်နေစဥ်မှာ မောင်ဇံကတော့ ဝေးသထက် ဝေးသွားပြီ ဖြစ်၏။
________________
(၈)
တောသည် သွေ့ခြောက်လှပေ၏။ ရွက်ကြွေတို့သည် မြေ၌ အနှံ့ ပြန့်ကျဲနေသလို ၊ အရိုးပြိုင်းပြိုင်း အကိုင်းအလက်တို့သည်လည်း အထီးကျန်ဆန်လှပေ၏။
တခါတရံ လွမ်းတေးကို သီကျုးနေသော ဥဩငှက်ငယ်၏ အသံသာသာက ပို၍ ပူဆွေးလွမ်းဆွတ်စေ၏။
သစ်ရွက်ခြောက်တို့အပေါ်ကို လူတယောက် ခပ်ဖျောက်ဖျောက် နင်းလျှောက်လာရင်း အော်ခေါ်နေ၏။
” မောင်ဇံရေ … ဟေး! … မောင်ဇံ ၊
ဒီမှာ မင်းအစ်ကိုကြီး လာနေတယ်ကွဲ့။ မင်းကို သတိရလွန်းလို့ ရွာက လူတွေ တားမြစ်တဲ့အကြားက အစ်ကိုကြီး ရောက်အောင် လာခဲ့ပါတယ်ကွယ်။
အမေကလဲ မင်းအတွက်ဆိုပြီး မင်းအကြိုက် ပုစွန်လေးတွေ ရောထားတဲ့ မန်းကျီးသီးစိမ်းချက်နဲ့ မျှစ်ကြော် ထည့်ပေးလိုက်တယ်ကွယ်။ ငါ့ညီနဲ့ အစ်ကိုကြီးတို့ အတူ ထမင်း လက်ဆုံစားကြရအောင်နော်”
အော်ခေါ်နေသူမှာ သမန်းကျားတကောင်အပေါ် အလွန်တရာ သံယောဇဥ်ကြီးလွန်းသော အောင်မောင်းဖြစ်လေ၏။ သူသည် သူ၏ ညီငယ်ကို တစာစာ ဟစ်ခေါ်ရင်း တောအနှံ့ လျှောက်သွားနေခြင်း ဖြစ်၏။
မောင်ဇံသည် မထွက်သွားမီက သူ ကတိထားသည့်အတိုင်း ရွာကို ဒုက္ခပေးခြင်း မရှိချေ။ တခါမျှလည်း ပေါ်မလာတော့ပါ။
နှစ်ဝက်မျှ အတူနေထိုင်ခဲ့သော်လည်း မောင်ဇံအား ညီရင်းတမျှ ချစ်ခင်တွယ်တာခဲ့သော အောင်မောင်းမှာ မောင်ဇံကို အန္တရာယ်ရှိသော ကျားတကောင်ဟု မမြင်မိချေ။ သူ့ညီလေးဟုသာ ထင်မှတ်နေရှာ၏။
နွေနေသည် ကျစ်ကျစ်တောက် ပူပြင်းနေ၏။ အောင်မောင်းသည် ရှာပုံတော်ခရီးကို မရပ်နိုင်။ ချွေးပြိုက်ပြိုက် ယိုစီးနေပါသော်လည်း တောလုံးအနှံ့ လိုက်ရှာနေ၏။
မောင်ဇံရေ ညီလေးရေ ဟူသော အသံမှာ အော်ဟစ်ရလွန်း၍လားမသိ။ အသံပင် တိမ်ဝင်နေလေပြီ။ သနားစဖွယ် အလွန်ကောင်းလေ၏။
ဂရား ဂါး
အောင်မောင်း ခြေလှမ်းတို့ တုန့်သွား၏။ သူ့ရှေ့တည့်တည့်မှာ လှမ်းလာနေတာက သူ ထင်ထားသလို ကျားတကောင်မဟုတ်။
အဝါခံပေါ်မှာ အနက်ရောင် အစက်အပျောက်များနှင့် ကျားသစ်တကောင်။ ကျားသစ်သည် အောင်မောင်းအား ရန်မူရန် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ကျားသစ်သည် ကျားလောက် ကြီးမားခြင်းမရှိ။ ကျားနှင့်စာလျှင် ကျားသစ်သည် အရွယ်အစားသေး၏။
အောင်မောင်းသည် ကျားနှင့် ကျားသစ်ကို ခွဲခြားသိသူ ဖြစ်သည်။ ထို့ကြောင့် သူ့ရင်သည် ထိတ်ခနဲ ဖြစ်သွားသည်။ ကျားသစ်သည် ကျွဲကိုပင် ကိုက်ချီနိုင်သည်ဟု သူ ကြားဖူးထားသည်။
” ဘုရား ဘုရား ငါတော့ ငါ့ညီလေးနဲ့ မတွေ့ရတော့ဘူးထင်ပါရဲ့ “
အောင်မောင်း ခါးက ပုဆိန်ကို စမ်းလိုက်သည်။ ပုဆိန်ကို စမ်းမိ၍ ထုတ်ယူကာ ကျားသစ်ရန်မှ ကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။
ကျားသစ်သည် အောင်မောင်း လုပ်သမျှကို မျက်တောင်မခတ်စတမ်း ကြည့်နေ၏။ အလစ်တွင် ခုန်အုပ်ရန် ချောင်းနေခြင်း ဖြစ်သည်။ ကျားသစ်သဘောက သူ၏ သားကောင်ကို လည်မြိုကိုက်ဆွဲလေ့ရှိ၏။ လည်မြို ကိုက်ဆွဲပြီးလျင် ခါရမ်းပစ်လေ့ရှိ၏။ ယခုလည်း ကျားသစ်သည် အောင်မောင်း၏ လည်မြို ကို ကိုက်ဆွဲရန် ပြင်နေခြင်း ဖြစ်၏။
ကျားသစ်သည် သူ၏ သားကောင်ဖြစ်သော အောင်မောင်းကိုသာ မဲနေ၏။ ကျားသစ်က နောက်ခြေနှစ်ချောင်းကို အားယူ၍ အောင်မောင်းအား ခုန်အုပ်လိုက်သည်။ သို့သော် ကျားသစ်သည် အောင်မောင်းထံသို့ မရောက်။
ထိုအချိန် လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ကျားသစ်၏ ခါးလည်ပိုင်းကို ကျားကြီးတကောင်က ဝင်တိုက်ပစ်လိုက်သည်။
ကျားသစ်သည် အောင်းမောင်းနှင့်ဝေးရာသို့ လွင့်သွား၏။ သို့သော် ချက်ချင်းပင် နောက်ရောက်လာသည့် ကျားကြီးကို ပြန်လည် သတ်ပုတ်လေ၏။
တိရိစ္ဆာန်ရိုင်းနှစ်ကောင်မှာ အရှိန်အဟုန်ပြင်းပြင်းဖြင့် တကောင်ကို တကောင်က ရက်စက်စွာ ကုတ်ခြစ်သတ်ပုတ်နေကြလေ၏။
ကျားသစ်သည် အလွန်လျှင်မြန်သည်မှန်သော်လည်း ခွန်အားအရာ၌ ကျားကို မယှဥ်သာချေ။ နှစ်ကောင်စလုံးမှာ ပြင်းထန်စွာ ဒါဏ်ရာ ကိုယ်စီရကုန်၏။ တကြိမ်တွင် ကျားသစ်သည် ကျားကြီး၏ လည်မြိုကို ကိုက်ဆွဲရန် အခွင့်ရသွား၏။ သူသည် ယင်းအခွင့်အရေးကို လက်လွတ်မခံချေ။ လည်မြိုကို အမိအရ ကိုက်ဆွဲလေတော့၏။ ကျားကြီးမှာ မည်မျှပင် ပြန်လည်ကုတ်ခြစ်ပါသော်လည်း ကျားသည်သည် လုံးဝ မလွှတ်တော့ချေ။ ကြာလျှင် ကျားကြီးမှာ ကျားသစ်လက်ချက်ဖြင့် အသက်ထွက်တော့မည်ဖြစ်၏။
ယင်းအချိန် အောင်မောင်းသည် သတိဝင်လာပြီး ကျားသစ်အား သူ၏ ပုဆိန်ဖြင့် ဝင်ခုတ်လေသည်။ ကျားသစ်မှာ နာကျင်လွန်းလှသဖြင့် ကျားကြီးလည်မြိုကို လွှတ်ကာ၊ ထိုနေရာမှ တချိုးတည်း ထွက်ပြေးလေတော့၏။ ထွက်ပြေးသွားသော ကျားသစ်ကို ရပ်ကြည့်နေသော အောင်မောင်းသည် သွေးအိုင်ထဲလဲကျနေသော ကျားကြီးထံ ပြန်လှည့်ကြည့်၏။
ကျားကြီး၏ ဝမ်းဗိုက်သည် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေ၏။ မျက်လုံးသည်လည်း ပိတ်ချည်တခါ ဖွင့်ချည်တလှည့်ရှိ၏။
အောင်မောင်းသည် သူ့အသက်သခင် ကျားကြီးအနီးသို့ တိုးကပ်သွား၏။ သူ အသင့်ယူလာခဲ့သော မောင်ဇံ၏ အဝတ်တို့ကို ကျားကြီးနှာဝသို့ တေ့ပေးလိုက်သည်။
ကျားကြီးသည် ခေတ္တမျှ ငြီးငြူလိုက်၏။ တခဏအကြာ ကျားကြီး၏ ခန္ဓာကိုယ်သည် သေးသွယ်ကျုံ့လှီကာ လူအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုလူသားကား အောင်မောင်း အလွန်ချစ်ခင်ရပါသော မောင်ဇံပင် ဖြစ်လေ၏။ အောင်မောင်းသည် ဒူးထောက်ထိုင်ချကာ မောင်ဇံအား ပွေ့ဖက်ထားလိုက်၏။
” အံမယ်လေး မောင်ဇံ ၊ ငါ့ညီလေး။ ကိုယ်ကျိုးတော့နည်းပါပြီ။ ငါက မင့်ကို လွမ်းလို့ လာခဲ့တာကွဲ့။ အခုတော့ ငါ့ကြောင့် မင့်ခမျာ သေပွဲဝင်ရတော့မှာပါလား။ အဖြစ်ဆိုးလှချည်လား ညီလေးရယ် “
အောင်မောင်း မချိတင်ကဲ ငိုကြွေးရှာသည်။ မောင်ဇံမှာ အားကိုတင်းလျက် …
” အစ်ကိုကြီး ဘာမှ မဖြစ်ရင်ဘဲ ၊ ညီလေး ကျေနပ်ပါပြီ။ မငိုပါနဲ့ အစ်ကိုကြီးရယ် ။
ညီလေးလဲ အစ်ကိုကြီးနဲ့ အမေ့ကို သိပ်လွမ်းတာပါပဲ။ အစ်ကိုကြီးတို့ဆီ သိပ်လာချင်တာပဲ၊ ဒါပေမဲ့ ကတိအတိုင်း ညီလေး ရွာအနား မလာခဲ့ပါဘူးနော် … “
” ညီလေးရယ် … ငါတို့အဖြစ်က ဘယ်လိုဝဋ်ကြွေးများ ပါလာလို့ပါလိမ့်ကွယ်။ ချစ်လျှက်နဲ့ ဝေးနေကြရတယ်နော် …၊ အခုတော့ အခုတော့…”
” အခုတော့ ဘာဖြစ်လဲ အစ်ကိုကြီးရယ်။ အခု ကျွန်တော် သေရမှာ မကြောက်တော့ပါဘူး။ ဘာဖြစ်လို့ဆိုရင် အစ်ကိုကြီး ကျွန်တော့ထံ မကြောက်မရွံလာခဲ့တယ်မဟုတ်လား။ ဒါဟာ အစ်ကိုကြီး ညီလေးအပေါ် ထားတဲ့ မေတ္တာစစ်ဆိုတာ သိလိုက်ရပြီလေ “
” အောင်မယ်လေး မပြောပါနဲ့တော့ ညီလေးရေ ၊ အစ်ကိုကြီး မင့်ကို ကယ်မယ်ကွဲ့ ။ ရွာကို ခေါ်သွားပြီး ဆေးကုမယ်ကွဲ့ … “
မောင်ဇံက ခေါင်းကို အသာခါပြသည်။ မောင်ဇံသည် ဒါဏ်ရာများ နာကျင်နေသည့်အကြားမှ အောင်မောင်းအား အားနည်းစွာ ပြုံးပြရှာသည်။
” မရတော့ဘူး အစ်ကိုကြီး၊ အပင်ပန်း မခံပါနဲ့တော့ ၊ ညီလေး ဒီတောင်က မကျော်နိုင်တော့ပါဘူး ။
နောက်ဆုံးအနေနဲ့ ညီလေး မှာခဲ့ပါရစေ။ အမေ့ကို ပြောလိုက်ပါ။ ညီလေး ကန်တော့ခဲ့ပါတယ်လို့ ။
ပြီးတော့ အစ်ကိုကြီးနဲ့ အမေ့အတွက် လက်ဆောင်ထုပ် ယူခဲ့တယ်။ ဟောဟိုနားက သစ်ပင်ခြေရင်းမှာ ချန်ရစ်ခဲ့တယ်။ အပြန်ကျရင် သေသေချာချာ ယူသွားနော် အစ်ကိုကြီး … “
မောင်ဇံကား တဖြည်းဖြည်း အသံဖျော့လာ၏။ လည်ပင်းမှ သွေးများကလည်း မြင်မကောင်းအောင် ယိုစီးကျလာ၏။ အောင်မောင်းမှာ သူ့ညီလေး အဖြစ်ကို မကြည့်ရက်နိုင်ရှာပေ။ တရှုံ့ရှုံ့ ငိုကြွေးလေ၏။
မောင်ဇံသည် သူ ချစ်သော အောင်မောင်းကို အပြီးတိုင် ထားရစ်ခဲ့လေပြီ။ သံယောဇဥ်ကြီးမားလှသော သမန်းကျားတကောင်၏ ဘဝကား နိဂုံးတန်ခဲ့လေပြီ။
အောင်မောင်းသည် ငိုကြွေးလို့ ဝတော့၊ ထိုအနီးမှာ မြေကျွင်းနက်နက် တူး၏။ မောင်ဇံကိုယ်ပေါ်မှာ အဝတ်တို့ ဝတ်ပေး၏။ သွေးခြောက်တို့ကို ပါလာသည့် ရေဖြင့် ဆေးကြောသန့်စင်ပေး၏။ ပြီးသော် အလောင်းကို မြေကျွင်းသို့ တယုတယ ချသည်။
” ကဲ … သွားပေအုံးတော့ ညီလေးရေ။ ဒီဘဝမှာ ကံမကောင်းခဲ့သမျှ
နောင် ဖြစ်လေရာဘဝအဆက်ဆက်မှာ ဒီလိုအဖြစ်ဆိုးမျိုး မကြုံပါစေနဲ့လို့ အစ်ကိုကြီး ဆုတောင်းပေးလိုက်ပါတယ်ကွယ် … “
အောင်မောင်းသည် မောင်ဇံအား ကောင်းမွန်စွာ မြေချသင်္ဂြိုလ်ပြီးနောက် မောင်ဇံ မှာခဲ့သည့် သစ်ပင်ခြေရင်းသို့ သွားကြည့်သည်။
အပင်ခြေ၌ ရှုံ့အိတ်တလုံး တွေ့ရ၍ ဖွင့်ကြည့်ရာ တန်ဖိုးရှိသော စိန်ပွင့်များကို တွေ့ရလေ၏။
ထိုအခါ အောင်မောင်းသည် မြေပုံအငူလေးကို လှည့်ကြည့်ရင်း …
” မင့် ကျေးဇူးက ပိုများနေပါကောလား ညီလေးရယ် ” ဟု မချိတင်ကဲရေရွတ်ငိုကြွေးမိပြန်တော့သည်။
အော် … သမန်းကျားတကောင်၏ တုံ့လှယ်မေတ္တာကား အံ့ချီးမကုန်နိုင်တော့ပေ။
ပြီးပါပြီ။
ပီပီ၊မန္တလေး၊
၄၊၁၊၂၀၂၃