ဘုန်းရဲနိုင်(ဂန့်ဂေါ)
သမားတဲ့မုဆိုး ကစဉ်းတဲ့တော
“ကိုမင်းဒင်ရှိလားဗျ”
“ဒုန်း … ဒုန်း … ဒုန်း”
” မကြွယ်ထေး … ကိုမင်းဒင် ရှိလားဗျ”
ပျဉ်ခင်းအောက်ခံကြမ်းပြင်တွင် ချပြီး တဒုန်းဒုန်းအသံမြည်အောင် ငရုတ်ဆုံထောင်းနေသည့် မကြွယ်ထေးက သိန်းထင် မေးသံကို တော်တော်နှင့်မကြား။ အိမ်အနား ကပ်လာပြီး မေးမှသာ ကြားတော့၏။
မကြာမီကမှ အိမ်ထောင်ကျပြီး အိမ်ထောင်သစ်ထူထောင်ခဲ့သော ကိုမင်းဒင်နှင့် မကြွယ်ထေးတို့အိမ်မှာ ခါးစောင်းလောက်သာ မြင့်သည့် ပျဉ်ခင်း ဝါးထရံကာ အိမ်ကလေးမို့ အိမ်အတွင်း၌ ကိုမင်းဒင် ရှိမနေ သည်ကိုတော့ တွေ့နေရသည်။
“ဩော် သိန်းထင် ရောက်လာပြီလား။ နင့်အစ်ကိုက မောင်းကုန်းတောင်တက်က စောင့်နေမယ်တဲ့။ ညစာထမင်းထုပ်ကို ထည့်ပေးလိုက်ဖို့ မှာသွားတယ်။ ဒီမှာ ထမင်းထုပ်၊ စောစောကပဲ အသင့်ထုပ်ထားလိုက် တာ”
ကျွန်တော်နှင့် ကိုမင်းဒင်မှာ မုဆိုးအလုပ်ကို ဝါသနာကြီးပုံချင်း တူကြ၏။ ကိုမင်းဒင်က ကျွန်တော့်ထက် အသက် ငါးနှစ်၊ ခြောက်နှစ်ခန့် ကြီးသော်လည်း ဝါသနာတူချင်းမို့ ကျွန်တော့်အပေါ် သူငယ်ချင်း အရင်းများကဲ့သို့ပင် သံယောဇဉ်ကြီး၏။
ငယ်စဉ်ကတည်းက မုဆိုးအလုပ်ကို အင်မတန်ဝါသနာကြီးသည့် ကျွန်တော့်ကို မိခင်ဖြစ်သူက မုဆိုးကြီးသိန်းထင် ဝင်စားသည်ဟု အထင်ရှိသဖြင့် “သိန်းထင်” ဟု ချစ်စနိုး ခေါ်ခဲ့ရာမှ တစ်ရွာလုံးက ကျွန်တော့် အမည်ကို “သိန်းထင်”ဟုသာ ခေါ် ကြတော့သည်။
ကျွန်တော်တို့ရွာမှာ ပုံလတ်တောင်ခြေတွင် ချောင်းဖျားခံပြီး မြစ်သာမြစ်တွင်းသို့ စီးဝင်နေသော ရေစီးအလွန်သန်သည့် ကွမ်းဇဲချောင်းနံဘေးတွင် ရှိသည်။ ကွမ်းဇဲသစ်တောကြိုးဝိုင်းနှင့် တစ်ဆက်တည်းရှိနေ သဖြင့် ချေ၊ တောဝက်၊ ဖွတ်၊ ပုတတ်၊ လိပ်၊ တောခွေး၊ မျောက်၊ တောကြောင်တို့ အလွန်ပေါသည်။
တောဆင်၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ စိုင်၊ ဆတ်နှင့် ပြောင်များလည်း နယ်ကျွံလာတတ်သည်။
ကျောက်တောင်ထူထပ်လှသည့် အလောင်းတော်ကဿပနယ်မြေစပ်များတွင် တောင်ဆိတ်ဖားကြီးများကိုပင် တစ်ခါတစ်ရံ တွေ့နေရသည်။
ကွမ်းဇဲချောင်းမှာ တောင်မြောက်သွယ်တန်းနေသည့် ပုံလတ်တောင်နှင့် ကျွန်တော်တို့ရွာကြားရှိ ဗထက်ခြိုက်တောင်၊ ကျွန်းပင်လှတောင်၊ နတ်ကောင်းတောင်၊ ဂျီတောင်၊ တောင်ဖီလာတောင် အစရှိသည့် တောင်တန်းများကို ဖြတ်ကျော်၍ မြွေတစ်ကောင်ကဲ့သို့နှယ် ကွေ့ပတ်စီးဆင်းလျက် ရှိသည်။
ကိုမင်းဒင် စောင့်နေမည့် မောင်းကုန်းတက်မှာ ကျွန်တော်တို့ရွာနှင့် သိပ်မလှမ်းလှသော တောင်ဖီလာတောင်သို့ အတက်လမ်းဖြစ်သည်။ ထို မောင်းကုန်းတက်မှာ ကျွန်တော်တို့ရွာထက် အတန်ပင်မြင့်လေသဖြင့် ထိုနေရာမှ လှမ်းမျှော်ကြည့်လျှင် ရွာအတွင်းမှ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အိမ်များကိုသာမက သွားလာလှုပ်ရှားနေသည့် လူများကိုပင် မသဲမကွဲ လှမ်းတွေ့ရသည်။
တောင်ဖီလာတောင်နှင့် ဂျီတောင်ကြားတွင် အတန် အသင့် ကျယ်ပြန့်သော တောင်ကုန်းလွင်ပြင် ရှိ၏။ ထိုလွင်ပြင်၌ ယာစိုက်ခင်းများရှိပြီး ယုန်အလွန်ပေါ၏။
တောင်ဖီလာတောင်နှင့် ဂျီတောင်ကို ဖြတ်ကူးကြသော တောခွေး၊ တောကြောင်နှင့် ချေတို့လည်း အလွန်ပေါများ၏။ ထိုတောင်ကုန်းလွင်ပြင်ရှိ ယာခင်းများနှင့် လယ်ကွက်များအကြားရှိ ဖုန်းဆိုးတောစပ်များရှိရာ အဘမောင်ထေး၏ ယာတဲတွင် စတည်းချပြီး ယုန်ပိုက်ထောင်ရန် ကိုမင်းဒင်နှင့် တိုင်ပင်ထားခဲ့ခြင်း ဖြစ်သည်။
ကျွန်တော် မောင်းကုန်းတက်ရောက်တော့ ကိုမင်းဒင် အသင့်စောင့်နေသည်ကို တွေ့ရ၏။
“မင်းကလဲ လာတာ နောက်ကျလိုက်တာကွာ။ ပိုက်ထောင်မဲ့လမ်းက ကြိုကြည့်ထားတာမဟုတ်ဘူး။ ဟိုရောက်မှကြည့်ရမှာ။ တောက ကစဉ်းရတဲ့အထဲ”
“ကစဉ်းစမ်းပါစေ ကိုမင်းဒင်ရာ။ ကျွန်တော်တို့ကတောကြောက်တဲ့ မုဆိုးတွေမှ မဟုတ်တာ။ ဘယ် လောက် ကစဉ်းနိုင်မလဲ ကြည့်ရသေးတာပေါ့”
တောကစဉ်းသည်မှာ မှန်သလို ကျွန်တော်နှင့်ကိုမင်းဒင်တို့ တောမကြောက်သည်မှာလည်း မှန်၏။
တောကစဉ်းသည်ဆိုခြင်းမှာ ထိုတောတွင် ယုန်ပိုက်ထောင်ခြင်း၊ ကြက်အိပ်ပစ်ခြင်း၊ သုတ်ကိုင်း ထောင်ခြင်း၊ ကြက်ရေသောက်ဆင်း ညွှတ်ကွင်းထောင်ခြင်းများ ပြုလုပ်သူတိုင်းလိုလို သားကောင်မရသည့်အပြင် တောခြောက်ခံရတတ်ခြင်းပင် ဖြစ်သည်။
ရွာနှင့်ဝေးသည့်အပြင် လူနေခေါင်သော ထိုတော မျိုးသို့ မုဆိုးလုပ်သက်ရှည်သော အဘစံအေးတို့၊ ဦးသာဒင်တို့ပင် ဝင်လေ့မရှိကြ။ သို့သော် အများက မိုက်တူးတူးရှိသည်ဟု နာမည်ရထားသူ ကိုမင်းဒင်က သွားချင်ကြောင်း အကြိမ်ကြိမ်ပြောလာသဖြင့် တော ခြောက်သည်ကို စူးစမ်းချင်သော ကျွန်တော်က အတူလိုက်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။
ကျွန်တော်က လူပင်ငယ်သော်လည်း သမားသော မုဆိုးအဖြစ် မထင်မရှား နာမည်ရထားသူ ဖြစ်သည်။
သမားသည်ဆိုခြင်းမှာ သားကောင်ကို မထင်မှတ်ဘဲ ခပ်လွယ်လွယ်ရတတ်ခြင်း၊ အခြားမုဆိုးတို့ ရခဲသည့် သားကောင်တို့ကို ဖမ်းမိတတ်ခြင်းများ ဖြစ်သည်။
ကျွန်တော့်ကို အင်မတန်ချစ်ရှာသော မုဆိုးကြီး ဖိုးတန်က ကျွန်တော့်ကို ငယ်စဉ်ကတည်းကပင် ညွှတ်ကွင်းထောင်နည်း၊ ပိုက်ခုံးထောင်နည်း၊ ရေကြက် ထောင်နည်း၊ တောကြောင်၊ တောခွေးတို့ကို သုတ်ကိုင်းထောင်နည်း၊ လေးခွပစ်နည်းများကို သင်ကြား
ပေးသွားခဲ့သည်။
ဦးဖိုးတန်က တောသား၊ တောကြက်၊ ဖွတ်ဥတို့ ရ လာလျှင် ကျွန်တော့် အမေဖြစ်သူကို ဟင်းစားပေး၍ ရောင်းချပေးရန် အမြဲ အကူအညီတောင်းခဲ့သူ ဖြစ် သည်။ မုဆိုးကြီးဖိုးတန်မှာ နားမကြားဘဲ မုဆိုးလုပ်သူဖြစ်၍ လူထူးလူဆန်းဟုပင် ဆိုနိုင်သည်။
ကျွန်တော် အမှန်တကယ် တောတက်၊ ပိုက်ထောင်၊ သုတ်ကိုင်းထောင် ပြုလုပ်နိုင်သည့်အရွယ် ရောက်ချိန်တွင်ကား မုဆိုးကြီးဖိုးတန် ကွယ်လွန်ခဲ့ရှာပြီဖြစ်သည်။
မုဆိုးအလုပ်ကို အလွန်စိတ်ဝင်စားသော ကျွန်တော်က ဦးဖိုးတန်ကြီး သင်ပေးသမျှကို အသေအချာ မှတ်သားထားခဲ့ခြင်းဖြစ်သည်။
တစ်နေ့ ကျောင်းပိတ်ရက်၌ ဦးပွေးတို့ စပါးရိတ်နေ သည့် လယ်ကွင်းနံဘေးရှိ ချောင်းကျိုး အင်းကြူတောစပ်တွင် ရေကြက်လည်တိုးကွင်းများ ထောင်ပြီး အိမ်ပြန်၍ ထမင်းစားနေခဲ့သည်။
ညနေပိုင်းတွင် ထောင်ထားသည့် လည်တိုးညွှတ်ကွင်းများကို သွားကြည့်ရာ ၌ ရေကြက်ငါးကောင်တိတိရလိုက်သဖြင့် ကျွန်တော် အတိုင်းအဆမရှိ ဝမ်းသာသွားခဲ့မိသည်။
ထိုအချက်ကို သိမြင်သွားသော ဦးပွေးက ထိုနေရာတွင် ရေကြက် အကြိမ်ကြိမ်ထောင်ဖူးသော်လည်း ရေကြက် တစ်ကောင်တလေမျှပင် မရဘဲ ကျွန်တော်ထောင်မှ ရသဖြင့် “မင်းက လူသာငယ်တယ်၊ တော်တော်သမားတဲ့ကလေး” ဟု မှတ်ချက်ပြုခဲ့လေသည်။ သမားသည်ဆိုသော အဓိပ္ပာယ်ကို ထိုအချိန် တွင်မှ ကျွန်တော် စတင်ကြားဖူးခြင်းလည်း ဖြစ်သည်။
တောင်ဖီလာတောင်နှင့် ဂျီတောင်ကြားရှိ ဦးမောင်ထေး၏ ယာမှာ ယာကွက်၊ လယ်ကွက်များကို ကုန်စင်အောင် မလုပ်နိုင်ဘဲ ယာပျက်တစ်ခုလို ဖြစ်နေသဖြင့် တောကြောင်နှင့် ယုန်များ အလွန်ပေါလှသည်။
မြေဩဇာကောင်းသည့် အချို့ယာကွက်များတွင်သာ ဆောင်းရာသီသီးနှံ ဖြစ်သည့် ပန်းနှမ်းများ စိုက်ပျိုးခဲ့သည်ကို တွေ့ရသည်။ ပြီးခဲ့သည့် မိုးရာသီက မိုးနည်းသဖြင့် လယ်ကွက်များတွင် လယ်မစိုက်ခဲ့၍ မြက်ခင်းပြင်များဖြစ်နေသည်ကိုလည်း တွေ့ရသည်။
ဒေသအခေါ် ဂျီ(ချေ)များ အလွန်ပေါသောကြောင့်
ဂျီတောင်၊ တစ်နည်းအားဖြင့် ချေတောင်ဟု ခေါ်ခြင်းဖြစ်သည်။
ဂျီတောင်မှာ သစ်တောကြိုးဝိုင်းနယ်မြေဧရိယာဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ သစ်ဆိမ့်၊ ပိတောက်နှင့် နှောပင်များ အင်မတန်ပေါသော နတ်ကောင်း တောင်ကြောနှင့် ထိစပ်နေသဖြင့် တောကောင်စုံပေါပြီး တောလည်း နက်လှသည်။
တောင်ဖီလာတောင်မှာ တည်ပင်၊ အင်ကြင်းပင်နှင့် အင်ပင်များ အလွန်ပေါသည်။ မိုးရာသီရောက်တိုင်း အင်တိုင်းမှို ကောက်ရသည့်တောင် ဖြစ်သည်။
တောင် မြောက်သွယ်တန်းနေသည့် ထိုတောင်နှစ်ခုကြားတွင် ယာခင်းနှင့် လယ်ကွက်များ ရှိသည်ဆိုသော်လည်း အချို့နေရာများတွင် ဖုန်းဆိုးထနေသဖြင့် သစ်ပင်များ ထူထပ်လှသည်။ ဆယ့်နှစ်ရာသီ စမ်းရေထွက်နေသည့် ချောက်နှင့် လျှိုများလည်း ရှိနေသည်။
“သိန်းထင်ရေ … ဦးမောင်ထေးက တောင်ယာကို ဟုတ်တိပတ်တိလုပ်တာ မဟုတ်တော့ ငါတို့ အိပ်စရာ တဲက အမိုးတောင် မရှိဘူးဟေ့။ ကြမ်းခင်းတော့ ကောင်းသေးတယ်။ တဲကြမ်းခင်းအောက်မှာ ပန်းနှမ်းရိုးတွေခင်းပြီး အိပ်ကြတာပေါ့”
“ဖြစ်ပါတယ် ကိုမင်းဒင်ရာ။ ဝန်တွေကို တဲအောက်မှာထားခဲ့ပြီး ပိုက်ထောင်ဖို့နေရာသာ လိုက်ရှာကြည့်ကြစို့”
ဝန်ဆိုသည်မှာ ပစ္စည်းများဟု အဓိပ္ပာယ်ရပေသည်။ ကျွန်တော်တို့ ယောနယ်သားများမှာ သယ်ယူလာ သည့်ပစ္စည်းများကို ‘ဝန်’ဟု ခေါ်ကြသည်။
“အေး . . . မင်းက ဟိုတောင် ဘက်က လယ်ကွင်းဟောင်းဘက်နဲ့ ဟိုအရှေ့ဂျီတောင်ဘက်သွားတဲ့ ဖုန်းဆိုးဖြတ်လမ်းဘက်မှာ ပိုက်ထောင်ဖို့ နေရာရှာ။ ငါက အနောက်ဘက်က တောင်ဖီလာရေစမ်းဘက်လမ်းနဲ့မြောက်ဘက်က မောင်းကုန်း လှည်းလမ်းဟောင်းဘက်မှာ နေရာရှာမယ်”
ကျွန်တော်နှင့် ကိုမင်းဒင်တို့ နှစ်ယောက်သား စိတ်ကြိုက်နေရာရှာပြီး ပိုက်နှစ်ဖုံစီ ထောင်ကြသည်။ ကျွန်တော်က လယ်ကွက်ဟောင်းဝ အဝင်လမ်းတွင် ခုနစ်တောင်အလျားရှိသည့် ထောက်ပိုက်နှင့် ပန်းနှမ်း
ရိုးပြတ်ခင်းဖြတ်လမ်းတွင် ခြောက်တောင်ထောက်ပိုက်ကို ထောင်ခဲ့သည်။ ပိုက်အနီး ယုန်ရောက်လာပြီးနောက် ခြောက်ပိုးကြိုးကို တိုက်မိလျှင် နောက်ခြောက်ခလောက်သံ ရုတ်တရက်ထွက်လာမည်။ ထိုအချိန်တွင် ယုန်ကလန့်ပြီး ရုတ်တရက် ခုန်ပြေးလိုက်လျှင် ထောင်ထားသည့် ပိုက်ထဲသို့ ထွေးခနဲ ရောက်သွားမည် ဖြစ်သည်။
သို့သော်လည်း အချို့ အင်မတန်ပါးနပ်သည့် ယုန်များက နောက်ခြောက်ခလောက်သံ ကြားလျှင်ဖြစ်စေ၊ နောက်ခြောက်သဲဘူးသံ ကြားလျှင်ဖြစ်စေ လမ်းအတိုင်း အတည့်မပြေးဘဲ နီးစပ်ရာချုံပုတ် အတွင်း ခုန်ဝင်တောတိုးသွားသည်ကိုလည်း တွေ့ရဖူးသည်။
ပိုက်အတွင်း ယုန်မိထားလျှင်မူ ပိုက်သားရေမျှော့ကြိုးတွင် ခလောက်ကိုင်းနှင့် ချည်ထားခဲ့ပြီးဖြစ်၍ ယုန်လှုပ်တိုင်း ခလောက်က တဒေါင်ဒေါင် မြည် တော့မည် ဖြစ်သည်။
ကိုမင်းဒင်က နေ့ခင်းစောစောပိုင်းကတည်းက ကြိုတင်၍ တောထွက်လာသူမို့ သူ့ပိုက်များမှ လူနံ့မရစေရန် သစ်ရွက်စိမ်းများဖြင့် ပွတ်တိုက်ထားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ကျွန်တော်ကတော့ မထောင်ဖြစ်ဘဲ အိမ်တွင် သိမ်းဆည်းထားသည်မှာ ကြာပြီဖြစ်သည့် ပိုက်များဖြစ်၍ လူနံ့ မရစေရန် ပိုက်မထောင်မီ လက်ပူတိုက်သည့်အနေဖြင့် အရွက်ပွပြီး အနံ့ပြင်းသည့် သစ်ကိုင်းသစ်ခက်များဖြင့် အနည်းငယ်ရိုက်ပုတ်ပြီး လူနံ့ဖျောက်ထားခဲ့သည်။
ကျွန်တော် ပိုက်ထောင်ပြီးသွားသည့်အချိန်မှာ အနေတော်အချိန်ပင်ဖြစ်သည်။ ယုန်များ ဝပ်ကျင်းမှ ထွက်လာချိန်ဖြစ်သည့် မှောင်ရီပျိုးခါနီးအချိန်တွင်မှ ပိုက်ထောင်ရန် ငုတ်ရိုက်ခြင်း၊ စည်းချခြင်းများ ပြုပါက အကင်းပါးသည့် ယုန်များက ထိုည တစ်ညလုံး မထွက်တော့ဘဲ ဝပ်ကျင်းအောင်းနေတတ်ကြသည်။
ကျွန်တော်က စည်းချရာတွင် အတော်အတန်သာ ချလေ့ရှိသော်လည်း ကိုမင်းဒင်မှာမူ ယုန်များကိုကျုံးသွင်းသည့်အလား သစ်ပင်သစ်ကိုင်းများခုတ်ပြီး ထူထပ်စွာ ချတတ်သည်။ စည်းချရာတွင် ကြာလေ့ ရှိသည့် ကိုမင်းဒင်မှာ ထုံးစံအတိုင်း ကျွန်တော် ယာတဲဟောင်းသို့ ပြန်ရောက်ပြီး အတန်ကြာမှ ပြန်ရောက် လာသည်။
ထုပ်လာသည့် ထမင်းထုပ်ကို စားသောက်ကြပြီးချိန်တွင် အလင်းရောင်ပျောက်ကွယ်စပြုသလို နှင်းများကလည်း တဖွဲဖွဲ ကျဆင်းလာသဖြင့် ဆံပင်ဖျားများတွင် စိုထိုင်းလာသည်။
ကိုမင်းဒင်က ပွတ်ချွန်းခေါ် သတင်းစာဖြင့် လိပ် သောက်သည့် လက်ဖြစ်စီးကရက်တစ်လိပ်ကို မြေပြင်နားကပ်ပြီး ငုံ့သောက်နေသည်။ အနံ့ပြင်းသည့် စီးကရက်နံ့ကို တောကောင်များက အလွယ်တကူ သတိထားမိတတ်သည်ကို သိထားသောကြောင့် ဖြစ်သည်။
“သရက်ပင်အောက်မှာ အိပ်ရင် ညလေအေးတိုက်တာနဲ့ အိပ်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် တဲအောက်မှာ အိပ်လို့ရအောင် ပန်းနှမ်းရိုးပြတ်တွေ ခင်းထားတယ်။ လေမတိုက်အောင် ဘေးဘက်ကိုလဲ ကာထား တယ်”
ဦးမောင်ထေး၏ ယာတဲပျက်ကြမ်းခင်းမှာ ခါးစောင်းလောက်သာ မြင့်၏။ အမိုးအကာ မရှိတော့သည့် ယာတဲပျက်မှာ ကြမ်းခင်းက အကောင်းပကတိ ရှိသေးသည့်အပြင် ကြမ်းခင်းပေါ်၌ ကျွန်တော်က ပန်း နှမ်းရိုးပြတ်များ ဖြန့်ကြဲထပ်ထားလိုက်သဖြင့် လုံလောက်ကောင်းမွန်သည့် အမိုးတစ်ခု ဖြစ်သွားသည်။
အိပ်ရာခင်းအောက်တွင်လည်း ပန်းနှမ်းရိုးများဖြင့် အသေအချာခင်းထားပြီး ဘေးဘက်တွင်လည်း အပုံလိုက် လေကာပေးထားသဖြင့် အနွေးဓာတ်ကောင်းစွာ ရနေပြီး အိပ်ချင်စဖွယ်ပင် ဖြစ်နေတော့သည်။
“ကောင်းတယ်ပော့ … မင်းလုပ်ထားတဲ့ အိပ်ရာက ပျော်ပွဲစားထွက်လာတဲ့သူတွေအိပ်ဖို့ လုပ်ထားတဲ့ နေရာ ကျနေတာပဲ။ ကဲ ကဲ … ယုန်ထွက်ချိန်ရောက်ပြီဆိုတော့ စောစောဝင်ခွေကြတာပေါ့။ စကားပြောတာလဲ ရပ်စို့။ ငါလဲ ဆေးလိပ်မသောက်တော့ဘူး၊ ငြှိမ်းလိုက်ပြီ”
ကျွန်တော်နှင့် ကိုမင်းဒင်တို့ အတွေးကိုယ်စီဖြင့် တောင်ယာတဲပျက်အောက်မှ ပန်းနှမ်းရိုးပြတ်ပုံ ပေါ်တွင် ကျောခင်းလိုက်ကြချိန်၌ တောတစ်ခွင်လုံးက တိတ်ဆိတ်ငြိမ်သက်မှုတို့ဖြင့်သာ ကြီးစိုးနေသည်။
တစ်ခါတစ်ရံ ဆားတွင်းချောင်းဘက်ဆီမှ ချေဟောက်သံကိုမူ အတိုင်းသားကြားနေရ၏။ ယာတဲပျက်အနီးရှိ သရက်ပင်ကြီးကို မပီဝိုးတဝါး ကောင်းကင်နောက်ခံတွင် ထီးထီးမတ်မတ်ကြီး မြင်တွေ့နေရသည်မှာ စိတ်ချောက်ချားဖွယ် ကောင်းလှ၏။
နှစ်ယောက်သားစကား မပြောဘဲ အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်မှာ ကွမ်းတစ်ယာညက်မျှပင် မကြာသေး။
“တစ် တီ ဒူး”
“တစ် တီ ဒူး”
တစ်တီတူးတစ်ကောင်က ကျွန်တော်တို့ရှိနေသည့် တောင်ယာတဲပျက်ပေါ်မှ ကပ်လျက် စူးစူးဝါးဝါး အော်ဟစ်သွားသဖြင့် ကြက်သီးမွေးညင်းများပင် ထသွားလေ၏။ သို့သော် အရာရာကိုအရှုံးပေးလို ခြင်းမရှိသည့် စိတ်ရင်းဖြင့် စိတ်ဝင်စားစရာတော့အကောင်းသားဟု တွေးမိလိုက်သည်။
ကိုမင်းဒင်ကား မည်သို့တွေးနေသည်မသိ။ ကျွန်တော့် ဘေးဘက် သုံး လေးတောင် အကွာရှိ အိပ်ရာပေါ်တွင် ငြိမ်သက်နေ၏။
နောက်ထပ် ကွမ်းတစ်ယာညက်မျှ အချိန်ထိ တိတ်ဆိတ်စွာငြိမ်သက်နေပြီးချိန်တွင် ဂျီတောင်ခြေရင်း ဖုန်းဆိုးတောစပ်ဘက်ဆီမှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။
“အီးရောက်”
“အီးရောက်”
“ဖြန်း ဖြန်း”
“ဂစ်-ဂစ်-ဂွီး-ဦး-ညောင်-ဂွီး-ညောင်”
ဆူဆူညံညံထွက်ပေါ်လာသည့် ကြက်အော်သံများ၊ တောကြောင်လုံးသံများကို ရုတ်တရက် ကြားလိုက်ရ၏။ ထိုအသံများမှာ အတန်ကြာသည်အထိ တိတ်မသွားသည့်အပြင် လူစကားပြောသံ မသဲမကွဲကိုလည်း ကြားနေရ၏။ ကြားနေရသည်မှာ တစ်ခါတစ်ခါဆင်စခန်းပြောင်းမည့် ဆင်ဝိုင်းမှ ကြက်များကို သိမ်းဆည်းနေသည်နှင့်ပင် တူနေသဖြင့် ကျွန်တော့်အထင်ကို ကိုမင်းဒင် ကြားလောက်ရုံလေသံ ဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
“ကိုမင်းဒင် … အဲဒီဖုန်းဆိုးထဲမှာ ဘာဆင်ဝိုင်းမှ မရှိဘူးဗျ။ ဦးဘနိုင်ကြီးရဲ့တောလွှစင်ဟောင်းနေရာပဲရှိ တယ်၊ တောခြောက်တာ နေမှာ”
“ငါသိပါတယ်ကွာ။ မနေ့က နှီးဝါးရှာရင်း အဲဒီ ဖုန်းဆိုးဘက်ရောက်လို့ ယင်ပျားတစ်အုံတောင် ဖွပ်စားခဲ့သေးတယ်။ ဘယ်သူ့ဆင်ဝိုင်းမှ မရှိဘူး။ ငါတို့ကို အိပ်ရေးပျက်အောင် လုပ်နေတာ။ အိပ်သာ အိပ်တော့၊ ယုန်ထောင်ပိုက်က ခလောက်သံကြားရင်သာ နိုးဖို့လိုတယ်”
ကိုမင်းဒင်က ကျွန်တော် ကြားရရုံမျှ လေသံဖြင့် ပြန်ပြော၏။ ကျွန်တော့်ထက် အတွေ့အကြုံများ သူဖြစ်ပြီး အေးဆေးတည်ငြိမ်သည့် ကိုမင်းဒင်ကြောင့် စောစောက ဖြစ်ပေါ်မိသည့် ကျွန်တော့်ကြောက် စိတ်တို့ လုံးဝပျောက်သွားခဲ့သည်။
ကွမ်းနှစ်ယာညက်မျှ မကြာမီပင် ကိုမင်းဒင်၏ အသက်ရှူသံပြင်းပြင်းကို ခပ်မှန်မှန် ကြားလိုက်ရသဖြင့် ကိုမင်းဒင်တစ်ယောက် အိပ်ပျော်နေပြီဟု ကျွန်တော် သိလိုက်၏။
ထိုအချိန်တွင် စောစောက ကြားနေရသည့် ကြက်အော်သံ၊ ကြောင်လုံးသံနှင့် ခပ်တိုးတိုးလူသံများလည်း မကြားရတော့ချေ။
ညအချိန် ထူထပ်စွာကျဆင်းသည့် နှင်းထုကြောင့် ယာတဲပျက်အနီး သရက်ပင်ကြီး၏ သရက်ရွက်များပေါ်မှ လိမ့်ဆင်းလာသည့် တဖောက်ဖောက် နှင်းကျသံများကိုသာ စည်းချက်မှန်မှန် ကြားနေရ၏။
ဘာရယ်မဟုတ် တောကစဉ်းလျှင် မုဆိုးအသုံးအဆောင်များကို ကျင်ငယ်နှင့် ပက်ဖျန်းရသည်ဟု ကိုမင်းဒင်က မကြာခဏ ပြောတတ်သည်။ သို့သော် ကျွန်တော်ကတော့ သိပ်ဘဝင်မကျလှ။ ကျင်ငယ်ရည်နံ့ကြောင့် သာမန်တောများတွင်ပင် သားကောင်ဖမ်းမိရန် ခက်ခဲမည်ဟု တွေးနေမိသည်။
“ဂလင် … ဂလိန်”
“ဂွီး … ခွီး … ခွီး”
“ဂလင် … ဂလိန်”
“ဂွီး … ခွီး … ခွီး”
“ဂလင် … ဂလိန်”
နားယဉ်ပါးအောင် ရင်းနှီးနေသည့် ခလောက်သံ၊ တောကြောင်အော်သံတို့ကြောင့် အိပ်ပျော်နေရာမှ ကျွန်တော် နိုးလာသည်။ အသင့်ထားသော တုတ်မီးကို လက်ဖြင့်စမ်းရင်း ကိုမင်းဒင်ကို ခပ်တိုးတိုး အသံဖြင့် နှိုးလိုက်သည်။ လက်နှိပ်ဓာတ်မီးကို ကျွန်တော်တို့ ဒေသခံများက တုတ်မီးဟုခေါ်ကြသည်။
“ကိုမင်းဒင် … ကိုမင်းဒင်”
“ငါကြားပါတယ်၊ မင်းရဲ့ ယုန်ပိုက်မှာ တောကြောင်မိနေပြီကွ။ တုတ်ယူခဲ့”
ကိုမင်းဒင်နှင့် ကျွန်တော်တို့ အသံကြားရသည့် ပိုက်ရှိရာသို့ မပြေးရုံရှိသော ခြေလှမ်းများဖြင့် လှမ်းလာခဲ့ကြသည်။ အခြားပိုက်သို့ လာတိုးနိုင်သည့် တောကောင်များလန့်ကုန်မည်စိုး၍ တုတ်မီးကို လမ်းခန့်မှန်းနိုင်ရုံမျှသာ ထိုး၍ ပြန်မှိတ်ပြီးလာကြရာ ပိုက်အနီးရောက်သည့်အခိုက် ပင့်ကူအိမ်အမျှင်တန်းများကို တိုက်မိလာသဖြင့် လမ်းများ မှားလေသလားဟု ထင်မိပြီး တုတ်မီးဖြင့် ထိုးကြည့်လိုက်သည်တွင် လမ်းမှန်သည်ကို တွေ့ရသလို နှင်းရေများ စိုရွှဲနေသည့် ပင့်ကူအိမ်အမျှင်တန်းများကိုလည်း ထူးဆန်းစွာတွေ့လိုက်ရသည်။
အကယ်၍သာ နောက်ခြောက်ဆင်ထားသည့် စည်းချလမ်းအတိုင်း ယုန်နှင့် တောကြောင်တို့ ဖြတ်ဝင်ထားပါက ထိုကဲ့သို့ ပင့်ကူအိမ်များ ထူထပ်စွာမရှိဘဲ အနည်းငယ်သာ ရှိသင့်သည်။
ထောင်ထားသည့် ပိုက်အနီးအနားသို့ ရောက်ရန် တုတ်မီးဖြင့် ထိုးကြည့်လိုက်ရာ ယုန်ထောင်ပိုက်မှာ တောကောင်တစ်ကောင်ကောင်နှင့် လုံးထွေးနေသည်ကို တွေ့လိုက်ရမည့်အစား ညနေပိုင်းက ကျွန်တော် ထောင်ထားခဲ့သည့်အတိုင်း ပုံစံမပျက် ရှိနေသည်။
ထို့ပြင် စောစောက ကျွန်တော်တို့အသံကြားလိုက်ရ သည့် ခလောက်မှာလည်း ပကတိ ငြိမ်သက်နေပြီး ခလောက်တပ်ထားသည့် သုတ်ကိုင်းငယ်တွင် ပင့်ကူအိမ်တန်းများပင် သွယ်တန်းနေလိုက်သေးသည်ကို ထူးဆန်းစွာတွေ့ လိုက်ရသည်။
“လခွီးမှပဲ … တောခြောက်တာကွ ဘာကောင်မှ မတိုးဘူး။ တတ်လဲ တတ်နိုင်တယ်။ ခလောက်သံကို အတုလုပ်လိုက်သေးတယ်၊ မင်းရဲ့ ခလောက်သံအတိုင်း တထေရာတည်းပဲ”
ကျွန်တော်လည်း လိမ်ညာနောက်ပြောင်မှုခံလိုက်ရသလိုဖြစ်၍ စိတ်အနည်းငယ်တိုသွားမိသည်။ သို့သော်လည်း “တောခြောက်တယ်ဆိုတာ ဒါမျိုးလည်း ခြောက်တတ်တာပဲ”ဟု သိလိုက်ရသဖြင့် ရရှိလိုက် သည့် အတွေ့အကြုံအပေါ် ကျေနပ်သလိုတော့ ဖြစ်မိသည်။
တောင်ယာတဲသို့ ပြန်ရောက်ပြီး မကြာမီပင် ရွာဦး ကျောင်းမှ အရုဏ်ဆွမ်းချက်ရန် နှိုးဆော်သည့် အုန်းမောင်းခေါက်သံများ ကြားရတော့သည်။ ကျွန်တော် တို့နှစ်ယောက် မိုးလင်းသည်အထိ မအိပ်ကြတော့ဘဲ ထိုင်စောင့်ခဲ့ကြသော်လည်း မည်သည့်တောကောင် ၏ အရိပ်အယောင်မျှကိုပင် မမြင် မကြားခဲ့ကြရတော့ချေ။
ဟင်းစားမျှပင်မရဘဲ မိုးစင်စင်လင်းခဲ့ရသည့်အဖြစ်က “သမားသည်” ဟု နာမည်ရစ မုဆိုးလေး ကျွန်ုပ်ကို စိန်ခေါ်လိုက်သကဲ့သို့ ရှိသဖြင့် နောက်နေ့ညတွင်လည်း နေ့ဆက်ထောင်ဦးမည်ဟု ကြုံးဝါးမိလိုက်သည်။
ကိုမင်းဒင်ကလည်း သဘောတူသဖြင့် ပိုက်များကို သိမ်းဆည်းပြီး ညက ထွက်ခဲ့ကြသည့် ယုန်နှင့် တောကြောင်တို့၏ ခြေရာနှင့် စားကျက်တို့ကို လိုက်လံ ခြေရာခံကြည့်ရာ ကျွန်တော်တို့ ပိုက်ထောင်သည့် တောင်ယာကွက်မှာ ယခင်ရက်များက နေ့စဉ်ရက်ဆက် ယုန်နှင့် တောကောင်များ ခြေရာချင်းထပ်မျှ တွေ့ခဲ့ရသည်။
သို့သော် ညကမူ ထိုယာကွက်များတွင် မည်သည့် တောကောင်မျှ ခြေရာမချခဲ့ကြောင်း ထူးဆန်းစွာတွေ့ခဲ့ရသည်။
xxx xxx xxx
ယနေ့တွင်မူ ပြီးခဲ့သည့်ညက အဖြစ်အပျက်ကြောင့် မခံချင်စိတ်ဖြင့် နေ့ခင်းပိုင်းအချိန်ကတည်းက ရွာမှထွက်လာခဲ့သည်။
မောင်းကုန်းတက်အနီး တောင်ဖီလာတောင်တွင် သုတ်ကိုင်းထောင်ရန် ပြင်ဆင်နေသည့် ဝါရင့်မုဆိုးတစ်ဦးဖြစ်သူ ဦးသာဌေးနှင့် ဆုံမိကြသည်။
ကျွန်တော်တို့နှစ်ယောက်က မုဆိုးအလုပ်ကို ဝါသနာအရ အပျော်တမ်းလုပ်သူများ ဖြစ်သော်လည်း ဦးသာဌေးကမူ တောထဲက ပြန်သည်မရှိလောက်အောင် နေ့စဉ်တိုင်းလိုလို ဝမ်းရေးအတွက် တောထွက်နေသူ ဖြစ်သည်။
“ဟ … ကောင်လေးတွေပါလားဟေ့။ ယုန်ပိုက်ထောင်မှာလား။ ကိုမောင်ထေးတို့၊ ကိုရာမော်တို့ ဖုန်းဆိုးတန်းဘက်တော့ သွားမထောင်လေနဲ့။ အိပ်ရေးပျက်တာပဲ ရှိမယ်။ ကံနိမ့်ရင် တောခြောက်ခံရပြီး တောစာကျွေးနေရအုံးမယ်”
“ကျုပ်တို့ကလဲ အဲဒီအစဉ်အလာကို ဖျက်မလို့ဗျ။ ညကတော့ ဘာကောင်မှ မထွက်လာတဲ့အပြင် တောခြောက်တာလဲ ခံရသေးတယ်။ ဒါပေမဲ့ ဒီနေ့ည ဆက်ထောင်မလို့”
“အေးကွာ … မင်းတို့ ခေတ်လူငယ်တွေက ပြောရဆိုရ တယ်ခက်တာကိုး။ ငါ့တစ်သက်တော့ အဲဒီ ဖုန်းဆိုးတောမှာ ဆယ်ကြိမ်မက သုတ်ကိုင်းထောင်ခဲ့ဖူးသလို၊ ည ကြက်အိပ်ပစ်တာလဲ အကြိမ်မနည်း လှဘူး။ ဘာကောင်မှ မရခဲ့ဖူးတာတော့ ငါ့မုဆိုးလုပ်သက်နဲ့ အမျှပဲ။ အဲ … တောကြမ်းတာတော့ မပြောပါနဲ့တော့။ ငါကလွဲပြီး ပိုက်ထောင် ညအိပ်ရဲတာ မင်းတို့နှစ်ယောက်ပဲ ရှိသေးတယ်”
ဦးသာဌေးက ကျွန်တော်တို့ နှစ်ယောက်ကို တားလိုပုံရသော်လည်း ကျွန်တော်တို့ စိတ်အားထက်သန်နေပုံကို ကြည့်ပြီးနောက် ဆက်မတားတော့။
ကျွန်တော်တို့ကလည်း တစ်ညပင် ဖြတ်ကျော်ခဲ့ပြီးပြီမို့ တောကြမ်းတာလောက်တော့ ဂရုမစိုက်တော့။ ဦးမောင်ထေး ယာတဲပျက် ဖုန်းဆိုးတောသို့ စောစီးစွာပင် ထွက်လာခဲ့ကြသည်။
xxx xxx xxx
ကြိုတင်ဝီရိယထားခဲ့သည်မို့ အနောက်ဘက် ချင်းတောင်တန်းကြီးပေါ်တွင် နေလုံးကြီး ငုပ်လျှိုးနေချိန်တွင်ပင် ပိုက်ထောင်၍ ပြီးသွားခဲ့သည်။ ညက အိပ်ရေးအနည်းငယ် ပျက်ထားကြသည်မို့ စောစီးစွာ အိပ်ရာဝင်ထားရန် ညစာထမင်းထုပ်ကို ဖြေစားလိုက်ကြသည်။
“ကလောင် … ကလောင် … ကလောင်”
နေဝင်ပြီးစအချိန်တွင်ပင် နတ်ကောင်းတောင်ဘက်သို့ သွားသည့် လှည်းလမ်းဘက်ဆီမှ နွားခလောက်သံနှင့် စကားတီးတိုးပြောသံများ ကြားလိုက်ရသဖြင့် ကျွန်တော်နှင့် ကိုမင်းဒင်တို့ မျက်လုံးပြူးသွားကြသည်။ ခလောက်သံနှင့် စကားတိုးတိုးသံတို့မှာ တဖြည်းဖြည်း နီးလာသဖြင့် ဤယနေ့တော့ တော ခြောက်တာပိုကြမ်းလေပြီဟု တွေး ပြီး ကြက်သီးဖြန်းဖြန်းထသွားကြ သည်။
“ဟေ့ကောင် သိန်းထင် … ဟေ့ သိန်းထင်”
ကျွန်တော်နှင့် ကိုမင်းဒင်တို့ အံ့သြနေကြခိုက် ကျွန်တော့်နာမည်ကို အော်ခေါ်သံကြားလိုက်ရခြင်း ဖြစ်သည်။ တောခြောက်သည်ဟု အထင်ရောက်စရာဖြစ်သော်လည်း ထိုအသံကို ကောင်းစွာကျက်မိထား သော ကျွန်တော်က သူငယ်ချင်းဖြစ်သူ ကြည်တိုး၏အသံမှန်း သိလိုက် သည်။
“ကြည်တိုးလားဟေ့ … ငါတို့ ဒီမှာ”
“ဪ … အေး … အေး။ လမ်းပေါ်မှာ မင်းတို့ ပိုက်ထောင်ထားနိုင်တယ်လို့ ဦးသာဌေးက သတိပေးလိုက်လို့ကွ။ ငါတို့ သရက်ပင် ရေရှင်မှာ ဝါးစွတ်သွားဆွဲမလို့။ မိုးမလင်းခင် ပြန်ဆင်းလာမှာ။ မင်းတို့လမ်းမှာ ပိုက်ထောင်ထားရင် ထိခိုက်မိမှာစိုးလို့”
“အေးကွာ .. ငါ့ပိုက်တစ်ဖုံက ဝါးဆွဲလမ်းပေါ်မှာ ထောင်ထားတာကွ။ နေအုံး … နေအုံး ငါဖြုတ်ပေးမယ်၊ မင်းတို့ မိုးမလင်းခင် ပြန်ရောက်မှာလား”
“အေးလေကွာ … ဝါးတောင်မှာ ညအိပ်ပြီး အရုဏ်ဆွမ်းချက်ချိန်ဆို ပြန်ဆင်းလာကြမှာ။ မင်း ပိုက်ကို ဘယ်လိုလုပ်မလဲ”
“ဘယ်တတ်နိုင်မှာလဲကွာ၊ နေရာပြောင်းထောင်ရုံပေါ့”
ပြောမည့်သာ ပြောရပါသည်။ အလင်းရောင် ပျောက်လုပြီမို့ နေရာပြောင်းပြီး ယုန်ပိုက်ထောင်ရန်မှာ အင်မတန်ပင် ခက်ခဲသွားသည်။
ကြည်တိုး၊ လင်းလင်းနှင့် မင်းဦးတို့ ကျွဲသုံးရှဉ်း တောင်ပေါ်တက်သွားပြီးချိန်တွင် အလင်းရောင် အနည်းငယ်သာ ရှိတော့သည်မို့ ပိုက်ထောင်ရန် နေရာမရွေးနိုင်တော့။
တောင်ဖီလာတောင် လှည်းဖြတ်လမ်း တစ်ဖက်ရှိ လမ်းတိုကလေးပေါ်တွင် စည်းမချတော့ဘဲ ဖြစ်သလိုပင် ပိုက်ကို အမြန်ထောင်လိုက်ရသည်။
ကစဉ်းလှသောတောတွင် အမှောင်ရိပ်ဝင်လာချိန်တွင်မှ ငုတ်ရိုက်ပြီး ပိုက်ထောင်ရသဖြင့် မျှော်လင့်စရာတော့ သိပ်မရှိတော့ချေ။
xxx xxx xxx
ဆောင်းည၏အချိန်များ က တဖွဲဖွဲကျဆင်းနေသည့် နှင်းပွင့်များနှင့်အတူ တရွေ့ရွေ့ ကုန်ဆုံးလေသည်။
ဤယနေ့ညတွင်တော့ မည်သည့်တောခြောက်သံကိုမျှပင် မကြားရဘဲ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။
ကျွန်တော်လည်း အိပ်ရေးပင် ဝသလောက်ရှိပြီမို့ ကြိုးပြတ်သဖြင့် အိတ်အတွင်းထည့်၍ သိမ်းဆည်းထားရသည့် ဓာတ်ခဲနာရီလေးကို နှိပ်ကြည့်လိုက်ရာ နံနက်လေးနာရီထိုးလုလုအချိန် ဖြစ်သည်ကို သိလိုက်ရသည်။
“ဂလင် … ဂလိန်”
“ဂွီး … ခွီး … ခွီး”
“ဂလင် … ဂလိန်”
“ဂွီး … ခွီး … ခွီး”
“ဂလင် … ဂလိန်”
နားယဉ်ပါးနေသည့်အသံများဖြစ်သော ခလောက်သံ၊ တောကြောင်အော်သံတို့ ရုတ်တရက် ပေါ်လာသဖြင့် အိပ်ရာနိုးနေသော ကျွန်တော်က ကိုမင်းဒင်ကို နှိုးလိုက်မိပြန်သည်။
“ကိုမင်းဒင် … ကိုမင်းဒင်”
“ငါကြားတယ် … ကြားတယ်။ မင်းရဲ့ယုန်ပိုက်မှာ တောကြောင် မိနေပြန်ပြီကွ။ ဟင် … မင်း နောက်မှ ထောင်တဲ့ပိုက်က အသံပါလား။ ဘာပဲဖြစ်ဖြစ် တုတ်တော့ ယူခဲ့ကွာ။ ငါလဲ ယူခဲ့မယ်”
တောခြောက်သည် မဟုတ်ဘဲ အမှန်သာ တောကြောင်မိပါက ပိုက်ကို ကိုက်ဖောက်၍ ထွက်ပြေးတတ်သည်မို့ ခပ်မြန်မြန်ပင် ပိုက်ရှိရာသို့ ပြေးလာကြသည်။ လမ်းတစ်လျှောက်တွင် ပင့်ကူမျှင်များ ရှင်းလင်းနေသဖြင့် ယနေ့ညတော့ ယုန်တွေ ထွက်ကစားထားသည်ဟု အတပ်သိလိုက်သည်။
““ဂလင် … ဂလိန်”
“ဂွီး … ခွီး … ခွီး”
“ဂလင် … ဂလိန်”
ပိုက်အနီးသို့ ရောက်သောအခါ ကျွန်တော်၏ပိုက်တွင် အတန်အားကြီးလှသည့် တောကြောင်တစ်ကောင် မိနေသည်ကို တွေ့လိုက်ရသည်။ တောကြောင်က ရုန်းလေ ပိုက်က ပိုထွေးလေမို့ တောကြောင်ကို ပိုက်ဖြင့် အထပ်ထပ်ထုပ်ပိုးထားသလို ဖြစ်နေသော်လည်း လဲကျနေခြင်း မရှိသည်အထိ အားကြီးလှ သည်။
ခြေမြန်လက်မြန်ရှိသော ကိုမင်းဒင်က သူ့လက်တွင် ကိုင်လာသည့် ဝါးရင်းတုတ်ဖြင့် ပွဲသိမ်းပေးလိုက်သည်။
သို့သော်လည်း တောကြောင်က အပြီးတိုင် ငြိမ်သက်သွားသည်မရှိဘဲ ဖြစ်နေသဖြင့် ကျွန်တော်က ထပ်မံ၍ တစ်ချက်ရိုက်ပြီး ပိုက်ကို ထွေးလျက်အနေအထားနှင့်ပင် တောကြောင်ကို ယာတဲသို့ ယူဆောင်လာခဲ့သည်။
ကျွန်တော်တို့ ဒေသတွင် တောကြောင် လေး၊ ငါး၊ ခြောက်မျိုးမျှ ရှိသည်။ ကျွန်တော် ရထားသော တောကြောင်ကြီးမှာ အရပ်နိမ့်သော်လည်း အလျားကောင်းပြီး ဒေသအခေါ် အင်မတန် အားကောင်းသော ကြောင်မြင်းကြီး ဖြစ်သည်။
“အတော်ကြီးတဲ့ နှစ်ချို့ကြောင်ကြီး သိန်းထင်ရ၊ လေးပိဿာကျော်မယ် ထင်တယ်”
ကိုမင်းဒင်က ကူသယ်ပေးရင်း အလေးချိန်ကို ခန့်မှန်းပေးသည်။ သူ ခန့်မှန်းက လွဲလျှင် အစိတ်သားထက်မပိုအောင် မှန်သောသူ ဖြစ်သည်။ တောင်ယာတဲသို့ ပြန်ရောက်ချိန်တွင်လည်း တောကြောင်မှာ မသေသေးဘဲ တခွီးခွီးဖြင့် ထထထိုင်သောကြောင့် ကျွန်တော်လည်း ချက်ကောင်းကို သုံး လေးကြိမ်မျှ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်လိုက်ရသည်။
သို့သော်လည်း တောကြောင် ထထိုင်မြဲ ထထိုင်နေသဖြင့် ကျွန်တော် အလွန်အမင်း အံ့သြနေမိသည်။
“သိန်းထင်ရေ … မဟုတ်တော့ဘူးကွ။ မင်းရဲ့ကောင်ကြီးက တောစီးနေတာ။ တကယ်ဆို ငါရိုက်လိုက် ကတည်းက ဦးခေါင်းကြေမွသွားပြီ။ ထထိုင်စရာအကြောင်း မရှိတော့ဘူး။ အခုလိုဖြစ်နေတာ တောစီး လို့ကွ။ ဖယ် … ဖယ်”
ကိုမင်းဒင်က သူအားသန်သည့် ထုံးစံအတိုင်း ပြုမူလိုက်သည့်အပြင် တောကြောင်၏ လျှာဖျားကို လည်းဖြတ်၍ ပါးစပ်မှ တစ်စုံတစ်ရာ ရွတ်ဆိုပြီး အဝေးသို့ လွှင့်ပစ်လိုက်လေသည်။
ထူးဆန်းသည်မှာ စောစောက တခွီးခွီးဖြင့်မာန်ဖီပြီး ထထထိုင်နေသည့် တောကြောင်ကြီးမှာ လုံးဝ ငြိမ်သက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင်ပင် အရုဏ်ဆွမ်း ထချက်ရန် အချက်ပေးသည့် အုန်းမောင်းခေါက်သံများ ကြားလိုက်ရသလို အဝေးဆီမှ တဝေါဝေါဖြင့် နီးကပ်လာသည့် ကြည်တိုးတို့ အဖွဲ့၏ ဝါးစွတ်ဆွဲသံများကိုလည်း ကြားလာရသည်။
ကြည်တိုးတို့ ဝါးစွတ်ဆွဲသည့် အဖွဲ့ရောက်လာချိန်တွင် အမြည်းပေးမည့်အကြောင်းပြော၍ တောကြောင်ကို ဝါးစွတ်ပေါ် တင်ပေးလိုက်ရာ ဝမ်းမြောက်ဝမ်းသာ တင်သွားကြ၏။
ကြည်တိုးတို့ ဝါးစွတ်များ ဖြတ်သွားပြီး တစ်တောတစ်တောင်လုံး ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
တစ်နာရီကျော်မျှ ကြာသွားသောအချိန်တွင် ငှက်ကလေးများ တစီစီအော်သံကြားရပြီး တဖြည်းဖြည်းလင်းလာ၏။
တောကြောင်တစ်ကောင် ရထားပြီးဖြစ်၍ ကျွန်တော်နှင့် ကိုမင်းဒင်တို့မှာ တစ်ရေးတစ်မောပင် အိပ်လိုက်ကြသေးသည်။
ကိုမင်းဒင်၏ ပိုက်နှစ်ဖုံကို ကူသိမ်းပေးပြီးဖြစ်၍ ယခင်နေ့ညက တောခြောက်ခံထားရသည့် ကျွန်တော်၏ ပိုက်တစ်ဖုံသာ ဖြုတ်သိမ်းရန် ကျန်တော့သည်။
“ဟင် … သိန်းထင်၊ မင်းရဲ့ပိုက်မှာ တစ်ကောင်ကောင် မိထားတယ်ကွ၊ ဟိုမှာ ကြည့်လိုက်စမ်း”
ကိုမင်းဒင်က အားရဝမ်းသာ ပြောလိုက်သည်ကို နောက်ပြောင်သည်ထင်၍ ကျွန်တော်က အေးဆေးစွာပင် လှမ်းကြည့်လိုက်သော်လည်း ကျွန်တော်၏ ပိုက်ထဲတွင် အမှန်တကယ်ပင် တစ်စုံတစ်ရာရှိနေသည်ကို လှမ်းတွေ့လိုက်ရသည်။
နှစ်ယောက်သား တိုင်ပင်ထားသည့်အလား အပြေးအလွှားသွားကြည့်လိုက်သည်တွင် မည်သည့်အချိန် ကတည်းက မိပြီး သေနေသည်မသိသော ယုန်ညိုကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
ရမည့်ရတော့လည်း ကစဉ်းသော တောကမှ တစ်ညတည်း နှစ်ကောင် ရလိုက်သဖြင့် ကျွန်တော် အလွန်ကျေနပ်သွားသည်။
သို့သော်လည်း ကျွန်တော့်ထက် မုဆိုးသက် ပိုများသော ကိုမင်းဒင် မရဘဲ ကျွန်တော်တစ်ယောက်တည်းက ရသည်ဖြစ်၍ စိတ်မကောင်းတော့ ဖြစ်မိသည်။
ရသည့်ဝေစုကို တစ်ဝက်ခွဲပေးရန် ရည်မှန်းထားပြီမို့ ဝေစုအတွက်တော့ စိတ်မကောင်းဖြစ်စရာ မလို။ သို့သော် သားကောင်ရသည်ဆိုသော မုဆိုးမာနအတွက် သာ စိတ်မကောင်းဖြစ်မိခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့အပြန် တောင်ဖီလာတောင်ခြေအကျော် တွင် မုဆိုးဦးသာဌေးကို ဆေးပေါ့လိပ်ထိုင်သောက်လျက်သား တွေ့ရသည်။
“ကောင်လေးတွေ … မင်းတို့ညက တောကြောင်ရတယ်ဆို။ တယ်ဟုတ်ပါလားကွ။ ချီးမွမ်းစကား ပြောချင်လို့ကို တမင်ထိုင်စောင့်နေတာကွ”
“ဟုတ်တယ် အဘိုးလေး သာဌေးရေ။ ဒီကောင် သိန်းထင် ရတာ အဘိုးလေးရ။ အခု မနက်မှ ပိုက်ဖြုတ်သိမ်းတော့လဲ ယုန်ညိုကြီး ရသေးတယ်။ နှစ်ပိဿာနီးနီးပဲ … ဟောဒီမှာ”
“ဟေ … အံ့ဩစရာပဲကွာ။ အငယ်ကောင် သိန်းထင် သမားတယ်လို့တော့ ငါ ကြားမိသားကွ။ တကယ် မှန်တယ်ဟေ့။ ငါသိသလောက်တော့ ကိုမောင်ထေးရဲ့ ဖုန်းဆိုးယာက ဘယ်သူမှ တောကောင်ရဖူးတာ မဟုတ်ဘူးကွ။ မုဆိုးချင်းတူရင် ဘယ်လောက်တော်တော် ဘယ်လောက်ကျွမ်းကျွမ်း သမားတဲ့သူနဲ့ ယှဉ်လို့တော့ မရတာ အမှန်ပဲကိုးကွ။ ကစဉ်းတဲ့တောလဲ သမားတဲ့မုဆိုးကို မယှဉ်နိုင်ရှာပဲကိုး”
ကျွန်တော့်ကို မုဆိုးကြီး ဦးသာဌေးက ချီးမွမ်းခန်းဖွင့်နေသလို ကိုမင်းဒင်ကလည်း ကျွန်တော့်အား အထင်ကြီးသော မျက်လုံးတစ်စုံဖြင့် ကြည့်နေ၏။ ကျွန်တော်၏ အတွင်းစိတ်၌ကား သူတို့ အထင်ကြီးနေမှုကို ပီတိမဖြစ်မိ။
အဘယ်ကြောင့်ဆိုသော် ကစဉ်းသောတော ဟူ၍ အဘယ်အတွက် ထူးထူးခြားခြား ရှိနေသနည်း။ ဦးခေါင်းတစ်ခုလုံး ကြေမွနေအောင် ရိုက်ထုခံထား ရသော တောကြောင်ကြီးက တောစီးသည်ဆိုပြီး အဘယ်ကြောင့် မသေနိုင်ဖြစ်ကာ အကြိမ်ကြိမ် အထုအရိုက်ခံနေရသနည်း။
သူများတကာ ဖမ်းမိရန်ခက်ခဲသော တောတွင် ကျွန်တော်က အဘယ်အတွက်ကြောင့် အလွယ်တကူသားကောင်ဖမ်းမိရသနည်း ဟူသည့် အတွေးများဖြင့်သာ ချာချာလည်နေသလို ပြုသူအသစ် ဖြစ်သူ အဟောင်းဆိုသော အဘကြံ၏ ဆုံးမစကားကို ကြားယောင်နေမိပါတော့သည်။
(တစ်ချိန်က စာရေးသူ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် ဖြစ်ပါသည်။)
မြဝတီမဂ္ဂဇင်း
– ပြီး –
စာရေးသူ – ဘုန်းရဲနိုင်(ဂန့်ဂေါ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)