သမီးနှင့် စံပယ်ပန်းများ – ခင်ခင်ထူး

သည်နှစ်မိုးတွင်း ကျွန်မတို့အိမ်က စံပယ်တွေလှိုင်အောင် ပွင့်လိမ့်မည် ထင်ခဲ့ပေသိ စံပယ်ရုံသုံးရုံစလုံး အပွင့်နည်းလှပါသည်။ စံပယ်သုံးရုံက ရိုးရိုးတစ်ထပ်စံပယ်၊၊ အိုးပုတ်စံပယ်နှင့် ကြက်ရုံးစံပယ်ပင်တွေ ဖြစ်၏။ မနှစ်ကတော့ တော်တော်ကလေး ပွငါ့လိုက်သား။ ဘုရားလည်းတင်ရသည်။ သီကာ ကုံးကာ ပန်လိုက်ရတာလည်း မနည်း။ တစ်ခါများ တိုက်ပန်းကန်တစ်ချပ်စာ မောက်မောက်ကြီးခူးပြီး ပန်းကန်လိုက် ဘုရားကပ်ခဲ့ရတာကိုလည်း သတိရမိပါသည်။ သည်နှစ်တော့ စံပယ်ရုံတွေက အပင်အလိုတော့ သန်ကြပါရဲ့။ အပွင့်မပါ။ မန္တလေးမှာ မိုးပဲနည်းလို့လားတော့ မပြောတတ်ပါ။ ရေတော့ မှန်မှန်လောင်းပါ၏။ စံပယ်တို့ ဇွန်တို့က ရေကြိုက်ပင်တွေ၊ ဇွန်ပန်းရုံအနီး လှည်းဘီးနွံထဲကျွံနေသည်တဲ့။ သမီးက သည်စာကိုသင်ရတော့ ဇွန်ပန်းရုံ အနီးကျမှ လှည်းဘီးက ဘာဖြစ်လို့ကျွံရတာလဲလို့ မေးဖူးသည်။ ဇွန်ပန်းရုံက ရေကြိုက်သည်။ ရေများများ လောင်းရသည်။ များသောအားဖြင့် ရေချိုးခုံတွေနားမှာ စိုက်လေ့ရှိကြပါ၏။ သည်တော့ ဗွက်ထတော့တာပေါ့။ ဗွက်ထတော့ လှည်းဘီးကျွံတာပေါ့လို့ ဖြေရသည်။

စံပယ်သုံးရုံမှာ အပွင့်ဆုံးကတော့ အိုးပုတ်စံပယ်ရုံဖြစ်သည်။ ပွင့်ချပ်ထူထူကလေးတွေက တသ်ချပ်အပေါ်တစ်ချပ် ဖိကာ ဆွမ်းအုပ်ကလေးလိုပွင့်ကြတာကိုက ချစ်စရာကောင်းလှပါသည်။ ပြည့်ပြည့်ခဲခဲရှိလို့ မြင်သူက ခူးချင်ပန်ချင်လောက်အောင် ဖမ်းစားနိုင်သည့် အပွင့်ကလေးတွေပင်။ ရနံ့ကလည်း သင်းပျံ့သည်။ အဖြူကလည်း စံပယ်ဖြူ။ အဖြူတွေများစွာပေသိ စံပယ်ဖြူက ကိုယ်ပိုင်အဖြူဖြစ်သည်။ တစ်ပွင့်စနစ်ပွင့်စ ပွင့်နေတာမျိုးဆိုလျှင်တော့ ခူးပြီး ကျွန်မအိမ်သား စာရေးစားပွဲပေါ် သွားတင်လေ့ရှိသည်။ တစ်ခါတစ်ရံ သမီးအိပ်နေသည့် ခေါင်းအုံးဘေးမှာချထားလိုက်သည်။ စံပယ်ရနံ့က ခေါင်းကြည်အောင် မွှေးလှ၏။ လေး ငါးပွင့်ဆိုလျှင်တော့ အကုံးတိုကလေးတစ်ကုံးသီပြီး သမီးကို ပန်ပေးလိုက်တာလည်း ရှိသည်။

” သမီး … ပန်းတွေထဲမှာ ဘယ်ပန်း အကြိုက်ဆုံးလဲ “

” စံပယ်ပန်း “

သည်အဖြေကို အတည်ယူလို့လည်း မဖြစ်ပါ။ တစ်ခါတစ်ရံမှာတော့ နှင်းဆီပန်းဟု ဆိုပြန်ပါသည်။ ဇွန်ပနိးကုံး၊ မြတ်ဘေးပန်းကုံးသည် တွေ့တော့လည်း သမီးကြိုက်လို့ပါ ဝယ်ပေးပါမေမေရဲ့လို့ ပူဆာတာမျိုးလည်း ရှိသည်။ ပန်းဆိုတော့လည်း တောပန်းတောင်ပန်း၊ ဆူးခြုံတွေပေါ်မှာ ပွင့်သည့်ပန်း၊ လူသွားလမ်းဘေးတွေမှာ အလေ့ကျပင်တွေကပွင့်သည့်ပန်း၊ ဘယ်ပန်းမဆို သူ့အရောင်နှင့် သူ့သဘာဝ လှတာချည်းမဟုတ်လား။ သည်ရက်ထဲမှာ ရွာလိုက်သည့်မိုးဓာတ်ကြောင့် ထင်ပါရဲ့။ စံပယ်ရုံတွေမှာ အဖူးကလေးတွေ စီကြပြီ။ ပွင့်ကြပြီ။ အူနေအောင်ပွင့်တာမျိုးမဟုတ်ပေသိ များများပွင့်ကြပါ၏။

” သမီးရေ … ထဟေ့ … စံပယ်တွေခူးရအောင် “

မိုးလင်းလို့ တံခါးဖွင့်လိုက်သည်နှင့် စံပယ်ပန်းရနံ့တွေကြိုင်လှသည်။ ဟုတ်ပါ့ … ။ စံပယ်တွေ ပွင့်ကြပြန်ပြီ။ အိမ်ကဆရာက စံပယ်ပန်းခူးနေသော ကျွန်မတို့သားအမိကို ကြည့်ရင်း လှမ်းပြောပါသည်။

” အခု ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံရဲ့ အမျိုးသားပန်းက စံပယ်ပန်းပဲ “

စံပယ်ပန်းခူးလက်စ သမီးက ဖအေကိုအော့ငြည့်သည်။ ပြည်တွင်းစစ်ဆိုတာ ဘာပြောတာလဲတဲ့။ ပြည်တွင်းစစ်ဆိုတာ တိုင်းပြည်တွင်းမှာ ဖြစ်ကြတဲ့ စစ်ပွဲပေါ့သမီးရဲ့ ဆိုတော့ နားလည်ပုံမရပါ။ ကျွန်မကတော့ ဆီးရီးယားပြသာနာကို ရေဒီယိုသတင်း၊ အင်တာနက်သတင်းတွေကြောင့် သိပ်ကြီးမစိမ်းလှပါ။ ဂြိုလ်တုစလောင်းကိုကြည့်လျှင် သည်သတင်းက ထိပ်တန်း သတင်းဖြစ်နေတာ ကြာလှပြီ။ ဆီးရီးယားအစိုးရတပ်က ပစ်ခတ်နေတာများ မညှာမတာ။ အရပ်သူ အရပ်သား၊ ကလေးတွေ မိန်းမတွေခမျာ အိုးပစ်အိမ်ပစ် အော်ဟစ်ပြေးလွှားနေကြရသည်။ အိုးအိမ်တွေ ဗုံးဆံထိလို့ မုန့်လေပွေဆင်နင်း ကျိုးကြေကုန်ကြပြီ။ သိပ်မကြာခင်က နိုင်ငံတစ်နိုင်ငံဆီက လိမ္မော်ရောင်တော်လှန်ရေးဆိုတာလည်း ကြားလိုက်ရသည်။ စံပယ်တော်လှန်ရေးဆိုတာလည်း ဖတ်လိုက်ရဖူးသည်။ စံပယ်တွေခူးရင်း ကျွန်မစိတ်ထဲ ပေါ်လာတာတွေ ဖြစ်၏။ အမျိုးသားပန်းဆိုတာကိုလည်း စိတ်ရောက်နေမိပါသည်။

ကျွန်မတို့နိုင်ငံက အမျိုးသားပန်းကကော ဘာများပါလိမ့်။ ပိတောက်ပန်းလို့လည်း ရေးပြပြောကြတာရှိသည်။ သပြေပန်းကိုတော့ အောင်နိမိတ်ပန်းအဖြစ် စာတွေ၊ ကဗျာတွေမှာ တွေ့နိုင်သည်။ အင်ဆာနက်ကို ဖွင့်ပြီး အမျိုးသားပန်းများ ( National Flowers ) ကို နိုင်ငံအလိုက်ရိုက်ကြည့်တော့ ကမ္ဘာ့နိုင်ငံတွေအလိုက် ပန်းတွေမနည်းပါလား။ မြန်မာ့အမျိုးသားပန်းကိုတော့ ပိတောက်ပန်းတဲ့။ ကျွန်မတို့ဘအိမ်နီးနားချင်းနိုင်ငံတွေက အအျိုးသားပန်းတွေကကော ဘာပန်းတွေပါလိမ့်။

” အမျိုးသားပန်းဆိုတာ ဘာကိုပြောတာလဲ မေမေ “

” အမျိုးသားပန်းဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အမှတ်သင်္ကေတ သဘောဆောင်တဲ့ပန်းပေါ့ သမီးရယ် … နိုင်ငံထဲကလူတွေကလည်း မြတ်နိုးရမယ် … ကိုယ့်တိုင်းပြည်မှာ ဘယ်နေရာကြည့်ကြည့် လက်လှမ်းမီတဲ့ပန်းလည်း ဖြစ်ရမယ် … တိုင်းသူပြည်သားတွေကလည်း လက်ခံရမယ် ဆိုတဲ့ပန်းပေါ့ “

သမီးနားလည်အောင် ကျွန်မပြောလိုက်ခြင်း ဖြစ်ပါ၏။ အင်တာနက်မှာ ရှာကြည့်ပြန်တော့ ပထဝီသဘောအရ၊ နိုင်ငံသမိုင်းအရ၊ ဘာသာရေးအရအဓိပ္ပာယ်တစ်မျိုးမျိုးဆောင်သောပန်းဟု ဆိုပါသည်။ သမီးအတွက် လေးလံနေမှာစိုးလို့ ခပ်လွယ်လွယ် ဖြေလိုက်ရသည်။

နိုင်ငံအလိုက် အမျိုးသားပန်းတွေကို ကြည့်မိတော့မှ ပန်းအမျိုးမျိုးကို တွေ့ရတော့သည်။ တစ်ချို့ပန်းကလေးတွေက ခြုံပင်က ပန်းကလေးတွေ။ တသ်ချို့ အမျိုးသားပန်းတွေက အရိုင်းပင်က ဖောဖာသီသီပွင့်ကြသည့် ပန်းကလေးတွေ။ ကြာပန်းကတော့ အိန္ဒိယ၊ မကာအို၊ ဗီယက်နမ် နိုင်ငံတွေမှာ ပြဌာန်းထားတာ တွေ့ရပါ၏။ တစ်ချို့နိုင်ငံတွေက ပန်းတွေကို ရုပ်ပုံနှင့်တွေ့ရလို့ သမီးနှင့်အတူ ကြည့်ဖြစ်ပါသည်။

” ဂျပန်နိုင်ငံက အမျိုးသားပန်းရယ်လို့ ရွေးထားတာ မရှိဘူးတဲ့ … မြတ်နိုးတဲ့ ပန်းကတော့ ချယ်ရီပန်းတဲ့ … တော်ဝင်အမှတ်တံဆိပ်ကိုတော့ ဂန္ဓမာပန်းကို ယူတယ်တဲ့ “

” ပါကစ္စတန်နိုင်ငံရဲ့ အမျိုးသားပန်းကလည်း စံပယ်ပန်းပဲ “

” ဘူတန်နိုင်ငံကျတော့ ဘလူးပေါ်ပီတဲ့၊ တောင်ကုန်းတွေပေါ်မှာ ပေါက်တဲ့ ပန်းအပြာရောင်ကလေးတွေ ချစ်စရာ “

” ဖာရိုးကျွန်းရဲ့ ပန်းက ထပ်တစ်ရာပန်း … ပြင်သစ်နိုင်ငံရဲ့ပန်းက အိုင်းရစ်စ် “

တစ်ချို့နိုင်ငံတွေကတော့ မျက်လုံးပြာခေါ်ကြသည့် မြက်ပွင့်ကလေးတွေ ဖြစ်လို့ အဲသလိုလည်း
ရှိသားပါလားလို့ တွေးမိပါ၏။ နှင်းဆီကိုတော့ နိုင်ငံတော်တော်များများ၏ အမျိုးသားပန်းအဖြစ် တွေ့ရပါသည်။ ဘာရိန်းနိုင်ငံ ဆိုပါတော့။ အမျိုးသားပန်း မရှိဟုဆိုပါသည်။ ကနေဒါကတော့ မေပယ်လ်ရွက်ကို ယူသတဲ့။

” အနောက်နိုင်ငံတွေမှာ စံပယ်ပန်းဆိုတာနဲ့ အဖြူရောင်ချည်း မဟုတ်ဘူးတဲ့ … အဝါရောင်မျိုးတွေလည်း ရှိသတဲ့ … စံပယ်ဝါကလေးတွေဆိုရင် လှမှာပဲ “

” ပျိုးပင်ဆိုင်တွေမှာ မေးကြည့်ပါလား … ရှိချင်ရှိမှာပေါ့မေမေရဲ့ “

သမီးအဖို့ရာ ကျွန်မရောက်နေကျ ပျိုးပင်ဆိုင်တွေကို တကောက်ကောက် လိုက်လာတတ်လို့ စံပယ်ဝါရှိချင်ရှိမှာပေါ့တဲ့။ ကျွန်မဖတ်ကြည့်တော့ စံပယ်ကလည်း အမျိုးမျိုးပင်။ စပိန်စံပယ်တဲ့ ၊ တော်ဝင်စံပယ်တဲ့ ၊ အီတာလျံစံပယ်ဝါတဲ့ ၊ ပရင်းမ်ရို့စ် စံပယ်တဲ့ ၊ ဂျပန် စံပယ်တဲ့ ၊ ဆောင်းစံပယ်တဲ့ ၊ ကြယ်စုရိုင်းစံပယ်တဲ့ ၊ ကဗျာဆရာရဲ့ စံပယ်တဲ့ ၊ ရိုးရိုးစံပယ်တဲ့ ၊ စံပယ်ပုတဲ့ ၊ အာရေဗီယံစံပယ်တဲ့။ ကဗျာဆရာ စံပယ်ဆိုတာက Poet’s Jasmine လို့ ရေးထားလို့ ကျွန်မ ဘာသာပြန်ကြည့်ခြင်းပါ။ များလိုက်တဲ့ စံပယ်တွေ။ ကျွန်မတို့ မြင်ဖူးနေကျ စံပယ်တွေပဲလား၊ မမြင်ဖူးသေးတဲ့ စံပယ်တွေပဲလား။ ကြယ်စုရိုင်းစံပယ် ဆိုတာကတော့ စံပယ်စင်္ကြာကလေးတွေကိုများ ပြောတာလား။ ပင်လုံးဖွေးအောင်ပွင့်ကြသည့် ကြက်ရုံးကိုများ ပြောတာလား။

အာဆီယံ ၁၀ နိုင်ငံ အမျိုးသားပန်းတွေကိုလည်း သမီးနှင့် ကျွန်မရှာကြည့်ဖြစ်ပါသည်။ ဘရူနိုင်းနိုင်ငံက ဆမ်ပါလို့ စာလုံးပေါင်းသည်။ ဓာတ်ပုံအရ သစ်ပင်ကြီးကပွင့်သော အဝါရောင်ပန်းဖြစ်၍ ကျွန်မတို့ဆီက ခရာဝါနှင့် ပင်တူသည်။ ကမ္ဘောဒီးယားက အဖြူရောင်ပနိးပွင့်ဖြစ်၍ အရွက်နှင့်အပွင့်က ကံ့ကော်လိုလို၊ နွယ်သာကီလိုလိုအပွင့် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားပန်းကတော့ လ သစ်ခွ။ အဖြူပွင့်ချပ်မှာ ခရမ်းစွက်ထားလို့ တစ်မျိုးလှပါ၏။ လာအိုက တရုတ်စံကားဝတ်ဆံဝါ။ မလေးရှားက အပွင့်ထဲက ပွင့်တံငေါက်တောက်ထွက်နေသော ခေါင်ရမ်းနီ။ မြန်မာက ပိတောက်ဝါ။ ဖိလစ်ပိုင်က စင်္ကြာပန်း ဖြူဖြူလေးတွေ။ စင်္ကာပူအမျိုးသားပန်းကတော့ ပန်းရောင်သစ်ခွ ဖြစ်၏။ ထိုင်းနိုင်ငံကတော့ ဂိုးလ်ဒင်းရှာဝါလို့ခေါ်တဲ့ ငုရွှေဝါ။

ခရာဝါ၊ ငုရွှေဝါ ၊ စင်္ကြာ ၊ ခေါင်ရမ်း ၊ သစ်ခွ ၊ တရုတ်စကား။ ကျွန်မတို့နှင့် မစိမ်းလှသောပန်းတွေချည်း ဖြစ်သည်။ အာဆီယံနိုင်ငံများ၏ အမျိုးသား ပန်းတွေထဲမှာတော့ စံပယ်ပန်းရယ်လို့ မပါတာ သတိထားမိသည်။

သားအမိနှစ်ယောက် ညဦးလောက်ကတည်းကပင် အင်တာနက်မှာ ပန်းတွေ ရှာလိုက်ကြတာ ဘဉ့်နက်သည်အထိပင်။ ကြိုက်သည့်ပန်းတွေကို ရွေးချယ်ကာ ဓာတ်ပြားကူးထားကြသည်။ ဓာတ်ပြားပေါ်မှာ သမီးက စီဒီမာကာနှင့် ‘ ကမ္ဘာ့ပန်းပွင့်များ ‘ လို့ ရေးသည်။ ဓာတ်ပြားတစ်ချပ်မှာတော့ ‘ စံပယ်ပန်းများ ‘ လို့ ရေးသည်။ သည်ဓာတ်ပြားတွေကို Player ထဲ ထည့်ကြည့်တော့ တီဗီမှာ ပုံရိပ်ကြီးကြီးမြင်ရပါ၏။ အိမ်ကဆရာက ကျွန်မတို့ သားအမိကိုကြည့်ပြီးဂသူ့အတွက်ပါ နှစ်ချပ်ကူးပေးပါတဲ့။ ပြီးတော့ ကျွန်မတို့သားအမိကို စိတ်လိုလက်ရ ပြောပြသည်။

” တူနီးရှားနိုင်ငံရဲ့ အမျိုးသားပန်းက စံပယ်ပန်း … ၁၉၈၇ လောက်ကတည်းက ဒီမိုကရေစီအရေးအတွက် အာဏာရှင်ကိုဖြုတ်ချဖို့ သည်အကျိုးဆက်ပဲ … ဆီးရီးယားနိုင်ငံရဲ့ အမျိုးသားပန်းကလည်း စံပယ်ပန်းပဲ … သမိုင်းမှာ တူနီးရှားသြဇာကစခဲ့လို့ ပြည်တွင်းစစ်တွေရှိလာတာကို စံပယ်နှစ်ကာလများလို့ နာမည်တွင်နေတယ် “

ကျွန်မတို့သားအဖသုံးယောက် စကားဝိုင်းမှာ သမီးကလေးက မျက်လုံးပြူးပြီး နားထောင်နေသည်။ ပြီးမှ ဘယ်လို သဘောပေါက်သွားသည်မသိ။ ကောက်ကာငင်ကာ ပြောလိုက်သည့် သမီးစကားကြောင့် ကျွန်မတို့ကပင် ပါးစပ်ပိတ်သွားရပါ၏။

” တော်ပါသေးရဲ့ သမီးတို့အမျိုးသားပန်းကဂပိတောက်ပန်းမို့လို့ … စံပယ်ပန်းဆိုရင် ပြည်တွင်းစစ်ဖြစ်နေဦးမှာ … နော မေမေ “

ဖအေက ပြောတာတစ်ခြား။ သမီးက နားလည်တာ တစ်ခြား။ ကျွန်မကတော့ သမီးကလေးစိတ်ထဲ ဖွေးဖွေးမွှေးမွှေး စံပယ်လေးတွေကို မုန်းသွားမှာစိုးရိမ်သွားမိသည်။ ပန်းကလေးတွေကို ချစ်တတ်ဖို့ သမီးကိုပြောပြရပါဦးမည်။ စံပယ်တွေမှာ အပြစ်မရှိပါဘူး သမီးရယ် … ။ အာဏာကို လက်ဆုပ်မဖြေချင်သူတွေမှာသာ အပြစ်ရ်ှတာပါ။
⬛

ခင်ခင်ထူး ၂၀၁၂ ၊ သြဂုတ်လ
မောင်ရှင်ဆိုင်းထမ်းရသစာစုများ စာအုပ်မှ
#စာရိုက်ပေးသူ -(Poe Poe)