မောင်ယဥ်လှိုင်း(ပျဥ်းမမြိုင်)

သရဖူကာကွယ်ပွဲ

အလောင်းအစား အလုပ်ကို အောင်မောင်း ဝါသနာမပါ။ စိတ်လည်းမဝင်စား။ ဘယ်တုန်းကမှလည်း မလုပ်ဖူးခဲ့။ ယခုတော့ သူမလုပ်ဖူးသော အလုပ်ကို လုပ်ရတော့မည်။

ဆောင်းအကုန် နွေအကူး လေရူးကလေးနှင့် ကလိုင်ရွာသား ထွန်းမောင်ဆိုသူ ရွာကိုရောက်လာသည်။ သူပိုင်လှည်းယာဉ်ကလေးကို ခပ်ကြွားကြွားလေးစီးပြီး ရောက်လာခြင်းဖြစ်သည်။

နပြေးနလိုက် (နွားပြေးနွားလိုက်)နှစ်ကောင်ကလည်း ထိပ်အုပ်တွေ ခြူးတုံးတွေ ဆင်ယင်ထားသဖြင့် ကြွရွနေသည်။ အသွေးအမွေးတူဖြစ်သဖြင့်လည်း ကြည့်၍ကောင်းလှသည်။ နလုံးနထည် (နွားလုံးနွားထည်)ကောင်းသဖြင့် လှည်းယာဉ်ကလေးကို ဆွဲလာ ရသည်မှာ ပေါ့ပါးလှသည်။

ခြံဝိုင်းရှေ့ လှည်းရပ်လိုက်တော့မှ အောင်မောင်းက လှည်းပေါ်ပါလာသူများကို သတိထားမိသည်။

လှည်းမောင်းလာသူမှာ နီတိုးဖြစ်ပါသည်။ အောင်မောင်းနှင့် သိကျွမ်းခင်မင်သည်။ ကလိုင်ရွာက သူတို့ရွာနှင့်ဆိုလျှင် သုံးမိုင်မျှ ဝေးသည်။ သို့သော် နီတိုးနှင့် အောင်မောင်းသည် မြို့ပေါ်၌ နွားလှည်းပြိုင်ပွဲများတွင် မကြာခဏဆုံရင်း သိကျွမ်းခင်မင်နေခြင်း ဖြစ်သည်။

နီတိုးမှာ ကိုယ်ပိုင်လှည်းနှင့် နွားတော့မရှိ။ ဝါသနာ ကြီးသူဖြစ်သည့်အတွက် သူတို့ရွာက လှည်းပြိုင်ပွဲ၊ နွားပြိုင်ပွဲဝင်တိုင်း သူကလှည်းဆရာ၊ နွားဆရာအဖြစ် ပါပါလာတတ်သည်။

ယခုလည်း ထွန်းမောင်ဆိုသူ၏လှည်းကို လှည်းဆရာအဖြစ် ဦးစီးပြီး သူရောက်လာခြင်းဖြစ်သည်။

“ကိုနီတိုးတို့ပါလား။ ဘယ်ကလှည့်လာကြတာလဲ။ လာကြဗျာ”

အောင်မောင်းက လှမ်းပြီး လောကွတ်ပြုသည်။

“လာသာ လာရတယ်။ ကိုအောင်မောင်း ရှိမှ ရှိပါ့မလားလို့ဗျာ”

ပြောပြီး နီတိုးက လှည်းပေါ်မှခုန်ဆင်းသည်။ လှည်း နောက်က စီးပါလာသူလည်း လှည်းပေါ်က ခပ်ကြွားကြွားလေး ခုန်ဆင်းသည်။

“ကိစ္စ အထူးများ ရှိလို့လား ကိုနီတိုး”

ဟု အောင်မောင်းက စူးစမ်းသလို မေးသည်။

“ကျွန်တော့် စာရင်းဒိုင်က ကိုအောင်မောင်းနဲ့ တွေ့ချင် တယ်ဆိုလို့ဗျာ”

ဟု ပြောပြီး နီတိုးက အောင်မောင်းကို ထွန်းမောင်နှင့် မိတ်ဆက်ပေးသည်။

ထွန်းမောင်အကြောင်းကို အောင်မောင်း တစ်စွန်းတစ်စ ကြားထားသည်တော့ရှိသည်။

တမြန်နှစ်က သူ့ယာထွက်မြေပဲတွေ ဈေးကောင်းမိလိုက်သဖြင့် တစ်နှစ်တည်းနှင့် စီးပွားရေးထောင် တက်သွားသူဖြစ်သည်။ မနှစ်က စပါးလည်းရ၊ မြေပဲလည်းရ သဖြင့် စီးပွားရေးတစ်ဟုန်ထိုးတက်ကာ သူတို့ ကလိုင်ရွာ၏ အချမ်းသာဆုံး စာရင်းဝင်သွားသူဖြစ်သည်။

အောင်မောင်းကိုအားကျပြီး လှည်းယာဉ်တစ်စီးနှင့် နပြေးနလိုက် တစ်ရှဉ်းကို ကြေးကြီးကြီးပေးပြီး ဝယ်ထားသည်ဟု ထင်ရသည်။ ထိုလှည်းနှင့် နွားတွေကို အောင်မောင်း မမြင်ဖူးသေး။ ဤလှည်းနှင့် နွားတွေဖြစ်မည်ဟု အောင်မောင်း ခန့်မှန်းပြီး စူးစမ်းသလို ကြည့်လိုက်သည်။ ထိုစဉ် ထွန်းမောင်က…

“ခင်ဗျားလှည်းနဲ့ နွားသိပ်ကောင်းတယ်လို့ နာမည်ကြီးတယ်ဗျာ။ ကျုပ်လှည်းနဲ့ နွားတွေလောက်ကောင်း မကောင်းဆိုတာ သိရအောင် တစ်ချီတစ်မောင်း စမ်းကြည့်ချင်လို့ လာခဲ့တာပဲ”

ဟုလာရင်းကိစ္စကို တဲ့တိုးကြီး ပြောသည်။

ရုတ်တရက်ကြီးမို့ အောင်မောင်းလည်း စိတ်ထဲတင်းသွားသည်။ တစ်ကိုယ်လုံးရှိ သွေးတွေထူပူသွားသည်။ သို့သော် ချက်ချင်းပင် သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။

သူ့မှာ တိမ်ခိုးနှင့် တိမ်ညွန့် ဟူသော နပြေးနလိုက် တစ်ရှဉ်း ရှိသည်။ ငယ်မွေးခြံပေါက်တွေ ဖြစ်သည်။ ပိုးထိ၍ သေသွားသော နနီ(နွားနီ)မကြီးက မွေးထားသော ညီအစ်ကိုနှစ်ကောင်ဖြစ်သည်။

အသွေးအမွေးကောင်း ကြန်အင်လက္ခဏာကောင်းသဖြင့် လယ်ထဲပင်မခိုင်းဘဲ တယုတယ လက်သပ်မွေးထားခြင်းဖြစ်သည်။ ပွဲနေပွဲထိုင်သွားသည့်အခါ စီးဖို့နှင့် နွားလှည်းနှင့် နွားအလှပြိုင်ပွဲအတွက် သက်သက်ရည်ရွယ်ထားသည်။ စနစ်တကျလည်း လေ့ကျင့်ပေးထားသည်။

မြို့နယ်အဆင့် တိုင်းအဆင့် ပြိုင်ပွဲတွေ ဝင်ခဲ့ရာ ပထမဆုချည်း သုံးနှစ်ဆက်တိုက်ရထားသည်။ ဒါကိုသိ၍ ထွန်းမောင် လာရောက်စိန်ခေါ်နေခြင်း ဖြစ်သည်။

တကယ်တော့ အလောင်းအစားနှင့် ပြိုင်ရသော အလုပ်မျိုးကို ဘယ်တုန်းကမှ မလုပ်ဖူးခဲ့။ ဝါသနာလည်း မပါ။ သို့သော် ယခုလို အိမ်ရှေ့အရောက် လာရောက်စိန်ခေါ်ပြီး စော်ကားလာသည့်အခါမှာတော့ သူဘာမှ မစဉ်းစားနေတော့…

“စိန်လိုက်ဗျာ”

ဟု ခပ်ဆတ်ဆတ်ပင် သဘောတူလိုက်သည်။

ပြိုင်ပွဲကျင်းပမည့်နေရာက သူတို့ ကလိုင်ရွာကွင်းပြင်တွင် ဖြစ်သည်။ ဘုန်းတော်ကြီးပျံရှိသဖြင့် ဘုန်းတော်ကြီးပျံပွဲ ကျင်းပသည့်ကွင်းတွင် အခြားပျော်ပွဲရွှင်ပွဲများနှင့်အတူ နွားလှည်းနှင့် နွားအလှပြိုင်ပွဲ ကျင်းပရန် ကွင်းကိုလည်း သူတို့ အသေအချာ အကျ အန ပြင်ဆင်ထားသည်။

အစီအစဉ်အတိုင်း သူတို့ပြိုင်ပွဲတွေပြီး၍ ကွင်းပိတ်သည့်နေ့တွင် နွားပြိုင်ပွဲကို ကျင်းပရန်ဖြစ်သည်။ ရက်ကိုလည်း ကိုထွန်းမောင်က အတိအကျ သတ်မှတ်သည်။ လောင်းကြေးကိုလည်း စပါးတစ်စီးကြေးတဲ့။

အောင်မောင်းက သူ့နွားနှစ်ကောင်ကို အပြည့်အဝယုံ သည်။ သူ့ကိုမျက်နှာပျက်အောင် လုပ်မည်မဟုတ်ဟု နှလုံးပိုက်ထားသည်။ သည်လိုပြိုင်ပွဲတွေ နွှဲဖို့ဆိုပြီး နွားဆရာ ကိုသံခဲကို ငယ်ငယ်လေးကတည်းက အပ်ထားခဲ့သည်။

ကိုသံခဲကလည်း နွားကြန်လက္ခဏာကို ကောင်းကောင်းဖတ်တတ်သူပီပီ၊ နိုင်ငံကျော်မည့် နွားတွေမှန်းသိပြီး၊ စိတ်ကြိုက် လေ့ကျင့်ပေးထားသည်။

ပင်ပန်းမည့် အလုပ်မှန်သမျှ မခိုင်းစေဘဲ ရွရွလေးနေစေသည်။ ကောင်းကောင်းကျွေးပြီး ကောင်းကောင်းမွေးသည်။

ကိုသံခဲကို မြင်သည်နှင့် နွားတွေက ဖြိုးဖြိုးဖျတ်ဖျတ် ဖြစ်နေသည်။ ကြိမ်ကိုင်စရာမလို။

“ဟိတ်” ဟု တစ်ချက် အသံပေးလိုက်သည်နှင့် သခင့်အလိုကို သိကြသည်။ ဤလောက်အထိ အကင်းပါးကြ၍လည်း အပွဲပွဲနွှဲခဲ့ရာ တစ်ပွဲမှ မလွဲချော်ခဲ့သေး။

ကိုထွန်းမောင်ကလည်း မခေ။ သူ့နွားတွေလည်း ကြိမ်သွင်းစရာမလို။ ဝင့်ပြရုံနှင့် ပြေးကြောင်း ပြောသွားသယောင် လုပ်ပြသွားသည်။

ကိုနီတိုး လှည်းဦးစီးနေရာထိုင်မိသည်နှင့် နွားနှစ် ကောက်သည် လေးညှို့မှလွှတ်သော မြားကလေးလို လျှောခနဲ ပြေးထွက်သွားသည်။

အောင်မောင်းက သဘောကျပြီး ပြုံးလိုက်သည်။ ကလိုင်ရွာသား ကိုထွန်းမောင်၏ လောင်းကြေးကို အောင်မောင်းက လက်ခံသဘောတူလိုက်သည်ဟူသော သတင်းသည် တစ်ရွာလုံးကို တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။

ထို့ကြောင့် နွားဝါသနာပါသော နွားသမားများသည် အောင်မောင်းခြံဝိုင်းထဲ တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြသည်။ အထူးသဖြင့် လောင်းကြေးထပ်မည့်သူများဖြစ်သည်။

“ကိုအောင်မောင်း မကြောက်နဲ့ဗျ။ ခင်ဗျား နွားတွေရဲ့ခြေကို ကျုပ်တို့ယုံတယ်”

ဟု ပြောသူကပြောသည်။

“ကျုပ်တို့လည်း လိုက်အားပေးမယ်ဗျာ”

ဟု တစ်ယောက် ကပြောသည်။

“လှည်းတပ်ကြီး ချီပြီး အားပေးမှာကွ”

နောက်တစ်ယောက်က ထောက်ခံသည်။

တစ်ယောက် တစ်ပေါက်နှင့် စကားတွေက ညံနေသည်။ တချို့က ကလိုင်ရွာသား ထွန်းမောင်ကို ဝေဖန်သည်။

“ငွေသားလေး နည်းနည်းရှိလာတာနဲ့ ဆောင့်ကြွားကြွား ဖြစ်နေတဲ့ လူပါကွာ”

ဟု ပြောသူက ပြောသည်။

“သူ့နွားတွေကတော့ မဆိုးပါဘူး။ ခြေစွာမယ့် သဘောတော့ ရှိပါတယ်”

ဟု နွားဘက်လှည့်သူလှည့်သည်။

“နှစ်လေးတစ်လေး လောင်းမယ်”

ဟု လောင်းကြေး ပစ်သူကပစ်ကြသည်။

ဤသို့ဖြင့် အောင်မောင်း၏ ခြံဝိုင်းကလေးသည် နွားသမားတို့၏ အသံတွေဖြင့် စီစီညံနေသည်။ အောင်မောင်းမိန်းမ မသန်းရင်လည်း ရေနွေးအိုးတည်ပြီးရင်း တည်ရင်း ကွမ်းလည်းမလောက်၊ ဆေးလည်းမလောက်။

နွားဆရာ ကိုသံခဲကမူ

“ဒီလိုပွဲကြီး ပွဲကောင်းမျိုး စောင့်နေတာ”

ဟုပြောသည်။ သူက စကားနည်းသည်။ သို့သော် သူ့ ကိုယ်သူ ယုံကြည်စိတ်ချမှု အပြည့်ရှိသည်။

ထိုနေ့က အတော်မိုးချုပ်မှ လူစုကွဲသွားကြသည်။

ပြိုင်ပွဲလုပ်မည့်နေ့၌ အောင်မောင်းသည် စောစောစီးစီး နိုးနေသည်။ သူ့နွားနှစ်ကောင်ကို ရေမိုးသန့်စင်ပေးသလို လှည်းယာဉ်ကိုလည်း ကြည့်ရှုစစ်ဆေးသည်။ စရွေးချောင် မချောင်၊ နားစောင်းရှိ မရှိ လှည့်ပတ်ပြီးကြည့်သည်။

ဤလှည်းယာဉ်က အဘိုးလက်ထက်က လှည်းယာဉ်။ နာမည်ကျော် လှည်းဆရာ “ကုလားလေး”ကို သေသေချာချာအပ်နှံပြီး လုပ်ခိုင်းထားသည့် လှည်းဖြစ်သည်။

ခုံညင်းက ကိန္နရာရုပ်သည် ကောင်းကင်ပေါ်ပျံတက်မည်ကဲ့သို့ ရှိသည်။ ရေနံချေးသုတ်လိမ်းထားသဖြင့် လှည်းယာဉ်ကိုယ်ထည်တစ်ခုလုံးသည် ရေနံဖြင့်ဝလျက် ရှိနေသည်။ နှစ်ပေါင်းသုံးလေးဆယ်ရှိပြီဖြစ်သော်လည်း တံကူမချောင်၊ စရွေး မနဲ့သေး။

ဤလှည်းကြောင့်ပင် သူ့မှာ များစွာဂုဏ်တက်ခဲ့ရသည်။ မျက်နှာလည်း ပွင့်ခဲ့ရသည်။ မြို့ပေါ်က ဌာနဆိုင်ရာလူကြီးများသည် ရွာကိုရောက်လာတိုင်း သူ့လှည်းကို စီးဖူးသည်ရှိအောင် စီးလေ့ရှိကြသည်။

တစ်ခါက နိုင်ငံခြားသား ဧည့်သည်သုံးလေးယောက်ပင် ရွာကိုရောက်လာပြီး သူ့လှည်းကို ကြည့်ချင်သည်ဟုဆိုကာ ကြည့်သွားကြသည်။ ဓာတ်ပုံတွေလည်း တဖျတ်ဖျတ် ရိုက်သွားကြသည်။

မြို့ပေါ်တက်ပြီး လှည်းပြိုင်ပွဲဝင်တိုင်းလည်း သူ့လှည်းကို လူတွေ ဝိုင်းအုံကြည့်ခံရမြဲ ဖြစ်သည်။ လှည်းဇင်တုံးတွင် ထုဆစ်ထားသော ဂဠုန်က နဂါးကို သုတ်ဟန် အရုပ်များကြောင့် ဖြစ်သည်။

အောင်မောင်း လှည်းနားစောင်းတွေ လှည်းစည်းကုံး တွေကို တစ်ခုမကျန် အသေအချာ စစ်ဆေးပြီးချိန်မှာပဲ နွားဆရာ ကိုသံခဲရောက်လာသည်။ ခေါင်းပေါင်းအနီ၊ ပုဆိုးနီကွက်နှင့် တိုက်ပုံအင်္ကျီအဖြူ ပျော့ပျော့ကို ဝတ်ဆင်လာသည်။ လက်ထဲမှာလည်း ထားဝယ်ကြိမ်ဟောင်းလေးနှင့် ကိုသံခဲ စုတ်သတ်သံပြုပြီး နွားနှစ်ကောင်၏ ကျောပေါ် လက်တင်ကာ သပ်ပေးလိုက်သည်။

နောက် ထိပ်အုပ်တွေ ခြူကုံးတွေ ဘို့စီးအဆင်တန်ဆာတွေကို ဆင်ပေးသည်။ ရွာထဲ ဟိုအိမ်ဒီအိမ်မှ လူသံသူသံတွေ၊ လှည်းကောက်သံတွေ၊ နွားရိုက်သံတွေ နွားခြူသံတွေ ကြားနေရသည်။

အချို့လည်း လှည်းကောက်ပြီး ထွက်လာနေကြပြီ။
ထမ်းပိုးတပ်ထားသော နွားတွေက တထိန်းထိန်းဖြင့် တွန်လာသံတွေလည်း ကြားနေရသည်။ လှည်းပြိုင်ပွဲကို လိုက်ပြီးအားပေးမည့် လှည်းတွေဖြစ်သည်။ လူတွေလည်း ပါသည်။ ဝတ်ကောင်းစားလှတွေနှင့် ဖြစ်သည်။

ကိုသံခဲလည်း နွားနှစ်ကောင်ကို စိတ်ကြိုက်ဆင်ပြီးနောက် လှည်းကောက်လိုက်သည်။ ခုံညင်းကိန္နရာရုပ်တွင်လည်း သပြေပန်းတွေကို ဝေနေအောင် ထိုးလိုက်သေးသည်။

အောင်မောင်းမိန်းမ မသန်းရင် လှမ်းပေးသော ငွေဖလားခွက်ထဲမှ နံ့သာရေကိုလည်း သပြေခက်နှင့် ဆွတ်ပြီး နွားနှစ်ကောင်၏ထိပ်ကို ဖျန်းပက်ပေး လိုက်သေးသည်။ လှည်းဦးမှအစ လှည်းနောက်မြီးအထိ နံ့သာရေနှင့်ဖြန်းပေးပြီးမှ ဖလားကိုပြန်ပေးလိုက်သည်။

အောင်မောင်းလည်း နောက်ဘက်မှ ခုန်တက်၏။ ကိုသံခဲ လှည်းပေါ်ရောက်ပြီ ဆိုသည်နှင့် နွားနှစ်ကောင်လည်း ဖြည်းဖြည်း သာသာလေး ပြေးထွက်သွားသည်။

ရွာပြင်ရောက်၍ လှည့်ကြည့်လိုက်တော့ သူတို့လှည်းနောက်မှ လှည်းတန်းကြီးသည် တသီတတန်းကြီး ဖြစ်သည်။ အချို့လှည်းတွေက အလံတွေပင် ထိုးစိုက်ထားသေးသည်။ လက်ခုပ်သံ ညီညီညာညာပေးပြီး သီချင်းသံပြိုင်ဆို၍ လိုက်ပါလာကြသည်မှာ ပျော်စရာပင် ကောင်းတော့သည်။

ကလိုင်ရွာကိုရောက်တော့ ပြိုင်ပွဲကွင်းထဲတွင် လူပင် စည်ကားလျက်ရှိနေပြီ ဖြစ်သည်။

လှည်းပြိုင်ပွဲကို အားပေးကြည့်ရှုကြမည့်သူများသည် ဝတ်ကောင်းစားကောင်းလှတွေနှင့် ရွစိရွစိ ဖြစ်နေသည်။ လူတွေကြိတ်ကြိတ်တိုးနေသဖြင့် လှည်းကိုပင် လွတ်လွတ်ကျွတ်ကျွတ် မောင်း၍မရ။ နွားကန်ကြိုးကို တောင့်ရင်း စုတ်သပ်ရင်းဖြင့်သာ လူတွေကို မတိုးမိ မတိုက်မိအောင် တဖြည်းဖြည်းချင်း မောင်းဝင်လာရသည်။

ကွင်းထဲရောက်သည့်အခါ ကိုထွန်းမောင် လှည်းလည်း အဆင်သင့်ရောက်နေသည်ကို တွေ့ရသည်။ သူ့စာဥနှစ်ကောင်လည်း ထိပ်အုပ်တွေ၊ ခြူကုံးတွေ၊ ဘို့စည်းတွေနှင့် လှနေ ရွနေသည်။

လှည်းဆရာဖြစ်သူ ကိုနီတိုးက သူဝတ်ဆင်နေကျ ခေါင်းပေါင်းပါ ရှပ်အင်္ကျီအဝါ၊ တိုက်ပုံအနက်နှင့် ဖြစ်သည်။ သူတို့ရွာသားတွေကလည်း သူတို့ကို အတော်အားပေးကြပုံပေါ်သည်။ သူတို့ နွားနေရာမဏ္ဍပ်ထဲတွင် ကြိတ်ကြိတ်တိုးနေသည်။

အောင်မောင်းတို့က သူတို့နှင့် မျက်နှာချင်းဆိုင် မဏ္ဍ ပ်မှာ ခဏနားကြသည်။ ကိုထွန်းမောင်နှင့် သူတို့ရွာသားကြီးတစ်စုက အောင်မောင်းတို့ရှိရာ လာတွေ့ကြသည်။ ပြီးတော့ ဒိုင်လူကြီး ရွေးကြသည်။ အောင်မောင်းက သူတို့ရွာသားကြီး ဦးလူမောင်ကို တင်သည်။ ကိုထွန်းမောင်တို့ဘက်ကလည်း သူတို့ရွာမှ ဖိုးသာဗျောဆိုသူ နွားဆရာကြီးကို တင်သည်။

သုံးယောက် ရွေးရမည်ဖြစ်ရာ တစ်ယောက်ကိုမူ ကြားရွာတစ်ရွာဖြစ်သည့် တောင်သူကုန်းရွာမှ ရွာလူကြီး ဖိုးသာအောင်ကို တင်ရန်အဆိုပြုရာ နှစ်ဘက်စလုံးက သဘောတူလက်ခံကြသည်။

သည့်နောက်လည်း ဟိုဘက်ဒီဘက် စောင့်ကြပ်ရန် ငါးယောက်စီ ရွေးကြပြန်သည်။

ပြေးပွဲမစမီ ဒိုင်လူကြီးများက ပြေးလမ်းကြောင်းကို လိုက်လံစစ်ဆေးကြသည်။ ခလုတ်တွေ၊ ငုတ်တွေ၊ ကျင်းတွေ၊ ချိုင့်တွေ ရှိ မရှိ၊ လှည်းကိုယ်စီဖြင့် ဖြည်းဖြည်း သာသာမောင်းပြီး လိုက်လံစစ်ဆေးကြခြင်းဖြစ်သည်။

ပြေးလမ်းကလည်း ရှင်းသည်။ ကျင်းတွေချိုင့်တွေ မရှိ။ ခလုတ်တွေ၊ ငုတ်တွေမရှိ၊ စိတ်ကြိုက် စစ်ဆေးပြီးမှ ဒိုင်လူကြီးများလည်း မဏ္ဍပ်ထဲပြန်ရောက်လာကြသည်။

ပြိုင်ပွဲစတော့မည်။ ပြေးလမ်းအတွင်းမှာ ရှိနေသော လူတွေကို အသံချဲ့စက်ဖြင့် နှင်နေပြီ။ စည်းကြပ်ဒိုင်တွေကလည်း “ဝစီ”တွေထုတ်ပြီး ပြေးလမ်းထဲ နယ်ကျွန်နေသော လူတွေကို လိုက်လံမောင်းထုတ်နေသည်။

လူတွေလည်း ရုတ်ရုတ် ရုတ်ရုတ်နှင့် ဘေးကိုပေးကပ်ကြသည်။

လောင်းကြေးထပ်နေကြသော ပရိသတ်ကလည်း ဟိုနားကြိတ်ကြိတ်၊ ဒီနားကြိတ်ကြိတ် ရှိနေကြသည်။

ဒိုင်လူကြီးသုံးယောက်က ပြိုင်ပွဲစည်းကမ်းကို လှည်း ဆရာနှစ်ဦးအား ပြောပြနေသည်။ သူတို့နှစ်ဦး အရက်သေစာ သောက်စားခြင်း ရှိ မရှိလည်း စစ်ဆေးသည်။ ပြိုင်ပွဲစည်းကမ်းအရ ပြေးနေတုန်း ခြေမဖောက်ရ။ နှစ်ခါထက်ပို၍ ဖောက်လျှင် အပယ်ခံရမည် ဖြစ်သည်။

ပန်းအဝင်တွင် ရှုံးသောလှည်းက လှည်းသုံးပြန်ထက် နောက်ကျလျှင်လည်း အပယ်ခံရမည်ဖြစ်သည်။

လှည်းမောင်းနေစဉ် ခေါင်းပေါင်းမကျွတ်ရ၊ ပုဆိုးမကျွတ်ရ၊ နွားကန်ကြိုးမလွတ်ရ၊ လှည်းနားစောင်း ပြုတ်မကျရ၊ ဘာကိုဘာမျှ ကျွတ်ကျခြင်း ပြုတ်ကျခြင်းမရှိရ။

နွားကိုလည်း ငါးခါထက်ပို၍ ကြိမ်မဆော်ရ။ လှည်းဆရာနှစ်ဦးလည်း ဤစည်းကမ်းများကို နားလည်သိရှိကြောင်း ခေါင်းညိတ်အဖြေပေးကြသည်။

ဒိုင်လူကြီး သုံးယောက်ကလည်း ဘက်မလိုက်ဘဲ မျှတမှန်ကန်စွာ ဆုံးဖြတ်ပါမည်ဟု ဘုန်းကြီးပျံပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌလူကြီးရှေ့တွင် ကျမ်းကိုင်ကြသည်။ လောင်းကြေးကိုလည်း ထိုလူကြီးထံ အပ်နှံသည်။

ပြေးမည့် အစီအစဉ်က သုံးချီသုံးလားဖြစ်သည်။

သုံးလားတွင် နှစ်လားနိုင်မှ အနိုင်ဖြစ်သည်။

ဒိုင်လူကြီးသုံးဦးလည်း ကျမ်းကိုင်ပြီးနောက် လွှတ်ဒိုင်နေရာတွင် ဦးလူမောင်နေပြီး မုန်း(ပန်းဝင်) ဒိုင်တွင် ဖိုးသာဗျောဆိုသူ နေသည်။ ပန်းအဝင်တွင် တောင်သူကုန်းရွာမှ ရွာလူကြီး ဖိုးသာအောင်နေသည်။

စောစောပိုင်း ဒိုင်များရွေးကတည်းက ညှိနှိုင်းပြီး သဘောတူပြီးဖြစ်သည်။ ပြေးလမ်းရွေးရန်အတွက် ခေါင်းပန်းလှန်သည့်အခါ အောင်မောင်းလှည်းက လက်ဝဲပြေးလမ်းက ပြေးရမည်။ ကိုထွန်းမောင်လှည်းက လက်ယာဘက်က နှစ်ဦးစလုံး အသင့်နေရာယူပြီးကြပြီ။

ပြိုင်ပွဲစရန်အတွက် ဘုန်းကြီးပျံကျင်းပရေး ကော်မတီ လူကြီးသည် နာရီတကြည့်ကြည့် လုပ်နေသည်။

သူက အချက်ပေးလိုက်သည်နှင့် လွှတ်ဒိုင်က အလံကို ချိုးချလိုက်လေသည်။

လှည်းနှစ်စီးသည် လေးညှို့မှလွှတ်လိုက်သော မြားနှစ်စင်းပမာ တစ်ဟုန်ထိုးပြေးထွက်သွားသည်။

“တိမ်ညွန့်ကွ၊ တိမ်ခိုးကွ … ပြေးထား”

“စာဥကွ … ဒေါနကွ”

ဘက်နှစ်ဘက်စလုံးမှ အော်ဟစ်အားပေးသံများ မိုးလုံးညံသွားသည်။ အချို့က လက်ခုပ်လက်ဝါးတီးလျက်၊ အချို့က ခုန်ပေါက်လျက်၊ အချို့က လက်တွေကို ဝှေ့ယမ်းလျက် အားပေးကြသည်။

လှည်းနှစ်စီးသည် သူတင်ငါတင် ပြေးလျက်ရှိသည်။

အောင်မောင်းက… ဣန္ဒြေမပျက်။ တစ်ဖက်က ရွာလူ ကြီးတွေနှင့်အတူ ကြီးကြပ်ရေး ဗဟိုမဏ္ဍပ်ထဲမှာပင် ရှိနေသည်။ ကွမ်းဝါးမပျက်၊ ဆေးဝါးမပျက်။

ကိုထွန်းအောင်ကမူ ဂနာမငြိမ် ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက်၊ ကွင်းပြင်က ပတ်ပြီး ပန်းဝင် မည့်ဘက်ကို ပြေးလိုက် လုပ်နေသည်။

တိမ်ခိုးနှင့် တိမ်ညွန့်နှစ်ကောင်တွင် တိမ်ခိုးက နပြေး (နွားပြေး) ပြေးပုံက သွက်သည်။ တိမ်ညွန့်ကလည်း အသားကျ လျက်ရှိသည်။ ခြေလှမ်းမကျဲသော်လည်း ခြေနုတ်ခြေသိမ်းက သွက်သည်။ မြန်သည်။ လှည်းဆရာကိုသံခဲ မောင်းနေပုံကလည်း မာန်ပါသည်။ ကြိမ်ကို ဝင့်ကာဝင့်ကာ မောင်းနေသည်။

ပရိသတ်လည်း ရင်တမမ ရှိနေကြသည်။

ကိုထွန်းမောင်၏ စာဥနှစ်ရှဉ်းကလည်း မခေပါ။ နှလုံးနထည်ကောင်းသလို ခြေလှမ်းလည်းကျဲသည်။ သို့သော် ခြေနုတ်ခြေသိမ်းတော့ လေးသည်။ လှည်းဆရာကိုသံခဲလိုပင် လှည်းမောင်းရာမှာ ဟန်ရော မာန်ပါ ကောင်းသည်။

သူ့ဘက်ကိုယ့်ဘက် ပရိသတ်အားပေးသံများသည် နားကွဲလုမတတ် ဆူညံနေသည်။

အလယ်မုန်းအထိ ခြေရည်ညီလျက် ရှိနေသည်။ အလယ်မုန်းကျော်မှပင် တိမ်ခိုးနှင့် တိမ်ညွန့်တို့ ညီနောင်က အရှိန်တက်လာသည်။ ပြေးအားကောင်းလာသည်မို့ ခေါင်းတစ်လုံးအသာနှင့် ရှေ့မှဦးဆောင်နေသည်။

ပန်းဝင်ခါနီးတွင် ကိုသံခဲက “ဟိတ်” တစ်ချက်ဟစ်ပြီး ကြိမ်ကိုဝင့်လိုက်သည်။ တိမ်ခိုးနှင့် တိမ်ညွန့် တို့လည်း အားကုန်သုတ်လိုက်ကြသည်။ ဤသို့ဖြင့် နွားတစ်လျားအသာဖြင့် ပန်းဝင်သွားပေသည်။

ကလိုင်ရွာဘက်မှ ပရိသတ်တစ်ခုလုံး ငြိမ်ကျသွားသည်။ တောက်ခေါက်သူက ခေါက်၊ မကျေမနပ် ပြောသူကပြော ဖြစ်ကုန်ကြသည်။

အောင်မောင်းတို့ဘက်ကမူ “ဟေး” ခနဲအော်ပြီး ထကသူ က၊ ကျွမ်းပစ်သူ ပစ် ဖြစ်ကြသည်။

အချို့က ခမောက်တွေ၊ ဦးထုပ်တွေကို လေထဲပစ်တင်ပြီး ခုန်ပေါက်နေကြသည်။ တစ်ကွင်းလုံး ပတ်တုတ်၍မရအောင် ဖြစ်သွားပေသည်။

ကိုထွန်းမောင် ဒေါသထွက်နေပုံရသည်။ သူ့လှည်းဆရာ ကိုနီတိုးကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောနေသည်။ ပရိသတ်တွေ၏အသံကြောင့် သူ့အသံကိုတော့ မကြားရ။

အောင်မောင်းက သူ့နွားတွေ ပြေးလမ်းအတိုင်း ပြန်လှည့်လာ၍ လွှတ်ဒိုင်နားရောက်မှ နေရာကထပြီး သူ့လှည်းဆရာကိုသံခဲကို ဆင်းတွေ့သည်။

“စိတ်ကို တည်တည်ငြိမ်ငြိမ်ထား”

ဟု သတိပေးသည်။ လှည်းဦးကို သွားရပ်ပြီးတော့လည်း

“အခု ငါ့သားတွေ ချန်ပီယံသရဖူကို ကာကွယ်နေတာကွ။ ဖေ့ကို မျက်နှာမပျက်ပါစေနဲ့”

ဟု ပြောပြီး သူ့နွားနှစ်ကောင်ကို ကျောသပ်ရင်သပ် လုပ်ပေးသည်။ နွားတွေကလည်း သူတို့သခင်စကားကို နားလည်သည်လားမသိ၊ ခေါင်းတွေကိုမော့လိုက် ငုံ့လိုက် လုပ်ပြကြသည်။

ဒုတိယအချီစတော့မည်။ အသံချဲ့စက်မှ ပွဲစဖို့ သတိပေးနေပြီ။ ပြေးလမ်းကိုလည်း ရှင်းပေးဖို့ သတိပေးသည်။

ပရိသတ်တွေ၏ မျက်လုံးအစုံက လွှတ်ဒိုင်ဆီမှာ စုပြုံနေသည်။ ပွဲစဖို့ မဏ္ဍပ်မှ အချက်ပေးလိုက်သည်နှင့် တာလွှတ်ဒိုင်လည်း အလံကို ချိုးချလိုက်သည်။

ပရိသတ်၏ အားပေးအော်ဟစ်သံသည် ဟိန်းဟိန်းညံသွားသည်။

လှည်းနှစ်စီးသည် တစ်စီးနှင့်တစ်စီး နှာတစ်ဖျားသာလိုက် ပြန်ညီသွားလိုက် ဖြစ်နေသည်။ အလယ်မုန်းမရောက်မီ ဆရာကိုနီတိုးက သူ့နွားတွေကို ကြိမ်နှစ်ချက်ဆတ်သွင်းလိုက်သည်။ ရုတ်တရက်မို့ ထင့်။ စာဥညီနောင်လည်း ဟန်ချက်နည်းနည်းပျက်သွားသည်။

အလိုက်နွား ဒေါနက ဘေးကိုကန်ထွက်သဖြင့် နပြေးစာဥပါ ခြေပျက်သွားသည်။

ကိုသံခဲကား သူ့ပညာကို အပြည့်အဝသုံးကာ မောင်းနေသည်။ နွားနှစ်ကောင်၏ အရှိန်အဟုန်ကို မြှင့်လိုသည့်အခါတိုင်း “ဟိတ်”ဟု အော်ပြီး ကြိမ်ကိုဝှီးခနဲ သုတ်လိုက်သည်။

တိမ်ညွန့် နှင့်တိမ်ခိုးတို့လည်း သူတို့ဆရာ၏အလိုကို သိနေသည့်အလား အားကုန်ရုန်းဆွဲပြေးကြသည်။ ရထားသည့်အရှိန်ကို မလျော့စေဘဲ တိုးသည်ထက်တိုးအောင် “ဟိတ်…ဟိတ်” ဟု ဆက်ပြီး ဟစ်သံ သွင်းလိုက်သည့်အခါ ပန်းဝင်သည်အထိ အရှိန်ကောင်းကောင်းဖြင့် နောက်ကို လှည်းတစ်ပြန်စာ ဖြတ်ကာ ပန်းဝင်သွားခဲ့သည်။

ကလိုင်ရွာ ပရိသတ်ကြီးသည် မီးကိုရေနှင့်ဖျန်းလိုက်သလို ငြိမ်ကျသွားသည်။ အောင်မောင်းတို့ ပရိသတ်၏ “ဟေး” ဟူသော အသံကြီးမှာမူ တစ်ကွင်းလုံးကိုလျှံ၍ ထွက်သွားလေသည်။

လောင်းကြေးတွေလည်း ရကြသည်ထင့်။ ကလိုက်၊ ခုန်လိုက်၊ အော်လိုက်၊ ဟစ်လိုက်နှင့် ဖြစ်နေကြသည်။

ပွဲကပြီးသွားပြီ ဖြစ်သည်။

သုံးချီ သုံးလားပင် စေ့အောင်မပြေးလိုက်ရ။ နှစ်ချီတည်းနှင့် အဆုံးအဖြတ်ပေးသွားပြီ ဖြစ်သည်။

လှည်းကလေးနှစ်စီးသည် ပြေးလမ်းအတိုင်း ပြန်လာနေကြသည်။

ကြီးကြပ်ရေးဒိုင်များရှိရာ ဗဟိုမဏ္ဍပ်ရှေ့အရောက်တွင် လှည်းဆရာနှစ်ဦးသည် လှည်းကိုရပ်ကာ လူကြီးများအား ဦးတိုက်ကန်တော့လိုက်ကြသည်။

ထိုအချိန်မှာပဲ အောင်မောင်းတို့ လှည်းတပ်ကြီးနှင့် ပါလာသော “ဒိုး” အဖွဲ့က ဗြုန်းစားကြီး ဒိုးကိုလှိမ့်၍ တီးလိုက်လေသည်။

“ကိုထွန်းမောင် ကျေနပ်တယ်နော်”

မျက်စိပျက် မျက်နှာပျက်နှင့် မဏ္ဍပ်ထဲဝင်လာသော ကိုထွန်းမောင်ကို ကိုအောင်မောင်းက ထ၍ နှုတ်ဆက်ပြီး ကလိလိုက်သည်။ ကိုထွန်းမောင်က…

“ကျေနပ်ပါတယ်ဗျာ … ကျေနပ်ပါတယ်။ ကျုပ် ရှုံးပါတယ်”

ဟု မချိတင်ကဲအသံကြီးနှင့် ပြောသည်။ ရှက်၍ထင့် ဒိုင်လူကြီးတွေ၏ မျက်နှာကိုပင် သူ ရဲရဲမကြည့်။

“တကယ်တော့ ကျုပ်က အလောင်းအစား ဝါသနာမပါဘူးဗျ။ ကျုပ် ဒီနွားတွေ မွေးထားတာကလဲ အလောင်းအစားလုပ်ဖို့ မွေးထားတာ မဟုတ်ဘူး။ အလှစီးဖို့ မွေးထားတာ။ နွားလှည်းနဲ့ နွားအလှပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ မွေးထားတာဗျ။ အခု ဒီပွဲကလည်း ခင်ဗျားက စိန်ခေါ်လို့ လုပ်ရတာပါ။ ကျုပ်နွားတွေက မြို့နယ်ချန်ပီယံသရဖူ ရထားတာဆိုတော့ စိန်ခေါ်မယ့်သူရှိလာရင် အဲဒီသရဖူကို ကာကွယ်တဲ့အနေနဲ့ ပြိုင်ပေးရမှာပဲ”

“မှန်ပါတယ်။ ကျုပ်က စိန်ခေါ်တာပါ”

“အခု ကျုပ်သားတွေက ကျုပ်အရှက်ရအောင် မလုပ်ခဲ့ပါဘူး။ သူတို့သရဖူကို သူတို့ ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အတွက် ကျုပ်ကကျေနပ်လို့မဆုံး၊ ဝမ်းသာလို့မဆုံး၊ ဂုဏ်ယူလို့မဆုံးပါဘူး။ ဒါနဲ့တင် ကျုပ် ကျေနပ်နေပါပြီ။ ခင်ဗျားရဲ့လောင်းကြေးငွေကို ကျုပ် ယူဖို့စိတ်မရှိပါဘူး။ ကျုပ်တင်ထားတဲ့ လောင်းကြေးပဲ ပြန်ယူသွားပါတယ်။ ခင်ဗျားငွေကို ခင်ဗျား ပြန်ယူသွားနိုင်ပါတယ်”

မဏ္ဍပ်အပြင်ဘက်မှာတော့ သူ့လှည်းနှင့် နွားတွေက သူ့ကို ပေါ့ပါးလန်းဆန်းစွာ စောင့်လျက် ရှိနေကြလေသည်။

– ပြီး –

စာရေးသူ – မောင်ယဥ်လှိုင်း(ပျဥ်းမမြိုင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်