********
ကုန်းကြီးရွာမှာ မနက်ဝေလီဝေလင်းဆိုတာနဲ့ ရွာသူရွာသားတွေဟာ ရွာမြောက်ဘက်က စေတီလေးဆီကို အာရုံဆွမ်းကပ်ဖို့နဲ့ မနက်ခင်း ဆွမ်းခံကြွလာမယ့် သံဃာတော်တွေကို ဆွမ်းလောင်းဖို့နဲ့တွက်ကို ဦးစားပေးပြီး ကြိုးစားပမ်းစား ချက်ပြုတ်ကြတယ်။
ရွာသူရွာသားတွေ အဲ့ဒီ့လို ချက်ပြုတ်နေပြီဆိုတာနဲ့ ရွာရဲ့ မြောက်ဘက်ထိပ်ဆီက စေတီကလေးဆီက ဆည်းလည်းသံ ချိုလွင်လွင်က ရွာကို လွှမ်းရစ်ထားလို့ရယ်။
အဲ့ဒီ့ ဆည်းလည်းသံ ထွက်ပေါ်ရာ စေတီကလေးဆီကို သွားကြည့်ရင်တော့ ထူးထူးခြားခြား ကုန်းပြင်မြင့်မှာ တည်ထားတဲ့ စေတီမဟုတ်ဘဲ မြေသား ချောက်နက်နက်ကြီး တစ်ခုထဲမှာ တည်ထားတဲ့ စေတီဖြစ်တာကို မြင်ကြရလိမ့်မယ်။
ပြီးရင် ဝေလီဝေလင်းအချိန်ကိုပဲ စေတီကလေးပတ်ချာလည်ဆီမှာ ဆွမ်းကပ်၊ တံမြက်လှည်းနေတဲ့သူတွေလည်း ရှိတတ်ပြန်သေးတယ်။
ဒီပုံအရဆိုရင်တော့ ကုန်းကြီးရွာသူရွာသားတွေဟာ ဘာသာတရားကို ဘယ်လောက်ထိ ကိုင်းရှိုင်းတယ်ဆိုတာ အားလုံးမြင်နိုင်ကြမယ်ထင်ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ ကုန်းကြီးရွာဟာ ဒီလိုမဟုတ်ပါဘူး။
ဘာသာရေးဆိုတာ ဘာမှန်းမသိ၊ ကုသိုလ်ရေးဆိုတာ ဂဃနဏမသိတဲ့ မိရိုးဖလာဗုဒ္ဓဘာသာတွေသာ ဖြစ်ပါတယ်။
အခုတော့ ဒါတွေနဲ့ ခြားနားလို့ရယ်ပေါ့။
ဒီအကြောင်းတွေကို ပြန်ပြောပြရမယ်ဆိုရင်တော့ ထူးဆန်းတဲ့ အရူးတစ်ယောက်ကပဲ ပြုပြင်ပြောင်းလဲပေးခဲ့တယ်လို့ပဲ အစချီပါရစေ…။
******
ကောက်ပင်တွေ အမြစ်စွဲကာစ စိမ်းပြပြဖြစ်နေတဲ့ လယ်ခင်းပြင်ဆီမှာ ရေဝင်ရေထွက်ဖြစ်ရာ ထူးလမ်းတွေ ဖောက်နေတဲ့ လူလတ်ပိုင်းအရွယ် ရွာသားနှစ်ယောက်။
တစ်ယောက်နဲ့ တစ်ယောက် တည်နေရာက လယ်တစ်ကွက်ဆီခြားနေတယ်။
တစ်အောင့်ကြာတော့ တစ်ဖက်က တစ်ယောက်က သူ့လုပ်လက်စကို နားပြီး ကန်သင်းထက်တက်ထိုင်တယ်။
ဒါကိုမြင်တော့ အခြားတစ်ဖက်က တစ်ယောက်ကလည်း နားဖို့ ဆုံးဖြတ်ပြီး သူ့အင်္ကျီအိတ်ထဲက ဆေးပေါ့လိပ်တိုကို ထုတ်လိုက်တယ်။ ပြီးတော့ အိတ်ထဲမှာ မီးခြစ်ကို ရှာတယ်။ ပါမလာဘူး။ ဒီတော့ တစ်ဖက်ကလူဆီ လှမ်းကြည့်ပြီး မီးခြစ်တော့ ပါနိုင်လောက်ရဲ့လို့ တွေးမိကာ လှမ်းလာလိုက်တယ်။
အနားရောက်တော့…။
‘ ဟေ့…အေးထူး…’
‘ ဟေ…ငမြ…’
‘ မီးခြစ်များ ပါသေးလား…’
‘ အေးပါတယ်…’
‘ ငှါးပါဦးဟ။ ငါ့မီးခြစ် ဘယ်ကျမှန်းမသိလို့…’
‘ ဪ…အေး…’
ထိုင်နေတဲ့ အေးထူးက မီးခြစ်လာတောင်းသူ ငမြကို သူ့အိတ်ထဲက မီးခြစ်ကို ထုတ်ပေးလိုက်တယ်။
ငမြက ဆေးလိပ်ကို မီးညှိပြီးတော့ မီးခြစ်ကို အေးထူးဆီပြန်ပေးလိုက်ပြီး တစ်ဖွာ်နှစ်ဖွာ အားရပါးရ ဖွာရှိုက်လေရဲ့။
‘ ဒီနှစ်တော့ မိုးကောင်းပါစေ ဆုတောင်းတယ်ကွာ…’
အေးထူးက စကားစလိုက်တယ်။
‘ မိုးဦးကောင်းရင်တော့ မိုးလယ်တိမ်မယ်။ မိုးနှောင်းလှမယ်လို့တော့ ယူဆမိတာပဲ…’
‘ အင်း…မနှစ်ကလို ဖြစ်လာရင်တော့ သေပြီကွာ…’
အေးထူးက ထပြောလိုက်တယ်။
မနှစ်တုန်းက မိုးနှောင်းကျမှ မိုးတွေက ရွာနေရင်းထက် နှစ်ဆရွာခဲ့တော့ စပါးတွေ အပျက်များကြရတယ်။
‘ အင်း…အဲ့ဒါမျိုးကိုလည်း ကြောက်ရတယ်ကွာ…’
‘ ဟုတ်တယ်ကွ။ ငါတို့ လယ်သမားဆိုတာကလည်း အလုပ်ကြိုးစားရင်တောင် မိုးက ထောက်ပံ့မှ အဆင်ပြေတာ။ မဟုတ်ရင်တော့လား။ တကယ်လို့ ဒီနှစ်သာ မနှစ်ကလို ထပ်ဖြစ်ရင်တော့ ငါတို့တစ်ရွာလုံး ခွက်ဆွဲရတော့မယ်ရယ်…’
အေးထူးစကားကြောင့် ငမြက ရယ်မောလိုက်ပြီး…။
‘ မင်းကလည်းကွာ…အဲ့ဒီ့လောက်ကြီးလည်း တွေးပူမနေပါနဲ့…’
‘ မပူလို့ မရဘူးကွ…မင်းတို့ကကျ လင်မယားနှစ်ယောက်ထဲ။ ဘယ်လိုနေနေ အဆင်ပြေတယ်။ ငါ့မှာက ကလေးနှစ်ယောက်နဲ့။ တွေးလေ ပူလေပါပဲကွာ…’
အေးထူးစကားကို ငမြလည်း ကိုယ်ချင်းစာမိသလိုပါပဲ။ ဒါကြောင့် သက်ပြင်းအသာချမိလိုက်တယ်။
‘ အေးထူး…
‘ အေးထူး…မင်း ဟိုသတင်းကြားပြီးပြီလား…’
‘ ဟေ…ဘာသတင်းလဲ…’
‘ မွတ်နားတို့ရဲ့ မြို့က အမျိုးတွေက တို့ရွာမြောက်ဘက်က ကွင်းကြီးကို ဝယ်ပြီး သားသတ်ရုံလာထောင်မလို့တဲ့…’
‘ ဟာ…တို့မြောက်ဘက်က အဘဋ္ဌေးနောက်ဆုံးပိုင်ခဲ့တဲ့ စာကျက်ကွင်းကြီးကို ပြောတာလား…’
‘ ဟုတ်ပါ့ကွာ။ တကယ်လို့သာ အဲ့ဒီ့သားသတ်ရုံကြီးဖြစ်လာရင်တော့ ငါတို့ရွာကလူတွေ အလုပ်အဆင်ပြေပြီကွ။ မိုးလည်းမပူ နေလည်းကြောက်စရာမလိုတော့ဘူးပေါ့…’
‘ အေးနော်…မင်းပြောသလိုဖြစ်ရင်တော့ တကယ်ကောင်းမှာပဲ…’
အေးထူး တွေးဆဆပြောလိုက်တယ်။
အဲ့ဒီ့နောက်တော့ ငမြက ဆေးလိပ်တိုကို ချေပြီး မီးသတ်လို့ ထူးပေါက်တွေ ပြန်ဖွင့်ရအောင် သူ့လယ်ထဲဆီကို ထွက်သွားတော့တာရယ်။
*******
ငမြက အေးထူးကို ပြောပြပြီး တစ်လတောင်မကြာလိုက်ပါဘူး။
သူတို့စကားဆီက သားသတ်ရုံဟာ ရွာမြောက်ဘက်က နွားစားကျက်မြေကြီးဆီမှာ အကောင်အထည်ဖော်ဖို့ ဖြစ်လာပါတယ်။
ဒီနေရာကြီးက စိုက်ရေးပျိုးရေး ဘာမှလုပ်လို့မရဘူး။ ကျတ်တီးကုန်းလို့တောင် ပြောလို့ရတဲ့နေရာတစ်ခု။
နွေဘက်ဆိုရင်တော့ ရွာထဲက ကလေးတွေ ညနေဘက်က ကစားရာနေရာ။ မိုးတွင်းဘက်ဆိုရင်တော့ မြက်တွေးအုံးအုံးထအောင် ပေါက်တတ်တာမို့ စားကျက်မြေဖြစ်လေတာပေါ့။
အဲ့ဒီ့ကွင်းကြီးက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က လူပျိုကြီး ဦးဘဋ္ဌေးဆိုသူ နောက်ဆုံးပိုင်ခဲ့တာ။
သူ့နောက်ပိုင်းမှာတော့ အမွေဆက်ခံသူလည်း မရှိတော့သလို ဝယ်သူလည်း မရှိခဲ့ဘူး။ အခြားမြို့မှာနေတဲ့ သူ့တူတစ်ယောက်ကို ဆက်သွယ်ပြီး ဝယ်ယူလိုက်တယ်လို့ ပြောတာပဲ။
အခုတော့ ဒီနေရာကြီးဆီမှာ တူးတူးဆွဆွနဲ့ သားသတ်ရုံကြီးတည်ဆောက်ဖို့ အစီအစဉ်တွေ ဆွဲနေကြပြီ။
လုပ်မယ့်သူက ငမြပြောသလိုပဲ၊ ရွာက တစ်စုထည်းသာ မွတ်စလင်မျိုးနွယ်စုဖြစ်တဲ့ မွတ်နားတို့ရဲ့ မြို့က အမျိုးတွေ။
ကုလားသူဋ္ဌေးတွေလို့ ပြောရမယ်။ ကြားမိသလောက် သူတို့လုပ်ကိုင်နေတဲ့ သားသတ်ရုံလုပ်ငန်းကလည်း ဟိုမှာ၊ ဒီမှာနဲ့ မနည်းဘူးရယ်တဲ့။
သားသတ်ရုံဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုများ ကားကြီးကားငယ်နဲ့ တစ်ခါထဲ အပြတ်အသတ်သယ်လာကြတာဆိုတာ ရွာကလူတွေ မြင်ရတာ အားကျပြီး မနာလိုစရာတောင် ကောင်းလောက်အောင်ပဲ။
အလုပ်သမားဆိုတာလည်း သူတို့ဆီမှာ အစုံအလင်ပါတယ်။ ဥိးစီးသူကတော့ သူတို့လူမျိုးဖြစ်ပြီး ကျန်တာကတော့ ဗမာတွေပါပဲ။
ပစ္စည်းတွေချတော့ ရွာကလူတွေ အယောက်နှစ်ဆယ်လောက် လာငှါးကြသေးတယ်။ ဒီတုန်းက အေးထူးတောင် သွားမိရသေးရဲ့။
အခုတော့ ရွာကလူတွေကို မခေါ်တော့ဘူး။ သူတို့ဘာသာ ကျင်းတူးဘာတူးနဲ့ သူတို့လုပ်ငန်းသူတို့ဘာသာပဲ လုပ်နေကြတယ်။
ဒီအချိန်ရွာကလူတွေကလည်း လယ်ထဲက ခဏနားချိန်ဆိုတော့ သူတို့ဘက်ကများ အလုပ်ခေါ်မလားလို့ တမျှော်မျှော်။ အေးထူးဆို နေ့တိုင်းနီးပါး အဲ့ဒီဘက်ကို ရောက်နေရတာလေ။
အေးထူးက ပြောရရင် ရွာမှာ လယ်ပိုင်ရှိတယ်ဆိုပေမယ့် တစ်ဧကကျော်ရုံလေးဆိုတဲ့ပမာဏဟာ အိမ်အတွက် အဖတ်တင်ဖို့ ပိုလျှံဖို့ဆိုတာ မလွယ်ကူဘူးလေ။
မနှစ်ကဆို မိုးဖျက်လို့ စပါးတွေပျက်တော့ အေးထူးတို့ အကြွေးနွံဆီ နစ်ရတယ်။
ဒါကြောင့် ဒိတစ်နှစ်တော့ မစိုက်မနေ စိုက်ရပေမယ့် လယ်ကို သိပ်အားမရှိမိဘူး။ အပြင်အလုပ်တွေဆီကိုပဲ အာရုံကျနေမိရတော့တယ်။
ဒါကြောင့် သားသတ်ရုံဆီက အလုပ်သမားခေါ်ရင် သူမရမှာစိုးလို့ နေ့ရှိသရွေ့ သွားသွားကြည့်နေရတာဖြစ်တယ်။
အခုဆိုရင် သွားပါများလို့ အဲ့ဒီ့က အလုပ်သမားခေါင်းနဲ့တောင် ခင်မင်နေမိပြီ။
‘ ကိုအေးထူး…’
‘ ဗျ အကိုလှကြီး…’
သားသတ်ရုံ ဆောက်လုပ်ရေးဆီက အလုပ်သမားခေါင်း လှကြီးရဲ့ အခေါ်။ အေးထူးရဲ့ အထူး။
‘ ခင်ဗျားကို ကျုပ် မေးစရာရှိလို့ဗျ…’
‘ ဟုတ် မေးလေ…’
အေးထူးက ပြန်ပြောလိုက်တော့ ကိုလှကြီးက…။
‘ ဒီနေရာက တစ္ဆေတွေဘာတွေများ ခြောက်တတ်သလားဗျ…’
အေးထူး မျက်လုံးပြူးသွားရတယ်။
ဒီကွင်းကြီးက သူတို့နေသမျှကာလတော့ တစ်ခါမှ တစ္ဆေသရဲခြောက်တယ်လို့ မကြားမိဖူးဘူး။
‘ ကျုပ်တို့တော့ တစ်ခါမှ မခြောက်ဖူးပါဘူး။ ဘာဖြစ်လို့လဲ ကိုလှကြီး။ ခင်ဗျားတို့ကို ခြောက်လို့လား…’
အေးထူးအမေးကြောင့် လှကြီးက ခေါင်းကို ညိတ်လိုက်တယ်။
‘ အင်း…ဟုတ်တယ်ဗျ။ ကျုပ်တို့ စရောက်တည်းကနေ အခုထိ ငါးရက်ကျော်ပြီ။ ညဆိုရင် ဟိုဘက်က သားသတ်ရုံရဲ့ ပင်မအဆောက်အအုံဆောက်မယ့်နေရာမှာ ရဟန်းတစ်ပါး စင်္ကြလာလာကြွနေတယ်။ အစကတော့ ကျုပ်တို့က ရွာက ကိုယ်တော်တစ်ပါးထင်မိတာ။ ညကြီးမင်းကြီး ဘာအကြောင်းများလဲလို့ပေါ့။ ဒါပေမယ့် သွားမမေးဖြစ်ဘူး။ သူ့အကြောင်းသူရှိလိမ့်မယ်ပဲ တွေးတာ။ သုံးရက်မြောက်မှာ ထပ်တွေ့တော့ ကျုပ်တို့ထဲက တစ်ယောက်က မနေနိုင်လို့ သွားမေးမယ်လည်းလုပ်ကော အနားရောက်တော့ ပျောက်သွားတယ်တဲ့…’
‘ ဟင်…’
‘ ဟုတ်တယ်ဗျ။ အခုထိ ညတိုင်း အဲ့ဒီရဟန်းကို မြင်နေရတုန်းဗျာ။ ဒါကြောင့် ကျုပ်တို့တောင် မထိတ်သာ၊ မလန့်သာရှိတာမို့ အဲ့ဒီ့ ပင်မ အဆောက်အအုံနေရာထက် အခြားအဆောက်အအုံနေရာတွေကိုပဲ အထိုင်ချဖို့ လုပ်နေကြတာရယ်…’
‘ နောက်ထပ်ကော ခြောက်တာ ရှိသေးလား…’
‘ ရှိတော့ ရှိသေးတယ်။ ဒါက မနေ့ညကမှပါ။ သန်းခေါင်ကျော်လောက်မှာ ကလေးတွေ ရယ်မောပြီး ကစားနေတဲ့ အသံမျိုး ကျုပ်တို့အားလုံး ကြားမိတယ်ဗျ…’
‘ ထူးတော့ထူးတယ်ဗျာ။ ကျုပ်ဆို ဒီရွာသား၊ ငယ်မွေးခြံပေါက်။ ကျုပ်တို့ငယ်ငယ်ကလည်း ဒိကွင်းကြီးမှာ ညရေးညတာ လသာရင် လာကစားဖူးတယ်။ ဘာမှတော့ မဖြစ်ဘူး။ အခုထိလည်း ြေ့ခာက်လှန်တာမျိုး မကြားမိဖူးဘူး…’
လှကြီးက သက်ပြင်းကို ချတယ်။
‘ အင်း…ကျုပ်လည်း စိတ်ထဲတစ်မျိုးထင့်နေမိတယ်။ ဘာကြောင့်ရယ်တော့ ပြောရခက်ခက်ပဲ။ ဒါပေမယ့် ကျုပ်တော့ ဒိအကြောင်းကို ကိုမွတ်နားကတစ်ဆင့် သူဋ္ဌေးတွေဆီ ပြောပေးဖို့ တင်ပြထားတယ်။ သူတို့ဘက်ကတော့ ဘာပြန်ပြောမယ်မသိသေးဘူး။ ကျုပ်အနေနဲ့ကတော့ ဆက်မလုပ်စေချင်တော့ဘူးဗျာ…’
လှကြီးက စိတ်ထဲ လေးဖင့်ဖင့်ဖြစ်နေရင်း ပြောလိုက်တယ်။
အေးထူးကတော့ ရွာခံမို့ ဒိကွင်းကြီးဟာ အခုမှ ဘာထဖြစ်တာလဲပေါ့။
နှစ်ယောက်သား အတွေးတွေကိုယ်စီနဲ့ ငြိမ်သက်သွားခဲ့ကြပါတယ်။
ဒီလိုနဲ့ နောက်တစ်နေ့မှာတော့ သားသတ်ရုံ အလုပ်ခွင်ဆီကို ကုလားသူဋ္ဌေးတွေ ရောက်လာကြတယ်။
သူတို့က အလုပ်ခွင်ကို အဓိကထားကြည့်တယ်။
ပြီးတော့ ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာပြီး သူတို့ဘာသာအရ ပူဇော်မှုတွေ လုပ်ဆောင်ကြတယ်။
မွတ်နားရဲ့ ပြောကြားချက်အရတော့ တစ္ဆေနှင်တာလို့ သိရတာပဲ။
ဒီတုန်းက အေးထူးတို့ရွာကလူတွေ အထူးအဆန်းအဖြစ်နဲ့ကို ဝိုင်းအုံပြီး လာကြည့်ကြသေးတာ။
သူတို့ဘက်က ဘာသာရေးခေါင်းဆောင်လား နတ်ဆရာလားတော့ မသိတတ်ဘူး။
အဲ့ဒီ့သူက သစ်ခက်တချို့နဲ့ ဆေးရောင်စုံဖျော်ထားတဲ့ အရည်တွေစွတ်ပြီး ပါးစပ်ကနေ ဂါထာတွေရွတ်လို့ နေရာအနှံ့ကို လိုက်ပတ်ဖြန်းတော့တာရယ်။
ကျုပ်ရတာတော့ မျက်စိပသာဒဖြစ်သား။
ထူးတာမထူးတာတော့ အေးထူးလည်း မသိတတ်ဘူးပေါ့။
သူဋ္ဌေးတွေက အဲ့ဒီ့နေ့မနက်မှာပဲ လုပ်စရာရှိတာလုပ်ပြီး ပြန်သွားကြတယ်။
နောက်တစ်ရက် ဝေလီဝေလင်းမှာတော့ အလုပ်သမားခေါင်း လှကြီးနဲ့အတူ အလုပ်သမားတချို့ ရွာထဲကို အူလျားဖားလျား ရောက်လာကြကော။
သူတို့ပုံစံတွေက မျက်ပြူးဆန်ပြာတွေနဲ့။
အေးထူးဆီကို အဓိက ရောက်လာကြတာ။ ရောက်ရောက်ချင်းပါပဲ အားလုံး အိမ်ပေါ်ကို ဝိုင်းစုပြုံပြီး တက်ကြတာရယ်။
‘ ကိုလှကြီး ဘာတွေဖြစ်လာတာလဲဗျာ…’
အေးထူးက မထိတ်သာ၊ မလန့်သာ မေးလိုက်တယ်။ လှကြီးကတော့ အမောတကောနဲ့မို့ ချက်ချင်းမပြောနိုင်ဘူး။ ရေတစ်ခွက်ကို အရင်ဆုံးတောင်းသောက်ပြီးမှ… ။
‘ အခြေအနေတွေက ကြမ်းကုန်ပြီ ကိုအေးထူးရေ…’
‘ ဟင်…ဘာတွေဖြစ်ကုန်တာလဲ…’
‘ သန်းခေါင်ယံက စလို့ အခုချိန်အထိ ကျုပ်တို့ တစ်ညလုံး ကောင်းကောင်းမနေရသေးဘူးဗျာ…’
‘ ဘယ်လိုဖြစ်တာလဲဗျာ…ပြောပြပါဦး…’
‘ ဒီလိုရယ် ကိုအေးထူးရ…’
လှကြီးက သူတို့ ကြုံတွေ့ရတာတွေကို ပြန်ပြောပြပါတယ်။
******
မနက်တုန်းက သူဋ္ဌေးနဲ့ အဖွဲ့တွေရောက်လာကြပြီး နေရာကို မြေသန့်ပေးခဲ့ကြတယ်။
ဒီတုန်းက လှကြီးက ဒီအရပ်၊ ဒီမြေမို့ ကန်တော့်ပွဲပေးတာမျိုးလို၊ မြေနေရာအတွက် ခွင့်ပြုချက်တောင်းခံပြီး ဗုဒ္ဓဘာသာအရ ပရိတ်တရားရွတ်ဖတ်လို့ မြေသန့်စေပါလား အကြံပြုတယ်။
သူဋ္ဌေးတွေက သူတို့ဘာသာမဟုတ်တာမို့ လက်မခံဘူး။
ဒီတော့ သူတို့ဘာသာရေးလား၊ နတ်ဆရာလားမသိဘူး။ အဲ့ဒီ့ပုဂ္ဂိုလ်နဲ့ပဲ သူတို့နည်းသူတို့ဟန်အတိုင်း မြေသန့်လုပ်ဆောင်သွားခဲ့တယ်။
မနက်ပိုင်းအချိန်က မြေသန့်တာနဲ့တင် ပြီးစီးသွားခဲ့တယ်။
သူဋ္ဌေးတွေက မနက်ပိုင်းမှာပဲ အပြီးအပြတ်လုပ်လို့ ရွာခံဖြစ်သူ မွတ်နားကို မှာစရာရှိတာတွေ မှာပြီး ပြန်ကုန်ကြလေရဲ့။
နေ့လည်ပိုင်းမှာတော့ လှကြီးတို့ ဆောက်လုပ်ရေးသမားတွေ အဆောက်အအုံတွေ စတင်ဆောက်ဖို့ အလုပ်ခွင်ကို ဝင်ကြတယ်။
ဒီမှာတင် ပင်မအဆောက်အအုံ တိုင်ထူတဲ့နေရာဆီမှာ မတော်တဆမှုထဖြစ်လေရဲ့။ ထိမိသူက ခေါင်းကွဲသွားတယ်။ သွေးတွေဖြာနေတာပဲ။
ရောက်ရှိပြီးနောက် ဒီရက်သတ္တပတ်လုံး အလုပ်ခွင်ထဲ ဘာအန္တရာယ်မှ မရှိခဲ့ဖူးဘူး။ ဒီတော့ နည်းနည်းတော့ စိတ်ထင့်မိကြတယ်။ အလုပ်ကတော့ ရပ်ထားလို့မရတာမို့ ထိခိုက်သူကို ဆေးဝါးကုသဖို့ စီစဉ်ပေးပြီး ကျန်သူတွေက ဆက်လုပ်ကြတယ်။
ဒါပေမယ့်လည်း မကြာပါဘူး။
နောက်တစ်ယောက်ကို ထပ်ထိပြန်ရော။ ဒီတစ်ယောက်ကျ လက်ညပ်သွားတာ။ လက်တစ်ချောင်းလုံး တွေတွေချည်းပဲ။
ဒီကနေစလို့ နောက်တစ်ယောက် ထပ်ထိပြီး သုံးယောက်မြောက် ထိခိုက်မှုဖြစ်လာချိန်မှာတော့ လှကြီးက အလုပ်ခွင်ကို ရပ်နားစေလိုက်တော့တယ်။
လုပ်ငန်းခွင် ရပ်နားလို့ လှကြီးနဲ့ မွတ်နား စကားက များကြရသေးလေရဲ့။
ဒါပေမယ့် ကျန်သူတွေကပါ ဝိုင်းဝန်းပြောတော့မှ မွတ်နားဖြေလျှော့သွားတယ်။
ဒီလိုနဲ့ ညနေပိုင်းမှာတော့ အလုပ်တွေ ရပ်နားပြီး ကိုယ်စီကိုယ်ငှ တဲတွေအထဲမှာပဲ နေနေချိန် သူရူးတစ်ယောက် သူတို့ အလုပ်ခွင်အနားကို ရောက်လာခဲ့လေရဲ့။
သူရူးက သူတို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ တုတ်ချောင်းကလေးတွေ ဟိုစိုက်၊ ဒီစိုက်လုပ်ရင်း ရှိနေတယ်။
အလုပ်သမားတစ်ယောက်က လှကြီးကို သူရူးတစ်ယောက် အလုပ်ခွင်ထဲရောက်နေတဲ့အကြောင်းလာပြောတော့ လှကြီးလည်း မနေသာဘူး။ သူခိုးလား ကြမ်းပိုးလားရယ် စစ်မေးဖို့ ထွက်ခဲ့ရတယ်။
မိုးက တဖွဲဖွဲရွာချနေတယ်။
လှကြီးက သူရူးကိုတွေ့တော့ သူရူးက သူစိုက်ထားတဲ့ ဝါးခြမ်းငုတ်တိုင်တစ်ခုနံဘေးမှာ လက်အုပ်ချီ ငုတ်တုတ်ထိုင်ပြီး တတွတ်တွတ်နဲ့။
‘ ဟေ့…ခင်ဗျား ဘယ်ကလဲ ဘာလာလုပ်တာလဲ…’
လှကြီး မေးမိတယ်။
ဒါပေမယ့် သူရူးက လှည့်တောင် မကြည့်ဘူး။ သူလုပ်နေတဲ့အတိုင်းပဲ အာရုံမပျက်လုပ်ဆောင်နေတယ်။
‘ ဟေ့…မေးနေတယ်လေ။ ခင်ဗျား ဘယ်သူလဲလို့…’
လှကြီး ထပ်မေးလိုက်တယ်။
သူရူးက အခုထိလည် သူ့အာရုံနဲ့သူပဲ။ ဒီတော့ လှကြီး စိတ်တိုရပြီ။
‘ ဟေ့…မေးနေတယ်လေကွာ…’
သူရူးက ပုံမှန်အတိုင်းပါပဲ။ လှကြီး စ်ိတ်မထိန်းနိုင်တော့ဘူး။ ဒါကြောင့် သူ့နံဘေးက အလုပ်သမားနှစ်ယောက်ကို ကြည့်ပြီး…။
‘ ဟေ့ကောင်တွေ ဒီအရူးကို သွားဖမ်းချေကွာ…’
အလုပ်သမားနှစ်ယောက် သူရူးအနားကို လှမ်းကပ်သွားကြတယ်။
တဖြေးဖြေး သတိထားပြီး အနီးကို ချဉ်းကပ်သွားကြရင်း အနားရောက်ချိန်မှတော့…။
‘ ဟေး……’
သူရူးက ရွတ်ဆိုနေရာက ထင်မှတ်မထားဘဲ ရုတ်တရက် ဟစ်အော်ရင်း ခုန်ထလာတာမို့ အလုပ်သမားနှစ်ယောက် လန့်ဖျပ်ပြီး အနောက်ဆုတ်ရာက လဲကျကုန်တယ်။
ဒါကိုမြင်တော့ သူရူးက တဟားဟားနဲ့ အူတက်မတတ်ကို ရယ်မောလေရဲ့။
လှကြီးကတော့ သူရူးလုပ်ပုံကြောင့် အလွန်အမင်းဒေါသထွက်ရလေပြီး…။
‘ ဟေ့…ဘာတွေရယ်နေတာလဲ။ ဒီအရူးကတော့ ငါလုပ်ရင် သေတော့မယ်…’
လှကြီးစကားကြောင့် သူရူးက ရယ်တာရပ်သွားတယ်။ ပြီးတော့ မျက်တောင်ကို ပုတ်ခပ်ပုတ်ခပ်နဲ့ လုပ်ပြီး တောင်ကြည့်မြောက်ကြည့်နဲ့ လက်ညှိုးကို မေးဆီထောက်လို့ စဉ်းစားဟန်ပြုလိုက်ပြီး…။
‘ သူက ငါ့ကို အော်နေပြီ။ ငါက ဘယ်ကနေ ဘယ်လိုပြန်ပြောရမလဲ…အာ…ဟုတ်ပြီ…ဟီ…ဟီ…ဟီ…’
တစ်ယောက်ထဲ ခပ်ကျယ်ကျယ်ပြောလိုက်တဲ့ သူရူးစကား။
ဒီစကားကြောင့် လှကြီးတို့မှာ ရယ်ရခက်၊ ဒေါသထွက်ရခက်နဲ့။ ဒါပေမယ့် ဟန်ကို ပြန်တင်းလိုက်ပြီး တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်ချိန်…။
‘ ဟဲ့…ငမိုက်သား။ ဒါက သာသနာ့နယ်မြေဖြစ်လာမှာမို့ နင်တို့ သားသတ်ရုံ ဆောက်လို့မရဘူး…’
‘ ဟင်…’
‘ အံမယ် နင်ကများ ရာရာစစ၊ ငါသူတော်နတ်သားလေးကို အရူးလေးဘာလေး၊ ခင်ဗျားတလေး၊ ကျုပ်တလေးနဲ့…’
သူရူးစကားကြောင့် လှကြီးတို့ဟန်မတင်းနိုင်တော့ပါဘူး။
သုံးယောက်သား ပြုံးစိစိ ဖြစ်ကုန်ကြရတယ်။
‘ နင်တို့ ဒီကနေ ဒီသုံးရက်အတွင်း ဖယ်နေကြ။ မဟုတ်ရင် နင်တို့ ဒုက္ခရောက်ရလိမ့်မယ်ကွယ့်။ ငါသူတော်နတ်သားလေးက ဂရုဏာထားပြီး နင်တို့ကို အသိလာပေးတာ…’
‘ ဟင်…’
အရူးစကား၊ ဇာတ်သမားစကား၊ ကလေးစကားတို့ဝါ လစ်လှူရှုလို့မရဘူးဆိုတာ လှကြီးသတိရမိသွားတယ်။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ ပြန်နေလိုက်ရင်း…။
‘ နေစမ်းပါဦး…ခင်ဗျားက ဘယ်ကရောက်လာတာလဲ။ ကျုပ်တို့ကို ဘာကြောင့် ဒုက္ခရောက်မယ်လို့ ပြောတာလဲ…’
‘ အယ် ကလယ် လယ်။ ငါသူတော်လေး နင်တို့ကို ပြောပြီးပြီကော။ ဒီနေရာက သာသနာ့မြေပါလို့။ မကြာခင်မှာ နေလို၊ လလို ထွန်းလင်းဖို့ ဖြစ်လာလိမ့်မယ်။ ဒီအခါမှာ နင်တို့ မပါအောင် ဖယ်နေပေးကြနော်။ ဟင်း… ငါသူတော်လေးက နတ်သားလေးမို့ ကြိုသိပြိး လာပြောပြတာနော်…’
လှကြီး ရယ်မောလိုက်မိတယ်။
‘ ခင်ဗျားက တကယ်နတ်သားလား…’
‘ အယ်…’
လှကြီးအမေးကြောင့် သူရူးရဲ့ မျက်လုံးတွေက ချာချာ်လည်သွားတယ်။ ပြီးတော့ သူ့ရဲ့ စုတ်ဖွားနေတဲ့ ခေါင်းကို ကုတ်လိုက်ပြီး…။
‘ အဲ့ဒါကျတော့ ငါသူတော်လေးလည်း မသိတတ်သေးဘူး။ အဲ…ဒါပေမယ့် ဟီ…ဟီ…နင်သိအောင် ငါ တိုးတိုးမယ်လေးပြောပြမယ်…’
သူရူးက သူ့ပါးစပ်နားမှာ လက်ကို အသာကာလိုက်တယ်။ ပြီးတော့မှ…
‘ ဘိုးသိကြားကလေ…ငါသူတော်လေး လိမ္မာရင် နတ်သားလေးဖြစ်မှာတဲ့…’
‘ ဟား…ဟား…ဟား…’
‘ ဟုတ်ပါပြီဗျာ…ဟုတ်ပါပြီ…’
လှကြီးဆီက ဒေါသတွေ ဘယ်ရောက်ကုန်ပြီ မသိတတ်တော့ဘူး။ သူရူးကိုကြည့်ပြီးသာ သဘောကျပြီး ရယ်နေမိတယ်။
‘ အယ်…လူသား။ နင် ရယ်ပဲရယ်မနေနဲ့။ ငါသူတော်လေး နင်တို့ကို ပြောစရာရှိတာ ပြောပြီးပြီနော်။ ငါသူတော်လေး သွားတော့မယ်…’
သူရူးက နေရာကနေ လှည့်ထွက်ဖို့ ဟန်ပြင်လိုက်တယ်။
ဒါပေမယ့် ချက်ချင်းပဲ တုန့်ခနဲဖြစ်ပြီး ပြန်လှည့်လာကာ…။
‘ အဲ…ငါသူတော်လေး ပြောတာ မမေ့နဲ့နော်။ နင်တို့ ငါသူတော်လေး စိုက်ထူထားတဲ့ မဟာပန္နက်တိုင်တွေကို မနှုတ်နဲ့။ အဲ့ဒီ့အကြားကိုလည်း ဘယ်သူမှ မသွားကြနဲ့ သိလား။ ဖြစ်နိုင်ရင် ဒီညကိုပဲ နင်တို့ ထွက်ကြတာ ကောင်းမယ်…’
သူရူးက သူပြောလိုရာကို ပြောပြီးတော့ အလုပ်ခွင်ထဲကနေ ခုန်ပေါက်ပြီး ပြေးထွက်သွားပါတော့တယ်။
ဒီတုန်းက လှကြီးမှာ စိတ်ထဲ ထင့်မိခဲ့ပေမယ့် ဘာမှမဖြစ်လောက်ဘူးလို့ တွေးလိုက်ပြီး ကျန်တဲ့သူတွေကို ဘာမှမပြောပြဘဲ နေဖြစ်လိုက်တယ်။
ညရောက်တော့မှ သူရူးစကားကို နားမထောင်မိတာ မှားမှန်းသိမိကြတယ်။
ညဦးပိုင်းအချိန်မှာတင် ဦးခေါင်းခိုက်မိထားတဲ့ မောင်ထင်က လန့်ပြီး ဝူးဝူးဝါးဝါး ထအော်တယ်။
ဘာကြောင့်လဲမေးတော့ မည်းမည်းအကောင်ကြီးတွေ မြေကြီးထဲက တိုးထွက်လာတယ်တဲ့။
ဒါနဲ့ လှကြီးတို့လည်း မောင်ထင် ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်ပြီး သွေးလန့်တာပဲဆိုတဲ့ အထင်နဲ့ ပြန်ပြီး ချော့မောလို့ သိပ်ကြရတယ်။ မောင်ထင်က အဖျားလည်းတက်နေတာကိုး။
ဒီလိုနဲ့ မောင်ထင်ပြီးတော့ နောက်ထပ် လက်ညပ်ခံရတဲ့ ကိုဗျော့ဆိုသူကလည်း လန့်ပြီး ထအော်ပြန်ကော။ လှကြီးတို့လည်း ကိုဗျော့ဆီကို ပြေးကြပြန်တယ်။
‘ ကိုဗျော့…ကိုဗျော့…ဘာဖြစ်တာလဲ…’
‘ အ…အကောင်ကြီးတွေ။ မြေကြီးထဲက ထွက်လာတယ်…’
‘ ဟင်…’
ကိုဗျော့ဟာလည်း သွေးထွက်လွန်ထားပြီး သွေးဆုတ်နေတဲ့သူ။
ဒါပေမယ့် အံ့သြစရာကောင်းတာက မောင်ထင်ပြောတုန်းကစကားနဲ့ ကိုဗျော့ပြောတဲ့စကားက ထပ်တူကျနေတာရယ်။
ဒါပေမယ့်လည်း လှကြီးက မောင်ထင်အော်ဟစ်တာကို ကိုဗျော့က ကြားပြီး ထင်ယောင်ထင်မှားဖြစ်တာလို့ပဲ ယူဆလိုက်ပြန်ပါတယ်။
‘ ကဲပါ…ကိုဗျော့ရယ်။ ဘာမှမရှိပါဘူး။ ကျုပ်တို့အားလုံး ရှိပါတယ်ဗျာ…’
‘ မဟုတ်ဘူး လှကြီး။ တ…တကယ်ထွက်လာတာ…’
‘ ကဲပါ…ကိုဗျော့ စိတ်ချရအောင် ကျုပ်တို့ အပြင်ထွက်ကြည့်ပေးမယ်…’
လှကြီးက ပြောပြီးတော့ အနီးက နှစ်ယောက်ကို သွားကြည့်ဖို့ စေလွှတ်လိုက်တယ်။ ကိုဗျော့ကတော့ ပတ်ဝန်းကျင်ကို ကျီးကြည့်ကြောင်ကြည့် ကြည့်နေပြီး သွားကြည့်သူတွေ ပြန်လာပြောမှာကို ငံ့လင့်နေတယ်။
‘ ဘာမှမရှိပါဘူး ကိုဗျော့ရယ်။ ခင်ဗျား အိပ်မက်ဆိုး မက်တာနေမှာပါ…’
‘ ဟင်း…’
ကိုဗျော့ သက်ပြင်းကို ချတယ်။ အခုနက သူ မြင်မိတာက အိပ်မက်လိုလို တကယ်လိုလိုအဖြစ်ပါ။
သူ့တစ်ကိုယ်လုံးမှာလည်း ချွေးတွေက ရွှဲရွှဲစိုနေတယ်။
‘ ကဲပါ ကိုဗျော့ရယ်။ ခင်ဗျား ချွေးလန့်တာနေမှာပါ။ ကဲ…ကဲ.. ပြန်အိပ်ချေ…’
လှကြီးက ပြန်သိပ်လိုက်တယ်။ ပြီးတော့ လူနာစောင့်ထားသူကို အသေအချာ ဂရုစိုက်ဖို့ မှာပြီး ကိုယ့်တဲကို ပြန်ခဲ့တယ်။
ဒီလိုနဲ့ သန်းခေါင်ယံကို ရောက်လာချိန်မှာတော့…။
‘ ဝု…အူး…အူး…’
ရွာဘက်က ဆွဲဆွဲငင် ခွေးအူသံတွေ ထွက်ပေါ်လာတယ်။
‘ ကဲ…ညဉ့်လည်း နက်လှပြီ။ အိပ်ကြစို့လား…’
လှကြီးက အားလုံးကို လူစုခွဲ၊ အိပ်ရာဝင်ဖို့ အသိပေး ပြောကြားလိုက်တယ်။ ဒီအခိုက်မှာပဲ…။
‘ အီး…ဟီး…ဟီး….’
‘ ခစ်…ခစ်…ခစ်….’
ဘယ်က ထွက်လာမှန်းမသိတဲ့ ရယ်မောသံတွေ။
လှကြီးတို့ လူစုခွဲအံ့ဆဲဆဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကုန်ကြတယ်။
အသံတွေက တစ်ခဏပါပဲ။ ချက်ချင်း ပြန်တိတ်သွားလေရဲ့။
‘ ကိုလှကြီး…ဒီညက ထူးတော့ထူးနေပြီနော်။ ဟို အရူး ေ်ပြာသွားတာများ…’
ပြောလာသူရဲ့ စကားမဆုံးခင် လှကြီးက ဆက်မပြောဖို့ မျက်ရိပ်ပြလိုက်တယ်။
‘ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် ဒီညတော့ စုစုဝေးဝေးအိပ်ကြဗျာ။ မနက်လင်းမှ တစ်ခုခု စီစဉ်ကြမယ်…’
လှကြီးကပြောတော့ အားလုံး လူစုတော့ ခွဲသွားကြတယ်။
ဒီလိုနဲ့ အကုန်လုံး ကိုယ်စီ အဆင်ပြေရာဆီမှာ စုဝေးအိပ်ကြရင်း တချို့က အိပ်ပျော်ကုန်ကြတယ်။ လှကြီးကတော့ အိပ်မပျော်နိုင်သေးဘူး။
‘ နောင်…နောင်…နောင်….’
ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြေးစည်သံ…။
‘ ဆွမ်း…တော်…ဗျို့…’
‘ ဟင်…’
ထပ်ပြီး ထွက်ပေါ်လာတဲ့ အသံကြောင့် လှကြီး ငုတ်တုတ်တောင် ထထိုင်လိုက်မိတယ်။ ပြီးတော့ ကပြာကသီပဲ အိပ်ရာက ထလို့ အသြံကားရာ အပြင်ကို ထွက်ကြည့်လိုက်တယ်။
‘ နောင်…နောင်…နောင်…’
လှကြီးအပြင်ရောက်ချိန် ကြေးစည်သံက အတော်တော်ဝေးကို ရောက်သွားခဲ့ပြီ။ ဆွမ်းတော်သံကိုတော့ ထပ်ပြီး မကြားရတော့ဘူး။
လှကြီးလည်း ကြောက်စိတ်မရှိပေမယ့် စိတ်ထဲတော့ တော်တော့်ကို ထင့်လာမိပြီ။ ဒါကြောင့် အပြင်မှာ ဆက်မနေရဲတော့ဘဲ တဲထဲဆီကို ပြန်ဝင်ပြေးလာခဲ့တယ်။
နောက်တော့ အသံဗလံတွေ ဆိုင်းသံ၊ ဗျောသံတွေ ထွက်ပေါ်လာပြန်လေရော။ နောက်တော့ ဘာသံမှ ထွက်ပေါ်မလာတော့ပါဘူး။
ဒီအခါမှာတော့ လှကြီးတို့လည်း ဘာသံထပ်ထွက်လာမလဲဆိုတာ စောင့်ရင်း တဖြေးဖြေး ငိုက်မြည်းလာကြတယ်။
အချိန်က တရွေ့ရွေ့နဲ့ အာရုံကျင်းလုလု ဖြစ်လာခဲ့ပြီ။
‘ ဝုန်း…’
ရုတ်တရက် မှေးခနဲ ဖြစ်သွားတုန်း လှကြီးကို တစ်စုံတစ်ယောက်က ဆွဲချလိုက်သလိုဖြစ်ပြီး တဲအောက်ကို ပြုတ်ကျသွားတယ်။
တစ်ဖက်တဲတွေဆီကလည်း ဆူညံပူညံနဲ့ မြည်တွန်တောက်တီးအသံတွေ ထွက်ပေါ်လာတယ်။
လှကြီး တဲအပြင်ကို ထွက်ကြည့်မိတော့ စူးစမ်းတော့ ကျန်တဲ့သူတွေလည်း သူ့လိုပဲ ဆွဲချခံရတယ်တဲ့။
‘ ကဲ…ဒီပုံအတိုင်းဆိုရင်တော့ ငါတို့အားလုံး ဒီမှာ ဆက်အိပ်လို့ မဖြစ်တော့ဘူး။ အခုပဲ ရွာထဲကို သွားကြမယ်။ လူနာသုံးယောက်ကို သွားတွဲကြချေကွာ။ ကျန်တာကိုတော့ မိုးလင်းမှပဲ မီးစင်ဆက်ကကြမယ်…’
လှကြီးရဲ့ စကားအဆုံး အလုပ်သမားသုံးလေးယောက်က လူနာတွေကို သွားတွဲကုန်ကြတယ်။
အားလုံး ပြန်စုဝေးမိချိန်မှာတော့ ရုတ်တရက်ကြီး ဘယ်ဆီကမှန်းမသိတဲ့ ခြောက်ခြားဖွယ်ရာ တော်လှဲသံကြီးတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတယ်။
ဒီအသံတွေက အခြားနေရာဆီက ကြားနေရတာမဟုတ်ဘဲ သူတို့ အောက်ဘက်ဆီက ကြားနေကြရတာ။
ဒါကြောင့် လှကြီးတို့ ကြာကြာ ဆက်နေဖို့ ဘယ်လိုမှ စိတ်မရဲတော့ဘူး။
ဒါနဲ့ပဲ အကုန်လုံးကို ခေါ်ဆောင်ပြီး ရွာဘက်ကို အမြန်ဆုံး ထွက်ခဲ့ကြတယ်။
ရွာအနားကိုရောက်ချိန်မှာတော့ သားသတ်ရုံဆောက်မယ့် ကွင်းပြင်ကျယ်ကြီးဆီက တော်လှဲသံကြီးနဲ့အတူ ကြေးစည်သံတွေ၊ ဆည်းလှည်းသံတွေ၊ ပြီးတော့ ဆိုင်းသံ၊ ဗုံသံ၊ လူသူမြူးတူးသံတွေကိုပါ ရောရောထွေးထွေးကြားရတော့တာပါပဲ။
*******
‘ အဖြစ်ကတော့ အဲ့ဒါပဲ ကိုအေးထူးရေ။ ကျုပ်တို့တော့ ဘာဖြစ်မှန်းမသိ၊ ဆက်လည်းမနေရဲတော့တာမို့ အဲ့ဒိ့ကနေ အပြေးလာခဲ့ကြတာပဲ…’
လှကြီးက အေးထူးကို အဖြစ်အပျက်တွေပြောပြတယ်။
အိမ်ဆီမှာလည်း ဆူညံပူညံအသံတွေကြောင့် အခြားအိမ်တွေဆီက ရွာသူရွာသားတွေလည်း ရောက်နေပြီ။
အေးထူးကတော့ လှကြီးစကားကို နားထောင်ပြီး တွေငေးတွေးနေတယ်။
ဒီကွင်းကြီးက အခုမှ ဒိလိုတွေဖြစ်တယ်ဆိုတော့ ဘာကြောင့်ရယ် စဉ်းစားမရဘူး။
‘ အရူးစကား…’
ရုတ်တရက် လူအုပ်ထဲက တစ်ယောက်ရဲ့ အသံ။
‘ ဟုတ်သားပဲ ကိုလှကြီးရ။ ဟို…ဟိုအရူးက ခင်ဗျားတို့ကို ဒိနယ်မြေက သာသနာ့နယ်မြေလို့ ပြောတယ်ဟုတ်လား…’
အေးထူးက သတိတရနဲ့ သံယောင်လိုက်ပြီး ပြောလိုက်တယ်။
‘ ကြေးစည်သံတွေ ဆွမ်းတော်သံတွေကိုလည်း ကြားရတယ်ဆိုတော့ သူရူးစကားက ဖြစ်နိုင်တယ်…’
‘ ဟုတ်တယ်…’
လူအုပ်ထဲမှာ ထင်ကြေးအမျိုးမျိုးနဲ့ စကားသံတွေက စီညံသွားခဲ့တယ်။
အဲ့ဒီ့အချိန်…။
‘ မနက်ချိန်ခါ…ဝါဝါဝင်းပြ နေခြည်စချိန် သာသနာပြည့်ဝ ထွန်းပလျာမယ်၊ ဝလ္လာမြေကြီး သိမ့်တုန်ဟည်းလို့ သာဓုခေါ်အံ့…ဤမြေငလျင် သာသနာ့ငလျင် ခေါ်အံ့ပေတည်း…’
‘ ဟင်…’
‘ ဟာ…’
ရွာလယ်လမ်းဆီက အသံသြပြာပြာကြီးနဲ့ ထွက်ပေါ်လာတဲ့ အော်သံတစ်ခု။
အားလုံး ကြောင်အမ်းကုန်ကြပြီး အသံကြားရာဆီကို ကြည့်မိကြတယ်။
ဒီအခါမှာတော့ မီးတုတ်တစ်ချောင်းကိုကိုင်၊ အုန်းလက်မြင်းကို စီးပြီး စုတ်ဖွာနေတဲ့ အဝတ်အစား၊ ဆံပင်စုတ်ဖွားနဲ့ လွယ်အိတ်ကြီးလွယ်လို့ ခုန်ပေါက်ပြေးသွားတဲ့ သူရူးကို လှမ်းမြင်လိုက်ကြရတယ်။
‘ ဒီ…ဒီအရူးပဲ။ ကျုပ်တို့ဆီကို ရောက်လာတာ ဒီအရူးပဲ…’
လှကြီးက ထအော်တယ်။
ဒါကြောင့် အကုန်လုံးလည်း စိတ်ဝင်တစားနဲ့ ရွာလယ်လမ်းဆီကို တက်ကြည့်တော့ သူရူးက သူတို့နဲ့ အတော့်ကို လှမ်းသွားခဲ့ပြီ။ ဒါပေမယ့် သူရူးအော်သွားတဲ့…။
‘ မနက်ချိန်ခါ…ဝါဝါဝင်းပြ နေခြည်စချိန် သာသနာပြည့်ဝ ထွန်းပလျာမယ်၊ ဝလ္လာမြေကြီး ပြိုကာကျစဉ် ကျန်မြေအပေါင်း သိမ့်တုန်ဟည်းလို့ သာဓုခေါ်အံ့…ဤမြေငလျင် သာသနာ့ငလျင် ခေါ်အံ့ပေတည်း…’
ဆိုတဲ့ အသံကိုတော့ သူတို့အနေနဲ့ ကြည်ကြည်လင်လင်ကို ကြားမိကြရပါတယ်။
‘ ထူးတော့ ထူးပြီဗျာ…’
‘ သူပြောပုံအရတော့ ငလျင်လှုပ်မယ်ထင်တယ်…’
‘ နေခြည်စချိန်ဆိုတော့ ဒီမနက်ပဲ ဖြစ်မယ်ထင်တယ်…’
‘ ဖြစ်နိုင်တယ်ဟေ့…အားလုံးပဲ၊ အိမ်တွေ သစ်ပင်တွေအောက် မနေကြနဲ့။ ကွင်းထဲ ထွက်နေကြ…’
တစ်ယောက်တစ်ပေါက်ပြောဆိုသံတွေအဆုံး ငလျင်လှုပ်မယ်ဆိုတာက တစ်ရွာလုံးကို မောင်းခတ်လိုက်သလို သိရှိသွားခဲ့ကြတယ်။
တစ်ရွာလုံး ရွာထဲ မနေကြတော့ဘူး။
အဖိုးတန်မယ်ထင်ရာကို ဆွဲယူကြပြီး ရွာအပြင်ထွက်လို့ လယ်ကွင်းတွေအထဲမှာ နေကြတယ်။
ဒိလိုနဲ့ မနက်လင်းချိန်စ နေခြည်အလင်း ခင်းကျင်းလာချိန်မှာတော့…။
‘ ဝေါ…ဝေါ…ဝေါ……’
ရွာရဲ့ မြောက်ဘက်ဆီက ကျယ်လောင်လွန်းတဲ့ တော်လှဲသံကြီးတွေ။
မကြာပါဘူး။
အသံကြီးတွေနဲ့အတူ မြေပြင်ဟာ တဝေါဝေါမြည်သံပေးလို့ သိမ့်သိမ့်တုန်ဟည်းသွားခဲ့တယ်။
ပြီးတော့ ဆက်တိုက်လှုပ်ခတ်လာတဲ့ ငလျင်လှိုင်းတွေ။
ငလျင်တွေဟာ သုံးကြိမ်သုံးခါ လှုပ်ခတ်ပြီးချိန်မှာတော့ လုံးလုံးလျားလျား ငြိမ်သက်သွားခဲ့ပြီ။
ဒီအခါမှာတော့ ရွာရဲ့မြောက်ဘက်ခြမ်းဆီက…။
‘ မြေပြိုပြီး စေတီပေါ်တယ်။ မြေပြိုပြီး စေတီပေါ်တယ်…’
ကုန်းကြီးတစ်ရွာလုံး ရွာမြောက်ဘက်ပိုင်းကို အပြေးကြည့်မိကြတယ်။
လားလား….။
သားသတ်ရုံဖွင့်မယ့် မြေနေရာကြီးဆီက မြေပြင်ကြီးဟာ အောက်ဆီကို နိမ့်ဆင်းသွားခဲ့ပြီး ချိုင့်ကြီးအတွင်းဆီမှာတော့ ရွှေရောင်အဆင်းမှိန်ပြပြနဲ့ စေတီတစ်ဆူ။
ဥာဏ်တော်ကတော့ အတော်မြင့်ပြီး နံဘေးပတ်ချာလည်မှာ အရံစေတီတော်တွေလည်းပါတယ်။
စေတီတော်ကို ကြည့်ပြီး ကုန်းကြီးရွာသူရွာသားအပေါင်းတို့ ပီတိဖြာဖြာနဲ့ ဖူးမြှော်ကြတယ်။
‘ ဒီ…ဒီ အဝန်းအဝိုင်းဟာ သူရူးစိုက်ခဲ့တဲ့ မဟာပန္နက်ဆိုတဲ့တိုင်တွေရဲ့ အဝန်းအဝိုင်းပါပဲလား…’
လှကြီးက ဆိုတယ်။
ဒီတော့ အကုန်လုံးဟာ သူရူးနဲ့ ပက်သက်ပြီး သို့လောသို့လော အတွေးတွေနဲ့ ရင်တသပ်သပ်ဖြစ်မိကြကန်ုတာပေါ့။
ဒီကနေ စတင်လို့ မြေအောက်ဆီကနေ ပေါ်တော်မူလာတဲ့ စေတီတော်ကို ရပ်ဝေးရပ်နီးကနေ လာရောက်ဖူးမြှော်ကြပြီး သာသနိကအတွက် အလှူရှင်တွေလည်းထွက်ပေါ်လာပါတယ်။
ဒီလိုကနေ စတင်လို့ ယခုနှစ်နှစ်တင်းတင်းပြည့်ချိန်မှာတော့…။
စေတီတော်ရှိနေရာ ချိုင့်ဝှမ်းကြီးအတွင်းမှာ အခြားသာစနာ့အဆောက်အအုံတို့နဲ့အတူ မြေသားတွေဆီမှာလည်း မြေထိန်းနံရံကြီးတွေနဲ့ ခိုင်ခိုင်တည်တည်ဖြစ်လာကာ စေတီတော်ဟာလည်း ရွှေရောင်တဝင်းဝင်းနဲ့ ကြည်ညိုချင့်စဖွယ်၊ သပ္ပါယ်ရာအဆင်းနဲ့ ပြည့်ဝနေခဲ့ပါပြီ။
ဒီလိုပါပဲ…။
ကုန်းကြီးရွာသားတွေဟာလည်း စေတီတော် မြေအောက်ကနေ ပေါ်တော်မူလာရာကနေစတင်ပြီး သာသနာရေးကို စူးစူးစိုက်စိုက် လုပ်ဆောင်လာကြတယ်။
မြေနေရာရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ မွတ်နားရဲ့ အမျိုးတွေကိုတော့ မြေနေရာအတွက် ရွာသူရွာသားတွေ စုဆောင်းပြီး ရရှိလာတဲ့ ငွေကြေးနဲ့ နယ်ဝေးလှူဒါန်းသူတို့ရဲ့ အလှူငွေကြေးတို့ကို စုပေါင်းလို့ တန်ဖိုးသုံးဆပိုပေးပြီး အဖိုးအခ ချေပပေးခဲ့ကြတာပေါ့။
အခုများတော့လည်း ထူးထူးခြားခြား သာသနာ့ငလျင်နဲ့အတူ မြေအောက်ဆီကနေ ပေါ်တော်မူလာတဲ့ စေတီတော်ဟာ ကုန်းကြီးရွာမှာ ခိုင်ခိုင်တည်တည် တည်ရှိနေခဲ့ပြီဖြစ်ပါတယ်။
ဒီနှစ်နှစ်တာ အတောအတွင်းမှာ သူ့ကိုယ်သူ နတ်သားရယ်လို့ ကြွေးကြော်ခဲ့တဲ့ သူတော်ဆိုတဲ့ သူရူးကိုတော့ တစ်ကြိမ်တစ်ခါမှ ပြန်လည် တွေ့ရှိခြင်း မရှိတော့ပါဘူး။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)