• July 4, 2025
  • admin
  • 0

မင်းရဲကျော်
သားကောင်ငယ်ခိုး လူမုဆိုး

အင်ဘာပါဟုခေါ်သော မွန်ဘာပါရွာကြီးသည်ကား တရုတ်ပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသလို ကချင်ရိုးမတောင်တန်းကြီးပေါ်မှာပင် အံ့ဩဖွယ်ကောင်းသော ကျေးရွာကြီးတစ်ရွာ။

ထိုရွာကြီးသည်ကား နက်နက်ရှိုင်းရှိုင်း မြင့်မြင့်မားမား တောင်တန်းကြီးပေါ်မှာတည်ရှိပြီး သစ်ကြီးဝါးကြီးတွေ ပေါက်ရောက်ထူထပ်သော ကျေးရွာကြီးလည်း ဖြစ်ပါသည်။

သို့သော် ထိုရွာကြီးသည် တောင်တန်းကြီး ဝိုင်းပတ်နေပြီး ဒယ်အိုးပမာ ချိုင့်ခွက်နိမ့်နေသည့် တောင်တန်းတွေစပ်ကြားရွာဟုဆိုပါကလည်း မမှားပါ။ ကချင်တိုင်းရင်းသားတွေသည် တောင်စောင်း တောင်ထိပ်ပေါ်တွင် ရွာတည်နေထိုင်ကြသည့် ရိုးသားသော တောင်ယာသမားများဆိုပါကလည်း ပိုမိုမှန်ကန်ပါသည်။

ထိုကျေးရွာကြီးသို့ ဗန်းမော်၊ ဟံစီ၊ ကိုက်ထိပ်လမ်းအတိုင်း ဟံဝိန်း၊ နမ်းခမ်းဘက်သို့ ဆက်မသွားဘဲ ကိုက်ထိပ်မှတဆင့် အရှေ့မြောက်ဘက် တောနက်ကြီးထဲသွားရသော ခြောက်ပေလူသွားလမ်းသာ ရှိပြီး တောင်တန်းကြီးတွေပေါ် တစ်မျှော်တစ်ခေါ် တက်ရပြီး အင်ဘာကုန်းရှိသည့် ရွာကြီးရောက်ပြီးလျှင်တော့ ထို အင်ဘာပါခေါ် မွန်ဘာပါရွာကြီးအား တောင်ထိပ် အင်ဘာကုန်းရွာမှ လှမ်းကြည့်လျှင် မြင်နေရပါ၏။

နယ်စွန်နယ်ဖျား တပ်စခန်းသို့ ကျွန်တော်တို့ ၁၉၆၃ခုနှစ်တွင် တာဝန်အရ တပ်စခန်းချခဲ့ဘူးပါသည်။ အေးလည်း အေး၏။ ဝေးလည်း ဝေး၏။ ဆွေးလည်း ဆွေးစရာ။ အတွေးထဲမှာ အလွန်ဝေးကွာလွန်း၍ လွမ်းစရာတွေကား စာသ၍ ကုန်နိုင်မယ်မထင်တော့ပါ။

“ဆရာကျော်မင်း”

“ဟုတ်ကဲ့ … ဆရာပဲ”

(ဆရာပဲဆိုသည်မှာ ချင်းတိုင်းရင်းသား လူပျိုကြီး ဆရာလောင်ပဲ ဖြစ်ပါသည်။)

“မနက်ဖြန် ဈေးနေ့”

“ဟုတ်လား”

“အေး မနက်ဖြန် ဈေးထဲမှာ ဟင်းရာသွားဝယ်မယ်”

“ဟုတ်ကဲ့ပါ ဆရာပဲ၊ ကျွန်တော်တို့ ဘာတာဝန်ယူရမလဲ”

“မင်းတို့တပ်စိပ်က ဈေးဝယ်၊ ငါတို့က လုံခြုံရေးယူပေးမယ်။ နယ်မြေက မဆိုးပါဘူး”

“ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ စောစောထမယ် ဆရာပဲ”

“အေး ကောင်းပြီ၊ ခွဲတပ်ကြပ်ကြီးက ငါ့ကို တာဝန်ပေးထားလို့ မင်းလာပြောတာ။ ဝယ်ဖို့တော့ ဆရာညွန့်ဝေထံမှာ ငွေထုတ်ပြီး မှာတာဝယ်ပေါ့”

“ဟုတ်ကဲ့. . . ဟုတ်ကဲ့”

ကျွန်တော်လည်း တင်မြတ်နှင့် မိုးကျော်အောင်အားခေါ်၍ ဆရာညွန့်ဝေထံ သွားပြီး ဝယ်ရမယ့် ပစ္စည်းဟင်းလျာမေး၏။ ငွေထုတ်ရသည်။

ဈေးဝယ်ရသည်မှာ ငါးရက်ဈေးသာဖြစ်၍ ငါးရက်စာ ဝယ်ရပါသည်။ အဓိက အမဲသား၊ ဆတ်သား၊ ကြက်သားနှင့် တောကောင်သားတွေ။ ဒရယ်၊ ဆတ်၊ တောဝက်အပြင် အသီးအနှံမှာ အများအားဖြင့် ဖရုံသီး၊ ပိန်းဥတွေသာ ပေါသဖြင့် ထိုအသီးအနှံတွေအား တစ်ပတ်ခံရန် ဆိုပါက ထိုအသီးတွေ ဥတွေသာခံသည့်အတွက် ပလိုင်းနှင့် နင့်နေအောင် ဝယ်ထားရခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့ မွန်ဘာပါဈေးအား မရောက်ဖူးသေးပါ။ ပထမတပ်ခွဲထံမှ မေးမြန်းထား၍ အသီးအနှံ၊ သားငါးအကြောင်း သိထားရပါသည်။

ကျွန်တော်တို့ တောင်ပေါ်စခန်းတွေ နေဖူးသည့်အတွက်ကြောင့်လည်း သိပ်တော့ မခက်ခဲပါ။ မရောက်ဖူးသေး၍သာ အနေအထား သိပ်မသိသော်လည်း တောင်ပေါ် ငါးရက်ဈေးအကြောင်းကား ကောင်းကောင်းသိပြီးသားပင် ဖြစ်ပါသည်။

နောက်နေ့မနက်စောစော ငါးနာရီခန့် ထပြီး နှင်းများ အလိပ်လိုက် အဝဲလိုက် ကျနေသည့်အတွက် မီးဖိုထဲပြေးကာ မီးလှုံရသေးသည်။ ကျွန်တော်တို့ မီးဖိုကြီးမှာ နေ့ညဉ့်မပြတ် မီးဖိုထား၏။ ညဉ့်ကင်းသမားတွေလည်း တစ်လှည့်စီ မီးလှုံကြရသည်။ ကင်းတဲ သုံးလုံးရှိသည့်အနက် ကင်းတဲတစ်လုံးတွင် ငါးယောက်ထားပြီး နှစ်ယောက်မီးလှုံ နှစ်ယောက်စောင့် တစ်ယောက် အိပ်နိုင်၏။ တစ်ချို့ဆိုပါလျှင် ချမ်းလွန်း၍ လုံးဝ မအိပ်နိုင်ပါ။

ကျွန်တော်တို့ မီးလှုံပြီးနောက် လုံခြုံရေးတပ်စိပ်နှစ်စိပ် ထွက်ခွာသွား၍ နာရီဝက်ကျော်ကျော်အကြာတွင် ကျွန်တော်ဦးစီးသော တပ်စိပ်တစ်စိပ်မှာ ပလိုင်းတွေလည်း လွယ်ပြီး သေနတ်ကိုယ်စီဖြင့် ဈေးဝယ် ထွက်ခဲ့ရပါသည်။

နေ့ဘက်ဆို ထိုဈေးအား ကောင်းကောင်းမြင်နေရသည်။ အကွာအဝေးမှာ ပေနှစ်ထောင်ခန့်သာရှိပြီး ဈေးသည် ကျွန်တော်တို့ စခန်းကုန်း၏ အောက်အနိမ့်ပိုင်း ကျေးရွာ၏ ဘေးကွင်းပြင်ဖြစ်ပြီး နမ့်စလီချောင်းလေးဘေးတွင် တည်ရှိပါသည်။

ယခုလို နံနက်စောစော ဆိုပါက လုံးဝမမြင်ရပါ။ မီးတုတ်တွေနှင့် မီးဖိုတွေဖြင့် ဈေးဆိုင်တွေနှင့် ကျွန်တော်တို့အကြား ပိတ်ဆီးကာရံထားသော ဆီးနှင်းကန့်လန့်ကာကြီးကြောင့် မီးရောင်တွေပင် မမြင်ရ။ ဈေးသည် ခြောက်နာရီကျော်ကျော်မှ စတင်ဈေးစည်ပြီး ရှစ်နာရီလောက်ဆို ဈေးကွဲသွားပါပြီ။ သို့အတွက် ဈေးဝယ်စောစော ထွက်ရခြင်းပင် ဖြစ်ပါသည်။

ကျွန်တော်တို့ ဈေးထဲရောက်တော့ အမဲသား၊ ကြက်သားနှင့် တောဝက်သားတွေပါ ဝယ်ယူပြီးနောက် ပိန်းဥနှင့် ဖရုံသီးအား ငါးရက်စာ ဝယ်ရပါပြီ။ ထိုဖရုံသီးနှင့် ပိန်းဥအား ကချင်ပလိုင်းနှင့် သယ်ယူရသည်မှာ မသက်သာလှ။ တပ်ခွဲတစ်ခွဲလုံးအတွက် ဝယ်ရသဖြင့် တပ်စိပ်၏ ဆယ်ယောက်အင်အား အကုန် ထမ်းရပိုးရ မသက်သာကြပါ။ အလှည့်ကျ ဈေးဝယ်ရန်သာ မငြင်းသာ တာဝန်တစ်တပ်ထမ်းဆောင်ရပါ၏။

“ဆရာကျော် ဒီမှာ ဘာကောင်လေးလဲ”

“အေးဟ … ဟား … ကျားသစ်ပေါက်စလေးဟ”

“အဝှား (အဖေ) ရောင်းတာလား”

“ဆရာကျော် ဗမာလို မတတ်ဘူး”

ကျွန်တော်မှ ကချင်လိုမေးတော့ ရောင်းရန်ဖြစ်ကြောင်းအား တပြုံးပြုံးနှင့် ပြောပါသည်။ ထိုကျားသစ်ရောင်းသူမှာ အသက်ငါးဆယ်ကျော်ခန့် ကချင်တိုင်းရင်းသားကြီး ဖြစ်ပါသည်။

“အဝှား (အဖေ) ဘယ်လောက်နဲ့ ရောင်းမှာလဲ”

“တစ်ကောင် သုံးဆယ်”

“ဆရာကျော် သုံးဆယ်တဲ့။ ဈေးက မသေးဘူးနော်”

ထိုကျားသစ်ပေါက်ကလေးအား ဝါးဖြင့် ယက်ထားသော ချင်းထဲမှာထည့်ပြီး ရောင်းနေခြင်းဖြစ်ပါသည်။ ထိုကာလဝယ် ဝက်သားတပိဿာမှ တစ်ကျပ်၊ အမဲသားလည်း တစ်ကျပ်၊ ကြက်လည်း တစ်ကောင်တစ်ကျပ်။ ချိန်မရောင်း၊ ကြိုက်သည့်အကောင် ယူ၍ရသည်။

ကျွန်တော်တို့ပင်လျှင် တစ်လမှ ရှစ်ဆယ့်တစ်ကျပ်ရပြီး ရဲဘော်သစ်လစာ ခြောက်ဆယ့်နှစ်ကျပ် ရသောအချိန်။ ရွှေတစ်ကျပ်သားလျှင် နှစ်ရာ့ငါးဆယ်ထက် မကျော်သောကာလဖြစ်၍ မိုးကျော်အောင်မှ ဈေးမသေးကြောင်း ပြောလာပါသည်။

ကျွန်တော်သည် မုဆိုးဝါသနာအိုးဖြစ်ပြီး သားကောင်လေးတွေ ချစ်တတ်၍ ဝယ်ယူရန် အစိပ်နှင့်ဆစ်တော့ တစ်ခွန်းပဲပြောရသည်။ အစိပ်နှင့် ပေးလိုက်ပါ၏။

ဈေးအပြန် ကျားသစ်ပေါက်ကလေးအား ကျွန်တော် တကြည့်ကြည့်နှင့်။ ချစ်စရာလေး။

ကျားသစ်များ၏ ကိုယ်ပေါ်တွင် အမည်းစက်များ အဝါညစ်ရောင်ပေါ်တွင် လှလှပပရှိ၏။ အကောင်ငယ်သေး၍ အဝါရောင် ပိုတောက်နေသည်လား မပြောတတ်ပါ။ ထိုအမည်းစက် သုံးလေးခု စုနေ သည့် နေရာအား “နှင်းဆီကွက်” ဟု ခေါ်ကြသည်။ ထို နှင်းဆီကွက်အတွင်းမှ အဝါရောင်သည် ပိုမိုတောက်ပနေသည်ကို ကျွန်တော် သတိထားမိ၏။

(ထိုကျားသစ်အား ကျွန်တော် ဝယ်ယူမွေးထားမှုနှင့် ပတ်သက်၍ ကျွန်တော်၏ မုဆိုးနှင့်ကျားနာမာယာအမည်ဖြင့် ဇေယျာမြေစာပေတိုက်မှ ထုတ်သည့်စာအုပ်တွင် ဖော်ပြပါရှိပြီး)

ကျွန်တော် ကျားသစ်ကလေးမွေးထားပြီး နောက်တစ်ပတ် ငါးရက်ဈေးဝယ် ကျွန်တော့်သူငယ်ချင်း ဒုတပ်ကြပ်ဘိုးခွေးသည် ဤမွန်ဘာပါဈေးမှ ဝက်ဝံနက်ကလေးတစ်ကောင်အား ကျွန်တော်ကဲ့သို့ အစိပ်ပေး ဝယ်ယူခဲ့ပြန်ပါပြီ။

ဘိုးခွေးသည် ဝက်ဝံပေါက်ကလေးအား အလွန်ချစ်၏။ဘိုးခွေးမှာ ရွှေဘိုနယ်သား နက်ကျောကျော။ သူမွေးထားသော ဝက်ဝံကလေးမှာလည်း မည်းမည်းနက်နက်။ ရောင်းသူဝယ်သူအသံတူ ဆိုသကဲ့သို ဖြစ်နေ၏။

သို့အတွက် ဆရာကြီးလှဝေမှ ဘိုးခွေးအား အမြဲနောက်၏။

“ဟေ့ကောင် ဘိုးခွေး”

“ဟုတ်ကဲ့ ဆရာကြီး”

“မင်းတို့နှစ်ကောင် တစ်ပုံစံထဲကွ”

“ဗျာ. . .”

“မဗျာနဲ့၊ မင်းကလည်း နက်ကျောကျော၊ ဝက်ဝံကလေးကလည်း မည်းမည်းနက်နက်၊ အေး ဝက်ဝံကလေးက မင်းထက်တော့ သာသေးတယ်ကွ”

“ဘာတွေသာတာလည်း ဆရာကြီးရဲ့”

“ဟ ကြည့်လေ၊ ဝက်ဝံကလေးရဲ့ ရင်ဘတ်မှာ အဖြူကွက်ကလေး ရှိသေးတယ်။ မင်းမှာ ဘာအဖြူကွက်မှ မရှိဘူး။ ဟား … ဟား … ဟား … ဟား”

မှန်ပါသည်။ ဝက်ဝံကလေး၏ ရင်ဘတ်ဝယ် အဖြူရောင်လခြမ်းသဏ္ဌာန် မြင်းခွာပုံကလေးမှာ ငယ်သေး၍ ဖြူဝါဝါကလေးတစ်ကွက်သာ ပါဝင်သဖြင့် ဆရာကြီးလှဝေပြောလည်း ပြောချင်စရာပင်။

ဘိုးခွေးသည် သူ့ဝက်ဝံလေးနှင့် ပတ်သက်၍ ဘယ်လိုပြောပြော စိတ်မဆိုးပါ။ ကျွန်တော်တို့နှစ်ယောက်မှာ ညနေစောင်းတွင် သူက ဝက်ဝံလေးလည်ပင်းတွင် ကြိုးနှင့်ချည်ကာ ဆွဲ၏။ ကျွန်တော်ကလည်း ကျွန်တော့ ရွှေဝါလေးအား လည်ပင်းနှင့် ရှေ့လက်နှစ်ဖက်သို့ချည်ပြီး ကြိုးနှင့်ဆွဲကာ လမ်းလျှောက်ကြ ပြေးကြနှင့် တော်တော်ပျော်စရာကောင်းပါသည်။

မွန်ဘာပါရွာမှ ရွာလူကြီးနှစ်ယောက်သည် တပ်ခွဲမှူးနှင့် လာတွေ့စဉ် ကျွန်တော်တို့နှစ်ယောက် ဝက်ဝံနှင့် ကျားသစ်ကလေးတို့ဖြင့် စခန်းဘေးတွင် စိုက်ပျိုးထားသော ငှက်ပျောတောဘေး ကွင်းပြင်ဝယ် ပြေးလွှားဆော့ကစားနေသည်ကို တွေ့ရှိပြီးနောက် ကျွန်တော်တို့အား ပြောပြပါသည်။

“ဆရာတို့ ဒီကောင်လေးတွေ တော်တော်ချစ်ကြတာပေါ့နော်”

“ဟုတ်ကဲ့ ဒူဝါ။ အကောင်လေးတွေကလည်း လိမ္မာတယ်၊ လှလည်းလှတော့ ချစ်စရာပဲဗျ”

“အင်း ဒီအကောင်လေးတွေရောင်းတဲ့ မုဆိုးလဘန်ဟာ ရှာရှာဖွေဖွေ ရအောင်ရှာတတ်တယ်”

“ဆရာတို့ မသိတာရှိပါတယ်။ အဲဒီ မုဆိုးလဘန်ဆိုတာ လွယ်ဂျယ်ရွာအောက်ဘက်က ဖရာရွာကလေ။ သူရဲ့အလုပ်ကလည်း တော်တော်လေး အန္တရာယ် များမှများပဲဗျ။ ဒီလို သားပေါက်ကလေးတွေ ရအောင် သူဟာ အချိန်ယူရတာတဲ့”

“အင်း သိရသလောက်တော့ စွန့်စားမှုဆိုပါတော့”

“ဟုတ်ကဲ့ ဒူဝါတို့ သိရင် ပြောပြပါလား။ ကျွန်တော်တို့ သိရတာပေါ့။ နောက်ပြီး ကျွန်တော်ကလည်း မုဆိုးဝါသနာပါတယ် ဆိုတော့ မုဆိုးအကြောင်းတို့ သားကောင်အကြောင်းတို့ဆိုရင် နားထောင်ချင်ပါတယ်”

“ဆရာတို့ အချိန်ရလား”

“ရပါတယ် ဒူဝါ၊ တင်မြတ်ရေ အာမီတစ်လုံး ယူခဲ့ကွာ။ စားစရာပါ ယူခဲ့။ ဒူဝါတို့ကို ဧည့်ခံရတာပေါ့”

ကျွန်တော်တို့သုံးယောက်အပြင် ဘိုးခွေးနှင့် ဒူဝါတို့နှစ်ယောက်၊ စုစုပေါင်း လူခြောက်ယောက်သည် မြက်ခင်းပြင်ပေါ်တွင် အတူထိုင်ကာ အာမီရမ်ဖြင့်အတူ အမဲဘူးဖောက်၍ ဟမ်းကောအံထဲမှာထည့်ကာ ဧည့်ခံရင်း စကားပြောကြပါသည်။

ဖရာရွာသား မုဆိုးဦးလဘန်၏ မုဆိုးဇာတ်လမ်းနှင့် သားကောင်ငယ်လေးတွေရအောင် ခိုးယူရသည့် အဖြစ်အပျက်တွေအား ပြောပြပါတော့သည်။

မုဆိုးလဘန်မှာ ဖရာရွာသားဖြစ်၏။ သူသည် တောတောင်တွေတိုးရင်း သားကောင်ပစ်ခတ်သူ။ သားကောင်ပစ်ရာတွင် တောဝက်လည်း မပစ်။ ဆတ်လည်း မပစ်။ ချေနှင့် ဒရယ်မှလွဲ၍ တခြား ဘာကောင်မှမပစ်ပါ။ ချေနှင့် ဒရယ်သားကို ဈေးတွေလှည့်ပတ်ရောင်းသူ မုဆိုးတစ်ဦး။

မုဆိုးလဘန်သည်လည်း အကောင်ပေါက်ကလေးတွေမှန်သမျှ တော်တော်ချစ်တတ်၏။ ထိုသို့ ချစ်တတ်၍ အကောင်ပေါက်ကလေးတွေ ရအောင်ရှာဖွေဖမ်းဆီးစဉ် ဝယ်သူတွေမှ ဈေးကောင်းကောင်းပေးသဖြင့် ရောင်းချလိုက်သည်။

ချေတစ်ကောင်ရောင်းရမှ တစ်ဆယ်ကျော်ကျော်။ တစ်ပိဿာမှ တစ်ကျပ်။ ချေတစ်ကောင်၏ အလေးချိန်မှာ အထီးအကောင်ကြီးသည် အချိန်တစ်ဆယ်။ ချေကြီးတော့ တစ်ဆယ်၊ ဒရယ်ကြီးတော့ အစိပ်ဆိုသည့်အတိုင်း ဒရယ်တစ်ကောင်ဆိုလည်း နှစ်ဆယ်လောက်ပဲရသဖြင့် သားကောင်ကလေးတွေ ရောင်းပါက ဈေးကောင်းကောင်းရ၍ မုဆိုးလဘန် တွက်ကိန်းတစ်မျိုးချကာ အကောင်ပေါက်ကလေးတွေ ရှာပုံဖွင့် ဖမ်းဆီးလေပြီ။

ကျားနှင့် ကျားသစ်များသည် အချိန်မရွေး မိတ်လိုက်တတ်၏။ ကျားသည် များသောအားဖြင့် ဆောင်းရာသီတွင် မိတ်လိုက်တတ်၍ နွေကာလတို့တွင် အပေါက်များ၏။

သုံးလကျော်ဇီးလွယ်သည်ကိုလည်း မုဆိုးလဘန်သိ၏။

ကျားသစ်သည် အချိန်မရွေး မိတ်လိုက်ပြီး အချိန်မရွေး ပေါက်တတ်သည်။ ကျားပေါက်လျှင် နှစ်ကောင်မှ လေးကောင်အထိ ပေါက်ပြီး ကျားသစ်မှာ တစ်ကောင်မှ နှစ်ကောင်ခန့်သာ ပေါက်တတ်ကြောင်း လေ့လာထား၏။

ဝက်ဝံသည်လည်း ကျား၊ ကျားသစ်ကဲ့သို့ အချိန်မရွေး မိတ်လိုက်ပေါက်ဖွားတတ်၏။ တစ်ခါပေါက်လျှင် နှစ်ကောင် အမြဲလိုလိုပေါက်၏။ ထိုသားပေါက်တတ်သည့် အကောင်အရေအတွက်တို့အား လေ့လာမှတ်သားထားသည်။

မုဆိုးလဘန်မှာ တစ်ယောက်ထဲ တောလည်လေ့ရှိ၏။ တူမီးသေနတ်တစ်လက် ဓားတစ်ချောင်း စားစရာအမဲခြောက် သို့မဟုတ် ချေသား ဒရယ်သားခြောက်နှင့် ခေါပုတ်ကို အမြဲဆောင်၏။ လက်နှိပ်မီး တစ်လက်လည်းပါပြီး တစ်ခြား ဘာပစ္စည်းမှ မသယ်သွား။

မီးခြစ်မှာတော့ ဓာတ်ဆီမီးခြစ်အပြင် သစ်သားမီးခြစ်လည်း သုံးလေးလုံး သယ်ယူပြီး သူ၏ လွယ် အိတ်ကြီးမှာ ဖောင်းကားနေသည်သာ။

မုဆိုးလဘန်သည် တောတိုးရင်း ကျောက်ဂူတစ်ခုအား တွေ့ပါပြီ။ ထိုကျောက်ဂူမှာ အနံ့ဆိုးလှသဖြင့် ကျားတွေနေထိုင်သော ကျောက်ဂူဖြစ်ကြောင်း မုဆိုးပီပီ သိလိုက်သည်တွင် ပတ်ဝန်းကျင်အား တစ်နာရီနီးပါး စောင့်ကြည့်ခိုကပ်နေ၏။

“အင်း …. ကျားရှိတာတော့ သေချာပြီ။ အနံ့က ကျားတွေရဲ့ သေးနံ့ ချေးနံ့ပဲ။ အထဲမှာ ရှိ မရှိ စောင့်ကြည့်ရမယ်”

“ဟော ကျားကြီးထွက်လာပြီ”

မှန်ပါသည် ကျားကြီးသည် ကျောက်ဂူဝမှ ထွက်ပြီး ပတ်ဝန်းကျင်အား ရှာဖွေနေ၏။ တောနက်ကြီးလည်းဖြစ် ကျောက်ဂူကြီးထဲတွင် သူနေထိုင်မှုမှာ လုံခြုံနေပါသည်။ ရွာတွေနှင့် တော်တော့ကို ဝေး၍ စိတ်ချလက်ချ နေထိုင်ပုံရ၏။

“အင်း ဒီကောင်ကြီး ဘာလုပ်နေတာလဲ။ ဂူထဲ ပြန်ကြည့်နေပါကလား။ နောက်ထပ် ကျားရှိသေးပုံရတယ်”

“ဟာ ကျားမကြီးပဲဟ၊ ပွတာပဲ”

“ကျားဆိုတာ တစ်ကောင်ထဲနေတာဆိုတော့ ငါလိုချင်တာတွေ့ရပြီ။ အထဲမှာ ကျားပေါက်ကလေးတွေ ရှိပုံရတယ်။ ဟန်ကျတာပဲ”

ထိုကျားမကြီးသည် ဂူထဲသို့ သေသေချာချာကြည့်ရင်း လေတင်တောင်စောင်းအောက် လျှိုထဲသို့ ဆင်းသွားလေပြီး မုဆိုးကြီး သေသေချာချာကြည့်၏။ ကျားကြီးသည် နောက်ပိုင်းသို့ တစ်ချက် ပြန်ကြည့် ရာမှ အောက်ဘက်သို့ အပြေးကလေး ဆင်းသွားလေသည်နှင့် မုဆိုးလဘန်သည်လည်း-

“အမြန် ဂူဘက်သွားကြည့်မှပဲ”

“ကျားမကြီး အစာရှာတာပဲ ဖြစ်မယ်”

ဟု တွေးရင်း ကျောက်ဂူအပေါက်ဝဘက်သို့ ပြေးကပ်လိုက်၏။ အနံ့ခံကြည့်၏။ အနံ့မှာ ညှီဟောက်နေသည့်အပြင် အထဲမှာလည်း မှောင်နေသေးသဖြင့် မသိမသာ လက်နှိပ်မီး ထိုးကြည့်လိုက်၏။

ဘာကောင်မျှ မတွေ့။ သေသေချာချာ ထိုးကြည့်သောအခါ ကျားအကောင်ပေါက်ကလေးတွေမှာ ခွေးပေါက်ကလေးတွေအသွင် စုပြုံအိပ်နေပါသည်။

“ပွတာပဲ”

“ကျားမကြီး မရောက်နိုင်သေးပါဘူး”

ဟုတွေးကာ ဂူထဲသို လက်နှိပ်မီးထိုးကာ ဝင်လိုက်ပြီးသည်နှင့် ကျားပေါက်ကလေး လေးကောင်ကို တွေ့ရပါပြီ။ လေးကောင်အနက် နှစ်ကောင်အား ကောက်ယူပါသော်လည်း ကျားပေါက်ကလေးတွေသည် နို့ဝ၍ အိပ်မောကျနေသဖြင့် လူကောက်ယူသည်ကိုပင်မသိ။

မုဆိုးလဘန်လည်း နှစ်ကောင်အား ပွေ့ပြီး အပေါက်ဝသို့ သေနတ်ကြီးချိန်ကာ ထွက်၍ အပေါက်ဝတွင် ဘာကောင်မျှ မတွေ့သည့်အတွက် သူ၏ လာလမ်းအတိုင်း ကျားပေါက်ကလေးနှစ်ကောင်အား ပွေ့ကာ ထွက်ပြေးခဲ့ပါသည်။

တောထဲတွင် တစ်မိုင်ကျော် ကျော်မျှ တောင်စောင်းအတိုင်းပြေးရင်း မောလည်းမောလာသလို ကျားလေးနှစ်ကောင်သည်လည်း သူ၏လက်အား ကုတ်၏။ အင်္ကျီကိုလည်းကုတ်။ သွားလေးတွေနှင့် ကိုက်ရာ သွေးပင်စို့လာသဖြင့် ခေတ္တနားရင်း ကျားလေးနှစ်ကောင်ကို လွယ်အိတ်ထဲထည့်ကာ ဝါးခုတ်၍ ချက်ချင်း နှီးဖျာလျှက် ပလိုင်းအကွက် ယက်လိုက်၏။ ထိုပလိုင်းလေးထဲ ကျားလေးနှစ်ကောင်ထည့်ရင်း ရွာသို့ပြေးခဲ့သည်။

ရွာရောက်ပြီး နေ့လယ်ပိုင်းတွင် လွယ်ဂျယ်အောက်ဘက်မှနေ၍ တရုတ်ပြည်ဘက် ကျေးရွာကြီးသို့ သွားရောင်းရာ တစ်ကောင် တစ်ရာအထိ ပေးသဖြင့် အားရဝမ်းသာ ပြန်ခဲ့ပြီးနောက်-

“အင်း ချေပစ်ရတာထက် သားကောင်ငယ်ကလေးတွေကို မိခင်တွေမသိအောင် ခိုးယူရတာ အကောင်းဆုံးပဲ”

“ဟား ဟား ဟား ဟား နောက်ဆို သားပေါက်ရှာရတာ အလုပ်ဖြစ်တယ်။ သားပေါက်ပဲ ရှာမယ်”

မုဆိုးလဘန်သည် ထိုကျားလေးနှစ်ကောင် ရပြီးနောက်ဝယ် တောနက်တွေထဲတွင် တောကောင်ဖြစ်သော ချေနှင့် ဒရယ်လည်း ပစ်ပါ၏။

သားကောင်ငယ်လေးတွေ ရအောင်ရှာဖမ်း ရောင်းစား လုပ်ရာတွင် ဖရာရွာလူကြီး ဒူဝါဦးဘောက်နော်မှ ခေါ်၍ လူကြီးအိမ် ရောက်သောအခါ –

“မုဆိုးလဘန်”

“ဟုတ်ကဲ့”

“မင်း သားပေါက်ကလေးတွေ ရှာဖွေဖမ်းဆီးပြီးတော့ ဟိုဘက်မှာ သွားရောင်းတယ်ဆို”

“ဟုတ်ပါတယ်”

“အေး ဟိုဘက်သွားရောင်းတာ မကောင်းဘူး၊ ဈေးကောင်းကောင်းရပေမယ့် တစ်နေ့နေ့ အဖမ်းခံရလိမ့်မယ်”

“ဘာဖြစ်လို့လဲ ဒူဝါ”

“ဟ တိရစ္ဆာန်ဥပဒေရှိတယ်။ တစ်နယ်က တစ်နယ်တောင် သယ်ယူခွင့်မရှိတဲ့ဟာ။ မင်းက ဟိုဘက်နိုင်ငံထဲ သွားရောင်းတော့ မင်းဟာ စည်းကမ်းဖောက်တာပေါ့။ အဖမ်းခံရမှာ သေချာတယ်။ နောက် ဒါမျိုးမလုပ်နဲ့”

“ဒူဝါ ကျွန်တော် နောက် သားကောင်လေးတွေရရင် ငါးရက်ဈေးတွေမှာပဲ သွားရောင်းပါတော့မယ်”

“အေး ကိုယ့်ပြည်တွင်းက ရွာတွေမှာပဲ ရောင်းပေါ့ကွာ”

“ဟုတ်ကဲ့ပါ”

“နေပါဦးကွ။ မင်း သားကောင်လေးတွေ ရှာဖွေရတာ မခက်ဘူးလား။ အန္တရာယ်လည်း ကြီးမှာပဲကွ”

“ခက်လည်း ခက်ပါတယ်၊ အန္တရာယ်လည်း ကြီးတာပေါ့ ဒူဝါ။ ကျွန်တော် တစ်ခါက ကျားသစ်ကလေးတစ်ကောင် ဖမ်းပြီးအထွက်မှာပေါ့ ဒူဝါရယ်”

မုဆိုးလဘန်သည် ကျားသစ်ပေါက်ကလေးနှစ်ကောင်အား တွေ့ထား၏။ သို့သော် ကျားသစ်မကြီးသည် သူ့ကလေးတွေနားမှ လုံးဝမခွာ။ တစ်ညလုံး ရှိနေ၏။

နောက်နေ့မနက်အထိ ဘယ်မှမထွက်သည့်အတွက် မုဆိုးလဘန်မှာ ချုံထဲတွင် ခိုကပ်နေသည့် ဒုက္ခမသေးပါ။ တောင်ဖြုတ်တွေ ကိုက်၏။ ရိုက်ပါက အသံမည်နိုင်သဖြင့် လက်နှင့် ပွတ်ချရသည်မှာ အခါခါ။ တစ်ညလုံးလည်း မအိပ်ရ။

သူသိထားသည်မှာ ညဉ့်ဦးပိုင်း အစာရှာတတ်သော ကျား၊ ကျားသစ်ဆိုသော သားကောင်ကြီးတွေမှာ ခုတော့ ကလေးနားက မခွာ။

ကျားသစ်ကလေးနှစ်ကောင်သည်လည်း မိခင်ကျားသစ်မကြီးထံမှ နို့စို့လိုက်၊ တစ်ကောင်နှင့်တစ်ကောင် သတ်ပုတ်ဆော့ကစားလိုက်။ ထုံးစံအတိုင်း ခုန်ပေါက်ထွက်ပြေးလိုက်နှင့် ကြောင်ငယ်လေးနှစ်ကောင် ပုံစံပင်။ ကြည့်ကောင်းကောင်းနှင့် ကျားသစ်မကြီး မခွာရက် ဖြစ်နေပုံရသည်။

မနက်မိုးလင်းပြီး နှင်းကွဲစမှာတော့ ကျားသစ်မကြီးသည် သူ၏ ကလေးနှစ်ယောက်အား နို့ဝအောင်တိုက်ပြီးနောက် သားငယ်နှစ်ကောင် အိပ်နေခိုက် ဂူဝသို့ ထွက်ပြီးနောက် တစ်ခါတည်း လျှင်လျှင်မြန်မြန် ခုန်ကာ ကျောက်တောင်၏ဘေးရှိ လျှိုဘက်သို့ စက္ကန့်ပိုင်အတွင်း ပြေးဝင်သွားလေပြီ။

“ဟင်း … တစ်ညလုံး ဒုက္ခခံရတာ ခုမှပဲ လုပ်ငန်းစရတော့မယ်။ အမြန်ဝင်မှ”

မုဆိုးလဘန် ကျောက်ဂူထဲရောက်တော့ ကျားသစ်ကလေးနှစ်ကောင် အိပ်နေသဖြင့် တစ်ကောင်အား အသာလေး ကောက်ယူပြီးနောက် သူအသင့်ရက်လုပ်ထားသော နှီးပလိုင်းထဲထည့်ကာ ထွက်ပြေးခဲ့ပါသည်။

သို့သော် ကုသိုလ်ကံ ဆိုးလေပြီ။ သူထွက်ပြေးပြီး တောင်စောင်းအရောက် ကျားသစ်မကြီးနှင့် တွေ့လေပြီ။

ကျားသစ်မကြီးသည် သူ၏ သားငယ်တွေရှိသော ကျောက်ဂူဘက်မှ ပြေးဆင်းလာသော မုဆိုးလဘန် အား စိုက်ကြည့်၏။ သို့သော် ဘာမျှမတွေ့။

တကယ်တော့ ကျားသစ်ပေါက်ကလေးမှာ လွယ်အိတ်ထဲမှာရှိသော ပလိုင်းထဲရောက်နေ၍ မမြင်ရပါ။

“ဟာ ကျားသစ်မကြီးပဲ။ အင်း ငါ့ကို ကြည့်နေတယ်၊ မကိုက်ပါစေနဲ့”

“အို ငါ့လက်ထဲမှာ တူမီးရှိတာပဲ”

ဟု တွေးရင်း ရှောင်ကာပြေးဆင်းစဉ် ကျားသစ်မကြီးသည် သူ့နောက်သို့ မလိုက်ဘဲ သူ၏ကလေးရှိရာ ကျောက်ဂူဘက်သို့ ပြေးလွှားခုန်ပေါက်သွားနေပါပြီ။

မုဆိုးလဘန်သည် ကျောက်ဂူဘက် ပြေးသွားသော ကျားသစ်မ ပြန်ရောက်လာနိုင်သည့်အတွက် သူ၏လွယ်အိတ်ထဲတွင် ပါလာသော အင်္ကျီအစုတ်အား တစ်ဝက်ခန့်ဆွဲဖြဲကာ ချုံတွင် အသာတင်ရင်း အမဲခြောက်ဖုတ်တစ်တိုကိုလည်း အင်ရွက်ခူး၍ အသာချကာ တောင်စောင်းပေါ်ပြေးတက်ရင်း တောင်စောင်းပေါ်မှ စောင့်ကြည့်နေ၏။

ကျားသစ်မသည် ဆယ်မိနစ်ခန့် မုဆိုးလဘန် အမောပြေခိုက်မှာပင် ပြန်ရောက်လာလေပြီ။ သူ၏ကလေးတစ်ကောင် မတွေ့၍ မုဆိုးလဘန်အား အန္တရာယ်ပြုရန် ပြန်ရောက်လာခြင်းပင် ဖြစ်မည်ကို ဦးနှောက်ကောင်းသောလူ မုဆိုးလဘန်၏ ထောင်ချောက်ထဲ ရောက်လာသော ကျားသစ်မသည် ဒေါသဖြစ်ဖြစ်နှင့် အင်္ကျီစအား ကိုက်ပြီး ခြေထောက်တွင်ရှိသော လက်သည်းများနှင့်ဖိကာ သွားနှင့်ကိုက်ဖဲ ဆုတ်ဖြဲနေ၏။

မုဆိုးလဘန်၏ စိတ်ထဲဝယ်

“အင်း ဒီကျားသစ်မ ငါ့ကိုများတွေ့ရင် ဘယ်လောက်ဒုက္ခပေးမလဲ မသိဘူး”

“တော်တော်ရက်စက်တဲ့ပုံပဲ … ကြည့်ပါဦးတော့”

ဟုတွေးနေမိစဉ် ကျားသစ်မသည် အနံ့ ရသွားလေသည်လားမသိ။ လူမတွေ့၍ ဒေါသအမြတ်မထွက်တော့ဘဲ အင်္ကျီစကိုက်နေရာမှ အနံ့ရသော အမဲခြောက်ရှိရာသို့ မသိမသာ အနံ့ခံရင်း တိုးသွား၏။

အမဲခြောက်မှာ မီးဖုတ်ထားသည့်အပြင် အနည်းငယ်ထုထားခြင်းကြောင့် အနံ့မှာမွှေးနေသဖြင့် အနံ့ခံအလွန်ကောင်းသော ကျားသစ်မအတွက် မစားဘူးသော အသားနံ့ တွေ့ပြီး နမ်း၏။

ထို့နောက် ပတ်ဝန်းကျင်အား သေသေချာချာ လိုက်ကြည့်နေသည်။ ထိုသို့ ကြည့်ရှုပြီးနောက်မှ သူ၏ကလေးအား သတိရသည်လားမသိတော့။ အမဲခြောက်အား ကောက်ယူကိုက်ချီကာ သူ့ကလေး တစ်ကောင်ရှိသည့် ကျောက်ဂူဘက်သို့ ပြန်ပြေးပါတော့သည်။

ကျာသစ်မပြေးသည်နှင့် မုဆိုးလဘန်သည်လည်း တောင်အောက်ဘက် ပြန်ပြေးဆင်းကာ ရွာသို့အရောက် မနားမနေ ပြန်ပြေးခဲ့ရာ ရွာသို့ နံနက်ပိုင်း ပြန်ရောက်ခဲ့သည်။

ထိုသို့ ပြန်ရောက်စဉ်မှာပင် စိန်လုံဘက်မှ လူကြီးအိမ်သို့ အလည်ရောက်လာသော ရှမ်းတရုတ်ကြီးတစ်ဦးမှ တစ်ရာပေးကာ ဝယ်ယူသွားသဖြင့် အမောပြေပြီး ငွေတစ်ရာအား မနက်ပိုင်း နာရီပိုင်းအတွင်း ရရှိခဲ့သည့်အတွက် တစ်ရက်သာနားပြီး နောက်နေ့တွင် သားကောင်ရှာရန် တောထွက်ခဲ့ပြန်သည်။

“မုဆိုးလဘန်”

“ဟုတ်ကဲ့ ဒူဝါ”

“နေပါဦးကွ မင်းပြောတာ ငါစဉ်းစားလို့မရတာ ရှိတယ်“”

ဘာလဲဒူဝါ၊ ဘာကို စဉ်းစားမရတာလဲ”

“ဪ မင်း ပထမကျားပေါက်ကလေးတွေ ဘယ်နှစ်ကောင်ကို စတွေ့တယ်”

“လေးကောင်လေ။ ကျားဆိုတာ နှစ်ကောက်ကနေ လေးကောင်အထိ ပေါက်တတ်ပါတယ်။ ကျားသစ်ကတော့ နှစ်ကောင်ပဲ အပေါက်များတယ်။ ကျားလောက်မပေါက်ဘူး”

“အေးဟုတ်ပြီ၊ လေးကောင်မှာ မင်းက မနိုင်လို့ လေးကောင်စလုံးမယူဘဲ နှစ်ကောင်ပဲ ယူခဲ့တာပေါ့”

“အဟင့်’”

မုဆိုးလဘန် ဘာမျှမပြောသေးပဲ ပြုံး၏။ သူ၏ အစီအစဉ်နှင့် အတွေးအခေါ်တို့အား မုဆိုးလုပ်သူ သူသာသိ၏။ ရွာလူကြီးတွေ ဘယ်လိုလုပ် သိကြမည်နည်း။ ဤသည်မှာ မုဆိုးလဘန်၏ လျှို့ဝှက်ချက်ပင်ဖြစ်သည်မို့ ဘာမျှမပြောသေးပါ။

“နောက်တစ်ခါ ကျားသစ်ပေါက်ကလေး နှစ်ကောင်စလုံး မယူဘဲ တစ်ကောင်ထဲ ယူတယ်ဆိုတာကော ဘာဖြစ်လို့လဲ”

“အင်း ဒါ မုဆိုး ကျွန်တော်ရဲ့ စဉ်းစားမှုပဲ ဒူဝါ’”

“အေး ပြောပြပါဦးကွာ”

မုဆိုးလဘန်သည် ခပ်တွေတွေလေးဖြစ်ကာ ငြိမ်သက်နေ၏။ ပြောသင့် မပြောသင့် စဉ်းစားရင်း ရွာလူကြီးလည်းဖြစ် သူ့အပေါ် လည်း အလွန်ကောင်းသဖြင့် သူ၏လျှို့ဝှက်ချက်အား ပြောပြပါသည်။

“အင်း ကျွန်တော်ရဲ့ လုပ်ရပ်ဟာ ကျွန်တော့်အတွက် မှန်ကန်တယ်ဆိုပြီး လုပ်တာပါ”

“အေး ပြောပါဦး”

“ပထမဆုံး ကျားပေါက်လေးကောင်တွေ့တော့ အကုန်ယူခဲ့ရင် ရတာပေါ့။ ဒါပေမယ့် ကျွန်တော် နှစ်ကောင်ပဲ ယူခဲ့ပါတယ် ဒူဝါ။

နောက် ကျားသစ်ပေါက်ကလေးနှစ်ကောင်ကိုလည်း ယူရင် ရတာပါပဲ။ ကျွန်တော် တစ်ကောင်ခွဲပြီး ယူပါတယ်။ တစ်ကောင်ချန်ခဲ့တာက ဒီလိုပါ”

“ကျွန်တော်က သားပေါက်ကလေးတွေ အကုန်ယူခဲ့ရင် ကျားမကြီးလိုက်ရှာမယ် မဟုတ်လား”

“အေး”

“ဒူဝါကြည့်လေ။ ကျားသစ်မဟာ သူ့သားတစ်ကောင်ပျောက်လို့ ကျွန်တော့်ကို မသင်္ကာဖြစ်ပေမယ့် သူ့သားကိုမတွေ့တော့ အသိုက်မြုံ ကျောက်ဂူကို ပြန်ပြေးကြည့်တယ်။ တစ်ကောင်ပဲ တွေ့တာနဲ့ ကျွန်တော်ကို လိုက်မှာပေမယ့် သူ့ကလေးတစ်ကောင် ကျန်နေတာ သူသိတာပေါ့’”

“သိတာပေါ့ လဘန်ရဲ့”

“ဟုတ်တယ် … ဒီတော့ ကျွန်တော့်ကို အသေအလဲ မရှာတော့ဘူးလေ။ နောက်တစ်ကောင် အပျောက်မခံရအောင် ပြန်ပြီး ကလေးအတွက် စိတ်စောနေတာပေါ့၊ ဒါကြောင့် ကျွန်တော်ဆင်ခဲ့တဲ့ အမဲခြောက်ဖုတ်ကိုတောင် မစားဘဲ သူ့ကလေးအတွက် ချီယူပြီး အမြန်ပြန်ပြေးတာမှ ကြည့်လို့အလွန်ကောင်းပဲ။ သိပ်ကိုမြန်တာပေါ့ ဒူဝါ”

“အင်း ဟုတ်သားပဲနော်၊ မင်းက မုဆိုးဖြစ်ပေမယ့် အကွက်တော့ ဆင်တတ်သားပဲ။ သူမလိုက်နိုင်အောင်ကို ချုပ်ကိုင်ထားတာပေါ့နော်။ မင်း တော်ပါပေတယ်ကွာ”

“ဒူဝါ ကျွန်တော်နောက်တစ်ခု ပြောရဦးမယ်။ ဒါက ကျွန်တော်ဟာ မုဆိုးဆိုပေမယ့် တောတောင်တွေကို မျိုးမတုန်းအောင်ဆိုပြီး အကောင်ပေါက်ကလေးတွေရဲ့ တစ်ဝက်ပဲ သားကောင်ငယ်ကို ခိုးယူတာပါ။ တစ်ဝက်ချန်ထားတော့ မျိုးမတုန်းဘူးပေါ့ ဒူဝါ’”

“အင်း ဒါလည်း ဟုတ်သားပဲနော်၊ ကောင်းတာပေါ့ကွာ”

ရွာလူကြီး ဒူဝါမှာ မုဆိုးလဘန်အား သဘောကျနေသည်။ မုဆိုးတစ်ယောက်ဖြစ်သော်လည်း သားကောင်တွေ မျိုးမတုန်းရန်လည်း ဂရုစိုက်၏။

သားကောင်ငယ်ကလေးတွေကို ခိုးယူရသည်မှာ အလွန်ခက်ခဲပြီး အချိန်ယူရသည်ကို စောင့်နိုင်သောဇွဲရှိသူတစ်ဦး သတ္တိကောင်းသူတစ်ဦးဟု တွေးရင်း သေသေချာချာကြည့်လျှက် ပြုံးနေမိသည်။

မုဆိုးလဘန်မှာ သားကောင်ရတိုင်း သူ၏ဦးလေး ရွာလူကြီးလည်းဖြစ်၍ အသားစားပေးတတ်သဖြင့် မုဆိုးလဘန်အား မုဆိုးတစ်ယောက်ဖြစ်လင့်ကစား ရိုသေထိုက်သူအား ရိုသေလေးစားပြီးနောက် တောပစ်ရာတွင်လည်း တွေ့သမျှ အသားရောင်းရပြီးရောဟူသော စိတ်ဆန္ဒမရှိသဖြင့် စိတ်ထားကောင်းသည့် မုဆိုးတစ်ယောက်ဟု တွေးနေမိပါသည်။

“ကဲ ဆရာတို့ သားကောင်ကလေးတွေရောင်းတဲ့ ဖရာရွာသား မုဆိုးလဘန်ရဲ့ စိတ်ဓာတ်ကို သိကြပြီပေါ့နော်”

“ဟုတ်ပါတယ် ဒူဝါပြောလို့ သိရသလို အဲဒီဖရာရွာသား မုဆိုးကြီးလဘန်ကို ဒီတစ်ခါတွေ့ရင် အာမီရမ်လက်ဆောင်ပေးဦးမှပဲ ဒူဝါ”

“ကျွန်တော်တို့ ကချင်တောင်ပေါ်သားတွေဟာ ရိုးသားကြပြီး လက်ဆောင်ပေးတယ်ဆိုရင် သိပ်ကျေးဇူးတင်တတ်ကြပါတယ်”

“စိတ်ချပါ။ ဈေးနေ့မှာ ဘာကောင်လေးတွေများ ပါလာလေဦးမလဲ မသိဘူး။ ပါလာရင်တော့ ဝယ်ရဦးမယ်”

“အင်း တော်တော်ထူးဆန်းတဲ့ မုဆိုးလဘန်ပဲ ဆရာကျော်။ တောပစ်မုဆိုးထက် စွန့်စားရတဲ့ သားကောင်ငယ်ခိုးယူရတဲ့ မုဆိုးဘဝက ပိုခက်ခဲတာပေါ့နော်’“

“အေးကွ၊ မင်းပြောတဲ့ သားကောင်ငယ်ခိုး လူမုဆိုးအလုပ်က တော်တော့ကို ခက်ခဲတာပဲ မိုးကျော်ရေ”

– ပြီး –

စာရေးသူ – မင်းရဲကျော်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *