ခင်ကြူကြူတင်
သားကျွေးမှု မယားကျွေးမှု
ရွှံ့တပေပေနှင့် နှစ်ယောက်သား စိတ်ဝင်စားစွာ ကြိုးစားနေသည်။ ဘေးဝဲယာ မကြည့်အား။ ရေစုပ်စက်ကို ကုန်းရုန်းနှိုက်နေကြသည်။
ရေကုန်လုသောကြောင့် ရွှံ့နှစ်ရည်ချည်းမို့ စုပ်အားနည်းနေသည်။ နှေးနေသည်။ ချူရေကို ပုံးနှင့်ခပ်ပြီး အေးနွဲ့ လောင်းထည့်ပေးသည်။
စက်သံတဒိုင်းဒိုင်းနှင့် မောင်းကြပြန်သည်။
မနေ့က တစ်နေကုန်၊ ညမှောင်တော့ ဘာမှလုပ်မရတော့။ တစ်ည နားလိုက်ရသည်။
ယနေ့ နံနက်စောစော ရွှံ့ကမ်းပါးယံမှာ နှစ်ယောက်။ ရေကန်ပေါင်ပေါ်မှာ ကိုကြီးကောင်မိန်းမ အေးနွဲ့ပါ ဝိုင်းကူနေသည်။
ကိုရာကျော် ဆတ်ဆော့၍ ကန်ပိုင်ရှင်ထံ ငါးပက်ဖို့ တောင်းဆိုခြင်းဖြစ်သည်။ ကန်က ကျယ်သည်။ ပေ ၂ဝ ခန့်လည်း နက်သည်။ ငါးတွေ ရှိနိုင်သည်ဟု ခန့်မှန်းသည်။ နွေကြောင့် ရေလည်း အတော်ခန်းနေပြီ။
“ဒီနှစ်နဲ့ဆို ၃ နှစ်ရှိပြီကွ၊ ရနိုင်တယ်နော်။ နှစ်ချို့နေတာ ငါသိတယ်။ ရေစုပ်စက်ငှားပြီး ချရအောင်ကွာ”
ဟု ကိုကြီးကောင် ကို ဆွယ်သည်။
သူတို့နှစ်ယောက်ကလည်း ဆိုးဆိုး ကောင်းကောင်း ပူးတွဲပူးတွဲ အလုပ် လုပ်လေ့ရှိသည်။ ငါးပက်သည် ဆိုတာကလည်း တစ်ယောက်တည်း လုပ်လို့ရသည်မဟုတ်။ အဖော်လေးနှင့်မှ။
xxx xxx xxx
ကွင်းပိုင်အဘိုးကို အရက်၊ လက်ဖက်နှင့် ပသပြီး အဘိုးစွန့်သော အရက်ကို အချမ်းပြေ နေပူခံသောက်ရင်း ရေတစ်ဝက် ကုန်းတစ်ဝက် ရေစိုခံ နေပူခံလုပ်လိုက်၊ ဝါးခြံထဲ ဝင်နားလိုက်နှင့် ပျော်လည်း ပျော်နေကြသည်။ နေ့စား အငှားမဟုတ်ဘဲ ကိုယ်ပိုင်ငါးပက်ကြသည်မို့ စိတ်လွတ်လပ်နေကြသည်။
အလုပ်မပြီးသေးသောကြောင့် ကိုကြီးကောင် မိန်းမလာပို့သော ထမင်းကို ဝါးခြံထဲမှာ စားပြီး ကန်စောင့်ရင်း အိပ်ကြသည်။
“ကိုရာကျော်. . . ခင်ဗျားအိမ်လည်း ပြောအုံး။ ပြန်မလာဘဲ ငါးကန်မှာ စောင့်နေလို့ ရန်ဖြစ်နေရအုံးမယ်နော်”
ဟု မအေးနွဲ့က ပြောသည်။
ကိုရာကျော့်မိန်းမကို သူလည်း လန့်သည်။
“အဲဒီအရက်ကုန်ရင်လည်း တော်ကြတော့”
ဟု ဆက်ပြီး သတိပေးလိုက်သည်။
“အေးပါဟာ၊ ဒါအပြီးသတ်ပဲ”
ဟု ကိုကြီးကောင် ပြောလိုက်သည်။
“မိဌေး သိပါတယ် အေးနွဲ့ရယ်။ ဒီမှာ ငါးရှာနေတာ၊ ဘယ်မှ အပျော်သွားနေတာ မဟုတ်ပါဘူးဟ”
“သိရင် ပြီးရောဗျာ။ ကျုပ်က စိတ်မဖြောင့်လို့ ပြောရတာပါ။ မနက်မှ လာတော့မယ် ကိုကြီးကောင် … နော်။ စောစော ထမင်းချက်ပြီး လာမယ်”
စကားရှိလို့သာ အေးနွဲ့ ပြောရသည်။ နံနက်လေးနာရီဆို ထမင်း၊ ဟင်းချက်ပြီ။ ဒါမှ ဝင်ငွေရနိုင်မည့် အလုပ်လေးများ ပေါ်လာလျှင် စိတ်ဖြောင့်ဖြောင့် လုပ်ရသည်။ ဆင်းရဲလှသည်ဟု ပျင်းနေ၍ မရ။
xxx xxx xxx
ယနေ့နံနက်စောစော မအေးနွဲ့ယူလာသည့် ထမင်းကြော်ကို စားပြီး ဇွဲနှင့် ကြိုးစားကြပြန်သည်။ ရွှံ့ ရည်ပျစ်ပျစ်မှာ လူးလွန့်ရုန်းကာ ပေါ်လာသော ငါးရံ့နှစ်ကောင်ကို မအေးနွဲ့ ပြေးဖမ်းသည်။ ရေထည့် ထားသည့် ပလတ်စတစ်ပုံးထဲ ပစ်ထည့်လိုက်သည်။ ဈေးဦးပေါက်ပဲဟု တွေးရင်း ပြုံးသည်။
နေရောင်က မျက်နှာတည့်တည့် ထိုးနေပြီ။ “ဖွတ်… ဖွတ်… ဒိုင်း … ဒိုင်း…” အသံမြည်ရင်း ရေစုပ် စက် မောင်းနေဆဲ။
ကိုရာကျော်နှင့် ကိုကြီးကောင် ပါ ပိုက်စကို တစ်ယောက်တစ်ဖက်ကိုင်ရင်း ရွှံ့ရည်ထဲမှ ဆွဲမကြသည်။ ငါးခူနှင့် ငါးရံ့များပါလာသည်။
အေးနွဲ့ ပုံးနှစ်ပုံးကိုင်ပြီး ငါးတွေကို ခွဲရင်း တစ်ပုံးစီထည့်သည်။
“ပြီးမှခွဲလည်း ရပါတယ် အေးနွဲ့ရာ။ ငါးခူလည်း စူးအုံးမယ်”
ဟု ကိုကြီးကောင် သတိပေးသည်။ အေးနွဲ့က ရဲတင်းဖျတ်လတ်ပါသည်။ သီရိမင်္ဂလာဈေး၊ စံပြ ငါးဈေးတွေမှာ ကုန်စိမ်းဝယ်၊ ငါးဝယ်ပြီး ပြန်ရောင်းခဲ့ဖူးသည်။ ဈေးရောင်းကျွမ်းကျင်သည်။ အကြွေးကျန် များလွန်းသောကြောင့် ဈေးမရောင်းရဲတော့။
ငါးခူ၊ ငါးရံ့အကြီးအသေးနှင့် ငါးဘဲဖြူ၊ ငါးနုသန်းသေးသေးလေးများ ပေါင်းလျှင် အချိန်တစ်ဆယ်၊ ဆယ့်တစ်ခန့်သာ ရှိမည်ဟု မအေးနွဲ့ ခန့်မှန်းပါသည်။
“တစ်ဆယ် … တစ်ဆယ်သာသာလောက် ရှိမှာပါဟယ်”
“အေးဟာ …”
မှန်းချက်နှင့် မကိုက်သောကြောင့် ကိုရာကျော့် လေသံ ခပ်ပျော့ပျော့။ ပင်ပန်းလှသဖြင့် နုံးနေတာ လည်း ပါသည်။ နားထဲမှလေများ တဝူးဝူးအော်နေသည်။
အလုပ်က မပြီးသေး။ ငှားထားသောစက်ကို ပြန်ပို့ရမည်။ သန့်ရှင်းရေးလည်း လုပ်ပေးရမည်။ စက်ကလည်း ဝါးနှင့်လျှို၍ မနည်းထမ်းရသည်။ ခွန်တစ်မတ်စက်လေ။ နည်းတဲ့အားမှ မဟုတ်။
ဒါတောင် ရေစုပ် တင်ရတာ တော်တော်ကြာသည်။ ဆီတစ်ဂါလန်လည်း ချောသည်။ စက်ငှားခ ငါးထောင်ကျပ်၊ အရင်းမှ ကျေပါ့မလားဟု စဉ်းစားမိတော့ ကိုရာကျော် မောသွားသည်။
အေးနွဲ့မှာ အေးဆေးသည်။ မြေပေါ် မှာ ပြားပြားထိုင်ချ၊ ငါးနုသန်းနှင့် ငါးဘဲလေးများကို ထက်ဝက်စီပုံပြီး
“ကိုရာကျော်ဖို့ တစ်ပုံနော်၊ ကျုပ်အတွက် ဒီနေရာမှာပဲ ချေးဖောက်တော့မယ်။ ရှင်တို့ ပစ္စည်းသိမ်းတာ စောင့်ရင်း”
ဟု ပါးစပ်ကလည်းပြော၊ လက်ကလည်း တဆတ်ဆတ်နှင့် ငါးဗိုက်ဖောက်၊ ချေးနုတ်နေသည်။
ကိုရာကျော် သက်ပြင်းချသည်။
“ဒါပဲနော် ဦးကျော်။ ပြောလိုက်ပါပေရဲ့၊ ငါးသေးသေးတော့ ကျုပ်တို့က မစားဘူး၊ ယူမလာနဲ့။ အကြီးပဲ ယူခဲ့”
ဟု မိန်းမက မှာသည်။ အိမ်က လူတွေ ခေါင်းတစ်ရာသား မစားကြ။ လူအုပ်စုက နည်းသည်မဟုတ်။ သားသမီး ၈ ယောက်။
ကိုရာကျော် အမောပြေဆေးလိပ်ဖွာရင်း. . .
“အေးနွဲ့ . . . ငါးသေးသေးတွေ ညည်းပဲယူလိုက်တော့အေ။ ငါ့အိမ်က စားကြမှာမဟုတ်ဘူး”
ဟု ပြောလိုက်သည်။
“ဟင်… ဘာပြုလို့လဲ၊ အိုးကပ်လေးချက်ရင် ကောင်းပါတယ်”
“အေးပါ သူတို့မှ မစားတာ။ ညည်းပဲ ယူလိုက်ပေါ့”
“ဟာ. . . ဟန်ကျတာပဲ”
မအေးနွဲ့ ဟန်မဆောင်ပါ။ ဝမ်းသာသွားသည်။ သူတို့တစ်အိမ်လုံး ကြိုက်ကြသည်။ အခြောက်လှန်းထားလျှင် ကြာရှည်ခံသည်။
ငါးလေးခြောက် အိုးကင်းပူလှိမ့်၊ ချဉ်ပေါင်ဟင်းချက်။ ဘာကြောင့်များ မစားပါလိမ့်ဟု အံ့ဩရသည်။
ငါးသေးသေးတွေ အားလုံးရမှာမို့ ခပ်သွက်သွက် ချေးဖောက်သည်။ အချိန်ရှိတုန်း နေလှန်းရမည်။ တစ်နေလောက်မီလျှင် ပူစရာမရှိတော့။ တပေါင်းနွေမို့ ပူလှပြီ။
ငါးသေးသေးတွေက ၃ ပိဿာခန့်။ ငါးရံ့၊ ငါးခူ တွေကို ထက်ဝက်စီခွဲယူကြသည်။ အကောင်ကြီးလှသည် မဟုတ်။ အားလုံးပေါင်း အရင်းကျေရုံမျှ ရှိလိမ့်မည်။
မအေးနွဲ့ အတွက် ငါးသေးသေးများ မြတ်လေသည်။
ကိုရာကျော်နှင့် ကိုကြီးကောင်တို့ မြေပြင်ပေါ်မှာ ကျောဆန့်နေကြသည်။
“အရင်းကျေရုံရှိမယ်ဟေ့။ မောတာ အဖတ်တင်တယ်”
ဟု ပြောရင်း ရယ်ကြသည်။ မောပေမယ့် ရယ်နိုင် ကြပါသည်။ ခေါင်းမှ ခြေထောက်ထိ ရွှံ့တွေပေကျံဆဲ။
“ကျွန်မကတော့ ငါးသေးသေးတွေ မြတ်တယ်။ ဟိုကောင်တွေတော့ ပုံးထဲမှာ ရှင်တုန်း။ မနက်ဖြန်မှ ဈေးမှာရောင်းမယ်”
အိမ်ရောက်လို့ သူယူ ငါယူနှင့် မျှရင်းလည်း ကုန်သွားနိုင်ပါသည်။
ကိုကြီးကောင်ကတော့ မိန်းမ၏ အားပေးကူညီမှု၊ အားရကျေနပ်မှုကြောင့် မျက်လုံးမှေးငိုက်ရင်း အမောဖြေနေသည်။
xxx xxx xxx
“အလကား … အချိန်ကုန် လူပန်း၊ ညအိပ်လည်းသွားရသေး၊ ငါးဖမ်းနေတာနဲ့ အလုပ်အကိုင်လည်းပျက်။ ရတော့ဖြင့် သုံးလေးပိဿာလောက်နဲ့ အရင်းတောင် ကျေမှာမဟုတ်ဘူး။ ရှင်ဟာလေ အဖော်အပေါင်းနဲ့ဆို အရက်လေးသောက်လိုက်၊ ပျော်လိုက်နဲ့ ဟင်း …”
“ဟ. . . အဘိုးတင်တဲ့ အရက်ပဲ၊ ပျော်လို့သောက်တာမှ မဟုတ်တာ။ အလုပ်ပျက်ရအောင် ဒါလည်း ငါးရှာတဲ့အလုပ်လေ။ ရောင်းရင် ငွေရမှာပေါ့။
ကြီးကောင်မိန်းမဖြင့် ငါးသေးသေးရလည်း ပျော်နေပါ့။ မင်းတို့သာ ခေါင်းတစ်ရာသား မစားချင်ရတာနဲ့ ကြီးကျယ်လို့။ ဒီတော့ ငါးရပေမယ့် မစားရဘူးပေါ့ကွာ”
“ဘယ်မှာလဲ ငါးသေးသေးတွေ”
မိဌေးအသံက ကျယ်လှသည်။
“မင်းတို့ မစားတော့ သူများကို ပေးလိုက်တာပေါ့ကွ။ စားတဲ့သူ ရတာပေါ့”
“အမယ်… ကိုယ်ရတဲ့ခွဲတမ်း ယူလာတာ မဟုတ်ဘူး။ ဘာစေတနာပို သဘောကောင်းနေရတာလဲ”
“သိတယ်ဟေ့… သိတယ်၊ မင်း စိတ်ပုပ်တတ်မှန်း။ အေးနွဲ့တို့များ လင်သွားရာ မယားလိုက်ပြီး ဝိုင်းကူ လို့။ မင်းကတော့ အိမ်မှာထိုင်ရင်း ငါ့ကို ရန်တွေ့ဖို့ စောင့်နေတာကိုး။ နောင်ကို ဘယ်တော့မှ ရှာမကျွေး ဘူး. . . ရှာမကျွေးဘူး . . . ဟူး”
“ဟေး … ဟေး … ကိုရာကျော် ဘာတွေအော်နေတာ လဲ”
အိပ်မက်ကယောင်၍ ဝူးဝူးဝါးဝါး အော်နေသော ကိုရာကျော်ကို လှုပ်နှိုးလိုက်သည်။
အိပ်မက်မို့တော်သေးတယ်ဟု စိတ်ထဲမှ သက်သာရာတွေးတောငြား သည်အတိုင်း ရင်ဆိုင်ရလိမ့်မည်ဟု ကိုရာကျော် သိပါသည်။
ဟိုးတစ်လောက ကာရာအိုကေ သွားဆိုတုန်း ဒီမိန်းမ ရောက်လာပြီး ဝါးတံချွန်ဖြင့် လိုက်ရိုက်လို့ ပြေးခဲ့ရသည်။
ကိုရာကျော် ဗိုက်ထဲမှာ ပုဏ္ဏားလေး ရှိသည်မဟုတ်လား။ ။
(ငွေတာရီမဂ္ဂဇင်း)
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)