ခေါင်ကို ခပ်ငိုက်ငိုက်လေးစိုက်ကာ မပြေးရုံတမယ် လမ်းလျှောက်လာနေသည်ကို ကြည့်ခြင်းအားဖြင့် ကိုမြကြီး ဆိုသည်ကို လူလုံးမကွဲခင်ကတည်းက ခပ်လှမ်းလှမ်းမှပင် သူတို့တစ်ရွာလုံး သိကြသည်။ ဤသို့ သွားလာတက်ခြင်းကပင် ကိုမြကြီးရဲ့ အမှတ်သားတစ်ခုပမာ ဖြစ်နေတော့သည်။
ကိုမြကြီး၏ ခြေလှမ်းများမှာ ရုတ်တရက် ကွေ့ကာ သူ၏ ခြံဝိုင်းထဲ ဝင်လာသဖြင့် “ဘယ်သွားမလည်း ” ဟု နှုတ်ဆက်ရန်ပြင်နေသော ကိုသာမောင် မှာ ရုတ်တရက်မို့ ခန့်မှန်းရခက်သွားကာ ထိုင်ရန်သာ နေရာပေး၍ လက္ဖက်ရည် တစ်ခွက် ကိုလည်း ရေနွေးခရားမှ ငှဲ့၍ကာ ကမ်းပေးလိုက်တော့သည်။ ကိုမြကြီးသည် သာမောင် ပေးလာသော မပူမအေး ခပ်နွေးနွေ အနေထားရှိသော လက္ဖက်ရည်ကြမ်း ကို တချိုက်ထဲ မော့သောက်လိုက်ပြီး ကာ သူ၏ဝါးခမောက်ကို ချွက်၍ ခေါင်းကို တဗျင်းဗျင်း ကုတ်နေပြီးမှ
” ဘယ်က စပြောရမှန်းတောင် မသိတော့ပါဘူး သာမောင်ရာ” ဟု ဆိုလာသဖြင့် စကားဆက်ခဏ ပျက်သွားလေသည်။ ထို့ကြောင့် သာမောင်မှာ ကိုမြကြီးကို ဘာပြောရမှန်း မသိသဖြင့် စူးစမ်းသလို ကြည့်မိတော့သည်။
ထိုအခါမှာလည်း ကိုမြကြီး၏ မျက်နှာသည် တခါတလေ ဒေါသကြောင့် ခက်ထန်ထန် ဖြစ်သွားလိုက် တခါတလေ စိတ်လျော့၍ ငြိုးငယ်သွားလိုက် တခါခါ ဝမ်းနည်းခြင်း အရိပ်ရောင်များ ပြေးသွားလိုက် ဖြစ်နေသဖြင့် သာမောင်မှာ ဘာဖြစ်နေသည်ကို စဉ်းစာ၍ မရနိုင်သဖြင့် ပြောလာမည့် စကားကိုတာ စောင့်စားနေရတော့သည်။
” တောက်” ပြင်းထန်တဲ့ ကိုမြကြီး၏ တောက်ခေါက်သံကြောင့် ပြောလာမည့်စကားကို စောင့်နားထောင်နေသာ သာမောင်မှာ လန့်သွားရတော့သည်။ ထို့ကြောင့်
“ဘာတွေများ အလိုမကျဖြစ်နေရတာလည်း” ကိုမြကြီးရဲ့ စိတ်အေးအေးထားမှ ပေါ့ဗျ ဟု လေပြေထိုးကာ နှက်သိမ့်ပေးရလေ၏။
” ဟို သားမိနှစ်ယောက်ပေါ့ကွာ ယောကျာ်းမဟုတ် မိန်းမမဟုတ်နဲ့ လူတွေကို ခြောက်စား လန့်စားနေတဲ့ နတ်ကတော် မိအေးရဲ့ စကားကို မြေဝယ်မကျနားထောင်း နေလို့ခံပြင်းဒေါသဖြစ်နတာကွ “
“သူ့အမေ နေမကောင်းတဲ့ ဟာကို ဆေးမတိုးလို့တဲ့ နတ်သွားမေးတယ်တဲ့ကွာ အဲ့တာ ဟိုအခြောက်မ နတ်ကတော်ကလည်း ဝက်နဲ့နတ်စားရမယ်လို့ အဟောထွက်တယ်တဲ့ကွာ “
“ဟမ်း ” ဟုဆိုကာ ကိုသာမောင်မှာ အံ့ဩ တကြီး ဖြစ်သွားရသည်။ တဆက်တည်းမှာပင် ” အဖွားဖြူက အတော်လေးဆိုးနေလို့လာ” ဟု စိုးရိမ်းတကြီး ဖြစ်ကာမေးလိုက်မိသည်။
“အဲ့တာ ငါပြောတာပေါ့ကွာ ပြောသလောက်ကြီးလည်း ဆိုးနေတာ မဟုတ်ပါဘူး’ လူကြီးပဲကွာ တစ်နေ့ထဲတော့ ဘယ်ပျောက်နိုင်မှာလည်း လူငယ်တွေတောင်ခုလို တုတ်ကွေးဖြစ်များတဲ့ ရာသီ အကူးပြောင်းတွေမှာ လေးငါးရက်လောက် ဖျားကြတာပဲမလား ” ဟု ဆိုကာ တိတ်ဆိတ်သွားပြန်သည်။
ကိုသာမောင် ၏ စိတ်ထဲ မှာလည်း ဟိုတနေ့က ထွန်းလွင်ပြောတဲ့ စကားတွေ ၊ ကိုမြကြီး ပြီးတော့သူ့၏ မိန်းမ မစမ်းခင်နဲ့ သူ့ယောက္ခ ဒေါ်ဖြူတို့ရဲ့ ရိုးရာ ဓလေ့တွေအပေါ် အယူသည်းသည့် ပုံတွေကမျက်လုံးထဲမယ် တဝဲဝဲပေါ် လာလေတော့သည်။ သာမောင်တို့ နယ်ဘက်မှာတော့ ကရင် ရိုးရာအရ နတ်စားပုံ အမျိုးမျိုးရှိကြတယ်။လူကြီးများ၏ ပါးစပ်ရာဇဝင်အရ သာမောင်တို့ အကြမ်းဖျင်းသိရသည့် နတ်စားပုံမှာ ဤသို့ဖြစ်၏။
နတ်စားပုံဖြစ်လာရခြင်းမှာ တခါတုန်းက ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်လာတဲ့ ဘုရင်ကြီး တပါးက ဗိုက်ဆာလွန်းလှသဖြင့် ကရင် အဖိုးအို လင်မယား စိုက်ပျိုးထားတဲ့ တောင်ယာခင်းမှာ တွေ့ရတဲ့ သစ်သီးဝလံများကို တွေ့ရှိ၍ တောင်းစားရန် ပိုင်ရှင်ကိုလည်းမတွေ့ရသည်ဖြစ်ရာ ဒီလိုပဲ စားသောက်မိလိုက်သည်။ ထို အခါ သစ်သီးတို့မှာ အရသာနှင့် ပြည့်စုံလွန်းသဖြင့် နောင်အခါ ဆာလောင်သောအခါ တွင်လည်း စားသောက်ရန်လည်း အလို့ငှ တချို့တဝက်ကို ယူဆောင်မိခဲ့သည်ဟုဆို၏။ ကရင်အဖိုးအို လင်မယားမှာလည်း ရွာထဲက သားသမီးတွေဆီ ပြန်ရောက်နေသဖြင့် ဘုရင်ကြီးနဲ့ မဆုံမိဖြစ်သွားကြတော့သည်။
ကရင် တို့၏ သဘောမှာ မိမိတစ်ဝမ်းတခါအတွက် တောင်ယာထဲမှာ လိုသလောက်စားနိုင်ပေမဲ့ လောဘတကြီး ပြန်ယူသွားသည်ကိုတော့ မနှက်မြို့သဖြင့် ထိုသို့ ပြန်ယူသွားသောအခါ ဘေးဉပဒဏ်သင့်စေရန် ပညာဖြင့် လုပ်ထားတက်ကြသည်ဟုဆို၏။ ဘုရင်ကြီးမှာလည်း ထိုသို့ ပြန်ယူသွားမိခဲ့သဖြင့် နန်းတော်ရောက်သောအခါ ကရင်ပညာထိ၍ နာမကျန်းဖြစ်ရတော့သည်။ ဘုရင်ကြီးမှာ သမားတော်ကြီး၏ အစွမ်းထက်သောဆေးများ သောက်သုံးရသော်လည်း အခြေနေမှာ တနေ့ထက်တနေ့ ပိုပို ဆိုးလာသည်ကိုတာ တွေ့ရသဖြင့် ဝန်ကြီး မှူးမတ်တို့ တိုင်ပင်ကာ ပုရောဟိတ် ကြီးများကို ထွက်ချက်ခိုင်းကာမှ ကရင် အဖိုးအို၏ ပညာ ထိနေမှန်း သိရလေတော့သည်။ ထိုကြောင့် ကရင်အဖိုးအို လင်မယားကို နန်းတော်သို့ ခေါ်ပြီး လုပ်ထားတဲ့ ပညာ ပြန်ထုတ်ခိုင်းကြတော့သည်။ ကရင်အဖိုးအိုမှာလည်း “အရှင်မင်းကြီး သတ်လိုက ကျန်ုပ်အား သတ်နိုင်ပါတယ် သူတို့ပညာမှာ တချက်လွတ် အမိန့်ဖြစ်သဖြင့် ပြန်ထုတ်၍ မရတော့ကြောင်း ပြန်၍လည်း မထုတ်တက်တော့ကြောင်း ပညာထိပါက ခုနှစ်ရက်အတွင်း သေရန်ကိုသာ စောင့်နေရမည် ဖြစ်ကြောင်းကို စိတ်မကောင်းစွာပဲ လျှောက်တင်လိုက်တော့သည်။ ထိုအခါ ဘုရင်ကြီးမှာလည်း သူ့အမှားဖြစ်သဖြင့် သူသေရမည်ကို မကြောက်သော်လည်း သူ့ကို ချစ်ခင်သော လူတချို့က ကရင်တို့ကို အငြိုးထား တိုက်ခိုက်မည်ကို ကြိုတွေးမိ၍ ထိုသို့ ပြောလေသည်။
” အိမ်” ဖြစ်ခဲ့တာတွေတော့ ဖြစ်ပြီး ကုန်ပြီ မတက်နိုင်တော့ဘူး’ ‘ဒါပေမဲ့ ငါသေသွားခဲ့ရင် နင်တို့ကရင်တွေက ကြက်တစ်ပိဿာ အရက်တစ်ပိဿာနဲ့ ငါ့အား တစ်နှစ်တစ်ကြိမ် ဆက်သရမည် ၊ “နောက်ပြီး ဝတ်ကိုတော့ လေးနှစ်တစ်ကြီမ် ငါ့အားရည်မှန်းပြီး ဆက်သရမည် “ဟု ကရင်အဖိုးအို လင်မယားကို သဘောတူညီ ချက်တောင်းခံတော့သည်။ ကရင် အဖိုးအို လင်မယားလည်း သူတို့ကို အသက်ဘေးမှ လွှတ်လိုက်သည်ကိုပဲ ကျေးဇူး အထူးတင်နေပြီ ဖြစ်ရကာ ကြက်နဲ့အရက်ကို တစ်နှစ်တစ်ကြိမ် ဆက်သပြီး ဝက်ကိုတော့ လေးနှစ်တစ်ကြိမ် ဆက်သပါမည် တကယ်လို့ မဆက်သမိပါက သူတို့တစ်မျိုးလုံး နာမကျန်းဖြစ်၍ သေရပါစေသားဟု ဂတိသစ္စာကျိမ်ဆိုခဲ့သည် ဟု သိရ၍ နတ်စားရခြင်းဖြစ်လာခဲ့တော့သည်။ ထိုအစွဲကို အကြောင်းပြုပြီး တချို့နေထိုင်မကောင်း၍ ဆေးမတိုးသောအခါ နတ်စားလိုက်ခြင်းဖြစ် ပြန်လည် သက်သာလာရသည်ဟု ဆို၏။ အထက်ပါ ဖော်ပြပါ အကြောင်းအရာများမှာ သာမောင်တို့ ရွာမှာ ရှိသော ကရင်များ၏ ပါးစပ်ရာဇဝင် နတ်စားရခြင်းဖြစ်သည်။ စာရေသူ တခါက ဖတ်ရသော နတ်စားခြင်းမှာကာ ဤသို့ တဖန် တွေ့ရပြန်သေးသည်။
ရှေး အခါက ကရင် တိုင်းရင်းသားများမှာ သားသမီးများကို အများအပြားကိုမွေးကြသည် ဆို၏။ ယခု ခေတ်တွင်လည်း သားသမီး အများအပြား မွေးသော ကရင်မိသားစုများကို တွေ့ရတက်သေးသည်။ ထိုသို့ သားသမီးများသော မိသားစုများမှ အရွယ်ရောက်၍ တရပ်တကျေးမှာ အိမ်ထောင်ရက်သားကျကြသောအခါ အလုပ်များ၍ မိမိ ဇာတိကို တစ်နှစ်တခါ မရောက်ဖြစ်ကြတော့ပေ။ အခါကြီး ရက်ကြီး ရက်များ၊ နှစ်သက်ကူးအချိန်များနှင့် အလုပ်တွေ အားလပ်၍ အဆင်ပြေသော အခါမျိုးများတွင်ကာ သားသမီးများတို့သည် မိမိတို့ ကလေးများနဲ့အတူ မိသားစုလိုက် ဇာတိရက်မြေက မိဘများအိမ်ကို တဖွဲဖွဲ ရောက်လာတက်ကြတော့သည်။ ထိုသို့ လူစုံတပ်စုံ ရောက်လာသော အခါများတွင် တပျော်တပါးကြီး စားသောက် ရန် မိဘများက ဝက်တစ်ကောင်ကို သေသေချာချာမွေး မြူထားကြပြီး သားသမီး မြေး မြစ်များ စုံစုံ လင်လင်ဖြင့် ထိုဝက်ကို ချက်ပြုတ်စားသောက်ရာမှ နောင်အခါတွင် နတ်စားခြင်းဖြစ်လာရတော့သည်ဟု သိရ၏။
နတ်စားခြင်းမှာ မည်သို့မည်ပုံ တိတိကျကျ ဖြစ်ပေါ်လာရသည်ကို မသိသော်လည်း သာမောင်တို့ ရွာမှာတော့ အစွဲကြီးစွာနတ်ကို တရိုတသေစားကြသည်။ သာမောင်တို့ နတ်စားကြသည်မှာ အိမ်ထောင်ကြလို့ အိုခွဲ အိမ်ခွဲပြီ ဆိုကတည်းက အိမ်ရှိ နတ်စာရာတွင် ချက်ပြုတ်ရသော မီးဖိုးကို တရိုတသေလုပ်ကြရသည်။ လင်မယားနှစ်ယောက်မှာ ကြက်ဖို ကြက်မ တစ်ပိဿာနဲ့ အရက်တစ်ပိဿာကို မနက်တစ်ကြီမ် ညတကြိမ် ချက်ပြုတ် တင်မြောက် စားပေးကြရသည်။ တချို့မှာ တော်တော်လေးကို အလေးထား လုပ်ဆောင်ကြသည်ကို တွေ့ရသည်။ ဥပမာ နတ်စားချိန်တွင် တခြားအိမ်မှလူ ခေါ်သည် ကိုပင် မထူးရပေ ။ နတ်စားနေချိန်အတွင်း သူစိမ် အိမ်ပေါ် တက်လာလျှင် ပသခြင်းမှာ ပျက်စီးရပြီး နောက်ထက် နေ့ကောင်းရက်သာ ရွေးကာ အသစ်တဖန် ပြန်စားရတော့သည်။ အယူစွဲ ကြီးရင်ကြီးသလို လုပ်ကြရသည်။ နတ်စား ပုံမှာလည်း အရင်ဆုံး ဆန်ရေဆေးပြီသည်နှင့် အိမ်အောက်သို့မဆင်းရသေးပေ ထမင်းကြက်ခါမှ အိမ်အောက်သို့ ဆင်းခွင့်ရှိသည်။ ကြက်ဖို ကြက်မ နှစ်ကောင်ကို သက်၍ တာလပေါ့ ထိုးရသည်။ ထို့နောက် ချက်ပြုတ် ပြီးစီးသော ထမင်း ဟင်းတို့ကို လင်ပန်းကြီးထဲတွင်ထည့်ကာ အဖေ အရင်စားရသည် ပြီးနောက် အမေ စာရသည် ထို့မှတဆင့် သားသမီးများမှာ ကြီးစဉ် ငယ်လိုက် တစ်ယောက်ပြီး တစ်ယောက် စားကြရတော့သည်။ တစ်ယောက် တစ်လုပ် စားပြီးသောအခါ စီးပွားရေး လူမှု့ရေး ကျန်းမာရေးများ အထူး ကောင်းမွန်ရန် ဆုတောင်း ကြပြီးလျှင် တံမြတ်စည်း လှည်းကာ သိမ်းလိုက်သည်နှင့် နတ်စား ပူဇော်ပသခြင်း ပြီးဆုံးရာ မည်တော့သည်။ ပြီးမှ အိမ်နီးနားချင်းများကို ခေါ်ကာ အတူတကွ စိတ်ကြိုက် ဝသည် အထိ စားသောက်ကြလေတော့သည်။ ။ အသားငါးမစားသော သူများမှာ မိမိ အလှည့်ရောက်လျှင် ဦးခေါင်ပေါ်တင်ကာ လက်နောက်ပြန် ပစ်ထုတ် လိုက်ခြင်းဖြင့် စားသည့် သဘော သက်ရောက်သည်။ ဆက်ရေးရန်မှာ များပြားလွန်းလှ၍ လိုရင်းကို ရောက်တော့မည် မဟုတ်သဖြင့် အတိုချုံး၍ပင် ဤသည်မျှသာ ဖော်ပြပေးလိုက်ရပါသည်။ (မှတ်ချက် -တချို့ အိမ်ထောင်များမှာ အရက်ကို မထည့်ကြတော့ပေ ပထမ စစခြင်း စားသော အခါ အတိုင်းကို နောက်ခါတွင်တူညီစွာ စားပေးမှသာ ပသခြင်းမြောက်သည် ဆို၏။ အစပထမ မှာ ဖြစ်သလို စားပေးခြင်းဖြင့် နောင်အခါတွင်လည်း အရေးတယူ မလုပ် ရတော့ပေ ။) ထူးခြားမှု့ တစ်ခုကတော့ ရှိကြသည်ကို တွေ့ရတက်သည်။ နတ်စားအိမ် တချို့မှာ စားသည့်အချိန်၌ အူလှိုက်သည်းလှိုက် ရယ်ကြ၍ လည်းကောင်း၊ တချို့မှာ ငိုကြ၍ လည်းကောင်း တချို့မှာပျော်ကြ၍လည်းကောင်း တအိမ်လုံးဖြစ်တက်ကြသည် ဆိုသည်ကို တွေ့ရသည်။ စာရေးသူတို့ မိသားစုမှာ စားသည့် အခါတိုင်း ရန်ဖြစ်ကြရသည် ချည်းသာဖြစ်တက်ပေသည် ဘာကြောင့်ရယ်တော့မသိပေ လူမှန်းသိတက်စအရွယ်ကပင် ထိုအရာကို သတိထားမိသည်။
အထက်က ဖော်ပြသလို တရွာလုံး နတ်စားရာတွင် အယူ အသည်းဆုံးမှာ ကိုမြကြီးတို့ အိမ်တစ်အိမ် အပါဝင်ဖြစ်သည်။ ကိုမြကြီးတို့အိမ်မှာ အဆင်မပြေမှု့များ ခပ်စိတ်စိတ် ဖြစ်လာခဲ့လျှင် တစ်ယောက်ယောက်က နတ်များ ကိုင်ထားသလားဟု မေးသလိုလိုနှင့် ပြောလိုက်လျှင်ပင် ကိုမြကြီးတို့မှာ ” ဟာ ဟုတ်သားဟ” “နတ်စားမှ ဖြစ်တော့မယ်” ဟု ဆိုကာ နေ့ကောင်းရက်သာ ရွေး၍ တန်းစားပေးသည် တစ်နှစ်တည်ကိုပင် လေးငါးခါ စားရင်လည်းစားလေ့ရှိသည်။ ထိုအခါ နတ်စား ရန် သတိပေးသော လူကိူလည်း ၎င်းတို့ စားပြီးသောအခါ ပိုလျှံသော ထမင်းဟင်း များကို ဦးစွာခေါ်ယူ၍ ကျွေးမွေးသည် အိမ်နီးနား ချင်းများကိုလည်း ခေါ်ယူကျွေးမွေးရ၍ သူတို့ပျော်ရွှင်ကြသည်။
ယခု ကိုသာမောင်စိတ်ထဲ ထူးဆန်းနေသည်မှာ ဒီလောက် နတ်စားရသည်ကို ပျော်သော ကိုမြကြီးမှာ နတ်စားရမည်ကို မလိုလာဟန် ရှိသည်ကိုဖြစ်သည်။ သူ၏ အစွဲကြောင့် နတ်ကိုင်မည်ကိုလည်း ကြောက်၍ မဖြစ်မနေစားပေးရမည်ဖြစ်သောကြောင့် စိတ်ညစ်ဟန် ရှိနေသည်။ ဒီအခြေနေကို ရောက်အောင် ဖန်တီးသူက ကိုမြကြီး အထင်မှာ နတ်ကတော် မိအေး ဆိုပေမဲ့ အဓိက တရားခံက ဖိုးစီဖြစ်နေသည်ကို ကိုသာမောင်ကသိနေသည်။ ဖြစ်ပုံက မနေ့က လွင်မောင်ပြော သည်မှာက ဒီလို။ သူတို့ရွာမှာ မိုး အကုန်ဆောင်း အကူး အချိန်များမှာ အလုပ်ခွင် ရာသီဖြစ်၍ ရှာဖွေမစားနိုင်ကြ။ မြို့ပြများကဲ့သို့လည်း ဈေးတန်းက မရှိဖြစ်ရာ ထိုအခါမျိုး၌ ဖြစ်သလို စားသောက်ရသည်။ အလုပ် ပင်ပန်း၍ အစားအသောက် ကောင်းကောင်း မစားဖြစ်နေရသော ဖိုးစီက သူ၏ ဟင်းကောင်းမက်မောသော ဗီဇအတိုင်း ဟင်းကောင်းရအောင် အမျိုးမျိုး အကြံထုတ်နလေသည်။ ထို့ကြောင့် အရက်ဝိုင်းမှာ တွေ့သော သားသတ်သမား လှဦးကို ဒီရက်ပိုင်း အသားပေါ်နိုင် မပေါ်နိုင် အရက်တစ်လုံးကြေး အလောင်းအစားလုပ်ကြသည်။ လှဦး မှာ ဒီအချိန် ဒီအခါ မှာ အလုပ်များချိန်ဖြစ်၍ ဘယ်သူမှ သူ့ကို အသားပေါ်ရန် မခေါ်တက်သည်ကို သိသော်လည်း သူ့ကိုသူ ရွာလူမိုက် အဖြစ် ခံယူထားသူ ဖြစ်ရာ လူအများရှေ့မို့ အညံ့မခံချင်၍ မခံချင်စိတ်ဖြင့် လောင်းမိတော့သည်။ မွှန်ထူနေသောအချိန် ဖြစ်၍ လောင်းမိခဲ့သော် အိမ်ရောက်၍ သွေးအေးကာမှ သူလုံးလုံး ရှုံးမည်ကို သိနေသည် ဖြစ်ရာ သူ့အညာကို ကိုင်၍ လူအများရှေ့ အပိုင်ရိုက်ခဲ့သော ဖိုးစီကို ကျိန်ဆဲနေမိသည်။ လှဦးပဲလေ မဖြစ်ဖြစ်အောင် လုပ်ရမှာပေါ့ ဟု အားတင်းပြီး စဉ်းစားရာမှ ဟိုတနေ့က သူ့ကို ရိသဲ့သဲ့လုပ်နေသာ နတ်ကတော် မိအေးရဲ့ မျက်နှာက ရေအောက်မှ ပွတ်၍ထလာသော ငါးကြီးပမာ “ဗွမ်း” ခနဲ ပေါ်လာရတော့သည်။ “ဟုတ်ပြီကွ” ဟု တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ကြိမ်းဝါးကာ ချက်ချင်း ထထွက်လာခဲ့တော့သည်။ အချိန်ကာ သက်ကြီးခေါင်းချချိန်ဖြစ်ရာ တောဓလေ့ သဘာဝအတိုင်း တိတ်ဆိတ်လျက် ရှိနေတာ့သည်။ ရွာ ထိပ်ချောင်းဖျား ဘက်မှ ခွေးဟောင်သံ တချက်ချက် မှန်မှန် ထွက်ထွက်လာသည် ကိုတော့ဖြင့်ကြားရသေးသည်။
နတ်ကတော်ရဲ့ အိမ်ရှေ့အရောက် ခြံတခါးမှာ ဝါးလုံးဖြင့် ကန့်လန့်ကာ ခက်ထားသဖြင့် ကိုယ်တိုင်ပဲဖွင့်ကာ ဝင်ခဲ့တော့သည်။ အိမ်မ တံခါး ပိတ်ထားသဖြင့် ” မမိအေး မမိအေး” ဟု အသံခပ်အုပ်အုပ်ဖြင့် ခေါ်လိုက်တော့သည်။ နတ်ကတော် မိအေးမှာ မအိပ်သေးသော်လည်း သူရင်းနီးသော အသံတစ်ခု ဖြစ်နေပါလျှက် အခေါ်ဝေါ်တို့ ညင်သာနေ၍ ရုတ်တရက် ဘယ်သူ ဘယ်ဝါမှန်းကို ခန့်မှန်းမရ ဖြစ်နေ၍ ငြိမ်ပြီး နားထောင်နေမိသည်။ တရွာလုံး ကသူ့ကို နတ်ကတော် မိအေး နတ်ကတော်ဟုသာ ခေါ်ဝေါ် သုံးစွဲသည် ဖြစ်ရာ မိမိကတာ မမိအေးကလေ မမိအေးကို ထိုသို့ နာမ်စားသုံး ပြောခဲ့ရသည် မဟုတ်ပါလား။ ဟော် ခု “မမိအေးတဲ့လေ” အသံကမှ တကယ့် သန်သန်မာမာ ယောက်ျားပျို တစ်ယောက်၏ အသံ ကြားရသည်မှာ နားစည်ထဲ အေးစိမ့်နေသဖြင့် ကျေနပ်ပိတိတို့ကြောင့် မျက်ရည်များပင် စို့ခဲ့ရသည်။ သူ ငြိမ်နေ၍ မဖြစ်တော့ အပြင်က ခေါ်နေသော အသံပိုင်ရှင်၏ ခေါ်သံတို့မှာ ဒေါသသံ စွပ်လာသလို သူကိုယ်တိုင်လည်း ဘယ်သူဖြစ်သည်ကို သိချင်စိတ် ပြင်းပြလွန်နေသဖြင့် ညူတုတု အသံပြုကာ လာပြီကွဲ့ ဆိုပြီး ခြောက်ထောင့်ထိုး ဓာတ်မိးကို ထိုးကာ အပေါက်ဖွင့်ပေးလိုက်သည်။ နတ်ကတော်မိအေး၏ ရင်အစုံမှာ ဒုန်းခနဲ ခုန်တက်သွား မိသည် ဝါကျင်ကျင်ဓာတ်မိးရောင် အောက်မှာ တတုံးတခဲ မဲမဲသဲသဲနှင့် ညိုမောင်းထုတ်ခိုင်နေသော သူတဖက်သက် ချစ်နေရသည့် လုလင်ပျို လှဦးကို မြင်လိုက်ရခြင်းကြောင့်ပင်တည်း။
” ဟယ်မောင်လေး လာလာ ဝင်ခဲ့” ဟု ဆိုကာ တဆက်တည်း လှဦး ရဲ့ လက်ကို ဆွဲခေါ်၍ အိပ်ခန်းထဲ ခေါ်သွင်း လာသဖြင့် လှဦးမှာ တချက်တွန့်သွားရတော့သည်။ လှဦးမှာ ကျွဲ၊ နွား၊ ဝက်မှ စ၍ ကြက်၊ ငှက် ဘဲပါ မကျန် ရက်ရက်စက်စက် သတ်ဖူးသော်လည်း ဒီ အတွေ့အကြုံ မျိုးကိုတော့ ကြက်သည်းထမိသည်ဖြစ်ရာ ” ဟာ ခင်ဗျား ကလည်း အပြင်မှာပဲ ပြောရအောင်” ဟု ဆိုကာ အလိမ္မာနှင့်ပင် ဧည့်ခန်းသို့ ကတိုက်ကရိုက် ပြေးထွက်ခဲ့ရသည်။ ထို့သို့ဖြင့် နတ်ကတော် မိအေးက ဧည့်ခန်းမှ ဖန်မီးအိမ်ကို ထွန်းလင်းစေပြီ လာရင်းအကြောင်းကို မေးမြန်ရာ လှဦးမှလည်း သူနှင့် ဖိုးစီ အလောင်းအစား လုပ်ခဲ့ရ၍ သူအနိုင်ရအောင် ရွာထဲမှ တအိမ်အိမ်ကို ဝက်နဲ့ နတ်စားရအောင် ဖန်တီးခိုင်း တော့သည်။ နတ်ကတော်မိအေးကလည်း ထိုအချိန်မျိုးမှာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်မှန်း သိသော်လည်း “မမိအေး” ရယ်လို့ ပထမဆုံး ခေါ် ခံရသည့် အသုံးနှုန်းလေး ပျောက်ကွယ်သွားမည် စိုး၍ မရမက မျက်လုံးစုံမိတ်ကာ အကြိတ်နယ် စဉ်းစားနေတော့သည်။ တစ်ရွာလုံးမှာ သူ့စကားတစ်လုံးကို တသွေးမသိမ်း လိုက်နာတက်သော အိမ်တို့ကို အရှေ့မှအနောက် တောင်မှမြောက် အပြန်ပြန် အလန်လန် စိတ်ထဲ၌ စဉ်ကာ ရေတွက်နေမိတော့သည်။ ဘယ်လို ပဲရေတွက်ရေတွက် နောက်ဆုံး ရောက်လာရသည်ကာ စိတ်တူကိုယ်တူ အယူစွဲကြီးကြသော ကိုမြကြီးတို့ အိမ်ကိုပင် ရောက်ရောက် လာလေတော့သည်။ ထို့အပြင် ကိုမြကြီး ယောက္ခမ ဒေါ်ဖြူ မှာလည်း ခုရက်ပိုင်း ခဏခဏ နေမကောင်းသည် ဖြစ်နေရကာ သူကပဲ တောထုတ်ခြင်း၊ ခြံသန့်ခြင်းများ မကြာမကြာ လုပ်ပေးနေရသည်ကိုလည်း သတိရမိသည်။ နှစ်ရက်ခြားတခါ နတ်လာလာမေးတက်သော် မစမ်းခင်မှာလည်း မလာမေးသည်မှာ ကြာနေပြီဖြစ်ရာ မနက်ဖြန်တော့ မုချဧကန် ရောက်ရ မည်ကို ပင် ကြိုသိနေ၍ ရစေမည်ဟု လှဦးအား ယုံကြည်မှု့ အပြည့်ဖြင့် အာမခံ ဂတိပေးလိုက်တော့သည်။
နောက်တနေ့ မနက်အရောက်မှာ နတ်ကတော် ခန့်မှန်းသလိုပင် မစမ်းခင် ပေါက်လာခဲ့သည်။ ထုံးစံအတိုင်း ငွေ တစ်ဆယ်ကျပ်ကို ကန်တော့ပွဲတင် မေးမြန်းရာ နတ်ကတော်မိအေးကလည်း သူ့၏ အကြံတိုင်းကို တန်းပြောရန်မကောင်း သဖြင့် တောထုတ်ခြင်း၊ ရွာခြခြင်း၊ ပပေါဂါ ဆရာတို့ လုပ်သင့် လုပ်အပ်သော အလုပ်အမျိုးမျိုးကို လုပ်ပေးထားပြီ ဖြစ်သော်လည်း မပျောက်ဖြစ်နေရခြင်းမှာ သင်ကာမကင်းသဖြင့် သူညက အဓိဓ္ဓာန်ပြီး အိမ်မက်တောင်းကြည့်ရာ ရိုးရာနတ် ကိုင်ထားသည်ကို မြင်ရသည်ဟု ဖီးလှိမ့်ကာ ပြောလေတော့သည်။
ထိုအခါ နတ်စားရန် ဝါသနာလည်းထုံ အယူစွဲလည်း ကြီးလှသော မစမ်းခင်က အလွယ်တကူပင် သဘောတူညီမှု့ရကာ စားပေးမယ်ဟု ဂတိ ပြုလိုက်သည်။ ထိုအခါ လှည့်ကွက်ထဲ ဝင်လာမပြီဟု ရိပ်မိပြီဖြစ်သော နတ်ကတော်မိအေးက ” ဒီတခါစားပေး ရမှာက ဗုဒ္ဓဟူးသားဖြစ်တဲ့လူ သတ်ပေးတဲ့ ဗုဒ္ဓဟူးနံ ဝက်ကို နတ်စားပေးရမယ်တဲ့” ဟုဆိုကာ လှဦးကို လည်း သားသတ်ရာ၌ ခေါ်ရန် အကြံအစီပြု၍ စိတ်မချမ်းသာဟန်ဖြင့် ပြောလိုက်ပြီး မစမ်းခင်ကို စူးစမ်းသလိုကြည့်လိုက်သည်။ မစမ်းခင်မှာ အနည်းငယ် စိတ်မချမ်းသာဟန် ဖြစ်သွားသော်လည်း “လူ့အသက်ထက် ဘယ်အရာမှ အရေးမကြီး ပါဘူး” ဟု တယောက်တည်း ညည်းညူသလို ပြောကာ ညိုးငယ်စွာနှင့်ပင် ပြန်ထွက်သွားတော့သည်။
နှစ်ယောက် သား အတန်ငယ် စဉ်းစားမှု့ ပြုနေကြသဖြင့် တိတ်ဆိတ်စွာ ရှိနေသော စကားဝိုင်းကို ကိုသာမောင်မှ သူ၏ သိချင်စိတ်တို့ ထိန်းမရတော့သဖြင့် ပြန်လည်အသက်သွင်းလိုက်ရတော့သည်။
“ဒါနဲ့ နေပါအုံး ကိုမြကြီးရဲ့ ခင်ဗျားက နတ်စားရတာကို ဘာလို့ ဒီလောက်ကြီး စိတ်မပါ ဖြစ်နေရတာလည်း “
“နတ်စားပြီးရင်လည်း ပိုခြံတဲ့ အသားကို စပါးပေးနဲ့ရောင်းထားလို့ ရနေတာပဲ ကံကောင်းရင် လက်ငင်း ဝယ်မည့်သူတောင် ရှိလာလို့ ငွေတောင်မှ လက်တို လက်တောင်း သုံးရ အုံးမယ် မဟုတ်လား” ဟု နတ်စားရမှာ လင်းမယားနှစ်ယောက် စိတ်တူ ကိုယ်တူ ဝါသနာထုံ အစွဲကြီးကြသည်ကို သိထား၍ ခုလို စိတ်တိုင်းမကျ ဖြစ်နေရခြင်းကို သိချင်လွန်းသဖြင့် မေးမိတော့သည်။
“ဒါတော့ ဒါပေါ့ သာမောင်ရာ ခုဟာက ဝက်မကြီးက သားမခွဲသေးလို့ ခက်နေတာကွ”
“ဗျာ” မမျှော် လင့်ပဲ ကြားရလိုက်တဲ့ ကိုမြကြီး စကားကြောင့် သာမောင်တစ်ယောက် အံ့ဩသွားရသည်။
” ကိုးထား လို့ရော မရဘူးတဲ့လားဗျာ ” (ကိုးထားသည် ဆိုခြင်းမှာ နတ်စားရန် မအားသေးသောအခါ တို့ ရက်ရာဇာ မရသောအခါတို့၌ နောက်မှ စားပေးပါမည်ဟု နတ်ကိုတောင်းပန်သည့် အနေဖြင့် ဆန်လက်တစ်ဆုပ်ကို နေထိုင်မကောင်းသည့် အိမ်သား၏အင်္ကျီဖြင့်ထုတ်ကာ နတ်စားမီးဖို ကြက်ခိုးစင် ၌ တွဲလောင်းချည် ပေးထားရသည် ကို ဆိုလိုခြင်းဖြစ်သည်။)
“မင်းလည်း သိသားပဲ ငါ့ညီရာ ငါ့မိန်းမနဲ့ ယောက္ခမ အကြောင်းကိုလည်း ဘယ်လ်ိုရှိတယ်ဆိုတာ’ ‘ နတ်နဲ့ပတ်သတ်လာရင် ဘယ်တုန်းတားရဖူးလို့လည်းကွာ “
” အဲဒါနဲ့ ငါလည်း သဘောတူလိုက်ရတယ် နတ်ကတော် မိအေးကို မကျေနပ်လို့ သူသတ်ခိုင်းစေချင်တဲ့ ဗုဒ္ဓဟူးသားလှဦးကို မခေါ်ပဲ မင်းကိုပဲခေါ်သွား မလားလို့ဆိုပြီး မင်းကိုတွေ့လို့ ဝင်လာခဲ့တာပဲကွ ” ဟု ပြောကာ အာခြောက်သွားဟန်ဖြင့် ရေနွေးခွက်ကို မော့သောက်လိုက်တော့သည်။
” ဗျာ” ” ဟာမဟုတ်တာဗျာ ကျွန်တော်ကသောကြာသားဗျ” မဖြစ်နိုင်ပါဘူး ခင်ဗျား မိန်းမက အယူခပ်သည်းသည်းရယ်နဲ့” ဟု သားပေါက်တွေ မခွဲသေးသေးသော ဝက်မကြီးကို မသတ်ရက်၍ ကိုသာမောင် ငြင်းမိလိုက်သည်။ကိုသာမောင်မှာ လှဦးလို ကိစ္စတော်တော် များများမှာ ဝက်ကို မသတ်ဖူးသော်လည်း တခါတရံ ကူညီ လုပ်ကိုင် ပေးဖူးသည် ဖြစ်ရာ လှဦးနဲ့ နတ်ကတော် မိအေးကို မကျေနပ်၍ ကိုမြကြီးမှ ခေါ်နေခြင်းဖြစ်သည်။ သာမောင်ရဲ့ အခြေနေကို ရိပ်စားမိသော ကိုမြကြီးက
“ဟာ့ ကောင်ရာ ဘာနေ့သားဆိုတာ မင်းပြောမှ သူတို့ သိမှာပါကွ အရင်လည်း လုပ်နေကြပါကွာ ဒီနတ်ကတော်နဲ့ လှဦး နှစ်ယောက် တိုင်ပင်ပြီး လုပ်တာကို ငါ သတင်းသဲ့သဲ့ ကြားရပါတယ်ကွ” “ငါ့မိန်းမနဲ့ ယောက္ခမကို အခြေတင်မပြောချင်လို့တာ သဘောတူ ရတာပါကွာ ” “နောက်ပြီး ဝက်ကလေးတွေကလည်း အစာတောင် တောင်းနေပါပြီ တခါတခါ နို့တောင်မှပဲ မစို့ ကြတော့ပါဘူး အဲ့တာကြောင့်ပဲ မနေ့ကတည်းက နို့ခွဲတဲ့ သဘောနဲ့ ငါ့ညီအိမ်မှာ ဝက်မကြီးကို သွားသိပ်ထားပြီးပါပြီ ” မင်းပဲ လာစမ်းပါကွာ ဟု အတင်းခေါ်နေသဖြင့် ကိုသာမောင်မှာ ဝက်ကလေးတွေလည်း နို့ခွဲထားပြီဟု သိရသည်က တစ်ကြောင်း ဆက်ငြင်းနေရင်လည်း မရမှာကို သိနေသဖြင့် လာခဲ့ပါမည်ဟု ဂတိပေးလိုက်ရတော့သည်။
မနက်က ကိုမြကြီးတို့ ကြက်နှင့် နတ်စားပြီးသည်ဖြစ်ရာ ညနေ ဝက်နဲ့စားပေး ရမည်ဖြစ်၍ ညနေ သုံးနာရီလောက် ကတည်းက လုပ်ကိုင်ထားကာမှ စားချိန်သောက်ချိန်နဲ့ ပိုတဲ့ဝက်သားတို့ကို ရောင်းတဲ့အချိန်ရမည်။ ထို့ကြောင့် ကိုသာမောင်မှာ ထွန်းလွင်နဲ့ လွင်မောင်ကိုပါ တခါတည်း ခေါ်သွား၍ ကိုမြကြီး ဝက်ကို ပေါ်ပေးရန် ထွက်လာကြတော့သည်။ ကိုသာ မောင်မှာ သူ့၏ ကြံရွက်လှံ ကို လည်းကောင် ထွန်းလွင်နဲ့ လွင်မောင်မှာ ငှက်ကြီးတောင် တစ်ယောက်တလက်ကို လည်းကောင်း ဝက်သတ်ရာတွင် သုံးရန် ယူလာခဲ့တော့သည်။
” ဟေ့ သာမောင်တို့ ရောက်လာ ကြပြီလာကွ ‘ ဝက်မကြီးက ငါ့ညီ အိမ်မှာပဲ ရှိသေးတယ်ကွ သွားမဆွဲရသေးဘူး ” ဟုဆို လာသဖြင့် မနားတော့ပဲ ထွန်းလွင်နဲ့ လွင်မောင်က တစ်အိမ်ကျော်တွင်ရှိနေသော ဝက်မကြီးကို သွားဆွဲ လာကြတော့သည်။ ကိုမြကြီး၏ အိမ်အောက်က စားပွဲနဲ့ တန်းလျားမှာလည်း လုပ်ကူရန် ရွာသား အချို့ ရောက်ရှိနေသည်ဖြစ်ရာ ကိုသာမောင်မှာ ထွန်းလွင်တို့ အလာကို ရွာသားများနဲ့အတူ စကားပြောကာစောင့်နေလေသည်။
လှဦးမှာ အချိန်ရောက်သည်တိုင် သူ့ကို လာမခေါ်သဖြင့် ကိုမြကြီး အိမ်ဘက်သို့ ထွက်လာရာ ကိုသာမောင်တို့ လှံကိုင်၍ ဝင်သွားသည်ကို မြင်ရကာ အခြေနေကို ရိပ်စားမိ၍ မျက်နှာချင်းဆိုင်က အိမ်ထဲမှ နေ၍ ကြည့်နေလေသည်။ စိတ်ထဲ တွင်လည်း နတ်ကတော်မိအေးကို ကြိတ်၍ ကျိမ်ဆဲနေမိသည်။ ဖိုးစီကတော့ အောင်နိုင်သူပမာ လှဦးကို အမူအရာဖြင့် လှမ်းလှမ်း စနေသည်ကို ကြည့်၍ ကိုသာမောင်တို့ တဝါးဝါး တဟားဟားဖြင့် ပွဲကြနေလေတော့သည်။
“ဆွဲပါဟ” “သစ်ပင်းနဲ့ ” “ပတ်လိုက်” ” ပတ်လိုက် ” အိမ်ရှေ့မှ ထွန်းလွင်နှင့် လွင်မောင်တို့ ၏ ဆူညံစွာ ထွက်ပေါ်လာသော အသံတို့ကြောင့် သူတို့ အဖွဲ့ အပြေးအလွှာ သွားကူညီကြရတော့သည်။ ဝက်မ ကြီးမှာ နို့ဆိုင်ကြီးများ တင်းနေသဖြင့် လွင်မောင်တို့ လာဆွဲသော အခါ၌ သူ၏ ကလေးများကို နို့တိုက်ရန် လာပြန်ခေါ်သည် အထင်ဖြင့် သူ့ကလေးတွေ ရှိရာသို့ အတင်းပြေးနေသဖြင့် ဝိုင်းဖမ်းပြီး သစ်ပင်တွင် ချည်နှောင် လိုက်ရသည်။
ချည်နှောင် ခံရသည့် ကြားကပင် ကလေးများရှိရာကို အတင်းရုန်းကန်နေသဖြင့် ကိုသာမောင်မှာ ချက်ကောင်းကို လှံဖြင့်ထိုးရန် ချိန်မရ ဖြစ်နေတော့သည်။ ထို အချင်းရာကို မြင်သော လှဦးမှာ တက်သည့်ပညာ မနေသာတော့သဖြင့် ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိ အနားမှ နေ၍
“ဟာ ဒီလူ လုပ်နေတာကလည်း စမ်းတမ်းတမ်းနဲ့ ပေးစမ်းပါ ဗျာ” ဟု အတင်း လှံကို လာလု သဖြင့် ကိုသာမောင်မှာ မခံချင်စိတ် ဖြစ်သွားရကာ “သွားစမ်းကွာ မင်းတစ်ယောက် ထဲ သတ်တက်တာ မဟုတ်ဘူး” ဟု ခပ်ထန်ထန် ပြောကာ ချက်ကောင်းရသော အချိန်၌ ဝက်မကြီး၏ ရှေ့လက်ပြင် နောက်နားသို့ စိတ်တိုတိုဖြင့် အားကုန် ထိုးလိုက်တော့သည်။
“အီး “ခနဲ ဝက်အော်သံနှင့်အတူ “ထောင်း ” ခနဲ ကြိုးပျက်ထွက်သွားသော အသံပါ ကြားရသဖြင့် ” ဟာ” “ဟင် ” ဟု အာမေဋိတ် အသံများ ထွက်ကာ အားလုံးကြောင်သွားကြရသည်။ သားပေါက်လေးများ နို့ဆွဲထားသဖြင့် ပိန်လှီ ချီနဲ့နေသော ဝက်မကြီးမှာ အသစ်စစ်စစ် ပလစ်စတပ် ကြိုးကို ပြတ်ထွက်သွားအောင် ရုန်းကန်သွားသည်ကိုလည်း နားမလည်နိုင်စွာဖြင့် အံ့ဩတကြီး ကြောင်ကာ ကြည့်နေကြတော့သည် ။ လှဦမှာ အရင်ဆုံး သတိဝင်လာရကာ လွင်မောင် လက်မှ ငှက်ကြီးတောင် ဓါးကို ဆွဲလု၍ ပြေးလိုက် သွားမှပင် အားလုံး နောက်က ပြေးလိုက် သွားကြတော့သည်။
” ဟာ” “ဟင်” မမျှော်လင့်သော မြင်ကွင်းကြောင့် အားလုံး ပါးစပ် အဟောင်းသာ ဖြစ်သွားရတော့သည်။ ကြိုးပြတ်အောင် ရုန်းထွက်လာသော ဝက်မကြီးမှာ သူတို့ ထင်ထားသလို အဝေးသို့ ပြေးထွက်မသွားပဲ သားဇောကပ်ခါ လှံတန်းလန်းစိုက်နေသည်ကိုပင် အမှု့မထားတော့ပဲ သူ့၏ကလေးများကို သွေးသံရဲရဲဖြင့် နို့တိုက်နေသော စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့ရတော့သည်။ ဝက်ကလေး များမှာလည်း တစ်နေ့နှင့် တစ်ည ပျောက်သွားသော သူတို့၏ မိခင် ဝက်မကြီး ပြန်လာသဖြင့် တကောင်နှင့်တကောင် တိုးဝှေ့ကာ အလုအရက်ပင် နို့ကို လုစို့နေကြတော့သည်။ ဝက်မကြီးမှာတော့ ကလေးများကို အားတင်းကာ နို့တိုက်နေရသော်လည်း မိရပြင်းထန်ပြီး အားပါလှတဲ့ လှံချက်ကြောင့် အသက်ရှူလိုက်တိုင်းမှာ နှာခေါင်းမှ သွေးများစီးကျကာ ပါးစပ်ထဲဝင်နေသဖြင့် လျှာဖြင့် သိမ်းသိမ်းပြီး ပြန်ပြန်သောက်နေရသည်။ တချို့ ဝက်ကလေးများမှာ မိခင်ကြီး ဒဏ်ရာမှ ထွက်ကြလာသော သွေးများကို ပျောက်လိုပျောက်ညား သူတို့၏ နှာခေါင်းလေးများဖြင့် တိုးကာတိုးကာ သုတ်ပေးနေသရောင်ရှိသည် ။ သူတို့ ထင်သလို သွေးများမှာ ပျောက်၍ မသွားပဲ အဆက်မပြက် ဆက်၍ ဆက်၍ပင် ထွက်ကြလာပြီး ဝက်မကြီးမှာ အသက်ငင်ကာ နေတော့သည်။ ထိုမြင်ကွင်းကို မြင်ရသော ဝက်သတ် သမားတို့ အဖို့မှာ ယူကြုံမရဖြစ်စွာဖြင့် စိတ်မချမ်းသာစရာ မြင်ကွင်းကို ပါးစပ်အဟောင်းသား ငေး၍သာ ကြည့်နေမိတော့သည်။ ကိုသာမောင်မှာ ထိုမြင်ကွင်းကြောင့် သူ၏ ဒူးတို့မှာ ညွှတ်ခွေကျလာကာ မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားတော့သည်။ မမျှော်လင့်ပဲ အရှိုက်ကို ထိမိသွားသကဲ့သို့ ဖြစ်ရာ အော်၍ပင် ငိုလိုက်ချင်သော်လည်း တကယ်တမ်းတွင် လည်ချောင်းဝမှာ ဆို့နစ်နေသဖြင့် မျက်ရည် ပူတို့မှာ မိုးရွာ သကဲ့သို့ပင် မြေကြီးပေါ်မှသို့ ပိုးပိုးပေါက်ပေါက် ကျနေတော့သည်။ ရုတ်တရက် တိတ်ဆိတ် ငြိမ်သက်သွားသော ဝန်ကျင်မှာ ဝက်ကလေးများ၏ ပျော်ရွှင်မြူးတူးစွာ နို့စို့နေသော အသံများမှာ ကြီးစိုးနေတော့သည်။ မကြာခင် သူတို့၏ မိခင်နှင့် တစ်သက်စာ ဝေးကြရမည့် အရေးက သူတို့နှင့် လားလားမျှမဆိုင်သလို တနေ့နဲ့ တစ်ညတာ ဝေးကွာခဲ့ရသော အဟာရကို အပူပင်ကင်းစွာ ဖြည့်တင်းနေလေတော့သည်။
” ဟူး ” ့့့ “မလုပ်လို့လည်း ရမှမရတာပဲဗျာ ကဲ့လုပ်စရာရှိတာ လုပ်ကြရအောင်” ငှက်ကြီးတောင်ကြီး ကိုင်ကာ ရှေ့ဆုံးမှ ရပ်နေသော လှဦးမှ ထံမှ လေးပင်စွာဖြင့်ပင် သက်ပြင်းမောကြီးကို မှုတ်ထုတ်ကာ ဆော်ဪလာသဖြင့် အားလုံးမှာ လှုပ်လှုပ် ရွရွ ဖြစ်လာကြတော့သည်။ ကိုသာမောင်မှာ တုတ်တုတ်မျှပင်မလှုပ် ရီဝေသော မျက်လုံးများဖြင့်သာ ဝက်ကလေးများကို ကြည့်နေမိတော့သည်။ ဒီတခါ သူလုပ်လိုက်တဲ့ အရာအတွက် အတော်လေး စိတ်ထိခိုက်ရသွားဟန်တူသည်။ ဝက်မကြီးကို နတ်စားမီးဖိုရှိရာ အိမ်ပေါ်သို့ တင်ရမှာ ဖြစ်သည့်အတွက် မ တင်ရန်ပြင်ဆင်ကြရတော့သည်။ နို့စို့နေသော ဝက်ကလေးများကို အကြမ်းအဓမ္မဖယ်ထုတ် လိုက်သောအခါ နို့တောင်းသံများ သူတို့ရဲ့ မိခင်ဝက်မကြီးကို ဆွဲယူသွားသောကြောင့် ကြောက်လန့်ကြား အော်ဟစ်သံများဆူညံစွာ ထွက်ပေါ်လာတော့သည်။ အသက်ငွေ့ငွေ့သာ ရှိနေတော့သည့် ဝက်မကြီးမှာ လည်း တချက်ချက် သူ့ကလေးများဆီကို တဂရူး ဂရူးဖြင့် မပီမသ အသံပြန်ပြုနေသည်မှာ ကိုသာမောင်ရဲ့ နားထဲသို့ သံရည်ပူ လောင်းထည့် နေသကဲ့သို့ ရှိနေတော့သည်။ ဝက်ကလေးများမှာ ရွာသားများ မ သွားသော ဝက်မကြီးနောက်သို့ ကြောက်လန့်နေသည့် ကြားမှပင် မရဲတရဲ ပြေးပြေးလိုက်နေ သဖြင့် ခြေထောက်နဲ့ အဝေးမှကန်ကာ ခြေရိပ်ပြ ခြောက်လှန့်နေရတော့သည်။ အပေါ်သို့ မ တင်သွားသည်ကို မြင်လိုက်သာ ဝက်ကလေးများမှာ မိခင်ဝက်မကြီး ပြန်လာမည် အထင်ဖြင့် လှေကားထစ် နားတွင် တဝဲလည်လည်လုပ်၍ တအီ အီ အသံပြုနေကြတော့သည်။ ရင်နင့်စရာ မြင်ကွင်းကို ထင်မှတ်မထားပဲ မြင်လိုက်ရသည့် ကိုသာမောင်မှာ ဆက်လက် ကြည့်ရှူရန် အင်အားတို့မှာ လုံးဝကုန်ဆုံးသွားခဲ့ချေပြီတကာ။ အိမ်ပေါ်တွင် အလုပ်ရှုပ်နေသော ကိုမြကြီးမှာ ထိုအခြေနေကို လုံးဝမသိသေးသောကြောင့် အိမ်အောက်မှာ တစ် ယောက်တည်း ရှိနေသော သာမောင်ကို မြင်သဖြင့်
“သာမောင်ရေ မင်းတက်လာရင် စပါးကျီထဲက အရက် ပုလင်းတွေပါ ယူခဲ့ကွာ” ဟု လှမ်းပြောလိုက်သည်။
” ပြောတော့ နို့ခွဲထားပြီဆို ” ဟူသော စကားကို ပလုံးပထွေးပြောကာ ဒယိမ်းဒယိုင် ခြေလှမ်းများဖြင့် ခြံအပြင်သို့ ထွက်သွားသော ကိုသာမောင်၏ နောက်ကြောကို ကြည့်နေရင်း ကိုမြကြီးတစ်ယောက် နားမလည်နိုင်စွာဖြင့် ကျန်ရစ်နေခဲ့လေတော့သည်။
ဝက်လေးများ၏ အသံမှာ ဝေးကွာ၍ ကျန်နေခဲ့သော်လည်း သာမောင်၏ စိတ်ထဲမှာတော့ ထိုအရာများမှာ အရိပ်ပမာ ထင်ကျန်နေခဲ့တော့သည်။
#မင်းသက်ခိုင်