———————————
ကျုပ်နာမည်က ဦးသက်ဖေ အသက်က ၅၂ နှစ်စွန်းပြီပေါ့ ။ အလုပ်အကိုင်ကတော့ မိရိုးဖလာတောင်သူအလုပ်ပါပဲ။ အိမ်ရှင်မနာမည်က မခင်သိန်းတဲ့ ။ သားသမီးလေးယောက်နဲ့ အငယ်ဆုံးလေးကတော့ သမီးလေးပေါ့။ အကြီးဆုံးသားက ဘခက်တဲ့ ။ တလောလေးကပဲ သေသွားပြီ ။ သေသွားပြီဆိုတာ လွယ်လွယ်ပြောလိုက်တာတော့မဟုတ်ဘူး။
ကျုပ်သား ဘခက်က အင်မတန်လိမ္မာတဲ့ကလေးဗျ ။ အသက်က ၂၁ နှစ်ပြည့်လုပြည့်ခင်လေးပဲ။ အတန်းပညာသိပ်မရှိပေမဲ့ မိဘအပေါ်မှာ အလွန်သိတတ်တဲ့ကောင်။ ကြုံရာကျဘမ်းအလုပ်နဲ့ပဲ မိဘကိုလုပ်ကျွေးနေတာ။ စောစောကပြောတဲ့ အင်မတန်လိမ္မာတဲ့ ကလေးဆိုတာ ကျုပ်တို့မိသားစုက သတ်မှတ်ထားတာမဟုတ်ဘူး ။ ကျုပ်အင်တိုင်းရွာ တစ်ရွာလုံးက သတ်မှတ်ထားတာ။ အပြုံးလေးကလဲ ချိုပါဘိသနဲ့။
လမ်းလုပ်သားတဲ့ ။ လမ်းခင်းကျောက်တူး ၊ ကျောက်ခွဲ ၊ ကျောက်စီ ၊ ကပ်တရာလောင်း စတဲ့အလုပ်ကြမ်းသမားလေး ဘခက်ပေါ့။ ဒီအလုပ်ဆိုဒ်ထဲ ရောက်နေတာ ဘာကြာသေးလို့လဲ ကိုးရက်ပဲရှိသေးတယ်။ သူ့ညီဝမ်းခွဲတစ်ယောက်နဲ့လေ ။ သူ့ညီကဆိုင်ကယ်ခပ်စုတ်စုတ်လေး ရှိတော့သွားရေးလာရေး အဆင်ပြေသားပဲ။ ဘခက်အဖေ ကျုပ်မိန်းမကလဲ နာတာရှည်ရောဂါသည်လို့တောင်ပြောလို့ရတယ်။ စားဖို့နဲ့ဆေးဖိုး ဘာကွာတာမှတ်လို့ ။ ကျုပ်တို့သားဖတစ်တွေ ရှာတာက စားဖို့နဲ့ မိခင်သိန်းဆေးဖိုးပဲ။
ကျုပ်သား ဘခက် မဆုံးပါးစဥ်က သူ့ညီမအငယ်ဆုံးလေးကို ရှင်ပြုနားသအလှူလေး နိူင်သလောက်လှူချင်သတဲ့ ။ ကျုပ်တော့ဖြင့် ဝမ်းနည်းဝမ်းသာပါပဲ ။ ဝမ်းနည်းတယ်ဆိုတာက ဒီခေတ်ကာလစျေးတွေနဲ့ အလှူတစ်ခု ဖြစ်ဖို့မလွယ်ဘူးပေကိုးဗျ။ ဒါပေသိ ဒီကောင်ဘခက်က ဖြစ်အောင်လုပ်မဲ့ကောင်မို့ ကျုပ်မှာ ဝမ်းသာရတယ်။ မျက်ရည်ခိုးပြီး ကျရတယ်လေ ။ ဒီအကြောင်းတွေပြောရတာ ရင်ထဲတစ်မျိုးကြီးပါပဲဗျာ ။ သူ့ညီမ ထွေးငယ်ကို ချစ်တာကလဲ အကိုဆိုပေမဲ့ ဖခင်တစ်ယောက်လို မေတ္တာမျိုးနဲ့လေ ။
လမ်းခင်း အလုပ်ရတုန်းကလဲ ဝမ်းတွေသာလို့ အလုပ်ကြမ်းပေမဲ့ တစ်နေ့ ရှစ်ထောင်ရသတဲ့ ။ ငါးထောင်စားပြီး သုံးထောင်စုမယ်လို့လဲ သူ့အမေဖြစ်သူကို ပြောနေတာ ကျုပ်ကြားပါရဲ့ ။ သုံးရက်လောက်အလုပ်ဆင်းပြီး မိခင်သိန်းက ချောင်းတဟွတ်ဟွတ်နဲ့ အဆင်ပြေရဲ့လားမေးတော့ အမေ့ကိုမညာချင်ဘူးတဲ့လေ စိတ်ဝင်စားလို့ ထရံပေါက်ကအသာ နားစွင့်ကြည့်တော့ လမ်းခင်းအလုပ်ဆိုတာ အရိပ်မရှိတဲ့ လမ်းပေါ်မှာ ၊ မေတ္တာမရှိတဲ့လမ်းတွေပေါ်မှာတဲ့ တချို့ကသနားလို့ ရေဘူးလေးတွေ ပစ်ချခဲ့တာရှိပေမဲ့ တချို့သော ကားသမားက ကျုပ်တို့ကို တိရစ္ဆာန်တစ်ကောင်လိုမျိုး သဘောထားပြီး ကားကိုအရှိန်မလျော့ပဲ မောင်းကြသတဲ့ ၊ ကားပေါ်ကနေ သေချင်လို့လား ဆဲဆိုကျိန်းမောင်းသတဲ့ ၊ ကွမ်းတံထွေးကိုဖီကနဲမြည်အောင် ထွေးထုတ်သွားကြသတဲ့ ။ မလွယ်လှဘူး ။ ဒါဟာလောကဓံတရားပဲ ငါ့သားလို့ ကျုပ်စိတ်ထဲကနေပဲ ပြောဖြစ်ခဲ့သေးတယ်။
အဲဒီနေ့က ကျုပ်သားဘခက်ဆုံးသွားလို့ပြောတဲ့ စကားမဟုတ်ဘူး။ အဲနေ့ညက အိပ်မက်တွေလဲ မကောင်းဘူး ။ မနက်ကတည်းက စိတ်ထဲမှာ ဝမ်းနည်းလုံးကြီးစို့နေသလိုမျိုး ထစ်စို့စို့ကြီးပါဗျာ တကယ်ပြောတာ။ ရွာအရှေ့ပိုင်းက လှဆောင်သား မင်္ဂလာဆောင်ရှိလို့ ဘခက်အလုပ်မသွားဘူးတောင်ထင်ထားတာ ။ မိခင်သိန်းမေးကြည့်တော့ နေကုန်စာထမင်းလေးထုတ်ပြီး ညီကိုနှစ်ယောက် သွားလေရဲ့တဲ့ ။ မင်္ဂလာဆောင်အိမ် ခဏတပမ်းသွားပြီး ရွာအနောက်ဖက်က နေကြာခင်းဆီအသွား ဘခက်အောက်က တစ်ယောက်ကျော် နို့ညှာကောင် ငကြွက် ယာထဲထိ အမောတကော ရောက်လာတယ်။ အစ်ကိုကြီးကိုကားနဲ့တိုက်မိလို့တဲ့ ။ ငကြွက်ကငိုလဲငိုလို့ ။ စိတ်ထဲမှာ နင့်နေအောင်ခံစားလိုက်ရပေမဲ့ မိဘလုပ်ကျွေးနေတဲ့ ကလေး နတ်ကောင်း ၊ နတ်မြတ်တွေ စောင့်ရှောက်မှာပါလို့ပဲ ကျုပ်ဆုတောင်းခဲ့မိတာ ။ ညစ်ထေးထေးအဖြူအစိမ်း ကျောင်းဝတ်စုံလေးနဲ့ ငကြွက် လွယ်အိတ်ကို အိမ်မှာမချိတ်ခဲ့နိူင်ဘူး ၊ ဖိနပ်လဲမပါဘူး ၊ ကျုပ်ကိုအော်ပြောပြီး ကျုပ်ရှေ့ကနေပြေးနေတာ တရိပ်ရိပ်နဲ့ ။ သိပ်တော့မဝေးပါဘူး ကျုပ်မျက်ရည်တွေနဲ့မို့ အမြင်တွေဝေဝါးနေတာလဲ ဖြစ်မှာပေါ့။
ကုန်စျေးနှုန်းတွေသာ မျက်ရည်လိုမျိုးကျနေရင် သူ့ညီမအတွက် နားသအလှူလုပ်ဖြစ်လိမ့်မယ်ထင်ပါရဲ့ဗျာ။
မြို့ဦးဆေးရုံရောက်တော့ သားကအသက်မရှိတော့ဘူး ။ နောက်ဆုံးထွက်သက်မှာ သားဘာတွေများပြောချင်ခဲ့သလဲ ကျုပ်မသိလိုက်ပါဘူး ။ ကျုပ်မငိုမိဘူးနော် ။ ဘခက်အလောင်းတင်ထားတဲ့ ကုတင်နားမှာ ကျုပ်မငိုမိဘူး ။ စိတ်ထဲတော့မကောင်းဘူးပေါ့။
သူ့အမေကျုပ်မိန်းမ မိခင်သိန်းလဲ ရောဂါသည်ဆိုတော့ သူ့သားသေတာ ချက်ချင်းအသိမပေးရဲဘူးလေ ။ ဘခက်ဝမ်းကွဲညီ မျိုးမင်းနိူင်ကလဲ ဟိုဘက်အခန်းထဲမှာ သတိမရသေးဘူးတဲ့ ။ ကိုယ်ကျိုးတွေတော့ နည်းကုန်ပြီထင်ပါရဲ့ ။ ဘယ်လိုကနေဘယ်လိုဖြစ်မှန်းလဲ ခုထိမသိသေးဘူး ။ ဘခက်အသက်မရှိတော့ဘူးဆိုတာတော့သိတယ်။
ဒီအခန်းထဲမှာ ကျုပ်ရယ် ကျုပ်သားဘခက်အလောင်းရယ် ဒါပဲရှိတယ်။ ခဏနေမှ ကျုပ်မသိတဲ့ မျက်နှာစိမ်းလူသုံးယောက်ဝင်လာတယ်။ တစ်ခါမှမမြင်ဖူးဘူး ။ အတော်အသင့်စီးပွားရှိပုံရပါတယ်။ ဟိုမိန်းမကြီးတစ်ယောက်ဆိုရင် ပိုက်ဆံအိတ်အကြီးကြီးချိုင်းကြားညပ်လို့လေ ။
“ဒီက ဦးလေးက ကလေးအဖေလားရှင့်”
ဝမ်းနည်းဟန်ဆောင်ထားတဲ့ မျက်နှာပေးနဲ့ ကျုပ်ကို ဘခက်အဖေလားတဲ့ ။
“ဟုတ်ပါတယ် ဟောဒီဟာ ကျုပ်သားဘခက်ပါပဲ ”
အနောက်ကပါလာသူ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးငယ်တစ်ယောက်ကတော့ ဘခက်အလောင်းကို တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားတယ်။
” ဖြစ်ချိန်တန်တော့ ဖြစ်ခဲ့ကြပြီးပြီပေါ့ရှင် တကယ်စိတ်မကောင်းဖြစ်မိတာလဲ အမှန်ပါပဲ ကျမတို့လဲ အစစအရာရာကြည့်မနေပါဘူး အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာပါ”
ဒီအမျိုးသမီး ဘာကိုဆိုလိုတယ်ဆိုတာ ကျုပ်မသိဘူး ။ ဒါပေမဲ့ သူပြောတဲ့ ဖြစ်ချိန်တန်တော့ဖြစ်ခဲ့ကြပြီးပြီပေါ့ရှင် ဆိုတဲ့စကားကိုတော့ ကျုပ်မကြိုက်ဘူး ။ ကျုပ်ငြင်းပယ်တယ်။ ကျုပ်သားအသက် ၂၁ နှစ်ပဲရှိသေးတယ် ။ နောက်ပြီး မိဘကိုလုပ်ကျွေးနေတဲ့ကလေး ။ ဖြစ်ချိန်မတန်သေးဘူး ။ ကျုပ်သားသေချိန်မတန်သေးဘူးလေ ။ ကျုပ်အသားတွေ တဆက်ဆက်တုန်ခါလာတယ်။ နောက်ပြီး တင်းထားတဲ့ကြားက မျက်ရည်ပူတွေ လိမ့်ကျသွားတယ်။
“ကျုပ်တော့ ဘာမှမသိတော့အောင်ပါပဲဗျာ ကလေးကားတိုက်ခံရတယ် ကြားလို့ဇွတ်လိုက်လာတာ ဒီရောက်တော့ ကျုပ်သားအလောင်းကို တွေ့..”
စကားရှေ့ဆက်မပြောလိုက်နိုင်ဘူး ။ ယောကျာ်းဆိုပေမဲ့ ကျုပ်ကဖခင်တစ်ယောက်ပဲမဟုတ်လား ငိုမိတာပေါ့။ ကျုပ်အိမ်မှာသာဆိုရင် အော်တောင်ငိုမိမလားမသိဘူး ။
အဲဒီအမျိုးသမီး အိမ်သားမောင်းတဲ့ ကုန်တင်ကားကြီးနဲ့ တိုက်မိတာတဲ့ ။ သူ့ ယောကျာ်းကလဲ အခုအချုပ်ထဲရောက်သွားပြီတဲ့ ။ ကျုပ်ဘက်က ဒီအမှုမှာ ကျေအေးပေးရင် သူ့ယောကျာ်းထောင်မကျပဲ ပြန်လွတ်လာမှာတဲ့ ။ အစစအရာရာအဆင်ပြေအောင် ကူညီပေးမှာပါတဲ့ ။ ကျုပ်အဆင်ပြေဖို့ ၊ ကျုပ်မိန်းမမိခင်သိန်းအဆင်ပြေဖို့ ၊ ဘခက်ညီနှစ်ယောက်နဲ့ သူအချစ်ဆုံး ညီမလေးထွေးငယ်တို့ အဆင်ပြေစေဖို့ လိုအပ်နေတာ ဘခက်ကလွဲပြီး အခြားရှိနိူင်မယ် မထင်ဘူး ။
“ကျုပ်ကတော့လေ ဒီအချိန်မှ ဘာစကားမှမပြောနိူင်သေးပါဘူးဗျာ သားနာရေးတဖက်နဲ့ ထူပူနေတာကလွဲပြီး ဘာမှမပြောတတ်ပါဘူး ”
အလောင်းကို နာရေးကူညီမှုအသင်းရဲ့ နာရေးယာဥ်ကားနဲ့ပဲ ရွာကိုပြန်သယ်ရတယ်။ အလောင်းကိုတော့ ရွာထဲအထားမခံဘူးပေါ့ဗျာ ။ ထုံးစံပဲလေ ။ ရွာနာသတဲ့ ။ ကျုပ်မှာလဲ အသည်းတွေ ၊ အူတွေနာကျင်လွန်းရပါတယ်။ မိခင်သိန်းကတော့ ပြောမနေပါနဲ့ အရူးမီးဝိုင်း ၊ အရုပ်ကြိုးပြတ်ပါပဲဗျာ ။ ဝမ်းနဲ့လွယ်မွေးထားရတဲ့ မိခင်ပေကိုးဗျ ခံစားရမှာပေါ့ ။ အငယ်ဆုံးမလေးထွေးငယ်ကတော့ သုံးနှစ်ကျော်လေးနှစ်သမီးမို့ သူ့အမေငိုလို့သာရောငိုနေတာ သိပ်ပြီးရေရေရာရာသိပုံမပေါ်ဘူး ။ ဘခက်အောက်က ငထင်လဲ သူ့အကိုဆုံးရှုံးမှုမှာ နှမြောတသတော့ ဖြစ်မိမှာပေါ့ဗျာ ။ အဆိုးဆုံးက ဟိုကောင် ငကြွက်ဆိုတဲ့ နို့ညှာကောင်ပေါ့ ။ သူ့အကိုကားတိုက်ခံရလို့ ကျုပ်ကိုငိုပြီး လာအကြောင်းကြားတဲ့ကောင်လေ။ သူ့အကိုနာမည်ခေါ်ခေါ်ပြီး ငိုတော့တာပဲ။ ဘယ်လိုစိတ်မျိုးနဲ့ ဒီအသံတွေကို နားထောင်ရက်ပါ့မလဲဗျာ။ ခက်ပါတယ်။
“အစ်ကိုကြီး ထပါအုံးဗျ ဖြူစိမ်းအင်္ကျီမဝယ်ခိုင်းတော့ပါဘူး ပြန်လာခဲ့ပါတော့ အစ်ကိုကြီးရယ် စာတွေလဲဖတ်ပြပါ့မယ်ဗျ နောက်တစ်ခါဖိနပ်လဲ မပျောက်အောင်နေပါ့မယ် အစ်ကိုထပါအုံး အမေကရူးသွားလိမ့်မယ် အစ်ကိုကြီးရဲ့ ဟီးးဟီး အဖေရေ လုပ်ပါအုံး ခေါ်ပေးကြပါအုံး”
ကျုပ်လဲ ငကြွက်ဘေးမှာရှိပါရဲ့ ။ မိခင်သိန်းက ငိုရင်းအကြောတက်တက်သွားလို့ လုပ်ပေးနေရသေးတာ။ အသံတွေလဲပြာနေပါပြီ။ သွားလေသူကလဲ သွားပြီပဲလေ။ နေစောင်းရင် သားအလောင်းကို ကိုယ်တိုင်ထမ်းချရအုံးမယ်။ ဘယ်သူကထင်မှာလဲ ကိုယ့်သားအလောင်းကိုယ်တိုင်ထမ်းချရမယ်လို့လေ ။ ခဏနေရင် လောကဓံက ကျုပ်ကိုအရူးဆေးကျွေးကြလိမ့်မယ်။
တကယ့်ငရဲခန်းပါပဲဗျာ။ မိခင်သိန်းလဲ မသေရုံတမယ်ပဲ ။ ကလေးတွေလဲငိုလိုက်ကြတာများ အသံတွေတောင်ပြာပါတယ်ဆိုဗျာ။ ငကြွက်အဆိုးဆုံးပဲ ။ သူ့အစ်ကိုကြီးကို အင်မတန် သံယောဇဉ်ကပ်တွယ်တဲ့ကလေး။ ဘာတဲ့ ဖြူစိမ်းအင်္ကျီမပါလဲပြန်လာခဲ့ပါတော့တဲ့ ။ သူ့ကို ဘခက်က ဝယ်ပေးမယ် စာကြိုးစားဆိုပြီးပြောထားတာကိုးဗျ ။ ဖိနပ်ခဏခဏပျောက်လို့ ဘခက်ဆူဆဲထားတာလဲ မှတ်မိပါ့ဗျာ ။ ဖိနပ်လဲမပျောက်တော့ပါဘူးတဲ့။ ခံစားရမှာပေါ့ ။ အစ်ကိုကြီး အဖအရာပီသခဲ့တာကိုး။
သင်္ချိုင်းကနေ သူတို့ပြန်သွားတော့ ကျုပ်တစ်ယောက်ထဲကျန်ခဲ့တယ်။ ကျုပ်သားဘခက် မြေစာပုံနားမှာပဲလေ။ ခဏနေရင် မိုးချုပ်တော့မယ်ထင်ပါရဲ့ ။ အိပ်တန်းပြန်ငှက်တွေ အသိုက်ရှိရာကို အစီအရီပျံသန်းလို့။
ဒီအချိန်ဆိုရင် ဘခက်အိမ်ပြန်ရောက်နေပြီ ။ အခုတော့ ဘယ်ဆီရောက်နေပါလိမ့်။ မိုးသားတွေလို တရိပ်ရိပ်နဲ့ပြေးလွှားနေမှာပေါ့။
“ဘခက် ငါ့သားလေး ငါငိုပြီကွာ ငါ့သားအတွက် ဘယ်သူမှမရှိတဲ့အချိန် အဖေငိုပြီငါ့သား ငါ့ရင်ထဲမှာ ဘာတွေဖြစ်နေလဲ ငါ့သားမြင်ရဲ့လား လောင်နေပြီကွ မီးတွေလောင်နေပြီ ငါ့သားရေ လုပ်ရက်ကြပါပေ့ကွာ ငါဘယ်သူ့ကိုအပြစ်တင်ရမလဲငါ့သားရဲ့ ငါတို့တစ်မိသားစုလုံးရဲ့ မပြည့်စုံခြင်းကို သားကကျောပေါ်တင်ထားတာလေ အဖေဘယ်လိုဖြေရမလဲသားရဲ့ ဟင် အဖေဘယ်လိုဖြေရမလဲငါ့သား ”
ကိုယ်မွေးထားတဲ့သားက ကိုယ့်အရင်ထွက်ခွာသွားတဲ့ ခရီးကနေ ကျုပ်ကျောခိုင်းပြီး ရွာဘက်ကိုပြန်လာခဲ့တယ်။ ကျုပ်ရင်ထဲမှာ သောကလှိုင်းတွေ ထန်နေသလောက် လမ်းတလျှောက် မှာတော့ ပုစဥ်းရင်ကွဲသံကလွဲပြီး အရာအားလုံးကတိတ်ဆိတ်လို့ပေါ့။
ခင်သိန်းရောဂါကလဲ ဆိုးသွားလိုက်တာ ဗုန်းဗုန်းလဲ ။ ဟိုဘက်ရွာက အပ်ပုန်းဆရာ ကိုချစ်ဆွေဆိုရင် ကျုပ်အိမ်ကနေပြန်ရတယ်လို့ကိုမရှိဘူး ။
သားကိုမြေချပြီးပေမဲ့ ဥပဒေအရတဲ့ မြို့တရားရုံးသွားရသေးတာပေါ့။ ကျုပ်ကိုဆေးရုံမှာလာတွေ့တဲ့ အမျိုးသမီးကလဲ ရွာအထိလာပြီး သားနာရေးကိစ္စဝဝကို ဆောင်ရွက်ပေးပါတယ်။ တရားရုံးမှာ ရှေ့နေရှေ့ရပ်တွေက မေးတော့ ကူညီပေးပါကြောင်း ထွက်ဆိုခဲ့ရသေးတယ်။ တရားခံဆိုတဲ့လူကို ကျုပ်ဘာကြောင့်မှန်းမသိ မကြည့်ရဲဘူး။ တရားခံဆိုတာ တစ်နည်းအားဖြင့်တော့ ကျုပ်သားကို သတ်ခဲ့တဲ့လူပဲလေ။ ကျုပ်တော့အဲလိုပဲယူဆထားတယ်။ သူ့ကိုမြင်ရင် သားကိုသတိရတာကော သူ့အပေါ်မှာအမုန်းပွားမိမှာကောကြောင့် မကြည့်ရဲတာပါ။ မေးမြန်းသမျှထွက်ဆိုပြီးတာနဲ့ ပြန်ခဲ့တော့တယ်။ ရုံးချိန်းက နောက်တစ်ပတ်ထပ်ချိန်းလိုက်တယ်။
တရားရုံးထဲမှာပဲ ။ ကျုပ်ပြန်မယ်လုပ်တော့ ကားပေါက်စအကောင်းစားတစ်စီး အနားရောက်လာတယ်။ ဟိုမိန်းမပဲ။ တရားခံရဲ့မိန်းမပေါ့။ ရှင်းရှင်းပြောရရင် ဒီမျက်နှာတွေကိုလဲ ကျုပ်မတွေ့ချင်တော့တာအမှန်ပဲ။ ခဏစကားပြောပါရစေတဲ့ ။ ကျုပ်ရွာအထိလဲ ဒီကားနဲ့ လိုက်ပို့ပါ့မယ်တဲ့ ။ ဘာကြောင့်ညာကြောင့်မှ မဟုတ်ပါဘူး။ ကျုပ်ကအားတော့နာတတ်သားဗျာ။ စကားလက်ခံပြောဖို့ခွင့်ပြုလိုက်တယ်ဆိုပါတော့။
ကျေအေးပေးဖို့တဲ့။ သားအတွက်နစ်နာကြေးရယ်လို့မဟုတ်ပါဘူး ကူညီတာပါတဲ့ ပိုက်ဆံသိန်းသုံးဆယ်ကိုလဲ တစ်လုံးထဲပုံပေးပါ့မယ်တဲ့ ။ ဒီအမှုကို ကျေအေးရုပ်သိမ်းကြောင်း တရားရုံးမှာ လက်မှတ်ထိုးပေးရမယ်တဲ့ ။ တရားခံသူ့ယောကျာ်းကလဲ ကျန်းမာရေးမကောင်းသူမို့ပါတဲ့ ။ ကျုပ်စဥ်းစားပါရစေအုံး ပြောရအောင်လဲ ကျုပ်ကဘာကိုစဥ်းစားရမှာလဲ စဥ်းစားမရဘူး။ ကျုပ်ခေါင်းထဲမှာရှိတာတစ်ခုပဲ။ သားရဲ့ရည်ရွယ်ချက်လေး အထမြောက်ချင်တာပဲသိတယ်။ သူ့ညီမ ကျုပ်သမီးအငယ်ဆုံးမလေး ထွေးငယ်ကို ရှင်ပြုနားသအလှူလေးနိူင်သလောက်လှူချင်တာပဲသိတယ်။ ကျုပ်သူတို့ပြောတဲ့ သိန်းသုံးဆယ်မက်မောလွန်းလို့်လဲ မဟုတ်ပါဘူးဗျာ။ တကယ်ပြောတာပါ။ ကျုပ်သားက ဘာမှတန်ဖိုးဖြတ်လို့မရတဲ့ သားလိမ္မာပါ။
သူတို့ကျေးဇူးတင်စကား အတန်တန်ပြောနေတဲ့ အချိန်မှာ ကျုပ်လက်ထဲပိုက်ဆံသိန်းသုံးဆယ်ရောက်နေပါပြီ။ ကျုပ်လက်ခံခဲ့တယ်ပေါ့ဗျာ။ ပြီးပြီးသားကိစ္စပြီးပါစေတော့ အရှည်အရှည်လဲ မဖြစ်ချင်တော့ပါဘူး။ ငွေများတရားနိူင်ခေတ် ကျုပ်မှာကလဲ သိတဲ့အတိုင်းပဲလေ။ ခေါင်းထဲမှာ သားရည်မှန်းချက် အလှူလေးအထမြောက်သွားဖို့ပါပဲ။
ကျုပ်အိမ်ရောက်တော့ နေထန်းပင်ဖျားလောက်ရှိပြီပေါ့။ ခဏဆိုနေဝင်တော့မှာ။ မိခင်သိန်းကတော့ ထုံးစံအတိုင်း အိပ်ယာထဲလဲနေတုန်းပါပဲ။
“မိခင်သိန်းရေ နင်လဲစိတ်ကိုလျော့လိုက်ပါတော့ ကံပေါ့ဟာ ငါတော့ဒီလိုပဲတွေးမိတယ် ကလေးကံကလဲ ဒီလောက်ပဲပါတာမို့ပေါ့ ဟုတ်ဘူးလား ကိုချစ်ဆွေ ”
ဟိုဘက်ရွာက အပ်ပုန်းဆရာကိုချစ်ဆွေလဲ ခေါင်းတညိတ်ညိတ်လုပ်ရင်း ထောက်ခံတယ်။ ကျုပ်မိန်းမကတော့ ထုံးစံအတိုင်းပေါ့ဗျာ မျက်ရည်လေး တစ်စမ်းစမ်းပါပဲ။ မဖြေနိုင်သေးဘူးပေါ့။
“မိခင်သိန်း နင်ငါ့ကိုလဲ တစ်မျိုးတစ်မည် မမြင်စေချင်ဘူး နင်လဲအသိပဲလေ နင့်သားဘခက်ဆန္ဒလေးက ရှိသေးတာကိုးဟ”
အမှန်တိုင်းပြောရရင် ကျုပ်ပိုက်ဆံယူလာခဲ့တဲ့ ကိစ္စပွင့်ပွင့်လင်းလင်းမပြောရဲဘူး ။ မိခင်သိန်းကော ကလေးတွေကော စိတ်အနာတရတွေ ဖြစ်ကုန်မှာ ကျုပ်ကြောက်နေခဲ့တာ အမှန်ပဲ။
“နင့်သမီး သူ့ညီမထွေးငယ်လေးကိုလှူပေးချင်တာ နင်လဲအသိ လှူဖို့အတွက် ပိုက်ဆံအခက်ခဲဖြစ်နေတာလဲ ထည့်ပြောဖို့မလိုတဲ့ ကိစ္စပဲဟာ အခုဟာကလဲ သားဆန္ဒလေး ဖြည့်ဆည်းပေးချင်တဲ့ စိတ်တစ်ခုထဲပဲ မက်လို့မောလို့ မဟုတ်ဘူးနော် အမှုပိတ်ပေးဖို့တဲ့ ပိတ်ပိတ်မပိတ်ပိတ် သွားသူကသွားပြီလေ ပွင့်ပွင့်လင်းလင်းပြောရရင် ငါကူငွေ သိန်းသုံးဆယ် လက်ခံခဲ့တယ် မိခင်သိန်း”
ကျနော်နောက်ထပ် ဘာစကားမှ ထွက်ကျမလာတော့ဘူး မျက်ရည်တွေစီးကျနေတာတော့ သတိထားမိတယ်။
သူ့အမေလဲလျောင်းရာ နေရာမှာ ငကြွက်က ကျုပ်တို့ပြောစကား အကုန်နားထောင်နေတယ်။ အခုကျုပ်ပြောနေတဲ့ သိန်းသုံးဆယ်ကိစ္စ ဒီကောင့်ခေါင်းသေးသေးလေးက ဘယ်လိုယူဆထားသလဲတော့မသိဘူး ။ ပိုပြီးဆိုးတာက ငကြွက်ကျုပ်ကိုကြည့်နေတဲ့ အကြည့် ။ အဲအကြည့်ကို ကျုပ်ဘယ်လိုမှ အဓိပ္ပါယ်မဖော်တတ်ဘူး။
“အဖေက အစ်ကိုကြီးကို ရောင်းစားလာခဲ့တာလား ဟင်အမေ ဟုတ်လားလို့ အဖေက အစ်ကိုကြီးကို သူဌေးတွေဆီ ရောင်းစားလာခဲ့တာလား ”
အဲဒီစကားတွေကို ငကြွက်ကမငိုပဲ သူ့အမေကို မေးနေတာ ။ ကြားရတဲ့ကျုပ်တို့မှာ မျက်ရည်တွေနဲ့။ ကျုပ်အောက်နှုတ်ခမ်းတွေကို အပေါ်သွားနဲ့ဖိကိုက်ထားတာ ပြတ်ထွက်ကုန်မလားမသိဘူး ။ အသားတွေတဆက်ဆက်တုန်လာတယ်။ ကျုပ်ရင်ဘတ်တစ်ခုလုံး အတွင်းကလီစာတွေ ဘာတစ်ခုမှအကောင်းကျန်မှာ မဟုတ်လောက်တော့ဘူး။ ခေါင်းမီးတောက်တယ်ဆိုတာ ဒါမျိုးလားပေါ့။
“ကိုသက်ဖေ လုပ်ပါအုံးဗျ ခင်ဗျားမိန်းမ သတိလစ်သွားပြီ ငကြွက်သောက်ရေတစ်ခွက် ပြည့်ပြည့်ခပ်ခဲ့ ကိုသက်ဖေ ဟာဗျာ ကိုသက်ဖေ ကိုယ်ကျိုးတွေတော့နည်းကုန်တော့မှာပဲ ခင်ဗျားမိန်းမကြည့်ပါအုံး”
အပ်ပုန်းဆေးဆရာ ကိုချစ်ဆွေ လူနာအခြေနေကြည့်ပြီး ဗျာများနေခဲ့တာပေါ့ ။ ကျုပ်ကလဲ မိခင်သိန်းလို သတိမလစ်ရုံတမယ်ပါပဲဗျာ။
“ငကြွက် ငါမင်းအစ်ကိုကြီးကို ရောင်းခဲ့တာမဟုတ်ရပါဘူးကွာ ငါရောင်းစားပြစ်တာမဟုတ်ပါဘူး ငါ့နေရာကနေ ဝင်ပြီးခံစားကြည့်ကွ မီးတောက်နေပြီ သိရဲ့လား ငါ့သားသမီးတွေအတွက် ငါ့အသက်ကိုပေးရဲတယ်ဆိုတာကော မင်းတို့ယုံလား ငါသေပစ်ရဲတယ်ကွ ဘခက်မင်းကော ငါ့ကိုနားလည်ရဲ့လား ဟီးးဟီး ငါ့ကိုဘယ်သူနားလည်ပေးကြမှာလဲ ”
ကျုပ်မှီထိုင်နေတဲ့ အိမ်ခေါင်တိုင်ကို လက်သီးနဲ့အဆက်မပြတ်ထိုးထိုးပြီး ငိုမိတယ်။ ကျုပ်လက်သီးမှာ သွေးတွေမချိမဆန့်ပဲ။ မျက်ရည်ကသွေးထက်ပိုများတယ်။
အဲနေ့ညက နွားတင်းကုတ်ထဲက ကြက်ဖထတွန်မှ မိုးလင်းမှန်းသိတယ်။ အိမ်ရှေ့ကွပ်ဗျစ်ပေါ်မှာ ရေနွေးတစ်အိုးနဲ့ မိုးစင်စင်လင်းတဲ့အထိပဲ ။
တစ်ချက်တစ်ချက် မိခင်သိန်းငိုသံလဲ ကြားပါရဲ့။ ငကြွက်ယောင်ရမ်းပြီး သူ့အစ်ကိုကြီးနာမည်အော်ခေါ်နေသံလဲကြားနေရတာပဲလေ။ ကျုပ်ရှိုက်သံတွေကတော့ ကျုပ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမကြားကြပါဘူးဗျာ။
#ကျီးကန်း_မကွေး