———————–
(အဏ္ဏဝါစိုးမိုး)
ဇာတိချက်ကြွေ မွေးရပ်မြေနှင့် နှစ်ပေါင်း သုံးဆယ်ကျော်လောက် ကွဲကွာနေခဲ့သော ကျွန်တော့်အဖို့ ရွာပြန် ခံစားမှု ဝေဒနာက သာယာလွမ်းမောဖွယ်ကောင်းလှသေး တော့သည်။
၁၉၅၈ ခုနှစ်၏ နွေနံနက်ခင်းတစ်ခုမှာ ကျွန်တော်ချစ်သော အမေ၊ ခင်မင်ရသော သူငယ်ချင်းများနှင့် သူမသိ ငါပိုး ချစ်နေရသော ရွာ့ကွမ်းတောင်ကိုင် တို့ကို ခွဲခွာပြီး ရွာကထွက်ခဲ့စဉ် ရင်မှာ ခံစားရသောဝေဒနာကို စာဖွဲ့ရေး မပြတတ်ပါ။ တစ်ခုတော့ ပြောနိုင်ပါသည်။
ရွာနောက်ကျော ရှိ တောင်ပေါ် ရွက်ကြွေတောမှ ဥဩ ငှက်ငယ်၏ ကြေကွဲ လွမ်းဆွတ်ဖွယ်အော်မည်နှုတ်ဆက်လိုက်သံကို ပြန်လည် ကြားယောင်မိတိုင်း ရင်မှာ တလှပ်လှပ် ခံစားနေရပါသေးသည်။
ဘဝအတွက် မျှော်လင့်ချက်တွေ ပျက်ပြယ်သွားနိုင်သဖြင့် ရွာကအထွက်မှာ ရွာဘက်ကိုပြန်လှည့် မကြည့်ဝံ့ ပေမဲ့ အသိစိတ်ကတော့ ရွာထဲက ကွမ်းတောင်ကိုင်မလှတင်တို့ အိမ်နားမှာ တဝဲလည်လည် ကျန်နေခဲ့ပါသည်။ လယ်ယာကိုင်း ကျွန်းများ ပတ်လည်ဝိုင်း၍ အုန်း ၊ ကွမ်း ၊ ငှက်ပျော ၊ ဩဇာ ၊ ဥသျှစ် ၊ သရက် ၊ မာလကာ၊ ရှောက်၊ သံပုရာပင်တို့ဖြင့် စိမ်းစို ညှို့မှိုင်းနေသော ကျွန်တော့်မွေး ရပ်ဇာတိ ရွာကြီးသည် စပါးကြိတ်သံ ၊ နွားငေါက်သံ၊ခွေး ဟောင်သံ ၊ ကြက်တွန်သံ တို့နှင့်အတူ ဝေး၍ ဝေး၍ ကျန်နေခဲ့ပြီကို သိလိုက်သောအခိုက်မှာ ကျွန်တော့်မျက်ဝန်းအိမ်မှာ ရေကြည်တစ်ပေါက် တောက်ခနဲ့ ပြုတ်ကျသွားခဲ့ပါသည်။
အဲသည်နောက်တော့ နှစ်ပေါင်းသုံးဆယ်ကျော်အောင် ပျော်ရာမှာမနေရပဲ တော်ရာမှာနေခဲ့ရပါသည်။ရန်ကုန်မြို့ အပြင်ဘက်ရှိ ကျူးကျော်ရက်ကွက် ထဲက ဘုန်းကြီး ကျောင်းမှာ တည်းခို ကပ်နေပြီး အလွတ် ပညာသင် ညကျောင်း တက်ခဲ့သော ခေတ်သစ် ကိုရင်လေးဘဝ၊ ဆွမ်း ဟင်းကြွင်းကျန်တွေ စားရင်း အလုပ်ရှာခဲ့ရသောကိုးတန်း အောင် ယောင်ချာချာ ကိုရင်လူထွက်ကလေးဘဝ ၊ ယူနီ ဖောင်း အဖြူရောင်လေးဖြင့် ဇမ္ဗူမှာ ငါတလူဖြစ်ခဲ့သေးသော ရေတပ်သား ရဲဘော်လေးဘဝ၊ လမ်းဘေးထွက်ပြီး ဗန်းကလေးရွက်ကာ အမြဲအော်ရောင်းခဲ့ရသည့် ရဲဘော်ဟောင်း ဈေးသည်ကြီးဘဝ စသည်ဖြင့်ပေါ့လေ။
ပြီးတော့မှ မယ်ကညာတစ်စု သူငါအများမက်သည့် နှစ်ဆယ်ရာစု စူပါစတားအစစ် သင်္ဘောသားကြီး အဖြစ်ဖြင့် အနှစ်သုံးဆယ်ကျော် ကွဲကွာနေသောအမေ ရှိရာ ရွာသို့ ပြန်လာခဲ့ပါပြီ။
နှစ်ပေါင်းသုံးဆယ်ကျော်ဆိုသည့် ကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နေတာတွေ့ ရသည်။ ယခင်ကဆိုလျှင် ကျွန်တော်တို့ ရွာမှ မြို့သို့သွားလိုပါက တစ်ညအိပ်ခရီးဖြင့် ခြေကျင်လျှောက်ကြရသည်။ အခုတော့ ကားလမ်း ပေါက်နေပြီဖြစ်၍ ခြောက်နာရီမျှ ကားစီးလိုက်ရုံဖြင့် လေယာဉ်ကွင်းရှိရာမြို့မှ ကျွန်တော် တို့ရွာသို့ ရောက်လာခဲ့သည်။ တစ်ခုတော့ရှိသည်။ ရန်ကုန်မှာ မီးသွေးအိတ်တွေတင်ပြီး အရပ်တကာလှည့်ရောင်း သည့် လော်ရီကားမျိုးကြီးကို ခရီးသည်တင်ကားအဖြစ် အသုံး ပြုနေရသေးသည်။ဒေသခံပြည်သူများကဝမ်းပန်းတသာ ဖြစ်နေကြရသည်။
ယခင်ဆိုလျှင် ကျွန်တော်တို့ရွာမှာ ပျဉ်ထောင်သွပ်မိုးအိမ်ဟူ၍ သူကြီး ရွှေဆိုင်၏ အိမ်နှင့် ကုန်စုံဆိုင် ကုလားကြီး ဦးဟာရှင်ဘိုင်တို့ ၏ အိမ် နှစ်အိမ်သာ ရှိခဲ့သည်။
ယခုမူ ပျဉ်ထောင်သွပ်မိုးများသာမက တိုက်ခံအိမ် အချို့ကိုပင် မြင်တွေ့ရသည်။ ထိုမျှမကသေးပါ၊ ရွာထိပ်မှစ၍ ရွာလမ်းတလျောက် သွယ်တန်း စိုက်ထူထားသော လျှပ်စစ်ဓါတ်မီးတိုင် ယိုင်နဲ့နဲ့ကျိုးကျဲလေးများကို အဝေး ကပင် လှမ်းမြင်နိုင်ပါသည်။ ကညင်ဆီ လွှစာမှုန့် မီးတိုင်ဖြင့်နေလာခဲ့ကြရသော ဘဝမှ လျှပ်စစ်ဓါတ်မီးထွန်းနိုင်သော အဆင့်သို့ပင် တိုးတက်ပြောင်းလဲနေခဲ့ပေပြီ။ ညနေ ခြောက်နာရီမှ ည ဆယ်နာရီ အထိ လျှပ်စစ်မီးရသည်။ တစ်ခါတစ်ရံ အာဏာပိုင်အဖွဲ့အစည်းမှ လူကြီးတွေလာသောအခါ ညလုံးပေါက်ရသည်ဟု ဆိုပါသည်။
ရွာကို ရောက်ပြီဖြစ်၍ ရွာလည်လမ်းဆုံက ပျံကျဈေးကလေး ရှေ့မှာ ကားအိုကြီးရပ်သွားသည်။အမောဖောက် လာသော ပန်းနာသည်အဘိုးအိုကြီးပမာ ချောင်းတချက် ဆိုး၍ အသက်ပါထွက်သွားသကဲ့သို့ တွန့်ခနဲ့ဖြစ်ပြီး စက်ပါရပ်သွားသောအခါ ကားပေါ်မှ ခရီးသည်များ အားလုံးဆင်းကြပါသည်။ ကျွန်တော်လည်း ဆင်းလိုက်ပါသည်။
မြို့ကားကြီးဆိုက်လာပြီဆိုလျှင် ဝိုင်းအုံကြည့်တတ်သော ကားဂိတ်ပရိသတ်က ကျွန်တော့်ကို အထူးအဆန်းသဖွယ် ဝိုင်းအုံကြည့်နေကြသည်။ လီဗိုက်ဂျင်းဘောင်းဘီ ၊ နိုက် ဝပ်ကင်းရှုး ၊ ကင်ကရူး လယ်သာ ဂျာကင် ၊ ရေဘင် နေ ကာမျက်မှန် ၊ နီကွန်ကင်မရာ ၊ စီတီဇင် နာရီ ၊ အတာချီကေ့စ် ခေါ် ဂျိန်းစဘွန်း လက်ဆွဲသေတ္တာ တို့ဖြင့် ကားအိုကြီးပေါ်မှ ခုန်ဆင်းလိုက်သော ကျွန်တော့်ကို အတော် စိတ်ဝင်စားနေကြဟန် တူသည် ။
ရွာအပြန်မို့ အထင်သေးမခံရအောင် အပျံစားတွေချည်း ဝတ်ဆင်လာခြင်းကြောင့် အထင်တကြီး ကြည့်နေကြတာ ဖြစ်နိုင်သည်။ဒီတော့ ကျွန်တော်က ခေါင်းကိုမော့ ရင်ကိုကော့၍ လမ်းလျှောက်သွားလိုက်သည်။ ဝိုင်းကြည့်နေကြသူတွေက အချင်းချင်း တီးတိုးပြော၍ ထင်ကြေးတွေ အမျိုးမျိုးပေးနေကြသည်။ ရုပ်ရှင်မင်းသား ကျော်ဟိန်းကလည်း ငပလီကိုလာရင်းနဲ့ ဒီဘက်မှာ ရုပ်ရှင်လာရိုက်မလို သတင်းကြားနေခဲ့သဖြင့် ဟုတ်များ ဟုတ်နေမလားဟု သေချာအောင်ကြည့်သူများလည်းပါသည်။
သို့သော် ကိုကျော်ဟိန်းက မီးသွေးအိတ်ရောင်းသည့် ကားကြီးဖြင့် လာမည်မဟုတ်၍ မဖြစ်နိုင်ဟု မှတ်ချက်ချသံကို မသဲမကွဲ ကြားနေရသည်။ ဝိုင်းအုံကြည့်နေသူများတွင် အသက်သုံးဆယ်နှင့် အောက်အရွယ်များသည်ကျွန် တော့်ကို လုံးဝမသိနိုင်။ အသက်သုံးဆယ်ကျော်တွေ ကလည်း ကျွန်တော်သည် တစ်ခါက ဒီရွာကကိုရင်လေး ကုမာရဖြစ်သည်၊ သို့မဟုတ် ဘုန်းကြီး ကျောင်းသားလေး မောင်ရွှေကျေး ဆိုသည်ကို ဘယ်သူမှ မမှတ်မိကြ။ တစ်ဦးကိုတစ်ဦး တီးတိုးပြော၍ ထင်ကြေးတွေသာအမျိုးမျိုး ပေးနေကြသည်။ကလေးအုပ်စုကတော့ ကျွန်တော် လျှောက်သွားရာသို့ လိုက်ပါလာကြသည်။
အတော်အတန် အတင့်ရဲသည့် ငကဲလေးတွေက
တော့ ဘေးကကျော်တက်ပြီး ကျွန်တော့် မျက်နှာကို သေသေ ချာချာ ကြည့်ကြသည်။ ခရစ်သက္ကရာဇ် ၁၂၇၁ ခုနှစ်က အီတာလျံ လူမျိုးမာကိုပိုလို တရုတ်ပြည်ကိုရောက် လာပုံနှင့် အတော်တူနေသည်။ သို့သော် ရွာအခြေအနေကလည်း ကျွန်တော်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြောင်း လဲတိုးတက်နေ၍ တော်ပေသေးသည်။ ကျေးရွာ ပြည်သူ့ကောင်စီရုံး၊ စားသုံးသူ သမဝါယမအသင်း ဆိုင် ၊ ပြည်သူ့ အရက်ဖြူဆိုင် ၊ စာပို့တိုက် စသည်ဖြင့် မြိုင် မြိုင်ဆိုင်ဆိုင် ရှိနေသည့် အပြင် မိုက်ကယ်ဂျက်ဆင်ပုံပါသော တီရှပ် ခပ်နွမ်းနွမ်းတထည်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးပင် တွေ့ရသည်။ နှစ်ပေါင်း ငါးဆယ်မျှ ဘာဆိုင်းဘုတ်မှ မတင်ပဲရောင်းချခဲ့သော ရွာလယ်လမ်းခွဆုံမှ ဦးပုလေး၏ လက်ဖက်ရည်ဆိုင်မှာ ” ခေတ် သစ် လက်ဖက်ရည်ဆိုင် ” ဆေးရောင်စုံဆိုင်းဘုတ် ချိတ် ဆွဲထားတာ တွေ့ရသည်။ အောက်က အင်္ဂလိပ်လိုတောင် ပါလိုက်သေးသည် ” မော်ဒန်တီးဟောက် ” တဲ့။ အရောင်မျိုးစုံသည့် ကုန်မျိုးစုံဆိုင်ကလေးတွေ ကလည်း ဟိုမှာတစ်ဆိုင်၊ သည်မှာတစ်ဆိုင် အပြိုင်ရောင်းနေကြသည်။ အသံချဲ့စက်ငှားသည့် အိမ်ပင်ရှိနေသည်။ လျှပ်စစ်ဘက်ထရီအိုးများနှင့်အတူအော်လံကြီးနှစ်ခုကို မြင်သာအောင် ပြထားသည်။ ရနိုင်သည့် ဓါတ်ပြား ၊ ဇာတ်ထုပ်များနှင့် ကက်ဆက်ခွေ ဇာတ်လမ်းများကို သင်ပုန်းကြီးတွင် မြေ ဖြူဖြင့်ရေးပြီး လမ်းပေါ်မှမြင်သာအောင် ထောင်ပြထား သည်။ “တွံတေးသိန်းတန် နှင့် ဟင်္သာတထွန်းရင် သီချင်းများ အစုံရှိသည် ” တဲ့။
ကျွန်တော်တို့ အိမ်ရှိရာဘက်သို့ လျောက်သွားနေသော် လည်း ရွာလမ်းတစ်လျောက်မှာရှိသည့်အိမ်ရာအဆောက် အအုံတွေနှင့် သစ်ပင် ဝါးပင်တွေက ပုံစံပြောင်းလဲကုန်ပြီဖြစ်၍ ကျွန်တော့်အိမ်ကိုကျွန်တော် မမှတ်မိဖြစ်နေသည်။ အိမ်တွေထဲက ထွက်ပြီးကြည့်နေသူတွေထဲက အရွယ်ကျနေပြီဖြစ်သော ဦးကြီး ဦးဘိုးမြကို မှတ်မိပြီး နှုတ်ဆက်လိုက်ရသည်။
” ဟေ.. ဘယ်သူလဲ ” တဲ့။
ကျွန်တော်က ဘယ်သူဘယ်ဝါဆိုတာ ပြောပြလိုက်သောအခါကျွန်တော့်လက်မောင်းကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ဝမ်းသာအားရ ဖြစ်နေတော့သည်။
ကိုယ့်အိမ်ကို မမှတ်မိသော်လည်း ဦးကြီး ကိုတော့ မှတ်မိသည်ဆို၍ ပိုပြီး ဝမ်းသာသွားဟန် တူပါသည်။
” အောင်မလေး လေ ၊ ဘယ်သူများလည်းလို့ လက်စ သတ်တော့ ငါ့တူ ရွှေကျေးပါ့လား။ ဟိုမယ်လေကွယ် ဟိုရှေ့က ခွေးအိပ်နေတာ မင်းတို့အိမ်ပေါ့ဟ ၊ လာ ငါလိုက် ပို့မယ် “
ဦးကြီးဘိုးမြညွှန်ပြတော့မှ ကျွန်တော့်အဘိုး အမြတ်တနိုးသုံးခဲ့သည့်လက်ကိုင်ရိုးတပ်
အုံးမှုတ်သောက်ရေခွက်ကို ရေအိုးစင်မှာ တင်ထားတာ လှမ်းမြင်လိုက်ရသည်။ ဘိုးဘွားပိုင် ရှေးဟောင်းပစ္စည်းကို မြင်တော့မှ ကိုယ့်အိမ်ကိုယ် မှတ်မိသလို ဖြစ်လာသည်။
ဦးကြီးဘိုးမြ အော်ဟစ်ပြောဆိုသံကို ကြားကြတော့မှ မာကိုပိုလိုလား ၊ ဘယ်ကရောက်လာမှန်းမသိဘဲ အမေရိကန်သံရုံးကို ခဲဖြင့်ပေါက်ဆန္ဒပြခဲ့သူ အာဂျလာလား ၊ မင်းသားကိုကျော်ဟိန်းလား မကွဲမပြားဖြစ်နေသည့် ပဟေဠိလူသားသည်ကား အခြားမဟုတ် ၊ တို့ရွာက ဘုန်း ကြီးကျောင်းသားလေး မောင်ရွှေကျေးပင် ဖြစ်သည်ဆိုသော သတင်းမှာ တောမီးပမာ တစ်ရွာလုံး ပြန့်သွားတော့သည်။
ကျွန်တော့်ဦးကြီး ဦးဘိုးမြကလည်း ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကြီးကို တရင်းတနှီး လက်မောင်းကိုင်၍ အိမ်တိုင် ရာရောက် လိုက်ပို့ခွင့်ရသည်ကို ဂုဏ်ယူဝင့်ကြွားနေ သည်။ သတင်းဦး သတင်းထူးကို ဦးဦးဖျားဖျား လာပြောသူအဖြစ် သူ့နှမတစ်ဝမ်းကွဲ ကျွန်တော့်အမေရှေ့မှာ ကြွား လိုဟန်တူသည်။ ကျွန်တော့် ကို ဆွဲခေါ်သွားရာတွင်ခြေ လှမ်း တွေ အရမ်းသွက်နေသည်။
” ဟဲ့ မကျေးဥ ရေ ၊ ငသောင်းရေ ၊ ဒီအိမ်ကလူတွေ ဘယ်သွားကုန်ကြသလဲဟ ၊ ဆိတ်နုမ နင့်အဘွားကို ခေါ်လိုက်စမ်း ။ ဒီမှာ ရန်ကုန်က ဧည့်သည်လာတယ်လို့ ပြော၊ ခွေးကို ချည်ထားလိုက်လေကွယ်”
အိမ်ရှေ့ ဖိနပ်ချွတ်မှာ အိပ်နေသော ခွေးတစ်ကောင်ကလွဲ၍ အိမ်ထဲမှာ ဘယ်သူမှမရှိကြ။ ဦးကြီး ဘိုးမြ ခေါ်လိုက်သည့် နာမည်တွေထဲက မကျေးဥဆိုတာက ကျွန်တော့်အမေ ၊ ငသောင်းဆိုတာက ကျွန်တော့်အစ်ကို ၊ အိမ်ရှေ့က ခေါ်သံတွေကြား၍ မီးဖိုချောင်ထဲက ပြေးထွက်လာသော ဆိတ်နုမကို ကျွန်တော် မသိ။ အစ်ကိုသောင်း ၏သမီး ကျွန်တော့်တူမ ဖြစ်မည်။ ညဂျူတီအတွက် နေ့ဘက်မှာ အိပ်စက်နေသော အားမွေးနေဟန်တူသော ခွေးနီညိုကြီး သည် ကျွန်တော့်ကို မြင်လိုက်သည်နှင့် အတော်အမြင်ကတ်သွားပုံရသည်။ ဂျင်းဘောင်းဘီဝတ် ဆံရှည်ကိုယ်တော်ကို သူတို့အိမ်အတက် လက်ခံချင်ပုံမရ။ သွားတဖြဲဖြဲဖြင့် တဂီးဂီး တဂဲဂဲ ဖြစ်နေသည်။ ဆိတ်နုမက ကြိမ်းမောင်းနှင်ချလိုက်တော့မှ ကျွန်တော့်ကို စောင်းငဲ့ကြည့်ပြီး ” မင်းသတိထားနေ ” ဆိုသည့် အမူအရာဖြင့် မကျေမနပ် ဆင်းသွားသည်။
ခွေးအိပ်သွားသောနေရာတွင် ကျွန်တော်ဝင်ထိုင်လိုက်သောအချိန်မှာပင် အမေက အိပ်ခန်းအတွင်းမှ ထွက်လာသည်။ ခါးလည်း ကိုင်းသွားခဲ့လေပြီ။ နားလည်းထိုင်းဟန် တူသည်။ အရေတွန့်နေသည့် နဖူးပေါ်မှ ခြောက်သ ယောင်းနေသည့် လက်ဖဝါးလေး အုပ်မိုး၍ ဘယ်သူ ဘယ်ဝါတွေဆိုတာသိရအောင် မျက်စိကိုရှုံ့မှေးပြီး အား စိုက်ကြည့်နေသည်။ ၁၉၅၀ ခုနှစ်လောက်က အိမ်ကိုလာပြီး အဖေ့ကို အနိုင်ကျင့် အရက်ဝယ်ခိုင်း ၊ ကြက်သတ်ခိုင်း ၊ ထမင်းချက်ခိုင်းနေသော ကွန်မြူနစ်ခေါင်းဆောင် ဦးတောက်ထိန်ကြီး ထင်ပြီး ကြောက်နေဟန်တူသည်။ ကျွန်တော့်အနား သိပ်မကပ်ရဲ ဖြစ်နေသည်။
” ဟဲ့ မကျေးဥ ဘာကြည့်နေတာလည်း ၊ ဒါ နင့်သား ရွှေကျေးလေ “
ဦးကြီးဘိုးမြ အော်ပြောလိုက်တော့မှ ကြားသွားဟန်တူသည်။ ကုန်းကွကွ ရပ်နေရာမှ ဖြည်းညှင်းစွာ ထိုင်ချသည်။ ကျွန်တော့်ကို ကြည့်ပြီး ဝမ်းသာပီတိဖြင့် ငိုမဲ့မဲ့ကြီး ဖြစ်နေတော့သည်။
” အမေ အမေ့သားလေး ရွှေကျေး ပြန်လာပြီလေ အမေရဲ့ ၊ သေသေချာချာကြည့်ပါဦး ၊ သိပ်သားနားနေလို့ အမေ့သားကို အမေ မမှတ်မိတော့ဘူး မဟုတ်လားဟင် အမေ ” စသည်ဖြင့် ရုပ်ရှင်တွေ ထဲကလို တမင်ဖန်တီးထားသည့် အသံကြီးဖြင့် လုပ်ကြံပြီး ပြောမလို့လုပ်ကြည့်သေးသည်။ သို့သော် လုပ်၍ မဖြစ်နိုင်။ လွန်ခဲ့သည့် ငါးနှစ်ခန့်ကပင် ကျေးဇူးရှင်ဖခင်ကြီး ကွယ်လွန်ခဲ့သည်။
ဆင်းရဲမွဲတေနေသည့် အမေအိုကြီးကို လယ်သမားအစ်ကိုကပင်ပန်းကြီးစွာ လုပ်ကိုင်ကျွေးမွေးစောင့်ရှောက်နေ ရသည်ဆိုသည့် အသိက ခေါင်းထဲ ဝင်လာတော့သ ဖြင့် ရင်ထဲမှာ တင်းကျပ်ဆို့နင့်လာသည်။ ကျေးဇူးရှင် မိ ဘနှစ်ပါးကို ငါးပြားတစ်စေ့တောင် မထောက်ပံ့ မကျွေး မွေးပဲနေခဲ့သည့် မိမိအပြစ်ကိုမိမိ သတိရလိုက်သောအခါ ဘာစကားမှ ပြော၍ အဆင်ပြေမည်မဟုတ် ပြောလိုက်လျှင် ငိုသံကြီး ပါလာမှာသေချာသည်။
အမေရိကန်ဒေါ်လာ ငါးဆယ် ( ဗိုလ်ချုပ်ဈေးမှာ သုံးထောင်ခန့် ) ပေးရသော နိုက်အဲယား ဝပ်ကင်းရှုးဖိနပ်ကို ချွတ်လိုက်ပြီး အမေ့ရှေ့မှာ ဒူးတုပ်ထိုင်ချလိုက်သည်။ မြန်မာငွေ ကျပ်သုံးရာခန့်တန်သည့် လီဗိုက်ဂျင်းဘောင်း ဘီက တင်းကျပ်ကျပ် ဖြစ်နေ၍ အဆင်ပြေအောင် အ တော်ကြိုးစားပြီး ထိုင်လိုက်ရသည်။ အမေ့ခြေဖမိုးအစုံနှင့် ကျွန်တော့်ဦးခေါင်း ထိနိုင်သည့် အကွာအဝေးအထိ အမေ့အနီးသို့ ချဉ်းကပ်ပြီး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ အမေ့ကို ရှိခိုးကန်တော့လိုက်ပါသည် ။ ပါးစပ်ကတော့ ဘာတစ်ခုမှ မပြောနိုင်၊ ငိုမိမှာ စိုး၍ အံကို တင်းတင်းကိုက်ထားရသည်။
ဆင်းရဲနွမ်းပါးနေသည့် မိခင်အိုကြီးကို နှစ်ပေါင်းသုံးဆယ်ကြာအောင် ပစ်ထားခဲ့သော စူပါစတား အပျံစား ကြီး ကျွန်တော်ကပစ္စည်းမပါ ဗလာသက်သက် လက်အုပ် ချီပြီး ကန်တော့လိုက်သောအခါအမေအိုသည် နွမ်းညိုယိဆွေးနေသည့် အင်္ကျီလက်တိုပွလေးဖြင့် စီးကျလာသည့် မျက်ရည်ပူတို့ကို တို့ယူသုတ်ပစ်နေတော့သည်။ ငိုမဲ့နေရ၍ ဆုတောင် မပေးနိုင်ဖြစ်နေသည်။
သားသမီးတို့အပေါ်မှာ ခွင့်လွှတ်ချစ်ကြင်နိုင်စွမ်းသော မိခင်မေတ္တာ၏ သင်္ကေတကို မြင်လိုက်ရသောအခိုက်မှာ ငွေနှစ်သောင်းကျော်ထည့်ယူလာခဲ့သည့် ဆင်မ်ဆိုနိုက် အတာချီကေ့စ်ကို ကျွန်တော် ဆွဲယူလိုက်ပါသည်။ အဖေ့ကိုရည်စူးပြီး ငါးထောင်ခန့်အကုန်အကျခံ၍အလှူအတန်း လုပ်မည်၊ အမေလှူလိုက လှူ ၊ သုံးလိုက သုံးနိုင်ရန် ငွေတစ်သောင်း ကန်တော့မည်။ ရန်ကုန်အပြန်တွင် လမ်းစရိတ်မျှသာချန်ပြီး ကျန်တာ အားလုံးကို အစ်ကိုလယ်သ မားကြီး မိသားစုစားဖို့ ပေးပစ်ခဲ့မည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်။
ကျွန်တော် ရွာကို ပြန်ရောက်နေပြီဆိုသော သတင်းကို ကြားသွားကြသော ဘုန်းကြီးကျောင်းနေဘက်သူငယ် ချင်းတွေ ဝိုင်းအုံလာတွေ့ကြသည်။ လူတန်းစား ပေါင်းစုံ သည်၊ လယ်သမား ၊ ယာသမား ၊ ရေလုပ်သား၊ထင်းခုတ် သမား၊ စပါးဒိုင်ညစောင့် ၊ ဘုန်းကြီးကျောင်းသား ၊ ကပ္ပိယ စသည်ဖြင့် စုံလှသည်။
သူတို့တွေ ရောက်လာကြတော့ ရှေးဟောင်းနှောင်း ဖြစ်မှအစ ပြောကြသည့်စကားတွေကလည်း များလှသည်။ မေးကြသည့် မေးခွန်းတွေကလည်း စုံလှသည်။
တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံနေသည့်ကြားက ပါးစပ်မနားရအောင် ပြန်လည်ဖြေကြားပေးနေရသည်။
” သင်္ဘောသား ဖြစ်နေပြီဆို၊ ဟုတ်လား “
” ရန်ကုန်မှာ နင် သူဌေးဖြစ်နေပြီဆို “
” သင်္ဘောသားတောင်ဖြစ်သွားအောင် ဘယ်လိုများ ကြိုးစားပစ်လိုက်တာလဲ ဟကောင်ကြီးရ “
” တို့ရွာက သင်္ဘောသားဖြစ်တာ နင်တစ်ယောက်ပဲ ရှိသေးတယ်”
” ရုပ်ရှင်ထဲက ဇာတ်လိုက်မင်းသားတွေစီးတဲ့ ကားမျိုး နင့်မှာ ရှိတယ်ဆို “
” တို့ရွာတွေမှာ တစ်ကျပ်ပေးကြည့်ရတဲ့ ဗီဒီယိုဆိုတာကို နင့်အိမ်မှာ အလကား ကြည့်ရတယ်ဆို “
” ရုပ်ရှင်မင်းသမီး တစ်ယောက်နဲ့ ညိပြီး မဖြူတုတ်ကို ကွာပစ်မလို့ လုပ်သေးတယ် ဆို “
” နင့်လို ဘိလပ်တို့ အမေရိကန်တို့ မရောက်ရရင်လဲ နေပါစေတော့ကွာ ၊ မသေခင် ရွှေတိဂုံ ဘုရားကြီးတော့ ဖူးသွားချင်တယ်၊ တစ်ခေါက်လောက် စရိတ်ခံပြီး ခေါ်စမ်းပါ”
” နင်ချမ်းသာနေပြီဆို ၊ ဘာဖြစ်လို့ နွားသားရေ အင်္ကျီကြီး ဝတ်လာတာလဲ၊ တို့ရွာမှာ အဲဒီလို သားရေပြားတွေ ပေါလွန်းလို့ ခွေးတောင် မစား “
လက်လုပ်လက်စား ဆင်းရဲသားတွေဖြစ်၍ ကျွန်တော်နှင့်အတူ ကြာကြာထိုင်ပြီး အချိန်ကြာကြာ စကားမပြောနိုင်ကြ။ လုပ်ငန်းခွင်ရှိရာဌာန အသီးသီး သို့ ပြန်ကြရသည်။ နေ့လယ်ဘက်မှာ အားနေသည့် စပါးဒိုင် ညစောင့် လုပ်သား လှထွန်းတစ်ယောက်ကတော့ ရန်ကုန်လေသံဖြင့်ပြောသော ကျွန်တော့်စကားတွေကိုနားထောင်ကောင်း သည်ဆိုပြီး ကျန်နေခဲ့သည်။
လာမတွေ့သည့်လူတွေထဲ လုံးရွှေတစ်ယောက်ကတော့ အလုပ်မရှိအကိုင် မရှိနဲ့ အမေအိုကြီးဆီက ညှစ်ထုတ်လို့ရသမျှပိုက်ဆံဖြင့် နေ့မူးညမူး အရူးလိုဖြစ်နေသည်ဟု ဆို သည်။ နှဲမှုတ်တတ်သည့်ငပြူးကြီးကတော့ရန်ကုန်ကလာ သည့် ဇာတ်အဖွဲ့တစ်ခုမှာ ထမင်းချက်ရေခပ် အောက်ခြေ သိမ်းအလုပ်ရ၍ လိုက်ပါသွားသည်ဟု သိရသည်။
မောင်ပိန်တစ်ယောက်တော့ လူပျိုကြီး ဘဝဖြင့်ပင် ကွယ်လွန်သွားရှာပြီဟု သိရသည်။ မောင်ပိန် ကွယ်လွန်သွားပြီဆိုတော့မှ ဘုန်းကြီးကျောင်းသားဘဝက မောင်ပိန်ပြောပြခဲ့သော သိုက်နန်းရှင်မအကြောင်းကို ပြန်လည်သတိရလာသည်။
ကျွန်တော်တို့ ရွာဦးကျောင်း၏ နောက်ကျောဘက် ကိုက်ငါးရာခန့် အကွာရှိတောင်နံရံမှာ ကျောက်ထရံကြီး တစ်ခုရှိသည်။ သစ်ပင်ငယ် မြက်ပင်ရှည်များ ပေါက်နေသော်လည်း အဝေးမှ လှမ်းကြည့်လိုက်ပါက ကျောက်ဂူတစ်ခုကိုဝင်သည့် တံခါးပေါက်ကို ကျောက်သားရင်ခွဲ တံခါးကြီးဖြင့် ပိတ်ထားသည်နှင့် တူပါသည်။ အတွင်းမှာ ဘုရားသိုက်ရှိသည်ဟု ဆိုကြသည်။
အရိမေတ္တယျ ဘုရားရှင် ပွင့်တော်မူသော အခါ ကျောင်းဆောက်ရန်အတွက် ဘဝအဆက်ဆက်လှူဒါန်း ထားခဲ့ကြသော စိန် ၊ ရွှေ ၊ ငွေ ကျောက်သံပတ္တမြားတွေ တောင်ပုံရာပုံ ရှိနေသည်။ ဥစ္စာစောင့်မ ရှိသည်ဆို၍ ညအခါ မဆိုထားဘိ ၊ နေ့အချိန်မှာပင် အဲဒီ ကျောက်ထရံကြီးအနီးသို့ ကျွန်တော် မသွားရဲပါ။
ကျွန်တော်တို့ ဘုန်ကြီးကျောင်းသားတွေထဲမှာ မိဘ ဆင်းရဲရုံသာမက မိဘနှစ်ပါးလုံး မရှိကြတော့၍ ဘိုးဘွားနှင့် နေရရှာသော မောင်ပိန်ကတော့ ဥစ္စာစောင့်မကို သူမကြောက်ဟု ဆိုသည်။ တစ်ခါတစ်ရံတွင် နေဝင်မိုးချုပ်ပြီးမှ မောင်ပိန်တစ်ယောက်တည်း ကျောက်ထရံကြီးဘက်သို့ ထွက်သွားတာ တွေ့ရသည်။ တစ်ခါတစ်လေများ ညဆယ်နာရီလောက်မှာ မောင်ပိန်ပျောက်နေ၍ လိုက်ရှာ ၊ အော်ခေါ်ကြတော့မှ လုံချည်ကလေးခြုံပြီး ကျောက်ထရံ ကြီးဘက်မှ ပြန်လာသော မောင်ပိန်ကို တွေ့ကြရသည်။ သူ့ကြည့်တော့လည်း အကြောက်အလန့်မရှိ ပြုံးစိစိမျက်နှာဖြင့် တွေ့ရသည်။
မောင်ပိန်က နာမည်နှင့်လိုက်အောင် ပိန်ရသည့်အထဲ ဘဝက ဆင်းရဲ၊ ရုပ်ရည်ကမလှလေတော့ ၊ ရပ်ထဲ ရွာထဲက ဘယ်အပျိုကမှ မောင်ပိန်ကို မကြိုက်ကြ။ ဒါပေမယ့် နာမည်ကြီးလှသည့် ဘုရားသိုက် ဥစ္စာစောင့်မကို မောင်ပိန်မကြောက်ဆိုသည့် ဂုဏ်သတ္တိကြောင့် တို့ရွာက သူရမောင်ပိန် ဖြစ်လာတော့သည်။ ဥစ္စာစောင့်မကို စိတ်ဝင် စားသူတွေက မေးလာလျှင် ဥစ္စာစောင့်မနှင့် သူ တွေ့ပြီးပြီဟု ပြောတတ်သည်။ အထူးသဖြင့် မိန်းကလေးတွေက မေးလာလျှင် ဥစ္စာစောင့်မ အလွန်ချောကြောင်း မလှတင်နှင့် အလွန်တူကြောင်း ၊ သူနှင့် မကြာခဏ တွေ့ဆုံပြီး စကားပြောကြကြောင်းအထိပြောပြသည်။ မလှတင်ဆို သည်က ရွာ့မျက်နှာဖုံး ၊ ဘုရားဒါယကာ ၊ ဘုရား ဒါယိ ကာမ မြေပိုင်ရှင် ဦးငွေဆိုင်၏ သမီး ( ရွာလူကြီး ဦးရွှေဆိုင်၏ တူမ ) ရွာ့ကျက်သရေဆောင် ကွမ်းတောင်ကိုင် အချောအလှလေးဖြစ်သည်။ ကျွန်တော် ကြိုက်လွန်းလို့ အမျိုးမျိုးကြိုးစားပြီး ပိုးပန်းတာ မရ၍ စိတ်ဓာတ်ကျနေရသူ ဖြစ်သည်။
မောင်ပိန် ကျွန်တော့်ကို ပြောပြတာကတော့ ဥစ္စာစောင့်မနှင့် သူနှင့် ကြိုက်နေကြသည်။ မကြာခဏ တွေ့ဆုံပြီး အချစ်ပွဲဆင်နွဲကြသည် ဟု ဆိုသည်။ ကျွန်တော် ဥစ္စာ စောင့်မကို ကြောက်တော့ ကြောက်သည်။ သို့သော် မလှတင်နှင့်တူသည်ဆို၍ မောင်ပိန်ကို အားကျလာသည်။ ဥစ္စာစောင့်မ နောက်တစ်ယောက် အပိုစပယ်ယာများရှိရင် မောင်ပိန်နှင့်အတူ သိုက်နန်းလိုက်သွားပြီး ဖန်ကြည့်လိုစိတ်ပေါ်လာသည်။
” နင်တို့ ဘယ်နေရာမှာ တွေ့ကြတာလဲဟင် “
” ကျောက်ဂူကြီးထဲမှာပေါ့ကွာ ၊ အပြင်က ကြည့်တော့သာ ကျောက်ဂူကြီး ထင်ရတာ ၊ ဟိုတုန်းက နန်းတော်ကြီးလိုပဲ ၊ ဆရာတော့် ဗုဒ္ဓဝင် စာအုပ်ကြီးထဲက နန်းတော်ပုံတွေ အတိုင်းပဲ ၊ အလယ်ခန်းမကြီးမှာ ကော်ဇောတွေ အပြည့်ခင်းထားတယ်။ တိုင်လုံးကြီးတွေမှာ မှန်ကူကွက်တွေ ဖေါ်ထားတယ်။ မျက်နှာကြက်မှာ ရွှေကြာပွင့်ကြီးနဲ့ ၊ ဖန်ပန်းဆိုင် ပန်းဆွဲတွေ ချိတ်ဆွဲထားတယ်။ ရွှေပိန်းချ ကနုတ်ပန်းပေါင်ကွပ်ထားတဲ့ ပြတင်းပေါက်ကြီးတွေကလည်း သိပ်လှတာပဲ ၊ စိန်ရောင် ရွှေရောင်တွေကြောင့် အထဲမှာ မီးမထွန်းရပဲ လင်းထိန်နေတာပဲ ။ အလယ်ခန်းမကြီးရဲ့ ပလ္လင်ပေါ်မှာ ဘုရားဆင်းတုတော် တစ်ဆူရှိတယ်။ သိပ်သပ္ပါယ်တာပဲ။ ခန်းမကြီးရဲ့ ဘယ်ဘက်ခြမ်းက အခန်းကျယ်ကြီးထဲမှာ စိန်တွေ ရွှေတွေ အပြည့်ပဲ၊ မရူပါဝတီနဲ့ ငါအိပ်တဲ့ အခန်းက သိုက်နန်း အလယ်ဗဟိုခန်းမကြီးရဲ့ ညာဘက်ခြမ်းမှာ ရှိတယ်။ တစ်ခန်းလုံး မွှေးကြိုင်နေတာပဲ ၊ အသုံးအဆောင်တွေလည်း အပြည့်ပဲ။ ဘာမှ လိုလေသေးမရှိဘူး။
ကျွန်တော် အရမ်းအားကျသွား၏ ။ သိုက်နန်းရှင်မ မရူပါဝတီ၏ သူငယ်ချင်းတွေထဲကတစ်ယောက်ယောက် နှင့် အဆင်ပြေနိုင်အောင် မောင်ပိန်ကို အထူးဦးစားပေး ပေါင်းသင်းနေရသည်။ ဒါပေမယ့် မောင်ပိန် ပြောပြချက်ကြောင့် စိတ်ပျက်သွားသည်။ မရူပါဝတီ တစ်ဦးတည်းသာ ရှိသည်။ အစောင့်အရှောက်နှင့် ကိုယ်လုပ်တော် ရံ ရွေတော်အားလုံး ဘီလူးထီးဘီလူးမတွေချည်းဖြစ်သည် ဟု ဆိုသည်။ သူတောင်မှ မရူပါဝတီ၏ ခွင့်ပြုချက်ဖြင့်သာ ဝင်ထွက်ခွင့်ရနေသည်ဟု ဆိုပါသည်။
ကျောက်ထရံကြီး၏ တစ်နေရာမှာရှိသည့် လျှို့ဝှက်အပေါက်ကလေး အတွင်းသို့ မရူပါဝတီ ပေးထားသော သံချောင်းကလေးကို ထိုးသွင်းလိုက်ပါက ကျောက်တံခါးကြီး ပွင့်သွားသည်။ အတွင်းကိုဝင်ရောက်သွားပါက ကြောက်စရာကောင်းသည့် ဘီလူးကြီးနှစ်ကောင်က တင်း ပုတ်ကြီးတွေ ကိုယ်စီထမ်းပြီး သိုက်နန်းခန်းမသို့ အဝင် ရွှေရောင်ဂိတ်တံခါးကြီးကို ပိတ်ပြီးရပ်နေတာ တွေ့ရသည်။ မရူပါဝတီပေးထားသော သံချောင်းကလေးကို ထုတ်ပြလိုက်လျင် သိုက်နန်းရှင်မ၏ ချစ်သူဆိုတာ သိသွား၍ ရွှေတံခါးကြီးကို ဖွင့်ပြီး လမ်းဖယ်ပေးကြသည်။ မောင်ပိန် သိုက်နန်းတော်ကြီးအတွင်း ရောက်လာပြီဆိုလျှင် မရူပါဝတီသည် သူ့အိပ်ခန်းအတွင်းမှ ပြေးထွက်လာပြီး မောင်ပိန်ကို ပွေ့ဖက်ကြိုဆိုလေ့ရှိသည်။ နက်မှောင်ရှည်လျားသော ဆံကေသာကို ဖားလျားချ၍ လှပမွှေးကြိုင်နေသော မရူပါဝတီသည် ပါးလွှာဖြူဖွေးသည့် အဝတ်ကို ဝတ်ထားလေ့ရှိသဖြင့် မောင်ပိန်ကို ရင်ခုန်စေပါသည်။
နှစ်ဦးသား လက်တွဲ၍ သိုက်နန်းဗဟို ခန်းမကြီးကို ဖြတ်လျှောက်ကြပြီး ဗုဒ္ဓရုပ်ပွားတော်စံရာ ပလ္လင်ရှေ့မှာ ဒူးတုပ်ထိုင်လိုက်ကြသည်။ ချစ်သူနှစ်ဦးတို့ ဘုရားကို ဦးချကန်တော့ကြသည်။ မကြာမီ ပေါင်းရပါစေသားဟု ဆုတောင်းကြသည်။ မရူပါဝတီသည် ဘုရားရှိခိုးပြီးမှသာ ချစ်သူနှင့်အတူ အိပ်ခန်းသို့ဝင်လေ့ ရှိသည်။ ဒါက သိုက်နန်းရှင်မ အဆက်ဆက်တို့၏ အစဉ်အလာ အလေ့ အထဖြစ်သည်။ ဘုရားရှိခိုးပြီးသောအခါ ချစ်သူ ကိုပိန်၏ လက်ကိုဆွဲ၍ ခန်းသဥ္ဇာစက်ရာနန်းသို့ ပြေးဝင်သွားသော မရူပါဝတီ၏ လှုပ်ရှားဟန်မှာ ပျံသန်းသွားသော ကိန္ဒရီမလေးနှင့်ပင်တူသေးတော့ သည်။ ဖြူဖွေးနုရွလှပ မွှေးကြိုင်နေသော သိုက်နန်းရှင်မလေးနှင့် မောင်ပိန်တို့ အိစက်ညက်ညောသည့် အုံးစက်ရာ ထက်ဝယ် ဆုံးတစ်သက်မခွာ ချစ်မယ်ဟု သစ္စာတွေဆို ကတိတွေ ပြုကြသည်။
” ဝေသာလီပြည်ကြီး ပျက်တဲ့နေ့ကစပြီး နှစ်ပေါင်းတစ်ထောင်ကြာအောင် မောင့်ကို စောင့်နေရတဲ့ မရူပါဝတီကို သနားပါဦး မောင် ရယ် “
သနားစရာ မျက်နှာလေးဖြင့် တောင်းပန်နေသော ချစ်သူ မရူပါဝတီလေးကို သနားလွန်းလှသဖြင့် အဘိုး နှင့် အဘွား ကွယ်လွန်ပြီးပါက သိုက်နန်းသို့ ပြန်ခဲ့ပါမည်ဟု ကတိပေးလိုက်တော့သည်။
” ဒါနဲ့ နေပါဦး ၊ လှထွန်းရ မောင်ပိန်က ဘာရောဂါနဲ့ ဆုံးတာလဲ “
” ဘာရောဂါမှ မဖြစ်ဘူး ၊ နင့်လူ ဓါတ်လိုက်ပြီးသေတာ ၊ တို့ရွာမှာ လျှပ်စစ်မီးရတော့ မြို့နယ် လူကြီးတွေက မောင်ပိန်တစ်ကောင်ကြွက် ကို သနားလို့ဆိုပြီး မီးစက်ရုံမှာ ည စောင့် ခန့်ပေးထားတယ်။ ပြည်နယ်ကလူကြီးတွေရောက် နေလို့ တစ်ညလုံး မီးထွန်းပေးထားတဲ့ ညသန်းခေါင်လောက်မှာ စက်ရုံနံရံက မီးခလုတ်ပေါက်ကလေးထဲကို သံချောင်းနဲ့ သွားထိုးတယ်လေ ၊ တစ်ခါတည်း နောက်လန်လဲကျပြီး သမံတလင်းနဲ့ ခေါင်းနဲ့ ရိုက်လိုက်တာ ပွဲချင်းပြီးတာပဲ “
ကျွန်တော် သက်ပြင်းရှည်ကြီးချပြီး ခေါင်းတစ်ဆတ် ဆတ် ငြိမ့်နေမိသည်။ ကျွန်တော့်သူငယ်ချင်းမောင် ပိန်သည် သူ့ချစ်သူ မရူပါဝတီလေးရှိရာ သိုက်နန်းသို့ ဝင်ရန်အတွက် ကျောက်ထရံတံခါးကြီးကို ဖွင့်တာ ဖြစ်ပေလိမ့်မည်။ သို့သော် သူအသုံးပြုခဲ့သည့် သံချောင်းသည် မရူပါဝတီ ပေးထားသော သံချောင်း မဟုတ်၍ ကံမကောင်း ပဲ ဒုက္ခတွေ့သွားတာ ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ဆရာတော်ကို သွားကန်တော့ရင်း သူငယ်ချင်းတို့ ဇနီးမောင်နှံ စံမြန်းရာ ကျောက်ထရံ သိုက်နန်းသို့ သွားရောက် နှုတ်ဆက်ရပေဦးမည်။
( စစ်ပြန် ၊ ဇူလိုင် ၊ ၁၉၉၁ )
အဏ္ဏဝါ စိုးမိုး -ဒုက္ခရသ ဝတ္ထုတိုများမှ
စာရိုက်- Aung Wint Naing