ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
သိုင်းနယ်မှ ကျားသောင်းကျန်း
မကြီးကုန်းရွာကလေးသည် တောင်ကုန်းမော့မော့ကလေးပေါ်၌ တည်ထား ခဲ့ခြင်းကြောင့် ရုတ်တရက် တွေ့ မြင်ရလျှင် အင်မတန် နေထိုင်စရာကောင်း လှသည့် ရွာကလေးတစ်ရွာဟု ထင်မှတ်စရာ ဖြစ်ပေ၏။ သို့ရာတွင် မကြီးကုန်းရွာသူရွာသားအားလုံးမှာမူ နေဝင်မည်ကိုပင် စိုးရိမ်ကြောက်ရွံ့နေကြလေသည်။ ကြောက်မက်ဖွယ်ရာ အန္တရာယ်ဆိုးသည် ရွာသူရွာသားများကို သွေးပျက်စေသလို ကယ်မည့်သူဝေးကွာခဲ့သည့်အလျောက် သက်ပြင်းတွေချကာ ရွာသူရွာသားတွေအနေဖြင့် နတ်ကိုး စုန်းကိုးနှင့် ခေတ်နောက်ပြန်ဆွဲဝါဒကို အသက်သွင်းနေသကဲ့သို့ပင် ရှိနေတော့သည်။
လွန်ခဲ့သော ဆယ်ရက်ခန့် ညပိုင်းမှပင် ဤကဲ့သို့ ပျဉ်းမနားခရိုင်နှင့် တောင်ငူခရိုင်နယ်စပ် တောင်ပိုင်းကျကျရှိခဲ့သည့် မကြီးကုန်းရွာအတွင်းသို့ တောကောင်ကြီး ဝင်ရောက်လာပြီး ခိုင်းနွားတစ်ကောင်ကို ရဲတင်းစွာ ဆွဲချီသွားခဲ့သည်။ ထိုညမှစ၍ တောကောင်ကြီး သို့မဟုတ် ကျားဆိုးကြီးသည် လေးငါးရက်တစ်ကြိမ်ကျ ဆိုသလို မကြီးကုန်းရွာတွင်းသို့ ညမှောင်သည်နှင့် တစ်ပြိုင်နက် ပြိုပျက်ဟောင်းနွမ်းနေသော ရွာစည်းရိုးကို ထိုးဖောက်ကာ ဝက်များ နွားများသာမက အိမ်ကခွေးကိုပင် မလွတ်တမ်း ကိုက်ချီကာ သောင်းကျန်းခဲ့ပေသည်။
ကုန်းသာရွာရှိ ကျွန်တော်၏တပည့်ကျော် ဦးဘိုးစိန်နှင့် ဦးစံဖဲတို့က ဆက်သားလွှတ်ကာ ကျွန်တော့်အား အမြန်ဆုံးလာရောက်ပါရန် အကြောင်းကြားခဲ့သည်ကြောင့် ကျွန်တော်နှင့် ဦးဘိုးဟန်တို့ ဦးဆောင်သော မုဆိုးတပ်စိတ်သည် ပျဉ်းမနားမြို့ အနောက်ဘက် သရက်တောတွင်း၌ စခန်းချထားသည့် ကျွန်တော်၏တပ်ရင်းမှ ကားတစ်တန် လှည်းတစ်တန် ခြေကျင် လူထမ်းနှင့်တစ်မျိုး၊ ကုန်းသာရွာကိုဖြတ်ကာ တောင်ဘက်စူးစူးရှိ တောင်ငူနယ်တွင်းရှိ ဆယ်မိုင်ခန့်ကွာဝေးသော မကြီးကုန်းရွာသို့ ခရီးပြင်းချီတက်ခဲ့ရပေ၏။
ကျွန်တော်သည် ရွာဘေးပတ်လည်က သစ်တောကြီးများ ထွေးတော စိမ့်တောကြီးများ အထပ်ထပ် ကာဆိုင်းနေသည့် အိမ်ခြေခြောက်ဆယ်ခန့်ရှိ မကြီးကုန်းရွာသို့ ညနေလေးနာရီခန့်တွင် ဆိုက်ရောက်ခဲ့သည်။ ရွာသားတွေသည် ကျွန်တော်တို့ကိုမြင်လိုက်ရလျှင် တအားတက်သွားကြပြီး “ငပြောက်” ကိစ္စကို အပြီးအစီး ဖြေရှင်းပေးပါရန် တောင်းပန်ကြသည်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားပါမည်ဟု ကတိပေးအပ်ကာ ရွာအလယ်ရှိ တည်းခိုသော အိမ်ပေါ်တွင် ကျွန်တော်တို့၏ ဝန်စည်စလှယ်များကို နေရာချထားကာ လက်ဖက်ရည်ကြမ်းသုံးလေးခွက်ကို သောက်လိုက်ပါသည်။
“မြန်မြန်သောက်ဗျို့၊ မိုးမချုပ်ခင် ရွာတွင်း ရွာပြင် အခြေအနေနဲ့ တောကောင်ကြီးရဲ့ ဝင်ပေါက် ထွက်ပေါက်လမ်းတွေကို လိုက်ကြည့်ကြရအောင်”
ဦးဘိုးဟန်သည် စွပ်ကျယ်အတိုကလေးကို လဲလှယ်ရင်း သတိပေးလိုက်သည်။ ကျွန်တော်သည် စပို့ရှပ်အသစ်တစ်ထည်ကို ချွေးနစ်နေသော စွပ်ကျယ်နှင့် ဝတ်ဆင်လိုက်ပြီး အိမ်ခေါင်းရင်း ထရံတစ်လျှောက်တွင် အစီလိုက်အတန်းလိုက်ထောင်ထားသည့် ရိုင်ဖယ်သေနတ်ကြီးများ အနက် .၄၇၀ ဗို့ နှစ်လုံးပြူး ရိုင်ဖယ်နှင့် ကျည်ဆန်များ အစီအရီထိုးထားသည့် ခါးပတ်ပြားကြီးများကို လှမ်း၍ဆွဲလိုက်သည်တွင် အိမ်ရှင် ဦးဘိုးတုတ်နှင့် ဦးဘိုးဟန်တို့က
“မလိုသေးပါဘူးဗျ၊ ရွာအတွင်းက လိုက်ကြည့်မှာပါ၊ စောပါသေးတယ်ဗိုလ်မှူးဟု သေနတ်ကြီးကို မယူခဲ့ရန် တားမြစ်လိုက်သည်ကြောင့် ကျွန်တော်သည် စစ်သားထုံးစံအတိုင်း လူနှင့် လက်နက်နှင့် မကွာစေရန်အတွက် .၃၈ စပါယ်ရှယ်ခြောက်လုံးပြူး တစ်လက်ကို ကျည်ဆန်ခြောက်တောင့်ထည့်ကာ ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ရွာတွင်းသို့ သုံးဦးသားထွက်ခဲ့ကြသည်။
တည်းခိုသည့်အိမ်အပေါ်ထပ်၌မှ တပ်ကြပ်ကြီး သန်းထွန်း၊ ဦးနု၊ တပ်ကြပ်မောင်ပု၊ ရဲဘော်ကျော်လှိုင်၊ တပ်ကြပ်မောင်နုတို့သည် သေနတ်ကြီးများကို စနစ်တကျ တိုက်ချွတ်ပြင်ဆင်ကာ ညစာစားသောက်ရေးအတွက်ပါ လုပ်ကိုင်နေရစ်ခဲ့ကြသည်။
အခါသမယကလည်း နတ်တော်လထဲသို့ ရက်ကျူး၍လာခဲ့သည်ကြောင့် ညနေခင်းမြူခိုးတွေနောက်မှ နှင်းမှုန်တွေက ထက်ကြပ်မကွာ လိုက်ပါကာ ကိုးရပ်ခွင်ကို မှုန်ဆိုင်းဝေရီစေလျက် လွမ်းဖွယ်ရာ ညနေဆည်းဆာကာလကို ဖန်နေတော့၏။
ကျွန်တော်သည် စစ်ဗိုလ်မျက်စိ၊ မုဆိုးမျက်စိနှစ်စုံပေါင်းထားသော ကြည့်ရှုစစ်ဆေးပုံမျိုးဖြင့် ရွာစည်းရိုးတစ်လျှောက်ကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်သည်။ ရွာစည်းရိုးအဟောင်းများ၊ အပေါက်များ၊ မလွယ်ပေါက်များကို ကျားသောင်းကျန်းကိစ္စဖြစ်ပေါ်လာမှ ရွာသားတွေသည် အချိန်ရတိုင်း လူအားဖြင့်ဖိကာ အသစ်ပြုပြင်နေကြခြင်း၊ ဖာထေးကြခြင်းများ ပြုလုပ်နေကြောင်း တွေ့ ရသလို တချို့နေရာများတွင် ကျားသာမက ဆင်တစ်ကောင်ပင် ချောင်ချောင်ချိချိဝင်နိုင်အောင် ကျိုးပျက်နေသော စည်းရိုးတန်းပျက်များကို တွေ့ ရ၏။
ထို့ကြောင့်လည်း ကျွန်တော်တို့ မုဆိုးများ၏ ကြိုတင်စီစဉ်ချက်ဖြစ်သည့် ရွာတွင်းသို့ ကျားဝင်နိုင်သည့် ထွက်ပေါက်များမှ စောင့်ကြိုပစ်ခတ်ရေးမှာ မဖြစ်နိုင်ကြောင်း တွေ့ ရှိရသလို ကျားဆိုးအနေဖြင့် သူဝင်ချင်သော ရွာမျက်နှာက အခက်အခဲ အရံအတားမရှိစတမ်း ဝင်ရောက်နိုင်ကြောင်းကိုပါ ရိပ်မိလာတော့သည်။ ကျွန်တော်က ရွာလူကြီးတစ်ဦးဖြစ်သော ဦးဖိုးတုတ်အား
“နက်ဖြန် ရွာစည်းရိုးပြီးအောင်ခတ်ကြဗျာ၊ ဘာပေါက်မှ မရှိစေနဲ့။ ဒီအတိုင်းကတော့ သိပ်မကျေနပ်စရာပဲ”
ဟု သတိပေးပြောကြားလိုက်ရာ ဦးဖိုးတုတ်က
“ရွာသားတွေက သိပ်လဲပျင်းကြတယ် ဗိုလ်မှူး၊ ခုလို သေမယ့်ဘေး ရောက်လာကြမှ ရွာဆော်က မဆင့်ရ မအော်ရဘဲ သူ့ထက်ငါ အလုအယက် ဝါးခုတ်ကြ၊ စည်းတန်းကြ၊ ကာကြ ပြုကြတော့တယ်ဗျ၊ သိပ် ခက်တဲ့ လူတွေဗျာ” ဟု ပြောကြားလိုက်သည်။
ကျွန်တော်တို့သုံးဦးသည် ရွာတောင်ဘက်အစပ်သို့အရောက်တွင် ရွာမြောက်ဘက်ဆီမှ စီခနဲ ခွေးဟောင်သံကြားလိုက်ရပြီး စက္ကန့်ပိုင်း၌ပင် တစ်ဆက်တည်း တစ်ရွာလုံး တဖုန်းဖုန်းနှင့် သံပုံးခေါက်သံ၊ ဝါးလုံးခေါက်သံများ ပွက်လောရိုက်သွားတော့၏။
ဦးဖိုးတုတ်သည် ရုတ်တရက်တုန်လှုပ်သွားပြီး
“ဟေ့ တောကောင်ကြီး ရွာမြောက်စကို ဝင်နေပြီဗျို့ ၊ လာကြ .. လာကြ ခက်ကုန်ပြီ”
ဟု အလန့်တကြား အော်ဟစ်ကာ နီးစပ်ရာအိမ်ပေါ်သို့ တက်ရောက်ခိုလှုံရန် ခြေလှမ်းပြင်လိုက်သည်။
“ဒီလောက်လဲ ကြောက်စရာမဟုတ်ပါဘူး ဦးဖိုးတုတ်ရာ။ ကျုပ်မှာ ခြောက်လုံးပြူး ပါပါသေးတယ်။ အိမ်ကို အမြန်ဆုံး အရောက်ပြန်ပြီး သေနတ်ကြီးတွေ ဆွဲကြရအောင်”
ကျွန်တော်သည် ဦးဘိုးဟန်နှင့်အတူ လာရင်း လမ်းမအတိုင်း စခန်းချထားရာအိမ်ဆီသို့ ခပ်သွက်သွက်ပြေးခဲ့ကြသည်။ ရွာလယ်လမ်းမနှင့် အိမ်ကြိုအိမ်ကြားတစ်လျှောက်ဝယ် နွားအုပ် ကျွဲအုပ်သာမက လူနှင့်ခွေးများပါ တရဟော ပြေးမိပြေးရာ တက်မိတက်ရာအိမ်များပေါ်သို့ ပြေးကြ တက်ကြသည်ကို ကျွန်တော်တို့သုံးဦး မနည်းရှောင်ကွင်းကာ ရွာလယ်စခန်းဆီသို့ ရောက်ခဲ့ရပါသည်။
အိမ်အပေါ်ထပ်မှ အိမ်ရှင်အဒေါ်ကြီးက
“ရဲဘော်တွေလိုက်သွားကြပြီ၊ သိပ်ရဲတဲ့တောကောင်ကြီး၊ လုပ်ကြပါဦး … ကယ်ကြပါဦး”
စသည်ဖြင့် အော်ဟစ်ကာပြောလိုက်ရာ ကျွန်တော်သည် အိမ်အပေါ်ထပ်သို့ပြေးတက်ခဲ့ပြီး ကျွန်တော်၏ နှစ်လုံးပြူးရိုင်ဖယ်ကို ဆွဲယူလိုက်ရင်း ကျည်ဆန်ခါးပတ်ပြားကြီးကို ဆွဲပတ်လိုက်၏။ တိုက်ရင်းချွတ်ရင်းနှင့်ထားခဲ့သည့် အခြားရိုင်ဖယ်သုံးလက်ကိုလည်း တွေ့ ရသည်။
“ကျုပ်ကြောင့် … ကျုပ်အသုံးမကျတာဗျ၊ ဗိုလ်မှူးက သေနတ်တွေပါ တစ်ပါတည်းယူခဲ့ချင်တာ၊ ကျုပ်က တားလိုက်မိလို့ နောက်ကျသွားပြီ”
ဦးဘိုးဟန်သည် သူ့ကိုယ်သူ အပြစ်တင်ကာ မဂ္ဂဇင်း ရိုင်ဖယ်တစ်လက်ကို ဆွဲယူရင်း လှေကားမှ အမြန်ဆုံးဆင်းလိုက်ကြသည်။
“ဒိုင်း … ဒိုင်း”
ဟူသော ခပ်ကျယ်ကျယ် ခပ်ဖွာဖွာ နှစ်လုံးပြူးသေနတ်သံနှစ်ချက်တိတိ ဆက်တိုက်ကြားလိုက်ရပြီး ကျွန်တော်တို့နှစ်ဦးသည် ရွာမြောက်ဖက် စည်းရိုးခြေသို့ ကပ်မိကြသည်။
ဦးနု၊ သန်းထွန်း၊ မောင်နုတို့ လူစုကို ရိုင်ဖယ်နှင့် ၁၂ ဗို့ နှစ်လုံးပြူးသေနတ်များ တကားကားဖြင့် ရွာ၏စည်းရိုးအပြင်ဘက်တွင် ရွာသားများနှင့်ရောနှောကာ တွေ့လိုက်ရ၏။
“သိပ်ရဲ သိပ်ပါးတဲ့ အကောင်ကြီးဗျာ၊ ရဲဘော်တွေက သူ့ကို ပတ် ဝိုင်းမှန်းသိတော့ နွားတင်းကုပ် ကျွဲတင်းကုပ်တွေထဲက ဖြတ်ဝင်ပြီး ရွာပြင်ကို တစ်ချိုးတည်းထွက်ပြေးတယ်။ ရှေ့ဆုံးကကြိုပြီး ဆီးထားတဲ့ ရဲဘော်ကြီးက ငှက်ပျောတောကြားက ဖြတ်ပြေးထွက်တဲ့ တောကောင်ကြီးကို နှစ်လုံးပြူးနဲ့ ဆင့်ပြီး ပစ်လိုက်မိအောင် ပစ်လိုက်တယ်”
ဦးနုကို လက်ညှိုးနှင့်ညွှန်ပြရင်း သူတို့ အချင်းချင်းကို ပြောပြသည်။
“ဘယ်လိုလဲဟ မင်းတို့ မဆီးမိဘူးလား၊ ဒီအကောင်ကြီးကို ချောက်ထုတ်သလို ဖြစ်သွားမှဖြင့်ကွာ”
ဦးဘိုးဟန်က အရေးတကြီးမေးလိုက်ရာ တပ်ကြပ်ကြီးသန်းထွန်းသည် ရယ်မောရင်း
“သေနတ်တွေ ဇိမ်နဲ့တိုက်နေတုန်း ဝုန်းခနဲကြားလိုက်ပြီး ကျားဝင်မှန်းသိတော့ စီးရာစပ်ရာ သေနတ်နဲ့ ကျည်ဆန်တွေဆွဲပြီး လိုက်ဝိုင်းတာပဲ ဦးကြီးဟန်၊ အကောင်ကြီးက သိပ်ပါးပြီး သိပ်မြန်တယ်ဗျာ၊အိမ်ကြိုအိမ်ကြားက တစ်မျိုးတည်းလစ်တာပဲ။ ကျွဲတွေ နွားတွေ ရှောင်ရ လူတွေကို ကွင်းရနဲ့ ဘယ်မှာကောင်းကောင်း ချိန်လိုက်ရမှာတုန်းဗျာ”
ဟု သူကိုယ်တိုင် တွေ့ကြုံရပုံအခြေအနေကို ပြောပြလိုက်လေသည်။
ကျားသည် သူ့နောက်သို့ အလွယ်တကူ ထွက်မလိုက်နိုင်စေရန် သူ၏အနံ့နှင့် သဏ္ဌာန်ဖြင့် ကျွဲ နွားတွေကြားမှ ဖြတ်ပြေးခဲ့ခြင်းဖြင့် လှန့်ခြေရိုက်ပေးခဲ့ရင်း အိမ်ဝက်တစ်ကောင်ကို ရအောင်ချီယူကာ ရွာပြင်သို့ထွက်ခဲ့ခြင်းသာ ဖြစ်ပေ၏။
ဦးနုသည် ရွာသားတစ်စုနှင့် သူပစ်လွှတ်လိုက်သော သေနတ်ချက်ကို တော်တော်ဝေးဝေးအထိ လိုက်၍ကြည့်ရင်း နောက်ကလူတွေ သေနတ်သမားတွေနှင့် မလွတ်မှန်းသိသဖြင့် ပါးစပ်အတွင်းမှ ချထားခဲ့သည့် အသက်ငင်နေသော ပိဿာသုံးဆယ်ခန့်ရှိ သွေးသံရဲရဲဖြင့် ဝက်ကို ပြန်ယူခဲ့ကြသည်။
“ပွတ်မှန်သွားပုံပဲ ဗိုလ်မှူးရေ ၊ သွေးစက်တော့ နည်းနည်းတွေ့ခဲ့ရတယ်၊ ပစ်လိုက်တာကလည်း ကိုးလုံးကျည်တွေဆိုတော့ သိပ်အထိမနာဘူးပေါ့ဗျာ၊ ကျားက တစ်ကောင်မကဘူး၊ နှစ်ကောင်ဗျ။ အပြင်ဘက်က တစ်ကောင်က စောင့်နေတဲ့ခြေရာတွေကို တွေ့ ခဲ့ရတယ်ဗျ”
ဟု သူတွေ့ ရှိခဲ့ရသည့် ကျားဆိုးများ၏ ခြေရာခြေကြောင်းများကိုပါ ပြောပြလေသည်။ ကျွန်တော့်အဖို့ သတိအလစ်ပေး၍ မရနိုင်သော အခြေအနေကို လက်တွေ့ သဘောပေါက်မိသည်။ ထို့ကြောင့်လည်း ကျွန်တော်နှင့် ဦးဘိုးဟန်တို့မှစ၍ သေနတ်သမားတိုင်း သွားလေရာရာတိုင်း ရိုင်ဖယ်ကြီးများ မကွာတမ်း
ကိုင်ဆောင်ကြ၍ စားသောက်ရာအိပ်ရာ၌လည်း မိမိ၏လက်နက်နှင့် မကွာတမ်း လက်လှမ်းမီအောင် အဆင်သင့်ရှိနေကြစေရန် အထူးသတိပေးလိုက်ရပေသည်။
ထိုနေ့ညမှအစပြု၍ ကျွန်တော်တို့ သေနတ်သမားများက ရွာတံခါး နှစ်ပေါက်နှင့်တကွ တောကောင်ကြီးများ ခါတိုင်း ဝင်လေ့ထွက်လေ့ရှိခဲ့သည့် ရွာစည်းရိုးပေါက်များအနီးရှိ အိမ်များပေါ်၌ လူခွဲကာ နေရာယူ ကင်းချလိုက်ကြသည်။ ဓာတ်ခဲသုံးတောင်ထိုး ငါးတောင့်ထိုးလက်နှိပ်ဓာတ်မီး တစ်လက်စီ ပေးအပ်ကာ ရိုင်ဖယ်တစ်လက် တစ်ကင်းကျစီ တွဲဖက်၍ ထားပေးခဲ့သည်။
ကျွန်တော်က ရွာအနောက်ဘက်စည်းရိုးတန်းမှ ရွာခံမုဆိုး ကိုကျော်နှင့် တွဲဖက်တာဝန်ယူရသလို ဦးဘိုးဟန်သည် ရွာမြောက်ဘက်တံခါးတွင် တံခါးစောင့်တာဝန်ကို ယူရသည်။ တပ်ကြပ်ကြီးသန်းထွန်းသည် ရွာ၏ တောင်ဘက်တံခါးတွင် နေရာယူရသလို တပ်ကြပ်မောင်ပု၊ မောင်နု၊ ရဲဘော်ကျော်လှိုင်၊ ဦးနုတို့ကလည်း ဝင်ပေါက်ထွက်ပေါက် မလွယ်ပေါက် တွေရှိကြသည့် စည်းရိုးတန်းတစ်လျှောက် အိမ်များတွင် နေရာယူထားကြသည်။ ရွာသားများမှာ မှောင်စပျိုးကတည်းက အိမ်အောက်ကိုပင် မဆင်းဝံ့တော့ချေ။ အသွားအလာ အားလုံးရပ်စဲကာ သီချင်းဆိုသံ၊ စကားပြောသံတို့လည်း တိတ်ဆိတ်ခဲ့၏။
ကြက်အိပ်ကြက်နိုး သဘောမျိုးဖြင့် ကျွန်တော်တို့ မုဆိုးတစ်စုသည် အနားယူရင်း ကင်းစောင့်ရင်း မိုးစင်စင်လင်းခဲ့ရပေ၏။ ဦးနု ပစ်ခတ်လိုက်သည့် သေနတ်သံကြောင့်ပင်လော၊ သို့မဟုတ် ကျွန်တော်တို့ကို အလစ်ပေး အယုံသွင်းရင်း အငိုက်တွင် တစ်ချီအရှက်ခွဲဖို့ အကြံနှင့်ပင်လော၊ မခွဲခြားနိုင်သော ငြိမ်သက်မှုတွေဖြင့် ကျားဆိုးများကား ထိုနေ့ညအဖို့ ရွာခြေသို့ မကပ်ခဲ့ကြချေ။
နောက်တစ်နေ့ နံနက်စောစောပိုင်းမှစ၍ ရွာသူရွာသားတိုင်းအား ရွာစည်းရိုးများကို အင်တိုက်အားတိုက် ကာရံခိုင်းလိုက်သည်။ ကျွန်တော်တို့ ကိုယ်တိုင် ကြပ်မတ်၍ မလွယ်ပေါက်ကလေးများပါမကျန် ခိုင်ခံ့စွာ ပိတ် ဖွင့်နိုင်ရေး အချိန်အခါသတ်မှတ်ကာ ကြေညာလိုက်သည်။ ကျွန်တော်တို့၏ ရည်ရွယ်ချက်မှာ ကျားဆိုးများကို ဘယ်နည်းနှင့်မဆို ရက်ပိုင်း အတွင်း၌ပင် ဤရွာတွင်းသို့ မုချမသွေ တစ်နေရာရာက ဖောက်ထွင်းကာ စားကောင် တစ်ကောင်ကောင်ကို ဆွဲရ ချီရပေမည်။ ဤကဲ့သို့ ရွာစည်းရိုးအတွင်းသို ဝင်ခဲ့မိသော ကျားဆိုးအဖို့ ဘေးပတ်ပတ်လည်က အတွေ့အကြုံရှိခဲ့သည့် မုဆိုးတစ်ပိုင်း စစ်သားတစ်ပိုင်း ကျွန်တော်တို့ သေနတ်သမားများ၏ ပြောင်းမှ ရှောင်ဖယ်၍ မလွတ်နိုင်ဟု တွက်ချက်ထားကြသည်။
တတိယညသို့ ဆိုက်ရောက်ခဲ့သည်။ နေဝင်ချိန်မှစ၍ သန်းခေါင်ယံအထိ တစ်စုံတစ်ရာ လှုပ်ရှားမှုမရှိခဲ့သော်လည်း သန်းခေါင်ကျော်ကာလမှစ၍ ရွာတွင်းမှ ခွေးများသည် တစီစီ တညံညံနှင့် ရွာပတ်ပတ်လည် စည်းရိုးတန်းများဆီသို့ကြည့်ကာ ခေါင်းမော့၍ အနံ့ခံကာ ဟောင်နေတော့သည်။ အိမ်အောက်ထပ်များတွင် ချည်နှောင်ထားကြသည့် ကျွဲများ၊ နွားများက လည်း ကျားနံ့ရသဖြင့် တရူးရူးနှင့် နှာခေါင်းမှုတ်ကာ ရုန်းကန်နေကြသည်။
ကျွန်တော် နေရာယူ ကင်းစောင်ခဲ့သည့် အိမ်ရှင်အဘိုးကြီးသည် ချမ်းချမ်းစီးစီး နှင်းတဖြိုက်ဖြိုက်ကာလတွင်ပင် မအိပ်နိုင် မကွေးနိုင်ရှာဘဲ မီးလှုံရင်း
“လာပြီဗျို့ ၊ ငပြောက်အနံ့ရလို့ ခွေးတွေဟောင်၊ နွားတွေ နှာခေါင်းမှုတ်ကြပြီ၊ ဘယ်တော့ ရွာထဲကို ရောက်လာမလဲဆိုတာ စီခနဲသံတွေ နားထောင်ပေတော့ ဗိုလ်မှူး” ဟု လှမ်း၍ သတိပေးလိုက်ပါသည်။
ကျွန်တော်သည် ပွဲကြီးပွဲကောင်းများစွာတွင် အသုံးပြုကာ အောင်ပွဲရယူခဲ့သည့် အိပ်ရာဘေးတွင် အရံသင့်ထောင်ထားသော •၄၇၀ ဗို့ နှစ်လုံးပြုး ရိုင်ဖယ်ကို ဆွဲယူလိုက်သည်။ ဤမောင်းဖုံး ရိုင်ဖယ်ကြီးနှင့်ပင် ကျားဆိုး ဆင်ဆိုး ပြောင်ဆိုးများစွာကို သေရွာသို့ ကျကျနနကြီး ပို့ခဲ့သည်။
မြန်မာပြည်၏ ကြီးငါးကြီးအမည်ခံ ဆင်၊ ပြောင်၊ ကြံ့၊ စိုင်၊ ကျားကြီးတွေအဖို့ ကော်ဒိုက်ယမ်းအား ခုနစ်ဆယ့်ဂရိမ် စီးနင်းသော ကျည်ဆန်အမာ သံမဏိ ထိပ်ဖူးနှင့် ထိပ်ဖူးခဲပျော့တွင် နောက်ပိုင်းမှ အမာခံနှစ်မျိုးက အသင့်လျော်ဆုံး လက်နက်ကျည်ဆန်အားအဖြစ် အဖြေပေးခဲ့ကြသည်။ ကြေးခွံကျည်ဆန် အရှည် ၃ လက်မရှည်ပြီး ရိုင်ဖယ်ပြောင်းနှစ်လုံးက ၂၆ လက်မ ရှည်လျက် စုစုပေါင်းရိုင်ဖယ်၏ အလေးချိန် ဆယ့်လေးပေါင်ရှိသည်။ ကျွန်တော့်အဖို့ အင်မတန် ချိန်သားကိုက်စေသည်။ နှစ်လုံးပြူး ရိုင်ဖယ်ကြီးသည် ကျားဆိုး၊ ဆင်ဆိုးများအတွက် အင်မတန်စိတ်ချရသော လက်နက်ကောင်းလည်း ဖြစ်ပါသည်။
မုဆိုးကို တုံ့ပြန်ရန်မူလေ့ရှိသည့် ကျားဆိုးများ၊ ဆင်ဆိုးများကို ရင်ဆိုင်ပစ်ခတ်ရာ၌ ပြောင်းတစ်လုံးတည်းရှိသော မဂ္ဂဇင်း မောင်းထိုးရိုင်ဖယ်ထက် မောင်းတစ်ခါတင်ရုံနှင့် နှစ်ချက်တိတိ ပစ်ခတ်နိုင်သည့် နှစ်လုံးပြူးရိုင်ဖယ်တွေက ပိုမိုစိတ်ချ ခရီးရောက်သည်။ ပထမတစ်ချီပစ်ပြီး ချက်မပိုင်သည့်ကာလတွင် နှစ်လုံးပြူးရိုင်ဖယ်အဖို့ ဘယ်ပြောင်းမှ ကျည်ဆန် ကို အရေးပေါ် အသုံးပြုနိုင်စွမ်းရှိသည်။ တစ်လုံးတည်းရှိသော မဂ္ဂဇင်းရိုင်ဖယ်အဖို့ ပထမချက်မပိုင်သည့်နောက်ဝယ် ဒုတိယအကြိမ် ဆင့်ကာ ပစ်ခက်ရန်အတွက် မောင်းတုံးကိုမ၍ နောက်ပိုင်းသို့ဆွဲထုတ်ကာ မောင်းတင်ရပေမည်။ ဤကဲ့သို့ စက္ကန့်ပိုင်းလေးအတွင်း၌ ပြောင်းတစ်လုံးနှင့် မဂ္ဂဇင်း ရိုင်ဖယ်သမားအဖို့ သေရေး၊ ရှင်ရေး အဆုံးအဖြတ်ကို ရရှိစေနိုင်သည်။
ဤကဲ့သို့ ပထမတစ်ချီ ထိမှန်ခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး ငိုင်၍နေခဲ့သည့် ကျားများ၊ ဆင်များသည်လည်းကောင်း ရုတ်တရက် သူတို့ကို မည်သည့်နေရာမှနေ၍ မည်သည့်ရန်သူက ပစ်ခတ် သည် မမြင်ရ မသိရသော ဒဏ်ရာနှင့်ကျားဆိုး၊ ဆင်ဆိုးများအဖို့ ချောက်ခနဲ မောင်းတုံးကိုမ၍ ဆွဲလိုက်ရင်း မောင်းတင်လိုက်သည့် အသံပြုလိုက်မှုကြောင့် ရုတ်တရက် သတိရလာကာ မုဆိုးရှေ့မှောက်မှ ရှောင်ရှားပြေးခြင်း၊ သို့မဟုတ် မုဆိုးကို အမြန်ဆုံးလိုက်၍ တိုက်ခိုက်ခြင်းများကို ပြုလုပ်လေ့ရှိကြသည်။ ဤကဲ့သို့သော အကျဉ်းအကြား အသက်ဘေးနီးကပ်လှသော အရေးအခင်းပြဿနာမျိုးတွင် နှစ်လုံးပြူးရိုင်ဖယ်ကြီးများသည် အဆုံးအဖြတ်ကို ပေးနိုင်စွမ်းရှိစေ၏။ ထို့ကြောင့်လည်း ကြောက်စရာအကောင်းဆုံး ကျားသတ္တဝါအတွက် ရင်ဆိုင်နိုင်ရန် ကျွန်တော့်အနေနှင့် .၄၇ဝ နှစ်လုံးပြုး ရိုင်ဖယ်ကို ကိုင်ဆောင်အသုံးပြုခဲ့ခြင်းပင် ဖြစ်သည်။
ကျွန်တော်ကဲ့သို့ပင် ကင်းအဖြစ်ချထားသော အခြားမုဆိုးများကလည်း သတိပြုမိကြောင်းကိုတွေ့ ရ၏။ အကြောင်းမှာ လှမ်း၍ အချင်းချင်း လေချွန်ကာအချက်ပေးခြင်း၊ လက်နှိပ်ဓာတ်မီးများ စတင်စမ်းသပ်ကာ ထိုးကြည့်ကြခြင်းများဖြင့် လှုပ်ရှားမှုများကို တွေ့ရှိလိုက်ရသောကြောင့် ဖြစ်ပါသည်။
ကျွန်တော်နှင့် မုဆိုးကိုကျော်တို့ နှစ်ဦးသားသည် နားတစွင့်စွင့် အရိပ်အခြည် တကြည့်ကြည့်နှင့် ကျားဆိုးများ၏ ရွာတွင်းသို့ ဝင်ရောက်လာမည့်အရေးကို စောင့်မျှော်ခဲ့သည်။ သို့ရာတွင် မိုးလင်းပိုင်းသို့သာ ကူးပြောင်းခဲ့သည်။ ကျားဆိုးကား ရွာပြင်တောစပ်မှလှည့်ကာ ပတ်ကာ ရွာတွင်းသို့ ချောင်းမြောင်းလျက် ရွာတွင်းသိုမူ မဝင်ခဲ့ချေ။ ကျွန်တော်သည် ဦးဘိုးဟန်ဆီသို့ ကိုယ်တိုင်သွားရောက်ကာ ရုတ်တရက် ရွာတံခါးကို ခပ်စောစောဖွင့်မပေးဘဲ ကျွန်တော်တို့ သေနတ်သမားတွေက ရွာပြင်သို့ နှစ်စုခွဲကာ ထွက်ကြပြီး တစ်ညလုံး လှည့်ပတ်ကာ ဒုက္ခပေးနေသည့် ကျားဆိုး၏ လှုပ်ရှားမှုကို ကြည့်ရှု့စစ်ဆေးရန် စီစဉ်လိုက်ကြလေသည်။
သို့ရာတွင် မိုးလင်းပိုင်းသို့ရောက်ခဲ့သော် ရွာတွင်းမှ ကျွဲနွားများမှစ၍ တား၍ ဆီး၍ တောင်းပန်၍ မရနိုင်တော့ဘဲ တံခါးနှစ်ပေါက်ကိုဖွင့်ကာ လယ်ကွင်းနှင့် လုပ်ခင်းများဆီသို့ ထွက်လိုက်ကြသည်တွင် ကျွန်တော်တို့ မုဆိုးတစ်စုသည် ကပျာကယာ မျက်နှာသစ်ကာ ကာဖီတစ်ခွက်ကိုပင် မသောက်နိုင်တော့ဘဲ ကျွဲနွားများ၏ ခြေရာများက ညခင်းတစ်ခင်းလုံး လမ်းသလားခဲ့သည့် ကျားဆိုးခြေရာများပေါ်သို့ ထပ်၍မနင်းမိခင် အဆောတလျင် ဦးအောင်ထွက်ခဲ့ရ၏။
ကျွန်တော်တို့ကား နောက်ကျခဲ့ပေပြီ။ ကျွဲနွားနှင့် လူတစ်စုသည် ရွာမြောက်ဘက်တံခါးမှ တစ်စုတစ်ဝေးကြီးထွက်ကာ တောစပ်နှင့်ရောနှောနေသည့် လယ်ကွင်းများဆီသို့ သွားနှင့်ကြသည်ကို ရွာတံခါးမှပင် ကျွန်တော်တို့ တွေ့ရှိလိုက်သည်။ ရုတ်တရက် နွားတစ်ကောင်၏ တဘူးဘူး အော်မြည်သံနှင့်အတူ နွားတစ်အုပ်သည် ရွာတံခါးဆီသို့ ကသုတ်ကရက် ပြေးလာသည်ကို တွေ့လိုက်ရကာ နောက်ထပ်လူတစ်စု၏ ငယ်သံပါအောင် တစ်စုတစ်ဝေးကြီး အော်ဟစ်သံများကြောင့် ကျွန်တော်တို့ မုဆိုးတစ်စုသည် ရိုင်ဖယ်ကြီးများကို မောင်းတင်ရင်း အပြေးတက်ခဲ့သည်။
ကျွန်တော်တို့ဆီသို့ ပြေးလာကြသည့် ရွာသားများက
“ကိုက်ပြီဗျို့ ၊ လူရော နွားရောဗျ။ လမ်းဘေးမှာဗျို့၊ တောကောင်ကြီး”
ဟု ဟစ်အော်ပြောမှပင် ကျွန်တော်တို့လူစု အပြင်းချီတက်မိကြသည်။ ကိုက်နှစ်ရာခန့်အရောက်တွင် ခြောက်ပေလှည်းလမ်းဘေးတွင် စင်းစင်းကြီးလဲနေသော နွားတစ်ကောင်နှင့် မှောက်လျက်လဲနေသော ရွာသားတစ်ဦးကို တွေ့လိုက်ရသည်။ အဓိက ရန်သူကောင် ကျားဆိုးကြီးကိုမူ အသစ်လတ်လတ်ဆတ်ဆတ် ခြေရာကွက်ကြီးများမှတစ်ပါး မတွေ့ ရတော့ချေ။
သို့ရာတွင် ကျွန်တော်တို့ သေနတ်သမားများက ဖုန်းဆိုးတောတွင်းသို့ လူချင်းရင်ဘောင်တန်းကာ ဖိ၍ တိုးဝင်ရင်း တစ်ဖာလုံခန့်အထိလိုက်ခဲ့ကြသည်။ တောင်ယာဟောင်းပစ်ခဲ့ပြီး ဆက်လက်၍ သစ်တောခုတ်ထွင်ရှင်းလင်းခဲ့ခြင်း မရှိခဲ့သည်ကြောင့် သစ်ပင်ပေါင်းစုံ ထူထပ်ချင်တိုင်း ထူထပ်နေသော ဖုန်းဆိုးမြက်တောတွင်းမှ ဝေါခနဲ ဟိန်းသံကြီးနှင့်အတူ ကျွန်တော်တို့ရှေ့ ကိုက်တစ်ရာခန့်မှ ကပ်လျက် ဆုတ်ခွာသွားသော ကျားဆိုးကို ကျွန်တော်တို့ မမီခဲ့ချေ။
ထို့ကြောင့် ကျားကိုက်ခံရသောလူဆီသို့ ပြန်ဆုတ်ခွာခဲ့ပြီး အခြေအနေကို ကြည့်လိုက်ရာတွင် လူရော နွားပါ သေဆုံးနေသည်ကို တွေ့ ရတော့သည်။ အသက်လေးဆယ်ခန့် နွားရှင်ကို ကျားဆိုးသည် လည်ကုပ်မှကိုက်ကာ တအားမြေကြီးနှင့်ဆောင့်ကာ သွေးစုတ်ခဲ့သည်ကြောင့် လည်ကုပ်ပိုးနှင့် ရှေ့လည်တိုင်ပိုင်းတွင် တစ်ကျပ်လုံးခန့် ကျားစွယ်ရာအပေါက်ကြီးတွေမှ သွေးဒလဟောဆင်းရင်း လည်တိုင်ကျိုးလျက် သေဆုံးနေသည်ကို တွေ့ရပေ၏။
“ဗိုလ်မှူးတို့ပြောစကားမှ နားမထောင်ဘဲ၊ သေနတ်သမားတွေအရင် အလုပ်လုပ်ချင်တဲ့ အကောင်တွေ မှတ်ကရောကွ”
ရွာခေါင်း ဦးအောင်ဘော်သည် စိတ်ဆိုးမာန်ဆိုးနှင့် သူ၏ရွာသားတွေကို ဆဲဆိုကြိမ်းဝါးအပြစ်တင်ရင်း အလောင်းနှင့် နွားသေကို စီစဉ်ရန်အတွက် လူစုနေလေသည်။
“ကျားနှစ်ကောင်ဗျ၊ ဟောဒီတစ်ဖက်ကို တစ်ကောင်ဆုတ်ပြေးတယ်၊ ကျားကြီးတစ်ကောင်နဲ့ ကျားအလတ်တစ်ကောင်။ ကြည့်ပါလား ခြေရာတွေ ရွာပတ်လည် စည်းရိုးတစ်လျှောက်မှာ အိုးဘောင်ခတ်ထားသလို တစ်ညလုံးလှည့်ချောင်းနေတာတွေ”
ဟု ဦးဘိုးဟန်က ခြေရာတန်းကြီးများကို ကြည့်ကာ ဝေဖန်လိုက်ပြီး
“မနေ့ညနေက သေနတ်နဲ့ပစ်လိုက်တာကြောင့် ဒီအကောင်နှစ်ကောင် ရွာထဲကိုမဝင်ဘဲ ရွာပြင်ကလှည့်ချောင်းပြီး မနက်ခင်း ရွာထဲကထွက်လာမယ့် ကျွဲနွားတွေကို အသင့်စောင့်နေတာဗျ။ သိပ်ပါးသလို သိပ်ရဲတယ်၊ အပိုင်စောင့်ကိုက်တာပဲ”
ဟု မှတ်ချက်ချလိုက်သည်။
ကျွန်တော့်အနေနှင့် ဖြစ်ပျက်ပုံ အလုံးစုံကိစ္စများကို စနစ်တကျ ဝေဖန်ကြည့်လိုက်မိသည်။ ကျွန်တော်တို့ မုဆိုးများက ကျားဆိုးများ ရွာအပြင်မှ စောင့်နေမည်ကို ထည့်မတွက်ချက်ခဲ့။ နံနက်လင်းလျှင် ကျားဆိုးများသည် တောကောင်းရာဒေသသို့ ကိုယ်ရောင်ဖျောက်ပြီး ဆုတ်ခွာမည်ဟု လျှော့ပေါ့၍ တွက်ချက်ထားခဲ့မိသည်။
ဒုတိယအချက်မှာ ကျားဆိုးသည် ပထမဦးစွာ အဓိက သားကောင်ဖြစ်သော နွားကို ဆွဲချီရာတွင် နွားရှင်က ဝင်ရောက်၍ ဓားမအားကိုးနှင့် ခုခံသည်တွင် ဆာလောင်နေသော စားမာန်ခုနေသည့် ကျားဆိုးက နွားရှင်ကိုပါ တဆက်တည်း ကိုက်သတ်ခြင်း ဖြစ်သည်။ လူသေအလောင်းအနီး၌ ထက်မြက်စွာ သွေးထားသော ဓားမကြီး တစ်ချောင်းပါ တွေ့ ရလေသည်။
ကျားသည် ယခုအခါ လူသွေးကိုသောက်မိသော၊ လူကိုကိုက်ချီရဲသော ကျားအဖြစ်သို့ ကူးပြောင်းရောက်ခဲ့သည်။ ထို့ကြောင့် ရှေ့အဖို့ ပိုမို၍ရဲတင်းလာမည့် ကျားအတွက် ကျွန်တော်တို့အနေဖြင့် ပိုမို၍ဂရုစိုက် ကြရပေမည်။ အခြေအနေဖြစ်ရပ်များ စုပေါင်းသိမ်းကျုံး၍ ကြည့်လိုက်ရလျှင် ကျားသောင်းကျန်းမှုအခြေအနေမှာ အဆိုးဝါးဆုံးအချိန်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်း ဝန်ခံရပေမည်။
ရဲစရာရှိလျှင် သူမတူအောင် ရဲဝံ့တတ်သောအကျင့်၊ ကြောက်စရာရှိလျှင်ကြံကြံဖန်ဖန်ရှာကြံ၍ ကြောက်ရွံ့တတ်သောအကျင့်အတိုင်း မကြီးကုန်း ရွာသားများအဖို့ ထိုအချိန်အခါမှစ၍ တစ်ယောက်တည်း နှစ်ယောက်တည်း တောထဲသို့ မတိုးဝံ့တော့ချေ။ မိုးမချုပ်မီ ရွာထဲ၌ လူစုံရောက်ရှိပြီး ရွာတံခါး နှစ်ပေါက်ကို တုံးတန်းကြီးကန်လန့်ခံကာ ပိတ်ဆို့ကြကုန်သည်။
ကျားသောင်းကျန်းမှုသတင်းကား ရွာနီးချုပ်စပ်မှ တစ်ဆင့် တောမီးလောင်သည့်ပမာ လျင်မြန်စွာ ပြန့်နှံ့သွားချေပြီတကား။ လဆုတ်ရက်ပိုင်းကလည်း ဖြစ်ပြန်၊ တောရိပ်တောင်ရိပ်ကလည်း ထူထပ်မှုကြောင့် ကျွန်တော်တို့ ဆက်လက်စခန်းချနေသော မကြီးကုန်းရွာသည် မှောင်မည်းတိတ်ဆိတ်နေ၏။ အချမ်းဒဏ်ကလည်း ရက်ရက်ရောရော တိုးလာတော့သည်။ နှင်းကျသံတဖြောက်ဖြောက်ကလည်း ငြိမ်ချက်သားကောင်းလှသော အခြေအနေကို ပိုမို၍ လေးနက်မှုအသွင် ဆောင်နေစေသည်။ ထိုညကား ကျွန်တော်တို့ မုဆိုးတစ်စုအဖို့ ငါးရက်မြောက် အအိပ်ပျက်ခံရမည့် ညဦးပိုင်းကို ရည်ညွှန်းနေပါသည်။ ကျွန်တော်သည် မုဆိုးကိုကျော် အိမ်ရှင်မိသားစုတို့နှင့်အတူ အိမ်အပေါ်ထပ်တွင် မီးလှုံနေမိသည်။
“ဒီရွာတစ်ဝိုက်က သိပ်မခွာပါဘူး ဗိုလ်ကြီးရာ၊ ကြာလှရင် သုံး လေးရက်ပါပဲ၊ အင်မတန်ဆိုးဝါးသောင်းကျန်းတဲ့ အကောင်ကြီးတွေဗျ၊ ရွာသားတွေကိုများ အသက်ရှိတယ်တောင် မအောက်မေ့ဘူးဗျို့ ၊ တဟဲ့ဟဲ့ အော်ကာ ငေါက်ထုတ်တာတောင် အသွားမပျက်ဘူး”
အိမ်ရှင် အဘိုးကြီးက လက်ဖက်ရည်ကြမ်းအိုးကို မီးထိုးရင်း ကျွန်တော်အား ဧည့်ခံစကားပြောပါသည်။
“ဗိုလ်မှူးတို့သာ ကျုပ်တို့ရွာကို အချိန်မီမရောက်ခဲ့ရင် ရွာလုံးကျွတ် ရွှေ့ပြီး လက်ပန်ခုန်ကို ရောက်ကြပြီးသားပဲ၊ ပထွေးလေးပြောသလိုပဲ။ ငပြောက်ခြေရာတွေ ဒီနေ့ ရွာတောင်စ လယ်ကွင်းကစပြီး အရှေ့ဘက် ပတ်ပတ်လည်မှာ တွေ့ခဲ့ရတယ်ဗျို့ ၊ သတိနဲ့သာစောင့်ပေတော့”
မုဆိုးကိုကျော်သည် မြေပဲတောင့်များကို အခွံသင်ရင်း သူ နေ့ခင်းက လယ်ထဲသွားရင်း တွေ့မြင်ခဲ့ရသည့် ကျားခြေရာကြီးများအကြောင်းကို သတိပေးပြောကြားလိုက်ပါသည်။ ကျွန်တော်သည် ဝါးခနဲသမ်းကာ လက်ပတ်နာရီကို တစ်ချက်ငုံ့၍ ကြည့်လိုက်ရာတွင် ညရှစ်နာရီထိုးရန် ဆယ်မိနစ်ခန့်လိုတော့သည်ကို တွေ့လိုက်ရ၏။
အတော်အေးလာသည်ကြောင့် လက်ဖက်ရည်ကြမ်းတစ်ပန်းကန်လောက်သောက်မည်ဟု လက်လှမ်းလိုက်စဉ်တွင် ရွာတောင်စဆီက စီခနဲ ခွေးတစ်အုပ်ကြီးထိုးကာ ဟောင်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကျွန်တော်သည် အမြန်ဆုံး တောစီးဖိနပ်ရှည်ကို ခြေနှစ်ဖက်တွင် စွပ်ချလိုက်ရင်း ရိုင်ဖယ်ကို ညာလက်မှဆွဲလျက် လှေကားဆီသို့ဆင်းလိုက်၏။ တစ်ဆက်တည်းလိုပင် ရွာသားများ၏ ညာသံများ၊ သံပုံးခေါက်သံများ၊ နွားများ၊ ကျွဲများ၏နှာခေါင်းမှုတ်သံ အလန့်တကြား အော်သံများသည် တစ်ဟုန်တည်း တဝုန်းဝုန်း ပေါ်ထွက်လာတော့သည်။
“ရွာထဲကိုဝင်နေပြီဗျို့ ၊ မြန်မြန်အောက်ကိုဆင်း”
ဦးကျော်သည် လက်နှိပ်ဓာတ်မီးကို တစ်ချက်စမ်းသပ်၍ ထိုးကြည့်လိုက်ရင်း ကျွန်တော့်နောက်မှ ကပ်ကာ လှေကားပေါ်မှ အမြန်ဆုံးဆင်းလာသည်။
မြေကြီးပေါ်သို့ ရောက်ခဲ့သည်တွင် ရွာထောင့်အသီးသီးက လက်နှိပ်ဓာတ်မီးများ အနှံ့အပြားထိုးကာ ရှာဖွေသံများနှင့် “ဝိုင်းဟေ့၊ ဆီးဟေ့၊ မလွတ်စေနဲ့” ဟူသော မုဆိုးများ၏ ကြွေးကြော်သံများနှင့်အတူ ကျွဲ နွားများ ကြိုးပြတ်၍ ပြေးလွှားသံ၊ အိမ်စည်းရိုးတန်းကို တိုးသံများ၊ တဗူးဗူးအော်သံများကိုပါ ကြားလိုက်ရသည်။
ဦးကျော်က ငါးတောင့်ထိုးဓာတ်မီးနှင့် ဘယ်ပြန် ညာပြန်ထိုးကာ ကျားသောင်းကျန်းကို ရှာဖွေလိုက်သည်။
“လာလေ့ဗျို့ ၊ အနောက်ဘက်ထောင့်အတိုင်းတစ်ကောင်၊ ရွာမြောက်ဘက်တံခါးကို တစ်ကောင်၊ လာလေ့ဗျို့”
ရွာသားများ၏ အရေးတကြီး ဟစ်အော်သံများကြောင့် ကျွန်တော်သည် ထိပ်ဖူးတွင် ခဲအပျော့ထည့်ထားသော ကျည်ဆန်နှစ်ကောင့်သွင်းထားသည့် ရိုင်ဖယ်ကို ပစ်ရန်အသင့်အနေဖြင့် ကိုင်ကာ ကျွန်တော်၏ ညာဘက်ဘေးမှ ယှဉ်ကာရပ်ရင်း ကျွန်တော်၏ ဘယ်ဘက်ခြံစည်းရိုးတစ်လျှောက်ကို ဓာတ်မီးနှင့်ထိုးကာ ရှာဖွေနေသူ ဦးကျော်အား
“တွေ့ရင် မီးမပိတ်ပစ်နဲ့ မကြောက်နဲ့” ဟု သတိပေးရင်း မျက်စိရှင်ရှင်နှင့် ကြိုတင်ဟစ်ကြွေး သတင်းပို့ထားသည့်အလျောက် ကျားသောင်းကျန်းကို ရှာဖွေနေမိသည်။
ကျွန်တော်၏ ရှေ့တည့်တည့် ငှက်ပျောဖုက်ကြားမှ ရှဲခနဲ တောတိုးသံသဲ့သဲ့ကြောင့် ကိုကျော်ကို လက်တို့သတိပေးလိုက်ရာ ကိုကျော်၏ ညာဘက်လက်တွင်းမှ လက်နှိပ်ဓာတ်မီးရောင်သည် ကျွန်တော်တို့နှင့် ကိုက်ငါးဆယ်ခန့်အကွာရှိ ချဉ်ပေါင်ပင်စုစုရှိ ငှက်ပျောပင်များဆီသို့ ရုတ်တရက် ကူးပြောင်း၍ ထိုးကြည့်လိုက်သည်။
လင်းခနဲ ပေါ်ထွက်လာသည် လေးပေခန့်အကျယ်အဝန်းရှိသည့် မီးကွင်းအဝိုင်းအတွင်းဝယ် ငှက်ပျောပင်နှင့် အရွက်ပြားများအကြား၌ နွားမတမ်း တစ်ကောင်၏ နောက်ပိုင်းကျကျ ကျောရိုးရှည်နှင့် ခြေနှစ်ချောင်းကို တွေ့ လိုက်ရ၏။ အထက်မှအောက် အကျားအစင်းနက်ကြီးများကလည်း မီးရောင်တွင် အရှင်းသားတွေ့ နေရ၏။ ထိုသတ္တဝါကြီး၏ ရှေ့ပိုင်းမှာ ငှက်ပျောဖုတ်အကြားတွင် ရောက်ရှိခိုကပ်နေသဖြင့် မမြင်ရဘဲရှိနေ၏။ ကျွန်တော်က နွားမတမ်းမလောက် အရပ်အမောင်းမမြင့်လှဘဲ မြေပြင်မှ သုံးပေခွဲ လေးပေခန့်လောက်သာ အရပ်ရှိမည့် သတ္တဝါ၏ လှုပ်ရှားနေသော ပြောက်ကျားကျား အမြီးတုတ်တုတ်ကြီးကို တွေ့လိုက်ရသည်တွင် ဦးကျော်ကို စုပ်သပ်အချက်ပေးလိုက်ရင်း လက်နှိပ်ဓာတ်မီးရောင် လမ်းကြောင်းအောက်သို့ အသာလျှို၍ ဝင်လိုက်၏။ .၄၇ဝ ရိုင်ဖယ်၏ဒင်ကို ကျွန်တော်၏ ညာဘက်ပခုံးအောက်တွင် တင်းတင်းဆွဲကပ်ကာ ရပ်လျက် ပစ်ရန်အသင့်အနေသို့ ရောက်ရှိစေသည်။
သတ္တဝါကြီးသည် လျှောခနဲ ငှက်ပျောရွက်များအကြားမှ ရှေ့သို့ ယိုးကာ ထွက်လိုက်သည်တွင် ရှေးဦးစွာ အထုပ်မည်းမည်းကြီးကို သူ၏ ခပ်ငုံ့ငုံ့ပါးစပ်ကြီးမှ တွဲလောင်းဆွဲကိုက်ထားသည်ကို တွေ့ ရသည်။ ခွဲတောင်းခန့် ကြီးမားသော ခေါင်းဝိုင်းဝိုင်းကြီးနှင့် တစ်ဆက်တည်းသော တုတ်ခိုင်သည့် လည်ပင်းကြီးတစ်လျှောက်၌လည်း အဝါရင့်ပေါ်တွင် အနက်စင်းကြီးများဖြင့် ခြယ်လှယ်ထားသည်ကို တွေ့ ရလျက် နားရွက်ဝိုင်းဝိုင်းကလေးများ အဖျား၌ အဖြူရောင်အမွေးရှည်များကိုပါ မြင်နေရသည်။ ရှေ့သို့နှစ်လှမ်းခန့် ဖိ၍ တိုးကာထွက်လာသည့်နောက် တွဲလောင်းကျနေသော အထုပ်မည်းမည်းကြီးမှာ ဝက်ကြီးတစ်ကောင်၏ အောက်ပိုင်းဖြစ်ပြီး လည်ကုပ်ပိုင်းမှာ ကျားကြီး၏ ကျယ်ပြန့်ကြီးမားသော ပါးစပ်အတွင်း၌ ကိုက်ချီထားသည့် အဖြစ်မှန်ကို မြင်ရပေပြီ။
မီးကျီခဲကြီးနှစ်လုံးနှင့်တူသော ကျားကြီး၏ မျက်လုံးနှစ်လုံးသည် ဓာတ်မီးရောင်ကြောင်းအတိုင်း ကျွန်တော်တို့ကို ရဲဝံ့စွာပြန်၍ ကြည့်လိုက်လေသည်။ အနည်းငယ် ရပ်တန့်သွားသည့် ကျားကြီး၏ အခြေအနေကို ကျွန်တော်သည် ရိုင်ဖယ်ပြောင်းနှင့် တန်းလျက်ချိန်ရင်း ကျားကြီး၏ဘယ်ဘက် လက်ပြင်ကို ကိုက်ငါးဆယ်အတွင်းမှချိန်သားမိထားခဲ့ရာမှ ကျွန်တော်၏ ညာဘက်လက်ညှိုးသည် .၄၇၀ နှစ်လုံးပြုးရိုင်ဖယ်၏ ရှေ့မောင်းကွင်းကို ညင်သာစွာ ညှစ်ဆွဲ ဆွဲချလိုက်သည်။
ကော်ဒိုက်ယမ်း ခုနစ်ဆယ့်ငါးဂရိမ်၏ တစ်ခဲနက် ဒုန်းခနဲဆောင့်ကာ ပေါက်သံနှင့်အတူ ရိုင်ဖယ်၏ ညာဘက်ပြောင်းဝ၌ ရဲခနဲ မီးပွင့်ထွက်သွားသလို ကျွန်တော်၏ ညာဘက်ပခုံးစွန်းသည် နင့်ခနဲ ပြင်းပြင်းထန်ထန် အဆောင်ခံရလေသည်။
လင်းနေသော မီးရောင်အတွင်း၌ ကျားကြီးသည် ညာဘက်သို့ သုံးပေခန့်ပစ်၍ ကျည်ဆန်အားနောက်သို့ ပါသွားပြီး တုံးခနဲ မြေပေါ်၌ ကျသွားတော့သည်။ ရိုင်ဖယ်ကြီး၏ ချိန်သားသည် လိုအပ်သော ပစ်ကွင်းကို ကျကျနန ထိမှန်သွားကြောင်း သိလိုက်ရပေ၏။ ဝေါခနဲ မြေဟုန်ဟည်းကာ သွက်သွက်ခါ ထွက်သွားသည်တင်ရသော ဟိန်းသံကြီးနှင့်အတူ ကျားကြီး လူးလှိမ့်နေစဉ်တွင် ကြိုတင်စီစဉ်ထားသည့်အတိုင်း လက်နှိပ်ဓာတ်မီးကို ဖျတ်ခနဲ မှိတ်ပစ်လိုက်သည်။
တဟဲဟဲမာန်သွင်းသံ၊ လည်ချောင်းမှ ပြင်းပြစွာ အသက်ရှုသံများနှင့် တဖြောင်းဖြောင်း ကိုက်ဝါးသံကြီးများ၊ အစွယ်ချင်း ရိုက်ခတ်သံများကို ကျွန်တော်တို့နှစ်ယောက်သား နားထောင်ရင်း မှောင်မိုက်ထဲတွင် အသာမြုံနေမိကြ၏။ ကျွန်တော်သည် ရိုင်ဖယ်၏ ခါးကိုချိုးကာ ညာပြောင်းဝမှ ပစ်ပြီးသား ကျည်ခွံထွက်သွားသည့်နေရာတွင် နောက်ထပ် ကျည်ဆန်အသစ်တစ်တောင့် အမြန်ထည့်ကာ ရိုင်ဖယ်ကို တစ်ဖန် မောင်းတင်လိုက်၏။ တစ်ချိန်တည်းတွင် ရွာမြောက်စ တံခါးဆီမှ တစ်ခဲနက်ပစ်ခတ်သံများကနာမည်ကြီးလှသော တောင်ငူမြောက်ပိုင်း သိုင်းချောင်းဖြတ်စီးရာ သိုင်းနယ်တစ်လျှောက်၏ တိတ်ဆိတ်သော ညယံကို ဖြိုခွင်းလိုက်လေသည်။
ကျွန်တော်၏ နောက်ပိုင်းမှ ရပ်နေသော ကိုကျော်၏ စုပ်သပ်၍ အချက်ပေးသံကြောင့် ကျွန်တော်သည် တဂူးဂူး တဂဲဂဲနှင့် အော်မြည်နေသော ကျားကြီးလဲနေရာသို့ အဆင်သင့်မှန်းကာ ရိုင်ဖယ်နှင့်ချိန်လိုက်သည်။ လက်နှိပ်ဓာတ်မီးရောင် အဖွေးသားသည် ကျွန်တော်၏ ညာဘက်ပခုံးပေါ်မှ ဖြတ်သန်းကာ ပေါ်ထွက်လာသည်။ မီးရောင်လမ်းကြောင်းအတိုင်း ရိုင်ဖယ် ပြောင်းနှစ်လုံးကို တန်းကာချိန်လိုက်ရင်း ကျားကြီးရှိရာသို့ ကြည့်လိုက်မိသည်၊ လဲနေသော ကျားကြီးသည် တစ်ချီတစ်ချီ ခေါင်းထောင်ကာ တဟဲဟဲ မာန်သွင်းရင်း နီးရာစပ်ရာ သစ်ပင်သစ်တုံးများအား တဗျစ်ဗျစ် ကိုက်ဝါးနေသည်ကို တွေ့လိုက်ရသည်။
ကျွန်တော်သည် စခန်းသိမ်းပစ်ခတ်ခြင်းအနေဖြင့် ကျားကြီး၏ခေါင်းကို ဘယ်ပြောင်းတွင်းမှ ကျည်ဆန်ဖြင့်ပစ်ခတ်လိုက်သည်။ တစ်ချိန်လုံး တိတ်ဆိတ်ခဲ့သော မကြီးကုန်းရွာတစ်ဝိုက်၏ အခြေအနေကို ပဲ့တင်ရိုက်ခတ်စေသည့် ကြီးမားသော .၄၇၀ ကျည်ဆန်ကြီး၏ ပေါက်ကွဲမှုများဖြင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်ပြန်တော့သည်။ ကျားကြီးကား သိမ့်သိမ့် တုန်တက်သွားပြီး စက္ကန့်ပိုင်းကလေးအတွင်း၌ပင် ခေါင်းငိုက်စိုက်ကျသွားတော့သည်။
ဆက်လက်ထိုးထားသည့် ဓာတ်မီးရောင်အောက်ဝယ် ကျွန်တော်တို့နှစ်ဦးသည် ကျောက်ရုပ်သဖွယ် မလှုပ်မယှက်ရပ်ကာ အခြေအနေကို စောင့်ကြည့်နေမိသည်။ ကျွန်တော်၏ စိတ်တွင်းမှလည်း တစ်မိနစ် နှစ်မိနစ် စသည်ဖြင့် ငါးမိနစ်ပိုင်းအထိ ရေတွက်ခဲ့ပြီး တစ်လှမ်းချင်း ကျားကြီးဆီသို့ ချဉ်းကပ်လာခဲ့သည်။
လူရော နွားရော ဝက်ပါမကျန် မလွတ်တမ်း ဒုက္ခပေးကာ သောင်းကျန်းခဲ့သည့် တောကောင်ကြီး ငပြောက်ကြီးအမည်ခံ ကျားဆိုးကြီးကား သွေးအိုင်ထဲဝယ် မျက်လုံးကြီးတွေ အပြူးသားဖြင့် အမိုက်ဇာတ် သိမ်းခဲ့ပေပြီတကား။ ပထမထိမှန်ချက်မှာ ဘယ်ဘက်လက်ပြင်မှ တစ်မတ်ပေါက်ပမာ .၄၇၀ ကျည်ဆန်ဖူး အပျော့က ဝင်လျက် ညာဘက်လက်ပြင်နောက်မှ လေးလက်မပတ်လည် အဝိုင်းပေါက်ကြီးဖြစ်အောင် ကျည်ဆန်ဖူးအပျော့က မွှေနှောက်သွားသဖြင့် မထနိုင်အောင် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ဤပထမတစ်ချက်နှင့်ပင် ကိစ္စတုံးနိုင်သော်လည်း အသက်ပြင်းလှသော ကျားဆိုးကြီးသည် သွေးရူးသွေးတမ်းနှင့်ပင် ရုတ်တရက် နီးစပ်ရာမှန်သမျှကို ကိုက်ဝါးနေသည့်အတွက် ဒုတိယအချက်အနေဖြင့် သူ၏ နားတွင်းဆီသို့ သတ်ဖြတ်သုတ်သင်နည်းအရ စခန်းသိမ်းလိုက်ပေ၏။
ထို့နောက် ကျွန်တော်သည် ရေနံချေးစိမ်ထားသော မီးကွင်း လေးကွင်းကို တုတ်ချောင်းလေးချောင်းတွင်စွပ်၍ မီးရှို့ကာ ကျားကြီး၏ပတ်လည်တွင် ရွာသားများ အဝေးကပင်တွေ့မြင်နိုင်အောင် ပြသသတိပေးခဲ့ပြီး ရွာမြောက်စဆီသို့ ကိုကျော်နှင့်အတူ ထွက်ခဲ့သည်။
ရွာတံခါးအနီး လမ်းမပေါ်၌ကား လက်နှိပ်ဓာတ်မီးရောင်အောက်ဝယ် ဝပ်လျက် အသက်ပျောက်နေသော ကျားသေတစ်ကောင်ကို တွေ့ ရပေသည်။ ဦးဘိုးဟန်နှင့် သန်းထွန်း၊ ဦးနုကို မုဆိုးတစ်စုက ရိုင်ဖယ်ကိုယ်စီဖြင့် ကျားကြီးအနီးတွင် အသင့်စောင့်နေကြသည်။
“အာဂကျားမကြီး ဗိုလ်မှူး၊ သူ့ကို ကျုပ်တို့မုဆိုးတွေက ပစ်ဖို့ ဝိုင်းလာမှန်းသိတော့ ဟောဒီအိမ်အောက်မှာ ဝင်ကပ်နေတာဗျ။ ဗိုလ်မှူးဆီက ဒိုင်းခနဲပစ်သံကြားတော့မှ သူ မနေနိုင်တော့ဘဲ ရွာတံခါးကို အတင်းတိုးထွက်ဖို့အလှည့်မှာ ကျုပ် ပထမ ဆော်ထည့်လိုက်တယ်။ နောက်တော့ နောက်ကရော ဘေးကပါ ပန်းတက်လာတဲ့ မောင်သန်းထွန်းတို့ ဦးနုတို့က မလွတ်တမ်း ပစ်ကြတော့တာပါပဲဗျာ”
ဦးဘိုးဟန်သည် ကိစ္စချောနေသော ကျားမကြီးကို အားပါးတရငုံ့၍ကြည့်ရင်းနှင့် ပြောလိုက်သည်။ ကျွန်တော်သည် ကျားပေါက်တစ်ကောင်ကဲ့သို့ ကြီးမားလှသော ကျားမကြီးကိုကြည့်ကာ မီးကွင်းများညှိထွန်း စိုက်ထူခိုင်းလိုက်သည်။
“ဟောဒီမှာ ဟိုနေ့က ဦးနုရဲ့ကိုးလုံးကျည်ဆန်မှန်ထားတဲ့ သုံးပေါက်၊ ဗိုက်ကိုရှပ်ပြီးနှစ်ချက်၊ နံကြားမှာတစ်ချက်၊ ဒဏ်ရာဟောင်းသုံးချက် တွေ့ ရတယ်၊ အထိမနာဘူး”
ဦးဘိုးဟန်က ကျားမကြီး၏ဗိုက်ကို ဓာတ်မီးတစ်လက်ဖြင့်ထိုးကာ အရေးတကြီး ပြောလိုက်သည်။ ကျွန်တော်သည် ကျားများသောင်းကျန်းလာရခြင်းအကြောင်းရင်းကို စစ်တမ်းထုတ်ကာ စဉ်းစားနေမိသည်။
ကျားဆိုးများဖြစ်လာရခြင်း အကြောင်းနှင့်ပတ်သက်၍ သူတို့အား အနာတရ ရရှိအောင် ဖြစ်စေခြင်းဖြင့် ကျားဆိုးများအဖြစ် မည်းမည်းမြင်တိုင်း ဒေါသဖြစ်ကာ ရန်မှုစိတ်များပေါ်စေခြင်း၊ ဒဏ်ရာရရှိခဲ့သည်ကြောင့် ကိုယ်လက်အင်္ဂါ မစွမ်းမသန်ဖြစ်ရာ တောတွင်းမှသားကောင်များကို မဖမ်းဆီးနိုင်သည့်အလျောက် အလွယ်ကူဆုံးသားကောင်များဖြစ်ကြသည့် ကျွဲ၊ နွား အိမ်ဝက်မှစ၍ မနုဿသားကောင်အထိ နယ်ချဲ့လာစေခြင်း၊ တောတောင်တွင်း၌ ကျားများ၏ အစာဖြစ်သည့် ဂျီ၊ ဆတ်၊ တောဝက်၊ စိုင်များ ဦးရေနည်းပါးသည်ကြောင့် ကျားများငတ်မွတ်ကာ ရွာတွင်းသို့ ဝင်ရောက်ကျူးလွန်ခဲ့ခြင်းများရှိခဲ့ရာ ကျွန်တော်က စုဝေးရောက်ရှိလာကြသူများနှင့် ရွာခေါင်း ဦးအောင်ဘော်အား ဖော်ပြပါအခြေအနေများအရ လှမ်း၍ ဆွေးနွေးလိုက်သည်။
ဦးအောင်ဘော်က သွက်လက်စွာဖြင့်
“ဗိုလ်မှူးပစ်သတ်လိုက်တဲ့ တောကောင်ကြီးက နှစ်စဉ်နှစ်တိုင်း မိတ်လိုက်တဲ့ နတ်တော်ပြာသိုတွေမှာ ကျုပ်တို့ရွာကို ထမင်းဆိုင်မှတ်နေသလားပဲ။ မဝင်ဘဲကိုမနေဘူးဗျ၊ ကျုပ်တို့ရွာသားတွေကလဲ ဒီလိုကိစ္စဖြစ်လာရင် နတ်ကိုး၊ စုန်းကိုး၊ ဘာလုပ်ညာလုပ်နဲ့ နွားတွေ ဝက်တွေ ကုန်ခဲ့ပေါင်းများပြီ။ ဒီတစ်ခါကျမှ ဗိုလ်မှူးနဲ့ ဆရာဟန်တို့ အချိန်မီရောက်လာပြီး သုတ်သင်ပစ်မှ ကိစ္စပြီးတော့တာပဲ။ ဗိုလ်မှူးပစ်ခဲ့တာက ကျားအိုကြီးဗျ။ ကျားအိုလာရင် တောထဲက အမဲကောင်တွေကို အရခက်လို့ အားအားရှိ ရွာထဲဝင်မွှေကြတာပဲလေ၊ အားလုံးဒုက္ခတွေ ခုမှ ရှင်းတော့တယ်။ ကျုပ်တို့ မျှော်ရကျိုး အားကိုးရကျိုး နပ်ပါပေရဲ့ ဗျာ”
ဟု ကွမ်းတမြုံ့မြုံ့ဝါးရင်း ပြောလိုက်သည်။
ကျွန်တော်သည် လက်ဖက်ရည်ကြမ်းသောက်ရင်း ရွာတွင်းပြောင်းလဲမူ အခြေအနေကို ငဲ့ကာစောင်းကာလေ့လာမိသည်။ ခါတိုင်း ဤကဲ့သို့ လမိုက်သောညများ၌ အသက်ပင် ပြင်းပြင်းမရှုပုံ၊ အိမ်အောက်သို့ပင် မဆင်းဝံ့သော ပျော်ရွှင်ခြင်း ပျောက်ကွယ်ခဲ့သော မကြီးကုန်းရွာအဖို့ ယခု ကျွန်တော်တို့ မီးရောင်ထိန်ထိန်အောက် လက်ဖက်ရည်ကြမ်းသောက်နေသော ကာလဝယ် တစ်ယောက်နှင့်တစ်ယောက် ရယ်ရယ်မောမောဖြင့် ကျားသေကြီးနှစ်ကောင်ရှိရာသို့ အစုလိုက် အဖွဲ့လိုက် သွားကြည့်ကြသည်။
ကလေး လူကြီး ပရိသတ်များ၏ ခြေသံ “တို့နွားတွေ ကျွဲတွေ ကိုက်စားတဲ့အကောင်၊ ထွန်းတင်ကို ကိုက်သတ်တဲ့ ငပြောက်တွေကိုဖျက်ပြီး ဆီပြန် အဝစားမယ်ဟေ့” စသည့် ကြွေးကြော်သံများကို နားထောင်ရင်း ကျွန်တော်တို့မုဆိုးတစ်စုနှင့် ကျေးရွာအကြီးအကဲအပေါင်းတို့သည် ကျွန်တော် ပစ်ခတ်ခဲ့သည့် ကျားကြီး သေဆုံးနေရာသို့ ထွက်ခဲ့ကြပါသည်။
ကျားသေကြီးအနီး၌ ပရိသတ်များကိုတွေ့ရသလို ကျားဆိုးကြီး ချီယူလာသော ဝက်သေကြီးကိုလည်း ဖျက်နေကြသည်ကို တွေ့ရ၏။ တပ်ကြပ်ကြီးသန်းထွန်းသည် ကျားကြီးကို ဦးနုနှင့်ကျော်လှိုင်တို့ အကူအညီဖြင့် နှာခေါင်းဖျားက ကျောမြှောင်ရိုးအတိုင်း အမြီးဖျားအထိ ပေကြိုးတစ်ချောင်းနှင့် စနစ်တကျတိုင်းတွာလိုက်သည်။ အလျား ဆယ်ပေ ဆယ် လက်မ၊ ခေါင်းလုံးပတ် သုံးဆယ့်ခြောက်လက်မ တုတ်ခိုင်ကြောင်းတွေ့ ရ၏။ ကျားသေကြီး၏ပါးစပ်ကို အသာဖြဲ၍ ကြည့်လိုက်ရာတွင် အစွယ်များမှာ အတော်တုံးနေသော အသက်အရွယ် ကြီးရင့်နေသည့် ကျားထီးကြီးမှန်း သိရတော့သည်။
“ဒါထက် ဒီအကောင်တွေ ဘယ်စည်းရိုးကို ဖောက်ဝင်တာတုန်းဗျ။ စီခနဲ ခွေးတွေဆူမှ ဘသားချောတွေ ရွာထဲဝင်ရောက်မှန်း သိရတယ်”
ကျွန်တော်က ရွာခေါင်းကို လှမ်း၍မေးလိုက်ရာ၊ ရွာခေါင်းက
“ဟောဟိုက ဝက်ဖျက်နေတဲ့ ငပိန်တို့အိမ်နောက် မလွယ်ပေါက်ကို အသာကလေး ခုန်ဝင်တာဗျ၊ လေးတောင် ငါးတောင် အမြင့်များလောက်တော့ ဒီအကောင်မျိုးတွေက ဘယ်အရေးစိုက်မှာတုံးဗျာ။ ပြီးတော့ သူ့အိမ်အောက်က ခြံထဲမှာ ချည်ထားတဲ့ ဝက်ကို အတင်းဝင်ဆွဲသွားပြီး သူတို့အကောင်ချင်း စုရာက ခွဲပြီး ကျားထီးကြီးက ခါတိုင်းထွက်နေကျ ဝင်နေကျ မလွယ်ပေါက်ဆီ အပြေးမှာ ဗိုလ်ကြီးနဲ့တည့်တည့်တိုးမိပြီး အမိုက်ဇာတ်တုံးတာပဲဗျို့”
ဟု မီးလှုံရင်း အဖြေပေးလိုက်သည်။
“ဝက်ရှင် ငပိန်က သူ ဝက်သားနဲ့ ဗိုလ်ကြီးတို့မုဆိုးအဖွဲ့ကိုကျွေးဖို့ စီစဉ်နေတာဗျ”
ဟု ဦးကျော်ကလည်း ကျားကိုက်ခံရ၍ သေဆုံးခဲ့သည့် ဝက်အကြောင်းကို ဆက်လက်ပြောပြသည်။
နှင်းတွေက ပိန်းနေအောင်ကျနေလေသည်။ ရွာအပြင်မှ ဒီးဒုတ်မောင်နှံ၏ အချီအချတွန်သံနှင့် ရွာတွင်းမှ လွတ်ပြေးသော ကျွဲနွားများကို ပြန်သိမ်းသံ၊ ခေါ်ငင်သံများက တစ်ရွာလုံးကို ဖုံးလွှမ်းနေလေသည်။
မကြီးကုန်းရွာသားများအနေဖြင့် ကျားဆိုးအန္တ ရာယ်မှ ကင်းလွတ်ခဲ့သည်ကြောင့် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် သွားလာပြောဆိုနေကြ သလို ကျွန်တော်တို့ ကျားပစ်မုဆိုးများ သို့မဟုတ် မြန်မာ့ကာကွယ်ရေး တပ်မတော် ရဲဘော်များအနေဖြင့် နှင်းရည်ဆမ်းထားသော ညချမ်းကာလဝယ် လက်ဖက်ရည်ကြမ်းကို အပန်းဖြေဆေးအဖြစ် သောက်သုံးရင်း လတ်တလော တာဝန်တစ်ရပ်ကို ကျေပြွန်စွာထမ်းဆောင်ဖြေရှင်း ပြီးစီးခဲ့ပေပြီတကား။
[မြဝတီ ]
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုးတံငါစာပေများ