သီပေါမင်းပါတော်မူချိန်မှာ ၀မ်းနည်းပက်လက်အဖြစ်ဆုံး အမျိုးသမီးတစ်ယောက်ရှိခဲ့တယ်။

သူ့နာမည်က မအုံ တဲ့။
ခုံစာရေးမောင်ဦး ရဲ့ သမီး။

အရှင်နှစ်ပါး ပါတော်မူချိန် မန္တလေးက သာမန်ပြည်သူတွေထဲမှာ ၀မ်းအနည်းဆုံးက မအုံ ပဲ ဖြစ်လိမ့်မယ်။

ဘာလို့လဲဆိုတော့ သီပေါမင်းလက်ထက် အနောက်တိုင်းလော်ထရီစနစ် ထီဖွင့်တော့ မအုံ က အမြင့်ဆုံးဆုဖြစ်တဲ့ ငါးသောင်း ဆုပေါက်တယ်။

အဲ့ဒီခေတ်က ငွေငါးသောင်းက အခုခေတ် သိန်းတစ်သောင်းခွဲလိုပဲ။

ထီပေါက်တာနဲ့ သူကြွယ်ဘွဲ့ခံနိုင်တဲ့ ပမာဏ။

ခက်တာက ထီပေါက်တာနဲ့ မအုံ ခမြာ ငွေ ၁၄၁၈၉ ကျပ် ပဲ ရရှာတယ်။

ကျန်ငွေကို နိုင်ငံတော်က ချေးငှားသည် ဆိုပြီး မပေးဘူး။

ကဲ..အဲ့ဒီအချိန် သီပေါမင်းပါတော်မူတော့ မအုံ မှ ၀မ်းမနည်း ဘယ်သူ ၀မ်းနည်းမလဲ။

ပါတော်မမူခင်တုန်းကလည်း ဘုရင်ဆိုတော့ ဟဲ့ ငါ့အကြွေးပေးဦး..မပေးရင် ဖိုးတွမ်တီးနဲ့ တရားစွဲမယ်လို့ သွားပြောရင် ဇက်ဖြတ်ခံရမှာ။

အခု ကျပြန်တော့လည်း သူတို့ဟာသူတို့တောင် အိန္ဒိယ ကို ပို့ခံရခါနီး ဗီဒိုလှည်းနားကပ်ပြီး အကြွေးလေးတော့ ဆပ်သွားပါ ..အရှင်နှစ်ပါး ဆိုပြီး သွားပြောလို့မရ။

မအုံ မှ မငိုဘယ်သူ ငိုတော့မလဲ။

အောင်မယ်..မအုံ ကလည်း ခေသူမဟုတ်ဘူး။

သူ့ ထီပေါက်ငွေကို နောက်အစိုးရဖြစ်တဲ့ အင်္ဂလိပ်အစိုးရ ဆီ တောင်းသေးတယ်။

အင်္ဂလိပ်တွေ က မပေးပါဘူး။

သူတို့ဘက်ကလည်း စဉ်းစားကြည့်။

မြတ်ချင်လို့ သူများနိုင်ငံ စစ်တိုက် သိမ်းယူပါတယ်ဆိုမှ ဘုရင့် သောက်ကြွေးက ဆပ်ပေးရဦးမယ်ဆို ဘယ်ကိုက် မလဲဗျာ..နော့။

ခက်ဇော်

Ref
မကြန် ၊ ကုန်းဘောင်ခေတ် ထီ