“မန္တန်ထူးမောင်”နှင့်
သုဘရာဇာ
….
နေဝင်လုဆဲဆဲ ညနေခင်းတစ်ခုတွင် သပြေတောင် သင်္ချိုင်းအတွင်းက “ဒုတ်…ဒုတ်”ဟူသော အသံကို တစ်ချက်ချင်းကြားနေရ၏။သပြေတောင် ရွာထဲကအသုဘ ချပြီးတိုင်း အမြဲကြားရသောအသံဖြစ်သည်။ထိုအသံကို ကြားမိသူ အချို့က ကျတ်သရေမင်္ဂလာမရှိသောအသံဟုယူဆကြသည်။အချို့မှာ သံဝေဂ ရစရာအဖြစ် မှတ်ယူလေ့ရှိကြ၏။အသံလာရာသို့ ကြောက်တတ်သူများမကြည့်သင့်ပေ။ခပ်ဝေးဝေးက ကြည့်လျှင် မကောင်းဆိုးရွားတစ်ကောင် အလောင်းများကိုတူးဖော်နေပုံနှင့်တူလှ၏။အမှန်မှာ ထိုသို့မဟုတ်ပေ။သုဘရာဇာကြီး ဦးဝံ တစ်ယောက် အလောင်းမြေချပြီးချိန် မှတ်တိုင်စိုက်နေခြင်းသာဖြစ်သည်။
ဦးဝံသည် အသက်ငါးဆယ်ကျော်ပြီးဖြစ်သော်လည်း ထွားကြိုင်းသောကိုယ်ထည်ရှိ၏။အောက်နားတွန့်နေသော ပုဆိုးကို ဒူးလောက်တိုတိုဝတ်ပြီး အပေါ်မှာ ပင်နီတိုက်ပုံ တဘက်နွမ်းကလေး အမြဲဝတ်သည်။အဖြူရောင်ဖောက်နေသော ဆံပင်လိမ်ကောက်ကောက်များကလည်း လည်ကုတ်ပေါ်အထိရှည်လျားသည်။မုတ်ဆိတ်၊နှုတ်ခမ်းမွေးတို့သည်လည်း ပြည့်တင်းသောမျက်နှာနှင့် လိုက်ဖက်လှ၏။သုဘရာဇာဟုဆိုသော်လည်း ဥပဓိရုပ်ရှိသူတစ်ဦးပင်ဖြစ်သည်။
ဒေါ်ညို အသက်(၉၂)နှစ်ဟူသော မှတ်တိုင်ပေါ်သို့ ပေါက်တူးအသွားတိုကလေး၏ အနှောင့်က “ဒုတ် ခနဲ”ကျလာသည်။မိုးအခါဖြစ်သောကြောင့် မှတ်တိုင်အရိုးကလေးမှာလည်း သင်္ချိုင်းမြေ ပျော့ပျော့ထဲသို့ နစ်ဝင်သွား၏။ပေါက်တူးအရိုးကိုအမှီပြုရင်း ဦးဝံခါးဆန့်သည်။မောမောနှင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သေး၏။မြေမြှုပ်ခြင်းကိစ္စပြီး၍ သင်္ချိုင်းဇရပ်ထဲဝင်နားရန် ခြေလှမ်းပြင်လိုက်သည်။
ထိုစဥ် သင်္ချိုင်းရှိရာသို့ လူတစ်စုလာနေသည်။ထိုအထဲမှ နှစ်ယောက်သည် ဖျာလိပ်ကို ရှေ့တစ်ယောက်နောက်တစ်ယောက် သယ်ပိုးလာ၏။ကြေးစည်သံလည်းမကြားရ၊ဘုန်းကြီးလည်း ရှေ့ကမကြွ၊မည်သူမျှလည်း မငိုကြပေ။အလောင်းသယ်လာသူများကလည်း ယောက်ျားသားများဖြစ်သည်။တိတ်ဆိတ်ပြီး အလွန်ကပိုကရိုနိုင်သော အသုဘပင်ဖြစ်၏။
ထိုလူတစ်စုသည် သင်္ချိုင်းဝသို့ ရောက်သည်နှင့် ဖျာလိပ်ပတ်ထားသော အလောင်းကို ပစ်ချလိုက်ကြသည်။ဦးဝံလည်း ပေါက်တူးကိုကိုင်ရင်း ပြေးထွက်လာသည်။
“ဟေ့ ဟေ့…ဒါဘာလုပ်တာလဲကွ”
“မြင်တဲ့အတိုင်းပဲလေ မသာကို သင်္ချိုင်းလာပို့တာ”
ထန်းရည်မူးနေဟန်ရှိသူတစ်ဦးက ဘောက်ဆက်ဆက်ပြောသည်။ဦးဝံ မျက်နှာတည်နေ၏။
“မင်းတို့ အတော်စည်းကမ်းမဲ့တာပဲ လူသေဆိုတိုင်း လုပ်ချင်တာလုပ်လို့မရဘူးကွ နားလည်လား”
“ဒီမယ် အဘိုးကြီး ကျုပ်တို့ ရှင်လောင်းလှည့်လာတာမဟုတ်ဘူး အသုဘချလာတာ ဒီတော့ ကိုယ်လုပ်စရာရှိတာလုပ် စကားမများနဲ့”
ဦးဝံ မကျေနပ်သော်လည်း ခွန်းတုံ့မပြန်တော့ပေ။
“ရိုးရိုးဆိုရင် တစ်မတ်… ဂူသွင်းရင် သုံးကျပ်ခွဲ”
“ခင်များဘာသာ မြှုပ်ချင်သလိုမြှုပ် ကျုပ်တို့မသာရှင်မဟုတ်ဘူး ဒီတော့ တစ်ပြားမှမပေးနိုင်ဘူး”
“ဘာကွ…”
ဦးဝံ၏ ဒေါသများထိမ်းမရတော့ပေ။မျက်နှာကိုခပ်မာမာထားပြီး လူတစ်စုကိုကြည့်လိုက်သည်။ပေါက်တူးရိုးကိုလည်း တင်းတင်းဆုပ်လိုက်သည်။ထိုအခါ လူတစ်စုလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လျှို့ဝှက်သောမျက်လုံးများဖြင့် ဖျာလိပ်ကိုတစ်ချက်ကြည့်သည်။ထို့နောက် တစ်ယောက်က ပုဆိုး ခါးကြားတွင်လိမ်ထားသော ငွေတစ်မတ်ကို ထုတ်ယူပြီး ဦးဝံထံပစ်ပေးလိုက်၏။ဦးဝံလည်း မတ်စေ့ပြားကိုဖမ်းထားလိုက်သည်။လူတစ်စုလည်း ခပ်သုပ်သုပ်ပြန်သွားကြတော့၏။
ဦးဝံလည်း လက်ထဲက ပေါက်တူးရိုးကိုဆောင့်ချရင်း ငွေတစ်မတ်ကို ခါးကြားလိမ်သည်။ထို့နောက် ဖျာလိပ်ပတ်ထားသော အလောင်းအနီးသို့ ကပ်လာသည်။သုဘရာဇာလုပ်လာခဲ့သော နှစ်အစိတ်သက်တမ်းအတွင်း ဤမျှ တိတ်ဆိတ််သော အသုဘမျိုး မကြုံဖူးခဲ့ချေ။စိတ်ထဲမှာလည်း တစ်ခုခုကို မသင်္ကာသလိုရှိနေ၏။ပုံမှန်အားဖြင့် တွင်းတူးပြီး ဖျာလိပ်အတိုင်းမြေပို့လိုက်လျှင်ရသော်လည်း အလောင်းကိုကြည့်လိုစိတ်ဖြစ်ပေါ်လာသည်။လူသေများနှင့် တစ်မြေထဲနေလာခဲ့သော ဦးဝံမှာ ကြောက်စိတ်လုံးဝမရှိပေ။ထို့ကြောင့် ဖျာလိပ်မှာချည်ထားသောနှီးတို့ကို ဖြည်ချလိုက်တော့သည်။နှီးပြတ်ထွက်သွားသောအခါ ထန်းကြောဖျာသည် မာသောကြောင့် “ဗြန်း”ခနဲ ပြန့်သွားပြီး အထဲက အလောင်းကိုအတိုင်းသားမြင်နေရ၏။
“အတော် ငယ်သေးတာပါလား… “
ဦးဝံတစ်ဦးတည်း မှတ်ချက်ချလိုက်သည်။ဖျာလိပ်ထဲက လူငယ်သည် အရွယ်အားဖြင့် ဆယ့်ရှစ် နှစ်ဆယ်ဝန်ကျင်လူငယ်ကလေးတစ်ဦးဖြစ်၏။ဝတ်ဆင်ထားပုံမှာလည်း မသေခင်က သပ်သပ်ရပ်ရပ် သားသားနားနားဖြစ်ဟန်တူသည်။သာမာန်လူတန်းစားမဝတ်နိုင်သော ပိုးပုဆိုး၊အင်္ဂလန် တံဆိပ်ပါသော ရှပ်အင်္ကျီနှင့် ဆံပင်မှာလည်း ဗိုလ်ဆံတောက်မှ ရှည်လာဟန်တူသည်။ထိုဟန်ပန်ကိုကြည့်လျှင် အင်္ဂလိပ်စစ်ဘက်အရာရှိ(သို့)ဝန်ထောက်မင်းအငယ်စားနှင့်တူသည်။
သို့သော်အရွယ်အားဖြင့် ငယ်လွန်းလှသဖြင့် ထိုကဲ့သို့ပုဂ္ဂိုလ်များမဖြစ်နိုင်ပေ။နေ့လယ်ခင်းက ရွာထဲတွင် ဗြောသံကြားရသည်ကို ဦးဝံသတိထားမိသွား၏။သို့ဖြစ်၍ အလှူအိမ်သွားရန် ဝတ်စားထားဟန်ဖြစ်ရမည်ဟု ဦးဝံတွေးလိုက်မိသည်။ပို၍ သေချာသည်မှာ အလောင်းသည် အသားဖြူပြီး ခန့်ညားနေသောကြောင့် လက်ကြောမတင်းသော သူဌေးသား၊ချမ်းသာကြွယ်ဝသော လူကုန်ထံအသိုင်းအဝိုင်းကလာသူဟူ၍ ဦးဝံ ကောက်ချက်ချလိုက်သည်။
ထို့နောက် အတွေးများကိုဖယ်ထုတ်လိုက်ပြီး မည်သူပင်ဖြစ်စေ မိမိနှင့်မဆိုင်ဟူသောဟန်ဖြင့် ဖျာလိပ်ကိုပြန်ပတ်လိုက်သည်။ထို့နောက် သင်္ချိုင်း အတွင်းမှ သခွပ်ပင်ကြီးအောက်သို့ အလောင်းကိုထမ်းယူသွားသည်။ပြီးလျှင် မြေကိုစတင် တူးဆွတော့၏။အလုပ်တစ်ခုပြီး၍ နားရမည်အထင်နှင့်သက်ပြင်းချပြီးမှ ယခုထပ်မံတူးဆွနေရပြန်သဖြင့် အသက်ဝအောင်ရှုထားသည်။အသွားတိုနေသော ပေါက်တူးကလေးသည်လည်း သင်္ချိုင်းမြေသားများကို တစ်ဖဲ့ချင်းစားသုံးနေ၏။
ဦးဝံသည် တွင်းတူးရင်း ပင်ပမ်းလာသောအခါ အလောင်းကို ခပ်ဆွေဆွေကြည့်သည်။စိတ်ထဲတွင်လည်း “အနားယူချိန်ကို နှောက်ယှက်တဲ့ကောင်ပဲ”ဟူ၍ ပြောနေမိ၏။ဖျာလိပ်ထဲမှ မျက်နှာပေါ်နေသော လူငယ်ကလေးသည် အိပ်ပျော်နေသည့်အတိုင်းပင် မလှုပ်မယှက်ငြိမ်သက်နေသည်။ဦးဝံ၏ အသွားတိုနေသော ပေါက်တူးကလေးမှာ တစ်စုံတစ်ခုကို ခုတ်မိသွားပြီး စိုက်ဝင်နေသည်။ဦးဝံလည်း မြေသားများကိုဖယ်လိုက်သောအခါ သခွပ်မြစ်တစ်ခုဖြစ်နေသည်။
” နေရာရွေးမှားပြီဟေ့…”
ဦးဝံ အသံထွက်ပြောလိုက်မိသည်။တွင်းမှာ အတန်ငယ်နက်နေပြီးမှ သခွတ်မြစ်မှာ ကန့်လန့်ဖြတ်ခံနေ၏။နောက်တစ်တွင်းထပ်တူးရန်လည်းအချိန်မရှိတော့သဖြင့် သင်္ချိုင်းဇရပ်ထဲတွင် သံတူရွင်းတစ်ချောင်းပြေးယူသည်။အလောင်း၏ ခြေထောက်ကိုပင် ခလုပ်တိုက်လိုက်မိသေး၏။ထိုအခါ ဦးဝံအတွေးတစ်ခုဝင်ပြန်သည်။လူသေတို့သည် ခြေလက်တို့တောင့်တင်းနေရမည်ဖြစ်ပြီး ယခုအခါ လူငယ်ကလေး၏အလောင်းသည်ပျော့ပြောင်းလျက်ရှိနေ၏။
ဦးဝံလည်း ကြာကြာတွေးနေရန်အချိန်မရသဖြင့် တွင်းထဲဆင်းပြီး ကန့်လန့်ခံနေသောအမြစ်ကို ပြတ်အောင်ထိုးသည်။ထို့နောက်သံတူရွင်းဖြင့်ကလော်သည်။သခွပ်ပင်မှာသက်တမ်းရင့်ပြီဖြစ်၍ အမြစ်မာလှသည်။ဤသို့ ဦးဝံအလုပ်ရှုပ်နေစဥ်မှာပင် မိုးမှောင်ကျလာသည်။
ရုတ်တရက်မိုးရွာခဲ့လျှင် တွင်းထဲသို့ရေဝင်မည်။မိုးတွင်းဖြစ်သောကြောင့် အောက်ခံမြေမှာလည်းရေစုပ်မည်မဟုတ်ပေ။ထိုအခါ အလောင်းကောင် ရေကူးနေရလိမ့်မည်။ဦးဝံလည်း လူသေများကို အားနာတတ်သူပီပီ သစ်မြစ်ကိုကြိုးစားတူးဖော်သည်။သံတူရွင်း ခပ်ပြင်းပြင်းထိုးချက်တစ်ခု၌ သစ်မြစ်ပြတ်ပြီး အောက်မှမာကြောသောအရာတစ်ခုကိုထိုးမိလိုက်သည်။ထိုအရာကို “ဒုတ်”ခနဲထိုးမိချိန် အနောက်တောင်မှ”ဂျိမ်း”ခနဲမြည်သောမိုးခြိမ်းသံကိုကြားရ၏။
တိမ်ညိုတိမ်မည်းများ ဖြင့် အုံ့ဆိုင်းသွားပြီး နေဝင်ချိန်ဖြစ်၍ အတော်ကလေးပင်မှောင်လာခဲ့ပြီ။ဦးဝံလည်း သံတူရွင်းထိုးမိသောအရာကို ကလော်ထုတ်ပြန်သည်။အထူလက်လေးသစ်ခန့်ရှိပြီး အတန်ငယ်လေးလံသောအရာဖြစ်သည်။ခေါင်းအဟောင်းမှ ကျွန်းပျဥ်လိုလို သစ်သားတုံးလိုလိုအရာဖြစ်သည်။အရှည်တစ်တောင်ခန့်ရှိ၏။
စူးစမ်းနေရန်အချိန်မရသဖြင့် ထုတ်ယူပြီး ခပ်လှမ်းလှမ်းသို့ပစ်လိုက်၏။ထို့နောက် တွင်းကို အနည်းငယ်သာဆက်တူးပြီး ခွေးဖော်၍မရသော အနေအထားတွင် အလောင်းကိုမြေချရန်ပြင်တော့သည်။လျှပ်ပန်းလျှပ်နွယ်တဝင်းဝင်းတို့ကြောင့် အလောင်းကို ရံဖန်ရံခါ ရှင်းရှင်းကြီးမြင်ရသည်။
ဦးဝံလည်း အလောင်းကိုသေချာသယ်ယူပြီး တွင်းနှုတ်ခမ်းဝမှာချလိုက်သည်။ထို့နောက် ဦးဝံ၏မျက်ခုံးများကွေးညွတ်သွားပြန်သည်။အချိန်မရသော်လည်း စူးစမ်းလိုသေးသည်။အလောင်းကို မေးရိုးက ကိုင်ညှစ်လိုက်သည်။အလောင်းမှာလည်း ပျော့ပျော့ပြောင်းပြောင်းပင် ပါးစပ်ဟသွား၏။ပြီးလျှင်အမှတ်မထင် မြေသားများပေကျံနေသော သူ၏လက်ဖြင့် အလောင်း၏ပါးစပ်ထဲသို့ထိုးနှိုက်သည်။ထို့နောက် ဆက်ခနဲဆွဲနှုတ်သည်။
ဦးဝံ၏အတွေ့အကြုံအရ လူသေများသည် အကြောဆိုင်းပြီး ပါးစပ်ထဲရှိအရာများကို ကိုက်ခဲလေ့ရှိသဖြင့် အမြန်ဆွဲနှုတ်ခြင်းဖြစ်သည်။ထိုနောက် မြေမြှုပ်ခါနီး လူငယ်ကလေးကိုကြည့်ရင်း ဦးဝံသနားစိတ်ဝင်နေဟန်တူ၏။သူ၏ခါးကြားမှ လုပ်အားခ ငွေတစ်မတ်ကိုထုတ်ယူသည်။ထို့နောက် ကူးတို့ခ ပါမလာသော လူငယ်လေး၏ပါးစပ်ထဲထည့်ပေးလိုက်တော့၏။
ပြီးလျှင် အနောင်တောင်ထောင့်အရပ်ဆီသို့တစ်ချက်ကြည့်လိုက်ပြီး လူငယ်လေး၏အလောင်းကို တွင်းထဲသို့ဖြည်းဖြည်းချသည်။ပေါက်တူးကလေးနှင့်မြေများကိုယှက်ချလိုက်ပြီး တွင်းနှုတ်ခမ်းပြည့်သည်နှင့် လူတစ်ဦးစာပိုနေသော မြေများကိုအပေါ်ကထပ်ဖုံးလိုက်သည်။ထို့နောက် ပိုမိုသိပ်သည်းစေရန် ပေါက်တူးဖြင့်အပြားလိုက်ဖိသည်။ကိစ္စအားလုံးပြီးပြီဖြစ်သော်လည်း တစ်ခုကျန်နေသေး၏။
မှတ်တိုင်စိုက်ရန်အတွက်ဖြစ်သည်။ခက်သည်မှာ သေဆုံးသူ၏အသက်ကို အတိအကျမသိရသည့်အပြင် အမည်ကိုလည်း မမေးလိုက်ရပေ။ထို့ကြောင့်မှတ်တိုင်မစိုက်သေးဘဲ သစ်မြစ်ဖော်စဥ်ကထွက်လာသည့် မာကြောကြောအရာကို ယာယီမှတ်တိုင်အဖြစ် မြေပုံခေါင်းရင်းမှာ ထားလိုက်သည်။
ဦးဝံပေါက်တူးကလေးကိုထမ်းပြီး ဇရပ်ရှိရာ တရွေ့ရွေ့သွားသည်။ခပ်စောစောက ရွာတော့မည့်ဟန်တပြင်ပြင်ရှိသော တန်ဆောင်တိုင်မိုးမှာ ပျောက်ချင်းမလှပျောက်ကွယ်သွားတော့၏။ဦးဝံလည်း ပေါက်တူးကလေးကို ဇရပ်တိုင်မှာမှီလိုက်သည်။ ဘေးတွင်ရှိသော စဥ့်အိုးတစ်ဝက်ကွဲထဲက ရေဖြင့် ခြေလက်ဆေးကြောပြီး ဇရပ်ပေါ်တက်လာခဲ့သည်။ထို့နောက်လက်ပမ်းကျသဖြင့် ခဏလှဲလိုက်သည်။မှောင်သည်နှင့်ချမ်းစိမ့်စိမ့်ကလေးဖြစ်လာသဖြင့် စောင်ကြမ်းကြီးတစ်ထည်ကိုလည်း ပတ်ခြုံလိုက်သေးသည်။
စစ်စစ်ပေါက်ပေါက်တွေးတောတတ်သော ဦးဝံသည်အတွေးလွန်နေပြီး အိပ်၍မပျော်တော့ပေ။တာဝန်တစ်ခုခု ရှိနေသလိုလည်း ခံစားနေရ၏။အလောင်းကိုမြေမြှုပ်ပြီး မှတ်တိုင်စိုက်မပေးရသေးသဖြင့် မကျေနပ်နိုင်ဖြစ်နေသည်။ပိုင်ရှင်မဲ့အလောင်းဆိုသည်မှာလည်း သူ့စိတ်ထဲတွင် ပဟေဠိဆန်နေ၏။ကောင်လေး၏ဝတ်ပုံစားပုံများသည် အသိုင်းအဝိုင်းကြီးထဲမှ ဖြစ်ဟန်တူနေပြီး ယခုသေသောအခါ ကူးတို့ခပင် ပါမလာခဲ့ပေ။အသုဘ လာပို့သူများကလည်း ဟန်ပျက်နေသည်မှာ စဥ်းစားစရာပင်။သပြေတောင်သား စင်စစ်ပင်ဟုတ်ပါရဲ့လားဟူ၍ တွေးရင်း အိပ်မပျော်သည့်အဆုံး ငေါက်ခနဲထထိုင်လိုက်သည်။
ထို့နောက် ဇရပ်တိုင်ထောင့်တွင် ကပ်ထားသော ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ကောက်ဖွာရင်းဆက်လက်တွေးတောနေသည်။ရွာထဲမှာ အသုဘရှိလျှင် ဖဲဝိုင်းတော့ရှိလိမ့်မည်။ဖဲဝိုင်းရှိလျှင် အလောင်းပိုင်ရှင်အိမ်သိရပြီ။ထိုအခါမှ သေဆုံးသူအမည်ကိုမေးမည်ဟူ၍ ရွာထဲသို့သွားလိုစိတ်များဖြစ်ပေါ်လာတော့သည်။သို့သော်လည်း စဥ်းစားစရာရှိသေး၏။ညအချိန် မိမိကို ရွာသားများတွေ့လျှင်ပြဿနာရှိနိုင်သည်။ခေတ်ကာလ မကောင်းသဖြင့် သူခိုးသူဝှက်လည်း စွတ်စွဲခံရနိုင်သည်။သုဘရာဇာဖြစ်၍ ရွာထဲသို့အဝင်မခံသည်မှာလည်းတစ်ကိစ္စဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ ဦးဝံ ဆန္ဒရှိလျှင် တားဆီးရခက်သည်။စိတ်လည်းဆက်သလို အတွေးအခေါ်လည်း နက်နဲသည်။သတ္တိလည်း ကောင်းသူပီပီ စောင်ကြမ်းကြီးကို သေချာပတ်ခြုံလိုက်သည်။သွားမည်ဟုဆုံးဖြတ်ပြီးသဖြင့် နောက်လှည့်မကြည့်တော့ဘဲ သံတူရွင်းကလေးကိုကိုင်ရင်း သပြေတောင်ရွာအနီးသို့ကပ်ခဲ့သည်။သင်္ချိုင်းဇရပ်မှ တောက်တဲ့တစ်ကောင် အော်မြည်သံကိုကြားရ၏။ရွာထိပ်မှ ခွေးများ ဆွဲဆွဲငင်ငင်အူကြပြီ။ယာခင်းများကိုဖြတ် ရိုးပြတ်များကိုနင်းရင်း သုဘရာဇာကြီး ဦးဝံ ရွာထဲသို့ဝင်လေပြီ။
ရွာထိပ်သို့ရောက်သည်နှင့် ဦးဝံသတိထားရပြီ။ရွာတောင်ပိုင်းတွင် ကင်းတဲရှိသည်။ကင်းတဲမှ မီးကင်းစောင့်သူများမြင်သွားလျှင် ပြဿနာရှိနိုင်သည်။ထို့ကြောင့်မှောင်ရိပ်ခိုးရင်း ခြုံအကွယ်မှ တရွေ့ရွေ့တိုးဝင်သည်။မျက်လုံးကလည်း ရှေ့ကိုမကြည့်ဘဲ ကင်းတဲကိုပြန်ကြည့်နေရင်း ဆက်၍တိုးလာသည်။
သစ်ပင်ကြီးများအုပ်ဆိုင်းပြီး မှောင်ရိပ်များလှသော်လည်း ရွာလမ်းကလေးမှာ လရောင်အောက်တွင် အကွေးသားရှိ၏။လပြည့်ညဖြစ်သောကြောင့် ဝန်းကျင်ကို ခပ်မှုံမှုံမြင်နေရသည်။ဦးဝံလည်း လမ်းဘေးက ကပ်ပြီး မီးရောင်ရှိသောအိမ်ကိုရှာသည်။တစ်ရွာလုံးလူခြေတိတ်ချိန်ဖြစ်၍ မီးများငြိမ်းပြီး အိပ်စက်နေကြသည်။ရွာလယ်ပိုင်းရောက်သောအခါ လူသံများခပ်သဲ့သဲ့ကြားလာရ၏။မီးရောင်မှိန်မှိန်ကလေးကိုလည်းမြင်နေရပြီ။
ဦးဝံဆက်တိုးသွားသောအခါ အသံများကိုပီသစွာကြားလာရ၏။…
“ခုနစ်နှစ်စဥ် ခြောက်ထိုး ကိုးကွ”
“မင်းဘိုးအေကြီိး ကိုးလား ခုနစ်နှစ်ပြား ခြောက်တက်မှတော့ တစ်ဆယ်ဟ ဘူကြီး”
“ဘူပါစေကွာ ငါကတစ်နဲ့ဘူတာ ပေး စားတယ်”
ဘူချင်းအတူတူ တစ်နှင့်စားနေသော ဖဲဒိုင်၏အသံဖြစ်သည်။အချိန်မတော် ဖဲဝိုင်းဆင်နေပုံကိုကြည့်ပြီး ကောင်လေး၏အသုဘအိမ်ဖြစ်ရမည်ဟု ဦးဝံတွေးနေမိ၏။ဖဲရိုက်နေကြသူများ၏အသံတွင် ရီဝေဝေအသံများလည်းပါနေသည်။ဦးဝံလည်း သေချာအောင် ခပ်လှမ်းလှမ်းခြုံကွယ်က လှမ်းကြည့်သည်။
“ဟင်…ဒါကတစ်ယောက်ပါလား”
ဦးဝံတီးတိုးရေရွတ်နေသည်။သူ၏အတွေးနှင့်အမြင်တစ်ချက်လွဲသွားသည်။မြင်လိုက်ရသည်မှာ ကောင်လေး၏အသုဘအိမ်မဟုတ်ဘဲ အိမ်ရှေ့တွင် ခေါင်းတလားဆင်ထားသော အခြားအသုဘအိမ်ဖြစ်နေသည်။
မီးတိုင်ခွက်အလင်းရောင်နှင့် အခေါင်းကိုသေချာမြင်နေရ၏။ ကျွန်းခေါင်းပေါ်တွင် ထုံးဖြူနှင့်အမည်ရေးထိုးထားသည်။အပေါ်တစ်ကြောင်းတွင် “မပန်းဖြူ”ဟုတွေ့ရပြီး အောက်တစ်ကြောင်းတွင် အသက်(၂၄)နှစ်ဟူသော စာကိုတွေ့ရသည်။ခေါင်းရင်းတွင် ပန်းအိုးတစ်လုံးလည်း စိုက်ထိုးထားသေးသည်။
အခေါင်းမှာ ငြိမ်သက်လျက်ရှိသည်။ ညမအိပ်ဘဲ စောင့်ကြသည့် ဖဲသမားများကလည်း ရိုက်မြဲရိုက်နေသည်။မီးဆွဲပုံးထဲမှ မီးညွန့်ကလေးမှာလည်း တလူလူတောက်လောင်နေ၏။ဦးဝံလည်း အရိပ်အကဲ ကြည့်ပြီး မိမိမြှုပ်ခဲ့သော ကောင်လေး၏ အိမ်ကို ရွာထဲတွင်ဆက်ရှာရန် ဟန်ပြင်လိုက်သည်။
ထိုစဥ် ထူးဆန်းသောအရာတစ်ခုကို ဦးဝံကိုယ်တွေ့ကြုံလိုက်ရသည်။အသုဘ အိမ်ခေါင်မိုးပေါ်သို့ မီးလုံးကြီး တစ်လုံးကျလာခြင်းဖြစ်သည်။မီးလုံးသည် ခေါင်မိုးပေါ်ထိအောင်မကျဘဲ ခေါင်အထက် တစ်ရပ်အကွာတွင် ဝဲပျံနေသည်။ဦးဝံလည်း သွားရန်ဟန်ပြင်လိုက်ပြီးမှ စိတ်ဝင်စားသဖြင့် ဆက်ကြည့်နေသည်။
ရှေးလူကြီးများပြောသော စုန်းတောက်စားခြင်းများဖြစ်လေမလားဟု တွေးလိုက်သေး၏။သပြေတောင်ရွာသည်လည်း နာမည်ကြီးရွာဖြစ်သည်။တစ်ဖက်တွင်ရှိသော ကုန်းတန်းရွာနှင့်အပြိုင်နာမည်ကြီးလှသည်။ရှေးအခါက “သပြေတောင် ကုန်းတန်း သေအောင်စုန်းဖမ်း”ဟုပြောစမှတ်တွင်လောက်အောင် ဆိုးသောရွာဖြစ်သည်။ယခုလည်း စုန်းတောက်စားနေခြင်းဖြစ်ဟန်တူသည်။
ထိုစဥ်အသုဘ အိမ်ရှေ့တည့်တည့်မှ ဘယ်ကရောက်လာမှန်းမသိသော ခွေးနက်ကြီးတစ်ကောင်ဝင်လာသည်။ခွေးကြီးကို ဖဲရိုက်နေသူများ သတိမထားမိကြပေ။ခွေးနက်ကြီးသည် လျှာတစောင်းကိုက်ရင်း တဟဲဟဲနှင့်ဝင်လာပြီး တလားစင်ပေါ်လွှားခနဲခုန်တက်ရင်းခေါင်းထဲဝင်သွားသည်။လူတစ်ယောက်သာဆန့်သောအခေါင်းထဲသို့ ဝင်သွားသောခွေးကြီးမှာ ပြန်ထွက်မလာတော့ပေ။
ပြန်ထွက်လာသည်မှာ အခေါင်းထဲမှ မိန်းမပျိုတစ်ဦးဖြစ်သည်။မိန်းမပျိုသည် ဆက်ခနဲ ထလာပြီး ခေါင်းထဲမှာထိုင်ရင်း ဟိုသည်ကြည့်နေသည်။ဆံပင်ဖားလျားချထားပြီး ခေါင်ရမ်းပန်းတစ်ပွင်လည်းပန်ပေးထားသည်။အရပ်ဓလေ့အရ မျက်နှာတစ်ပြင်လုံးတွင်နားရွက်သာချန်ပြီး သနပ်ခါးလိမ်းပေးထားသေးသည်။
ဦးဝံပါးစပ်အဟောင်းသားဖြစ်သွားသည်။အလောင်းကောင်ဖုတ်ဝင်ခြင်းပေလောဟုလည်း တွေးတောနေမိ၏။သို့သော်ရုပ်ပျက်ဆင်းပျက်မဟုတ်။ မီးတိုင်ခွက်ကလာသော အလင်းရောင်အောက်တွင်း ဝင်းဝါသောအသားအရေရှိသည်။သနပ်ခါးထူထူအောက်တွင်လည်း ပြည့်ဖောင်းသော မျက်နှာဝိုင်းကလေးရှိနေသည်။မသေခင်က ပို၍ပင်ချောမောလှပနေလိမ့်မည်ဟု ဦးဝံတွေးမိ၏။
ဦးဝံအဖို့ထူးဆန်းသောကိစ္စများကို အကြောက်အလန့်မရှိတော့ချေ။သင်္ချိုင်းမှာနေပြီး လူသေတို့သဘောကိုလည်း နောကြေနေပြီ။ဖုတ်၊တစ္ဆေ ၊သရဲတို့ကိုလည်း ကိုယ်တွေ့ကြုံခဲ့ဖူးသူဖြစ်သည်။ယခု အခေါင်းထဲက အလောင်းကောင် ထထိုင်နေခြင်းကိုလည်း သူ့စိတ်ထဲတွင် စူးစမ်းလိုသည်မှလွဲ၍ကြောက်စိတ်မရှိ။
ထိုစဥ် အသုဘ အိမ်ရှေ့တွင် အလောင်းကိုကျောပေးပြီး ဖဲထိုင်ရိုက်နေသော အရက်သမားတစ်စုဆီမှ အသံတစ်ခုထွက်ပေါ်လာသည်။
“ပန်းဖြူရေ….ကူပါအုံးဟ ဒီမှာ ဖဲသေနေပြီ”
“အေး….နင်သေဖို့ပဲကျန်တော့တယ်”
“ဟာ… ဟေ့… ဟေ့ ကောင်တွေ ပန်း.. ပန်းဖြူ…ပန်းဖြူအလောင်း ဖုတ်….ဖုတ် “
“ပြေးကြဟေ့ ပြေးကြ ….အား ဆွဲဆွဲ”
အခေါင်းထဲက စကားတစ်ခွန်းကြောင့် ဖဲသမားတစ်စု ပြာယာခတ်နေပုံကိုကြည့်ပြီး ဦးဝံ တခွိခွိရယ်သည်။အခေါင်းနားရောက်မှ ခြေလိမ်ပြီး မှောက်လျက်လဲသူကလဲသည်။ကိုယ့်ပုဆိုးစ ကိုယ်နင်းပြီး သရဲဆွဲနေသည်ထင်သူကထင်၏။အချို့မှာ ပုဆိုးကွင်းသိုင်း အချို့မှာဖိနပ်ဗလာဖြင့် ခြေဦးတည့်ရာ ပြေးကြတော့၏။ဦးဝံလည်း မည်သို့မည်ပုံဆက်ဖြစ်မည်ကို ကြည့်နေလိုက်သည်။ထင်မှတ်မထားသော ခေါင်မိုးပေါ်က မီးလုံးကြီးမှာ ရုတ်တရက်အခေါင်းရှေ့ထိုးဆင်းလာပြီး အခိုးအငွေ့များအူထွက်သွားသည်။
အငွေ့များ ပျောက်ကွယ်သွားချိန်တွင် မီးလုံးကျသောနေရာမှ အဘွားကြီးတစ်ဦးရှိနေသည်။အဘွားကြီးသည် ထဘီအနက်ကိုရင်လျားထားပြီး ဆံထုံးသေးသေးကလေး ထုံးထားသေးသည်။လက်ထဲမှာလည်း ဝါးတောင်ဝှေးကလေးတစ်ချောင်းကိုင်ထားသည်။
“ဟဲ့…သမီး လာ သွားမယ် “
“ကောင်းပါပြီ အမေကြီး”
အခေါင်းထဲက မပန်းဖြူဆိုသောအမျိုးသမီး ထလာသည်။ထို့နောက် ခေါင်းတလားပေါ်ကဆင်းပြီး အဘွားကြီးနှင့်အတူရပ်နေသည်။ပြီးလျှင် ဦးဝံပုံးကွယ်နေသောဖက်သို့ ဆက်ခနဲ လှည့်ကြည့်သဖြင့် ဦးဝံလည်း အမြန်မျက်နှာလွှဲလိုက်သည်။အဘွားကြီးလည်း မပန်းဖြူလက်ထဲ တောင်ဝှေးကိုထည့်ပြီး ကောင်းကင်ပေါ်သို့လက်ညှိုထိုးသည်။ထို့နောက်ဖနောင့်ဆောင့်လိုက်ရာ နှစ်ဦးသား လင်းတကြီးများဖြစ်သွားပြီး လသာသာ ကောင်းကင်ယံသို့ပျံဝဲထွက်သွားကြသည်။ဦးဝံပြန်ကြည့်ချိန်၌ နှစ်ဦးစလုံ မရှိကြတော့ပေ။
“ငါက ဖုတ်ဝင်တယ်ထင်တာ လက်စသတ်တော့ စုန်းမျိုးတွေကိုး “
ဦးဝံတစ်ယောက် စဥ်းစားနေသည်။ထို့နောက် မိမိကိစ္စကိုပြန်သတိရပြီး မြှုပ်ခဲ့သောကောင်လေး၏ အသုဘအိမ်ကိုဆက်ရှာရန် သံတူရွင်းဆွဲရင်းမတ်တပ်ရပ်လိုက်သည်။
“ဘယ်မှာလဲကွ ဖုတ်ကောင် …ဟေ ပြစမ်း”
ဦးဝံပြန်ထိုင်လိုက်ပြန်သည်။အသုဘအိမ်ရှေ့သို့ လူများစုဝေးလာကြပြန်၏။ဦိးဝံလည်း လျောကျလာသောစောင်ကြမ်းကြီကို အသာကလေးပြန်ပတ်သည်။
“ကျုပ် တို့အကုန်မြင်လိုက်တာပါ သူကြီးရာ ပန်းဖြူလေ ဖုတ်ဝင်ပြီး စကားတောင်ပြောသေးတယ်”
“အလကားကွာ မူးမူးရူးရူးနေ ထင်ရာမြင်ရာတွေစွတ်မပြောစမ်းနဲ့ဟေ့ကောင် သေသူကိုနာမည်မဖျက်နဲ့ကွ”
“မယုံရင် သူကြီးကိုယ်တိုင်သွားကြည့်”
သူကြီးလည်း မယုံချင်သောကြောင့် အခေါင်းအနီးတိုးသွားခဲ့သည်။ထို့နောက် အခေါင်းထဲကိုကဲကြည့်လိုက်ပြီး မျက်နှာတစ်ချက်မဲ့သွားသည်။အထဲတွင် စောင်ထူထူအုပ်ထားသော အရာတစ်ခုအရှည်လိုက်ရှိနေသည်။ပြီးလျှင်နှာခေါင်းကိုပိတ်ပြီး ပြန်လှည့်ထွက်လာသည်။
“အခေါင်းကို ပိတ်လိုက်ကြတော့ သေတဲ့သူက အနံ့တောင်ထွက်နေပြီ သုံးရက်မထားနဲ့ နောက်နေ့သင်္ဂြိုကြ…. အေး… မင်းတို့ကောင်တွေကတော့ ထိပ်တုံးပေါ့ကွာ”
သူကြီးလည်း ဖဲသမားတစ်စုကို ကြိမ်းမောင်းပြီး ပြန်သွားသည်။အရပ်ထဲမှ လူတစ်စုလည်း နှာခေါင်းရှုံ့ပြီး ခေါင်းအဖုံးကိုအသေရိုက်ပိတ်လိုက်ကြသည်။သူတို့ကိုကြည့်ပြီး ဦးဝံလည်းခွေးသေကောင်အပုပ်နံ့လိုလိုရသဖြင့် နေရာမှလှည့်ထွက်ခဲ့တော့၏။ထိုညက ဦးဝံလည်း ရွာရိုးတစ်လျောက် သူခိုးပမာသိုဝှက်စွာလျှောက်ရင်း ကောင်လေး၏အသုဘအိမ်ကိုရှာဖွေခဲ့သည်။
ရွာမြောက်ပိုင်း၊ရွာတောင်ပိုင်းတို့ကို နှံစပ်အောင်ရှာဖွေသော်လည်း အခြားအသုဘအိမ်ဟူ၍ မတွေ့ခဲ့ရပေ။ညနေက မြေမြှုပ်ခဲ့သောကောင်လေးမှာ သပြေတောင်ရွာသား ဟုတ်လိမ်မည်မထင်တော့ပေ။ထိုစဥ်မိုးကလေးဖွဲဖွဲကျလာပြန်သဖြင့် ဦးဝံလည်း သင်္ချိုင်းပြန်ရန်သာ ဆုံးဖြတ်ခဲ့သည်။
အပြန်လမ်းသည် ရွာအထွက်တွင် အဆင်ပြေခဲ့၏။မိုးသံလေသံများကြောင့် ကင်းတဲတွင်စောင့်သောရွာသားများ ဦးဝံကိုသတိမထားမိခဲ့ကြပေ။ဦးဝံသည် ဆံပင်ကိုမိုးရေစိုမည်စိုးသောကြောင့် စောင်ကြမ်းကြီးကို ခေါင်းလုံးအောင်ခြုံလိုက်သည်။သို့သော်လည်း မိုးကသည်းကြီးမည်းကြီးရွာသွန်းလာတော့၏။
မိုးမှောင်ကျသောကြောင့် သွားလာရခက်ခဲနိုင်သည်။သို့ရာတွင် လပြည့်ည ဖြစ်၍ ကစမ်းကဝါးမြင်ရသေး၏။မျက်နှာပေါ်ကျလာသောမိုးရေစက်များသည်ကျဖန်များသောအခါ အနည်းငယ်နာကျင်မှုရှိသည်။လျှပ်စီးတစ်ချက် ဝင်းခနဲလတ်လေတိုင်း သပြေတောင်ရွာအပြင်မှာ မားမားကြီး လျှောက်နေသည့် ဦးဝံကိုလှမ်း၍မြင်နိုင်သည်။
အတန်ကြာအောင်လျှောက်လှမ်းပြီးသောအခါ သင်္ချိုင်းအဝသို့ရောက်လာခဲ့၏။မိုးကလဲ ရွာမြဲရွာဆဲ၊လေပြင်းကလည်းဝှေ့သည်မို့ နှစ်ချို့သစ်ပင်ကြီးများ တအိအိယိမ်းထိုးနေသည်။ဦးဝံ လည်း ကိုင်းပင်များကိုတိုးဝှေ့ရင်း သင်္ချိုင်းထဲသို့တိုးဝင်သွားသည်။မြေပျော့များ မိုးရေထိထားသဖြင့်ချော်မလဲစေရန် သံတူရွင်းကလေးထောက်ကာထိမ်းကာနှင့် သတိထားလျှောက်သည်။သခွတ်ပင်ကြီးအောက်ရောက်သောအခါ ကောင်လေး၏မြေပုံကိုခဏရပ်ကြည့်နေမိပြန်သည်။မကြာမီအချိန်က တူးဆွထားခြင်းဖြစ်၍ ရေများစိမ့်ဝင်နေသည်။တက်နိုင်သမျှလှပအောင် မြေပုံကိုစူထားသော်လည်း မိုးရေအားကြောင့် ပြားချပ်နေသည်။ဦးဝံလည်း မြေပုံကိုမနင်းဘဲကွေ့ဝိုက်ပြီး သင်္ချိုင်းဇရပ်ရှိရာပြေးဝင်လိုက်၏။
ညအချိန်မတော် မိုးကလည်းသည်းချိန် အခြားသူများအဖို့ သင်္ချိုင်းမြေသည် ခြောက်ခြားဖွယ်ရာ ဖြစ်နိုင်သော်လည်း ဦးဝံအဖို့ မိမိအိမ်ပြန်ရောက်သည့်အလားစိတ်လက်ပေါ့ပါးနေသည်။လူရှင်များနေသော ရွာထဲတွင်လူကိုကြောက်ရပြီး ခိုးကြောင်ခိုးဝှက်သွားလာရ၏။လူသေများနေသော သင်္ချိုင်းမှာတော့ ဦးဝံသည် ခေါင်းမော့ရင်ကော့ပြီး ကြော့ကြော့ကြီးလျှောက်နိုင်သည်။ရေစိုအဝတ်အစားများလဲလိုက်ပြီး စောင်ကြမ်းကြီးကို ရေညှစ်ထားလိုက်သည်။
ထို့နောက် မီးတိုင်ခွက်ကလေး မီးညှိကြည့်သည်။သို့သော် လေပြင်းများကြောင့်အဆင်မပြေဖြစ်ခဲ့သည်။ဦးဝံလည်း ယမ်းမီးခတ်ကို မီးတိုင်ခွက်ပေါ်မတင်တော့ဘဲ ခေါင်းရင်းတွင်ဖက်နှင့်ထုပ်ထာားသော ပြောင်းဖူးဖက်ဆေးလိပ်တိုကြီးကိုသာ ဖွာရှိုက်နေတော့သည်။ညသန်းခေါင်ကျော်အချိန် မိုးအေးအေးတွင် ဆေးလိပ်ဖွာရသောအရသာသည် ဦးဝံအဖို့ နှစ်သက်ဖွယ်ဖြစ်သည်။
ထုံစံအတိုင်း ကိစ္စတစ်ခုကို အနက်ကြီးတွေးတတ်သူ ဦးဝံအဖို့ ဆေးလိပ်ငွေ့များကြားအတွေးကစားနေပြန်၏။သခွတ်ပင်ကြီးအောက်ကိုလှမ်းငေးရင်း ကိုယ့်ကိစ္စမဟုတ်ဘဲ မနေနိုင်မထိုင်နိုင်စပ်စုမိသောဦးဝံမှာ ယခုချမ်းစိမ့်စိမ့်ဖြစ်နေလေပြီ။ဆံပင်များကိုလည်း တဘက်အဟောင်းကြီးတစ်ထည်နှင့်ရေသုတ်နေရ၏။ထိုမျှနှင့်မမှတ်သေးဘဲ “မင်းဘယ်ရွာသားလဲကောင်လေး”ဟူသောအတွေးကို ပုံကြီးချဲ့နေသည်။
တဖန်ပန်းဖြူဆိုသော စုန်းမကလေးထံ အတွေးရောက်သွားပြန်၏။”ဒါတွေတကယ်ရှိပါလား ကိုယ်တွေ့ကြုံခဲ့ပါပြီလား”ဟူသောအတွေးများနှင့်အတူ စုန်းမကလေးနှင့်အဘွားကြီး ဘယ်ကိုသွားသည်အထိသိလိုစိတ်များဖြစ်လာပြန်သည်။နှစ်ရှည်လများ တစ်ဦးတည်း အထီးကျန်စွာနေရသူမှန်သမျှ ဦးဝံကဲ့သို့ပင်အတွေးများမည်မှာ မလွဲပေ။
“ဂျိမ်း…”
ဦးဝံခါးဆန့်သွားသည်။အတွေးများသည်လည်း ပါးစပ်မှကျွတ်ကျသွားသော ဆေးလိပ်တိုကြီးကဲ့သို့ မီးတဖွားဖွားကျသွားသည်။ပုဆိုးမီးပေါက်သွားသည်ကိုပင် ဂရုမစိုက်နိုင်လောက်အောင် လန့်သွားခြင်းဖြစ်သည်။မိုးကြိုးသည် ဦးဝံ၏ရှေ့တည့်တည့် သခွတ်ပင်အောက်သို့ပစ်ချလိုက်ခြင်းဖြစ်သည်။ပို၍တိကျသည်မှာ ညနေက မြှုပ်ခဲ့သောကောင်လေး၏ မြေပုံတည့်တည့်ကိုပစ်ခြင်းဖြစ်သည်။
ထိုသို့မိုးကြိုးပစ်ပြီးသည်နှင့် သခွတ်ပင်ထက်မှ တောကြောင်နက်ကြီးတစ်ကောင်မှာလည်း ကောင်လေး၏မြေပုံတည့်တည့်သို့ ခုန်ဆင်းလာပြီး ခွီးခနဲပြေးထွက်သွားသည်။လျပ်တပြတ်အတွင်း မြင်လိုက်ရသည်များမှာ ဆန်းကြယ်လှသဖြင့် ဦးဝံလည်း စူးစူးစိုက်စိုက်ကြည့်နေသည်။မကြောက်တတ်သော ဦးဝံပင် တစ်ကြိမ်မျှမကြုံဖူးသဖြင့် အနည်းငယ်တွေးရခက်သွားသောအဖြစ်ကို ကြုံလိုက်ရသည်။
ကောင်လေး၏ မြေပုံမှာ ပွစိစိဖြင့်လှုပ်လာသောကြောင့်ဖြစ်သည်။ဤသို့သော အချိန် နေရာအတွင်း မြင်နေရသောမြင်ကွင်းမှာ ထွက်ပြေးချင်စရာကောင်းလောက်အောင်ကြောက်မက်ဖွယ်ကောင်းသည်။ကြည့်နေရင်းမှာပင် ပို၍သိသာလာသည်။မြေပုံမှာ အပေါ်သို့ကြွတက်လာ၏။ဝင်းခနဲ လျပ်စီးတစ်ချက်လတ်ချိန်မြေသားပွပွထဲမှ လက်တစ်ချောင်းထိုးထောင်ပြီးထွက်လာသည်။ဦးဝံ သံတူရွင်းကို ကောက်ကိုင်လိုက်သည်။ထိုလက်သည်အပြင်းအထန်လှုပ်ရှားရှုန်းကန်နေပြီး သူ၏ကိုယ်ပေါ်ရှိ မြေစိုင်မြေသားများကိုဖယ်ရှားနေသည်။
မိုးရွာနေဆဲ ဖြစ်သောကြောင့် မြေသားပျော့ပျော့များအလွယ်တကူပဲ့ကျသွားသည်။မကြာမီ တွင်းထဲမှ ကောင်လေးသည် ကုန်းကွကွနှင့် ထလာတော့၏။ထို့နောက်သူ၏ ရင်ဝကိုပြန်စမ်းနေသည်။ပြီးလျှင်ဘေးဘယ်ညာကိုကြည့်လိုက်သေး၏။ဇရပ်ပေါ်မှ ဦးဝံကိုမြင်သွားသောကြောင့် တစ်ဖက်လှည့်လာသည်။သူ၏ကိုယ်ပေါ်မှရွံ့ခဲများလည်း အရည်ပျော်ကျနေပြီ။ဦးဝံလည်း မိုးထဲရေထဲ တွင်မကောင်းဆိုးဝါးဟုထင်ပြီး သံတူရွင်းကိုင်ကာ အသင့်စောင့်နေသည်။
ထိုစဥ်လေပြင်းတိုက်ခတ်သောကြောင့် သခွတ်ပင်မှ အကိုင်းကြီိးတစ်ခုကျိုးပြီး ကောင်လေးအပေါ်ပြုတ်ကျလာသည်။ကောင်လေးလည်း လန့်ပြီး လက်နှင့်ကာလိုက်သောအခါ လက်ထဲတွင်လျပ်စီးလတ်သကဲ့သို့ လင်းခနဲ ဖြစ်သွားပြီး သခွတ်ကိုင်းကြီး ပိုင်းပိုင်းပြတ်ထွက်သွားသည်။ပြတ်ပုံမှာလည်း မိုးကြိုးထိသကဲ့သို့ပင် လောင်မီးကျနေ၏။ကောင်လေးမှာ သူ၏လက်ကိုသူပြန်ကြည့်ပြီး တွေဝေနေသည်။
ထိုစဥ် ဦးဝံ ပြေးဆင်းလာခဲ့သည်။သို့သော်လည်း သံတူးရွင်းပါသည်။အခြေအနေမဟန်ပါက သံတူရွင်းစာကြွေးမည့်သဘောမှာရှိသည်။အနီးသို့ရောက်သောအခါ ကောင်လေးသည် တစ်စုံတစ်ခုကိုအမှတ်ရသွားဟန်ရှိပြီး တစ်ခုခုဝါးသလိုလုပ်နေသည်။ထို့နောက်မှ ပါးစပ်ထဲရှိ ကူးတို့ခတစ်မတ်ကို ထွီခနဲထွေးထုတ်လိုက်သည်။
“ဟေ့ ကောင်လေး လူလား ၊ ဖုတ်လား ၊ နတ်လားကွ”
“လူပါဗျ ဘာဖြစ်လို့တုန်း”
“ဟ…လူသေကောင်လိုလာတယ်လေကွာ အခုဖုတ်ကောင်လိုထလာတယ် နောက်ပြီး မိုးကြိုးပစ်ခံရတာ မသေတဲ့အပြင် မင်းက ပြန်ပစ်ပြနေသေးတယ် ဒီတော့မေးရတာပေါ့ကွ အတော်ထူးတဲ့ကောင်ပဲ”
“ထူးဆို နာမည်ကိုက ထူးမောင်တဲ့… “
“တောက်…အေးကွာ အဲ့ဒါသိချင်နေတာ”
“ဘာကိစ္စ သိချင်တာတုန်း”
ကောင်လေးမှာ လေသံကိုခပ်အေးအေးသာပြောသည်။ဦးဝံမှာ တောက်ခေါက်ရင်း အားရဝမ်းသာပြန်ပြောလိုက်၏။
“မှတ်တိုင် စိုက်ဖို့ပေါ့ကွ ဟား ဟား ဟား… ကိုင်း….မြေစတွေ ပြောင်လောက်ပြီဆိုရင် ဟောဟိုက ယာယီတဲနန်းကို ကြွပါအုံး”
ဦးဝံသည် သံတူရွင်းကလေးကို ကိုင်ရင်းရှေ့ကဦးဆောင်ပြီး ထူးမောင်ကို ဇရပ်ပေါ်ခေါ်လာခဲ့သည်။
“ယာယီတဲနန်းဆိုပဲဗျ မဆိုးဘူး ဒါပေမယ့် မိုးနည်းနည်းယိုတယ်… ဒါနဲ့ခင်များကရော ဘယ်သူတုန်း ဒီမှာ ဒီအချိန်ကြီး ဘာလုပ်နေတာတုန်း”
“ငါက မင်းကောင်းပေါ့ကွ ဒါငါ့ရဲ့တိုင်းပြည်ဆိုပါတော့”
“အော်…ဦးမင်းကောင်းလား “
“ဘယ်ကသာကွာ မှတ်ထား သုဘ ဆိုတာကောင်းသောတဲ့ကွ ၊ရာဇာဆိုတာ မင်း ကိုခေါ်တာ ဒီတော့ မင်းကောင်းလို့ပြောတာပါ နာမည်က ဦိးဝံတဲ့ ရာထူးကတော့သင်္ချိုင်းစောင့်ပေါ့ကွာ ငါ့အကြောင်းတော့ပြောပြီးပြီ မင်းအကြောင်းပြောတော့ “
“ကျုပ်ပြန်ရအုံးမယ်ဗျ မအားသေးဘူး ဒါနဲ့ ဒီသင်္ချိုင်းက ဘယ်ရွာရဲ့သင်္ချိုင်းတုန်း”
“သပြေတောင် သင်္ချိုင်းကြီးလေကွာ မင်းက ဒီရွာသားမဟုတ်ဘူးလား “
“ကျုပ်က ကုန်းတန်းကြီးသားဗျ ဒီဖက်ကို အရောက်အပေါက်နည်းတယ် “
“ဒီည မပြန်နဲ့တော့ကောင်လေး… မိုးလည်း မပြတ်သလို ဉာဥ့်နက်လှပြီ ပြန်ချင်ရင် လင်းမှပြန်ပေါ့ကွာ”
“ဒါပဲရှိတော့တာပေါ့ ဦးဝံရယ် ဒါနဲ့အဝတ်အစားလဲချင်တယ် အပိုမရှိဘူးလား”
“ဟော ဟိုခြေရင်းက ထန်းခေါက်ဖာကလေးထဲမှာ မင်းကြိုက်ရာယူဝတ် အကုန် လုံးပိုင်ရှင်မရှိဘူး”
“ဟင်… လူသေအဝတ်တွေ ချွတ်ထားတာလား “
“အဟားဟား….အေးပေါ့ကွ ယူကောင်းပါတယ် မင်းတောင် ငါသနားလို့မချွတ်တာနော် ချွတ်ယူထားရင်အခုချိန်မင်း ဒုက္ခဖြစ်နေပြီ”
“တော်ပါဗျာ အအေးမိချင်မိပါစေတော့ လူသေအဝတ်ကြီးတော့ ကျုပ်မဝတ်ချင်ဘူး”
“ကြီးကျယ်ပါ့ကွာ သူဌေးသားထင်တယ်…ဒါမဝတ်ချင်ရင် ဟိုခေါင်းရင်းမှာ တစ်စုံရှိတယ်…အရင်လတုန်းက အသုဘကမ္မဋ္ဌာန်းလာရှု့တဲ့ ယောဂီတစ်ဦးစွန့်သွားတာပဲ အသစ်ကွ ငါနဲ့မတော်ဘူးကျပ်တယ် မင်းဝတ်ချင်ယူဝတ်”
ထူးမောင်သည် အသက်ငယ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်အတန်အသင့်ရှိသူဖြစ်၍ ထိုယောဂီအဝတ်အစားနှင့်အံ့ဝင်ဂွင်ကျဖြစ်နေသည်။ဝတ်စားပြီးသောအခါ ဦးဝံလည်း ခေါင်းကိုရေခြောက်အောင်သုတ်နေရင်း ထူးမောင်ကိုအကဲခတ်နေသည်။ကြောက်စိတ်ကင်းမဲ့ပုံချင်းတူသည်ကိုလည်း သဘောကျနေသည်။ထို့ကြောင့် အတွေးထူသောဦးဝံတစ်ယောက် ထူးမောင်ကို သိလိုသောအကြောင်းအရာများ တန်းစီပြီး မေးတော့သည်။
ဝိဇ္ဇာရှစ်သောင်း ဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)