• June 26, 2025
  • admin
  • 0

မင်းမြင့်နိုင်(ဘူးသီးတောင်)
သူငယ်ချင်းကောင်း

“ကြွရောက်လာကြတဲ့ မြို့မိမြို့ဖများနဲ့ မြို့သူမြို့သား ပရိသတ်များခင်ဗျား…။

ယခု ကျင်းပပြုလုပ်တဲ့ နာမည်ကောင်းလက်မှတ်နဲ့ဆုငွေပေးအပ်တဲ့ ဂုဏ်ပြုပွဲဟာ ဒီနေ့မှ ဆေးရုံကုသမှုခံယူပြီး ဆင်းလာတဲ့ ကိုဖိုးသစ်တုံးကို ဂုဏ်ပြုတဲ့ပွဲ ဖြစ်ပါတယ်။

ကိုဖိုးသစ်တုံးဟာ မိမိရဲ့အသက်ကို ပမာမထားဘဲ သူငယ်ချင်းဖြစ်သူရဲ့ အသက်ကို စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့အတွက် ဒီလိုဂုဏ်ပြုတဲ့ပွဲ ကျင်းပပြီး နာမည်ကောင်းလက်မှတ်နဲ့ ဆုငွေပေးအပ်ရခြင်းဖြစ်ပါတယ်။

သူစွန့်စားကယ်တင်ခဲ့တဲ့ သူရဲ့သူငယ်ချင်းဖြစ်သူ ကိုတက်ပုကတော့ ကံမကောင်းခဲ့ပါဘူး။ သေဆုံးသွားခဲ့ရပါတယ်။ ကိုဖိုးသစ်တုံးဟာ သူနဲ့အတူတူ လုပ်ဖော်ကိုင်ဘက်ဖြစ်သူရဲ့အပေါ်မှာ သစ္စာရှိစွာနဲ့ကြုံတွေ့ရတဲ့ ကျားဆိုးရဲ့အန္တရာယ်ကို သတ္တိရှိရှိ ရဲဝင့်စွာ ပြန်လည်ပြီး ထင်းခုတ်တဲ့ ဓားမတစ်ချောင်းနဲ့ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အတွက် ကျားဆိုးဟာလည်း သုံးရက်အတွင်းမှာ သေဆုံးသွားခဲ့ရပါတယ်။

ကိုဖိုးသစ်တုံးမှာလည်း ကျားဆိုးတိုက်ခိုက်လို့ဒဏ်ရာတွေ အများကြီးရခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူကို ကျောမှာပိုးပြီး ရွာအရောက်ပြန်ပြီး ခေါ်ယူနိုင်ခဲ့တဲ့အတွက် သေဆုံးသွားသော်လည်း ကျားစားမယ့်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။

ကျွန်တော်တို့ ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ်အတွင်းမှာ သောင်းကျန်းပြီး လူနဲ့ ကျွဲနွားတွေကို ကိုက်သတ်ပြီး ဒုက္ခပေးနေတဲ့ ကျားဆိုးကို ထင်းခုတ်တဲ့ဓားမတစ်ချောင်းနဲ့ ရင်ဆိုင်ပြီး အသေသတ်နိုင်ခဲ့တဲ့ သတ္တိခဲကို ဖိုးသစ်တုံးခင်ဗျား…

နံမည်ကောင်းလက်မှတ်နဲ့ ဆုငွေလက်ခံရယူရန် စင်မြင့်ပေါ်ကို ကြွပါ”

ရွှေကျင်မြို့ခန်းမကြီးတစ်ခုလုံး လက်ခုပ်တီးသံများ ဆူညံစွာ ထွက်ပေါ် လာခဲ့လေတော့သည်။ စင်မြင့်ဆီသို့ တစ်လှမ်းချင်းလျှောက်လှမ်းပြီး (နလက) ဥက္ကဌကြီး ချီးမြှင့်ပေးအပ်သော နာမည်ကောင်းလက်မှတ်နှင့် ဆုငွေကို လက်ခံယူပြီး စင်မြင့်ထက်မှ ဆင်းလာသော ဖိုးသစ်တုံးဆိုသူသည် ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေ ရရှိသော်လည်း ဂုဏ်ယူဝင့်ကြွားသည့် ဟန်အမူအရာ လုံးဝမရှိပေ။ ရိုးသားတည်ကြည်ပြီး အေးဆေးတည်ငြိမ်သည့် ဟန်အမူအရာများသာ မျက်နှာပေါ်တွင် ထင်ဟပ်နေသည်ကို ပရိသတ်များ မြင်တွေ့လိုက်ကြလေသည်။

ဖိုးသစ်တုံး ခန်းမအတွင်း ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် ဂုဏ်ပြုပွဲသို့ တက်ရောက်လာသော ပရိသတ်အတွင်းမှ လူတစ်ယောက်က ထိုင်ရမှထပြီး

“ချီးကျူးပါတယ် … ခင်ဗျားလို စိတ်ဓာတ်နဲ့ သတ္တိကို လေးစားဂုဏ်ယူပါတယ်။ ခင်ဗျားရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ပျက်ပုံ အတွေ့အကြုံကို ကျွန်တော်တို့ကို ပြောပြစမ်းပါ။ မြို့သူမြို့သားတွေကလည်း သိချင်နေကြလို့ပါဗျာ”

“ကျွန်တော့် အဖြစ်အပျက်ကို ပြန်ပြောပြရင် ကြွားတယ်၊ ပိုတယ် ထင်ကြမှာဗျ။ ဒီမှာ ကျွန်တော့်ကျောကုန်းကိုသာ ကြည့်ကြပါဗျာ။ ကျားကုပ်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ဒါတွေက သက်သေပါဗျာ”

ဖိုးသစ်တုံးကပြောရင်း သူအင်္ကျီကို ချွတ်၍ နောက်ကျောကုန်းအား ပြသလိုက်လေသည်။ လက်ညှိုးလုံးခန့်ရှိသော အမာရွတ်များ အမြှောင်းလိုက် ပေါ်နေသည်မှာ အသဲယားစဖွယ် မြင်ကြရလေသည်။

“ဒီလိုဗျာ… ကျွန်တော်နဲ့ သူငယ်ချင်းတက်ပုတို့နှစ်ယောက် မီးသွေးဖုတ်ဖို့အတွက် ရုံးတိုင်းရွာ မြောက်ဘက်ရွာနဲ့ သုံးမိုင်ကျော် လေးမိုင်လောက်ဝေးတဲ့ ရွှေကျင်မြို့နဲ့ ကျောက်ကြီးမြို့သွားတဲ့ မင်းလမ်း (ကျောက်လမ်း)ဘေးက တောထဲမှာ သစ်ပင်တွေလှဲပြီး မီးသွေးကျင်းတူးနဲ့ အလုပ်လုပ်ကြတယ်ဗျာ။

မင်းလမ်းနဲ့တော့ သိပ်မဝေးပါဘူး။ တစ်ခေါ်လောက်ပဲ ဝေးတယ်။ မီးသွေးဖုတ်ဖို့ ခုတ်လှဲရတဲ့သစ်တွေက သုံးထွာ၊ လေးထွာဆိုင်လောက်ကြီးတဲ့ သစ် အမာပင်တွေကို ခုတ်ရတာ။ အပင်လှဲပြီးတော့ လေးတောင်လောက်ပိုင်းပြီး မီးသွေးဖိုထဲမှ ထောင်ပြီး စီရတယ်။

သစ်ပိုင်းတွေ ဖိုတစ်ဖိုစာရပြီဆိုမှ ဖိုဖြစ်အောင် မြေကြီးကို အမှုန့်လုပ်ပြီးရေနဲ့ဖျော်လို့ ရွံ့ပျော့ပျော့အနေ အထားရရင် ဖိုပုံစံမပေါ်အောင် ရွှံ့တွေနဲ့အုံပြီး ခံရတယ်။ မီးသွေးဖို ပုံစံပေါ်ပြီဆိုမှ ဖိုပတ်လည်ကို အပေါက်မရှိရလေအောင် ဂရုစိုက်ပြီး လုပ်ရတယ်။

အားလုံး စိတ်ချရပြီဆိုတော့မှ မီးသွေးဖိုကို မီးထိုးရတယ်။ မီးလောင်လွယ်တဲ့ ဝါးအခြောက်နဲ့ ထင်းကိုင်းဖျားအခြောက်တွေကို ဖိုအဝကနေပြီး မီးရှို့လိုက်ရတာ။

မီးသွေးဖိုရဲ့အနောက်ဘက်မှာ လေပေါက်လို့ခေါ်တဲ့မီးအနေအထားကို ကြည့်တဲ့အပေါက်ကို ဖွင့်ထားရတယ်။ ဖိုအဝက ရှို့လိုက်တဲ့မီးဟာ ဖိုအနောက်ဘက်မှာရှိတဲ့ လေပေါက်က လေစုပ်ယူတဲ့အတွက် ဖိုထဲမှာရှိတဲ့ ထင်းတုံးတွေကို မီးစွဲပြီး လောင်ကုန်တာပေါ့ဗျာ”

“ကျွန်တော်တို့လည်း မီးသွေးဖိုကို နေ့ခင်းမှာမီးထိုးပြီး ညဘက်မှာ မီးချိန်ပေါက်ကိုကြည့်ပြီး မီးအချိန်အဆကို ကြည့်ထိန်းရတာပေါ့ဗျာ။ မီးသွေးဖိုရဲ့ အနီးက မြရာပင်ကြီးတစ်ပင်ပေါ်မှာ ညဘက်အိပ်ဖို့အတွက် နှစ်ယောက် အိပ်လို့ရတဲ့ လင့်စင်တစ်ခုကို ထိုးထားရတယ်။ ညဘက်ဆိုရင် အဲဒီလင့်စင် ပေါ်မှာတက်ပြီး အိပ်ရတယ်။တောကောင် ဟင်းမျိုးကြီးတွေရဲ့ အန္တရာယ် ကလည်း ရှိသေးတာကိုး။

ဒီနှစ်ထဲမှာလည်း ဒီရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ် တွေမှာ ကျားသောင်းကျန်းလွန်းလို့ ရွာတွေက ကျွဲတွေ၊ နွားတွေနဲ့ လူတွေကို ဒုက္ခပေးလွန်းလို့ သေလိုက်ကြတာလည်း မနည်းတော့ဘူးဗျ။

ကျွန်တော်တို့နှစ်ယောက်လည်း အိမ်မှာ စီးပွားရေးကျပ်တည်းလွန်းပြီး လုပ်ကိုင်စားစရာ မရှိလို့ ငွေအရင်းအနှီးမစိုက်ရဘဲ ငွေရလွယ်တဲ့ မီးသွေးဖုတ်တဲ့အလုပ်ကို စွန့်စားပြီး လုပ်ရတာပါဗျာ။ ငွေရလွယ်တဲ့အလုပ်ဆိုပေမယ့် ကျားဆိုးအန္တရာယ်ကလည်း ကြောက်ရသေးတယ်လေ။

ပြောရဦးမယ်၊ ကျွန်တော်နဲ့ အလုပ်အတူလုပ်တဲ့ တက်ပုဆိုတာကလည်း နားမကောင်းဘူးဗျ။ နားပင်းနေတဲ့သူဖြစ်လို့ သူနဲ့စကားပြောရင် ပါးစပ်ကလည်းပြော၊ လက်ဟန်ခြေဟန်နဲ့လည်း ပြရတယ်။ မဟုတ်လို့ကတော့ ရွာလည်ပြီသာ မှတ်ပေတော့ဗျို့။

တက်ပုက မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတယ်ဗျ။ ကျွန်တော့်မှာလည်း မိန်းမနဲ့ ကလေးတစ်ယောက် ရှိတယ်လေ။

နေ့လယ်က မီးထိုးထားတဲ့ မီးသွေးဖိုကို မီးချိန်ရင်း လေပေါက်ကထွက်နေတဲ့ မီးညွန့်ကို ကြည့်နေရတယ်။ မီးသွေးဖိုဆိုတာ မီးလွန်သွားလို့ မရဘူးဗျ။ မီးလွန်သွားရင် မီးသွေးတစ်ဖိုလုံး မီးသွေးမရဘဲ အားလုံး ပြာဖြစ်သွားတော့တာပဲ။

မီးပေါက်က မီးကိုကြည့်လို့ လင့်စင်အောက်မှာ ရေနွေးကြမ်းတစ်အိုးတည်ရင်း မီးချိန်ကြည့်နေကြတာပေါ့ဗျာ။ စကားစမြည် ပြောနေကြဖို့ဆိုတာကလည်း တက်ပုက နားမကြားတဲ့သူ၊ ဒါကြောင့်မီးသွေးဖိုက လေပေါက်ကို ရေနွေးကြမ်းသောက်ရင်း ကြည့်နေရတယ်။

မီးညွန့်ကိုကြည့်ပြီး မီးချိန်ညီပြီဆိုတာနဲ့ လေပေါက်ကို ရွံ့အပျော့နဲ့ သွားပြီးပိတ်လိုက်တယ်။ မီးသွေးဖိုက လေပေါက်ကို သွားပိတ်ပြီးလို့ လင့်စင်အောက်မှာ ရေနွေးကြမ်း ထိုင်သောက်နေတဲ့ တက်ပုကို လက်တို့ပြီးကျားဟိန်းသံကြားရတဲ့အကြောင်း လက်ဟန်နဲ့ပြပြီး ပါးစပ်ကလည်း ပြောလိုက်တယ်။ ဒါပေမဲ့ တက်ပုက မီးသွေးဖိုဘက်လှည့်ပြီး လက်ညှိုးထိုးလို့ ပြန်ပြောတယ်ဗျ။

“မင်း လေပေါက်သွားပိတ်ပြီးပြီ မဟုတ်လား။ မင်းအိပ်ချင်ရင် လင့်စင်ပေါ်တက်အိပ်တော့။ ငါ ဖိုပတ်လည် လုံ မလုံ လိုက်ကြည့်ဦးမယ်။ သေချာမှ ငါ တက်လာခဲ့မယ်”

“ဟာ ငါအိပ်ချင်လို့ လင့်စင်ပေါ် လက်ညှိုးထိုးပြတာမဟုတ်ဘူးကွ။ ဒီနားလေးက … ကျားအော်သံကြားတယ်လို့ပြောတာ။ လာ … လင့်စင်ပေါ်တက်ကြမယ်”

ကျွန်တော်က ပါးစပ်ကလည်းပြော၊ လက်ဟန်နဲ့ လင့်စင်ပေါ် လက်ညှိုးထိုးပြပြီး ခေါ်ပေမယ့် တက်ပုက မီးသွေးဖိုကိုဘဲ လက်ညှိုးထိုးပြီး လင့်စင်ပေါ် မတက်သေးဘူး ပြောနေဆဲအချိန်မှာပဲ တက်ပုရဲ့ နောက်ကျောဘက်က ရိပ်ခနဲလှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရတာနဲ့ မြရာပင်ခြေရင်းမှာ ထောင်ထားတဲ့ ထင်းခုတ်ဓားကို လှမ်းယူလိုက်လေတယ်။

ကျွန်တော့်လက်ထဲ ဓားမရောက်လာတဲ့အချိန်နဲ့ တက်ပုကိုယ်ပေါ် ကျားခုန်အုပ်လိုက်ချိန် တစ်ပြိုင်တည်း ကျရောက်သွားတော့တယ်။

တက်ပုရဲ့ နာကျင်စွာ အော်ဟစ်လိုက်သံက တစ်တောလုံး ဟိန်းသွားလေရဲ့။

ကျားဟာ တက်ပုရဲ့ဇက်ပိုးကို ကိုက်ချီပြီး ခုန်ထွက်မယ်အလုပ် ကျွန်တော်က လက်ထဲက ဓားမနဲ့ အတင်းဝင်ပြီး ကျားကို ခုတ်လိုက်တယ်။ ကျားဟာ ကျွန်တော် ခုတ်လိုက်တဲ့ ဓားကို သူ့ရှေ့လက်နဲ့ ပုတ်ထုတ်လိုက်ပြီး တက်ပုကို လွှတ်ချလို့ နောက်ကျွမ်းပစ်ပြီး ခုန်ထွက်သွားတယ်။

ကျွန်တော့်လည်း ကျား လက်နဲ့ပုတ်ထုတ်လိုက်လို့ လွတ်ကျသွားတဲ့ဓားကို ပြန်ကောက်ပြီး တက်ပုကိုပွေ့ချီလိုက်တယ်။

တက်ပုဟာ ကျားကိုက်တဲ့ဒဏ်ရာက်ု လက်နဲ့အုပ်ပြီး သည်းနေတယ်။

သူ့ဇက်ပိုးက ဒဏ်ရာက သွေးတွေ စီးကျနေတာ။ ကျုပ်ပုဆိုးတစ်ပိုင်းရွှဲရွှဲစိုရောပဲ။ ဒီအတိုင်းထားရင် တက်ပုသေသွားမှာပဲဆိုပြီး ရွာကို ပြန်သယ်မှဖြစ်မှာဆိုတဲ့အတွေးနဲ့ မြရာပင်ခြေရင်းမှာရှိတဲ့ ပုဆိုးတစ်ထည်ကိုယူပြီး တက်ပုကို ကျုပ်ကျောမှာပိုးလို့ ပုဆိုးနဲ့သိုင်းချည်လိုက်ပြီး ညာလက်က ဓားမကိုကိုင်၊ ဘယ်လက်က တက်ပုကို နောက်ပြန်သိုင်းဖက်လို့ မင်းလမ်းမဆီကို လရောင်ရဲ့အလင်းနဲ့ ပြေးထွက်ခဲ့တယ်။

မင်းလမ်းနား ရောက်ခါနီး ဝါးတစ်ပြန်လောက်အလိုမှာ ကျွန်တော့်ကျောပေါ်က တက်ပုကို ကျားက အတင်းဝင်ဆွဲလိုက်ပြန်ရော။ ကျွန်တော်လည်း လက်ထဲကဓားနဲ့ လှည့်ပြီး လက်ပြန်တွက်ခုတ် ခုတ်လိုက်တာ ကျားကို ထိသွားတယ်ဗျို့။ ကျားဟာ နာနာကြည်းကြည်း တစ်ချက်အော်ပြီး နောက်ကို ခုန်ဆုတ်သွားတယ်။

ကျွန်တော်လည်း မင်းလမ်းမပေါ် အပြေးထွက်ခဲ့တယ်။ မင်းလမ်းမပေါ် ရောက်တာနဲ့ ရွာဘက်ကို အပြေးသွားလိုက်တယ်။

မကြာခင်မှာပဲ ကျောပေါ်က တက်ပုကို ကျားဟာ အတင်းဝင်ဆွဲပြန်ရောဗျ။ ကျွန်တော့်ကျောကုန်းမှာလည်း ကျားလက်သည်းနဲ့ ကုတ်မိလို့ အသည်းခိုက်အောင် နာလိုက်တာဗျာ။

ကျွန်တော့်လည်း ဒေါသထွက်ထွက်နဲ့ ကျားကို လှည့်ပြီးရင်ဆိုင်လိုက်တယ်။ ကျားက ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်ပြီး ချာခနဲ နောက်ပြန်လှည့်ထွက်သွားတယ်။

ကျားလှည့်ထွက်သွားမှ ကျောပေါ်က တက်ပုကို လက်နဲ့ စမ်းကြည့်လိုက်မိတယ်။ တက်ပုဟာ တိုးတိုးလေး ညည်းသံထွက်လာတာနဲ့ ရွာဘက်ကို ဆက်ပြီး ပြေးထွက်ခဲ့တော့တယ်။

ပြေးထွက်လာလို့ ခြေလှမ်းနှစ်ဆယ်လောက်အရောက်မှာ ကျားဟာ ကျွန်တော့်ရဲ့နောက်ကျောကို ခုန်အုပ်လိုက်တဲ့အတွက် ကျောမှာပိုးထားရတဲ့ တက်ပုရဲ့ အလေးချိန်ရယ်၊ ကျားကခုန်အုပ်လိုက်တဲ့အရှိန်နဲ့ ရှေ့ကို မှောက်ရက်လဲကျသွားရတယ်။

ကျုပ် လဲကျတဲ့အချိန်မှာ ကျားဟာ ကျွန်တော့်ကျောကုန်းကို လက်နဲ့ ကုတ်ဆွဲလိုက်တာဗျာ။ ကျွန်တော်လည်း နာလွန်းလို့ ငယ်သံပါအောင် အော်လိုက်ပြီး လက်ထဲကဓားနဲ့ လွှဲခုတ်လိုက်မိတယ်။ ဒေါသနဲ့ခုတ်လိုက်တဲ့ ဓားချက်ဟာ မိမိရရ ခုတ်မိလိုက်မှန်း ကျုပ်လက်က သိလိုက်တယ်။

ကျားဖင် ထိုင်အကျ၊ ကျုပ်လည်း ဗြုန်းဆို ထပြီး ကျားရဲ့မျက်နှာကြီးကို ဓားနဲ့တစ်အားလွှဲပြီး ခုတ်ချလိုက်တာဗျာ။ ကျားဟာ ငယ်သံပါအောင်အော်ပြီး ကျွမ်းပစ် ထွက်သွားပြန်ရောဗျို့။

ကျွန်တော်လည်း သူငယ်ချင်းတက်ပုက ကျောမှာပိုးပြီး ဆက်ပြေးခဲ့တယ်ဗျ။ ကျွန်တော့်ကျောကုန်းက ဒဏ်ရာကလည်း နာရမှန်းမသိဘူး… ဆက်ပြီး ပြေးခဲ့တာ။

ရွာနားမရောက်ခင် ဇွဲကြီးတဲ့ကျားဟာ ကျောပိုးထားတဲ့ တက်ပုကို လာပြီးဆွဲချပြန်တယ်ဗျို့။ ကျုပ်နောက်ကျောလည်း ကျားလက်သည်းနဲ့ ကုတ်မိပြန်တယ်။ အသားတွေ အမြှောင်းလိုက်ထွက်ကုန်ပြီထင်ရတယ်။ နာလိုက်တာဗျာ။ ပထမကုတ်မိတဲ့ဒဏ်ရာပေါ်ကို ထပ်ပြီး ကုတ်မိတာဗျာ။

တက်ပုကိုပစ်ချပြီး ဒေါသထွက် စိတ်ဆိုးပြီး ကျားကိုဓားနဲ့ အတင်းလိုက်ခုတ်တာ ကျားရဲ့မျက်နှာကို ခုတ်မိသွားတယ်။ ကျားက လက်နဲ့ပုတ်ထုတ်တာမှာ။ လက်ကိုပါ ခုတ်မိသွားလို့ နောက်ဆုတ် နောက်ဆုတ်နဲ့ မင်းလမ်းဘေး တောထဲ ဝင်သွားတယ်။

ကျွန်တော်လည်း ကျောကုန်းက ဒဏ်ရာကလည်းနာ၊ တက်ပုကို ကျောပိုးပြီး ပြေးလာရလို့ မောလည်းမောနဲ့ ခြေထောက်တွေ မခိုင်ချင်တော့ဘူး။ ဒါပေမဲ့ တက်ပုကို ကျောမှာပိုးပြီး ရွာဘက်ကို ပြေးထွက်ခဲ့တယ်။

ရွာနားရောက်ပြီဆိုတဲ့အသိနဲ့ ကျွန်တော့်ပါးစပ်က တစ်အား ကုန်းအော်မိတယ်။ ပြေးလည်းပြေး၊အော်လည်းအော်နဲ့ ကျွန်တော့် မျက်လုံးတွေပြာပြီး၊ ဘာမှမမြင်ရတော့ဘူးဗျ။ ခြေထောက်တွေကလည်း မခိုင်တော့ဘူး။ ခေါင်းထဲမှာ မိုက်ခနဲဖြစ်ပြီး လဲကျသွားတာကို ကျွန်တော် နောက်ဆုံး သိလိုက်ရပြီး မေ့လဲကျသွားတော့တာဘဲဗျာ…။

ကျွန်တော် သတိရလာတဲ့အချိန်ဟာ ရွှေကျင်မြို့ ပြည်သူ့ဆေးရုံပေါ်ကို ရောက်နေပြီဗျ။ ကျုပ်နောက်ကျောချလို့ ပက်လှန်လှန်လို့ မရအောင် နာလွန်းလို့ ဆေးရုံက ဆရာဝန်နဲ့ ဆရာမတွေကို မေးကြည့်တဲ့အခါ ကျားကုတ်ထားတဲ့ ဒဏ်ရာကများလို့ ဆေးထိုးဆေးထည့်ပေးထားရတယ်။

တစ်လလောက် ဆေးရုံမှာတက်ပြီး ဆေးကုရမယ်လို့ ပြောပြကြတယ်။ ကျွန်တော် ဆေးရုံရောက်ပြီး ငါးရက်လောက်အကြာမှာ ကျွန်တော်တို့ရွာက ကျွန်တော့်ဦးလေး ရောက်လာပြီး ပြောပြလို့ ကျွန်တော်သိရတာက…

“မင်းသူငယ်ချင်းကတော့ ရွာကိုရောက်ပြီး မကြာခင်မှာပဲ သေသွားတယ်ကွာ။ သူ့ဇက်ပိုးက ဒဏ်ရာက တော်တော်များတာကွ။ ကျောကုန်းမှာလည်း ကျားကုတ်ထားတဲ့ ကျားလက်သည်းရာတွေလည်း မနည်းဘူး။ ဒဏ်ရာတွေကများပြီး သွေးထွက်လွန်လို့ သေရတာဘဲကွယ့်။

သူ့မိသားစုတွေကတော့ တက်ပုနဲ့ မင်းကို ကိုက်တဲ့ကျားကတော့ မင်းလမ်း ဘေးနားကတောထဲမှာ ခွေးတွေဟောင်သံကြားလို့ ရွာသားတွေသွားကြည့်တော့မှ ကျားသေကို တွေ့ရတာပဲဟေ့။

ကျားရဲ့မျက်နှာနဲ့ လည်ပင်း ရှေ့လက်တွေမှာ ဓားဒဏ်ရာတွေ မွစာကြဲနေတာပဲကွာ။

အဲဒီ့ဓားဒဏ်ရာဒဏ်ချက်တွေကြောင့် ကျားသေရတာပဲဟေ့။ မင်းခုတ်ခဲ့တဲ့ ဓားချက်တွေပေါ့ကွာ”

ကျွန်တော့်ဦးလေးပြောစကားကြားရလို့ သူငယ်ချင်းတက်ပုအတွက် စိတ်မကောင်းဖြစ်ရတယ်ဗျာ။ ဒါပေမယ့် ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော့်ကိုကိုက်တဲ့ ကျားကို အသေပြန်သတ် နိုင်ခဲ့လို့ပါဗျာ။

သူငယ်ချင်း သေသွားပေမယ့် သူ့အတွက် ကျားကို လက်စားချေလိုက်ရလို့။ ကျွန်တော့်သူငယ်ချင်း တက်ပုအတွက် ကျွန်တော့်တာဝန် ကျေပါတယ်ဗျာ။ တမလွန်ဘဝကနေပြီး သူ့ငယ်ချင်းတက်ပုလည်း ကျွန်တော်ကို ခွင့်လွှတ်ကျေနပ်နိုင်မှာပါဗျာ။ ကောင်းရာသုဂတိရောက်ပါစေ။

ဖိုးသစ်တုံး၏ သည်းထိတ်ရင်ဖို ကြုံတွေ့ရသော အဖြစ်အပျက်များကို နားထောင်နေကြသော မြို့သားပရိသတ်များမှာ တကယ့်သတ္တိရှိတဲ့သူ၊ သူငယ်ချင်းအတွက် အသက်စွန့်ဝံ့တဲ့သူ၊ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းပီသတဲ့လူဆိုတာ ဒီလိုလူမျိုးကို ခေါ်တာဘဲကွ ဟူသော ချီးကျူးကြသည့်အသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြလေတော့သည်။

– ပြီး –

စာရေးသူ – မင်းမြင့်နိုင်(ဘူးသီးတောင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *