#ခင်မောင်အေး(မန္တလေး)
သူတစ်လှည့် ကိုယ်တစ်ပြန်
ဘဘိုးရတို့ ဂန္ဓမာရွာနှင့် ဒဟပ်တော့ရွာတွေ တစ်ဝိုက်မှာ သည်သတ္တဝါ လာရောက်သောင်းကျန်းနေသည်မှာ လချီ၍ ကြာမြင့်နေပေပြီ။ မုဆိုးတွေ နေတဲ့ အရပ်မဟုတ်လား။ သည်လိုလာကျောလို့ ဘယ်ရလိမ့်မတုန်း။ ကျင်းကျ လုပ်သည်။ သုတ်ကိုင်း ထောင်သည်။ လက်ယှက်ထိုးညှောင့် ထောင်သည်။ ဒင်းကမဖြုံချေ။
ထောင်ချောက်တွေလုပ်တုန်းက သူပါ ပါဝင်လုပ်နေသလား ထင်ရလောက်အောင်ပင် ထောင်ချောက်တွေကို ရှောင်ကွင်းသွားသည်။ ပြီး ရွာစွန်သို့ ဝင်လာ၊ ခွေးတွေကိုဆွဲ ကြက်တွေကိုကိုက်ချီသွားတော့သည်။
ရက်က တစ်ရက်ပြီးတစ်ရက် ရက်သတ္တ တစ်ပတ်ပြီးတစ်ပတ် ကြာလာတော့ ရွာသားတွေ အိပ်ရေးတွေပျက် ခြေကုန်လက်ပန်းတွေ ကျလုလုဖြစ်ပြီး ညည်းညူသံတွေ ထွက်လာသည်။
သည်လိုနှင့် လေသာတောင်ခြေက ရွာတွေမှာ ခွေး
ဟောင်သံတွေ ကြားရတာ နည်းသွားသည်။ ကြက်တွန်သံတောင် မကြားရသလောက် ဖြစ်သည်။
သည်ကျားသစ်တစ်ကောင်ကတော့ တစ်စထက်တစ်စ အတင့်ရဲလာပြီး အိမ်တွေအောက်မှာ ခြံခတ်ထည့်ထားသည့် ဆိတ်ကလေးတစ်ကောင်စ နှစ်ကောင်စပင် ပါသွားခဲ့ပြီ။ ဘဘိုးရတို့ သားအဖနှင့် လှံမုဆိုးလှဒင်တို့ကို အများက “မုဆိုးကြီးတွေ ဘယ့်နှယ်ရှိစ” ဆိုသောအကြည့်မျိုးဖြင့် ဝိုင်းကြည့်ခံရသည့်အခါ ရှက်လွန်း၍ ခေါင်းပင် ရဲရဲမမော့နိုင်ကြတော့။
သို့ဖြစ်၍ ဘဘိုးရ ဒဟပ်တောရွာမှ ကားလမ်းပေါ်တက်လာကာ ကြုံရာကားတစ်စီးပေါ် တက်လျက် မန္တလေးသို့ထွက်လာခဲ့ရ၏။ ဘဘိုးရတို့ အဆင်ချောသွားပုံများ နီလာဆွေဧည့်ရိပ်မွန်သို့အရောက်မှာ မုဆိုးကိုရော ကိုဘသိန်းကိုပါ တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရသည်။
လေသာတစ်ကြောက ရွာတွေမှာ တောကောင် မွှေလွန်း၍ ကပ်ဆိုက်သည့်နှယ် ဖြစ်နေရသည့်အကြောင်း များ ပြောပြရသည်။ သေနတ် လေးငါးလက်လောက်နှင့် တောမောင်းပြီး ကျားသစ်ကိုနှိမ်နှင်းက အသေအချာ ဖြစ်နိုင်သည့်အကြောင်း ဘဘိုးရက အာမခံသည်။
တောကောင်က အတော်ကြီး အတင့်ရဲပြီး အစာရှိရာ ရွာတွေအနီးမှာသာ ခိုအောင်းပြီး မှောင်တာနှင့် ရောက်လာ၊ လစ်သည်နှင့် ကြုံရာကိုဆွဲ လုပ်နေကြောင်း ပြောပြသည်။
“ကိုင်းပါလေ ကျွန်တော်တို့ ဘဘိုးရနဲ့ လိုက်ခဲ့မယ်။ သေနတ်ငါးလက်ဆို ရပြီမဟုတ်လား”
ကိုတင့်ဆွေက မေးလိုက်သည့်အခါ –
“ရတာပေါ့ . . . မြောက်ဘက်တော၊ အရှေ့ဘက် တော၊ သုံးတောလောက် မောင်းလိုက်ရင် ဘယ်နေနိုင်ပါ့မလဲ”
ဘဘိုးရ အဖြေပေးသည်။
မန္တလေးမှ ဝသုန္ဒရရွာသို့ တစ်နာရီသာသာအကြာမှာ ရောက်လာခဲ့ကြသည်။ ရွာအဝင် လှည်းလမ်းအတိုင်း မောင်းဝင်လာခဲ့ကြသည့်အခါ ဖုန်တွေတထောင်းထောင်းထပြီး ကားနောက်တွင် လွင့်ကျန်ရစ်သည်။
ဘဘိုးရတို့ အိမ်ဝိုင်းရှေ့သို့ရောက်တော့ ယခင့်ယခင် အခါတုန်းကလိုပင် ကလေးတွေတစ်အုပ်ကြီး ရောက်လာကြသည်။ ဆွမ်းခံပြန်ချိန် ရောက်နေပြီ။
ဘဘိုးရက အချိန်အလဟသ အကုန်မခံနိုင်။ ကနေ့တစ်တောမောင်းရ၊ နှစ်တောမောင်းရ မောင်းကြ မည်။ အဆင်သင့်လျင် တစ်တော၊ နှစ်တောမျှနှင့် တောကောင်ထွက်လာနိုင်သည်။
သည့်အပြင် တောကောင်က ရွာနားမှ ဝေးဝေးမခွာသွားတတ်၍ သေချာပေါက် ထွက်လာချိမ့်မည်။
ဘဘိုးရ အစီအစဉ်တွေက စနစ်ကျသည်။ ရွာတွင်း သို့သွား၍ ရွာသားတွေစုသည်။ မသွားမီ သူ့အမယ်ကြီး ရီးစံမယ်နှင့် သားမောင်လှိုင်တို့ လင်မယားတို့အား ဧည့်သည်တွေအတွက် နေ့လည်စာစီစဉ်ထားခိုင်းခဲ့သည်။
ကိုတင့်ဆွေက တောတက်ပြီဆိုသည့်အခါတိုင်း မန္တလေးမှ နာမည်ကျော်ဒံပေါက် အစိမ်းပေါက်ကို ကိုယ်စီ စားလို့ရအောင် ဝယ်လာတတ်စမြဲ။ သို့ပင်ဖြစ်စေကာမှု ကိုတင့်ဆွေ ကြက်သားဒံပေါက်ကို ဘဘိုးရတို့ မိသားစုသာ စားကြရသည်။
မြို့က ဧည့်သည် တွေက တောစာကို မက်ကြပေသည်။ နေ့လည်စာကို မြိန်မြိန် ယှက်ယှက်စားပြီးချိန်တွင် ဘဘိုးရနှင့်အတူ ရွာသားနှစ်ဆယ် အစိတ်ခန့်ပါလာသည်။ လှံမုဆိုးလှဒင်နှင့် ခွေးတစ်အုပ်လည်း ပါသည်။
ဘဘိုးရက အစီအစဉ်ကို အကြမ်းဖျင်းရှင်းပြသည်။
သူတို့မောင်းကြမည့်တောက မြောက်ဘက်တွင် ဂန္ဓမာရွာပြီး နောက် လျှော်ပင်ရွာ၊ အရှေ့ဘက်မှာက ညောင်ပင်သာရွာနှင့် ထိန်တောရွာ၊ တောင်ဘက်မှာက မင်းကန်ဘုတ်ရွာနှင့် ဝသုန္ဒရရွာ။
ရွာတွေ၏ အရှေ့ဘက်သို့ ထွက်လိုက်သည်နှင့် လေသာတောင်ခြေသို့ အင်တိုင်းတောနှင့် ကိုင်းတောများ တစ်ဆက်တစ်စပ်တည်းရှိနေသည်။ စေးပျစ်တောနှင့် သက်ငယ်တွေထူသည်။
ကနဦးမောင်းကြမည့်တောက ဂန္ဓမာ အရှေ့ဘက် သင်ပေါင်းပင်ကိုင်းတောဖြစ်သည်။
တစ်မျှော်တစ်ခေါ်ကြီး။ ကြောက ရှည်လျားသည်။ တောကို နှစ်ပိုင်းခွဲပြီး မောင်းကြမည်ဖြစ်၍ လေးသမားရော ခြောက်သမားများပါ သက်တောင့်သက်သာ မပင်ပန်းဘဲ မောင်းနိုင်သည်။
စောင့်၍ပစ်မည့် လေးသမားက သေနတ်ငါးလက်နှင့်မို့ ခြောက်သမားတွေအတွက် ဟာကွက်လစ်ကွက်မရှိ တစ်အားဖြစ်သည်။ တောကောင် နောက်သို့ ပြန်လှန်သွားလျင် အန္တရာယ်ကင်းအောင် ဘဘိုးရနှင့်အတူ ဝသုန္ဒရရဲကင်းစခန်းမှ ချစ်တင်က ဒသမ ၃ဝ၃ ရိုင်ဖယ်တစ်လက်နှင့် ပါဝင်မည်လည်းဖြစ်၏။
လေသည် တောတစ်ခွင်တွင် ငြိမ်သက်နေသည်။ လေငြိမ်နေသဖြင့် သစ်ရွက်ကလေးအချင်းချင်းပင် တိုးဝှေ့ ပွတ်သပ်ပြီး တီးတိုးစကားမဆိုကြ။
နေမွန်းလတ်မို့ နေကကျဲကျဲပူလျက်ရှိသည်။ လေးသမားငါးယောက်ကို သူ့စည်း ကိုယ့်စည်းခွဲခြား၍ နေရာချထားသည်။ လေးအဆုံးမှ မုဆိုးကိုဘသိန်း သူ့နေရာသို့ ရောက်ရှိသွားပုံရ၏။ ရွှီခနဲ လေချွန် သံတစ်ချက် ထွက်ပေါ်လာသည်။ လေးသမားများ အသင့်ဖြစ်ပြီဟု ကြေညာလိုက်သလိုပင်။
ခဏမျှအကြာတွင် ခြောက်သမားများထံမှ အသံအချို့ တိုးတိုးသဲ့သဲ့ စတင်ကြားလာရသည်။ ဝေးလံလှသော သင်ပေါင်းပင်ကိုင်းတောအစမှ စတင်မောင်းလာကြခြင်းဖြစ်၏။
တောခြောက်သမားများ၏ အသံက တဖြည်းဖြည်းနှင့် နီးလာသည်။ တောက သက်ငယ်တောမို့ သက်ငယ့်ပင်တွေကို နင်းလာရခြင်းဖြစ်သည်ကြောင့် သက်ငယ်ပင်များကို ကျော်နင်းဖြတ်သန်းလာခဲ့ရာတွင် ဖြိုးခနဲ ဖြောင်းခနဲ အသံတွေ ဆူဆူညံညံ ထွက်ပေါ်နေသည်။
ဟေးဟေး … ဟားဟား ဟိုနေရာအော်၊ သည်နေရာ ကဟစ်။
မုဆိုးတွေကမူ ကိုယ့်နေရာမှာကိုယ် မျက်ကွယ်ယူ လျက် သေနတ်ကို ကျည်ထိုးမောင်းတင်အသင့်ပြင်ထားကြသည်။ မျက်စိကိုဖွင့် နားကိုစွင့်ထားသည်။ သူတို့မျှော်လင့်ထားသည့် တောကောင်က အန္တရာယ်ကြီးသည့် တောကောင်ဖြစ်၏။ မုဆိုးတို့အဆိုအရ “ကျားနှင့်ရင်ဆိုင် တွေ့လျှင်နိုင်၊ သစ်နာရန်ဘက် တွေ့လျှင်ခက်” လို့ ဆိုရသည့် ကျားသစ်။
ကျားသစ်ဆိုသော သတ္တဝါက အလွန်ကောက်ကျစ်သည်။ ဉာဏ်လည်းများသည်။ ပရိယာယ်ကြွယ်ဝသည်။ ရက်စက်သည်။ သည်လိုတောကောင်မျိုးကို စောင့်ပစ်ရမည်မို့ သတိ ကြပ်ကြပ်ထားဖို့လိုပါသည်။
ကိုင်းတောအလယ်ဆီသို့ လူသံများ တစ်စတစ်စ ရောက်လာနေသည်။ ဝေါင်းခနဲ ဝေါင်းခနဲ အမဲလိုက်ခွေးအုပ်၏ အဆက်မပြတ်ဟောင်သံများ တဖြည်းဖြည်း ကျယ်လောင်လာသည်။ ကိုင်းတောအထက်မှ ဝှီးခနဲ ဝေါခနဲ ဖြတ်ကျော်လျက် တောကြက်များ အလန့်တကြား ပျံထွက်လာကြသည်။
ပြီးနောက် ကိုင်းပင်များပေါ်မှ နင်းကျော်လျက် ချေ တစ်ကောင် လေအဟုန်နှယ် ခုန်ကျော်ပြေးလွှားသွားသည်။ မုဆိုးများ အာရုံစိုက်နေသော တောကောင်က ကျားသစ်မို့ ပြေးထွက်သွားသော ချေကိုပစ်ဖို့ မည်သူမျှ စိတ်မကူးကြ။
ထို့နောက် အီခနဲ အုခနဲ ညံညံစီစီ ဟစ်အော်လျက် တောကောင်တစ်ချို့ ကိုင်းတောတွင်းမှ ထွက်လမ်းရှိရာသို့ ပြေးထွက်လာကြသည်။ ကိုင်းပင်များကား အလေးချိန်စီးသော တောကောင်များ တက်နင်းသွားသလို လေယူရာ ယိမ်းလာသလို အိကျလာနေသည်။
တောကောင်ကို မြင်လိုက်၍ပင်လား အသံကို ကြားရ၍ပဲလားမပြောတတ်။ တောခြောက် သမားများ အားတက်လျက် ‘ဝူးဟေ့’ ‘ဝူးဟ’ အော်သံများ၊ ဖြောင်းခနဲ ဖြောင်းခနဲ သစ်ပင်ကိုင်းပင်များကို လက်ရိုက်တုတ်နှင့် ရိုက်သံများလည်း ဆူညံနေသည်။ ခဏမျှအကြာတွင် ကိုင်းတောကို နင်းခြေလျက် တဝေါဝေါ၊ တဝုန်းဝုန်းမြည်အောင် ပြေးလွှားလာသံကို တစ်ခဏမျှ ကြားလိုက်ရပြီးနောက် ခပ်မွဲမွဲ သတ္တဝါတစ်အုပ် ပြေးထွက်လာသည်။
အစွယ်ဖြူဖြူကို ဝင့်လျက် ဇောင်းမွေးတွေ ထောင်နေပြီး မီးရထားခေါင်းတွဲ တစ်စီးလို ဝေါခနဲ့ လျင်မြန်စွာ ပြေးထွက်လာကြသည်။ တောဝက်များဖြစ်၏။
အချိန်လေးဆယ်မက ကြီးမားသော ဝက်ကြီးများ ဖြစ်သည်။ မိနစ်ဝက်ပင်မကြာလိုက်ပဲ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ လေးကောင်တိတိဖြစ်၏။
ကျားသစ်ကို ပစ်ရဖို့ မျှော်လင့်နေကြသဖြင့် ဝက်အုပ်
ကိုလည်း သည်အတိုင်းပင် လွှတ်ပေးလိုက်ရသည်။ တောဝက်နှစ်ကောင်လောက်ဆို ဒဟပ်တောသားတွေ အီနေအောင် ဝက်သားဟင်းစားရဖို့ ဖြစ်၏။ လွတ်သည့်ငါးကြီးသည် ဆိုသမို့လား။
ခြောက်သမားများ ချွေးတွေ သံတွေရွှဲ မောကြီးပန်းကြီး ဟောဟဲ ဟောဟဲနှင့် ထွက်လမ်းသို့ ပေါက်ချလာကြ၏။ မျှော်လင့်ထားသော တောကောင်က မထွက်ပေဘဲကိုး။
ဘယ်ထွက်ပါတော့မလဲ။ ကျားသစ်မရှိ၍သာ ချေတို့၊ တောဝက်တို့သည် ကိုင်းတောတွင်းမှာ ခိုနေသည်ပဲ မဟုတ်ပါလား။
စိတ်ပျက်လက်ပျက်နှင့် ကိုင်းတောအစ လွင်သာယာ မှာ အရိပ်ခိုကာ ခြောက်သမားများ နားနေကြလေသည်။
“ကိုင်း. . . တို့ရွာသားတွေ အမောပြေလောက်ပါပြီ။ အရှေ့ဘက်တော တစ်ချီတစ်လော မောင်းကြဦးစို့”
ဘဘိုးရက သူ့လူတွေကို ဆော်ဩသည်။ ဒဟပ် တောသားတွေကလည်း ညီကြ၏။ ဘဘိုးရနှင့်အတူ ပြိုင်တူထလိုက်ကြပြီး တောအစွန်းသို့ ထွက်ခွာသွားကြသည်။
သေနတ်သမားငါးယောက်ကလည်း ဘဘိုးရ ညွှန်ပြထားသည့် လေးများမှာ ကိုယ်စီသွားရောက် စောင့်ဆိုင်းကြသည်။ ကနဦးက ကဲ့သို့ပင် ကိုဘသိန်းက လေးအဆုံးသို့ ရောက်ရှိနေရာယူပြီးသည်နှင့် ရွှီခနဲ လေချွန်လိုက်လေသည်။
ခြောက်သမားများကလည် “ဝူးဟေ့ .. ဝူးဟေ့” ဝူးဟ .. ဝူးဟ” နှင့် တောမောင်းကြသည်။
ဖြောင်းခနဲ … ဖြောင်းခနဲ သစ်ပင် သစ်ကိုင်း ချုံပုတ်များကို တုတ်နှင့်ရိုက်သံများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“သည်တောက တောတောင်မထွက်ဘဲ ဟင်းစား ကောင်ထွက်လည်း ကျုပ်လူတွေ ဟင်းစားရအောင် ထွက်တဲ့ကောင် ပစ်ပေတော့ဗျာ”
တောစမခြောက်မီကပင် ဘဘိုးရက လေးသမား တွေကို စကားထည့်ထားခဲ့သည်မို့ သေနတ်သမားများ သေနတ်တပြင်ပြင် လုပ်နေသည်။ အစောတုန်းကလို တောဝက်အုပ်ထွက်လာလို့ကတော့ နှစ်ကောင်၊ သုံးကောင်တော့ လှဲပစ်လိုက်မည်ဟု စိတ်ကူးကြံစည်ထားကြလေသည်။
မကြာ မတင်မှာပင် ချိုးချိုးချောက်ချောက် အသံပြုလျက် ဖြူတစ်ကောင် လှုပ်လှုပ် လှုပ်လှုပ်နှင့် ပြေးထွက်လာသည်။
ရန်သူကိုရင်ဆိုင်တိုက်ခိုက်ဖို့ သင်းက ခန္ဓာကိုယ်ပေါ်တွင်ရှိသော သဘာဝက ပေးအပ်ထားသည့် ဖြူစူးများကို ထောင်ထားသဖြင့် တချိုးချိုး တချောက်ချောက်မြည်သံ ထွက်ပေါ်နေခြင်းဖြစ်၏။
ခဏအကြာမှာ ဖြူကောင် မြင်ကွင်းမှ ပျောက်သွားလေသည်။
ခြောက်သမားမား၏ “တဟေးဟေး” အသံတွေ နီးလာသည်။
တုတ်ရိုက်သံများလည်း ပိုမိုကျယ်လောင်လာသည်။ ရုတ်တရက် တောခြောက်သမားတစ်ဦး၏ ကျယ်ကျယ် လောင်လောင် အော်သံတစ်ခုကို ကြားလိုက်ရသည်။
“ဆတ်ဗျို့ . . . ဆတ်ပေါက် . . . လာနေပြီ”
ခွေးအုပ်က တဝေါင်းဝေါင်း ဟောင်သံပြုသည်။ ခြောက်သမားများ၏ “ဟေး . .” ဟစ်သံ ပိုကျယ်လောင်လာသည်။
သစ်ပင်ချုံပုတ်များကို လက်ရိုက်တုတ်ဖြင့် ဗုန်းခနဲ ဗုန်းခနဲ ရိုက်သံများလည်း ညံနေသည်။
သက်ငယ်ပင်များ လေယူရာယိမ်းလာသလို လှုပ်ရှားယိမ်းယိုင်လာပြီးနောက် ခပ်မည်းမည်း ဆတ်တစ်ကောင် ခြောက်စထောင်ချိုကားကြီး တဝင့်ဝင့်နှင့် ထွက်လမ်းသို့ ပြေးထွက်လာသည်။
လေးအစမှာ ကိုတင့်ဆွေ ရှိနေသည်။ သူ့ကို ကျော်လာလျှင် စာရေးကြီး ဦးဖေမောင် ရှိနေသည်။ သည်လူနှစ်ယောက်စလုံးကိုင်စွဲထားသော သေနတ်တွေက နှစ်လုံးပြူးတွေသာဖြစ်သည်။
ဘယ့်နှယ်ကြောင့် သည်မုဆိုးတွေ ဆတ်ကို မပစ်လိုက်ကြပါလိမ့်။ ကျွန်တော့်စိတ်အတွေးထဲမှာ မေးခွန်းထုတ်နေမိသည်။
စိတ်တွင်းက အဖြေထုတ်၍မျှ မပြီးသေးမီ ဒိုင်းခနဲ ဒိုင်းခနဲ သေနတ်သံနှစ်ချက် ဆက်တိုက်ကြားလိုက်ရ၏။ ခြောက်သမားများထံကလည်း ဟေးခနဲ ဟားခနဲ ဟစ်သံတွေဆူညံလာသည်။ ခဏအကြာတွင်မူ ရွာသားများ၏ တပျော်တပါး အော်ဟစ်လိုက်သံကို ကြားရလေသည်။
“ဆတ် . . . ဆတ် . . . ဆတ်ပေါက် လဲနေပြီ”
“ဘဘိုးရ ဒီကိုလာပါဗျို့ . . . ဒီကို။ ကိုမြသောင်း ဆတ်ကြီးလှဲထားပြီ”
တောနှစ်တော မောင်းပြီးချိန်မှာ ဆည်းဆာ၏ လိမ္မော်ရောင်အလင်းတန်းများ ဝန်းကျင်တွင် ဖြန့်ကျက်လျက် ရှိနေချေပြီ။ တောကောင်ပစ်၍ ထွက်ပေါ်လာသော သေနတ်သံနှင့် ခြောက်သမားများ၏ ဆူသံညံသံများကြောင့် ကျွန်တော်တို့ ရည်မှန်းရာတောကောင် သည်တစ်ဝိုက်တွင် ခိုနေဝံ့တော့မည် မထင်ပေ။
“ဘယ့်နှယ်လဲ ဘဘိုးရ။ နောက်တစ်တောဆက်ဖို့ အချိန်မရှိတော့ဘူးနဲ့တူတယ်”
ကျွန်တော် အဘိုးကြီးအား မေးလိုက်မိ၏။
“ဟုတ်တယ် မုဆိုးရေ . . ကနေ့တော့ ဆက်မောင်းဖို့ မဖြစ်တော့ဘူးလေ။ ခဏနေ မှောင်လာတော့မှာ။ ရွာကိုပဲ ပြန်ကြတာပေါ့။ မနက်ဖြန်မနက်စောစော ထွက်လာပြီး ဂန္ဓမာနဲ့ လျှော်ပင်မြောက်တောကို မောင်းကြည့်ကြမယ်လေ။ ကိုင်း သာဟန်နဲ့ ထွန်းမှင်တို့နှစ်ယောက် ရွာပြန်ပြီး လှည်းယူလာခဲ့ကြ။ ကိုမြသောင်းလှဲထားတဲ့ ဆတ် တင်သွားရအောင်”
ဆတ်ပေါက်က ခြောက်စထောင် ချိုမကားသေးသည့် ဆတ်ဖြစ်သည်။ ဆတ်ဖားကြီး လားလားမမြောက်သေး။ အချိန်လေးဆယ်ကျော်တော့ ရှိလိမ့်မည်။
ဆတ်ဝင်ခိုနေသည့်တောမို့ ကျားသစ်မရှိသည်က သဘာဝကျသည်။ တောသုံးတော မောင်းပြီးသည့်တိုင် အန္တရာယ်ကောင်ကို မတွေ့ရသေးချေ။ ဘယ်တော ဘယ်ချောင်တွင် ခိုနေသည်မသိ။ မနက် ဖြန်တော့ သေချာပေါက် တွေ့ ရနိုင်သည်ဟု ဘဘိုးရက ရဲရဲ ဝံ့ဝံ့ အာမခံသည်။ ဒီအဘိုးကြီးနှယ်။ တစ်ပွဲစားကြီး ကျနေတာပဲ။ ရဲရဲဝံ့ဝံ့ အာမခံလို့။ ကျွန်တော် ကိုဘသိန်းကို မနေနိုင်ဘဲ ရင်ဖွင့်လိုက်မိသည်။
“မုဆိုးကလဲ . . . . ဘဘိုးရက ဒီတောဒီတောင်တွေ ကို အိမ်ရှေ့ခပြင်လောက် သဘောထားတာ။ သူ ခန့်မှန်းလို့ ဘယ်တုန်းကများ လွဲခဲ့ဘူးလို့လဲ”
ကိုဘသိန်းက ငါးခူပြုံးကလေးပြုံးပြီး ပြန်ပြောလေ
သည်။
စင်စစ် ဒဟပ်တောသား မုဆိုးကြီး ဘဘိုးရသည် ဒေသတစ်ခွင်တွင် ကျင်လည်ကျက်စားသည့် တောသားကြီး စစ်စစ်ဖြစ်ပါသည်။ ဂန္ဓမာ၊ လျှော်ပင်၊ ညောင်ပင်သာ၊ ထိန်တော၊ မင်းကန်ဘုတ်၊ ဝသုန္ဒရ အစရှိသော ရွာများအပြင် ဝန်းကျင်ပတ်ချာ တောင်ကုန်း၊ ရေကန် နေရာလပ်မကျန်အောင် ခြေမချခဲ့ဖူးသည့် နေရာမရှိ၊ နှံ့စပ်ရောက်ရှိခဲ့ပြီး ဖြစ်သည်။
လူမှန်းသိတတ်စ ငယ်ရွယ်စဉ် ကိုးနှစ်ဆယ်နှစ် သားဘဝမှ ယခု အသက်ငါးဆယ်အထိ သည်အရပ် သည်ဒေသကို ကိုယ့်လက်ဖဝါးကို ကိုယ်ပြန်ကြည့်သလို ကျွမ်းကျင်သိရှိနေသူဖြစ်သည်။
တော၏သဘာဝ တောကောင်တို့၏ အလေ့အထကိုလည်း သိရှိနားလည်ပြီး ဖြစ်ပါသည်။ ကိုဘသိန်း ပြောသလိုပင် ဒီအဘိုးကြီး ခန့်မှန်းရင် ဘယ်တုန်း ကများ လွဲခဲ့ဖူးလို့လဲတဲ့။ မှန်မမှန်ကို မနက်ဖန်ဆိုလျှင် သိရ တော့မည်ပဲလေ။
ဒဟပ်တောရွာ ဘဘိုးရတို့အိမ်ဝိုင်းအတွင်း အိမ်ရှေ့ ကနားဖျင်းအောက်တွင် အဖန်ရည်ကျကျနှင့် လတ်ဆတ်သော ဆတ်သားကြော်ကိုဝါးရင်း ညစာကို စောင့်ကြသည်။ ခြောက်သမားရွာသားတွေလည်း ဘဘိုးရက တောကောင်သား စို့စို့ပို့ပို့ ကိုယ်စီဝေငှပေးလိုက်ပြီးဖြစ်၍ ဝမ်းပန်းတသာ ကျေကျေနပ်နပ် ပြန်သွားကြသည်။
မောင်လှိုင်တို့လင်မယားက ထမင်းပြင်ပြီးသည့်အကြောင်း လာပြောသဖြင့် ဘဘိုးရ၏ အိမ်ရှေ့ခန်းသို့ တက်လာခဲ့ကြ၏။ တပင်တပန်း သွားပြန် ခဲ့ကြရသည့်အတွက် မောပန်းဆာလောင်လျက်လည်း ရှိကြသည်။
ဆတ်ဝမ်းတွင်းသားကို ဆီပြန်ချက်ထားသည်။ ဒူးဆစ်ရိုးကို စွပ်ပြုတ်လုပ်ထားသည်။ မိုးခိုသားကို ကြွပ်ရွနေအောင် ကြော်ထားသည်။ ငရုတ်သီးဆားထောင်းနှင့် ထမင်းမြိန်လှသည်။
ကျေးလက်၏အလှ၊ ကျေးလက်၏ညသည် မြို့ပြသားတို့အား ညှို့ယူဖမ်းစားထားလိုက်သည်လား မပြောတတ်နိုင်။
ချိုးကလေးတစ်ကောင် လွမ်းမောဖွယ်ကူနေသည်။ နေ့သစ်ကို ကြိုဆိုနေသည့်အလားပင်။ ကျွန်တော်တို့တစ်တွေ အားလုံး လန်းဆန်းတက်ကြွနေသည်။ ယမန်နေ့က တောမောင်းခဲ့ရာ ဆတ်ပေါက်တစ်ကောင်ရခဲ့သည်။ ယနေ့ မောင်းမည့်တောများတွင် ကျွန်တော်တို့ ရည်မှန်းရာတောကောင် သေချာပေါက် တွေ့နိုင်သည်ဟု ဘဘိုးရက ဆိုထားသည်။
နံနက်ခင်းစာကို ကောက်ညှင်းငချိပ်ပေါင်းနှမ်းထောင်းနှင့် ဆတ်သားကြော်တို့ဖြင့် တစ်ဝကြီးစားပစ်လိုက်ကြသည်။ တောသို့ဝင်စတွင် တောကြက်တစ်ကောင်နှစ်ကောင် တွန်သံကို ကြားလိုက်ရသည်။ လေပြည်ညင်းကလေးက မုဆိုးတစ်သိုက် ကြားမှ ဖြတ်ပြေးသွားသည်။
ကျွန်တော်တို့ အနောက်ဘက်တွင်ကျန်ခဲ့သော ဂန္ဓမာရွာဆီမှ မီးခိုးတန်းများကို ပျပျမျှ မြင်တွေ့ရသေးသည်။ လျှော်ပင်ရွာသည်လည်း လက်ဝဲယွန်းယွန်းတွင် အတော်အတန် ဝေးကွာစွာ ကျန်ရစ်ပြီး တောက စေးပျစ်ချုံနွယ် ထူထပ်သည်။ သစ်ပင်ကြီးများ မကျဲမပါး ရှိသည်။ မြင်ကွင်းက ရှင်းရှင်းလင်းလင်းမရှိ။ သက်ငယ်တောလို မလင်း။
အမှောင်ရိပ်တစ်ဝက် အလင်းကွက်တစ်ကွက်မို့ လေးသမားများ မျက်စိရှင်ရှင်ထားဖို့ ဘဘိုးရက သတိပေးသည်။ သားကောင်နှင့် ခြောက်သမားသေချာစွာ ခွဲခြားဖို့ မှာသည်။ မနေ့ကကဲ့သို့ပင် လေးသမားများအား စည်းခွဲခြားပေးသည်။
ခြောက်သမားများကိုလည်း အန္တရာယ်ကောင်က ကောက်ကျစ်ကြမ်းကြုတ်ရက်စက်သည့် တောကောင်မို့ သတိ ဝီရိယရှိဖို့ မပေါ့ဆဖို့ အတန်တန်မှာသည်။ ဝသုန္ဒရရဲကင်းစခန်းမှ သူ့တူ ရဲတပ်ကြပ်ချစ်တင်က ရိုင်ဖယ်တစ်လက်နှင့်အတူ ဘဘိုးရနှင့် အတူတကွ ခြောက်သမားအဖွဲ့နှင့် ယှဉ်တွဲလိုက်ပါမည်ဖြစ်၍ ရဲရဲဝံ့ဝံ့ တောမောင်းကြဖို့ ဆော်ဩသည်။
လေးအဆုံးမှ ကိုဘသိန်း၏ လေချွန်သံ ရွှီခနဲ ပေါ် ထွက်လာသည့်အချိန်တွင် ခြောက်သမားများထံမှ ဟေးဟေး ဟားဟား တောမောင်းသံများလည်း သဲ့သဲ့ကြားရသည်။
လေးသမားများ မျှော်လင့်တကြီးနှင့် ရင်တဖိုဖို ရှိနေ သလို ခြောက်အမားများကလည်း စိုးရိမ်ကြောင့်ကြ ရင်တမမဖြင့် တောမောင်းနေကြသည်။
သူတို့ မောင်းထုတ်သည့် တောကောင်က ကျားသစ်ဖြစ်သည်။ သည်တောကောင်မျိုးက လူကို မကြောက်တတ်။ ရန်သူသဖွယ် အသေအကြေ တိုက်ခိုက် တတ်သည့် သတ္တဝါ။ ထို့ကြောင့်ပင် ခြောက်သမားများ ရင်ဘောင်တန်းလျက် ထွက်လမ်းသို့ တောကောင်များကို မောင်းထုတ်နေကြသည်။
သားကောင်ငယ်ကလေးများ ပုန်းချုံများအတွင်းမှ အလန့်တကြား ထွက်ပြေးသွားကြသည်။
တောကြက်ဖတစ်ကောင် ကြက်မ သုံးလေးကောင် တောင်ပံခတ်သံ တဝှီးဝှီးဖြင့် ဒရောသောပါး ပျံသန်းသွားသည်။
ချုံပုတ်များကို တုတ်နှင့် တစ်ဖုန်းဖုန်းမြည်အောင် ခြောက်သမားများက လက်ဆပြင်းပြင်းနှင့် ရိုက်ကြသဖြင့် တောက ညံစီနေသည်။
လှဒင်၏ ခွေးများကလည်း ခြောက်သမားများရှေ့
မှနေ၍ တရှူးရှူး အနံ့ခံကာ ပြေးနေသည်။ သားကောင်တွေ့လျှင်မူ မာန်ဖီကာ တဝေါင်းဝေါင်းဟောင်လျက် မိရာ ရရာကို ကိုက်ဆွဲဟပ်ပစ်လိုက်မည်မှာ မုချဖြစ်သည်။
မကြာ မတင်မှာ တောကောင်များ ထွက်လာတော့မည်ဖြစ်၍ မုဆိုးများ အမဲပစ်သေနတ်များ ကျည်ထိုးမောင်းတင် အသင့်ပြင်ထားသည်။ လုံခြုံရေးခလုတ်ကိုပိတ်လျှက် ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေကြသည်။
သည်တောက လင်းတစ်ကွက် မှောင်တစ်ဝက်ဖြစ်သည့်အပြင် မြင်ကွင်းအနည်းငယ်ရှုပ်သော တောဖြစ်၍ မုဆိုးများ အပေါ်စီးမှမြင်နိုင်အောင် သစ်ပင်ရှာ၍ နေရာယူကြသည်။
လက်ခုပ်တစ်ဖောင် နှစ်ဖောင် မရှိတရှိအမြင့်တွင် ခွဆုံရှိသော အပင်တစ်ပင် တွေ့ရသဖြင့် သေနတ်ကိုလွယ်ကာ တက်ရောက်နေရာယူလိုက်ရ၏။ အမြင့် မှဆည်း၍ ကြည့်ရသဖြင့် မြင်ကွင်းက ကျယ်သွားသည်။ လှုပ်ရှားမှုတွေမှန်သမျှ မလွတ်တမ်း မြင်နိုင်သည်။
ခြောက်သမားများ၏ တောမောင်းသံများ တဖြည်း ဖြည်း ကျယ်လောင်လာသည်။ သားကောင်ရှိ၍ ထွက်လမ်းသို့ ပြေးလာလျှင် တွေ့ နိုင် မြင်နိုင်လောက်ပြီ။ တောကြက်တစ်အုပ် ရစ်ငှက်တစ်စုံ ရှဉ့်ငပေါတစ်ကောင်သာ ထွက်လမ်းသို့ ပြေးထွက်လာသည်။
ချေ(ဂျီ)၊ ဒရယ် တစ်ကောင်မျှမရှိ။
သို့ဆိုလျှင် သားစားတောကောင် တစ်ကောင်ကောင်တော့ ရှိနေလောက်ပြီ။ တောကောင်ငယ်များ ကြောက်လန့်ရသော တောကောင်ကား မည်သို့သော သတ္တဝါပါလိမ့်။
အတွေးမျှမဆုံးသေးမီ ဒိုင်းခနဲ သေနတ်သံတစ်ချက် ကြားလိုက်ရ၏ လေးအစမှ ကိုမြသောင်းဆီက ဖြစ်နိုင်သည်။ (၃ဝ-ဝ၆)အမဲပစ်ရိုင်ဖယ်သေနတ်သံ။ သံရှည်ဖြစ်သည်။
သားကောင်ကို ထိမှန်သည့် သေနတ်သံသည် တို၍ပြတ်သည်။ ယခု ထိမှန်ပုံမရ။
ခဏအကြာတွင် ဝေါင်းခနဲ မတိုးမကျယ် ဟိန်းလိုက်သံကို ကြားလိုက်ရပြီးနောက် ခြောက်သမားများဆီမှ ငယ်သံပါအောင် ကြောက်လန့်တကြား အော်ဟစ်သံကို ကြားရသည်။
“လိုက်ဟေ့ . . . လိုက်ဟ၊ သစ်ဟေ့ … သစ်။
ထွန်းရှင်ကို ကုတ်သွားပြီ”
ခြောက်သမားများ၏ အသံတွေ ဆူညံသွားသည်။ သစ်ပင်ခွဆုံတွင်ထိုင်လျက် ရှေ့မြင်ကွင်းကို သတိထားကြည့်နေမိသော ကျွန်တော်၏ရှေ့ ဝါးတစ်ပြန်လောက် ပိစပ်ချုံ တစ်ချုံ၏ဘေးမှ ကပ်လျက် ခပ်မည်းမည်းတောကောင်တစ်ကောင် ထွက်လမ်းသို့ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ သေနတ်ကို ပခုံးပေါ်သို့ လျှောက်တင်လိုက်ဖို့ပင် အချိန်မရလိုက်။ လှစ်ခနဲသာ တွေ့မြင်လိုက်ရပြီး မြင်ကွင်းမှ ပျောက်သွားသည်။ လေးအဆုံးမှ ကိုဘသိန်းလည်း ပစ်လိုက်ရဟန်မတူ။ ခြောက်သမားများ အသံငြိမ်သွားပြီး မကြာမီ ဘဘိုးရ၏အသံ ကြားရ၏။
“ထွန်းရှင် သစ်ကုတ်ခံရလို့ ဆေးရုံပို့ရအောင် ဒီကို လာစုကြဟေ့”
ရွာသားများအား လှမ်းအော်ပြောကြားနေသည်။ ကျွန်တော်တို့ ထွန်းရှင်အား ရွာသားများ ဝိုင်းဝန်းပြုစုနေရာသို့ ရောက်သွားချိန်တွင် ကိုမြသောင်း၊ ဦးဖေရှင်နှင့် ကိုတင့်ဆွေတို့ပါ ရောက်နေကြပြီ။
“သစ်လေ . . သစ်၊ ကျွန်တော်တို့ဘက် လျှိုထွက် လာတာ မြင်လိုက်တယ်။ ခြောက်သမားတွေ ရှေ့က ကပ်လျက်ပဲ။ ကြည့်ရတာ အသာခိုပြီး လျှိုနေတာ။ တောမောင်းတဲ့လူတွေ အရမ်းနီးလာတော့မှ ထွက်တာနေမှာ။ ခုန်အထွက်မှာ ပစ်လိုက်တာ။ နောက်ပိုင်းနည်းနည်း ရောက်သွားတယ်နဲ့ တူတယ်။ တုန့်ခနဲ တစ်ချက်တော့ ဖြစ်သွားတယ်။ ပြီး ပြေးထွက်သွားတာ မြန်လွန်းလို့ နောက်တစ်ချက် ထပ်ပစ်ဖို့ တောင် အချိန်မရလိုက်ဘူး”
ကိုမြသောင်း၏ စကားသံ ဟောင်ဖွာဟောင်ဖွာနှင့် ပြောနေသည်ကို မြင်ရသည်။
“ထွန်းရှင်ကို သစ်က နောက်ကြောင်းပြန်လှည့်ဖို့အလုပ်မှာ မြင်လို့ ကုတ်သွားတာ။ နောက်က ခြောက်သမားတွေ ထပ်ကြပ်ပါလာလို့ ထွက်လမ်းကို ပြန်လှည့်ပြီး ဒရကြမ်းပြေးသွားတာ။ နို့မို့များတော့ ထွန်းရှင့်အသေပဲ။ ခုတောင် ပခုံးမှာရော ကျောမှာပါ အလွှားအလွှား ကွာသွားတာပဲ။ အရေတွေ ကွာကျနေတာ သခွားသီးခြစ်ထားတဲ့ အတိုင်းပဲ။ ထွန်းမှင်ရေ မျောခုတ်ကွာ။ သာတန်နဲ့ စောင်ပုခက်လုပ်ကြ။ အမြန်ထမ်းသွားကြရအောင်”
ဘဘိုးရက အလောတကြီး စီစဉ်နေသည်။ တော ကောင်ကို လှန့်ထုတ်လိုက်သလို ဖြစ်သွားပြီမို့ ယနေ့တောဆက်ခြောက်လျှင်လည်း အချည်းနှီးဖြစ်ချိမ့်မည်။
“ကိုင်း ဘိုးရ . . . ကျွန်တော်နဲ့ ကိုဘသိန်း တောကောင်နောက် ဆက်လိုက်ချင်တယ်ဗျာ။ အမှတ်ကလေး ဘာကလေး ကျန်ခဲ့သလား နည်းနည်းရှာကြည့်ပါဦး။ ကိုမြသောင်းပြောတော့ တစ်ချက် တုန့်ခနဲ ဖြစ်သွားတယ်လို့ သိရတယ်။ သွေးစတို့ ဖြတ်မွေးတို့ ကြည့်ကြည့်ပါဦး”
ကျွန်တော် ဘဘိုးရအား ဆွေးနွေးကြည့်လိုက်၏။ စင်စစ် သားကောင်နောက် လောလောလတ်လတ် ဆက်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။
ကိုမြသောင်းကိုင်ဆောင်သော အမဲပစ်သေနတ်က ၃၀-၀၆ စပရင်းဖီးလ်ရိုင်ဖယ်ဖြစ်သည်။ အလွန်တိကျသေချာအောင် ပစ်ခတ်နိုင်သော အမဲပစ်သေနတ်ဖြစ်၏။ ကျားသစ်ကို မြင်လိုက်ရသဖြင့် ချိန် … လိုက်ချိန် … ပစ် ။ ပစ်လိုက်ခြင်းဖြစ်သည်။
လှုပ်ရှားပစ်မှတ် ဖြစ်စေကာမူ အလေ့အကျင့်ရှိပြီး မုဆိုးများအဖို့ ရွေ့လျားပစ်မှတ်ကို ပစ်ခတ်ရခြင်းကား အခက်အခဲမရှိလှ။ လုံးလုံးကြီး လွဲချော်သွားခြင်းကား မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ သေကွင်းမထိမှန်သည့်တိုင် ဒဏ်ရာရသွားအောင်တော့ သေချာပေါက် ထိမှန်နိုင်မည် ဖြစ်ပါသည်။
ဘဘိုးရက လှဒင်အား ဒဏ်ရာရထားသော ထွန်းရှင်ကို စောင်ပုခက်နှင့် ထမ်း၍ ဝသုန္ဒရကျေးရွာ ဆေးပေးခန်းသို့ အမြန်သွားရောက်ပို့ဆောင်ဖို့ တာဝန်ပေးလိုက်၏။ ရွာသားများကိုလည်း ရွာသို့ပြန်ကြရန် မှာကြားလိုက်သည်။
ကိုမြသန်း ကျားသစ်ကို ပစ်ခတ်လိုက်သော ပစ်ကျင်းသို့ သွားရောက်၍ စေ့စေ့စပ်စပ် ရှာဖွေကြည့်လိုက်သည့်အခါ နဘူးချုံတစ်ချုံ၏ အရွက်များပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးစက်အချို့ တွေ့လိုက်ရ၏။
တောကောင်တိုက်သွား၍ ပေကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ရင်စို့ခန့် အမြင့်ရှိ သစ်ရွက်များတွင် တင်ကျန်ခဲ့သော သွေးစက်များဖြစ်၏။ ကိုမြသောင်း ပစ်လိုက်၍ ဒဏ်ရာရသွားသည့် ကျားသစ် လန့်ခုန်ခုန်လိုက်ရာတွင် တိုက်မိပေကျန်ခဲ့သော အမှတ်များပင်။
သစ်ရွက်ပေါ် တွင် တင်ကျန်ခဲ့သည့် သွေးစက်များက ခပ်ကျဲကျဲ ဖြစ်၏။ နှလုံးကို ထိမှန်ပုံမရ။ နှလုံးကိုမှန်လျှင် သွေးက ပျစ်နေတတ်တယ်။ ကျဲနေသောကြောင့် ကျားသစ်၏ ခန္ဓာကိုယ် တစ်နေရာရာကို ထိမှန်ပုံရသည်။
သည်အတိုင်းဆို ကျားသစ် အနာတရဖြစ်သွားပြီ။ ရှေ့သို့ ဆက်ရှာသည့်အခါတွင်လည်း အမှတ်များကို တွေ့မြင်ရသည်။ မွန်းတည့်နေ၏ အပူရှိန်ကြောင့် ဒဏ်ရာမှ သွေးများ အတော်အတန် ထွက်နေဟန်တူသည်။ အင်ပင် ပင်စည်ပေါ်မှာ၊ သန်းပင် ပင်စည်ပေါ်မှာ၊ ပိစပ်ချုံ ပေါ်မှာ။ ကျွန်တော်တို့ သွေးစက်များ တွေ့ ရသည့်လမ်းကြောင်းအတိုင်း သတိကြီးစွာထား၍ လိုက်သွားသည်။
ရွာသို့ ပြန်သွားကြသည့် ရွာသားများအသံပင် စိုးစိ
မျှ မကြားရတော့။ ဂန္ဓမာရွာကိုပင် လွန်သွားလောက်ပြီထင်၏။ လုံးဝဥဿုံ ဆိတ်ငြိမ်နေသည်။ လူသူ တိရစ္ဆာန် တစ်စုံတစ်ဦး၊ တစ်ကောင်တစ်မြီးမှ ရှိမနေသည့် အသွင်ဖြစ်သည်။
“ကိုရင်တို့ သတိတော့ ထားနော။ တောကောင်တွေရဲ့ အထာကို သိပြီးသားပဲ။ တောကောင်ဆိုတာ လာလမ်းဘက် ပြန်လှည့်ကြည့်နေတတ်တယ်။ သူ့ကို နာအောင်လုပ်လိုက်တဲ့ မုဆိုးကို ပြန်ပြီး လက်စားချေဖို့ပဲ။ သစ်နာရန်ဘက် တွေ့ရင်ခက်တဲ့။ ဒီကောင် သွေးတွေလည်း ထွက်ထားတော့ တစ်ချိုးတည်း ရှောင်ထွက်ပြေးမယ့်ပုံ မပေါ်ဘူး။ တစ်ထောက် တစ်ထောက် ခိုနားပြီးမှ သွားမှာ သေချာတယ်”
ဘဘိုးရက ကျွန်တော်တို့အား ရှင်းပြသည်။ အမှတ်များကို ကျွန်တော်တို့ ရှာရင်း လိုက်ရင်းနှင့် အင်တိုင်းတောသို့ ရောက်လာကြ၏။
အင်ပင်ပေါက်များ ဟိုတစ်ပင် သည်တစ်ပင် မစိပ်မကျဲ ပေါက်နေသည်။ ချုံတွေ ပါးသွားသည်။ ထို့အတွက် မြင်ကွင်းက အတော်အတန် ရှင်းသွားသည်။ အမှတ်များလည်း ရှာမတွေ့တော့။ မြေက မာနေ ၍တစ်ကြောင်း၊ ကျားသစ်လို သားကောင်မျိုးက ခြေဖဝါးပျော့သော သတ္တဝါမို့ ခြေရာမထင်နိုင်သဖြင့်တစ်ကြောင်း အခက်အခဲ တွေ့လာကြရ၏။
ခြေရာပျောက်သွားလျှင် အန္တရာယ်က ပိုကြီးသည်။ လျှော်ပင်အရှေ့မြောက်ကြောပေါ်သို့ သူတို့ ရောက်လာသည်အထိ ကျားသစ်၏ အမှတ်များကို မမြင်ကြရသေးချေ။ ညနေစောင်းချိန်မို့ နေရောင် အလင်းတန်းများ တောအတွင်းပိုင်းအထိ တိုးဝင်လျက်ရှိသည်။
ပတ်ဝန်းကျင်ကို လင်းလင်းချင်းချင်း မြင်ရသည်။ အင်ပင်များက လူတစ်ကိုယ်စာ၊ အချို့ တစ်ဖက်စာ ကြီးမားသော တောဖြစ်သည်။ ချုံများမှု ကျဲပါးသွားပြီး တစ်ချုံ နှစ်ချုံသာ မြင်တွေ့နိုင်တော့၏။
ဘဘိုးရက ဒသမ (၃၀၃) ရိုင်ဖယ်ဖြင့်လည်းကောင်းကျွန်တော်က (၃၇၅)မက်ဂနမ်ရိုင်ဖယ်ဖြင့်လည်း ကောင်း ကိုဘသိန်းက သုံးဆယ့်နှစ်လက်မ ပြောင်းရှည်နှစ်ဘက်ချုပ် ရန်ကြီးအောင်နှစ်လုံးပြုးဖြင့်လည်းကောင်း အသင့်အနေအထား ကိုင်စွဲလျက် ဒဏ်ရာရ သားကောင်နောက်သို့ လိုက်နေကြသည်။
ကျေးငှက်သံများ လုံးဝတိတ်ဆိတ်နေသည်။ ယုတ်စွ ကြက်တွန်သံပင် မကြားရ။ တောငြိမ်နေပုံ ထောက်ချင့်၍ တောကောင် သည်တစ်ဝိုက်တွင် ခိုအောင်း နေမည်မှာ သေချာလှ၏။ တောကောင်ငယ်များ ကြောက်ရွံ့ရသည့် တောကောင်ကြီး ရှိနေသည်မဟုတ်လား။
ဘဘိုးရသည် ပေါင်လုံးသာသာခန့် ဒဟပ်ပင်တစ် ပင်အခြေသို့ ငုံ့ကြည့်စူးစမ်းနေသည်။ ထူးခြားချက်တစ်စုံတစ်ခုကို သူတွေ့မြင်မိပုံရသည်။
ကျွန်တော်က ဘဘိုးရအနီးသို့ ချဉ်းကပ်သွားရန် ခြေလှမ်းလိုက်သည်။ ကိုဘသိန်းကလည်း ကျွန်တော်၏ နောက်ဘက်သုံးလေးလှမ်းအကွာတွင် လိုက်ပါ
လာရာက ကျွန်တော့်နောက်သို့ ဆက်လိုက်ဖို့ ခြေလှမ်းလိုက်သည်။
ရုတ်တရက် ဝေါင်းခနဲ သားရဲတစ်တောင်၏ မာန် သွင်း၍ ဟိန်းသံတစ်ချက် ကြားလိုက်ရပြီး ဘိုးရငုံ့ကြည့်နေရာ အင်ပင်၏ လက်ဝဲယွန်းယွန်းရှိ အင်ပင်တစ်ပင်နောက်မှ မည်းမည်းအကောင်တစ်ကောင် ခုန်ထွက်လာသည်။
ဘဘိုးရကား ဝါရင့်မုဆိုးကြီးဖြစ်ကြောင်း သူ့လုပ်ရပ်က သက်သေပြလိုက်၏။ ‘ဝေါင်း’ခနဲ သားရဲကောင်၏ ဟိန်းသံကြားလိုက်ရသည်နှင့် တစ်ပြိုင်နက်တည်း သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်အလား ခန္ဓာကိုယ်ကို ဆတ်ခနဲ ခါးဆန့်ရပ်လိုက်သည်။
ကျည်ထိုးမောင်းတင် အသင့်ပြင်ကာ ကိုင်ဆွဲထား သော ဒသမ (၃၀၃) ရိုင်ဖယ်ကို မည်းခနဲ ခုန်ဝင်လာသော သားကောင်ဆီသို့ ပြောင်းထိုးချိန်လိုက်ပြီး တစ်စက္ကန့် နှစ်စက္ကန့် မျှပင် တုန့်ဆိုင်းခြင်းမရှိ၊ ဒိုင်းခနဲ ပစ်ထည့်လိုက်၏။
ဘဘိုးရ၏ လှုပ်ရှားမှုသည် အသက်အရွယ်နှင့် မလိုက်ဖက်အောင်ပင် မြန်ဆန်သည်။ သာမန်မုဆိုးငယ်များ သူ့လို မြန်ဆန်တုံ့ပြန်နိုင်လိမ့်မည် မထင်ပါ။ သို့ပင်ဖြစ်စေကာ လက်မတင်ကလေး နောက်ကျသွားသည်။
မုဆိုးပစ်ခတ်၍ ဒဏ်ရာရထားသော သစ်နာသည် နာကျင်၍ ဒေါသထွက်နေသည်။ ပင်ကိုယ်ကပင် ရက်စက်ကြမ်းကြုတ်လှသည့်ဘသားစားသတ္တဝါ ထိမှန်ဒဏ်ရာရထားသည့်အခါ ပို၍ခက်ထန်ကြမ်းကြုတ်နေသည်။
သူ့ကို သုတ်သင်မည့်မုဆိုးကို ရင်ဆိုင်ဖို့ အသင့်ပြင် စောင့်ဆိုင်းချောင်းမြောင်းနေသည်။ တွေ့လည်း တွေ့ရော။ စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းခြင်းမရှိ။ ပုန်းကွယ်နေရာမှ ခုန်အုပ်သည်။ မုဆိုးက တုံ့ပြန်ပစ်ခတ်လိမ့်မည်ကိုလည်း သဘာဝအသိဉာဏ်ဖြင့် သိရှိနားလည်ပြီး ဖြစ်ချိမ့်မည်။
ဘဘိုးရ၏ သေနတ်ပြောင်း သူ့ဆီအလှည့်မှာ ခန္ဓာကိုယ်ကို လူးလွန့်ရှောင်တိမ်းပစ်လိုက်သည်။ ထို့ကြောင့် ဘဘိုးရ ပစ်ခတ်လိုက်သည့်သေနတ်မှ ကျည်ဖူးက သူ့ကို မထိမှန်ချေ။
သို့သော် ကျားသစ်၏ ထက်မြသော လက်သဲများကမူ ဘဘိုးရ၏ လက်ဝဲပခုံးသားများကို အမြှောင်းလိုက် ကွာကျအောင် ဆွဲခွာသွားသည်။
“အား ..”
ဘဘိုးရ နာကျင်လွန်း၍ အာမေဋိတ်သံကျယ်ကျယ် လောင်လောင် ပေါ်ထွက်သွားသည်။ ကျားသစ်သည် ဘဘိုးရ၏ ပခုံးသားကို လက်သဲဖြင့် ကုပ်ခြစ်သွားပြီးသည်နှင့် တစ်ချိန်တည်းမှာပင် ကျွန်တော့်ကိုယ်ပေါ်သို့ပါ ခုန်ချလိုက်၏။
ဘဘိုးရ၏ ခန္ဓာကိုယ်ပေါ်သို့ ကျားသစ်ခုန်ချမလာမီကပင် မည်းမည်းသတ္တဝါကို သူ့ဟိန်းသံကြောင့် သတိထားမိပြီး ဖြစ်ရကား ဘဘိုးရက ဒိုင်းခနဲ ပစ်လိုက်သည်ကိုလည်းကောင်း၊ ဘဘိုးရ၏ ပခုံးသားကို လက်သဲများဖြင့် ကုတ်ခြစ်ဆွဲခွာသည်ကိုလည်း တွေ့မြင်လိုက်ရသည့် ကျွန်တော်က ကြိုတင်သတိထားပြီးမို့ တစ်ဘက်သို့ ခုန်၍ ရှောင်လိုက်သည်။
ထို့ကြောင့် လက်တစ်ကမ်းအကွာသို့ ကျွန်တော်ရောက်သွား၏။ ကျားသစ်က ဝေါင်းခနဲ ဝေါင်းခနဲ မာန်ဖီသံဖြင့် ဒေါသတကြီး ဟိန်းလျက် ကျွန်တော့်နောက်ဘက် ခြေလှမ်းနှစ်လှမ်းအကွာတွင် ပါလာသော ကိုဘသိန်းအား ခုန်အုပ်လိုက်ပြန်သည်။
သတိထားပြီးဖြစ်၍ အန္တရာယ်ကောင်အား မျက်ချည်မပြတ် စောင့်ကြည့်နေသည့်တိုင် ကိုဘသိန်း ရှောင်တိမ်းလှုပ်ရှားမှုက စက္ကန့်ပိုင်းမျှ နောက်ကျသွားပြန်သည်။
ယင်း နောက်ကျမှုက ကိုဘသိန်း၏ လက်မောင်း သားအချို့ ကျားသစ်၏ လက်သည်းကြားတွင် ပါသွားရခြင်း ရလာဒ်ဖြစ်သွား၏။
ကိုဘသိန်းသည်လည်း အတွေ့အကြုံ ကောင်းစွာရှိပြီး မုဆိုးဖြစ်၏။ ကျားသစ်က သူ့လက်မောင်းသားအချို့ အလွှားလိုက်ကွာသွားအောင် ကုပ်ခြစ်ခံလိုက် ရသည့်တိုင် သေနတ်ကို မလွတ်တမ်းကိုင်ထားရင်းက ပစ်မှတ်ကို ပြောင်းထိုးချိန်လျက် မောင်းခလုတ်ကို ဆွဲဖြုတ်လိုက်သည်။
ဘဘိုးရနှင့် ကျွန်တော်တို့ သူ့နောက်ဘက်တွင် ကံအားလျော်စွာပင် ရောက်နေကြသည်ဖြစ်ရာ ကိုဘသိန်းက သားကောင်ကို လွတ်လွတ်ကျွတ်ကျွတ် ပစ်ခတ်နိုင်ခွင့်ရရှိသွား၏။
အန္တရာယ်ကောင်သည် တစ်ချီတွင် လူးလွန့်ရှောင် တိမ်းခြင်းမပြုလိုက်နိုင်။ အင်မတန် လျင်မြန်သော သတ္တဝါ၊ အရှောင်အတိမ်းကောင်းသော တောကောင်။ မုဆိုးသုံးယောက်ကို အလစ်အငိုက် ကုပ်ခြစ်ကိုက်ခဲဖို့ ကြိုးစားသော်လည်း လူသားမုဆိုးတို့၏ တုန့်ပြန်ရှောင်တိမ်းနိုင်ခြင်းက ဒင်း၏ ရက်စက်ခက်ထန်စွာ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့၏။
ကိုဘသိန်း၏ တုန့်ပြန်ပစ်ခတ်မှုက ကောင်းစွာထိရောက်ခဲ့ပေသည်။ ဝေါင်းခနဲ ဝေါင်းခနဲ နာနာကျည်းကျည်း ဟိန်းလျက် ကျားသစ် လဲကျသွားသည်။
မြေပြင်ပေါ်တွင် နှစ်ပတ်သုံးပတ်မျှပင် လိမ့်လူးသွားခဲ့၏။
ကိုဘသိန်း၏ ရန်ကြီးအောင်နှစ်လုံးပြူးသေနတ်မှ O Buck ခဲသီးကျည်သုံးလုံး စုပြုံထိမှန်ခံလိုက်ရ၍ ဖြစ်ပါသည်။
တောကောင်သည် ဒဏ်ရာကြောင့် မြေပြင်တွင် လူးလိမ့်နေသည်။ နီးရာ မီရာ ချုံနွယ် သစ်ကိုင်းများကို ဒေါသတကြီး ကိုက်ဆွဲကုပ်ခြစ်လျက်လည်းရှိသည်။ လက်စသိမ်းပစ်ခတ်ဖို့ပင် မလိုတော့သဖြင့် ကျွန်တော်၊ ဘဘိုးရနှင့် ကိုဘသိန်းတို့ အန္တရာယ်ကောင်၏ ဇာတ်သိမ်းခန်းကို စိတ်အေးလက်အေး ကြည့်နေလိုက်ကြ၏။
ကျားသစ်သည် အာခေါင်ကိုခြစ်၍ နာကျင်စွာ တစ်ချက် အသံကျယ်လောင်စွာ ဟိန်းပီးနောက် ခြေလက်များ လှုပ်ရှားခြင်း မပြုနိုင်တော့ဘဲ လဲကျငြိမ်သက်သွားလေသည်။
ကျားသစ်ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာနှစ်ချက် တွေ့ရှိ ရသည်။ ကိုမြသောင်းပစ်ခတ်လိုက်သည့် (၃၀-၆၆) ဝင်ချက်စတာကျည်ဆံက တင်ပါးကို ခါးဆစ်ရိုးအား မထိမှန်ဘဲ ဖောက်ထွက်သွားသည်။
ဘဘိုးရ၏ ဒသမ (၃၀၃)ရိုင်ဖယ်ကျည်ဆံ ထိမှန်ခြင်းမရှိသဖြင့် မတွေ့ ရ။
နောက်ဆုံး ကိုဘသိန်း၏ နှစ်လုံးပြူးမှ O Buck ကျည်သုံးလုံး နှလုံးတွင်းကို စုပြုံထိမှန်သွားသည်။
အန္တရာယ်ကောင် တစ်ဇာတ်သိမ်းသွားပြီဖြစ်၍ ကျွန်တော်တို့ မုဆိုးအဖွဲ့ ဟင်းခနဲ ပင့်သက်တွေချ။ အိမ်အပြန် မျက်နှာပန်းလည်း လှသွားရ၏။
ဘိုးရနှင့် လှဒင်တို့ကမူ ဒဟပ်တောရွာသို့ ပြန်အဝင်မှာ မျက်နှာကိုမော့ရင် ရင်ကိုကော့၍ ပြုံးပြုံးကြီး လုပ်နေပုံများ မြင်ပြင်းကပ်စရာပင် ကောင်းလှတော့သည်လေ။
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)