• July 2, 2025
  • admin
  • 0

တွင်းကြီးသားတင်ဝင်းဦး
သူနှင့် သူတို့အကြောင်း

ဝန်းကျင်သည် သာယာနေသည်။ ကြီးမားသော သစ်ပင်ကြီးအချို့သည် လေအဝှေ့ကြောင့် သစ်ရွက်တွေ၊ သစ်ကိုင်းတွေ ယိမ်းကသလို ဖြစ်နေသည်။ တဝေါဝေါလေသံကြောင့် တရှဲရှဲ တဖြောင်းဖြောင်းနှင့် အသံပြုနေသည့် သစ်ရွက်များသည် ဆောက်တည်ရာမရတော့သလို ဖြစ်နေသည်။

လေက တိုက်လိုက်၊ ငြိမ်လိုက် ဖြစ်နေသည်။

နေမင်းသည် တိမ်မည်းရင်ခွင်မှ ထွက်လာပြီး ပူလိုက်၊ တိမ်မည်းတို့က နေကို အနိုင်ယူပြီး ဖုံးလွှမ်းသွားလိုက်နှင့် သူအပြိုင် ကိုယ်အနိုင် စစ်ခင်းနေချေပြီ။

ဟိုအဝေးဆီမှာ လယ်ကွင်းတွေကို မြင်ရသည်။ လယ်ကွင်းတွေသည် စိမ်းစိုနေသည်။

လယ်ကွင်းတွေ၏ အခြားဘက်မှာ တောင်တန်းကြီးကို တွေ့ရသည်။ ပြာလဲ့လဲ့ မိုးသားအောက်က ခပ်မှိုင်းမှိုင်း တောင်တန်းကြီးသည် အေးစက်စွာနှင့် အသက်ငင်လူမမာတစ်ဦးနှယ်။

လူသူအရောက်အပေါက်ကင်းမဲ့သော ထိုဝန်းကျင်သည် တောရိုင်းမြေများက လွှမ်းမိုးထားသည်။ လူသားအချို့က တောရှင်းကြသေးသည်။ ဘာပင်မျှမဖြစ်တော့ နောက်ထပ် တောမရှင်းကြ။

မြေတွေက ကျောက်စရစ်မြေရိုင်းလို သဘောမျိုးမို့ အပင်စိုက်စားလို့မကောင်း။

အချို့နေရာက ကောင်းသည်။ ကောင်းသည့်နေရာကို လယ်စိုက်ထားပြီး လူသားတွေလာပြီး လယ်လုပ်ကြသည်။ စိုက်ပြီးကတည်းက ရိတ်ချိန်ကျမှသာ လာပြီး ရိတ်ကြသည့် နေရာ။

သည်တော့ လူသူအရောက်အပေါက်နည်းသည်။ ကျွဲတွေ၊ နွားတွေပင် တစ်ခါတစ်ရံ လာကြသည်။ နွားကျောင်းသားအချို့ကို တွေ့ရသည်။ ကွင်းပြင်က ကျယ်သည်။ တောရိုင်းမြေက ပေါသည်။ ချုံနွယ်က ထူထပ်သည်။ သစ်ပင်ကြီးအချို့ ရှိသည်။

လက်ပံပင်၊ ညောင်ပင်၊ သနပ်ပင်ကြီးတွေက မားမားမတ်မတ်နှင့် ဝိညာဉ်မဲ့စွာ ရပ်နေသည့်အလား။

သူသည် တောင်ပို့တစ်ခုမှာ နေသည်။ တောင်ပို့က လူတစ်ရပ်မြင့်၏။ တောင်ပို့ထိပ်သည် အချွန်အတက်တွေနှင့်။ ထိုအချွန်အတက်များဘေးတွင် အပေါက်များရှိသည်။ သုံးလေးပေါက်။

ထိုအပေါက်မှ သူဝင်သည်။ သူထွက်သည်။ ထိုတောင်ပို့ထဲက အခေါင်းကြီးထဲတွင် သူနားသည်။

သူ့အတွက် တောင်ပို့သည် နားခိုရာ၊ ကျိန်းစက်ရာ ဗိမာန်တစ်ခု။

သူနေသည့် တောင်ပို့သည် ကြီးမားသော ညောင်ပင်ကြီးဘေးတွင် ရှိသည်။ ညောင်ပင်ကြီးသည် ထီးကြီးဖွင့်ထားသည်နှင့် တူ၏။ အရိပ်ကလည်း ကောင်း၊ အကိုင်းချင်းကလည်း ယှက်၊ အရွက်တွေချင်းကလည်း ထပ်နေသည်အထိ။

သူသည် နေ့ခင်းအလှကို ကြည့်ရင်း ထိုညောင်ပင်ကြီးဆီ ကြည့်နေမိသည်။

“အာ … အာ … အား … အား”

“အ … အ … အ”

စောစောက တိတ်ဆိတ်သော လေသံ၊ သစ်ရွက်သံသာ ကြားရသောဝန်းကျင်သည် သူတို့အသံကြောင့် ဆူညံသွားချေပြီ။ ဝန်းကျင်တစ်ခိုဝယ် သူတို့အသံကြောင့် လှုပ်လှုပ်ရှားရှား ညံညံဆူဆူ ဖြစ်သွားသည်။

သူသည် သူတို့ကို ကြည့်မိသည်။ အပေါက်ဝမှ ခေါင်းပြူရင်း နှုတ်ခမ်းကို မေးတင်ပြီး စူးစိုက်ကြည့်၏။

ကြည့်ရင်း သူသည် ပါးစပ်ကို ဟထားမိသည်။ သူ၏ လျှာနှစ်ခွကို ပြူတစ် ပြူတစ်လုပ်သည်။ နှာတစ်ချက် မှုတ်လိုက်သည်။ ဟထားသည့် ပါးစပ်သည် ရဲရဲနီနေပြီး ရှည်လျားကောက်ကွေးသည့် အစွယ်နှစ်ချောင်းကို မြင်ရမည်ဖြစ်သည်။ သူသည် ပါးစပ်ပြဲပြဲကြီးကို ပြန်စေ့ထားသည်။ လျှာနှစ်ခွကိုတော့ အပြင်ထုတ်ထားသည်။

မှေးစင်းထားရင်းမှ မျက်လုံးနှစ်လုံးကို သူတို့ဆီ ကြည့်ထားမိသေးသည်။

သူတို့သည် တအာအာမြည်ဆဲ။ တအအမြည်ဆဲ။ မြည်သံတွေက အစုံ။

“အာ … အာ … အာ”

“အ … အ … အ”

သူတို့မြည်သံကို နားစွင့်ရင်း သူသည် အပေါက်ဝမှာ မေးတင်ပြီး ကြည့်နေဆဲပင်။ သူတို့သည် ညောင်ပင်ကြီး၏ အကိုင်းအခက်များပေါ်တွင် နားရင်းရှိသည်။ တစ်ကောင်နှင့်တစ်ကောင် သံပြိုင်အော်မြည်ရင်း တစ်ကိုင်းမှတစ်ကိုင်းကိုကူးရင်း ကျီစယ်နေကြသည်ကို တွေ့ရသည်။

သူတို့အင်အားက မသေး။ အကောင်တွေက ရာချီပြီးရှိသည်။ အုပ်စုဖွဲ့ပြီး ညီညွတ်သည့် အကောင်မျိုးတွေ။ သူတို့သည် အော်မြည်ရင်းမှ အချို့သည် တောင်အရပ်၊ အချို့သည် မြောက်အရပ်၊ အချို့သည် ကျန် အရပ်များသို့ အသီးသီး ပျံသန်းသွားကြချေပြီ။ ပျံသွားကြရင်းနှင့် အော်မြည်သံက သည်တော သည်တောင်တစ်ခွင်ဝယ် ခေါင်းနပန်းကြီးစွာ ကြားနေရသည်။ ဆူညံနေပေပြီ။

သူတို့သည် အနက်ရောင်အဆင်း ရှိကြသည်။ ခြေအနက်၊ ခေါင်းအနက်။ အတော်ပါး အတော်လျင်မြန်သည့် အကောင်မျိုးတွေ။

သည်ကောင်တွေက သူများအသား၊ သူများအသိုက်ကို ကြီးသည် ငယ်သည်မရွေး ဖျက်ဆီးတတ်သည်။ စားသောက်တတ်သည်။ သူတို့အကြောင်းကိုတွေးရင်း သူသည် ဒေါသဖြစ်သွားသည်။

“ရွှီး”

“ဖြီး”

သူသည် ဒေါသံ၊ တောသံ၊ နှာသံပေးရင်း အပြင်ထွက်နေရုံသာရှိသည့် သူ၏ခေါင်းကို တွင်းထဲတိုးဝင်လိုက်သည်။ ပြီး အခေါင်းထဲဝင်ပြီး ခွေသည်။ အသံ တွေလည်း တိတ်ဆိတ်သွားချေပြီ။ အထဲမှာတော့ မှောင်မှောင်မည်းမည်း။

သူ့စိတ်ကတော့ ပြတ်ပြတ်ထင်ထင်။ မကြာခင်ကအကြောင်း စိတ်နာကြည်းခဲ့သော အဖြစ်။

သူ ကြေကွဲခဲ့ရသော အဖြစ်။

xxx xxx xxx xxx

ထိုရက်က ဝန်းကျင်သည် သာယာနေခဲ့ပါသည်။ သူနှင့် သူ့မိန်းမသည် တောင်ပို့ထဲမှာပင် ခွေရင်းရှိသည်။

သူတို့အနီး တောင်ပို့အနီး ချုံတစ်ချုံအောက်မှာ သူ့မိန်းမ၏ ရင်မှဖြစ်သော ဥအချို့ရှိသည်။ ချုံက ကြီးသည်။ ကျယ်သည်။ သူတို့၏ ဥကို တော်ရုံတန်ရုံ မမြင်နိုင်။ သို့ကြောင့် စိတ်ချစွာနှင့် သူ့မိန်းမက ထိုချုံအောက်ရှိ သန့်ရှင်းသောနေရာတွင် ဝပ်ကျင်းအရာပေးပြီး ဥခဲ့၏။

ဝပ်ကျင်းအရာပေးစဉ်က သူပါ ပါဝင်ရသည်။ ဝပ်ကျင်းပြောင်အောင်၊ ချောအောင် နှစ်ကောင်စလုံး ကိုယ်ခန္ဓာနှင့် ပွတ်ပစ်ခဲ့ကြရသည်။ စိတ်ကျေနပ်သည်အထိ ပွတ်အပြီး သူ့မိန်းမက ဥ,ဥသည်။ သူက ဘေးမှစောင့်သည်။

နောက် တောင်ပို့ကျင်းထဲ နှစ်ကောင်စလုံးပြန်ဝင်ကြသည်။ နားကြသည်။

သို့ဖြင့် ဥသုံးလုံး ရခဲ့ပြီ။

ထို့ကြောင့် သူသည် သူ့မိန်းမအား အစာ သွားရှာ ကျွေးရသည်။ သူသည် တောထဲဝင်ခဲ့သည်။ တောကြက်နှစ်ကောင်ရအောင် ရှာသည်။ တစ်ကောင်မျိုခဲ့သည်။ ကျန်တစ်ကောင်က သူ့မိန်းမအတွက်။

သူသည် တောကြက်တစ်ကောင်ကို ငုံထားရင်း တောင်ပို့ဆီသို့ပြန်သည်။ သူ့မိန်းမကို ပေးသည်။ သူ့မိန်းမက မျိုသည်။

နောက်ရက် ဆက်ပြီး ဥသည်။ လေးလုံးရပြီ။

ထိုရက်က သူ့မိန်းမသည် ဥကျင်းက မခွာခဲ့။ ဥများကို ဘေးမှာခွေရင်း စောင့်ကြည့်သည်။ ရင်မှဖြစ်သောဥမှ မကြာခင် အကောင်ပေါက်တော့မည်။ ရင်သွေး ရတော့မည်။

ဒါကို သူရော သူ့မိန်းမပါသိ၏။ သိသောအသိကြောင့် သူတို့သည် ဥကို ဇွဲကြီးစွာနှင့် စောင့်ကြပ်နေကြသည်။ သူ့ဥ၊ သူ့ရင်သွေး၊ သူ့အမျိုးကို မထိနှင့်။ မီးပွင့်သွားမည်၊ သေသွားမည်။ ဘယ်အကောင်မှ အထိမခံ၊ အကိုင်မခံ။ အရိုးပြာကျသည်အထိ ပေါက်သတ်မည်က အမှန်။

ဒါ ဥအပေါ်ထားသည့် မိဘနှစ်ပါး၏ ချစ်ဇော ချစ်မာန်။ ရင်သွေးအပေါ် ထားသည့် သားဇော သားမာန်။

ထို့ကြောင့် မိန်းမသည် ဥဝပ်ကျင်းအနီးတွင် ခွေရင်း စောင့်သည်။

ထိုအခါ သူသည် တောထဲဝင်သည်။ အစာရှာမည်။ မနေ့ကလို တောကြက်ပဲဖြစ်ဖြစ်အခြား အကောင်တစ်ကောင်ပဲဖြစ်ဖြစ် ရှာရမည်။ တောကြက် တောဘဲ ရတာ မျိုရမည်။ တောကြွက်ဆိုလည်း မရှောင်နိုင်။ ဝမ်းဝဖို့က အဓိက။ မိန်းမစားရန်က အဓိက။

မျိုးဆက်သစ်ပြန့်ပွားရေးအတွက် စောင့်ရှောက်နေသည့် မိန်းမ၏တာဝန်ကို မြင်မိရင်း သူသည် အစာကို အပြင်းရှာသည်။

တောကြက်များကို တွေ့သည်။ မာယာဆင်ပြီး စောင့်ကြည့်သည်။ နောက် တစ်ဟုန်ထိုး လိုက်သည်။ တစ်ကောင်မိ၍ မျိုလိုက်၏။ နောက်တစ်ကောင် ရအောင် ဖမ်းသည်။ ရပြီ။ ဒီအကောင်က သူ့မိန်းမဖို့။

သူသည် အစာရတော့ ဝပ်ကျင်းကို ပြန်ခဲ့သည်။

အင်း… သူ့မိန်းမ ဆာရောပေါ့ ။

သူသည် မယာဇော၊ သားဇောနှင့် အပြင်းပြန်ခဲ့သည်။ သူ့စိတ်သည် ရွှင်လန်းနေသည်၊ တက်ကြွနေသည်။

သူသည် ပြန်လာရင်းမှ ချုံများ၊ နွယ်များကို ဖြတ်ခဲ့
သည်။ သူ့ကိုမြင်တော့ သူ့ကိုကြောက်၍ တောကောင်လေးများ အခြားကို ပြေးသွားကြသည်။ သူ့ပါးစပ်ထဲမှာ တောကြက်တစ်ကောင်ပါခဲ့ပြီမို့ အခြားအကောင်များကို ဂရုမပြုတော့။ လောဘမကြီးချင်။ နေ့ဖို့ညစာရရင် တော်ပြီ။

သူ အပြေးပြန်ခဲ့သည်။

ထိုအချိန် သူ့ဝပ်ကျင်းရှိရာချုံဆီ ရောက်တော့မည်။ ညောင်ပင်ကြီးကို ထီးထီးမားမား မြင်ရ၏။ တောင်ပို့ကြီးကိုလည်း တွေ့ရပြီ။ ချုံကြီးကိုလည်း မြင်နေရပြီ။

ထိုအခါ သူသည် ချက်ကိုထောက်ရင်း လာခဲ့သည်မို့ သူ့ခေါင်းသည် လေထဲ ဝဲနေသည်။ ပြေးရင်းလွှားရင်းမို့ ခေါင်းက ယိမ်းနေသည်။ သူ၏ မည်းညစ်ညစ် ကိုယ်ကြီးသည် ကြောက်စရာကောင်းစွာနှင့် လှုပ်ရှားနေသည်။

“အား … အား … အား”

“အာ … အာ … အာ”

“အ … အ … အ … အ … အ”

သူ့ခေါင်းထက်က အသံများကို ကြားရ၍ မော့ကြည့်လိုက်သည်။ သူတို့ကို တွေ့ရသည်။

သူတို့သည် မည်းနက်သောကိုယ်မှ မည်းနက်သော တောင်ပံများကို လှုပ်ခတ်ရင်း မည်းနက်သော နှုတ်သီးမှ မြည်သံပြုကာ မည်းနက်သောခြေချောင်း များနှင့် ကုတ်ဖဲ့ယူရန် အသင့်အနေအထား ပြုထားသည်ကို သူ တွေ့ရသည်။

သူ့ ခေါင်းထက်နှင့် သူ့မိန်းမရှိရာ ချုံထက်မှာလည်း သူတို့ ပျံဝဲရင်း အော်နေကြသည်။ သူသည် ဘာကိုမျှ အရေးမထားနိုင်၊ မိန်းမဆီရောက်ဖို့က အရေးကြီးသည်။

သူတို့အော်မြည်သံ၊ သူတို့လှုပ်ရှားသံကို ကြည့်ခြင်းအားဖြင့် အန္တရာယ်တစ်ခုခုတော့ ဖြစ်တော့မည်။ ဖြစ်နေပြီလားဟု သံသယအတွေးနှင့် စိတ်လေးမိသည်။

သူတို့သည် တအားအား အသံပြုရင်း ချုံပေါ် နားသည့်အကောင်က နား၊ ချုံထက် ဝဲသည့်အကောင်က ဝဲ။

သူတို့၏ အသံတအာအာကြောင့် အခြားအကောင်များသည် ချုံထက်မှာ လာပြီးစုကြသည်။ ဝဲကြသည်။ ပျံကြသည်။ ရန်ပြုသည့် အနေအထား။ ရန်စောင် သည့် စိန်ခေါ်သံ။ တိုက်ပွဲဝင်သည့် ဒေါသမျိုး။

သူ အမြန်ပြေးခဲ့ရင်း ကြည့်မိသည်။

အလို … ဘုရားရေ။ ချုံထက်မှာတော့ မည်းမည်းလှုပ်လို့။ သူတို့အင်အားက နည်းနည်းနောနောမဟုတ်။

သူသည် ပါးစပ်အတွင်းက သေနေပြီဖြစ်သည့် တောကြက်သေကို မချခဲ့၊ မပစ်ခဲ့၊ အမြန်ပြေးခဲ့၏။

မကြာပါ။ ချုံဘေးရောက်ခဲ့ပြီ။

မြင်ရသော မြင်ကွင်းကြောင့် သူ့ဒေါသသည် အထွတ်အထိပ်ကို ရောက်သွားခဲ့ချေပြီ။ ကြည့်စမ်း သူ့ရင်မှဖြစ်သော သွေး၊ သူ့မိန်းမရင်မှဖြစ်သော ဥတွေ ကွဲနေချေပြီ။

သူ့မိန်းမသည် တောသံ နှာသံပေးရင်း သူတို့၏ရန်ကို အန်တုရင်း တိုက်ခိုက်နေချေပြီ။

သူ့မိန်းမ၏ တိုက်ခိုက်မှုသည် မထိရောက်။ သူ့မိန်းမသည် ချုံအတွင်းမှနေရင်း ကြီးမားသော ခေါင်းကို မတ်ထားရင်း သူတို့ကို လိုက်ပေါက်နေသည်။

သူတို့သည် သူ့မိန်းမ၏ ပေါက်ချက်၊ တိုက်ချက်တွေကို အနီးကပ်ရှောင်လိုက်၊ အဝေးကရှောင်လိုက်၊ အမြင့်မှ ရှောင်လိုက်နှင့် ရှိသည်။ ပြီးတော့ တအား အားနှင့် အသံပြုအော်မြည်သည်။ သူတို့အချင်းချင်း အော်သံက တပ်လှန့်သည့်အသံ မျိုး။ “လာကြဝိုင်းကြထိုးဆိတ်ကြ”ဟု ခေါ်သည့် အသံမျိုး။

“အ … အ … အ”

“အာ … အာ … အာ”

ဟူသည့် အသံစုံ အကောင်အစုံအကြားမှာ သူ့မိန်းမ သည် ဟိုဟိုသည်သည် ခေါင်းယမ်းကာ ကာကွယ်နေဆဲဖြစ်သည်။ သူတို့ကို တစ်ကောင်မှ မပေါက်မိ။ မသေ။ မိအောင် ပေါက်သတ်နိုင်ဖို့က မလွယ်။ သူတို့က မြန်သည်၊ လျင်သည်၊ သွက်သည်။

အချို့က သူ့မိန်းမကို ထိုးဆိတ်မိအောင် တိုက်ကွက်ဆင်နေသည်။ အချို့က ကွဲပြီးဥများကို စားရင်း၊ တိုက်ပွဲဝင်ရင်း ရှိသည်။ ဥကွဲအနှစ်ကိုစားလိုက်သူ့မိန်းမဆီ ပျံသွားလိုက်နှင့် လုပ်နေသည်။

သူ့မိန်းမက အရှုံးနှင့်ရင်ဆိုင်နေရ၏။ သူတို့က နိုင်သည့်အခြေအနေနှင့် အင်အားသုံးရင်း ရှိသည်။

သူသည် ပါးစပ်ထဲက တောကြက်ကို ချသည်။ ချုံအတွင်း ပြေးဝင်ခဲ့သည်။ သူ့အမြင်များ ဝေဝါးနေ၏။ သူ့ဒေါသများ အဆုံးထိ ရောက်နေပြီ။

သူ ဘာကိုမျှမသိတော့။ သူ့မိန်းမကို ကြည့်မိသည်။ သူ့ကိုမြင်တော့ သူ့ မိန်းမသည် အားတက်သွားပုံရသည်။ သူသည် ပါးစပ်ကိုဖြဲသည်။ အစွယ်ရှည်ကို မြင်သာအောင် ပြသည်။ လျှာကို ပြူတစ်ပြူတစ်လုပ်သည်။ ပြီးတော့ နှာသံတောသံ၊ ဒေါသံပေးသည်။

“ရွှီး … ရွှီး … ဖြီး … ဖြီး”

“ခွီး … ခွီး … ရွှီး … ရွှီး”

နှာသံ ဒေါသံပေးရင်း သူသည် ချက်ထောက်ရပ်လိုက် သူတို့ကို မိအောင်ပေါက်လိုက် လုပ်သည်။ မမိ … မပေါက်မိ။

သည်တော့ သူ့ကိုယ်လုံးကို ပြန်နှိမ့်ချရင်း အမြီးပိုင်းနှင့်ရိုက်သည်။ သူတို့ကို မထိ။ ချုံအကိုင်းများ ကျိုးသည်။ အရွက်များ ကြွေသည်။

သူတို့သည် ဥကွဲမှ အနှစ်များကို စားပြီးသွားချေပြီ။ တိုက်ပွဲကို အတော်ကြာအောင်တိုက်သည်။ သူနှင့် သူ့မိန်းမခေါင်းကို ထိုးဆိတ်ဖို့ ကြိုးစားသည်။

သို့သော် သူတို့သည် အနီးအပါး သိပ်ပြီး မကပ်ရဲ။ မလှမ်းမကမ်းမှာ ဝဲသည်။ ပျံသည်။ အော်သည်။ အလစ်ကို ချောင်းသည်။ ဟာကွက်ကိုရှာသည်။

သူနှင့် သူ့မိန်းမကလည်း အလစ်မပေးခဲ့။ ခေါင်းရောကိုယ်ပါ ယိမ်းရင်း နွဲ့ရင်း ပေါက်ရင်းနှင့် လုပ်သည်။

ချုံသည် ညက်ညက်ကျေလု ဖြစ်သွားပြီ။ ဝပ်ကျင်းပျက်ပြီ။ ဥတွေ ကွဲခဲ့ပြီ။ ဥကွဲမှတော့ သားရင်သွေး မရနိုင်တော့။ ဥကို ခွဲပြီးစားမှတော့ သူတို့သည် သူ၏ ရန်သူ ဖြစ်သွားပြီ။ သူတို့ကို ရန်သူဟု သတ်မှတ်လိုက်ပြီ။

အဓိကရန်သူ… ။

သူ့ဘဝကို ပျက်အောင်ဖျက်သည့် သူတို့… ။

သူ့ရင်သွေးကိုစားသည့် သူတို့ကို ကမ္ဘာမကျေ။ ဘယ်တော့မှ ဥဒါန်းမကျေ။ သူ့အသက်ရှင်နေသမျှ သူတို့ကို အနိုင်ယူပြမည်။ တိုက်ပြမည်။

သို့သော် သူနှင့် သူ့မိန်းမသည် သူတို့ကို တစ်ကောင်မျှ သေအောင် မပေါက်နိုင်။ မသတ်နိုင်သေး။

သူနှင့် သူ့မိန်းမက မြေပြင်သာ တွားသွားသည့်အကောင်မျိုး။ တောင်ပံမပါ။

သူတို့က ပျံနိုင်သည်။ တောင်ပံပါသည်။ အင်အားများသည်။ ညီညွတ်သည်။ တစ်ကောင်နှင့်တစ်ကောင် အထိမခံ။

မခံချင်စိတ်ကတော့ ဘယ်အကောင်ဖြစ်ဖြစ်ရှိသည်။ သက်ရှိ သတ္တဝါတိုင်း ရှိကြသည်ချည်း။

ထိုအခါ သူတို့သည် ပျံသွားကာ ညောင်ပင်မှာ နားကြသည်။ အောင်မြင်သူမို့ အော်မြည်ကြသည်။

သူသည် အပင်ထက်မှာ နားနေသည့် သူတို့ကိုကြည့်ရင်း ကြိတ်မနိုင်ခဲမရဖြစ်ကာ သူတို့ကိုကြည့်ရင်း အငြိုးအတေး ဖြေမရ။ သူသည် သူ့မိန်းမ၏ ဥခွံများကို ကြည့်မိသည်။

ထိုရက်က သည်မျှနှင့် ပြီးသွားသည်။ ချုံထဲကထွက်ပြီး တောင်ပို့ကျင်းထဲ ဝင်သည်။ စိတ်မကောင်းစွာ နားသည်။

နောက်ရက်တွင် သူ့မိန်းမသည် ညောင်ပင်ရှိရာကို သွားသည်။

သူမသိခဲ့။ အိပ်ပျော်နေသည်။ ထိုအချိန် အငြိုးအတေးကြီးစွာနှင့် သူတို့ကို လက်စားချေရန် သွားခဲ့သည်ကို သူသိပါသည်။

သူ့မိန်းမ ညောင်ပင်အောက်မရောက်ခင် သူတို့က သူ့မိန်းမကို မြင်သွားသည်။

“အာ … အာ … အာ”

“အ … အ … အ”

အပင်ထက်မှ အသံပြု၍ မြေပြင်ကိုဆင်းလာကြသည်။ ဝဲလာကြသည်။

သူ့မိန်းမသည် ချက်ပြီး ရပ်သည်။ ပြီး သူတို့ကို ပေါက်သည်။ မမိ။ မသေ။

သူ့မိန်းမ ဒေါသက ခေါင်းထက်ကျော်နေပြီ ထင်ရ၏။ ဒေါသနှင့်မို့ ဘာမျှ သိပုံမရ။ သူ့ဥကိုခွဲ ဥကိုစားထားသည့် သူတို့ကို သူ့အဆိပ်ရည်နှင့် သတ်ရမှ ကျေနပ်မည်ဟူသည့် အငြိုးအတေးနှင့်မို့ သူ့မိန်းမသည် ခေါင်းကို ထောင်ထားဆဲ။

သူတို့က အလှမ်းမမီရာအရပ်မှ ဝဲပျံရင်း သူ့မိန်းမဒေါသကို ဆွပေးနေကြသည်။

သူတို့က ပါးသည်။ ဟိုး ခပ်လှမ်းလှမ်းရှိ တောကြွက်တူးသည့် လူနှစ်ယောက်ကို မြင်သည်။ ထိုလူနှစ်ယောက်ရှိရာကို မျှားပြီးခေါ်သည်။

ဒေါသကြောင့် ချုပ်တည်းနိုင်စွမ်းမရှိသော သူ့မိန်းမစိတ်သည် ဘာမျှ စဉ်းစားမှုမရှိတော့။ မဆင်ခြင်တော့။ သူတို့ ဝဲပျံမျှားခေါ်ရာ လိုက်၏။

သူတို့၏ ပရိယာယ်ကို မရိပ်မိသော သူ့မိန်းမသည် လူသားတို့နှင့်တွေ့ပြီး သေပွဲဝင်ခဲ့ရချေပြီ။

သူသေသောအခါ သူတို့သည် ထက်ကောင်းကင်မှာ ဝဲပျံရင်း မြည်ကြသည်။

“အ … အ … အ”

“အာ … အာ … အာ”

ဪ.. သူတို့က အောင်နိုင်သူကိုး။

ထိုရက်က သူသည် အနံ့ခံရင်း လိုက်ခဲ့သည်။ မြေပြင်တွင် ပေကျန်ရစ်ခဲ့သော သူ့မိန်းမသွေးအနံ့ကိုသာ တွေ့ရသည်။ အရေအသားများကို သူတို့အဖွဲ့ စားပစ်ခဲ့ချေပြီ။

သူ… သူ မကျေနပ်။ ဘယ်တော့မျှ မကျေနပ်။

သူတို့သည် သူ့ဘဝကို ပျက်အောင်လုပ်ခဲ့၏။ ပြုခဲ့ကြ၏။ အဘယ်မှာ ကျေပါအံ့။ သူ့မိန်းမ သေအောင် မာယာဆင်ခဲ့ကြ၍ သေခဲ့ရပြီ။ သူ့ဥကို စားခဲ့သည်။ မျိုခဲ့ပြီ။ သူ လုံးဝမကျေနပ်။

အဖြစ်အပျက်က မနေ့ကလိုလို မနက်ကလိုလို။

မကြာသေးဟု ထင်မိသည်အထိ စိတ်ထဲစွဲနေတုန်း။

မေ့မရ။

သူ အတွေးကို ရပ်လိုက်သည်။ အားမွေးသည်။ အကြံထုတ်နေမိချေပြီကော။

xxx xxx xxx xxx

“အာ … အာ … အာ”

“အ … အ … အ”

အချို့အသံက ပီပီသသ။ အချို့အသံက အသံကွဲကွဲအက်အက်။ နားထောင်လို့ မကောင်း။ ကျက်သရေမရှိသော အကောင်များ၏ ကျက်သရေမဲ့သော အသံကို သူ နားစွင့်ရင်းရှိသည်။ တောင်ပို့အပေါက်ဝမှာ သူ မေးတင်ထားသည်။

ခေါင်းကို ပုံမှန်အနေအထားသဘောနှင့် အမြင်အာရုံကို စူးစိုက်ထားသည်။ သူသည် ပါးစပ်မဟ၊ လျှာမထုတ်။

နေမင်းသည် ထွက်လာချေပြီ။ သူတို့သည် ညောင်ပင်ထက်မှာ အော်ဟစ်ရင်း လှုပ်ရှားနေကြသည်။

အချို့အကောင်တွေက ခပ်စောစောက အစာရှာထွက်သွားကြပြီကို သိသည်။

သူတို့သည် စည်းလုံးသည်။ ဝီရိယတော့ရှိသည်။ စားရင်း ရန်သူကို မျက်ခြေမပြတ် ကြည့်တတ်သလို ရန်သူကိုကြည့်ရင်း အစာကိုရှာတတ်သည်။

အစာကိုတွေ့ပါက တစ်ကောင်နှင့်တစ်ကောင် ခေါ်တတ်သည်။ တအအ၊ တအာအာ အသံပေး တတ်သည်။

အချို့သည် အဝေးကိုပျံသွားကြပြီ။ အစာရှာထွက်သွားကြပြီ။

အချို့က အပင်ထက်မှာ… ။

သူသည် အနီးကပ်မြင်နေရသည်။ သူနေသည့် တောင်ပို့နှင့် သူတို့နေသည့် ညောင်ပင် သိပ်ဝေးသည်မဟုတ်။ သူတို့ လှုပ်ရှားတာ၊ ပြုမူတာ၊ စားတာ သောက်တာ၊ အော်တာ ဟစ်တာကို သူ အတိုင်းသားမြင်သည်။ သိသည်။ သူသည် သူတို့ကို ကြည့်ဆဲပင် ဖြစ်သည်။

ထိုအချိန် ခပ်စောစောက ပျံသွားသည့်အကောင်တွေ အုပ်စုဖွဲ့ရင်း ပျံလာကြပြီ။

“အာ … အာ … အာ”

“အ … အ … အ”

“အား … အား … အား”

အသံများကိုနားစွင့်ရင်း သူသည် သူတို့ကို မော်ပြီးကြည့်သည်။

သူတို့သည် ဝဲရင်း ပျံရင်းနှင့် ညောင်ပင်ထက်မှာ နားသည်။ အပင်မှာ ကျန်ရစ်သည့် အကောင်များက အစာရှာသွားသည့် အကောင်များကို မြင်ရတော့ ဝဲပျံရင်းဆီးကြိုသည်။ အသံပြုရင်း ဆီးကြိုသည်။

အစာရှာသွားသည့် အကောင်တွေ၏ ခြေထောက်မှာ အကုတ်ခံပြီး ပါလာသည့် အကောင်က ကြက်ပေါက်အချို့နှင့် ငုံးပေါက်အချို့၊ ပြီးတော့ တောစာဝါ၊ စာဘူးတောင်းအချို့၊ ပြီးတော့ အသိုက်ထဲမှ ကုတ်ယူလာပုံရသည့် ချိုးပေါက်အချို့။ အချို့အကောင်တွေက ခိုပေါက်စလေးများ ပါလာသည်ကို သူမြင်ရသည်။

သူတို့ အစာအဖြစ်ပါလာသည့် အနှီသတ္တဝါလေးများသည် အချို့အသက်မရှိ။ အချို့အသက်ရှိဆဲ။ သူတို့ ခြေသည်းတွေ၊ နှုတ်သီးတွေကြောင့် ထိုအစာအဖြစ် ပါလာသည့် အကောင်များ၏ ရင်ဘတ်မှာ ဟက်တက်ကွဲလို့ သွေးစိမ်းရှင်ရှင် ဖြစ်နေချေပြီ။ အသက်ရှင်ဆဲအကောင်များ၏ “ကယ်ပါ ယူပါ” တစာစာအော်သံကဲ့သို့ တောင်းပန်သံများကို ကြားရသည်။

သို့သော် သူတို့သည် သူတို့ဝမ်းဝလျှင် ပြီးရောသဘောနှင့် အညှာအတာမရှိ။ မသနား။

ပျံလာသည့် အကောင်များက ပါလာသည့် အစာများကို အပင်မှာကျန်ရစ်သည့် သူတို့ထံ ပေးသည်။ သူတို့သည် အလုအယက်စားရင်း ရှိသည်။ သွေးသံရဲရဲအဖြစ်ကို ကြည့်ရင်းနှင့် သူသည် သူ့မိန်းမသေရပုံကို မြင်မိသည်။ သတိရမိသည်။

ထိုအခါ သူသည် သိပ်ပြီး ဒေါသထွက်သွားသည်။ ပါးစပ်ကြီးကို ယောင်ယမ်းပြီး ဖြဲမိသည်။ အစွယ်ငေါငေါကို ထုတ်မိသည်။

သူတို့သည် မညှာမတာသဘောနှင့် အကောင်ပေါက်လေးများကို စားအပြီး အော်ကြပြန်သည်။ ပြီး အဝေးကို ပျံသွားကြပြန်သည်။

တောထဲမှာ၊ ချုံတွေထဲမှာ၊ အပင်တွေထက်မှာရှိသည့် ငှက်သိုက်ကိုသွားပြီး သားပေါက်တွေကို ကုတ်ယူပြီး စားကြတော့မည်ကို သူသိပါသည်။

သူထင်သည့်အတိုင်း သူတို့သည် တောထဲကိုဝင်သည်။ အပင်တွေထက်က အသိုက်ကိုရှာသည်။ တွေ့သည့်အသိုက်မှ ရှိသည့်အကောင်များကို ထိုးဆိတ်သည်။ အူတွေထွက်၊ ခေါင်းတွေပေါက်သည်အထိ ထိုးဆိတ်ရင်း သေပြီဆိုသောအခါ ခြေထောက်မှ ခြေသည်းတွေနှင့် ကုတ်ယူသည်။

အချို့က မသေမရှင် သားပေါက်များကို အရှင်လတ်လတ်ခချီကြသည်။ အချို့က တစ်ခါတည်း စားပစ်သည်။ သူတို့သည် စားရင်းနှင့် ညောင်ပင်ဆီ ပြန်ခဲ့သည်။

သူသည် သူတို့ခြေကြားမှ သားပေါက်များကို ကြည့်ရင်း သူတို့ကို မုန်းမိသည်။

“ဟင်း . . . သင်းတို့အလှည့် ရောက်အုံးမှာပေါ့ကွာ။ သူများအပေါ်မှာ ရက်စက်တတ်ပြီး သူတို့ကိုထိရင် မချိအောင်နာတတ်တဲ့ အကောင်မျိုးတွေ၊ အကောင်ယုတ်တွေ၊ ငါ့အမျိုးမှ ငါ့အမျိုးလို့ တစ်ယူသန်စိတ်နဲ့ ယုတ်တဲ့အကောင်တွေ။ ငါသာ အင်အားရှိတယ်။ ငါတို့သာ တောင့်တင်းတယ်။ ငါတို့သာ နိုင်တယ်ဆိုပြီး အခြားကို ကျူးကျော်၊ သူတစ်ပါး အသိုက်အအုံကို ဖျက်ဆီးဖို့ အမြဲကြံတဲ့အကောင်မျိုး၊ စားရင်းသောက်ရင်းနဲ့ အဆီမကပ်တဲ့အထိ အများမေတ္တာမရှိတဲ့ အကောင်မျိုး၊ တွေ့ သေးတာပေါ့”

သူသည် တွေးရင်းနှင့် သူတို့ကို ကြည့်ဆဲ။

ထိုအချိန် သူတို့သည် အဝေးကို ပျံသွားခဲ့ချေပြီ။

ထိုအခါ သူသည် ညောင်ပင်ထက်မှာ ကြည့်၏။

အလို… အပင်ထက် မှာ အသိုက်တွေ။ အသိုက်တွေထဲမှာ အကောင်အချို့ပေါက်နေသည်။ အချို့အသိုက်ထဲမှာ ဥအချို့။

သူသည် အသိုက်များကိုကြည့်ရင်း ကျေနပ်သွား၏။ သူ့ခေါင်းထဲမှ အစီအစဉ်ကို အကွက်ကျကျဖြစ်အောင် ဖန်တီးလိုက်သည်။

ထိုအခါ သူသည် တောင်ပို့ထဲမှ ခေါင်းပြူထွက်သည်။ သူ့တို့ပျံရာအရပ်ကို ကြည့်သည်။ သူတို့သည် ပျံရင်း အော်ရင်း အဝေးကို ရောက်သွားချေပြီ။

ထိုအခါ သူသည် သူ၏ကိုယ်လုံးကို အပြင်ရောက် အောင် ထွက်လိုက်သည်။ ပြီး ညောင်ပင်ရှိရာ အမြန်ပြေးခဲ့သည်။ သူ ညောင်ပင်ပေါ် တက်လိုက်ချေပြီ။

xxx xxx xxx xxx

သူသည် ညောင်ပင်ပေါ် တက်လိုက်သည်။ အရင်နှစ်ရက်ကလည်း အခက်အခဲ မရှိခဲ့။ အတားအဆီးမတွေ့ခဲ့။

တွေ့စရာလည်းမလို။ သူတို့ အစာရှာသွားစဉ် တက်ရောက်ပြီး အသိုက်ထဲက သားပေါက်များကို စားခဲ့သည်။

ပထမဆုံးရက်က လေးကောင်တိတိ မျိုခဲ့သည်။ နောက်ရက်လည်း လေးကောင်။

သူတို့က အစာကို ဝေးဝေးသွားရှာပြီဆိုလျှင် အပင်ရှိရာကို နေစောင်းမှ ပြန်ခဲ့ကြသည်ချည်း။ ဒါကို သူသိသည်။ သိ၍လည်း စိမ်ပြေနပြေ မျိုခဲ့ခြင်းဖြစ်သည်

သည်ကနေ့ အပင်ပေါ်ကို သူရောက်ခဲ့ပြီး ညောင်ပင်ကြီးခွကြားမှ အဝေးကို ကြည့်သည်။ သူတို့ကို မမြင်ရ။

ကိစ္စမရှိ။

သူသည် အကိုင်းတစ်ကိုင်းထက်မှ အသိုက်များဆီ လာခဲ့သည်။ အသိုက်ထဲမှ အကောင်တစ်ကောင်ကို မျိုသည်။ ပြီး တစ်ကောင်၊ နောက်ထပ် တစ်ကောင် မျိုအပြီး သူသည် အခြားအသိုက်များကို ကြည့်သည်။ အကောင်ပေါက်မရှိတော့။

သူသည် အားရကျေနပ်စွာနှင့် အပင်ထက်က ဆင်းခဲ့သည်။ လက်စားချေခြင်းများစွာနှင့် သူသည် ရောင့်ရဲခဲ့ပြီ။ သွေးကြွေးဆပ်ခဲ့ ပြီဖြစ်သည်။

တကယ်တော့ သူ့မိန်းမအတွက် သွေးကြွေးဆပ်ခြင်းထက် သူတို့အမျိုးကို မူလအစကတည်းက မုန်းတီးစိတ်နှင့် ယခုလို ပြုမူခဲ့ခြင်း ဖြစ်သည်။

သူတို့သည် အင်အားတောင့်တင်းသည်။ ညီညွတ်သည်ဆိုပြီး အခြားအကောင်တွေ၊ အခြားနယ်တွေကို ချဲ့ရင်း၊ ကျူးကျူးလွန်လွန်ဘစားခဲ့ သောက်ခဲ့ကြသည်။

အဲ… သူတို့ထဲက တစ်ကောင်ကောင်ကို မထိလေနှင့်။ အုံနှင့် ကျင်းနှင့် အားဖွဲ့ပြီး ဆူညံသံတွေပေးပြီး တုံ့ပြန်တတ်သည်။ ဒါကို သူ အမုန်းဆုံး။

သူသည် အပင်ထက်က အေးဆေးစွာ ဆင်းခဲ့သည်။ ဆင်းပြီး တောင်ပို့ရှိရာ ဝင်ခဲ့သည်။ ဝမ်းက ဝ,နေ၍ သူ့အတွက် လုံလောက်ပြီ။

တောင်ပို့ပေါက်မှနေပြီး ညောင်ပင်ဆီ ကြည့်နေမိသည်။

ကြည့်ရပေမည်။ မကြာခင် သူတို့ပြန်လာကြမည် မဟုတ်လား။ ပြန်လာလျှင် အသိုက်ထဲက သူတို့သားပေါက်တွေ တွေ့ကြရမည် မဟုတ်တော့။ ထိုအခါ သူတို့သည် ဒေါသတွေပေါက်ကွဲရင်းနှင့် တစ်ခုခုဖြစ်တော့မည်က အမှန်။

သူတို့ ကြေကွဲမှုကို သူမြင်ချင်သည်။ ကြည့်ချင်သည်။ ကျေနပ်စွာနှင့် သူ ကြည့်ပစ်လိုက်ချင်သေးသည်။

သူသည် ခေါင်းပြူရင်း ရှိသည်။ ကြည့်နေမိသည်။

မကြာပါ။ သူတို့ထဲမှ တစ်ချို့တစ်ဝက် ပြန်လာကြသည်။ အသံစာစာကို ပြုသည်။

သူသည် ကျေနပ်စွာနှင့် ကြည့်ရင်းရှိသည်။

သူတို့သည် အပင်ထက်မှာ ဝဲ၏။ အကိုင်းတွေမှာ နားသည်။ အသိုက်တွေထဲ ကြည့်သည်။

ထိုအခါ …

“အား … အား … အား”

“အ … အ … အ”

သံပြိုင်ဟစ်သံက ဆူညံသွားသည်။ နားပွင့်လုလု။ ကမ္ဘာပျက်ဘိအလား။ ညောင်တစ်ပင်လုံး သိမ့်သိမ့်တုန်တုန်။

သူတို့သည် အသိုက်ထဲမှ သူတို့သားပေါက်များကို မတွေ့ရသောအခါ ရင်နှစ်ခြမ်း အက်အက်ကွဲကွဲဖြစ်သွားပုံ ရသည်။ အဘယ်မျှ ကြေကွဲသွားကြမည်နည်း။ သူတို့၏ သွေးသားမဆိုထားနှင့် သူတို့၏ အမွေးအတောင်တစ်ခုခုကို လူသားတွေ ကိုင်သွားပါက ကျွက်ကျွက်ညံညံဆူသည့် အကောင်မျိုး၊ ရန်မူသည့် အကောင်မျိုး။

ဟော ယခု သူတို့ရင်သွေးကို သူစားခဲ့ပြီ၊ မျိုခဲ့ပြီ။ သည်တော့ သူတို့ အဘယ်မျှ ပူပန်မည်နည်း။ ကြေကွဲကြမည်နည်း။ သူသည် တွေးရင်းနှင့် ရှိ၏။

သူတွေးနေစဉ်မှာပင် သူတို့သည် သံပြိုင်ဟစ်ရင်း ရန်သူကို ရှာသည်။ ညောင်ပင်ဝန်းကျင်ကို ဝဲကြည့်သည်။

သူတို့ အော်ဟစ်သည့်အသံကို အခြားအရပ်ရှိ အကောင်များ ကြားရပုံရသည်။ သို့ကြောင့် သူတို့သည် ညောင်ပင်ရှိရာကို ပျံဝဲလာကြသည်။ ရင်ဆိုင်တွေ့နေရသည့် ကြေကွဲစရာအဖြစ်ကို နောက်မှ ရောက်လာသည့် အကောင်များ သိသွားကြချေပြီ။

ထိုအခါ သံပြိုင်ဆူကြပြန်သည်။ ဆူရင်းနှင့် သူတို့၏ရန်သူကို ဝိုင်းပြီးရှာသည်။ လေဟုန်ထဲမှာ သူတို့သည် ကြေကွဲဒေါသတွေနှင့် ပျံဝဲရင်းရှိသည်။

သူသည် ကြည့်ရင်းနှင့် ကျေနပ်သွားသည်။

သူ၏ ပြုမူပုံသည် သူတို့အတွက် နောင်တတရား ရစေချင်သည်။ ဒါ သူ့အမြင်။ သူ့အတွေး။

သူတို့ကတော့ ရန်သူကို ချေမှုန်းဖို့ တောနင်းရှာဖွေနေကြချေပြီ။ ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်မျှ။

အခြား အတောင်ပါသတ္တဝါများသည် သူတို့အဖြစ်ကိုကြည့်ရင်း ဝမ်းသာနေကြသည်။ သို့သော် သူတို့အုပ်စုထဲ မဝင်ရဲ။ နီးနီးကပ်ကပ် မပျံရဲ။ အဝေးက ပျံရင်းကြည့်ကာ အဝေးကို ပျံပြေးကုန်သည်ကို တွေ့ရသည်။

သူတို့သည် ညောင်ပင်ဝန်းကျင်ကိုရှာရင်းမှ သူနေသော တောင်ပို့ဆီ ရောက်လာသည်။

ထိုအခါ သူသည် ကြိုတင်ကြံဆထားသည့် တိုက်ကွက်အတိုင်း အပေါက်ဝမှ တစ်တောင်ခန့် ထွက်လိုက်သည်။ ပါးပျဉ်းထောင်သည်။ ကြီးမားသော ပါးပျဉ်းကို လှုပ်ယမ်းသည်။ သူတို့ မြင်သာအောင် ပြလိုက်သည်။

ထိုအခါ သူတို့ မြင်သွားချေပြီ။

“အ … အ … အ”

“အာ … အာ … အာ”

အောရင်းဟစ်ရင်းနှင့် သူ့နေရာ အထက်မှ ဝဲရင်းရှိသည်။ သူသည် ခေါင်းထောင်ထားရင်း သတိနှင့် ကြည့်နေမိဆဲ။

သူတို့သည် သူ့ခေါင်းထက်မှာ ဝဲပျံရင်း တိုက်ခိုက်ဖို့ ကြံနေသည်။ အစုလိုက်၊ အခဲလိုက်၊ အုံကျင်းကောင်းသည့် သူတို့သည် သူ့ခေါင်းထက်မှာ အပြည့်။

သူသည် သူမျိုခဲ့စဉ်က တမင်ကိုက်ဖြတ်ထားသည့် သူတို့၏ သားပေါက်တစ်ကောင်မှ တောင်ပံတစ်ဖက်ကို အမြီးနှင့် ယမ်းယူရင်း တောင်ပို့ဘေးချလိုက် သည်။ သူမျိုခဲ့၊ စားခဲ့သည်ကို သူတို့သိစေချင်သောကြောင့် တမင် အကွက်ဆင်ခဲ့ခြင်းပင်။

သူပစ်ခဲ့သော တောင်ပံနက်နက်ကို မြင်ရသော သူတို့သည် ဆတ်ဆတ်ခါ နာသွားကြချေပြီ။

ထိုအခါ သံပြိုင်ဟစ်ရင်း ဝိုင်းသည်။ သူ့ကို ထိုးဆိတ်ဖို့ကြံသည်။ သူတို့ စတင်တိုက်ခိုက်ခဲ့ချေပြီ။ သူတို့သည် သူရှိရာ အပေါက်ဆီ အပြင်းဆင်းရင်း နှုတ်သီးနှင့်ထိုး၊ ခြေသည်းနှင့် ကုတ်ကြသည်။ သူသည် အပေါက်ဝထဲ လျှောဝင်လိုက်၏။

သူတို့၏ အင်အား၊ တိုက်အားကြောင့် တောင်ပို့ထိပ် မြေစိုင်များ ကြေမွသွားသည်။ အချို့အကောင်များ အနာတရဖြစ်သွားသည်။

သူတို့ ဇွဲမလျှော့။ မြေပြင်ကို ထပ်ပြီး ဖြိုဖို့လုပ်သည်။

သူသည် ခေါင်းပြူလိုက်၊ အတွင်းဝင်ပြေးလိုက်။ သူတို့သည် အထက်ပျံရင်း အရှိန်ယူလိုက်၊ ထိုးဆင်းပြီး တိုက်လိုက် လုပ်နေကြသည်။

မကြာပါ။ သူတို့ထဲမှအချို့ နှုတ်သီးကျိုးသူ ကျိုး၊ ခြေထောက်နာသူ နာ၊ ရင်အုံကွဲသူကွဲ ဖြစ်ကုန်သည်။ သူတို့သည် အနာတရဖြစ်ပေမယ့် သတ္တိမလျော့ကြ။ ဆက်ပြီးတိုက်သည်။

ကြီးမားသော တောင်ပို့၊ မြေသားမာသော တောင်ပို့၊ တောင်ပို့ဘေးက သစ်ငုတ်ချွန်အချို့ ရှိသည်ကို သိလျက်နှင့် အသေခံတိုက်သည်။

သူတို့ကို ကြည့်ရင်း သူသည် ဝမ်းသာနေမိသည်။´

သူတို့သည် ဆက်တိုက်ဆဲ။

သူသည် သူ့တိုက်ကွက်အတိုင်း အထဲဝင်လိုက်။ ခေါင်းပြူလိုက်။ ခေါင်းပြူမိသည့်အချိန် ကြည့်မိပြန်တော့ အချို့မြေပြင်မှာ သေပွဲဝင်သူတွေကို တွေ့ရသည်။ အရှိန်နှင့်ဆင်းပြီးတိုက်သည့် ဒဏ်ချက်ကို သူတို့မခံနိုင် ချေပြီ။

တစ်ကောင်မက အဖွဲ့လိုက်ထိုးဆင်းရင်း တိုက်နေသည့် သူတို့… ။

သူတို့သည် မြေပြင်နှင့်ထိရင်း သေပွဲဝင်ကုန်ကြမည်ကို သူသိပါသည်။ သူတို့ကို လက်စားချေလိုက်ရသည့် သူသည် တွင်းထဲမှာ အေးအေးဆေးဆေး။

xxx xxx xxx xxx

နောက်ရက် သူ အပြင်သို့ထွက်သည်။ သူတို့သည် မျိုးပြုတ်လုလု သေပွဲဝင်နေကြသည်က အတုံးအရုံး။

အတ္တကြီးသော၊ ဒေါသကြီးသော၊ ငါမှ ငါဟု အစွဲကြီးသော သူတို့ကိုကြည့်ရင်း သူ အပေါက်ဝမှာ ရပ်နေဆဲပါလေ… ။

– ပြီး –

စာရေးသူ – တွင်းကြီးသားတင်ဝင်းဦး

Leave a Reply

Your email address will not be published. Required fields are marked *